Transparency Myanmar

transparency.myanmar@gmail.com

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ထူထောင်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ဟောင်း ဦးတူးဂျာသည် မြစ်ကြီးနားမြို့မှ အမျိုးသမီးများ နှင့် ကျောင်းသား ကျောင်းသူ များကို ဖိတ်ကြားပြီး ပါတီအတွက် စည်းရုံးရေး ပြုလုပ်မည့်နည်း လမ်းများကို ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။  

ဦးတူးဂျာသည်  ယခုအခါ ကချင်ပြည်နယ်မှ ကျောင်းသူ ကျောင်းသားများနှင့် အမျိုးသမီးများ ကို အဓိက ပစ်မှတ်ထားကာ မဲဆွယ်လျက် ရှိကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် ဈေးများ၊ စာသင် ကျောင်းများနှင့် အခြားသော အများပြည်သူ ဧရိယာများတွင် အရေးပါသည့် အခန်းဏ္ဍမှ ပါဝင် နေခြင်းကြောင့် ဖြစ်ကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ ကချင်တိုင်းရင်းသူကျောင်းသူ Marry က Irrawaddy သတင်းဌာနသို့ ပြောကြားသည်။

"အမျိုးသမီးတွေနဲ့ ကျောင်းသားတွေကို အဓိက ပစ်မှတ်ထားတာက သူတို့က KSPP ပါတီနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ဝေနိုင်လို့ပါ" ဟု ၎င်းကဆိုပါသည်။ 

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလက ဦးတူးဂျာအပါအဝင် အခြား KIO ခေါင်းဆောင် များသည် KSPP ပါတီတွင် အချိန်ပြည့် လုပ်ကိုင်ရန် KIO ပါတီမှ နုတ်ထွက်ခဲ့ကြ သည်။ KSPP ပါတီမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်  ၂၀၀၉ မတ်လတွင် ဦးတူးဂျာ ဦးဆောင်ကာ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

မည်သို့ဆိုစေ အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေ စည်းမျဉ်းစည်းကမ်းများကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသော ကြောင့် KSPP ပါတီအပါအဝင် မည်သည့် နိုင်ငံရေး ပါတီတစ်ခုမျှ တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်ကြပေ။ 

လေ့လာအကဲခတ်သူများက ရွေးကောက်ပွဲ ဥပဒေများကို လာမည့်မေလတွင် ပြည် သူများ သိအောင် တရားဝင် ထုတ်ပြန်ကြေညာလိမ့်မည်ဟု ခန့်မှန်းကြသည်။

မြန်မာစစ်အစိုးရသည် ယခု ၂၀၁၀ ပြည့်နှစ် သြဂုတ်လနှင့် စက်တင်ဘာလ သို့မဟုတ် နှစ်ဝက်လောက်တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း ဦးတူးရဂျာ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် Kachin News Group ကရေးသားဖော်ပြပါသည်။ KSPP ပါတီဝင်များ အနေဖြင့် ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိဘဲ ရွေးကောက်ပွဲအတွက် တက်ကြွစွာ မဲဆွယ် စည်းရုံးကြရန် ဦးတူးဂျာက တိုက်တွန်းအားပေး ထားပါသည်။ 

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် နေထိုင်သော ကချင်တိုင်းရင်းသား Awng Wa ၏ အဆိုအရ ဦးတူးဂျာသည် မြစ်ကြီးနား၊ ဗန်းမော်၊ သိန္ဒီ နှင့် မိုးညှင်းအစရှိသည့် ကချင်ပြည်နယ် မြို့များတွင် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လျက် ရှိသည်။  

လာမည့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်းသည် ကချင်ပြည်သူများအတွက် ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ဦးတူးဂျာနှင့် ကချင်တိုင်းရင်းသား အတော်များများ သဘောတူ ညီမှု ရရှိထားကြောင်း၊ သို့သော် အချို့က အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှုရှိ မည်မဟုတ်ဟု ယုံကြည် နေကြသဖြင့် ပါဝင်ယှဉ်ပြိုင်မှု မပြုရန် ဆုံးဖြတ်ထားကြကြောင်း ၎င်းက ဆိုပါသည်။

ဦးတူးဂျာသည် ၎င်း၏ KSPP ပါတီကို ၂၀၀၉ခုနှစ် ဇူလိုင်လတွင် တရုတ်-မြန်မာနယ်စပ် Liaza မြို့တွင် ပထမဆုံး တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ KIO အဖွဲ့ဝင်များ၊ ကချင်ဒီမိုကရက်တစ် တပ်မတော်သစ်နှင့် ကချင် အတိုင်ပင်ခံ ကော်မတီအဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၈၀၀ ခန့်တက်ရောက်ခဲ့သည်။  

Irrawaddy သတင်းဌာန၏ Kachin Poliitcal Party Becoming More Active ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပဲခူးတိုင်းအတွင်း ကရင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာနှစ်ခုရှိ အိမ်ခြေ ၇၀ ခန့်အား မြန်မာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ရွာသူရွာသားပေါင်း ၁၀၀၀ခန့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း ကရင်အမျိုးသားယူနီယံ (KNU) ၏ ပြောကြားချက်အရ သိရပါသည်။

KNU ၏ အဆိုအရ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကျေးရွာနှစ်ရွာမှာ ဖေဖော်ဝါရီလ ၇ရက်နေ့နှင့် ၉ရက်နေ့တို့တွင် မြန်မာစစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ရွာနေ ပြည်သူများမှာ တောတွင်းဒေသတွင်ပုန်းခိုလျက် ရှိသည်ဟု ဆိုပါသည်။

"လူတစ်ထောင်ကျော်လောက် တောထဲကို ထွက်ပြေးခဲ့ရတယ်။ ဘာလို့ဒီလိုဖြစ်ရသလဲဆို တော့ သူတို့က စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မရှိလို့ပါပဲ။ မြန်မာစစ်တပ်က ကရင်တွေကို မုန်းနေတာကြောင့် ကရင်ရွာတွေကိုလည်း ဖျက်ဆီးမီးရှို့ပစ်တာပါ" ဟု KNU ၏ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်သာကာဘော ကစွပ်စွဲပြောဆိုပါသည်။

ကျောက်ကြီးမြို့နယ်တွင် မြန်မာစစ်တပ်၏ ခြေလျင်တပ်ရင်း ၃၆၃ အခြေစိုက်သည်။ မြန်မာစစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ KNU တပ်ရင်း ၃ ကိုရဲရန်အောင် စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်တော့မည် ဟူသော သတင်းထွက်ပေါ်လာပြီး နောက်မကြာမီမှာပင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

KNU အဖွဲ့သည် မြန်မာစစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံ ဥပဒေကို ဆန့်ကျင်သူဖြစ်သလို ယခုနှစ်တွင် ပြုလုပ်မည့် ဒီမိုကရေစီရွေးကောက်ပွဲ ကိုလည်း ဆန့်ကျင်ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။

KNU အဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးစောလှငွေက "ဒီလုပ်ရပ်ဟာ နိုင်ငံသား တွေကို သုံ့ပန်းဖြစ်အောင် လုပ်နေသလိုပဲ။ နောက်ပြီး အခုလိုဖြစ်ရပ်ကို ကြည့်ရင် မြန်မာစစ် အစိုးရ ဟာ ကျွန်တော်တို့ကို သူတို့ရဲ့ အုပ်ချုပ်မှုအောက် မဖြစ်မနေ ဝင်ရောက်အောင် ဖိအား ပေးနေ သလိုပါပဲ" ဟု ပြောဆိုပါသည်။  

"ပြီးခဲ့တဲ့လကဆိုရင် ကရင်ရွာသား နှစ်ဦးကို မြန်မာစစ်တပ်က စစ်သားတွေက ပစ်သတ်ပြီး ရွာသူအမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းကျင့်ခဲ့ပါတယ်။ အိမ် ၁၂ လုံးနဲ့ စာသင်ကျောင်းတစ် ကျောင်း ကိုပါ မီးရှို့ ဖျက်ဆီးပစ်ကြပါတယ်" ဟု ၎င်းကပြောပါသည်။  

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံပိုင် ကြေးမုံသတင်းစာက KNU တပ်ဖွဲ့ဝင် လေးဦး သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျေးရွာတွင် နေထိုင်သော မြေစာရင်းဌာနမှ အရာရှိ ဝန်ထမ်း လေးဦးအား ပြန်ပေးဆွဲသွားပြီး ကျပ်သိန်း  ၅၀ ပေးမှ ပြန်လွှတ်မည်ဟု တောင်းဆို ထားကြောင်း ရေးသားဖော်ပြသည်။  

"မြန်မာစစ်တပ်က ကျွန်တော်တို့ကို မဟုတ်တဲ့ ဖြစ်ရပ်တွေ ပြောပြီး စွပ်စွဲတယ်။ ကျွန်တော်တို့ KNU က အခွန်မကောက်ပါဘူး။ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်တော့ သူတို့က အမျိုးမျိုး စွပ်စွဲပြောဆိုနေတော့ တာပေါ့"ဟု KNU ဒုတိယ ဥက္ကဋ္ဌက ဆိုပါသည်။ 

ယခုအခါ ထိုင်းနိုင်ငံ Tak ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် မြန်မာဒုက္ခသည် ပေါင်း ၄၀၀၀ ခန့် မှီခိုနေထိုင်လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် မြန်မာစစ်တပ်နှင့် DKBA တို့က ဘားအံ ဒေသမှ KNU တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ အဆိုပါ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးလာသူ ဦးရေ အဆမတန် မြင့်တက်ခဲ့သည်။  

လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များက အဆိုပါ ဒုက္ခသည်များကို မြန်မာပြည်သို့ နှင်မထုတ်ရန် ထိုင်းအစိုးရအား တောင်းဆိုထားသည်။ အကြောင်းမှာ အကယ်၍ မြန်မာပြည်သို့ နှင်ထုတ်ခြင်း ခံရပါက ဒုက္ခသည်များ၏ ဘဝမှာ မရေရာ မသေချာမှုများ၊ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့တိုင်အောင် ကလေးသူငယ်များနှင့် အမျိုးသမီးများ ပါဝင်သော ဒုက္ခသည်အချို့အား မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်ခြင်း ခံခဲ့ရပါသည်။  

ကရင်လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော DKBA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့က မိမိတို့အနေဖြင့် မြေမြှုပ်မိုင်းများကိစ္စ အတွက် တာဝန်ယူ ဆောင်ရွက် ပေးမည် မဟုတ်ကြောင်း မီဒီယာများမှတစ်ဆင့် ထုတ်ဖော် ပြောဆိုထားပါသည်။  

KNLA သည် KNU ၏ လက်နက်ကိုင် တပ်ခွဲတစ်ခုဖြစ်ပြီး DKBA မှာ ၁၉၉၄ ခုနှစ်အတွင်း မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲလိုက်သည့် နောက်ပိုင်း KNU မှ ခွဲထွက်ခဲ့သော တပ်ဖွဲ့တစ်ခု ဖြစ်ပါသည်။  

Mizzima သတင်းဌာန၏ Army sets ablaze Karen villages, 1000 villagers flee ကို ဘာသာ ပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Nationmultimedia.com, 12th February 2010

          မြန်မာနိုင်ငံရှိ ရတနာ ဓာတ်ငွေ့လုပ်ကွက်သည် ရက်သတ္တ ၂ ပတ်ခန့် ရပ်နားမည် ဖြစ်၍ ထိုင်း ပင်လယ်ကွေ့ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်း အားလုံးမှ လုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီများအား လာမည့် မတ်လကုန်တွင် ဓာတ်ငွေ့များ စွမ်းအားပြည့် ထုတ်လုပ်ကြရန် PTT က တောင်းဆို လိုက်သည်။

          ဓာတ်ငွေ့ ပိုက်လိုင်းနှင့် စက်ကိရိယာများ တပ်ဆင်ရန်အတွက် ရပ်နားမှုကြောင့် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀၀ ခန့် လိုအပ်ချက် ရှိလိမ့်မည်ဟု သိရသည်။

          PTT ၏ ဝါရင့် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Permsak Shevawattananon က ပြောကြားရာတွင် စက်မှုနှင့် ပို့ဆောင်ရေး ကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လျော့သွားသော ထုတ်လုပ်မှုကို ကာမိရန် အနောက်ပိုင်း ဓာတ်ငွေ့ ပိုက်လိုင်းများ၏ သယ်ပို့နိုင်စွမ်းကို အမြင့်ဆုံး မြှင့်တင်ထားရမည်ဟု ဆိုသည်။

          PTT အနေဖြင့် ထိုင်းစွမ်းအင် ဝန်ကြီးဌာန၊ ထိုင်း လျှပ်စစ်ဓာတ်အား အာဏာပိုင် အဖွဲ့တို့နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပြီး ကုန်ထုတ်လုပ်မှု၊ စွမ်းအင် ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ဆိုးကျိုး သက်ရောက်မှုများ မရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု စိတ်ချ ယုံကြည်ထားကြောင်း Permsak က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 13th February 2010

          ဥရောပ သမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှု များသည် အောင်မြင်မှုမရရှိဘဲ စစ်အစိုးရ၏ နေရာကို ပိုမို အင်အားကောင်းစွာ ခိုင်မြဲစေရန် ပြုလုပ်ပေးနေ သလို ဖြစ်နေကြောင်း ဥရောပ၏ နာမည်ကြီး လွတ်လပ်သော Think Tank အဖွဲ့တစ်ခုက ပြောကြား လိုက်သည်။

          အရေးယူမှုများကို ရည်ရွယ်ချက်ကောင်းများဖြင့် ချမှတ်ခဲ့သော်လည်း၊ ၎င်းတို့သည် မြန်မာအစိုးရကို သဘာဝ အရင်းအမြစ်များနှင့် ပြည်သူများအပေါ် ပိုမို ထိန်းချုပ်လာနိုင်ခြင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အခြား နိုင်ငံများ ဆက်ဆံရေးအပေါ် သြဇာလွှမ်းမိုးမှုကို ဖြစ်စေပြီး၊ ဥရောပ၏ သြဇာ လွှမ်းမိုးမှုနှင့် ဆက်ဆံရေးကို လျော့ပါး သွားစေသည်။

          အဆိုပါ အရေးယူမှုနှင့် ပတ်သက်သော ဝေဖန်မှု လေ့လာမှုများကို ဆွီဒင် အခြေစိုက် Institute for Security and Development Policy က ပြုလုပ်ခဲ့သည်။

          အဆိုပါ အဖွဲ့က ဥရောပ သမဂ္ဂ၏ မူဝါဒကို ပြန်လည် စဉ်းစားရန် တောင်းဆိုခဲ့သည်။ မိမိက ဦးအောင် ချဉ်းကပ်ခြင်း (Pro-active approach) ဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို တိုးတက်လာအောင် ပြုလုပ်သင့်ပါသည်ဟု ဆိုသည်။

          အထက်ပါ လေ့လာမှုက ပြောကြားရာတွင် အရေးယူမှုများသည် မြန်မာနိုင်ငံရှိ သာမန် လူတန်းစားများကို အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများသာ ဖြစ်စေပြီး၊ ကုန်သွယ်မှုနှင့် သေးငယ်သော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို နှောင့်နှေးမှုများ ဖြစ်ပေါ်စေသည်။ အစိုးရ၏ ရေပေါ်ဆီ လူတန်းစားများနှင့် စာလျှင် လူလတ်တန်းစားများမှာ ပို၍ မှေးမှိန်လာကြရသည်။

          အရေးယူ ပိတ်ဆို့မှုကြောင့် မထင်မှတ်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာရာ ဥပမာအားဖြင့် ပို့ကုန်များအတွက် မူရင်းနိုင်ငံ ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို ထိုင်းနိုင်ငံသို့ ပို့၍ မူရင်းနိုင်ငံကို ထိုင်းနိုင်ငံမှ ကျောက်စိမ်းဟု ဖော်ပြ၍ ဆက်လက် တင်ပို့မှုကို ပြုလုပ်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင်း လုပ်ငန်းများသည် ထိုင်းကုမ္ပဏီများကို တဆင့်ခံ ပြန်လည် မှီခို လာကြရစေသည်။

          ထို့အပြင် မြန်မာနိုင်ငံရှိ လူလတ်တန်းစားများ၏ စီးပွားရေး တိုးတက်မှုကို ပိုမို လျော့ပါးစေပြီး၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ပိုမို ပြဿနာပွားစေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 13th February 2010

          မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ  ဒုဥက္ကဋ္ဌ ဦးတင်ဦးက လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

          ၎င်းသည် အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး၊ ထောင်ထဲမှာ သော်လည်းကောင်း၊ နေအိမ် အကျယ်ချုပ်ဖြင့် သော်လည်းကောင်း ဆယ်စုနှစ် တစ်ခုကျော် နေခဲ့ရသည်။

          ယခုကဲ့သို့ လွှတ်ပေးခြင်းမှာ အစိုးရက ရက် သတ်မှတ်ခြင်း မရှိသေးသည့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် အချိန်တွင် ဖြစ်သည်။

          မြန်မာနိုင်ငံတွင်းမှ လာသော ကောလာဟလများအရ ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်သည့် နိုဝင်ဘာလတွင် ပြန်လွှတ်ပေးလိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, From Flexnews , 12th February 2010

          မြန်မာနိုင်ငံတွင် မနှစ်က ဆန်တင်ပို့မှု နှစ်ဆ မြင့်တက်ခဲ့ပြီးနောက်၊ လယ်ယာနှင့် ပတ်သက်သော ပြုပြင်မှုများ ပြုလုပ်ကာ ယခင်ကအတိုင်း ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ပြန်ဖြစ်ရေးကို အိပ်မက် မက်နေပြီ ဖြစ်ပါသည်။ စီမံခန့်ခွဲမှု မှားယွင်းမှုများနှင့် အရေးယူ ပိတ်ဆို့မှုများကြောင့် ဆန်တင်ပို့မှု ပမာဏများ ကျဆင်းခဲ့ရခြင်းဖြစ်သည်။

          ကုန်သည်များက တိုးတက်မှု ရှိလာကြောင်း ပြောကြားခဲ့ကြပြီး၊ သို့သော် ယခင်လို ဆန်တင်ပို့မှု အများဆုံး ဖြစ်ရန်မူ နှစ်အနည်းငယ် ကြိုးစားဖို့ လိုကြောင်း၊ အသစ် ဖွဲ့စည်းခဲ့သော မြန်မာ့ဆန်စပါး လုပ်ငန်းအသင်း (MRIA) မှ အကြီးအကဲက ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့ထက် စာလျှင် ဆန်ထုတ်လုပ်မှု တိုးတက်ရန် အလားအလာ အများကြီး ရှိကြောင်း သို့သော် ၎င်းတို့ကဲ့သို့ တိုးတက်ရန် အများကြီး လုပ်ရဦးမည် ဖြစ်ကြောင်း MRIA ဥက္ကဌ ဦးချစ်ခိုင်က Reuters သို့ ပြောကြားခဲ့သည်။

          ထိုင်းနိုင်ငံသည် ကမ္ဘာထိပ်တန်း ဆန်တင်ပို့သူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဆန်တန်ချိန် (၈.၅၇) သန်းနှင့် ၂၀၀၈ ခုနှစ်က တန်ချိန် ၁၀ သန်း တင်ပို့ခဲ့ပါသည်။ ဗီယက်နမ်သည် ဒုတိယ အများဆုံး ဖြစ်ပြီး ၂၀၀၉ ခုနှစ်က တန်ချိန် (၆) သန်း တင်ပို့ခဲ့သည်။

          ကုလသမဂ္ဂ၏ FAO မှ ပြောကြားရာတွင် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသည် ဆန်တန်ချိန် (၈) သိန်း တင်ပို့ခဲ့သည်ဟု ဆိုသည်။ သို့သော် ပုဂ္ဂလိက စစ်ဆေးရေးအဖွဲ့ ဖြစ်သော SGS (Myanmar) ကမူ ဆန်တန်ချိန် (၁.၀၃) သန်း တင်ပို့ခဲ့သည်ဟု ဆိုသည်။ ၂၀၀၈ ခုနှစ်က ဆန်တန်ချိန် ၅၄၇၀၀၀ သာ တင်ပို့နိုင်ခဲ့သည်။

          မိမိတို့၏ ဆန်အများစုသည် အနောက် အာဖရိကသို့ တင်ပို့ပြီး ပိုမို တိုးတက် ဝယ်ယူရန် ရှိနေကြောင်း၊ မိမိတို့၏ ဈေးချိုသာမှုကလည်း ဆွဲဆောင်မှု ရှိကြောင်း SGS မန်နေဂျင်း ဒါရိုက်တာ ဦးကျော်တင်က ပြောသည်။

          ယခုအခါ မိမိတို့သည် ပြည်တွင်း ဖူလုံမှုကို စိတ်ပူစရာ မလိုဘဲ တန် (၈) သောင်းခန့် အသာလေး တင်ပို့နိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားလိုက်သည်။

          SGS သည် ၂၀၀၈ ခုနှစ်က ဆန်လက်ကျန် တန် ၃၀၀၀၀ တင်ပို့မှုအား ၂၀၀၉ ခုနှစ် စာရင်းတွင် ထည့်ပေါင်းထားခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့ပြီး ဆန်တင်ပို့မှုများ ရပ်ဆိုင်းခဲ့ရသည်။

          ၁၉၃၄ ခုနှစ်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး ဖြစ်ခဲ့ပြီး ဆန်တန်ချိန် ၃.၄ သန်း တင်ပို့နိုင်ခဲ့သည်။

          ဆန်စပါးတင်ပို့မှုကဏ္ဍသည် ၁၉၆၂ မှ ၁၉၈၈ အတွင်း ဆိုရှယ်လစ်အစိုးရလက်အောက်တွင် မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် ကျဆင်းခဲ့ရပြီး၊ တိုင်းပြည်သည်လည်း လူအခွင့်အရေးချိုးဖောက်မှု များကြောင့် အနောက်နိုင်ငံများမှ ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ရာ အလူးအလဲခံစားခဲ့ရ ပါသည်။

          ၁၉၈၈ ခုနှစ်ကတည်းက အာဏာရယူခဲ့သည့် စစ်အစိုးရသည် ဆန်စပါးကဏ္ဍပြန်လည်နိုးထ လာရေးအတွက် ကြိုးစားခဲ့ရာ စိုက်ပျိုးသူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ဆန်တင်ပို့သူများ စုပေါင်း၍ MRIA ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လွတ်လပ်သော စီးပွားရေးပညာရှင်များနှင့် နည်းပညာရှင်များစု၍ Think Tank တစ်ခုဖွဲထားပါသေးသည်။

          ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် စပါးတစ်ဧကလျှင် တင်း ၂၀၀ (တစ်တင်းလျှင် ၄၆ ပေါင်(သို့) ၂၁ ကီလိုဂရမ်)ထွက်ရှိသော်လည်း မြန်မာနိုင်ငံတွင် တစ်ဧကတင်း ၆၀ သာထွက်ပါသည်။ ဟု ဦးချစ်ခိုင်ကပြောပါသည်။

          ထိုင်းနိုင်ငံနှင့်ဗီယက်နမ်တို့သည် တန်ချိန် ၁၀ သန်းနှင့် ၆ သန်းအသီးသီးတင်ပို့သည်ဟု ဆိုရာ တွင်၊ ၎င်းတို့၏ ပြည်တွင်းဈေးကွက်ကို မထိခိုက်ပေ။ မိမိတို့နိုင်ငံတွင်မူ တန်ချိန်တစ်သန်းလောက် ပို့ခဲ့ မည်ဆိုလျှင်၊ ဈေးကွက်တွင် အနည်းငယ်ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကပြောပါသည်။

          စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင်ပြုလုပ်ခြင်းသည် လူဦးရေအများစုကို လူနေမှုစနစ်မြှင့် တင်ပေးရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် မြန်မာ့လူဦးရေ၏ ၇၀% သည် လယ်သမားများနှင့် ၎င်းတို့၏ မိသားစုများဖြစ်ကြကြောင်း၊ အသက် ၆၂ နှစ်ရှိအဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကပြောပါသည်။

          ယခုမိမိတို့လုပ်နေသော အရေးအကြီးဆုံးတစ်ခုမှာ စပါးစိုက်ဧက၊ အထွက်နှုန်း၊ ပြည်တွင်းစား သုံးမှုလိုအပ်ချက်၊ ဆန်စီးဆင်းမှုစသည်များကို မှန်ကန်တိကျသော စာရင်းဇယားမရှိပဲ၊ မှန်ကန်သော မူဝါဒချမှတ်ရန် အခက်အခဲရှိကြောင်း ၎င်းကပြောပါသည်။

          ယခုအချိန်တွင်မူ ၂၀၁၀ ခုနှစ်အတွက် ဆန်မည်မျှတင်ပို့မည်ဆိုသည်ကို တရားဝင်ခန့်မှန်းမှုများ မရှိသေးပါ။ ပြီးခဲ့သည့် ဒီဇင်ဘာလက FAO မှ ခန့်မှန်းရာတွင် အာဖရိကမှ လိုအပ်ချက်များပြားသော ကြောင့် ဆန်တန်ချိန်တစ်သန်းခန့်တင်ပို့နိုင်လိမ့်မည်ဟုဆိုပါသည်။

          ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်း၏ ဒဏ်ကို အပြင်းအထန်ခံလိုက်ရပြီး၊ ယခုအခါ မြန်မာ့ဆန်စပါး ကဏ္ဍသည် ပြန်လည်နလံထူလာပြီး၂၀၀၉-၁၀ တွင်စပါး တန်ချိန် ၃၁.၅ သန်း ထွက်ရှိ မည်ဖြစ်ကြောင်း ကြိတ်ခွဲပြီး ဆန်တန်ချိန် ၁၉၀၈ သန်းရရှိမည်ဖြစ်ကြောင်း FAO ၏ အဆိုအရ သိရှိရပါသည်။

          ကုန်သည်များကလည်း ယခုနှစ်ပိုမိုတင်ပို့နိုင်လိမ့်မည်ဟု ဆိုနေကြပြီး၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် ဈေးနှုန်းကိစ္စ ပြိုင်ဆိုင်ရလိမ့်မည်ဟု ဆိုပါသည်။

          ၅% အကျိုးပါသော ဆန်ကိုမြန်မာနိုင်ငံက တစ်တန်လျှင် ဒေါ်လာ ၃၅၀ ဈေးဖွင့်နေချိန်တွင် အဆိုပါဆန်အဆင့်ကို ဗီယက်နမ်က ဒေါ်လာ ၄၃၀ နှင့် ထိုင်းက ဒေါ်လာ ၅၄၀ ဈေးဖွင့်ကြပါသည်။

          အဆိုပါအချက်မှာ မြန်မာနိုင်ငံ၏ အားသာချက်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် အထူးသဖြင့် အာဖရိကသည် အရည်အသွေးမြင့်သော ဆန်များကို မတတ်နိုင်သောကြောင့် မြန်မာနိုင်ငံသည် ယခု နှစ်ဆန်ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံနှင့် ဆက်ဆံသူ ထိုင်းကုန်သည်တစ်ဦးကဆိုပါသည်။

          သို့သော် ကုန်သည်များက အားနည်းချက်များစွာကိုလည်းထောက်ပြကြရာ၊ ကုန်ပစ္စည်းပို့ ဆောင်ရေးစနစ်၏ အားနည်းမှု၊ အရည်အသွေးထိန်းချုပ်မှုမရှိခြင်း၊ သင်္ဘောတင်နောက်ကျမှုများအပြင် ဓာတ်မြေသြဇာနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုအမှားများကိုထောက်ပြကြပါသည်။

          မြန်မာနိုင်ငံသည် ဆန်စပါးအဓိကတင်ပို့သူဖြစ်လာနိုင်ကြောင်း၊ သို့သော် အချိန်အတော်ကြာဦး ဖြစ်ကြောင်း၊ ကုန်သည်တစ်ဦးကဆိုပါသည်။

          MRIA သည် ပြဿနာများကို ဖော်ထုတ်ခဲ့ကြောင်း ဦးချစ်ခိုင်က ပြောပါသည်။

          မိမိတို့၏ ရည်တိုမဟာဗျူဟာမှာ တစ်ဧကထွက်နှုန်းတိုးရေးအတွက် စက်မှုလယ်ယာပြုလုပ် ခြင်း၊ မျိုးစေ့အကောင်းသုံးခြင်းနှင့်ဓာတ်မြေသြဇာသုံးရေးဖြစ်ကြောင်း၊ စိုက်ပျိုးဧကတိုးရေးမှာ ရေရှည် မှသာဖြစ်လာမည်ဖြစ်ကြောင်း ဦးချစ်ခိုင်က ပြောပါသည်။

          မြန်မာနိုင်ငံတွင် ထွက်နှုန်း မကောင်းခြင်းမှာ ဓာတ်တုမြေသြဇာ အနည်းငယ်သာသုံး၍ ဖြစ်ကြောင်းသိရှိရပါသည်။ FAO ၏ ကိန်းဂဏန်းများအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် တစ်ဧက လျှင် ၆.၈ ကြိမ်ပို၍ ဓာတ်မြေသြဇာသုံးပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်သည် ၆.၃ ကြိမ်နှင့် ၅.၈ ကြိမ်ပို ၍ သုံးကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irish Times, 13th February 2010

          ယခု နှစ်ကုန်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများ မတိုင်မီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် မြန်မာ စစ်ဖက် အစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပိုမို ဖိအား ပေးသင့်သည်ဟု အဝေးရောက် မြန်မာ အစိုးရ ကိုယ်စားလှယ် တစ်ဦးက ဒဗ်ဗလင်သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

          ကုလ သမဂ္ဂတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရအား ကိုယ်စားပြုသူ ဦးသောင်းထွန်းသည် လူ့အခွင့်အရေး ရှေ့ဆောင်အဖွဲ့များက ကျင်းပသည့် ညီလာခံ တက်ရောက်ရန် အတွက် အိုင်ယာလန်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းသည် နိုင်ငံခြားရေးရာ ကော်မတီ အဖွဲ့ဝင် များနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

          ရွေးကောက်ပွဲ အကြို ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ကြရန်နှင့် အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန် Dr သောင်းထွန်းက တောင်းဆိုခဲ့ပြီး လွတ်လပ်စွာ အသင်း ဖွဲ့စည်းခွင့် နှင့် စည်းဝေးခွင့်များကို ခွင့်ပြုရန်၊ အောက်တိုဘာ မဲရွေးပွဲများ မတိုင်မီ ဖိနှိပ် ချုပ်ချယ်မှုများကို ရုတ်သိမ်းရန် စသည့် အချက်များကိုလည်း တိုက်တွန်းလိုက်သည်။ "ရွေးကောက်ပွဲရဲ့ ယုံကြည် လေးစားစရာ ကောင်းပုံကတော့ မေးမနေပါနဲ့တော့" ဟု ၎င်းက ပြောကြားသည်။

          ယခင်နှစ်က အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell အား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပြုခဲ့စဉ်က မျှော်လင့်ချက်များ တိုးပွားခဲ့သော်လည်း အနည်းငယ်သာ တိုးတက်မှု ရှိခဲ့သည်ဟု Dr သောင်းထွန်းက ပြောသည်။ "မြန်မာနိုင်ငံ ရဲ့ လတ်တလော အခြေအနေကတော့ သိပ်ကို တင်းမာနေတယ်" ဟုလည်း ၎င်းက ဆိုသည်။

          Oireachtas နိုင်ငံခြားရေးရာ ကော်မတီ၏ ဥက္ကဋ္ဌ Micheal Wood က ဒေါက်တာ သောင်းထွန်းနှင့် တွေ့ဆုံအပြီး ပြောကြားရာတွင် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားပြီး သူမ၏ ပါတီကိုလည်း လွတ်လပ်စွာ စည်းရုံး ဖွဲ့စည်းခွင့်၊ စည်းဝေးခွင့်များ ဆက်လက် ပိတ်ပင်ထားပါက ယခုနှစ် ရွေးကောက်ပွဲများသည် အတုအယောင်သာ ဖြစ်ဖွယ်ရှိသည်ဟု မှတ်ချက် ပေးသည်။

ပထမအဆင့် အနေနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမည်။ လွှတ်လပ် မျှတသော ရွေးကောက်ပွဲများ ကျင်းပရေးအတွက် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ရန် စစ်ဖက် အစိုးရအား နိုင်ငံတကာ ဖိအားပေး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများ ရှိနေသည်။ မြန်မာ ပြည်သူတို့၏ ဒီမိုကရေစီ ရည်မှန်းချက်များ တားမြစ် ပိတ်ပင်ခံထားရသည်မှာ ၄၈ နှစ်ခန့် ရှိပြီဟုလည်း ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.