Transparency Myanmar

transparency.myanmar@gmail.com


ကရင် တိုင်းရင်းသား လူမျိုးများသည် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က မြန်မာ စစ်တပ်နှင့် ကရင် ပြောက်ကျား သူပုန်များ အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် လွတ်မြောက်ရာသို့ ထွက်ပြေး တိမ်းရှောင်ရင်း ထိုင်း-မြန်မာ နယ်စပ်ဒေသ အနီးရှိ မျိုမြစ်ကမ်း တစ်လျှောက်တွင် ခိုလှုံခဲ့ကြရပါသည်။

ယင်းကဲ့သို့ နယ်စပ် ဒေသတွင် ဒုက္ခ ရောက်နေသော ကရင် တိုင်းရင်းသားများနှင့် နိုင်ငံရေး လှုပ်ရှားသူ ပြည်ပြေးများသည် အခြားနိုင်ငံတွင် ပြည်နှင်ဒဏ် သင့်ထားသည့် အနေအထားမျိုးနှင့် ရင်ဆိုင်နေရပြီး အမိ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့်လည်း မရရှိဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများက ကရင် ဒုက္ခသည်များ လုံခြုံရေး အတွက် ထိုင်းအစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရန် မျှော်လင့်လျက် ရှိသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အရပ်ဘက် အုပ်စုများ (Civic Group) များနှင့် ထိုင်းနိုင်ငံမှ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်တို့၏ စေ့စပ် ညှိနှိုင်း မှုများကြောင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့် မရရှိကြသေးသည့် ကရင် ဒုက္ခသည် ၁၇၀၀ အား ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ထိုင်း စစ်တပ်သည် အဆိုပါ ကရင်များအား မြန်မာနိုင်ငံသို့ မောင်းထုတ်ရန် ကြိုးပမ်းခဲ့သေးသည်။ အဆိုပါ ကရင် ဒုက္ခသည်များသည် မြန်မာ စစ်တပ်နှင့် ကရင်သူပုန်များ အကြား တိုက်ပွဲ ဖြစ်ရာမှ ထွက်ပြေး ခဲ့ကြရသူများ ဖြစ်သည်။

အကယ်၍ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် ရပါက ဒုက္ခသည်စခန်းမှ လှုပ်ရှားသူများနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းကာ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လုပ်ဆောင် ပေးရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဘက်မှ လူမှုရေး လှုပ်ရှားသူ စိုးအောင်က ပြောကြားပါသည်။

"ထိုင်း အစိုးရရဲ့ တရားဝင် မူဝါဒကတော့ အခြေအနေ မတည်ငြိမ်သေးခင်မှာ ဘယ်ဒုက္ခသည် ကိုမှ နှင်ထုတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူမှ ဒုက္ခတွေ၊ အသက် အန္တရာယ်တွေ ကြုံတွေ့ရဖို့ မရှိပါဘူး။ အန္တရာယ် ဆိုတာ မြေမြှုပ်မိုင်း အန္တရာယ်ကို ဆိုလိုတာပါ။ အစိုးရ ကိုယ်စား ကြား ကိုယ်စားလှယ် အနေနဲ့လည်း ပူးပေါင်း ညှိနှိုင်းပြီး အဖြေရှာ ပေးနိုင်ပါတယ်" ဟု စိုးအောင်က ဆက်လက် ပြောဆိုပါသည်။

ကရင် ဒုက္ခသည်များကို ပြန်ပို့မည့် ကိစ္စသည် မြန်မာ နယ်စပ်ဒေသမှ စစ်ဒေသ တိုင်းမှူးများ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်ကြောင်း၊ သို့သော် စစ်တပ် အနေဖြင့် ဒုက္ခသည်များအား ထောက်ပံ့ပေးနေသည့် အစုအဖွဲ့များနှင့် ဆွေးနွေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်ရောက်သွားသော ကရင် တိုင်းရင်းသား တစ်ဦးကလည်း အဆိုပါ ဆွေးနွေးမည့် ကိစ္စကို လက်သင့်ခံကြောင်း ထိုင်း အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Panitan Wattanayagorn က ပြောပါသည်။

ကရင် တိုင်းရင်းသားများ ပြန်လည် ထွက်ခွာရန် ယခုလပိုင်း ကာလတွင် အခက်အခဲများ ရှိနေကြောင်း၊ မြန်မာ စစ်တပ်ဘက်မှ လှုပ်ရှားမှုများကြောင့် ပြန်လည် ဝင်ရောက်ရာတွင် အတားအဆီး ဖြစ်နေကြောင်း အာဆီယံ ကွန်ရက်နှင့် ဆက်သွယ် ဆောင်ရွက်နေသော Debbie Stothardt ဆိုသူက ထုတ်ဖော် ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေရန် တွန်းအား ပေးနေသူ တစ်ဦးလည်း ဖြစ်ပါသည်။ "ကျွန်မတို့အတွက် ပြောစရာ ပြဿနာ တစ်ခုက မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ လူ တစ်သိန်းကျော် အိမ်ပစ် ယာပစ်နဲ့ ရောက်လာတဲ့ ကိစ္စပါ။ ဒီအရေအတွက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ အခြေအနေတွေ ပိုမို ဆိုးရွားလာတာကို သိနိုင်ပါတယ်။ ဒီလူတွေ ကိုယ့်ဒေသ ကိုယ်ပြန်သွားမယ်ဆိုရင် မြေမြှုပ်မိုင်းဗုံး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ပိုဆိုးတဲ့ အခြေအနေနဲ့ တွေ့ရနိုင်တယ်။ ဒါဟာ နိုင်ငံတကာ မူဝါဒတွေနဲ့ ဆန့်ကျင်ပြီး သိပ်ကို အန္တရာယ် ကြီးမားလှပါတယ်" ဟု သူမက ပြောသည်။

မြန်မာ စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ချေမှုန်းရန် ကြိုးပမ်းလျက် ရှိသည်။

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော ကိုညီညီအောင်ကို မှတ်ပုံတင်နှင့် စာရွက်စာတမ်းများ အတုပြုလုပ်မှု၊ နိုင်ငံခြားငွေ လျှို့ဝှက် သယ်ဆောင်မှု စသည့် ပြစ်မှုများဖြင့် အင်းစိန် တရားရုံးက အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။  အဆိုပါ ကိုညီညီအောင်၏ အမှုကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ၏ အဆိုအရ မြန်မာ စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရပါသည်။

Voa News မှ Thai Government, UN, Civic Groups Look to Protect Burma Refugees ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်တပ်သည် ကရင် တိုင်းရင်းသား အရပ်သားများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်၍ လုပ်ဆောင်လာကြောင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးပစ်ပြီး စာသင်ကျောင်းများ၊ ဆေးခန်းများကိုလည်း ဖိအားပေးကာ ပိတ်ပင်ခိုင်းကြောင်း၊ သို့အတွက်ကြောင့် ကရင် ရွာသားပေါင်း ၂၀၀၀ ခန့်မှာ တောတွင်းသို့ ထွက်ပြေးကာ ပုန်းခိုနေရကြောင်း ကရင် ကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ အဆိုအရ သိရသည်။

ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကျောက်ကြီး မြို့နယ်မှ ကျေးရွာများရှိ အိမ်ခြေ ၇၀ ခန့်ကို မြန်မာ စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သလို ရွှေ့ပြောင်း ဆေးခန်း တစ်ခုကိုပါ ဖျက်ဆီးပစ်ခဲ့သည် ဟု
ကရင် အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သော Committee for Internally Displaced Karen People (CIDKP) က ပြောကြားသည်။

စာသင်ကျောင်းပေါင်း ၁၁ ကျောင်းကိုလည်း ဖိအားပေးကာ ပိတ်ခိုင်းထားပြီး ကျောင်းသူ ကျောင်းသား ကလေးငယ်များသည် စစ်ရေး လှုပ်ရှားမှုများကြောင့် တောတွင်းနေရာတွင် ပုန်းအောင်း နေရပါသည်ဟု CIDKP က ဆိုသည်။

"အဲဒီ နေရာတွေမှာ အစိုးရတပ်တွေ ဆက်ပြီး လှုပ်ရှား နေသေးသရွေ့တော့ ကလေးတွေ အနေနဲ့ တောထဲမှာပဲ ဆက်ပြီး ပုန်းအောင်းနေကြရမှာပါ" ဟု CIDKP မှ စောစတိဗ်က ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

အစိုးရ တပ်များမှာ အမှတ် ၃၆၂ - ၃၆၇ ခြေလျင် တပ်ရင်းတို့ ဖြစ်ပြီး ဗျူဟာ စစ်ဆင်ရေး အမှတ် ၃ ၏ လက်အောက်မှ ဖြစ်ကြောင်း၊ ယခု အချိန်အထိ အဆိုပါ ဒေသများတွင် ကင်းလှည့် နေလျက်ပင် ရှိကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အဆိုပါ တပ်ဖွဲ့များသည် အုပ်စုခွဲကာ ကျေးရွာပေါင်း ၆ ရွာသို့ ဝင်ရောက်ပြီး တိုးထ ဒေသမှ အိမ်ခြေ ၄၆ အိမ်ကို လည်းကောင်း၊ ကာဒီမူဒါဒေသမှ အိမ်ခြေ ၂၈  အိမ်ကို လည်းကောင်း မီးရှို့ ဖျက်ဆီးခဲ့သည်ဟု CIDKP ၏ အဆိုအရ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စောလောရေးထူး ဆိုသူ ရွာသား တစ်ဦးမှာ သံလွင်မြစ် အနီးတွင် မြန်မာစစ်တပ်၏ ပစ်ခတ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ၎င်းမှာ နယ်စပ်ဒေသရှိ မယ်လဦး ဒုက္ခသည် စခန်းရှိ ဆေးရုံတွင် သေဆုံးသွားခဲ့ရသည်။

မြန်မာစစ်တပ်၏ နောက်ပိုင်း တိုက်ခိုက်မှုများမှာ အဆိုပါ ဒေသရှိ ကျေးရွာသားများကို အဓိက ပစ်မှတ်ထားလာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ညောင်လေးပင် ခရိုင်ရှိ ကျေးရွာပေါင်း ၁၀ ခုကို စစ်အစိုးရ တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ ရွာသား လေးဦး သေဆုံးပြီး ၂၀၀၀ ခန့် အိုးပစ်အိမ်ပစ် ထွက်ပြေး ခဲ့ကြရကြောင်း USCampaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင်က ပြောသည်။

"ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်က စစ် ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ထိထိရောက်ရောက် အရေးတယူ ဆောင်ရွက်ဖို့အတွက် အခု တိုက်ခိုက်မှုတွေဟာ သက်သေ သာဓကတွေပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်တပ်သည် ရွေ့လျား ဆေးကုခန်းများကို အဓိက ပစ်မှတ်ထားကာ တိုက်ခိုက် လာကြောင်း၊ အကြောင်းမှာ အဆိုပါ ဆေးကုခန်းများသည် ကရင်နှင့် အခြားသော တိုင်းရင်းသား များကို အသက် ကယ်ဆယ်မှု ပေးနေသောကြောင့် ဖြစ်ကြောင်း US Campaign for Burma က သတင်း ထုတ်ပြန်သည်။

ယခု ဖြစ်ရပ်သည် ဂျနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်း ဖြစ်သည်။ ဘက်လိုက်မှု မရှိ ဆေးဝါး ကုသခွင့် ဆိုင်ရာ မူဝါဒကိုလည်း ချိုးဖောက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

Irrawaddy သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အချိန် ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ကြရသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မကြာမီ အချိန်ကာလတွင် ကျင်းပပေးမည် ဖြစ်ကြောင်း မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထောင်စုနေ့တွင် အသိပေး ထုတ်ဖော် ပြောဆိုလိုက်သည်။ သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည် ဟူသည်ကို အတိအကျ ပြောဆိုခြင်း မရှိသေးပေ။

မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် အစောပိုင်း ကတည်းက ၂၀၁၀ ပြည့်နှစ်တွင် ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်ပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျင်းပပေးမည့် အဆိုပါ ရွေးကောက်ပွဲအတွက် လိုအပ်သော ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို စစ်အစိုးရက ယခုအချိန်အထိ ထုတ်ဖော်ခြင်း မပြုသေးပေ။

"မကြာမီ ကာလမှာ လွတ်လပ်ပြီး မျှတမှု ရှိတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထောင်စုနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ရွေးကောက်ပွဲ အကြောင်းကို ရှင်းလင်း ပြောဆိုသည်။

"တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် တို့ကို ရရှိတော့မည် ဖြစ်ရာ နိုင်ငံသားတို့၏ ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အသီးသီးတို့အား ရွေးကောက်နိုင်ရန် အများဆန္ဒဖြင့် ဆုံးဖြတ်ရမည် ဖြစ်သည်" ဟု ယခုအခါ အသက် ၇၇ နှစ် အရွယ် ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဝဏ်လွှာကို အစိုးရပိုင် မီဒီယာများက ဖော်ပြကြသည်။

မြန်မာ စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သည့်တိုင် အဆိုပါ ပါတီအား အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

ယခုအခါ NLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိစ္စအတွက် ဆုံးဖြတ်ချက် မချမှတ်ရသေးပေ။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည်  မျှတမှု မရှိဘဲ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်အောင်သာ ရေးဆွဲထားခြင်း ဖြစ်သည်ဟု NLD အပါအဝင် နိုင်ငံတကာမှ လူ့အခွင့်အရေး စောင့်ကြည့်သူများက တူညီစွာ သတ်မှတ် ပြောဆို ထားသည်။ အဆိုပါ ဖွဲ့စည်းပုံ ဥပဒေက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိအောင် တားမြစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ အုပ်ချုပ်လာသည့် နှစ် ၂၀ ကျော် ကာလတွင် ၁၄ နှစ် ခန့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ယခုနှစ် ပြည်ထောင်စုနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း NLD ပါတီက အဆိုပါ နေ့တွင်ပင် ကျင်းပရန် စီစဉ်ထားခဲ့ကြောင်း သိရပါသည်။

EECHO မှ Junta leader promises elections soon ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တို့အကြား မတ်လ ၂ ရက်နေ့မှ စ၍ တစ်ပတ်လျှင် လေးကြိမ်တိတိ တိုက်ရိုက် ခရီးစဉ် ပြေးဆွဲ ပျံသန်းမည် ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံပိုင် လေကြောင်း လိုင်းတစ်ခု ဖြစ်သော Vietnam Airlines က သတင်း ကြေညာချက် ထုတ်ပြန် လိုက်သည်။

အဆိုပါ ခရီးစဉ်များအတွက် Fokker 70 အမျိုးအစား လေယာဉ်ဖြင့် ပြေးဆွဲ ပျံသန်းပေးမည် ဖြစ်ကြောင်း၊ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ဗီယက်နမ် စံတော်ချိန် ညနေ ၄ နာရီ ၁၀ ၌ စတင် ထွက်ခွာပြီး ရန်ကုန်မြို့သို့  ညနေ ၆ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကာ ရန်ကုန်မှ ညနေ ၇ နာရီ ၁၀ မိနစ်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်ဟု Vietnam Airlines က ဆိုပါသည်။

Vietnam Airlines ၏ အဆိုအရ အရောင်းမြှင့်တင်ရေး ကာလ ဖြစ်သော ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ ကာလအတွင်း ရန်ကုန်-ဟနွိုင်း တိုက်ရိုက် ခရီးစဉ်အတွက် လက်မှတ်  တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၂၅၀ ဖြင့် ရောင်းချပေးမည်ဟု သိရပါသည်။ အဆိုပါ Vietnam Airlines သည် အရှေ့တောင်အာရှဒေသတွင် အရေးပါသော လေကြောင်းလိုင်း တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသူ ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံကိုလည်း ဒေသတွင်း အလားအလာရှိသော မားကတ်တစ်ခု အဖြစ် ထည့်သွင်း စဉ်းစားထားပါသည်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ် နိုင်ငံ၊ ယူနန် ပြည်နယ်တို့သည် မဟာမဲခေါင် ဒေသတွင် ပါဝင်ကြောင်း သိရပါသည်။

Vietnam Net Bridge မှ သတင်းဝက်ဘ်ဆိုက် Vietnam Airlines to start Myanmar service in March ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 11th February 2010

          မြောက်ကိုရီးယား နိုင်ငံမှ လက်နက်များကို လေယာဉ်ဖြင့် တရားမဝင် သယ်ဆောင်လာသည့် လေယာဉ် အမှုထမ်း ၅ ဦး အား တရား စွဲဆိုထားမှုကို ရုတ်သိမ်းပေးလိုက်သည်။ ထိုင်း အမှုလိုက် အရာရှိများက ကြာသပတေးနေ့တွင် ပြောကြားရာ၌ တရားခံများသည် အပြစ်ရှိသည်မှာ မှန်သော်လည်း ၎င်းတို့၏ မိခင်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းရန် အတွက် ပြည်နှင်ဒဏ်သာ ပေးမည်ဟု ဆိုသည်။

          ဘယ်လာရုစ် နှင့် ကာဇက်စတန် အစိုးရများက ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆက်သွယ်၍ လေယာဉ် အမှုထမ်းများအား ၎င်းတို့ နိုင်ငံတွင် စုံစမ်း စစ်ဆေးရေး အတွက် လွှတ်ပေးပါရန် တောင်းဆို ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ထိုင်း ရှေ့နေချုပ်ရုံးမှ ပြောကြားပါသည်။

          ၎င်းတို့အား ထိုင်းနိုင်ငံတွင် အပြစ်ပေးခြင်းသည် နိုင်ငံများ အချင်းချင်း၏ ဆက်ဆံရေး ကောင်းကို ထိခိုက်စေနိုင်သည်ဟု ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ သာနပ်ဖစ် မိုလာဖရွတ်က ပြောကြားခဲ့ပြီး ၎င်းတို့အား တရားစွဲဆိုထားခြင်းကို ရုတ်သိမ်း၍ ပြည်နှင်ဒဏ် ပေးမည်ဟု ဆိုပါသည်။

          "ကျွန်တော်တို့က သံတမန် နည်းလမ်း ပေါင်းစုံ သုံးပြီး အဆိုပြု ခဲ့တာပါ။ အခု မြင်တဲ့အတိုင်း ရလဒ် ထွက်ပေါ်လာတာပါ" ဟု ပြောကြားသူမှာ မီဒီယာများသို့ ပြောခွင့် မရှိသဖြင့် နာမည် မဖော်လိုသူ ကာဇက်စတန် သံရုံး အရာရှိ တစ်ဦး ဖြစ်သည်။

          သို့သော်လည်း ထိုင်းနိုင်ငံကမူ ယခု ဆုံးဖြတ်ချက် အတွက် ဝေဖန် ပြစ်တင်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ တင်းမာသော မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ အပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ပေါ့လျော့စေသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

          လက်နက်များ၏ နောက်ဆုံးလားရာကို မှန်းဆနေကြဆဲ ဖြစ်သော်လည်း အီရန် ဖြစ်နိုင်သည်ဟု ထိုင်းနိုင်ငံက ပြောကြားလိုက်သည်။ ဆိုဗီယက် ခေတ်ဟောင်းထုတ် လေယာဉ်များကို အသုံးပြု၍ ဘာတင်တင်၊ ဘယ်သွားသွား၊ ပိုက်ဆံသာပေး ဆိုသည့် လေကြောင်း ကုန်စည် ပို့ဆောင်ရေး ကုမ္ပဏီများ၏ ဥပဒေမဲ့ လုပ်ရပ်များကို ဆိုဗီယက် ခေတ်ဟောင်း နိုင်ငံများမှ အာဏာပိုင်များက မသိချင်ယောင်ဆောင် နေကြခြင်းကို စိုးရိမ် ပူပန်နေမိသည်ဟု ကျွမ်းကျင်သူများက ထုတ်ဖော် ပြောကြားလိုက်သည်။

          စတော့ဟုမ်း International Peace Research Institute မှ သုတေသန ပညာရှင် Hugh Griffiths က အဆိုပါ လေယာဉ်အမှုထမ်းများကို ခါဇက်စတန်တွင် အရေးယူမည့်ပုံ မရှိဟု ခန့်မှန်းသည်။

ပြုံးယမ်းမှ ပျံသန်းလာသော အီလျူးရှင်း ၇၆ ကုန်တင် လေယာဉ်သည် ဘန်ကောက်သို့ ဆင်းသက်စဉ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် လေယာဉ် အမှုထမ်းများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ သတင်းပေးမှုအရ ရှာဖွေရာတွင် တရားမဝင် တင်ဆောင်လာသော လက်နက်ပစ္စည်း ၃၅ တန်ကို တွေ့ရှိသဖြင့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုကို ချိုးဖောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

"ဒီအမှုကိစ္စမှာ သူတို့ကို အရေးယူတဲ့ အတွက် ထိုင်းနိုင်ငံမှာ အကျိုးမရှိပါဘူး" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော သာနပ်ဖစ်က "သူတို့က ထိုင်းမှာ ဆီဝင်ဖြည့်ဖို့ တစ်ထောက် နားတာပါ။ လက်နက်တွေကို ထိုင်းနိုင်ငံထဲ သွင်းလာဖို့ ရည်ရွယ်ချက် မရှိပါဘူး" ဟု ဆက်လက် ပြောဆိုသည်။

အမေရိကန် သံရုံး အနေဖြင့် လတ်တလော မှတ်ချက်ပေးရန် မရှိဟု ပြောရေးဆိုခွင့် ရှိသူ Cynthia Brown က ပြောကြားသည်။

ကာဇက်စတန် ၄ ဦးနှင့် ဘယ်လာရုစ် ၁ ဦး ပါဝင်သော လေယာဉ် အမှုထမ်း အဖွဲ့ကို ၎င်းတို့အား ဖမ်းဆီးထားသည့် ထောင်မှ ကြာသပတေးနေ့ ညနေတွင် လွှတ်ပေးလိုက်ပြီး ၎င်းတို့ ထွက်ခွာနိုင်ရန် စီစဉ်ပေးမည့် လူဝင်မှု ကြီးကြပ်ရေးရုံး အဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်ဟု ရှေ့နေ ဆုမ်ဆပ်ဆိုင်သုမ်က ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား နှင့် ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သော ဇွန်လတွင် အဆိုပါ နိုင်ငံနှင့် လက်နက် ရောင်းဝယ်ခြင်းကို ကုလသမဂ္ဂက ပိတ်ပင် တားမြစ်ခဲ့သည်။ မြောက်ကိုရီးယားသည် အီရန်၊ ဆီးရီးယား နှင့် မြန်မာနိုင်ငံများသို့ ဒုံးကျည်များ၊ ဒုံးကျည် အစိတ်အပိုင်းများ အခြားလက်နက်များ ရောင်းချခြင်းမှ နှစ်စဉ် ဒေါ်လာသန်းပေါင်း များစွာ ဝင်ငွေ ရရှိနေသည်ဟုလည်း သိရှိရသည်။

ဖောက်ခွဲရေး ပစ္စည်းများ၊ ဒုံးကျည်ထိပ်ဖူးများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အစိတ်အပိုင်းများ သယ်ဆောင်လာသည့် လေယာဉ်၏ နောက်ဆုံး ဆင်းသက်ရမည့် နေရာကို လေယာဉ် အမှုထမ်းများအား အသိပေးထားခြင်း မရှိဟု ထိုင်း အာဏာပိုင်များက ပြောကြားသည်။ ရေနံတွင်းတူး ကိရိယာများ တင်ပေးလိုက်သည်ဟုသာ မိမိတို့ သိရှိကြောင်း လေယာဉ်မောင်းအဖွဲ့က ဆိုသည်။

"သူတို့မှာ အပြစ်မရှိဘူးလို့ ကျွန်တော်တို့ မပြောပါဘူး။ ထိုင်းနိုင်ငံမှာ တရားမစွဲဖို့ဘဲ ဆုံးဖြတ်ခဲ့တာပါ" ဟု ရှေ့နေချုပ်ရုံး ရာဇဝတ် မှုခင်းဌာန ညွှန်ကြားရေးမှူးချုပ် ကရာဆစ် ဖီဆာဝေါင် ပရာကန်က သတင်းထောက်များကို ပြောကြားသည်။

"ကျွန်မ မျက်ရည်တောင် လည်မိတယ်" ဟု ပျံသန်းရေး အင်ဂျင်နီယာ Mikhail Petukhov ၏ ဇနီး Vera Petukhov က ဘယ်လာရုစ် နိုင်ငံ Vitebsk မှ တယ်လီဖုန်းဖြင့် ပြောကြားသည်။ "သူ့ကို ဆီးကြိုဖို့ ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ဒါပေမယ့် လူကိုယ်တိုင် မြင်ရမှပဲ စိတ်ချလက်ချ ယုံတော့မယ်ရှင်။ သူတို့မှာ လုံးဝ အပြစ်မရှိဘူးဆိုတာ ကျွန်မ သိနေပါတယ်" ဟုလည်း သူမက ဆိုပါသည်။

၎င်းတို့သည် လက်နက် ပွဲစားလုပ်ခြင်း၊ တားမြစ်ထားသော နိုင်ငံမှ လက်နက်များ သယ်ဆောင်ခြင်းတို့ အတွက် အပြစ် အနည်းငယ်မျှသာ ရှိကြောင်း၊ ကာဇက်စတန်တွင်မူ တရားစွဲ ခံရဖွယ် မရှိကြောင်း သုတေသန ပညာရှင် Griffiths က ထင်မြင်ချက် ပေးသည်။

ကာဇက်စတန် အာဏာပိုင်များ အနေဖြင့် ၎င်းတို့ထံတွင် မှတ်ပုံတင်ထားသော လေကြောင်း ကုန်စည် ကုမ္ပဏီများနှင့် ပတ်သက်၍ တရားစွဲဆိုရခြင်းသည် ယခု ပထမဆုံး အကြိမ် ဖြစ်ဖွယ် ရှိပြီး အဆိုပါ အထောက်အထားမျိုးများမှာ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှု ကော်မတီ အစီရင်ခံစာများတွင် မကြာခဏ ပါရှိနေကြ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကနဦးတွင် လေယာဉ် အမှုထမ်းများအား တရားမဝင် လက်နက် လက်ဝယ် ပိုင်ဆိုင်မှုနှင့် ပတ်သက်သော အချက် ၅ ချက်ဖြင့် တရားစွဲဆိုခဲ့သော်လည်း သီတင်းပတ် များစွာ အကြာတွင်မူ သေဒဏ် ချမှတ်နိုင်သည့် ပေါက်ကွဲစေသော လက်နက်များ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် စွဲချက်ကို ရုတ်သိမ်း ပေးခဲ့သည်။

ဇန်နဝါရီ လကုန်က သတင်းထောက်များထံ ပေါက်ကြားခဲ့သည့် ထိုင်းအစိုးရမှ ကုလ လုံခြုံရေး ကော်မတီထံ အစီရင်ခံစာတွင် လက်နက်တင် လေယာဉ်သည် အီရန်နိုင်ငံ မာရာဘက် လေဆိပ်သို့ ဆင်းသက်မည်ဟု ဖော်ပြထားသည်။

သို့ရာတွင် မရှေးမနှောင်း ဆိုသလို အစိုးရ ပြောရေးဆိုခွင့် ရှိသူ ပါနီတန် ဝါတာနုရာကွန်က ပြောကြားရာတွင် "လက်နက်တွေ အီရန်ကို သွားလိမ့်မယ်လို့ ပြောဖို့က မတိကျနိုင်ပါဘူး" ဟု ဆိုသည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အီရန်သို့ ပို့ဆောင်မည့် လက်နက်များဖြစ်သည် ဟူသော သတင်းကို ငြင်းဆိုလိုက်ပြီး ရှုပ်ထွေး ခက်ခဲသော လက်နက်များ ထုတ်လုပ်နိုင်သည့် အီရန် အနေဖြင့် အဆိုပါ လက်နက်များကို တင်သွင်းရန် မလိုပါဟု ပြောကြားသည်။

AP သတင်းဌာနက နိုင်ငံပေါင်း များစွာတွင် ပြုလုပ်ခဲ့သော စုံစမ်းမှုများအရ ကုမ္ပဏီများစွာ ပါဝင်သော ကွန်ယက်ဖြင့် လေယာဉ်ခရီးစဉ်ကို ချောမောအောင် ဆောင်ရွက်ထားပြီး နယူးဇီလန်မှ စပိန်အထိ ပါဝင်သော လိပ်စာ အတုများဖြင့် လက်နက်များ၏ လားရာကို လမ်းလွဲအောင် လှည့်စားထားသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 11th February 2010

          မြန်မာနိုင်ငံရှိ ပြည်ပ စာနယ်ဇင်း သတင်းထောက်များ အတွက် သတင်းဆောင်းပါးများ ရေးသားရန် ရဲရင့် ပြတ်သားမှုနှင့် သစ္စာရှိမှု အထူး လိုအပ်သည်။ ၂၀၀၈ ခုနှစ်က လူပေါင်း ၁၄၀, ၀၀၀ ခန့် သေဆုံးခဲ့သည့် ဆိုက်ကလုန်း နာဂစ်စ် အပြီးတွင် The Economist အတွက် ကူညီခဲ့ကြသော လူနှစ်ဦးမှာ အစိုးရ ဆန့်ကျင်မှုဖြင့် ပြီးခဲ့သော စက်တင်ဘာလက ဖမ်းဆီးခြင်း ခံရသည်။

          ၎င်းတို့ နှစ်ဦးကို ရန်ကုန်မြို့တော်ရှိ အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည်။ ထောင်တွင်းမှ ၎င်းတို့၏ အခြေအနေ၊ အနေအထားများနှင့် ပတ်သက်သော သတင်းများမှာ ရရှိရန် ခက်ခဲလှသော်လည်း နောက်ဆုံး ရရှိသော သတင်းများမှာ ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။

          ခိုင်ကျော်မိုးမှာ နှိပ်စက် ညှင်းပန်းခြင်း ခံနေရပြီး လည်ပင်းညှစ်ခြင်း၊ ရက်စက်စွာ ရိုက်နှက်ခြင်း၊ အငတ်ထားခြင်း နှင့် ထမင်းသိုး ဟင်းသိုးများ ကြွေးခြင်း စသည်တို့ကို ရင်ဆိုင်နေရသည်ဟု သိရသည်။ အလွန်အမင်း ဖျားနာနေသည်ဟုလည်း ဆိုသည်။ အခြားတစ်ဦး ဖြစ်သော ထွန်းလွန်းကျော်၏ သတင်းကိုမူ လတ်တလော မသိရသေးပါ။ စောစောပိုင်းကမူ ၎င်းတို့ နှစ်ဦးကို ထောင်ထဲတွင် အတူ ဖမ်းဆီးသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ပိန်လှီ အားနည်း၍ ကျိုးကြေနေပုံ ရသည်။

          ၎င်းတို့ နှစ်ဦးစလုံးသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်မှ ဖြစ်သည်။ ရခိုင်ပြည်နယ်သည် သဘာဝ ဓာတ်ငွေ့ ကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှု နိမ့်ကျနေပြီး ဖိနှိပ်ခံ ရခိုင်လူမျိုးများ အပါအဝင် တိုင်းရင်းသားများ နေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။

၎င်းတို့ နှစ်ဦးနှင့်အတူ ကျောင်းသား ၁၃ ဦးခန့် တစ်ပြိုင်တည်း ဖမ်းဆီးခြင်း ခံခဲ့ရပြီး All Arakan Students' and Youths' Congress နှင့် ပတ်သက်နေသည်ဟု အစိုးရက စွပ်စွဲပါသည်။ အဆိုပါ အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းဟု အစိုးရက သတ်မှတ်ထားသော်လည်း ၎င်းတို့ကမူ ဒီမိုကရေစီ အတွက် ငြိမ်းချမ်းစွာ လှုပ်ရှားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ပြည်ပ သတင်းစာ တစ်စောင်ကို ကူညီခဲ့ကြခြင်းကြောင့် ၎င်းတို့၏ အမှုမှာ ပိုဆိုးသွားခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံ၏ လူသိများ နိုင်ငံရေး အကျဉ်းသား အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရန်ကုန်မြို့ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ သူမအပြင် အခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်မှာလည်း စုတ်ပြတ် ပေရေ၍ လူမဆန်သော အခြေအနေမျိုးတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ခံနေရသည်။ နိုင်ငံရေး လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ လုပ်ကိုင်သူများမှာ ထောင်ဒဏ် ၆၅ နှစ်အထိ ကျခံကြရသည်။ နှိပ်စက် ညှင်းပန်းမှုများမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး အကြီးအကျယ် ဖျားနာနေသော အကျဉ်းသားများပင် ဆေးကုသခွင့် မရရှိဟု ယခင် ဖမ်းဆီး ခံရဖူးသူများက ပြောကြားသည်။

          ဒီမိုကရေစီ လမ်းညွှန် မြေပုံအရ ယခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ဆုံးဖြတ်နေဆဲ အဆင့် ဖြစ်သည်။ ရွေးချယ်ရန် ခက်ခဲလှသောကြောင့်ပင် ဖြစ်သည်။

          အကယ်၍ ပူးပေါင်း ပါဝင်ခဲ့ပါက တပ်မတော် အသာစီး ရရန် ကြိုတင် သတ်မှတ်ထားသော လုပ်ငန်းစဉ် တစ်ခုကို တရားဝင် ဖြစ်အောင် လုပ်ဆောင်ပေးရာ ရောက်လိမ့်မည်။ သို့ရာတွင် လေလောဆယ် မည်သည့် ထူးခြားသော ပြောင်းလဲမှုမျိုးမှ မရှိသေးပါ။

          ယခု သီတင်းပတ်တွင် မြန်မာလူမျိုး အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ ညီညီအောင်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံသား မှတ်ပုံတင် အတု ကိုင်ဆောင်မှုတို့ဖြင့် မြန်မာ တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

News.yahoo.com, 12th February 2010

          ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီမှ ဒုတိယ ခေါင်းဆောင်သည် စနေနေ့တွင် နေအိမ် အကျယ်ချုပ် သက်တမ်း ပြည့်မည် ဖြစ်ပြီး ပြန်လွှတ်ပေးရန် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးမှ AFP သို့ သောကြာနေ့က ပြောကြားခဲ့သည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးသည် အသက် ၈၃ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၀၃ ခုနှစ်က နိုင်ငံရေး လှုပ်ရှားမှု အတွက် ခရီးထွက်စဉ် ၎င်းတို့၏ ယာဉ်တန်းအား တိုက်ခိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရားရုံးက အမှု ပြုလုပ်ခြင်း မရှိဘဲ နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသူ ဖြစ်သည်။

"ဦးတင်ဦးကို သူ့ကို ထိန်းသိမ်းထားတဲ့ အချိန်ပြည့်တဲ့ မနက်ဖြန် လွှတ်ပေးပါလိမ့်မယ်" ဟု အမည် မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သော အပတ်က NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် NLD အနေဖြင့် ဦးတင်ဦးကို ပြန်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်လာလိမ့်မည်ဟု ဆိုသည်။

ဦးတင်ဦးသည် အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတော် အစိုးရအား ဖျက်ဆီးမည့် အန္တရာယ်ကို ကာကွယ်သော ဥပဒေအရ ထောင်မှ နေအိမ်သို့ အကျယ်ချုပ် ပြောင်းလဲပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 12th February 2010

          မြန်မာနိုင်ငံသို့ ယမန်နှစ်က လာရောက်ခဲ့သော ဆီနိတ်တာ Jim Webb က အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရန် တိုက်တွန်း ပြောဆိုခဲ့သည်။ မြန်မာအစိုးရက အမေရိကန် နိုင်ငံသားအား ထောင်ဒဏ်သုံးနှစ် ချမှတ်အပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

          ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ၏ အရှေ့အာရှ ရေးရာ ဌာနမှူး Jim Webb က ကြာသပတေးနေ့က အမေရိကန်သား ကျော်ဇောလွင်အပေါ် ပြစ်ဒဏ် ချမှတ်ခြင်းအပေါ် စိုးရိမ်မှုများ ရှိပြီး ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ကျော်ဇောလွင်အား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် တရားစီရင်ခြင်း စသည့် အခြေအနေများသည် နှစ်နိုင်ငံကြား ပိုမို၍ ညီညွှတ်သော အဆင့်မြင့် ဆက်ဆံရေး လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု Virginia မှ ဒီမိုကရက်လည်း ဖြစ်သော Webb က ပြောကြားသည်။

          မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆက်လက် မြှင့်တင်ပေးသွားရန် ကိစ္စမှာ အမေရိကန် ပြည်ထောင်စု၏ ပြင်းပြသော ဆန္ဒတစ်ခု ဖြစ်ကြောင်း Burma ဟူသော စကားလုံး သုံး၍ Jim Webb က ပြောကြားခဲ့သည်။

          Webb သည် ယမန်နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နေအိမ် အကျယ်ချုပ် ခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ရေကူး ဝင်ရောက်ခဲ့သော ထူးဆန်းသော အမေရိကန်အား ပြန်လွှတ်ပေးရန် စွမ်းဆောင်နိုင်ခဲ့သည်။

          အမေရိကန် ပြည်ထောင်စုသည် ကျော်ဇောလွင်အား ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ကျော်ဇောလွင်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံရှိ ၎င်း၏ နေမကောင်းသော မိခင်ထံ ပြန်ရာတွင် အဖမ်းခံရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 11th February 2010

          အမေရိကန် နိုင်ငံသား တစ်ဦးအား မြန်မာနိုင်ငံက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း အတွက် ၎င်းနှင့် စေ့စပ်ထားသော မိန်းကလေးက ၎င်းအား လွှတ်ပေးရန် အသနား ခံခဲ့သလို ဝါရင့် လွှတ်တော် အမတ် တစ်ဦးကလည်း မြန်မာနိုင်ငံ အပေါ် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရေးအတွက် အမေရိကန် ပြည်ထောင်စုကို ဗုဒ္ဓဟူးနေ့က တောင်းဆို လိုက်သည်။

          ကျော်ဇောလွင် (ခေါ်) ညီညီအောင်အား တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံသား စိစစ်ရေးကဒ် အတု ကိုင်ဆောင်မှုတို့ဖြင့် မြန်မာ တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ် ပေးခဲ့သည်။ ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူ တစ်ဦး ဖြစ်သည့် ၎င်းက ကျန်းမာရေး မကောင်းသည့် မိခင်နှင့် တွေ့ဆုံရန် ဇာတိ နိုင်ငံသို့ ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

          အမေရိကန် လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီ အကြီးအကဲ လွှတ်တော် ကိုယ်စားလှယ် Howard Berman က စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အပေါ်တွင် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရေး အတွက် စဉ်းစား သုံးသပ်ရန် သမ္မတ ဘားရက် အိုဘားမား အစိုးရ အဖွဲ့ကို တောင်းဆို ထားသည်။

          မြန်မာနိုင်ငံနှင့် ဆက်ဆံမှု ပုံစံသစ်ကို အမေရိကန် ပြည်ထောင်စုက ခဲခဲယဉ်းယဉ်း စတင်ခဲ့သဖြင့် တိုးတက်စ ပြုနေသော ဆက်ဆံရေးသည် ယခု ညီညီအောင်အား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ဆိုးဝါးစွာ ထိခိုက်စေခဲ့သည်ဟု ပြောကြားခဲ့သူ Berman မှာ အိုဘားမား၏ ဒီမိုကရက်တစ် ပါတီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

          အိုဘားမား အစိုးရသည် မြန်မာနိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို ယခင်နှစ်က စတင်ခဲ့ပြီး ပြစ်ပယ်ထားခဲ့သော နိုင်ငံကို ချော့မော့ စည်းရုံးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ကျယ်ပြန့်သော အရေးယူ ပိတ်ဆို့မှုများကို ချမှတ်ထားဦးမည် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ပြောင်းလဲ တိုးတက်မှုများ ရှိလာပါက အပြန်အလှန်အားဖြင့် အရေးယူမှုများကို ရုတ်သိမ်းပေးမည်ဟု ၎င်းတို့က ဆိုသည်။

          ဆက်ဆံပုံ ပြောင်းလဲခဲ့ပြီးနောက် လ အတန်ကြာခဲ့သော်လည်း အမေရိကန် သံရုံးမှတဆင့် ကောင်စစ်ဝန် ဆိုင်ရာ လုပ်ငန်းများကို ဆက်သွယ် ဆောင်ရွက်ခွင့်အား အရှည်သဖြင့် တားဆီးခဲ့ခြင်း၊ ညှဉ်းပန်း နှိပ်စက်မှုနှင့် ပတ်သက်သော စွပ်စွဲချက်များ ရှိနေခြင်း အပါအဝင် ဆိုးဝါးသော အပြုအမူများနှင့် သက်ဆိုင်သော အစဉ်အလာ သံတမန်ဆိုင်ရာ ကန့်ကွက် စောဒက တက်မှုများကို တုန့်ပြန် ဆောင်ရွက်ရန် မြန်မာအစိုးရက ပျက်ကွက်ခဲ့သည့် အတွက် အလွန်ပင် စိတ်ပျက်စရာ ဖြစ်ခဲ့သည်ဟု Berman က ကြေညာချက်တွင် ဖော်ပြထားသည်။

          အကယ်၍ ကျော်ဇောလွင်ကို ပြစ်ဒဏ် ချမှတ်ပါက သွယ်ဝိုက်သော ဆိုးကျိုးများ ခံစားရမည် ဖြစ်ကြောင်း မြန်မာအစိုးရထံ သတိပေးသည့်စာ ရေးသားသည့် လွှတ်တော် အမတ် ၅၀ ကျော်တွင် Berman လည်း ပါဝင်သည်။

          ကျော်ဇောလွင်နှင့် စေ့စပ်ထားသော ဝါဝါကျော်သည် မေရီလန်း ပြည်နယ်တွင် သူနာပြု အလုပ် လုပ်ကိုင်သူ ဖြစ်၍ ကျော်ဇောလွင်၏ ကိစ္စကို အမေရိကန် ပြည်ထောင်စုက တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း သူမက ထုတ်ဖော် ပြောကြားလိုက်သည်။

          "သူ မကြာခင် အိမ်ပြန်လာနိုင်ပြီး ကျွန်မတို့ ပြန်ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု သူမက AFP သို့ ပြောကြားသည်။

          "တကယ်လို့ မြန်မာ အစိုးရက ဒီမိုကရေစီ ပြောင်းလဲမှုတွေကို အမှန်တကယ် ရှေ့ရှု ဆောင်ရွက်နေတယ်ဆိုရင် အခုလို ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်တာမျိုးတွေကို ရပ်ဆိုင်းသင့်ပါတယ်။ အမေရိကန် နိုင်ငံသား တစ်ယောက်ကို ဖမ်းဆီးထားတာဟာ အမေရိကန် - မြန်မာ ဆက်ဆံရေး မူဝါဒကိုလဲ ထိခိုက်စေမှာပါ" ဟုလည်း သူမက ဆိုသည်။

          ကျော်ဇောလွင်၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကို မအံ့သြမိသော်လည်း အမေရိကန်နှင့် နိုင်ငံခြား ဖိအားပေးမှုများကြောင့် ပြင်းထန်သော အပြစ်ပေးခြင်းကို တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်သည်ဟု သူမက ဆက်လက် ပြောကြားသည်။

          "မနှစ်တုန်းက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆို လှုပ်ရှားခဲ့တဲ့ သူက အခု သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်သွားပြီလေ။ ဝမ်းနည်းစရာပါပဲ" ဟု သူမက ရင်ဖွင့်သည်။

          မြန်မာအစိုးရ၏ ကျော်ကြားသော နိုင်ငံရေး အကျဉ်းသားမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်၍ သူမ၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲမပေးခဲ့ပါ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

          ယခုနှစ်တွင် ရွေးကောက်ပွဲ အသစ် ကျင်းပရန် စစ် အစိုးရက စီစဉ်နေသော်လည်း ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံ အစိုးရများက မြန်မာ အစိုးရသည် အတိုက်အခံများကို ပိတ်ပင် တားဆီးထားသောကြောင့် ယခု ရွေးကောက်ပွဲအပေါ် ယုံကြည် လေးစားရန် မရှိဟု သတ်မှတ် ထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 11th February 2010

          ကုလသမဂ္ဂ ဝါရင့် အရာရှိ တစ်ဦးသည် မြန်မာနိုင်ငံသို့ လာမည့် အပတ်တွင် လာရောက်မည် ဖြစ်ပြီး ယခု နှစ်ကုန်တွင် ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ဖြစ်သည်ဟု သိရသည်။

          မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana သည် ၅ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ တနင်္လာနေ့တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။

          ကြာသပတေးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် Quintana က "အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးလိုသဖြင့် မြန်မာနိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်" ဟု ပြောကြားခဲ့ပြီး၊ အဆိုပါ ရွေးကောက်ပွဲများကြောင့် ၂၀၁၀ သည် မြန်မာ ပြည်သူများအတွက် အရေးကြီးသော နှစ်တစ်နှစ် ဖြစ်လာမည်ဟုလည်း ၎င်းက ဆိုသည်။

          မြန်မာနိုင်ငံတွင် ၎င်း တွေ့ဆုံရန် မျှော်လင့်ထားသော ပါတီ ခေါင်းဆောင်များအနက် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပြီး သူမသည် ရန်ကုန်မြို့တွင် နေအိမ် အကျယ်ချုပ်ဖြင့် ၁၄ နှစ်ခန့် ထိန်းသိမ်းခံနေရသူ ဖြစ်သည်။

          ၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NGO ပါတီက အပြတ် အနိုင် ရရှိခဲ့သော်လည်း အဆိုပါ ရလဒ်များကို စစ်ဖက် အုပ်ချုပ်သူများက အသိအမှတ် ပြုခဲ့ခြင်း မရှိပါ။

          မြန်မာအစိုးရက ၎င်းတို့ ရေးဆွဲထားသော ဒီမိုကရေစီ လမ်းညွှန်မြေပုံအရ ရွေးကောက်ပွဲများ ပြုလုပ်မည်ဟု ဆိုသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားသည့် အတွက် အဆိုပါ ရွေးကောက်ပွဲများသည် ယုံကြည် လေးစားလောက်ဖွယ် မရှိဟု ဒီမိုကရေစီ လိုလားသော အဖွဲ့အစည်းများနှင့် အနောက်နိုင်ငံ အစိုးရများက သတ်မှတ်ထားသည်။

          နောက်ထပ် ကိစ္စ တစ်ခုအနေနှင့် မြန်မာ လူမျိုး အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အပြစ် ပေးလိုက်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုထံမှ ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်လာရန် မြန်မာ အစိုးရက အစ ဆွဲထုတ် လိုက်ပြန်သည်။

          အမေရိကန် နိုင်ငံသား ကျော်ဇောလွင်အား နိုင်ငံသား မှတ်ပုံတင်ကတ် အတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြား ငွေကိုင်ဆောင်မှု၊ လူဝင်မှု ဥပဒေ ချိုးဖောက်မှုတို့ဖြင့် မြန်မာ တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်၍ အစိုးရက အတိုက်အခံများကို ဖမ်းဆီး နှိပ်ကွပ်မှုကြောင့် ပြည်ပသို့ ထွက်ခွာ သွားခဲ့သူ ဖြစ်သည်။

          ကျော်ဇောလွင်အား နိုင်ငံရေးအရ အမြင်ကတ်၍ ပုဒ်မတပ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းသည် တရားမျှတမှု မရှိဟု အမေရိကန် နိုင်ငံခြားရေး ဌာနက စွပ်စွဲလိုက်ပြီး ၎င်းအား လွှတ်ပေး၍ အမေရိကန်သို့ ပြန်ခွင့်ပြုရန် မြန်မာအစိုးရကို တောင်းဆို တိုက်တွန်းထားသည်။

          ကျော်ဇောလွင်သည် ပြီးခဲ့သော စက်တင်ဘာလက မကျန်းမာသော မိခင်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ပြန်လာစဉ် မြန်မာ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး တရားရုံးတွင် စစ်ဆေး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

burmadigest.info, By Nehginpao Kipgen, 12th February 2010

          ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံ၏ ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်၊ ကချင်နှင့် ချင်းတောင်မှ ကိုယ်စားလှယ်များ နှင့် မြန်မာ ကြားဖြတ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ၂၃ ဦးသည် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းရန်အတွက် ရှမ်းပြည်နယ် ပင်လုံမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။

          မြန်မာ စစ်အစိုးရသည် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအား အင်္ဂလိပ် အခေါ်အဝေါ် Union of Burma မှ Union of Myanmar အဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် မြန်မာ အတိုက်အခံများနှင့် အနောက်နိုင်ငံများက Burma ဟုသာ ဆက်လက် သုံးစွဲခဲ့ပြီး၊ အရှေ့ဖက် နိုင်ငံများနှင့် ကုလသမဂ္ဂကသာ Myanmar ဟု သုံးစွဲခဲ့သည်။

          ပင်လုံစာချုပ်သည် ခေတ်သစ် မြန်မာ့သမိုင်းတွင် အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့ပါသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား ခေါင်းဆောင်များကို ညှိုနှိုင်းရေး စားပွဲသို့ ရောက်ရှိလာအောင် ပြုလုပ်ရာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် ၎င်းသည် အသက် ၃၂ နှစ် အရွယ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည်။

          ပြည်ထောင်စုနေ့သည် ၁၉၄၈ ဇန်နဝါရီလတွင် ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ရာ၌ ၎င်း၏ ဖြစ်တည်မှုသည် အကျိုး သက်ရောက်မှုများ ရှိခဲ့ရုံမျှမက နိုင်ငံတွင် တိုင်းရင်းသားများနှင့် ဆိုင်သော နိုင်ငံရေး ပဋိပက္ခများနှင့်လည်း ပတ်သက်မှု ရှိနေသည်။ ပြည်ထောင်စုနေ့၏ အရေးကြီးသော အချက်တစ်ခုမှာ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံအတွက် နေအိမ်ကြီး တစ်ခုအဖြစ် ဖြစ်တည် နေနိုင်ခြင်းမှာလည်း ၎င်း၏ သက်ရောက်မှုများပင် ဖြစ်သည်။

          ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်သို့ လွတ်လပ်ရေးအတွက် သွားရောက် ညှိနှိုင်းစဉ်က တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိပေ။ အစည်းအဝေးတွင် ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် အက်တလီက အစွန်အဖျား ဒေသများမှ ခေါင်းဆောင်များကို ၎င်းတို့၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး ပြည်ထောင်စုအတွင်းသို့ ဇွတ်အတင်း မသွတ်သွင်းသင့်ကြောင်း တောင်းဆိုခဲ့ သည်။

          သို့သော် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံမှ တိုင်းသူပြည်သားများကို သွေးခွဲထားသူမှာ ဗြိတိသျှတို့ပင် ဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့သည်။ ၁၉၄၇ ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် လန်ဒန်၏ The Times သတင်းစာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်အား ဖော်ပြရာတွင် မြန်မာနိုင်ငံသွား နေသော လမ်းကို မိမိ အတွေ့အကြုံအရ ဤနေရာတွင် မိမိ ရဲရဲကြီး ပြောရဲကြောင်း၊ လူမျိုးများ အားလုံးကို လွတ်လပ်ခွင့် အပြည့်အဝ ပေးမည့် စုစည်း ညီညွတ်သော မြန်မာနိုင်ငံသို့ သွားရန် လမ်းတွင် ဖြေရှင်း၍ မရသော အခက်အခဲ ဆိုသည်မှာ မရှိသင့်ကြောင်း၊ အားလုံး တွေ့ဆုံရန် အခွင့်အလမ်းရှိလျှင် ပြည်ပ ပယောဂများ၏ ဝင်ရောက် စွက်ဖက်မှုများ မပါပဲ အတူတကွ အလုပ်လုပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

          ဗြိတိသျှကို ကာလ ကြာရှည် စိုးရိမ်ပြီး၊ သံသယ ဖြစ်နေသော အနာဂတ် မြန်မာနိုင်ငံတွင် နယ်စွန်နယ်ဖျား ဒေသများတွင် သာတူညီမျှ ဆက်ဆံလိမ့်မည် မဟုတ် ဟူသော အချက်ကို ဗိုလ်ချုပ် အောင်ဆန်းက အစွန်အဖျား ဒေသမှ ပြည်သူများကို "မြန်မာတွေ တစ်ကျပ်ရရင်၊ ခင်ဗျားတို့လည်း တစ်ကျပ် ရရမယ်" ဟူသော စကားဖြင့် အာမခံခဲ့သည်။

          ဗိုလ်ချုပ်အောင်ဆန်းထံမှ အာမခံချက်ကို ရရှိပြီးနောက်တွင် ချင်းတောင်၊ ကချင်နှင့် ရှမ်းပြည်မှ ခေါင်းဆောင်များသည် မြန်မာ ကြားဖြတ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့သည်။ နယ်ခြားဒေသ ခေါင်းဆောင်များသည် အစိုးရနှင့် ချက်ခြင်း ပူးပေါင်း ဆောင်ရွက်မှု လွတ်မြောက်ခွင့် မြန်မြန် ရလိမ့်မည်ဟု ယုံကြည်ကြသည်။

          ရှမ်း၊ ကချင်နှင့် ချင်းတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စုစည်းဖွဲ့စည်းရန် သဘောတူကြပြီး၊ အပြန်အလှန်အားဖြင့် ၎င်းတို့ဒေသ အုပ်ချုပ်ရေးအတွက် အာဏာ အပြည့်အဝ ရရှိရန် ကတိများပေး ခဲ့ရပါသည်။ ထိုအချိန်တွင် ကရင်များသည် ဗြိတိသျှတို့က ၎င်းတို့အား သီးခြား လွတ်လပ်သော ပြည်နယ်အဖြစ် ခွင့်ပြုလိမ့်မည်ဟု ယုံကြည်ကြသည်။

          ရှမ်း၊ ကချင်နှင့် ချင်းတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စုစည်း ဖွဲ့စည်းရန် သဘောတူကြပြီး၊ အပြန်အလှန်အားဖြင့် ၎င်းတို့ဒေသ အုပ်ချုပ်ရေးအတွက် အာဏာ အပြည့်အဝ ရရှိရန် နှင့် တိုင်းပြည်၏ ကြွယ်ဝမှုများအတွက် ညီတူညီမျှ ခွဲဝေ ရရှိရန် ကတိများ ပေးခဲ့ရပါသည်။ ထိုအချိန်တွင် ကရင်များသည် ဗြိတိသျှတို့က ၎င်းတို့အား သီးခြား လွတ်လပ်သော ပြည်နယ်အဖြစ် ခွင့်ပြုလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

          ပင်လုံ ကွန်ဖရင့်တွင် အရေးကြီးသော သဘော တူညီချက် တစ်ခုမှာ တိုင်းရင်းသားများအား ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးရေးပင် ဖြစ်သည်။ ထိုကိစ္စမှာ ယနေ့ထိ ဘာမျှ ဖြစ်မလာခဲ့ပေ။ သဘောတူညီချက်သည် အခြေခံအားဖြင့် စုစည်းညီညွှတ်သော တိုင်းပြည် ထူထောင်ရန် အတွက်သာ ဖြစ်ပြီး၊ နယ်ခြား ဒေသများတွင် ရိုးရာအတိုင်း မိမိဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရပ်ဆိုင်းရန် ရည်ရွယ်ခဲ့ခြင်း မရှိပေ။

          အထက်ပါ သဘော တူညီချက်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသောကြောင့် မြန်မာအများစု ပါဝင်သော ဗဟို အစိုးရနှင့် အခြား တိုင်းရင်းသား လူမျိုးများ ကြားတွင် နားလည်မှု လွဲ၍ ယုံကြည်မှုများ ပျောက်ကွယ်ခဲ့ရသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပင်မ တောင်းဆိုချက်အဖြစ် တိုင်းရင်းသားများက ၁၉၄၇ ကတည်းက တောင်းဆိုခဲ့ကြပြီး၊ ယနေ့အထိ အခြေခံ ကျသော အရေးကိစ္စ တစ်ခု အဖြစ် ကျန်နေဆဲ ဖြစ်သည်။

          ယနေ့ ဖြစ်ပေါ်နေသော လက်နက်ကိုင် တော်လှန်ရေး အပါအဝင် တိုင်းရင်းသားများနှင့် ပတ်သက်သော နိုင်ငံရေး ပဋိပက္ခများသည် ပင်လုံစာချုပ် သဘော တူညီချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်း၏ ကြီးမားသော အကျိုးဆက်များပင် ဖြစ်သည်။ အဆိုပါ တိုင်းရင်းသား အရေးများကို ဖြေရှင်းခြင်း မပြုခဲ့လျှင် ဒီမိုကရေစီ ရရှိသည့်တိုင် မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပဋိပက္ခများ ကျန်ရှိ နေလိမ့်ဦးမည် ဖြစ်သည်။

          ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခြင်းသည် ယခင် နယ်ခြားဒေသများကို ၎င်းတို့၏ အရေးအတွက် နိုင်ငံရေးအရ အဖြေတစ်ခု ဖြစ်သည်။ သို့သော် စစ်အစိုးရက ပြည်ထောင်စု ပြိုကွဲစေမည့် အချက်တစ်ခု အဖြစ် မြင်နေသည်။

          နိုင်ငံရေးအရ ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးခြင်းသည် ခွဲထွက်ခြင်း၏ တူညီသော သက်ရောက်မှု မဟုတ်ပေ။ တနည်းအားဖြင့် ပြောရလျှင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများသည် ခွဲထွက်ရေး သမားများ သော်လည်းကောင်း၊ သီးခြား လွတ်လပ်ခွင့် တောင်းသူများ သော်လည်းကောင်း မဟုတ်ကြပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အုပ်ချုပ်ခြင်းသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ရိုးရာတို့ကို ထိန်းသိမ်းရန် အခွင့်အလမ်း ရလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

          တိုင်းရင်းသားများသည် မြန်မာနိုင်ငံ ဧရိယာ၏ အကြမ်းအားဖြင့် သုံးပုံ နှစ်ပုံ ခန့်တွင် နေထိုင်ကြပြီး နိုင်ငံ လူဦးရေး၏ ၃၀ % ရှိပါသည်။ တိုင်းရင်းသားများသည် ကုလသမဂ္ဂက ၁၉၉၄ ကတည်းက သဘောတူခဲ့သော စစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားများ ပါဝင်သော သုံးပွင့်ဆိုင် စကားပြောခြင်းကို ကာလ ရှည်ကြာကပင် တောင်းဆိုခဲ့သည်။

          ဗိုလ်ချုပ်အောင်ဆန်းကလည်း နယ်ခြားဒေသများတွင် နိုင်ငံရေးအရ သာတူညီမျှနှင့် နိုင်ငံရေး အာဏာအတွက် ကတိပြုခဲ့ခြင်း မရှိခဲ့ပါက မြန်မာနိုင်ငံလည်း ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။

          မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ အားလုံးကို လူဦးရေ အနည်းအများ မဟူ သာတူညီမျှ ရပိုင်ခွင့်များ ပေးမည် ဆိုလျှင် မြန်မာနိုင်ငံသည် စုစည်း ညီညွှတ်ပြီး၊ တောက်ပသည့် လူ့အဖွဲ့အစည်း ဖြစ်လာနိုင်ပေသည်။ တိုင်းရင်းသား လူမျိုးတိုင်းအား ၎င်းတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် စာပေအား ပြုစု ပျိုးထောင်ရေး၊ မြှင့်တင်ရေး ပြုလုပ်ခွင့် ပေးရမည် ဖြစ်သည်။

          စစ်အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးစုများကို စစ်ရေးအရ သော်လည်း ယဉ်ကျေးမှုအရ သော်လည်းကောင်း၊ ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခြင်းသည် ပြည်ထောင်စုနေ့၏ အနှစ်သာရကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

          ပြည်ထောင်စုနေ့သည် ၆၃ နှစ် မြောက်သည့်တိုင်၊ ပြည်ထောင်စုနေ့၏ အနှစ်သာရများကို တိုင်းရင်းသား လူမျိုးများကို ဖြည့်ဆည်းပေးရန် ငြင်းဆန်လျက် ရှိနေသေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

monstersandcritics.com, 11th February 2010

          မြန်မာ အစိုးရက နိုင်ငံကာ ရုပ်သံလိုင်းသစ် တစ်ခုကို လာမည့်လတွင် လွှင့်ထုတ်ရန် စီစဉ်နေသည်ဟု ကြာသပတေးနေ့ သတင်းများအရ သိရသည်။

          အင်္ဂလိပ်ဘာသာ ရုပ်သံလိုင်းသစ် Myanmar International ကို လာမည့် တပ်မတော်နေ့ မတ်လ ၂၇ ရက်တွင် စတင် ထုတ်လွှင့်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသူ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

          ရုပ်သံ လိုင်းသစ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စစ်မှန်သော ဖွံ့ဖြိုးမှုများ၊ တိုးတက်မှု၊ အလှအပ၊ သဘာဝနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အောင်မြင်နေသော အခြေအနေများကို နိုင်ငံတကာ အသိုင်းအဝန်းက သိရှိစေရန် ဖြစ်ပြီး ပြည်ပရောက် မြန်မာများ အိမ်လွမ်းစိတ် ပြေစေရန် ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာ New light of Myanmar က ဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်း မီဒီယာများကို အချုပ်ချယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံခြားသားများကို သတင်းထောက် ဗီဇာ ထုတ်ပေးခြင်းမှာလည်း ရှားပါးလှသည်။

          ပြည်တွင်း သတင်းစာများမှာ နိုင်ငံပိုင် လုပ်ငန်းများသာ ဖြစ်ပြီး ကျန်သတင်း ဂျာနယ်များ မှာလည်း အစိုးရ၏ တင်းကျပ်လွန်းသော စာပေစိစစ်ရေး မူဝါဒအောက်တွင် ပိပြားလျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Eubusiness.com, 11th February 2010

          တရုတ်၊ အိန္ဒိယ နှင့် ရုရှား နိုင်ငံတို့ အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာရေး အတွက် ဖိအားပေးကြရန်နှင့် မြန်မာ အစိုးရကို လက်နက်များ ရောင်းချ ပေးနေခြင်းကို ရပ်ဆိုင်းကြရန် ဥရောပ သမဂ္ဂ (အီးယူ) အမတ်များက ကြာသပတေးနေ့က တိုက်တွန်း လိုက်သည်။

          အဆိုပါ ဆုံးဖြတ်ချက်တွင် အီးယူ အမတ်များက "မြန်မာနိုင်ငံတွင် ထိရောက်သော တိုးတက်မှုများ ရရှိရေး အတွက် တရုတ်၊ အိန္ဒိယ နှင့် ရုရှား နိုင်ငံတို့သည် ၎င်းတို့၏ စီးပွားရေး နှင့် နိုင်ငံရေး ပါဝါများကို အသုံးပြုကြရန်" တိုက်တွန်း နှိုးဆော် ထားသည်။

          မြန်မာ အစိုးရသို့ လက်နက်များ ရောင်းချနေခြင်းကိုလည်း ရပ်ဆိုင်းပေးရန် အီးယူ အမတ်များက တောင်းဆိုလိုက်သည်။

          စထရာဘတ်မြို့တွင် မဲခွဲ ဆုံးဖြတ်ခဲ့သော အထက်ပါ ဆုံးဖြတ်ချက်တွင် မြန်မာ ပြည်သူများ၏ လူ့အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များနှင့် ဒီမိုကရေစီ အခွင့်အရေးများကို စစ်အစိုးရက စနစ်တကျ ချိုးဖောက် ပိတ်ပင်နေမှုကိုလည်း ပြစ်တင် ရှုတ်ချလိုက်သည်။

          အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေး ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်ကြောင်း ဖော်ပြခဲ့ကြပြီး သူမအား အမြန်ဆုံး လွှတ်ပေး၍ လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ခွင့်ပြုရန် တောင်းဆို ထားသည်။

          ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အစီအစဉ် ပထမ အသုတ်ကို ၁၉၉၆ တွင် ချမှတ်ခဲ့ပြီး လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ မြန်မာ အစိုးရနှင့် မိသားစုဝင်များကို ဗီဇာ ပိတ်ပင်ခြင်း၊ သံတမန် ဆိုင်ရာ ဆက်သွယ်မှုကို ကန့်သတ်ခြင်းနှင့် အစိုးရ အဖွဲ့ဝင်များ၏ ပြည်ပဘဏ် စာရင်းကို ပိတ်ပင်ခြင်းများ ပါဝင်သည်။

          ၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ၏ ဆန္ဒပြမှုကို မြန်မာ အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ဆို့မှု အစီအစဉ်သစ်များကို ထပ်မံ ချမှတ်ခဲ့ပြီး ဥရောပ ကုမ္ပဏီများ အနေနှင့် မြန်မာနိုင်ငံမှ သစ်၊ ကျောက်မျက်နှင့် သတ္ထုများ တင်သွင်းခြင်းကို တားမြစ် ခဲ့သည်။

          ပြီးခဲ့သော သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားခွင် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းကြောင့် အီးယူက အရေးယူမှု အစီအစဉ်များကို ထပ်မံ တိုးချဲ့လိုက်ပြီး တရားသူကြီး အဖွဲ့ဝင်များ၏ ဗီဇာနှင့် ပိုင်ဆိုင်မှုများကို ပိတ်ပင် တားမြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.