Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, by Lalit K Jha/Washington, 29th January 2010

မြန်မာ အစိုးရတွင် နျူကလီးယားနှင့် ပတ်သက်သော ရည်မှန်းချက်များ ရှိကြောင်း၊ အမေရိကန် နိုင်ငံ၏ နာမည်ကြီး ဥာဏ်ကြီးရှင် အဖွဲ့ (think tank) က မန္တလေး အနီးရှိ နျူကလီယာ ဓါတ်ပေါင်းဖို ဖြစ်နိုင်သော ဆောက်လုပ်ရေး လုပ်ငန်း ဓါတ်ပုံများနှင့် တကွ ဖော်ပြထားမှု အရ သိရှိရပါသည်။

နျူကလီးယား ပြန့်ပွားရေးနှင့် ပတ်သက်သော နာမည်ကြီး ပညာရှင်များ ဖြစ်သော David Albright နှင့် Paul Brannan တို့၏ အစီရင်ခံစာတွင် မြန်မာ အစိုးရသည် နျူကလီယာ နည်းပညာများကို မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ပြီး အခြားနိုင်ငံများမှ နျူကလီးယား ပိုင်ဆိုင်ရေးအတွက် ပစ္စည်း ဝယ်ယူမှုများ ရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

၎င်းတို့၏ အစီရင်ခံစာကို ဝါရှင်တန် အခြေစိုက် Institute for Science and International Security က ထုတ်ဝေခဲ့ပါသည်။

ပြည်သူရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး P.J.Crowley က ပြောကြားရာတွင် အစီရင်ခံစာကို မိမိ မဖတ်ရသေးကြောင်း၊ သို့သော် နျူကလီယာနှင့် ပတ်သက်၍ လှုပ်ရှားမှုများနှင့် ဖြစ်နိုင်ချေ ရှိသည်ကို ဂရုပြုမှုများနှင့် ဖြစ်နိုင်ချေ ရှိသည်ကို ဂရုပြုမိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ မပြန့်ပွားရေး ကိစ္စအတွက် အန္တရာယ် ရှိသည် ဆိုပါသည်။

''Burma: A nuclear wannabe; suspicious Links to North Korea; high- tech procurements and enigmatic facilities '' ခေါင်းစဉ် တပ်ထားသော အဆိုပါ အစီရင်ခံစာတွင် နျူကလီယာ သို့မဟုတ် ဒုံးကျည်  အစီအစဉ်တွင် အသုံးပြုနိုင်သော ပစ္စည်းကို မြန်မာနိုင်ငံမှ ဝယ်ယူနေကြောင်း၊ မြန်မာနိုင်ငံသည် ကွန်ပေါင်း တစ်မျိုးကို ထုတ်လုပ်နေပြီး၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်သည်ကို မသိရသေးပေ။

မြန်မာနိုင်ငံသည် နျူကလီယာ ဓါတ်ပေါင်းဖို သို့မဟုတ် လောင်စာဆီ ပြုလုပ်ရေး အဆောက်အအုံကို လျှို့ဝှက်ပြီး ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ကောင်းသော ကိစ္စအတွက် သက်သေ အထောက်အထား မရှိသော်လည်း၊ အဆိုပါ သတင်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံမည့် အစိုးရများ၊ ကုမ္ပဏီများ အနေဖြင့် အထူး သတိထားရမည့် သတိပေးချက်ပင် ဖြစ်ပါသည်။

မြန်မာအစိုးရ၏ မြောက်ကိုးရီးယားနှင့် သံသယ ဖြစ်ဖွယ် ဆက်သွယ်ရေး၊ အဆင့်မြင့် နည်းပညာ ပစ္စည်းများ တရားမဝင် ဝယ်ယူရန် ကြိုးစားခြင်း တို့သည် မြန်မာ အစိုးရ အတွက် ပိုမို၍ ပွင့်လင်း မြင်သာမှုကို လက်ခံရန် အကြောင်းများပင် ဖြစ်ပါသည် ဟု ဆိုပါသည်။

အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ သက်သေ အထောက်အထား များအရ မြန်မာနှင့် မြောက်ကိုးရီးယားတို့သည် နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဆွေးနွေးကြကြောင်း၊ သို့သော် မြောက်ကိုးရီးယားသည် မြန်မာနိုင်ငံအတွက် နျူကလီယာ အဆောက်အအုံများ ဆောက်လုပ် ပေးနေကြောင်းကိုမူ အခိုင်အမာ ပြောဆို၍ မရကြောင်း၊ မကြာသေးမီက သတင်းပေးပို့မှုများ အရမူ ဆန့်ကျင်ဖက် အဓိပ္ပာယ် ဆောင်၍ ပြန်ပါသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ မည့်သို့ပင် ဖြစ်စေ မြောက်ကိုးရီးယား၏ နားလည်ရ ခက်သော မြန်မာစစ်အစိုးရအပေါ် နျူကလီယာ အကူအညီများ ပေးနေသည့် ဖြစ်နိုင်သည့် အရေးကြီးသည့် အကူအညီများ အကြောင်းမှာမူ လျစ်လျူရှု၍ မရပေ။

ထိုအစီရင်ခံစာတွင် ဖော်ပြထားရာ၌ မြန်မာအစိုးရသည် နှစ်မျိုးသုံးနိုင်သော သံသယဖြစ်ဖွယ် ပစ္စည်းများကို နိုင်ငံတကာမှ ဝယ်ယူလျက် ရှိသောကြောင့် အစိုးရများသည် မြန်မာနိုင်ငံ၏ ဝယ်ယူမှုများသည် အစိုးရ အနေဖြင့်လား၊ မြန်မာ ကုမ္ပဏီ အနေဖြင့်လား။ အခြား နိုင်ငံခြားကုမ္ပဏီ အနေဖြင့်လား သေချာစွာ ကြည့်ရှုရန် လိုအပ်မည် ဖြစ်ပါသည် ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ဝယ်ယူရန် စုံစမ်းမှုများသည် အီရန်၊ ပါကစ္စတန်၊ ဆီးရီးယား နိုင်ငံတို့နှင့် မခြား အရေးကြီးသည် ဖြစ်ရာ ကုမ္ပဏီများ အနေဖြင့် စောင့်ကြည့်ကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားတွင် ထိပ်တန်း အရည်အသွေးရှိ ဒုံးကျည်နှင့် နျူကလီယာတွင် အသုံးပြုမည်ဟု ယူဆရသည့် အလွန် တော်သော နည်းပညာ သုံးထားသည့် ပစ္စည်းများကို ရှာဖွေလျက် ရှိပါသည်။ အစီရင်ခံစာတွင် အဆိုပါ ဝယ်ယူမှုများသည် မည့်သည့် ဒုံးကျည် သို့မဟုတ် နျူကလီယာ ပစ္စည်းတွင် သုံးရန်ဟု ပုံစံ ထွက်လာခြင်းမူ မရှိပါ။ မည်သို့ ဆိုစေကာမူ ဝယ်ယူမှုများသည် တစ်ခါတစ်ရံ သံသယဖြစ်ဖွယ်၊ နားလည်ရ ခက်သော ပစ္စည်းများ ပါဝင်ကြောင်း အကြီးတန်း ဥရောပ ထောက်လှမ်းရေး အာဏာပိုင် တစ်ဦး၏ အဆိုအရ သိရှိရပါသည်။

အစီရင်ခံစာတွင် ဖော်ပြ ထားပြန်သည်မှာ မြန်မာ အစိုးရသည် နျူကလီယာနှင့် နှစ်မျိုး သုံးနိုင်သော ပစ္စည်းများကို မြောက်ကိုးရီးယား ရောင်းဝယ်ရေး ကုမ္ပဏီများ၏ နာမည်သုံး၍ နိုင်ငံတကာတွင် စုံစမ်းမှုများ ပြုလုပ်ဖွယ် ရှိသူဟု ဆိုပါသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနှင့် မြောက်ကိုးရီးယားတို့ စစ်ရေးအရ ပိုမို ပူးပေါင်းလာခြင်းသည် နျူကလီယာ ကိစ္စ ပူးပေါင်း ဆောင်ရွက်မှုအတွက် စိုးရိမ်မှုကို ပိုမို လာစေပါသည်ဟု အစီရင်ခံစာက ဆိုပါသည်။ ထို့အပြင် မြောက်ကိုးရီးယားသည် ၎င်း နိုင်ငံထုတ် နျူကလီယာ ပစ္စည်းများကို ရောင်းနိုင်ရန် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ပစ္စည်းဝယ်ယူမှု ကွန်ယက်တွင် ပါဝင်လာခဲ့ပါသည်ဟု ဖော်ပြထားပါသေးသည်။

အစီရင်ခံစာတွင် ဖော်ပြထားသော မြောက်ကိုးရီးယား-မြန်မာ သက်သေ အထောက်အထားများမှာ မြောက်ကိုးရီးယား ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Namchongang Trading (NCG) မှ တာဝန်ရှိသူများ မြန်မာနိုင်ငံတွင် ရှိနေသည် ဟူသော သတင်းပေးပို့ချက်များ ဖြစ်ပါသည်။ NCG ကုမ္ပဏီမှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူထားသော ကုမ္ပဏီ ဖြစ်ပါသည်။

မြန်မာနှင့် NCG ကော်ပိုရေးရှင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ဘာမျှ မသိရသေးသော်လည်း NCG သည် မြန်မာနိုင်ငံသို့ ပစ္စည်း ကိရိယာများ ရောင်းချခြင်း၊ နည်းပညာ အကူအညီများ ပေးခြင်းများ ရှိသည် ဟု ကြားသိရပြီး၊ မြောက်ကိုးရီးယားက မြန်မာနိုင်ငံကို နျူကလီယာ ဓါတ်ပေါင်းဖို လုပ်ပေး နေသည်ကိုမူ ခိုင်မာသော အထောက်အထားများ မရှိပါဟု အစီရင်ခံစာက ဖော်ပြပါသည်။

မြန်မာ အစိုးရ အနေဖြင့် ရေရှည် မဟာဗျူဟာ အတွက် နျူကလီယာ  လက်နက်များ ပြုလုပ်ရန် ကြိုးစားနေသည်ဟု သံသယ ရှိခြင်းအတွက် ဖြစ်နိုင်သည့် အကြောင်းပြချက်များ ကျန်ရှိနေပါသေးသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ပြည်သူများ၏ သတင်း ပေးပို့မှု များတွင် အစိုးရ၏ အရေးကြီးသော နျူကလီယာ စွမ်းရည်နှင့် ပတ်သက်၍ ထူထောင်မှုနှင့် ပတ်သက်၍ နီးစပ်သော သတင်းများ မရရှိပါ။ နျူကလီယာ အဆောက်အအုံများ ဆောက်လုပ်နေသော သတင်းများမှာ မခိုင်လုံဘဲ၊ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခြင်း မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အစီရင်ခံစာ က နိဂုံးချုပ် အဖြစ် ဖော်ပြထားရာတွင် သက်သေ အထောက်အထားများသည် အစိုးရက နျူကလီယာကို ငြိမ်းချမ်းရေး အတွက် သို့မဟုတ် စစ်ရေးအတွက် မည်သည့် အတွက်ဟု မသိနိုင်ဘဲ  ရှုတ်ထွေး နေဆဲ ဖြစ်သော်လည်း နျူကလီယာ စွမ်းရည်ကို ထူထောင်လိုသည် ဟူသော ကောက်ချက်ကိုသာ ဆွဲနိုင်လိမ့်မည်ဟု ဖော်ပြထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, by Mungpi, 29th January 2010

စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ဦးရေသည် ၂၁၇၇ ဦး ရှိလာပြီး၊ ထိုအထဲမှ လူဦးရေ ၁၂၀ ကျော်သည် ဆိုးဝါးသော ထောင် တွင်း အခြေအနေများကြောင့် နေမကောင်း ဖြစ်မှုကို ခံစားနေရကြောင်း နိုင်ငံရေး လှုပ်ရှားသူများ၏ အဖွဲ့သစ် တစ်ခုမှ ဖော်ပြလာပါသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPPB) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် အစိုးရသည် နိုင်ငံရေး အကျဉ်းသာ ရာဂဏန်းခန့်ကို လွှတ်ပေးပြီး၊ ထပ်၍ ဖမ်းဆီးမှုများမှာ ထို့ထက် ပိုကြောင်း၊ ၁၅ ဦးခန့်မှာ ၎င်းတို့၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် ၂၀၀၉ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၄၈ ဦးသည် နေမကောင်းမှု စတင် ဖြစ်ပွားခဲ့၍ စုစုပေါင်း နေမကောင်းသော ဦးရေမှာ ၁၂၉ ဦး ရှိသွားပြီ ဖြစ်ပါသည်။

AAPPB မှ တွဲဘက် အတွင်းရေးမှူး ဘိုကြည်က သောကြာနေ့က ပြောကြားရာတွင် ကျန်းမာရေး မကောင်းသော နိုင်ငံရေး အကျဉ်းသားများ တိုးပွားလာရခြင်းမှာ ထောင်၏ ဆိုးဝါးသော အခြေအနေများနှင့် ဆေးကုသမှု လိုအပ်ချက်ကြောင့် အဓိက ဖြစ်ကြောင်း ဆိုပါသည်။

ခန္တီး ကဲ့သို့သော ထောင်တွင် အကျဉ်းသား အများစုသည် ငှက်ဖျားဒဏ်ကို ခံစားကြရပြီး၊ အချိန်မီ ကုသမှု ရောဂါအလိုက် ကုသမှု မရှိသဖြင့်၊ ရောဂါဒဏ်ကို ပြင်းထန်စွာ ခံစားကြရသောကြောင့် နိုင်ငံရေး အကျဉ်းသား အများစုသည် ဦးနှောက်ကို ထိခိုက်ပြီး၊ အမြင် အာရုံလည်း မကောင်းတော့ကြောင်း သတင်းပေးပို့မှုများ ရှိကြောင်း၊ ဘိုကြည် ကပြောပါသည်။

၂၀၀၉ ခုနှစ်သည် နိုင်ငံရေး အကျဉ်းသားများ အတွက် ခက်ခဲသော နှစ်ဖြစ်ကြောင်း၊ နှိပ်စက်ခံရမှုများ၊ ထောင် ပြောင်းရွေ့မှုများ၊ ဆေးဝါး ကုသမှုပေးရန် ငြင်းဆန် ခံနေရမှုများကြောင့် အားချိနဲ့ လာရကြောင်း AAPPB က ပြောပါသည်။

အလွန် ဝေးလံသော ဒေသရှိ ထောင်များသို့ ပြောင်းရွေ့ ခံရမှုများကြောင့် ၎င်းတို့၏ မိသားစုများသည်  ဝေးလံလွန်းခြင်း၊ စရိတ် စက မတတ်နိုင်တော့မှုကြောင့် စောင့်ရှောက်မှု ပြုလုပ်ရန် မတတ်နိုင်တော့သည့် အခြေအနေကို ရင်ဆိုင်ရကြောင်း သိရှိရပါသည်။

နိုင်ငံရေး ဆန့်ကျင့်သူများကို ကျယ့်ပြန့်စွာ ဖိနှိပ်နိုင်ရေး အတွက် အစိုးရ၏ အစီအစဉ်များအရ ထောင် အာဏာပိုင်များသည် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများနှင့် တွေ့ဆုံခွင့်ကို စနစ်တကျ ငြင်းဆိုလျက် ရှိသည်ဟု အစီရင်ခံစာက ဖော်ပြပါသည်။

ထောင် အာဏာပိုင်များသည် ဝေးလံသော အရပ်မှ လာရသော မိသားစုဝင်များကို အနီးရောက်မှ တွေ့ဆုံခွင့် ငြင်းပယ်ခြင်းဖြင့် ထောင်သားရော မိသားစုများကိုပါ စိတ်ဒဏ်ရာ ရအောင် ပြုလုပ်သည့် ကိစ္စရပ်မျိုးများ တွေ့ရသည်ဟု AAPPB ကပြောပါသည်။

''နိုင်ငံရေး အကျဉ်းသားများကို အချိန်မီ ဆေးကုသမှု ပြုလုပ်ခွင့် မပေးပါဘူး။ ဥပမာအားဖြင့် ခွဲစိတ်ကုသဖို့ လိုအပ်သူကို အချိန်လွန်မှ ခွင့်ပြုတာမျိုးပေါ့'' ဟု နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ မိသားစု၏ မိသားစုဝင် တစ်ဦးက မဇ္ဈိမ သို့ ပြောကြားပါသည်။

လူရွှင်တော်နှင့် နိုင်ငံရေးလှုပ်ရှားသူ ဇာဂနာသည် အကျဉ်းသားများ အနက် ၂၀၀၉ ခုနှစ်တွင် မိသားစုနှင့် ပုံမှန် တွေ့ဆုံခွင့် ငြင်းပယ်ခံရသူ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်သည် ပူတာအို ထောင်တွင် ရှိနေပြီး သွေးတိုးရောဂါကို ခံစားနေရကာ၊ ရှမ်းပြည်နယ် မိုင်းဆတ် ထောင်ရှိ ကိုကိုကြီးသည် အသဲရောင် အသားဝါ ဘီပိုးကို ခံစားနေရသူ ဖြစ်ပါသည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလက ဆေးကုသမှု ပြည့်စုံ လုံလောက်မှု မရှိသောကြောင့် ၂၃နှစ် အရွယ်ရှိ ကေသီအောင်သည် ထောင်ထဲ၌ အချိန် မတိုင်မီ အသက်မပါသော ကလေး မွေးဖွားခဲ့ရှိကြောင်း နိုင်ငံရေး အကျဉ်းသား စောင့်ကြည့်ရေး အဖွဲ့၏ အဆိုအရ သိရှိရပါသည်။

ထို့အတူပင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ခေါင်းဆောင် ဦးဂမ္ဘီရသည် နှိပ်စက်ခံရခြင်း၊ ထောင်နှစ်ထောင် ပြောင်းရခြင်းကြောင့် ၂၀၀၉ ခုနှစ်တွင် ရောဂါမျိုးစုံ၏ ဒဏ်ကို ခံစားရကြောင်း အဆိုပါ အဖွဲ့က ပြောပါသည်။ ဘုန်းတော်ကြီးသည် အစာ အငတ်ခံ ဆန္ဒပြပြီးနောက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ငှက်ဖျားဒဏ်ကို ပါ ထပ်ဆင့် ခံစားရကြောင်း သိရှိကြောင်း သိရှိရပါသည်။

ပူတာအို ထောင်တွင် ရှိနေသော ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးကျိတ် ရောင်ခြင်း၊ အစာအိမ် ရောဂါ တို့ကို တစ်နှစ်ပတ်လုံး ခံစားခဲ့ရပြီး ထောင်ပြင်ပ ဆေးရုံတွင် ဆေးကုသမှု ခံယူရန် ငြင်းပယ်ခြင်း ခံနေရပါသည်။

ဝေးလံသော အရပ်များရှိ အကျဉ်းသား အများစုသည် ငှက်ဖျားဒဏ်ကို ခံကြရပြီး၊ ထောင်များ၏ ဆိုးဝါးသော အခြေအနေများသည် အကျဉ်းသားများ၏ ကျန်းမာရေးကို ပိုမို ဆိုးဝါးလာစေကြောင်း AAPPB က နိဂုံးချုပ် ဖော်ပြခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 28th January 2009

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တစ်ဦးကို Ibrahim Gambari နေရာ၌ အစားထိုးရန် ရှာဖွေဆဲ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Ban Ki-moon က ပြောကြားလိုက်ပါသည်။

"မြန်မာနိုင်ငံ အရေး အဖြေရှာရေး အတွက် ဖြစ်နိုင်သမျှ မရပ်မနား ကြိုးစားလျက် ရှိနေပါတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြလိုပါတယ်" ဟု Ban Ki-moon က နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို Ban က ပြောကြားရာတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး နှင့်ပတ်သက်၍ မြန်မာ အစိုးရထံမှ မည်သည့် ဆက်သွယ်မှုမျှ လက်ခံ ရရှိခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အာဏာပိုင်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ယခု အပတ်အတွင်း ပြောကြားခဲ့ပါသည်။

သေချာသည့် အချက် တစ်ခုမှာ မိမိတို့ ရုံးအဖွဲ့မှ Mr (Vijay) Nambiar သည် မြန်မာ အာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်နေပါကြောင်းနှင့် ဘာဖြစ်လာမည်၊ ၎င်းတို့ ဘာကို ရည်ရွယ်သည်ကို ပိုမို ရှင်းလင်းစွာ ပုံပေါ်လာပါက၊ ၎င်းတို့နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း Ban က ပြောကြားပါသည်။

Gambari သည် Dartur သို့ ပြောင်းသွားပြီးသည့် နောက်ပိုင်း Nambiar ကို အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်စား မြန်မာနိုင်ငံ အရေး ဆောင်ရွက်ရန် ခန့်ထားခဲ့ပါသည်။

တစ်ချိန်တည်းတွင်ပင် ပြည်သူ့ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး PJ Crowley က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုသည် စစ်အစိုးရနှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း နောက်ထပ် ဆွေးနွေးပွဲများအတွက် ရက် မသတ်မှတ်ရသေးဟု ဆိုပါသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဘက်ပေါင်းစုံ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဆက်ပြီး ဆွေးနွေးသွားမယ်လို့လဲ အသေအချာ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု နေရာမှာ ဘယ်လို ပုံစံ ဖြစ်မလဲ ဆိုတာကို မသိသေးပါဘူး" ဟုလည်း ၎င်းက နိုင်ငံခြားရေး ဝန်ကြီးဌာန ရှင်းလင်းပွဲတွင် ပြောကြားပါသည်။

မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် သာမကပဲ ပြည်တွင်း လက်နက်ကိုင် အဖွဲ့ပေါင်းစုံနှင့်လည်း ထိရောက်စွာ ဆက်ဆံ ဆွေးနွေးသွားရန် အရေးကြီးပါသည်ဟု Crowley က ယခု သီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 28th January 2009

ဖုန်ထူထူ တရုတ်နယ်စပ်မြို့ ရွှေလီတွင် နေထိုင်သူများအား ၎င်းတို့၏ အိမ်နီးချင်းလဲဖြစ်၊ မိတ်ဆွေဟုလည်း ဆိုနိုင်သူ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဘယ်လို ယူဆပါသလဲဟု မေးမြန်းကြည့်လျှင် ဗရုတ်သုတ်ခ၊ ဖရိုဖရဲပါဗျာ ဟူသော တစ်ခွန်းထဲသော အဖြေကို ရရှိပါလိမ့်မည်။

ဈေးပေါသော ပလပ်စတစ် ဖိနပ်စီး၍ လုံချည်ဝတ်လေ့ရှိသော မြန်မာကုန်သည်များအား တရုတ်နိုင်ငံကို ဘယ်လိုထင်ပါသလဲဟု မေးမြန်းကြည့်လျှင်မူ တရုတ်တို့၏ အဖြေနှင့် လုံးဝ ဆန့်ကျင် ကွဲလွဲသည့် အဖြေကို ရရှိပါလိမ့်မည်။ တရုတ်နိုင်ငံသည် တည်ငြိမ်သည်။ မိမိတို့အတွက် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းများ ရှိနေသည်။ မြန်မာ စစ်ဖက် ခေါင်းဆောင်များကလည်း မှားယွင်းစွာ စီမံခန့်ခွဲနေသည် ဟူ၍ ဖြစ်သည်။

ဖွံ့ဖြိုးသော တရုတ်ပြည်သို့ စုဝေး ရောက်ရှိနေသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ၊ လယ်သမားများ၊ အနှိပ်ခန်း မိန်းကလေးများနှင့် ၎င်းတို့ကို လက်ခံနေသည့် အိမ်ရှင်နိုင်ငံ အကြားတွင် ယခုတိုင် ချစ်ခင်မှု လျော့ပါးနေပါသေးသည်။ သိုဝှက်ထားသော မကျေနပ်မှု များစွာသည် ၎င်းတို့၏ မြန်မာအစိုးရ အပေါ်တွင် သာမကဘဲ တရုတ်တို့နှင့်လည်း သက်ဆိုင်နေပါသည်။

အခု မန္တလေးမှာ တရုတ်တွေ အများကြီး ရောက်နေပြီ။ အနည်းဆုံး မြို့နေလူဦးရေရဲ့ တစ်ဝက်လောက်တော့ ရှိမယ်ဟု ပြောကြားသူမှာ အိမ်နီးချင်း မြန်မာနှင့် အဓိက ကုန်သွယ်သည့် ရွှေလီမြို့တွင် နှစ်အတန်ကြာ နေထိုင်ခဲ့ပြီး တရုတ် မန်ဒရင် ဘာသာစကားကို အထစ်အငေါ့မရှိ ပြောတတ်သူ မြန်မာ ကျောက်စိမ်းကုန်သည် ရဲကျော် ဖြစ်ပါသည်။

၎င်း၏ ဇာတိမြို့ခံ လူထုက ပြောင်းရွှေ့လာသော တရုတ်လူမျိုးများကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းရာတွင် ၎င်း၏ တရုတ် ဖောက်သည်များ ကြားသွားမည်ကို စိုးရွံ့သည့်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့၍ အကဲခတ်လိုက်ပြီး "သူတို့ကို မုန်းကြတယ်ဗျ" ဟု ဖြေကြားပါသည်။

"ဒါပေမယ့် ကျွန်တော်တို့ ဒီကို (ရွှေလီ) လာရတာပါပဲ၊ ဇာတိမြို့ရွာမှာက အနာဂါတ် အတွက် တက်လမ်း မရှိဘူးလေ" ဟု​ ၎င်းက ဖြည့်စွက် ပြောကြားပါသည်။

ဒေသခံ ဒိုင်ဘာသာစကားမှ ဆင်းသက်လာပြီး မြူနှင်းများ ဖုံးအုပ်နေသော စိမ်းလန်းသည့် ဒေသဟု အဓိပ္ပာယ်ရသည့် ရွှေလီမြို့သည် မြန်မာနိုင်ငံမှ ရောက်လာသည့် လူများစွာအတွက် နေအိမ်သဖွယ် ဖြစ်ပါသည်။ အချို့မှာ တရားဝင် ရောက်ရှိနေသော်လည်း တချို့မှာမူ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ ဟင်းသီးဟင်းရွက်၊ လက်ဝတ်လက်စား ရတနာများ၊ လိင် အရောင်းအဝယ်များ ပြုလုပ်ကြပါသည်။

ယူနန် ပြည်နယ်၏ ဝေးလံနေသော အနောက်တောင်ဘက်စွန်းတွင် တည်ရှိသော ရွှေလီသည် တချိန်က လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများ၊ မှောင်ခိုရောင်းဝယ်မှုများ၊ မူးယစ်ဆေးဝါး ကိစ္စများ၊ ဥပဒေမဲ့ အခြေအနေများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပါသည်။ အချိန်ကာလအားဖြင့် နယ်စပ် ကုန်သွယ်ရေး စတင်ခဲ့သော ၁၉၉၀ ခုနှစ်များက ဖြစ်ပါသည်။

တရုတ်က ချုပ်ကိုင်ထားပြီ

အထက်ပါ ရွှေလီ၏ ရှုပ်ထွေးသော နေ့ရက်များသည် အတိတ်တွေ ကျန်ခဲ့ပြီ ဖြစ်သော်လည်း ရွှေလီကို မြန်မာက ဆက်လက် ဆုပ်ကိုင်ရန် ကြိုးစားနေမှုနှင့် ပတ်သက်၍မူ သံသယ အနည်းငယ်သာ ရှိနိုင်ပါသည်။

များစွာသော ဈေးဆိုင် ကြော်ငြာများတွင် ရေးဆွဲထားသော မြန်မာလက်ရေး ဝိုင်းဝိုင်းများ၊ အနံ့ပြင်း ငံပြာရည်ဆမ်းထားသော သင်္ဘောသီးသုတ် စပ်စပ်ကို လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်၍ စားနေသူများ၊ မြန်မာကျပ်ငွေကို လွတ်လပ်စွာ လဲလှယ်နိုင်သော နေရာများကို ရွှေလီတွင် တွေ့ရမည် ဖြစ်သော်လည်း တရုတ်ယွမ်ငွေမှာ ယခုတိုင် ရေပန်းစားနေဆဲ ဖြစ်ပါသည်။

ရွှေလီ ဒေသခံများသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးကြောင့် ပိုမို ချမ်းသာလာကြပါသည်။ အဓိကအားဖြင့် ကျွန်းသစ်နှင့် ကျောက်စိမ်း ကုန်ကြမ်းပစ္စည်းများကို ရောင်းဝယ်ကြခြင်း ဖြစ်ပြီး အဆိုပါ ကုန်ကြမ်းများကို တင့်တယ် လှပသည့် ဗုဒ္ဓ ဆင်းတုတော်များ၊ တရုတ်ရိုးရာ မယ်တော်ရုပ်ထုများ အဖြစ် ထုဆစ် အရောင်တင်ခြင်းဖြင့် ထောင်ပေါင်းများစွာသော ဒေါ်လာငွေများ ရရှိနေခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ဤအရာများသည် မြန်မာအစိုးရ အပေါ် စေတနာထားသည့် အကြောင်းအချက်များလည်း မဟုတ်ပါ။ ဆင်းရဲသော မြန်မာနိုင်ငံသားများ၏ စိတ်တွင် တရုတ် မုန်းတီးစိတ်များ ကိန်းဝပ်လာစေရန် ထွက်ပေါ်လာသည့် အကြောင်းရင်းများလည်း မဟုတ်ပါ။

"အဲဒီနေရာမှာ မြန်မာအစိုးရက ဘယ်လောက် ဆိုးသလဲဆိုတာ ကျွန်တော်တို့ အကုန်လုံး သိပါတယ်။ သိပ်ကို ဆင်းရဲပြီး ကြောက်စရာ ကောင်းလောင်အောင် အကျင့်ပျက် လာဘ်စား နေကြတာပါ။ တကယ်လို့ ကျွန်တော်သာ မြန်မာဆိုရင်လည်း တရုတ်ကို လာချင်မှာပါပဲ" ဟု တရုတ် စီးပွားရေးလုပ်ငန်းရှင် လီဟိုင်က ပြောကြားပါသည်။

ထို့အပြင် အမေရိကန် ပြည်ထောင်စုက မူးယစ်ဆေးဝါး ကုန်သွယ်မှုကြောင့် မတရားသတင်း ကြေညာထားသော UWSA ဝ တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ နယ်စပ်ဒေသများကို ဖြတ်ကျော်၍ တရုတ်လူမျိုးများ တရားမဝင် အစုလိုက် အပြုံလုက် ဝင်ရောက်နေမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ပြည်သူတချို့ အတွင်း သတိပေး တပ်လှန့်မှုများ ကြီးထွား လာနေပါသည်။

မြန်မာလူမျိုးတို့ အတွင်း ကိန်းဝပ်နေသော တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်မှာ အသစ်အဆန်း မဟုတ်ပါ။ ဗြိတိသျှ ကိုလိုနီဘဝ မရောက်ခင် မြန်မာ ဘုရင်များ လက်ထက်ကပင် အိမ်နီးချင်း အင်အားကြီး တရုတ်ကို စိုးရွံ့ ထိတ်လန့်ခဲ့ကြခြင်း ဖြစ်သည်။

မကြာလှသေးသော ၁၉၆၇ တွင်လည်း တရုတ် ဆန့်ကျင်ရေး အဓိကဂိုဏ်း ရန်ကုန်မြို့တော်တွင် ဖြစ်ပွားခဲ့ရာ၌ တရုတ် သံရုံးကို ဖျက်ဆီးမှုများ၊ လူပေါင်း ရာဂဏန်းချီ သေဆုံးမှုများ ရှိခဲ့ပါသည်။

၁၉၄၈ လွတ်လပ်ရေးရစဉ် အချိန်က ကြွယ်ဝလှသော သဘာဝရင်းမြစ်များကြောင့် တောက်ပသော အနာဂါတ် ရှိလာလိမ့်မည်ဟု ယုံကြည်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ် (၅) ခု ကြာမျှ ညံ့ဖျင်းသော စစ်အုပ်ချုပ်ရေး ရှိခဲ့ခြင်းနှင့် နိုင်ငံတကာက ပစ်ပယ်ထားမှုကြောင့် တရုတ်၏ ကျေနပ်အားရ ဝမ်းသာမှု နောက်ကွယ်တွင် စီးပွားရေး နိမ့်ကျနေသော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိခဲ့သည်ကို ယနေ့ တွေ့မြင်ရမည် ဖြစ်သည်။

၂၀၀၉ ခုနှစ် လူသား ဖွံ့ဖြိုးတိုးတက်မှု အစီရင်စာတွင် ကုလသမဂ္ဂ အဆင့် သတ်မှတ်ချက် (၁၆၆) နိုင်ငံအနက် နံပါတ်စဉ် (၁၃၈) ချိတ်ခဲ့သော မြန်မာနိုင်ငံနှင့် ခြားနားစွာပင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး ဂျပန်ကို ဖြတ်ကျော်တက်လျက် ရှိသည်ကို တွေ့မြင် ရပါလိမ့်မည်။

ရွေးစရာ အနည်းငယ်

မြန်မာများသည် နည်းလမ်း (၂) သွယ်ဖြင့် တရုတ်သို့ သွားနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အရှေ့တောင်ဖက်စွန်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင် တစ်ဦးဖြစ်သူ ဇော်မိန်းသည် ရှုပ်ထွေးလှသော မိခင်နိုင်ငံ၏ နိုင်ငံရေးအတွက် အချိန် အနည်းငယ်သာ ပေးနိုင်ပါသည်။ ၎င်းတွင် မြန်မာနိုင်ငံ၌ ကျန်ရစ်သော မိသားစုအတွက် လုံလောက်သော ဝင်ငွေ ရရှိရန်သာ ဆန္ဒရှိပါသည်။

ရွှေလီ၏ ကြီးမားသော ကျောက်စိမ်းဈေးအတွင်း မတ်တပ်ရပ်နေသူ ၎င်းက တရုတ်နိုင်ငံကို လာပြီး အလုပ်လုပ်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုရင် တရုတ်က ဗီဇာ အလွယ်တကူ ပေးလို့ပါ။ တခြားနိုင်ငံတွေက ဒီလို မဟုတ်ပါဘူးဟု ပြောကြားပါသည်။

အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ၎င်းအား မေးမြန်းရာတွင် ၎င်း၏ မျက်နှာမှာ ဝင်းပ သွားပါသည်။ အနားရှိ ဝိုင်းအုံနေသော သူ့မိတ်ဆွေများသည်လည်း အလားတူပင် ဖြစ်သည်။

ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကျင်းပရန် စီစဉ်နေပြီး လူ့အခွင့်အရေး အဖွဲ့များ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က အတုအယောင်အဖြစ် ပြစ်တင် ရှုံ့ချနေကြသော ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက ပြောကြားရာတွင် "လူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်တဲ့ ဆန္ဒ ရှိနေပါတယ်" ဟု ဆိုပါသည်။

"ဒါပေမယ့် သူမကို မဲပေးခွင့်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီတော့ ဘာဖြစ်မလဲ။ စစ်တပ်က ဘာပဲဖြစ်ဖြစ် ဆက်ပြီး အုပ်ချုပ်လိမ့်မယ်။ ကျွန်တော်ကလဲ တရုတ်ပြည်မှာ ဆက်နေမှာပဲ" ဟု ၎င်းက မှတ်ချက်ပေးပါသည်။

ရိုဟင်ဂျာများကို တိုင်းရင်းသား လူမျိုးစုအဖြစ် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း မရှိပါ။ ၎င်းတို့သည် လွတ်လပ်စွာ သွားလာခွင့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေကြောင်း၊ အာဏာပိုင်များက လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း စွပ်စွဲ ပြောကြား နေကြပါသည်။

၁၉၇၀ ခုနှစ်များ နှောင်းပိုင်းမှ စ၍ ရိုဟင်ဂျာ များစွာသည် မြန်မာနိုင်ငံကို စွန့်ခွာ ထွက်ပြေးကြပြီး ဆင်းရဲ နွမ်းပါးသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အဓိက ဦးတည် ထွက်ခွာကြပါသည်။ အကြီးမားဆုံး စွန့်ခွာ ထွက်ပြေးမှုများမှာ ၁၉၉၂ တွင် ဖြစ်ပွားခဲ့ပါသည်။

ရွှေလီသို့ လာရောက်ကြသူများမှာ ရိုဟင်ဂျာများ သာမကပါ။ နယ်စပ်၏ တစ်ဖက်တစ်ချက်တွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစု များစွာအတွက် ယူနန်ပြည်နယ်သည် နေအိမ်သဖွယ် ဖြစ်နေပါသည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်း ဒေသတွင် ဆယ်စုနှစ်ပေါင်း များစွာ လက်နက်ကိုင် တော်လှန်နေကြသော မြန်မာ ကချင်လူမျိုးများမှာ တရုတ် ဂျင်ပို လူမျိုးများနှင့် အတူတူပင် ဖြစ်သည်။

ရှေ့တန်း နယ်စပ်ဒေသ ဟူသော စကားလုံးသည် ၎င်းတို့အတွက် အဓိပ္ပာယ် သိပ်မရှိလှပါ။ မည်သည့် ကိစ္စတွင်မဆို နယ်စပ် တစ်ဖက်တစ်ချက်မှာ မြောင်းကလေး တစ်ခုမျှသာ ခြားပြီး အချို့ရွာများတွင် ဝါးရုံပင် အနည်းငယ်သာ ဝေးကွာပါသည်။

တရုတ်ပြည်မှာ နေရတာ ကျွန်တော်တို့အတွက် ကံကောင်းတာပါဟု ပြောကြားသူမှာ ဂျင်မီ ဖြစ်သည်။ ၎င်းတို့ ဒေသခံ ဒိုင်လူမျိုး များစွာသည် နာမည်တစ်ခုသာ အသုံးပြုလေ့ရှိပြီး ၎င်းတို့၏ ရွာများမှာလည်း တရုတ်ဖက်တွင် တစ်ခြမ်း၊ မြန်မာဖက်တွင် တစ်ခြမ်း တည်ရှိနေကြပါသည်။ ၎င်း၏ အဒေါ် ဖြစ်သူမှာ နေ့စဉ် နယ်စပ်ကို ကျော်၍ သူမ၏ တူများကို လာရောက် ထိန်းပေးလေ့ ရှိပါသည်။

"ဒါပေမယ့် ကျွန်တော်တို့က တစ်နိုင်ငံတည်း သားတွေပါ။ နယ်ခြား တစ်ဖက် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ ဆွေမျိုးသားချင်းတွေ အတွက် ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်ရသလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်ဗျာ" ဟု ၎င်းက ရင်ဖွင့် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Office of UN Resident and Humanitarian Coordinator for Myanmar, 27th January 2009

လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခြင်းသည် ဆင်းရဲသော ကျေးလက်ဒေသကို အကျိုးရှိစေမည် သာမကပဲ နိုင်ငံလုံး စီးပွားရေး ဖွံ့ဖြိုးမှုကိုပါ ဆောင်ကြဉ်းပေးမည် ဖြစ်ကာ ဆင်းရဲ မွဲတေမှုကိုလည်း လျော့ချနိုင်ပါလိမ့်မည်။ ဤသည်မှာ ဇန်နဝါရီ (၂၆) ရက်က ရန်ကုန်တွင် ကျင်းပသော Myanmar Humanitarian Partnership Group ၏ အစည်းအဝေးမှ ထွက်ပေါ်လာသော သတင်းကောင်း တစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် စဉ်းစား ဆင်ခြင်ဖွယ် ဖွံ့ဖြိုးမှု အခွင့်အလမ်းများ ရှိနေပြီး မြန်မာနိုင်ငံတွင် လက်ရှိ စီးပွားရေး စိန်ခေါ်မှုများကို အစီအစဉ် တကျ တုန့်ပြန်ရာတွင် ဦးစားပေး စဉ်းစားသင့်သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။

အလှူရှင်များ ဖြစ်သော ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတွင်းရှိ အခြား လူသားချင်း စာနာ ထောက်ထားရေး အဖွဲ့များ တက်ရောက်ကြသော လစဉ် အစည်းအဝေး တစ်ခုဖြစ်သည့် Myanmar Humanitarian Partnership Group ၏ အစည်းအဝေးမှ ယခု သုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှု လျော့ချရေးသည် လယ်ယာထွက် ကောက်ပဲသီးနှံ ကဏ္ဍ၊ ငါးလုပ်ငန်း ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍတို့၏ ထုတ်လုပ်မှု၊ ဖွံ့ဖြိုးမှုများ တိုးတက်လာခြင်းပေါ်တွင် မှီခို နေပါသည်။ နိုင်ငံ လူဦးရေ၏ (၇၀ %) သည် ကျေးလက်ဒေသများတွင် နေထိုင်လျက် ရှိပြီး အားလုံးသော အချက်အလက်များက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် စဉ်းစားဖွယ် ဖွံ့ဖြိုးရေး အခွင့်အလမ်းများ၊ အလားအလာများ ရှိနေကြောင်း ညွှန်ပြနေကြသည်ဟု ပြောကြားသူမှာ UNDP မူဝါဒ အကြံပေး Shafique Rahman ဖြစ်၍ ၎င်းက စားနပ် ရိက္ခာ ဖူလုံရေးဆိုင်ရာ UN/NGO Working Group ကိုယ်စား "စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် စီစဉ်တကျ တုန့်ပြန်မှု ဆိုင်ရာ စီးပွားရေး ခြုံငုံ သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တချိန်ထဲတွင်ပင် ကျေးလက်ဒေသ၌ လယ်မဲ့ ယာမဲ့ ပြဿနာ ကြီးထွား မြင့်မားလျက် ရှိပြီး လယ်မြေ မပိုင်သူ ဆင်းရဲသားများသည် လယ်ယာမြေ မလိုသော စီးပွားရေးလုပ်ငန်းများကို မှီခိုနေရပါသည်။ အနှစ်ချုပ်ရလျှင် ကျေးလက် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၏ ပြဿနာ ရင်းမြစ်များကို ရှာဖွေ ဖြေရှင်းပေးမှုများ တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေပါသည်ဟု Mr. Rahman က ဆိုပါသည်။

အဆိုပါ အစည်းအဝေးသို့ ကျွမ်းကျင် ပညာရှင်များ၊ မစ်ရှင်နှင့် အေဂျင်စီ ခေါင်းဆောင်များ၊ သံတမန်များနှင့် ကယ်ဆယ်ရေး လုပ်သားများ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့ပြီး ကျေးလက် ငွေချေးစနစ်၊ ဈေးကွက် အခွင့်အလမ်း၊ စိုက်ပျိုးရေး မဟုတ်သော စီးပွားရေးနှင့် အခြေခံ အဆောက်အဦး စသော နယ်ပယ်များတွင် ဖြေရှင်းရန် လိုအပ်နေသည့် စိန်ခေါ်မှုများကို နံပါတ်စဉ် တပ်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ယင်းကဲ့သို့ စီးပွားရေး မူဝါဒနှင့် စနစ်တကျ တုန့်ပြန်မှုများ အပေါ်တွင် ကွက်၍ သုံးသပ် ဆွေးနွေးကြခြင်းမှာ ပါမောက္ခ ဂျိုးဇက် စတစ်ကလစ်၏ ဒီဇင်ဘာလ ခရီးစဉ် အပါအဝင် လတ်တလော ဖြစ်ရပ်များ၏ သက်ရောက်မှုကြောင့် ဖြစ်ပါသည်။

ရှေ့ဆက်၍ စိုးရိမ် ပူပန်စရာ ဖြစ်နေသော ကိစ္စမှာ အသေးစား ချေးငွေ စီမံကိန်းများ အတွက် ရန်ပုံငွေ ဖြည့်တင်းရာတွင် ကြီးမားသော လစ်ဟာမှုများ ရှိနေခြင်း ဖြစ်သည်။ အသေးစား ချေးငွေ စီမံကိန်းများအတွက် လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ သန်း ၃၄၀ မှ သန်း ၄၇၀ အတွင်း ရှိနေသည်ဟု ခန့်မှန်း တွက်ချက်မှုများအရ သိရှိရပါသည်။

အသေးစား ချေးငွေ စီမံကန်းကို ထောက်ပံ့နေသည့် နိုင်ငံတကာ အဖွဲ့အစည်း (၇) ခု၊ ဒေသတွင်း အဖွဲ့အစည်း အနည်းငယ်နှင့် ဘဏ်များသည် စုစုပေါင်း လိုအပ်ချက်၏ (၁၀ %) မျှသာ တတ်နိုင်ကြသဖြင့် ကျေးလက် ဆင်းရဲသား သန်းပေါင်းများစွာကို အတိုးနှုန်း ကြီးကြီးဖြင့် ငွေချေးသူများထံ ကျေးဇူးတင်ခံ၍ ငွေချေးရသည့် ဘဝသို့ ရောက်ရှိစေခဲ့သည်ဟု သိရပါသည်။

မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံး အသေးစား ချေးငွေ စီမံကိန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၁၉၉၇ ခုနှစ်က စတင်ခဲ့သော ၎င်း စီမံကိန်းသည် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၂၂) မြို့နယ်ရှိ ကျေးရွာပေါင်း (၄၆၄၅) ရွာမှ အိမ်ထောင်စုပေါင်း သုံးသိန်း ငါးသောင်းခန့်ကို ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းအရ လယ်ပိုင်ဆိုင်မှု (၅) ဧက မပြည့်သည့် လယ်သမား မိသားစုများအား အကူအညီပေးခြင်း ဖြစ်၍ ၎င်းတို့အား ရင်းနှီးငွေနှင့် လုပ်ငန်း ချဲ့ထွင်နိုင်ရန် ရည်ရွယ် ကူညီခြင်း ဖြစ်သည်။

လက်ရှိ တတ်နိုင်တဲ့ ရန်ပုံငွေ အနေအထားနဲ့ လက်လှမ်း မမှီနိုင်လောက်အောင် လိုအပ်ချက်က ကြီးမားနေပါတယ်ဟု ပြောကြားသူမှာ PACT Myanmar မှ ဌာနေ ကိုယ်စားလှယ် Fahmid Karim Bhuiya ဖြစ်ပြီး ၎င်းသည် UNDP ၏ (၂၂) မြို့နယ် အသေးစား ငွေချေး စီမံကိန်းကို အကောင်အထည် ဖော်နေသူ ဖြစ်သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ကိုယ်စားလှယ် Bishow Parajuli ၏ အဆိုအရ အသေးစား ငွေချေးစီမံကိန်းနှင့် အခြား လူမှု အဖွဲ့အစည်း အခြေပြု နည်းလမ်းသစ် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံအတွက် အချိန် စောလွန်း နေသေးကြောင်း သိရှိရပါသည်။

သို့ရာတွင် အသေးစား ချေးငွေ စီမံကိန်းများသည် ဆင်းရဲ မွဲတေမှု လျော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးအတွက် ထိရောက်သော နည်းလမ်း ဖြစ်နိုင်သည် ဆိုသော အချက်ကို ယခု နယ်ပယ်အတွင်း လုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အေဂျင်စီများက အောင်မြင်စွာ ညွှန်ပြနိုင်ခဲ့သည်ဟု Mr. Parajuli က ပြောကြားခဲ့ပြီး ကျေးလက် စီးပွားရေး တစ်ခုလုံးကို ပိုမို လှုံ့ဆောင်ပေးနိုင်မည့် ကြီးမားသော ဖြစ်နိုင်ချေ အလားအလာများ ရှိနေသည်ဟုလည်း ၎င်းက မှတ်ချက် ပေးပါသည်။

စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာပါ။ ကျေးလက် ဆင်းရဲမှု လျော့ချဖို့ များစွာ လိုအပ်နေတဲ့ တုန့်ပြန် ဆောင်ရွက်ချက်တွေကို ထောက်ပံ့ ဖြည့်ဆည်း ပေးနိုင်တဲ့ အချိန် ရောက်ရင် အခွင့်အလမ်းတွေ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ရေရှည် စီးပွားရေး နာလံထူနိုင်ဖို့ ကြိုးစားနေမှုများကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်ဟု Mr Parajuli က သုံးသပ် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၏ ပထမကိုးလ အတွင်း ရုရှား၊ ယူကရိန်း၊ သြစတြေးလျနှင့် တောင်ကိုရီးယား ဆန်နှင့် လယ်ယာထွက် သီးနှံများ တင်ပို့ပြီး ဆန်စပါးဈေးကွက်ကို ပိုမိုကြီးမားလာအောင် ကြိုးပမ်းလျက် ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာ ဖြစ်သော Xinhua သတင်းဌာနက ရေးသား ဖော်ပြပါသည်။

တရားဝင်စာရင်း ဇယားများအရ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၊ ပထမ ကိုးလ (ဧပြီမှဒီဇင်ဘာလ) အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၂ သန်းရှိခဲ့သည်။ ထိုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၅ သန်း အထိ တင်ပို့ရန် ဦးတည်ချက် ထားရှိခဲ့သည်။

မြန်မာအစိုးရ၏ ဆန်ဈေးကွက် တိုးချဲ့ရေးဆိုင်ရာ အစီအစဉ်အရ အရည်အသွေး မြင့်မားသော အိပ်စ်ပို့ ဆန်များကို ကူဝိန်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့လျက် ရှိသည်။

ယခုဘဏ္ဍာရေးနှစ် ပထမကိုးလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှာ ဆယ်စုနှစ်တစ်ခုတွင် အမြင့်ဆုံးသော ပမာဏအဖြစ်စံချိန်တင်နိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၀၀ပြည့်နှစ်တွင် ဆန်တန်ချိန် ၁ သန်းတိတိတင်ပို့နိုင်ခဲ့ပါသည်။

၂၀၀၈-၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန် ၇ သိန်းအထိ ပြည်ပသို့ တင်ပို့ နိုင်ခဲ့သည်ကို တွေ့ရကြောင်း တရားဝင် စာရင်းဇယားများကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြပါသည်။

မြန်မာနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၅ သောင်းကို အဓိက ဆန်တင်ပို့ရာ ဒေသဖြစ်သည့် အရှေ့အာရှ နိုင်ငံများသို့ တင်ပို့ခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသကိုမူ တန် ၈၅၀ ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။

လက်ရှိ အနေအထားအထိ တောင်အာဖရိက၊ စင်ကာပူ၊ သီရိလင်္ကာ၊ ယူအေအီး၊ တောင်ကိုရီးယားနှင့် အီဂျစ်စသည့် နိုင်ငံများသို့ ဆန်တင်ပို့ လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၃၅ ခုရှိသည်။

ဆန်စပါး ထုတ်လုပ်ရေး ကဏ္ဍသို့ ကုမ္ပဏီ အမြောက်အမြား ဝင်ရောက် ရင်းနှီး မြှုပ်နှံလျက် ရှိရာ ယခုနှစ် အတွင်း ပြည်ပသို့ အရည်အသွေး ပြည့်မီသော ဆန်များ ပိုမိုတင်ပို့နိုင်လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းက ဆိုပါသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံရှိ ဆန်စပါး စိုက်ပျိုးမြေဧက ဟက်တာ ၈ ဒဿမ ၂၆ သန်းမှ ဆန်တန်ချိန် သန်း ၃၀ ထွက်ရှိခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါသည်။ 

Bernama သတင်းဝက်ဘ်ဆိုက်မှ Myanmar Expands International Rice Market ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နော်ဝေ နိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) ၏ သတင်းထောက် ငွေစိုးလင်းအား ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက အင်းစိန်အကျဉ်း ထောင်အတွင်း ရုံးထိုင် စစ်ဆေးကာ ထောင်ဒဏ် ၁၃ နှစ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ၎င်း၏ အသိမိတ်ဆွေ များထံမှ တစ်ဆင့် ကြားသိရပါသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ငွေစိုးလင်း(၂၈ နှစ်) သည် အီလက်ထရွန်နစ် နှင့် လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပံ့ပိုးမှု အက်ဥပဒေများအရ တရားစွဲဆိုခြင်း ခံခဲ့ရပြီး အဆိုပါ အမှုနှစ်ခု အတွက် ထောင်ဒဏ် ၁၀ နှစ် နှင့် ၃ နှစ်စီ အသီးသီး ကျခံရခြင်း ဖြစ်သည်။

"ကိုငွေစိုးလင်းဟာ အီလက်ထရွန်းနစ် အက်ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် နဲ့ လူဝင်မှု အက်ဥပဒေ ပုဒ်မ-၁၃ () အရ ထောင်ဒဏ် သုံးနှစ် ကျခံဖို့ မနေ့ကပဲ စီရင်ချက် ချလိုက်တာပါ" ဟု ငွေစိုးလင်း၏ ခယ်မဖြစ်သူ အေးမိစံက Mizzima သို့ ပြောကြားပါသည်။

တရားခံ ရှေ့နေဖြစ်သူ ဦးအောင်သိန်းက "ကိုငွေစိုးလင်းရဲ့ အမှုကို ကြားနာ စစ်ဆေးပြီး မနေ့ညနေကပဲ အဲဒီ ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တာပါ" ဟု ပြောဆိုသည်။ DVB သတင်းထောက်ဖြစ်သူ ကိုငွေစိုးလင်းသည် ၂၀၀၈ ခုနှစ်မေလ ပထမပတ်က မြန်မာနိုင်ငံတွင် ကျရောက်သော နာဂစ်မုန်တိုင်း ဒဏ်ကြောင့် မိဘမဲ့ ဖြစ်သွားသည့် ကလေးများ၏ ဘဝကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့သည့် အတွက် Rory Peck ဆုချီးမြင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

လန်ဒန်အခြေစိုက် Rory Peck Trust သည် ကမ္ဘာတစ်ဝန်း ဒေသအသီးသီးမှ ထူးခြား ရဲရင့်စွာ ထုတ်ဖော်နိုင်သော သတင်းထူးများကို တင်ပြနိုင်သူများအား ရှာဖွေပြီး ဂုဏ်ပြုပေးအပ်သော အဖွဲ့ ဖြစ်သည်။ အဆိုပါဂုဏ်ပြုဆု၏ အမည် Rory Peck သည် ဗြိတိသျှ သတင်းထောက် တစ်ဦး၏ အမည်ဖြစ်ပြီး သူသည် ၁၉၉၃ ခုနှစ် အောက်တိုဘာလက ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ သတင်းလိုက် နေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည်။

ထို့နောက် ၁၉၉၅ ခုနှစ်တွင် Rory Peck ၏ ဇနီးဖြစ်သူနှင့် မိတ်ဆွေများက သူ၏နာမည်ဖြင့် Trust အဖွဲ့ကို တည်ထောင်ခဲ့ကြပါသည်။

"ဒီလို ပြစ်ဒဏ်ချတာ မတရားပါဘူး၊ ဒါမျိုးတွေကိုလုပ်ရင်း အခုလို အလားတူ ပြစ်ဒဏ်တွေ ခံရမယ် ဆိုတာ တခြား သတင်းထောက်တွေလည်း သိအောင် ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ရမှာပါ" ဟု DVB ၏ထိုင်းနိုင်ငံ ဗျူရို အကြီးအမှူးဖြစ်သူ တိုးဇော်လတ်က ပြောကြားသည်။

ငွေစိုးလင်းသည် ယမန်နှစ် ဇွန်လ ၂၆ ရက်နေ့၊ တာမွေမြို့နယ် ကျောက်မြောင်းရှိ အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ အထွက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ငွေစိုးလင်းအား ဖမ်းဆီးပြီးနောက် သုံးရက် အကြာတွင် တာမွေမြို့နယ် အထူးစုံစမ်းရေးအဖွဲ့(SB) ရဲတပ်ဖွဲ့၊ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်များနှင့် ရဲမှူးတို့က ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ဗီဒီယို ကင်မရာကိုသိမ်းဆည်းခဲ့ကြောင်း၊ အမှုနှင့် ပတ်သက်၍ အယူခံဝင်မည် ဖြစ်ကြောင်း အေးမိစံက ပြောကြားပါသည်။

ကိုငွေစိုးလင်းနှင့် အတူ ထိုအချိန်က NLD လူငယ်အဖွဲ့ဝင် နိုင်ငံလင်းကိုလည်း ဖမ်းဆီးခဲ့သည်။ သို့သော် နိုင်ငံလင်းကိုမူ သြဂုတ်လ ၂၉ ရက်နေ့က ပြန်လွှတ်ခဲ့ကြောင်း ဦးအောင်သိန်းက ပြောပါသည်။ ငွေစိုးလင်းအား ဖမ်းဆီးပြီး ၂ လကျော်ကြာမှ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပို့လိုက်ကြကြောင်း၊ အင်းစိန်ထောင်သို့ ရောက်ရှိပြီး ၃ လခွဲကြာမှ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း ၎င်း၏ အဆိုအရ သိရပါသည်။

ကိုငွေစိုးလင်းသည် ယခုအခါ ဘယ်ရီ ရောဂါ ခံစားနေရပြီး အာရုံကြောရောဂါ ဆေးများလည်း စားသုံး နေရသည်။ ၎င်း၏ အကိုဖြစ်သူ အောင်ထွန်းမြင့်သည်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ လူထု ဆန္ဒခံယူပွဲအတွင်း မှော်ဘီမြို့နယ် ဆန္ဒမဲရုံတစ်ခုတွင် ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းကြောင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ကျခံနေရပါသည်။

မြန်မာနိုင်ငံ မီဒီယာအသင်း (BMA) ၏ သတင်း ထုတ်ပြန်ချက်များအရ ၂၀၀၇ ခုနှစ် အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) အရေးအခင်းဖြစ်ပြီး နောက် မြန်မာသတင်းထောက် (ဂျာနယ်လစ်) အနည်းဆုံး ၁၄ ဦး ဖမ်းဆီး အပြစ်ပေးခံခဲ့ရကြောင်း သိရှိရပါသည်။

Mizzima သတင်းဌာန ၏ DVB reporter sentenced to 13 years ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.