Transparency Myanmar

transparency.myanmar@gmail.com


အိန္ဒိယ နိုင်ငံပိုင် PEC Ltd သည် ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ ကုန်ပစ္စည်းများ တင်သွင်းမှု ကာလအတွက်  မြန်မာနိုင်ငံမှ ပဲတန်ချိန် ၁၆၀၀၀ ဝယ်ယူလိုသည်ဟု တင်ဒါ ခေါ်ယူလိုက်ကြောင်း အဆိုပါ ကုမ္မဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

တင်ဒါ တင်သွင်းရန် နောက်ဆုံးနေ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့အဖြစ် သတ်မှတ်ထားကြောင်း PEC Ltd ၏ ဝက်ဘ်ဆိုက်က ဖော်ပြသည်။ ယင်းသို့ တင်ဒါ ခေါ်ယူမှုတွင် မတ်ပဲ တန်ချိန် ၄၀၀၀၊  ပဲတီစိမ်း တန်ချိန် ၄၀၀၀ နှင့် ပဲစင်းငုံ တန်ချိန် ၈၀၀၀ တို့ အသီးသီး ပါဝင်သည်။

Reuters သတင်းဌာန၏ India's PEC tenders to import 16000T of pulses
ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခု ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတစ်ခု ဖြစ်လာဖွယ် ရှိကြောင်းရိုက်တာ သတင်းအရ သိရပါသည်။

နာမည်ကျော် ဘောဂဗေဒ ပညာရှင် Jim O' Neil က ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံက ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာမည်ဟု ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း လက်ရှိ အနေအထားအရ တစ်နှစ်စောပြီး အဆိုပါ အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော့် အမြင်ကတော့ တရုတ်ပြည်ဟာ၂၀၁၁ မတိုင်မီ အဲဒီ အဆင့်ကို ရောက်လာမယ့် သဘော ရှိနေပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းလွန် ကာလမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့ သွင်းကုန်ကဏ္ဍ ပါပဲ" ဟု Jim O' Neil ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါသည်။

အဆိုပါ ဘောဂဗေဒ ပညာရှင်က တရုတ်နိုင်ငံ၏ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်းသည် ၈ ဒဿမ ၇ ရာခိုင်နှုန်း ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် သုံးဆခန့် ပိုမို ကြီးမားလာမည် ဖြစ်ကြောင်း ခန့်မှန်းပါသည်။

"ဂျာမနီ နိုင်ငံက ပို့ကုန် တင်ပို့မှုကို အစွမ်းကုန် လုပ်ဆောင်သွားပြီး သုံးစွဲမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်သွားလိမ့်မယ်၊ နောက်ပြီး ဂျာမနီက သူ့ရဲ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုကို အသုံးပြုပြီး စီးပွားရေး အကျပ်အတည်း ဒဏ်ကို ခံစားနေရတဲ့ ဥရောပဇုန်ထဲက နိုင်ငံတွေကို တွန်းအား ပေးလိမ့်မယ်" ဟု ၎င်းက ခန့်မှန်း ပြောဆိုပါသည်။

သို့တိုင်အောင် ယူရိုငွေတန်ဖိုး လျော့နည်းမှုမှာ ဆက်လက် ဖြစ်ပေါ်နေဖွယ် ရှိပြီး ၂၀၁၀ နှစ်ကုန်ပိုင်းတွင် ၁ ဒဿမ ၃၅ ဒေါ်လာခန့်အထိ ရောက်ရှိသွားနိုင်ကြောင်း Jim O' Neil က ခန့်မှန်းပါသည်။

ဂျာမနီနိုင်ငံ၏ ကြွေးမြီများ မြင့်တက်လာမှုကြောင့် အနာဂတ် ကာလတွင် ဥရောပ ဒေသအပေါ် ထားရှိသည့် ယုံကြည် စိတ်ချမှုများ လျော့ပါးလာမည်ဟူသော စိုးရိမ်ပူပန်မှုများ ဖြစ်ရန် မလိုကြောင်း၊ အကြောင်းမှာ ဂရိနိုင်ငံတွင် ကြီးမားသော ဘဏ္ဍာရေး ပြဿနာများ ဖြစ်ပေါ်ခဲ့ရာ ယုံကြည် စိတ်ချမှုများ ပျက်စီးခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

"ဥရောပ တည်ငြိမ်ရေး ပဋိညာဉ်မှာ ဆက်ပြီး ရှိနေနိုင်မှာ မဟုတ်ဘူး။ ပြောရရင် အဲဒီဟာက ပယ်ဖျက်ပစ်လိုက်ဖို့ပဲ ကောင်းပါတယ်" ဟု ဘောဂဗေဒ ပညာရှင် Jim O' Neil က သုံးသပ် ပြောဆိုသည်။

Reuters သတင်းဌာန၏ China's economy may surpass Japan: report ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဘင်္ဂလား ပင်လယ်အော် ဒေသတွင် ဖြစ်ပွားခဲ့သော ရေကြောင်း နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အခြေတင် ဖြစ်ခဲ့သော အငြင်းပွားမှုကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဖြေရှင်းရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် အဆိုပါ အငြင်းပွားစရာ ဖြစ်နေသည့် နေရာ၌ မြန်မာဘက်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ စတင် လုပ်ကိုင်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ရေတပ် သင်္ဘောများ ကင်းလှည့်ရန် စေလွှတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့်ဖြစ်ပွားနေသောကိစ္စမှာ ကုလသမဂ္ဂ၏ နိုင်ငံတကာ ပင်လယ်ပြင် ပိုင်နက်ဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်ကြောင်း၊ သို့အတွက်ကြောင့် ကုလသမဂ္ဂ အနေဖြင့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင် မြန်မာနှင့် ဖြစ်ပွားနေသော ရေပိုင်နက် ဆိုင်ရာကိစ္စကို ဝင်ရောက် ဖြေရှင်းပေးသင့်ကြောင်း ထိုအချိန်က သဘောထား ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ် ပြဿနာ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဘက်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး အဖွဲ့များကို ပြန်လည် ခေါ်ယူကာ လုပ်ငန်းများ အားလုံးကိုလည်း ရပ်ဆိုင်းခဲ့သည်။ ထို့နောက် နယ်နိမိတ် ပြဿနာကို ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းမည်ဟု မြန်မာ ဘက်က သဘောထား ထုတ်ပြန်ခဲ့သည်။

လတ်တလော အနေအထားတွင် ဘင်္ဂလားဒေ့ရှ်၌ နှစ်နိုင်ငံဘက်မှ အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးပြီ ဖြစ်ကြောင်း၊ မကြာမီ အချိန်ကာလတွင် ထပ်မံ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များကို အတိအကျ သတ်မှတ် ပေးနိုင်သည် အထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

 Mizzima သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Earth Times, 25th January 2010

နိုင်ငံပိုင် ဓါတ်ဆီနှင့် ဒီဇယ်ဆီ အရောင်းဆိုင်များကို မတ်လကုန်တွင် ပုဂ္ဂလိက ပိုင်ပြုလုပ်ရန် မြန်မာနိုင်ငံက စီစဉ်နေသည် ဟု စီးပွားရေး သတင်းရပ်ကွက်မှ ကြားသိရ ပါသည်။

မတ်လ ၃၁ ရက် နောက်ဆုံး ထား၍ နိုင်ငံပိုင် လောင်စာဆီ အရောင်းဆိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဟု အာဏာပိုင်များထံမှ သတင်း ရရှိကြောင်း အမည် မဖော်လိုသူ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

ဆီဖြည့် အရောင်းဆိုင်များ အပါအဝင် လောင်စာဆီနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများကို ၁၉၆၂ မှစ၍ စစ်ဖက် အစိုးရ က တင်းကြပ်စွာ ထိန်းချုပ်ခဲ့ပါသည်။

ဓါတ်ဆီ နှင့် ဒီဇယ် တင်သွင်း ရောင်းချခွင့်ကို ပုဂ္ဂလိက ကဏ္ဍသို့ ရုတ်တရက် လွှဲပြောင်းပေးမည် ဟု ကြားသိရခြင်း မှာ အလွန် အံ့အားသင့်စရာ ကောင်းပါသည် ဟုလည်း ၎င်းက ဆိုပါသည်။

နိုင်ငံပိုင် အဆောက်အဦးနှင့် စီးပွားရေး လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ပုဂ္ဂလိက အားလွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဟု တပ်မတော် အစိုးရက လတ်တလော ကြေညာခဲ့သော်လည်း အဆိုပါ စာရင်းတွင် လောင်စာဆီ အရောင်းဆိုင်များ မပါဝင်ပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း၏ လက်အောက်တွင် အဖွဲ့ငယ် တစ်ခု ဖွဲ့စည်းခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ စီးပွားရေး လုပ်ငန်းရှင်က ဂျာမန် သတင်းဌာန dpa သို့ ပြောကြားပါသည်။

အစိုးရ အဖွဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသူ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ က အဖွဲ့သစ်ကို ဦးဆောင်လိမ့်မည် ဟု သတင်းများက ဆိုပါသည်။

ရွေးကောက်ပွဲ မတိုင်မီ ကဏ္ဍပေါင်းစုံတွင် ပုဂ္ဂလိကပိုင် ပြုလုပ်မှုများ ပိုမို တွေ့မြင်ရဖွယ် ရှိသည်ဟု ယူဆကြောင်း အဆိုပါ လုပ်ငန်းရှင်က မှတ်ချက်ပေးပါသည်။

စွမ်းအင် ဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြမှုအရ နိုင်ငံ တဝှမ်းလုံးတွင် လောင်စာဆီ အရောင်းဆိုင်ပေါင်း ၂၅၀ ကျော် ရှိသည် ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 25th January 2010

ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် ထောင်ရန် ခရိုင်တွင် နေထိုင်သော ကရင်ရွာသား (၃၀၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ရန် ထိုင်း အာဏာပိုင်များ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရပါသည်။

ဒုက္ခသည်များ၏ အရေးကို ဆုံးဖြတ်ရန် ထိုင်း အာဏာပိုင်များက တနင်္လာနေ့တွင် ဆောင်ရန် ခရိုင်၌ အစည်းအဝေး ကျင်းပရန် စီစဉ်ထားသော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ အဆိုအရ ရက်ရွှေ့ဆိုင်း ထားသည်ဟု သိရပါသည်။

ထိုင်း သတင်းစာ The Nation တွင် တနင်္ဂနွေနေ့က သတင်း ဖော်ပြရာ၌ ယင်း အစည်းအဝေးသို့ ထိုင်း စစ်တပ်၊ DKBA၊ KNU၊ NGO အဖွဲ့များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု ဆိုပါသည်။

ကရင် ဒုက္ခသည် (၃၀၀၀) စလုံးကို မြန်မာနိုင်ငံသို့ ပြန်လွှတ်ရေး အတွက် အမိန့် ထုတ်ပြန်ရန် ထိုင်း အာဏာပိုင်များကို DKBA က တောင်းဆိုထားပါသည်။

ယခင် အပတ်ကမူ ကရင် ဒုက္ခသည်များအား မဲလ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ရမည်ဟု ပြောကြားခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဇွန်လက မြန်မာစစ်တပ်၊ DKBA ပူးပေါင်း အဖွဲ့ နှင့် KNLA တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးပြီး ယာယီ စခန်းများတွင် နေထိုင်နေသော ဒုက္ခသည်များအပေါ် ယခုအခါ ဖိအားများ တိုက်ရိုက် ကျရောက်လာခြင်း ဖြစ်သည်။

လူတို့ကို နေခွင့်ပြု မပြု၊ အနာဂါတ်နှင့် ပတ်သက်ပြီး မဆုံးဖြတ်ရသေးပါဘူးဟု ပြောကြားသူမှာ ထိုင်းမြန်မာ နယ်စပ် ကုန်သည်ကြီးများ အသင်း ဒုတိယဒါရိုက်တာ Sally Thompson ဖြစ်ပါသည်။ နယ်စပ်ကို ဖြတ်ကူး၍ မြန်မာနိုင်ငံသို့ ပြန်ရန် ကရင် ရွာသားများကို နေ့စဉ် ဖိအားပေးလျက် ရှိသည်ဟုလည်း ဆိုပါသည်။

"တကယ်လို့ သူတို့ ပြန်သွားရင်တောင် အဲဒီ နယ်မြေမှာ မိုင်းတွေ အများကြီး မြှုပ်ထားတဲ့ အတွက် တော်တော့်ကို စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ပြဿနာတွေ ဖြစ်ပွားနေဆဲမို့ တိုက်တွန်းချက် မပါဘဲ ကိုယ့်စိတ်နဲ့ကိုယ် ပြန်တာမျိုးပဲ ဖြစ်သင့်တယ်" ဟု ၎င်းက ပြောကြားပါသည်။

ထိုင်းနိုင်ငံ အတွင်း ကရင် ဒုက္ခသည်များ ပိုမို ရောက်ရှိလာနိုင်သော အချက်ကို ထိုင်းအစိုးရက ပူပန်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကရင် ဒုက္ခသည် ကော်မတီ KRC က ပြောဆိုပါသည်။

မြန်မာ စစ်တပ်တွင် အမှုထမ်းရန် ခြိမ်းခြောက် ဆင့်ခေါ်ခြင်း၊ ပေါ်တာဆွဲ အတင်းအကျပ် ခိုင်းစေခြင်း၊ KNLA နှင့် DKBA နှစ်ဖွဲ့စလုံးက ကရင်ရွာများအနီး ပတ်လည်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် ကရင်ရွာသား အများစုမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြခြင်း ဖြစ်ပါသည်။

ရွာတွင် ကျန်ခဲ့သော ကျွဲကို ပြန်သွားကြည့်သည့် ကရင် ဒုက္ခသည် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ယခင် အပတ်က မိုင်းနင်းမိသောကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟုလည်း KRC က ပြောကြားပါသည်။

DKBA နှင့် မြန်မာ စစ်တပ် ပူးပေါင်း အဖွဲ့သည် KNLA တပ်မဟာ၏ ဌာနချုပ်ကို ၂၀၀၇ ဇွန်လတွင် သိမ်းပိုက် နိုင်ခဲ့ပါသည်။ သို့သော် ၂၀၀၉ စက်တင်ဘာလတွင် ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန် ခရိုင်တွင်းရှိ KNLA တပ်မဟာ (၅) စိုးမိုး နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပါ။

ထို့အပြင် ကရင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Free Burma Rangers FBR ၏ ဇန်နဝါရီ ၂၁ ရက် အစီရင်ခံစာအရ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာ (၁၀) ခု အမျိုးသမီးများနှင့် ကလေးများ  ပါဝင်သော ကရင် ဒုက္ခသည် (၂၀၀၀) ခန့်မှာ ဇန်နဝါရီ (၁၇) တွင် နေအိမ်များမှ ဖယ်ရှားခြင်း ခံရသည်ဟု သိရပြီး ၎င်းဒုက္ခသည်များမှာ အစားအစာ၊ ဆေးဝါး စောင့်ရှောက်မှုနှင့် အခြား အခြေခံ လိုအပ်ချက်များ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 26th January 2010

မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွတ်ပေးမည် ဟု ဆိုကြောင်း ပြောကြသော်လည်း သူမ၏ ပါတီ ခေါင်းဆောင်များကမူ သံသယ ရှိနေဆဲ ဖြစ်ပါသည်။

ကြာသပတေးနေ့က မြန်မာပြည် အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့တွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြုလုပ်သော အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသော ကာလ ပြည့်မည့် နိုဝင်ဘာလတွင် လွတ်ပေးလိမ့်မည်ဟု ပြောခဲ့သည် ဟု ဆိုပါသည်။

သို့သော် NLD မှ CEC အဖွဲ့ဝင် ဦးခင်မောင်ဆွေက တနလာင်္နေ့က မဇ္ဈိမသို့ ပြောကြားရာတွင် အဆိုပါ သတင်းမှာ တရားဝင် ကြေညာချက် မဟုတ်ပဲ၊ ပါးစပ်မှ အလွတ်ပြောသော စကား ဖြစ်၍ ယုံကြည် ရလိမ့်မည်ဟု မထင်ကြောင်း ပြောခဲ့ပါသည်။ တရားဝင် သတင်းစာ ရှင်းလင်းပွဲ၊ သို့မဟုတ် တရားဝင် သတင်း ထုတ်ပြန်ချက် မဟုတ်သဖြင့် တရားဝင်သည်ဟု မထင်ကြောင်း ဆိုပါသည်။  ကျောက်ပန်းတောင်းရှိ NLD အဖွဲ့ဝင် တစ်ဦး၏ အဆိုအရ ဗိုလ်ချုပ်မောင်ဦးက NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးကို ဖေဖော်ဝါရီလတွင် လွှတ်ပေးမည် ဟုလည်း ပြောသေးသည်ဟု ဆိုပါသည်။

အဓိက အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တနင်္လာနေ့က ပြောကြားရာတွင် ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးအား ၎င်းတို့ မယုံကြည်ကြောင်း ဆိုပါသည်။

NLD အဖွဲ့ဝင် တစ်ဦးက ဗိုလ်ချုပ်မောင်ဦး ပြောကြားသည့် အတိုင်း ကိုးကား၍ ပြောပြရာတွင် စစ်တပ်သည် ညစ်ပတ်သော အစိုးရ မဟုတ်ကြောင်း၊ အာဏာကို ရူးသွပ်နေခြင်းလည်း မရှိကြောင်း၊ ဦးတင်ဦးကို အရင် လွှတ်ပေးမှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောသည်ဟု ဆိုပါသည်။

ပုံမှန်အားဖြင့်လည်း ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် ခြောက်နှစ် သက်တမ်းသည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည့်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ၁၈ လ ပြစ်ဒဏ်သည် နိုဝင်ဘာလတွင် ပြီးမည်၍ ထူးခြားမှုတော့ မရှိပါဟု လေ့လာသူများက ဆိုပါသည်။

"ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အခု ချက်ချင်း လွှတ်သင့်တာဗျ။ အခုတော့ သူတို့ ပြစ်ဒဏ် ကာလ ပြီးလို့ လွှတ်ပေးရတာ ဘာဆန်းလဲ" ဟု ရန်ကုန်မှ သတင်းစာ ဆရာ တစ်ဦးက အဆိုပါ သတင်းကို အခြေခံ၍ ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်မည် ဆိုပါက ထိုအချိန်တွင် ရွေးကောက်ပွဲ ပြီးလောက်ပြီ သော်လည်းကောင်း၊  ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုလျှင်လည်း သူမအတွက် အလွန် နောက်ကျသွားအောင် အစိုးရ၏ အစီအမံများသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ဦးတင်ဦးသည် မြန်မာ့တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အစိုးရ၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် အဖမ်းခံ ခဲ့ရခြင်း ဖြစ်ပါသည်။

ထို့နောက် ၎င်းကို မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းရှိ ကလေးမြို့ ထောင်သို့ ပို့ထားကာ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် အကျယ်ချုပ် ချထားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.