Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ဇန်နဝါရီလတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံသမား ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာကို သီရိလင်္ကာ သမ္မတ မဟင်ဒါရာဂျာပါစကာက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာကို ထောက်ခံသူများ၏  အဆိုအရ ၎င်းအား သီရိလင်္ကာ စစ်သား ၁၀၀ ခန့်က ပြင်းထန်စွာ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာ အစိုးရ အရာရှိများက ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာအား အစိုးရကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ခုံရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ဗိုလ်ချုပ်ကြီးသည် ဇန်နဝါရီလ ၂၆ ရက် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် နောက်ပိုင်း သီရိလင်္ကာ သမ္မတ ရာဂျာပါစကာအား လုပ်ကြံ သတ်ဖြတ်ကာ အစိုးရအဖွဲ့ကိုပါ ဖျက်သိမ်းပစ်ရန် အထိ အကွက်ဆင် ခဲ့သောကြောင့် ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ဗိုလ်ချုပ်ကြီး နှင့်အတူ သီရိလင်္ကာ စစ်တပ်မှ စစ်ဘက် အရာရှိကြီး ၁၄ ဦးနှင့် တပ်သား ၄၀ ခန့်ကိုပါ အစိုးရက ဖမ်းဆီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီး၏ လျှို့ဝှက်ကြံစည်မှု အသေးစိတ်ကိုမူ အစိုးရက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

သီရိလင်္ကာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာသည် နိုင်ငံတော် အက်ဥပဒေ ချိုးဖောက်မှု၊ စစ်ရေးဆိုင်ရာ ပြစ်မှု ကျူးလွန်မှုတို့ နှင့် ဆက်နွယ်နေသောကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ သီရိလင်္ကာ အစိုးရ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဗိုလ်ချုပ်ကြီးသည်  စစ်ယူနီဖောင်း ဝတ်ဆင်ပြီး စစ်ဘက်ဆိုင်ရာ တာဝန် ထမ်းဆောင်စဉ် နိုင်ငံရေးတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

သီရိလင်္ကာတွင် ဘက်မလိုက်သော နိုင်ငံရေး လှုပ်ရှားမှု ဟူသည်မှာ အလွန်ပင် နည်းပါးနေပြီ ဖြစ်သည်။ တစ်ချိန်က လူမျိုးရေးကို အခြေခံ၍ ဖြစ်ပွားခဲ့သော စစ်ပွဲမှာ ယခုအခါ နိုင်ငံရေး တစ်ရပ် ဖြစ်လာသည်။ ယခု ဖမ်းဆီးခံလိုက်ရသော ဗိုလ်ချုပ်ကြီးမှာ တစ်ချိန်က စစ်ရေးတွင် နာမည်ကျော်ခဲ့သူ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ကာလကြာရှည်စွာ ပုန်ကန်ခဲ့သော တမီ ကျား သူပုန်များကို အမြစ်ပြတ်အောင် ချေမှုန်းသည့် စစ်ပွဲကို ဦးဆောင်ခဲ့ပြီး ရှည်လျားလှသည့် ပြည်တွင်း စစ်ကြီးကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မေလတွင် အဆုံးသတ်နိုင်ခဲ့သည်။

သို့သော် အဆိုပါ စစ်ပွဲ ဖြစ်ပွားစဉ် ကာလများအတွင်း အရပ်ဘက် ဒုက္ခသည် ၈၀၀၀ ခန့်ကို ဗိုလ်ချုပ်ကြီး ဦးဆောင်သော စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက စွပ်စွဲ ပြောဆိုကြသည်။

ယခု ဗိုလ်ချုပ်ကြီးကို အစိုးရက ဖမ်းဆီး ထိန်းသိမ်းလိုက်ရာတွင် ပြစ်မှု ကျူးလွန်သည် ဟူသော သက်သေ အထောက်အထား တစ်စုံတရာကို ထုတ်ဖော်နိုင်ခြင်း မရှိသည့်အတွက် သမ္မတ ရာဂျာပါစကာ အစိုးရ အဖွဲ့၏ အာဏာရှင် ဆန်မှု၊ တစ်ဖက်သက် အနိုင်ကျင့်မှု တို့ကို ထုတ်ဖော် လိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။

ဇန်နဝါရီ ရွေးကောက်ပွဲတွင် သမ္မတ ရာဂျာပါစကာမှာ ဗိုလ်ချုပ်ကြီးဘက်မှ မထင်မှတ်သော စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု အငြှိုးဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီးကို ထောက်ခံသူများက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲများ ရေတွက်ရာ၌ လိမ်လည်မှုများ၊ မသမာမှုများ ရှိခဲ့သည်ဟု ဗိုလ်ချုပ်ကြီး အပါအဝင် ၎င်းကို ကျောထောက်နောက်ခံ ပြုသော အတိုက်အခံ ပါတီတိုင်းက စွပ်စွဲ ပြောဆိုထားသည်။ သတင်းများအရ သီရိလင်္ကာတွင် စင်ဟာလိ လူမျိုး အများဆုံး နေထိုင်သည် ဖြစ်ရာ ၎င်းတို့က သမ္မတ ရာဂျာပါစကာကို မဲအများဆုံး ပေးခဲ့ကြကြောင်း၊ ထို့ပြင် အဆိုပါ သမ္မတ လက်ထက်တွင် စစ်ကြီး ဆုံးခန်းတိုင် ခဲ့သောကြောင့် မဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

သို့တိုင်အောင် ယခု ရက်သတ္တပတ် များအတွင်း သီရိလင်္ကာ သမ္မတနှင့် အစိုးရ၏ ကြမ်းတမ်းမှုများနှင့် ပတ်သက်သော  သက်သေ အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ ကာလအတွင်း သတင်းစာ ဆရာများကို ဖမ်းဆီးခြင်း၊ ဝေဖန် သုံးသပ်သူများကို အကြမ်းဖက်ခြင်း စသည်တို့သည် သီရိလင်္ကာ အစိုးရ၏ သရုပ်သဏ္ဍာန်ကို ပြသနေခြင်းပင် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာက တမီကျား သူပုန်များကို အမြစ်ပြတ် နှိမ်နင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်မှုများကို ထုတ်ဖော်ခဲ့သည်။ တမီကျား သူပုန်များကို နှိမ်နင်းရာ၌ သမ္မတ ရာဂျာပါစကာ၏ အစ်ကို တော်စပ်သူ ကာကွယ်ရေး ဦးစီးချုပ် ဂေါ်တာဘာရာ ရာဂျာပါစကာက သူပုန်များ အားလုံး လက်နက်ချသည် ဖြစ်စေ၊ မချသည် ဖြစ်စေ ပစ်သတ်ရန် အမိန့်ထုတ်ခဲ့ကြောင်း ၎င်းက စွပ်စွဲ ပြောဆိုခဲ့သည်။

သီရိလင်္ကာ အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာက မိမိ အနေဖြင့် စစ်ရာဇဝတ်မှု ဆိုင်ရာ ခုံရုံးတွင် သက်သေအဖြစ် စစ်ဆေးခြင်း ခံရမည့် ကိစ္စအတွက် ဝမ်းမြောက် ဝမ်းသာမိပါကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

Economist မှ သတင်း သုံးသပ်ချက်ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အောက်ဖော်ပြပါ အချက်များသည် သြစတြေးလျ အခြေစိုက် Burma Campaign Australia က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ကြေညာချက်များ ဖြစ်သည်။

အာရှ ဒေသတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရာ၌ မြန်မာ့ တပ်မတော် (ရေ) ကို ပါဝင်ခွင့် ပြုခဲ့သည့် သြစတြေးလျ အစိုးရ၏ ဆုံးဖြတ်ချက်ကို Burma Campaign Australia က ပြစ်တင် ဝေဖန် လိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သြစတြေးလျ အစိုးရသည် မြန်မာ စစ်အစိုးရအပေါ် လက်နက် ရောင်းဝယ်မှု တားဆီး ပိတ်ပင်ရေး မူဝါဒကို ချိုးဖောက်ရာ ရောက်သွားပြီလော ဟူသည့် ဆန်းစစ်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။

သြစတြေးလျ ရေတပ်သည် အိန္ဒိယ ပင်လယ်အတွင်း အခြားသော ၁၃ နိုင်ငံမှ ရေတပ်များနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိရာ အဆိုပါ လေ့ကျင့်မှုတွင် မြန်မာ့ တပ်မတော် (ရေ) လည်း ပူးပေါင်း ပါဝင်လျက် ရှိကြောင်း သိရသည်။

"လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြန်မာနိုင်ငံကို စစ်လက်နက် တင်သွင်းမှု တားဆီးရေး ကိစ္စမှာ သြစတြေးလျ အစိုးရက ထောက်ခံကြောင်း ထုတ်ဖော် ကြေညာခဲ့ပါတယ်၊ အခုတော့ မြန်မာရေတပ် အပါအဝင် စစ်ရေး လေ့ကျင့်မှုတွေ လက်ခံပြီး လုပ်နေတာကို တွေ့ရပါတယ်" ဟု မြန်မာ့ နိုင်ငံရေးအတွက် လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသော Burma Campaign Australia မှ ပြောရေးဆိုခွင့် ရှိသူ Zelty Brake က ပြောကြားလိုက်သည်။

"သြစတြေးလျ နိုင်ငံဟာ မြန်မာ စစ်အာဏာရှင် အဖွဲ့ကို အချိန် အတော်ကြာ စစ်လက်နက် ပစ္စည်း ရောင်းချမှုကို ပိတ်ပင် တားမြစ်ခဲ့တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောင်းချခဲ့ပါဘူး။ ဒီလို ဖြစ်နေတဲ့ အနေအထားမျိုးမှာ သြစတြေးလျ အစိုးရ အနေနဲ့ ဘာကြောင့် မြန်မာစစ်တပ်နဲ့ ပေါင်းပြီး စစ်ရေး လေ့ကျင့်တာတွေ လုပ်နေရတာလဲ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"တစ်ချိန်က သြစတြေးလျ အနေနဲ့ မြန်မာစစ်တပ်က အရာရှိ၊ တပ်သား စတာတွေကို စစ်ရေး သင်တန်း ပေးဖို့ အစီအစဉ် လုံးဝမရှိခဲ့ပါဘူးလို့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အခုတော့ စစ်ရေး ပူးတွဲ လေ့ကျင့်နေတာ တွေ့ရတော့ သြစတြေးလျ အစိုးရဟာ မြန်မာနိုင်ငံအပေါ် လက်နက်များ တင်သွင်းမှု ပိတ်ပင် တားဆီးရေးမူကို ဖောက်ဖျက်တဲ့ အနေအထားမျိုး ရောက်သွားပြီလားလို့ မေးရမလို ဖြစ်နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရေတပ် စစ်ရေး လေ့ကျင့်မှုများတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ကြောင်း သိရသည်။

ပင်လယ်ဓားပြ၊ အကြမ်းဖက် တိုက်ခိုက်မှုနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ကိစ္စများကို အခြေခံ၍ ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်ဟု သြစတြေးလျ အစိုးရက အကြောင်းပြ ပြောဆိုသည်။ သို့သော် Zetty Brake ကမူ "အကြီးမားဆုံး အန္တရာယ် တစ်ခုတော့ ရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးမှုပဲ ဖြစ်ပါတယ်" ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ရိုးသားတဲ့ ပြည်သူတွေကို တိုက်ခိုက်နေတယ်။ ကျေးရွာတွေကို ဖျက်ဆီး မီးရှို့ပစ်တယ်။ လူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်တယ်၊ နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ ကယ်ဆယ်မှုတွေ လုပ်တာကိုလည်း ပိတ်ပင်တယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံရဲ့ ပြည်သူတွေကို ကူညီဖို့ ဆိုပြီး ခုလို စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့ စစ်အာဏာရှင် အဖွဲ့ဟာ ဘယ်ပြည်သူကိုမှ ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါကို သြစတြေးလျ အစိုးရကလည်း သူတို့ပြောတိုင်း ယုံကြည်တယ်၊ ပြောရရင် တကယ့်ကို နုံအလွန်းပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

"မနေ့က နိုင်ငံခြားရေး ဝန်ကြီး Stephen Smith က မြန်မာ စစ်အာဏာရှင်တွေဆီကို စာတစ်စောင် ပေးပို့ပြီး အကြောင်းကြားလိုက်တာ တစ်ခု ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဖိနှိပ် ချုပ်ခြယ် ခံနေရတဲံ့ သန်းပေါင်း များစွာသော အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ အကျိုးအတွက် သြစတြေးလျ အနေနဲ့ ဒီစစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတာပါ လို့ အသိပေး လိုက်တာပါ" ဟုလည်း ၎င်းက ဆိုသည်။

Australia breaches Burma arms embargo ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

thestar.com.my, 13th February 2010      

ပြီးခဲ့သည့် စနေနေ့က မလေးရှားနိုင်ငံ  Bagan Sungai Besar  ရှိ ငါးဖမ်းဆိပ် နှစ်ခုတွင် ငါးဖမ်း တံငါသည်ဟု ဆိုသော မြန်မာ နိုင်ငံသား ၁၅  ယောက်အား ဒေသခံများအား ဟီးရိုးအင်း ရောင်းဝယ်ရန် လာရောက်စဉ် ရဲများက ဖမ်းဆီးခဲ့သည်။

အဆိုပါ တရားမဝင် ဝင်ရောက်လာသူများအား နံနက် (၇) နာရီတွင် ရဲများက Ops Tapis Khas  စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါ လူများထံမှ ဟီးရိုးအင်း ၅၇.၅ ဂရမ် နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိထားသော ငွေဟု ယူဆရသော မလေးရှား ရင်းဂစ် RM ၅ဝဝ  တို့ကို ဖမ်းဆီးရမိခဲ့သည်။

ရဲများ၏ ကနဦး စစ်ဆေးချက်များ အရ ၎င်းတို့ ၁၅ ဦး သည် မူးယစ်ဆေးဝါး ရောင်းဝယ်သော ဂိုဏ်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပြီး လွန်ခဲ့သော ခြောက်လ ကတည်းက ထိုဒေသတွင် ရောင်းဝယ်နေခဲ့သည်။

Sabak Bernam မှ ရဲ အကြီးအကဲ Supt Noor Mushar Mohamad  က ပြောကြားရာတွင် မြန်မာများသည် ငါးဖမ်းသမား အယောင်ဆောင်၍ မူးယစ်ဆေးဝါး လာရောင်းခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့သည် မည်သည့် ခရီး သွားလာခွင့် စာရွက်စာတမ်းမျှ မပါရှိဘဲ၊ ဝင်ရောက် ဖမ်းဆီးစဉ်က ထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း အဆိုပါ ရဲ အကြီးအကဲက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th February 2010

          မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများကို အကဲခတ်ရန် ခန့်အပ်ထားသော ကုလသမဂ္ဂ အထူး အရာရှိ Tomas Ojea Quintana သည် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်၏ ရှေ့နေများနှင့် ယနေ့ ရန်ကုန်မြို့တွင် တွေ့ဆုံသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုကို ရန်ကုန် မြရိပ်ညို ဟိုတယ်တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက စီစဉ်ပေးခြင်း ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

          တရားသူကြီးများ လွတ်လပ်စွာ စီရင်ခွင့် မရှိခြင်းနှင့် ပွင့်လင်းသော တရားရေးစနစ် ပျောက်ကွယ်နေခြင်းကို Quintana အားရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအနေအထားကို ဦးကြည်ဝင်းကအသေးစိတ် ရှင်းပြခဲ့သည်ဟု ဆိုပါသည်။

          ကုလအထူးကိုယ်စားလှယ်ကို ဦးဥာဏ်ဝင်းက မြန်မာနိုင်ငံ၏ တရားရေးစနစ်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ရာတွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်နှင့် ကျိုးကြောင်း ဆီလျှော်မှုတို့ ချို့တဲ့ အားနည်းနေခြင်း၊ နိုင်ငံရေး အကျဉ်းသားများအပေါ် ပြင်းထန်နေသော ပြစ်ဒဏ်များ ချမှတ်နေခြင်း စသော အချက်များ ပါဝင်သည်။

          Quintana သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အနေအထားများကို အကဲဖြတ်ရန် အတွက် ၅ ရက် ခရီးစဉ်အဖြစ် ယနေ့ ရောက်ရှိခြင်း ဖြစ်သည်။ ယခု အကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်၍ ၂၀၀၈ သြဂုတ်တွင် တစ်ကြိမ်၊ ၂၀၀၉ ဖေဖော်ဝါရီတွင် တစ်ကြိမ် လာရောက်ခဲ့ဖူးသည်။

          ၎င်းက သံတမန်များ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တရားသူကြီး အဖွဲ့ဝင်များ အပါအဝင် အစိုးရ အရာရှိများနှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်။ ရိုဟင်ဂျာ မူဆလင် အသိုင်းအဝန်းကို အကဲခတ်ရန် အတွက်လည်း မနက်ဖြန် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားသည်။

          ဝေးလံသော မြန်မာနိုင်ငံ အနောက်မြောက်ဖက် ပြည်နယ် ဘင်္ဂလားဒေ့ရှ်နှင့် ကပ်နေသော ရခိုင် ဒေသသို့ ကုလ ကိုယ်စားလှယ် လာရောက်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး၊ ရခိုင် လွှတ်တော်အမတ် ဦးအေးသာအောင်က ကြိုဆိုလိုက်သည်။ ရိုဟင်ဂျာများ၏ အနေအထားကို သာမကဘဲ အဖိနှိပ်ခံ နေရသော သာမန် ရခိုင်ပြည်သူများ၏ အကြောင်းကိုပါ လေ့လာသွားရန် ကုလ ကိုယ်စားလှယ်ကို ၎င်းက တိုက်တွန်းထားသည်။

          ဇန်နဝါရီလတွင် DVB နှင့် ပြုလုပ်သော အင်တာဗျူး၌ Quntana က ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အခြား နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း သူမနှင့် တွေ့ဆုံခွင့် ရမရကို ရှင်းစွာ မသိရသေးဟု ပြောကြားခဲ့သည်။

          "ကျွန်တော့်ရဲ့ အလုပ်ကတော့ အနေအထားတွေ တိုးတက်လာအောင် ကြိုးစားဖို့ပါပဲ။ လုပ်ပိုင်ခွင့် အာဏာနဲ့ ပြဿနာတွေကို ဆက်ပြီး အကဲဖြတ်မယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ အတွက် ကျွန်တော်ရဲ့ အကြုံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ သူတို့ထဲက တစ်ချို့ ဆန္ဒရှိ သလား ဆိုတာကို သိနှင့်အောင် ကြိုးစားမယ်" ဟု Quintana က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th February 2010

ဝ ခေါင်းဆောင် ဦးပေါက်ယူချမ်းသည် ဝ တပ်အား နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးရန် မြန်မာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်နှင့် တွေ့ဆုံရန် ငြင်းပယ်လိုက်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် သည် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ပေါက်ယူချမ်းအား လားရှိုးရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက် နေ့၌ လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့သည်။ သို့သော် ဝ တပ် (UWSA) က ဦးပေါက်ယူချမ်းသည် နေမကောင်းကြောင်း၊ တရုတ် နှစ်ကူးပွဲတော်လည်း ဆင်နွှဲရန် ရှိကြောင်း၊ မလာရောက်နိုင်ကြောင်း ပြန်ကြားခဲ့သည်ဟု တရုတ်မြန်မာ နယ်စပ်ရှိ သတင်းပေးပို့သူထံမှ သတင်းရရှိသည်။

UWSA က မြန်မာ ဗိုလ်ချုပ်သို့ ပြောကြားရာတွင် အကယ်၍ တွေ့ဆုံလိုပါက ဝ ဋ္ဌာနချုပ် ပန်ဆန်သို့ ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်းတွင် လာရောက် နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် ဖေဖော်ဝါရီည ၆ ရက် နှင့် ဇန်နဝါရီလ ၅ ရက် ကလည်း လားရှိုးသို့ လာရောက် တွေ့ဆုံရန် အကြောင်းကြား ခဲ့သေးသည်။

ယခုကဲ့သို့ ထပ်တလဲလဲ အကြောင်းကြားနေခြင်းသည် အစိုးရ အနေဖြင့် နယ်ခြားစောင့်တပ် အရေး ကိစ္စ ဆွေးနွေးလိုခြင်းထက် အခြား လျှို့ဝှက်သော အစီအစဉ်များ ရှိလိမ့်မည်ဟု ထင်ကြောင်း စစ်တပ်အား လေ့လာသူများက ဆိုသည်။ အင်အာ ၃၀၀၀၀ ရှိသော ဝ တပ် (UWSA) သည် မြန်မာ ဗိုလ်ချုပ်များနှင့် ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ဝ တပ်သည် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့များ အနက် အင်အား အများဆုံး ဖြစ်သည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးချိန်မှ စ၍ UWSA နှင့် မြန်မာစစ်တပ် ကြားတွင် တင်းမာမှုများ ပိုမို မြင့်မားလာသည်။

ငြိမ်းချမ်းရေး ယူထားသော အဖွဲ့ ၁၈ ဖွဲ့ အနက် အများစုက အစိုးရ၏ တောင်းဆိုမှုကို ပယ်ချခဲ့ကြသည်။ အစိုးရ၏ အစီအစဉ်သည် ရွေးကောက်ပွဲကို ဦးစားပေးရန်ထက် ၎င်းတို့ အင်အား ပိုမို တောင့်တင်းရန် ကြိုးစားခြင်း ဖြစ်သည်။

UWSA က ပြင်ဆင်သည့် အနေဖြင့် ၎င်း၏ နယ်အတွင်းရှိ အရပ်သားများကို စစ်သင်တန်း ပေးလျက် ရှိသည်။

ဝ တပ်သည် ရှမ်းပြည်နယ်၏ နယ်စပ် တလျှောက်လုံးတွင် ချုပ်ကိုင်ထားနိုင်ပြီး၊ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဈေးကွက်တွင် အဓိက ကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဈေးကွက်သည် ကမ္ဘာပေါ်တွင် အာဖဂန် နစ္စတန် ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakarta Post, 15th Febraury 2010

          တိုင်းပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် တရားမျှတ လွှတ်လပ်၍ ပွင့်လင်းသည့် ရွေးကောက်ပွဲများ ယခုနှစ်အတွင်း ကျင်းပနိုင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီရေးသည် အာဆီယံ အသိုင်းအဝိုင်း၏ ကိစ္စ ဖြစ်သည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြက ပြောကြားလိုက်သည်။

          အလည်အပတ် ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားရာ၌ မြန်မာနိုင်ငံ၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် အာဆီယံ၏ ဒီမိုကရေစီ အထွန်းကားဆုံး နှစ်နိုင်ငံ ဖြစ်သော ထိုင်းနှင့် အင်ဒိုနီးရှားက ကူညီနိုင်လိမ့်မည်ဟု ဆိုသည်။

          အာဆီယံ မိသားစု အဖွဲ့ဝင်များနှင့် မိတ်ဆွေများ အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေး ရရှိသည်ကို တွေ့မြင်လိုခြင်း ဖြစ်၍ မြန်မာ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်သည်ဟု မမြင်စေလိုပါ။ လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်းသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေး ရရှိအောင် မြန်မာနိုင်ငံကို ဆောင်ကြဉ်း ပေးလိမ့်မည်ဟု ၎င်းက ဆိုသည်။

          တည်ငြိမ် အေးချမ်း၍ ဒီမိုကရေစီ ထွန်းကားလာမည့် မြန်မာနိုင်ငံသည် နယ်မြေချင်း ထိစပ်နေသော ထိုင်းနိုင်ငံကို သာမက အာဆီယံကိုပါ ခြုံငုံ၍ အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု ပီရိုမြက ပြောကြားသည်။

          ဒီမိုကရေစီ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် မြန်မာ အရာရှိများကို လေ့ကျင့်ပေးရေးအတွက် ထိုင်းနိုင်ငံက ကမ်းလှမ်းမည်ဟုလည်း သိရသည်။

          ရွေးကောက်ပွဲကို အကဲခတ် လေ့လာသူများကိုပါ စေလွှတ် ကူညီမည်ဟုလည်း ၎င်းက ပြောသည်။

          ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ရွေးကောက်ပွဲများကို ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထား၍ မကြာမီ ထွက်ပေါ်လာမည်ဟု ပြောကြားခဲ့သည်။

          ၎င်းတို့၏ ရည်ရွယ်ချက်ကို အရိပ်အယောင် ပြသသည့် သဘောဖြင့် မြန်မာအစိုးရက (၇)နှစ် နီးပါး ဖမ်းဆီးထားခဲ့သည့် အတိုက်အခံ ဒီမိုကရေစီပါတီ၏ ဒုတိယ ခေါင်းဆောင်ကို လွှတ်ပေး ခဲ့သော်လည်း ထိန်းသိမ်းထားဆဲ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုရန် ကိစ္စနှင့် စပ်လျဉ်း၍ ရည်ညွှန်း ပြောဆိုမှု မရှိသေးပါ။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ဆောင်မှုများကို အကဲခတ်ရန် လာရောက်မည့် ကုလ အထူး ကိုယ်စားလှယ် မလာမီ အချိန်လေးတွင် NLO ဒုတိယ ခေါင်းဆောင် အသက် ၈၂ နှစ်ရှိ ဦးတင်ဦး ကို စနေနေ့က ကပ်၍ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ ရွေးကောက်ပွဲတွင် ပါဝင်ရန် လိုအပ်သလို ရွေးကောက်ပွဲများ တရားမျှတ၍ ထင်သာ မြင်သာရှိရန်လည်း လိုအပ်သည်ဟု အင်ဒိုနီးရှားနိုင်ငံက ထုတ်ဖော် ပြောကြားလိုက်ပြီး အကယ်၍ မြန်မာ အစိုးရက တောင်းဆိုပါက အကဲခတ် လေ့လာသူများ လွှတ်ပေးရန် အဆင်သင့် ရှိနေသည်ဟုလည်း ကမ်းလှမ်း လိုက်သည်။

          မည်သို့ပင် ဖြစ်စေ မြန်မာ ပြည်တွင်းရေး ကိစ္စကို မဆိုင်ဘဲ ဝင်ရောက် စွက်ဖက်သည်ဟု အထင်မခံရအောင် အင်ဒိုနီးရှား နိုင်ငံက အထူးသတိပြု ရှောင်ရှားခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝမ်ကလည်း Takata Post နှင့် ပြုလုပ်သော အင်တာဗျူးတွင် အာဆီယံ လုပ်ငန်းစဉ်တွင် ဒီမိုကရေစီ ရှိသည် ဟု မယူဆနိုင်သော အရာများတွင် ပါဝင်ရန် အင်ဒိုနီးရှားက ရွေးချယ်ခဲ့သည်ဟု ပြောကြားသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကလည်း ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း ပြု / မပြုကို ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် တရားမျှတမှု မရှိကြောင်းနှင့် စစ်အုပ်ချုပ်ရေးကိုသာ သက်ဆိုးရှည် စေလိမ့်မည်ဟု ပြောကြားခဲ့သည်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း သဘောထား တစ်ထပ်တည်း ရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။

          ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆာဆစ်ပီရိုမြက တနင်္ဂနွေနေ့က စတင်ခဲ့သော ၂ ရက်ကြာ ခရီးစဉ် သည် ထိုင်းနှင့် အင်ဒိုနီးရှား အကြား နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲရန် ရည်ရွယ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများ ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်မည့် နည်းလမ်းများကို မာကီနာတာလီဂါဝမ် နှင့် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားရာမှ လွှတ်ပေး လိုက်ပြီးနောက် မကြာမီ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂ အထူး သံတမန် Tomas Quintana မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

မစ္စတာ Quintana သည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ် သုံးသပ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ခရီးစဉ် အတွင်း ယနေ့အချိန် အထိ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုရန် ၎င်းက တောင်းဆို ထားသည်။

နှစ်ပေါင်း ၇ နှစ် နီးပါးမျှ ထိန်းသိမ်း ခံထားရရာမှ ပြန်လည် လွတ်မြောက်လာသော NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၎င်းအနေဖြင့် ပျော်ရွှင်မှု မရှိကြောင်း၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ အကျဉ်းထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံရေး လှုပ်ရှားသူ ၂၁၀၀ ခန့်ကို ဖမ်းဆီး အကျဉ်းချထားသည် ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများက ဆိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ယခင်က ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာပြီးနောက် NLD ဒုတိယ ဥက္ကဋ္ဌ တစ်ဦး အနေဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲကာ ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်သော ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည် ဖြစ်ရာ ယခုကဲ့သို့ ကုလ အထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်မှုကို အထူးပင် ကြိုဆိုကြောင်း ပြောကြားသည်။

အကျဉ်းထောင် လေ့လာရေး ခရီး

ကုလ အထူး သံတမန်သည် ငါးရက်တာ ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရ ဝန်ကြီးများ၊  အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ရန်ကုန်မြို့တွင် နာမည်ဆိုး ထွက်နေသော အင်းစိန် အကျဉ်းထောင်နှင့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒေသရှိ အခြား အကျဉ်းထောင်ကိုလည်း သွားရောက် လေ့လာမည် ဖြစ်သည်ဟုလည်း သိရသည်။

ဤရက်ပိုင်းမှာပင် ဦးတင်ဦး လွတ်မြောက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။ "NLD ဥက္ကဋ္ဌ ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ရာမှ လွှတ်ပေး လိုက်သည့်အတွက် မိမိ တို့အနေဖြင့် အထူးပင် ကြိုဆိုကြောင်း၊ အစိုးရ နှင့် NLD အကြား ခိုင်မာမှု ရှိသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်နိုင်မည်ဟုလည်း မျှော်လင့်မိသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြန်ဆုံး လွှတ်ပေးမည်ဟု မျှော်လင့်ပါကြောင်း" ဘန်ကီမွန်း၏ ကြေညာချက်က ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် တည်ဆောက်လျက် ရှိသော ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ စွမ်းအင် ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင် ONGC နှင့် Gail India Ltd တို့က အစုရှယ်ယာ ရယူရန် စီစဉ်နေသည့် ကိစ္စကို အိန္ဒိယ ကက်ဘိနက်က အတည်ပြုဖွယ် ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံက တည်ဆောက်နေခြင်း ဖြစ်ပြီး မြန်မာ့ ကမ်းရိုးတန်း ဒေသမှ သဘာဝ ဓာတ်ငွေ့များကို သွယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မတိုင်မီ အိန္ဒိယ စီးပွားရေး ဆိုင်ရာ ကက်ဘိနက် ကော်မတီ (CCEA) က အတည်ပြု ပေးနိုင်တယ်" ဟု အိန္ဒိယ အစိုးရ အရာရှိတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာ ကမ်းရိုးတန်း ဒေသရှိ လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် သွယ်ယူမည့် စီမံကိန်းကို အကောင်အထည် ဖော်လျက် ရှိသည်။ အဆိုပါ လုပ်ကွက်များတွင် အိန္ဒိယ ONGC ၏ Videsh (OVL) နှင့် Gail India Ltd တို့က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံထားသည်။

OVLသည် ONGC ၏ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပြီး အဆိုပါ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် ၈ ဒဿမ ၃၅ ရာခိုင်နှုန်းခန့် အစုရှယ်ယာ ရယူလိုသည်။ Gail ကုမ္ပဏီက ၄ ဒဿမ ၁၇ ရာခိုင်နှုန်း ခန့် ရှယ်ယာ ဝင်လိုသည်။

ငွေပမာဏဖြင့် ဆိုပါက OVL နှင့် Gail တို့သည် အဆိုပါ ကီလိုမီတာ ၈၇၀ ရှည်လျားမည့် စီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၂၅၁ ဒဿမ ၂ သန်း ရင်းနှီး မြှုပ်နှံမည် ဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် စီမံကိန်းကို တရုတ်အမျိုးသား ရေနံ ကုမ္ပဏီ ဖြစ်သော CNPC က တည်ဆောက်နေခြင်း ဖြစ်သည်။

အိန္ဒိယ အရာရှိ၏ အဆိုအရ CNPC က လုပ်ကွက် အမှတ် A 1 နှင့် A 3 တို့တွင် အကောင်အထည် ဖော်နေသော ဓာတ်ငွေ့ ပူးပေါင်း ရှာဖွေရေး လုပ်ငန်းတွင် အစုရှယ်ယာ ၄၉ ဒဿမ ၉ ရာခိုင်နှုန်း ခန့် ပါဝင်ရန် OVL နှင့် Gail တို့ကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံ Daewoo ကော်ပိုရေးရှင်းက A 1 နှင့် A 3 လုပ်ကွက် တို့တွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းစီ ရယူထားသည်။ OVL က ၁၇ ရာခိုင်နှုန်း၊ Korea Gas ကော်ပိုရေးရှင်း နှင့် Gail တို့က ၈ ဒဿမ ၅ ရာခိုင်နှုန်းစီ ရယူထားပြီး ကျန်ရှိသော ၁၅ ရာခိုင်နှုန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့က ရယူထားသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Argentina Star, 15th February 2010

          ရုရှားက ၎င်းသည် အီရန်သို့ S-300 လေကြောင်းရန် ကာကွယ်ရေး စနစ်များ ရောင်းချမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

          ကရင်မလင်၏ လုံခြုံရေး ကောင်စီ ဒုတိယ အတွင်းရေးမှူး Vladimar Nazaron က သတင်းထောက်များသို့ ပြောကြားရာတွင် ပစ္စည်းများ ပေးပို့ရခြင်း မရှိသေးသော်လည်း၊ စာချုပ်အတိုင်း ပေးအပ် သွားမည်ဟု ဆိုသည်။

          ယခု ရောင်းဝယ်မှုမှာ မည်သည့် နိုင်ငံတကာ အရေးယူမှုများနှင့်မျှ ငြိစွန်းမှု မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ မိမိကိုယ်မိမိ ကာကွယ်ရေး လက်နက်များသာ ဖြစ်သောကြောင့်ဟု ၎င်းက ဆိုသည်။

          အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုတို့က အီရန်သို့ လေကြောင်း ကာကွယ်ရေး အမာထည် (Hardware) များ ရောင်းချရခြင်းအတွက် ရုရှားသို့ မေးခွန်းထုတ်ခဲ့ကြသည်။

          နှစ်နိုင်ငံစလုံးက မော်စကိုသို့ မရောင်းချရန် ကန့်ကွက်ကြပြီး အီရန်အနေဖြင့် ၎င်းတို့၏ နျူကလီယာ အဆောက်အအုံများကို စစ်ရေးအရ တိုက်ခိုက်လာမှုကို ကာကွယ်နိုင်စေရန် အသုံးပြုလိမ့်မည်ကို စိုးရိမ်ရသည်ဟု ဆိုသည်။

          သို့သော် Nazarov က ပြောကြားရာတွင် အစ္စရေးနှင့် အမေရိကန်တို့သည်လည်း လက်နက် ရောင်းချသော လုပ်ငန်းကို လုပ်ကိုင်နေရာ၊ အချို့ကို ရုရှား၏ ပြိုင်ဘက် ဂျော်ဂျီယာသို့ ရောင်းချကြသည် ဟု ဆိုသည်။

          စစ်ရေးအရ အီရန်ကို တိုက်ခိုက်ခြင်းသည် အမှား ကျူးလွန်ခြင်းနှင့် တူကြောင်း၊ အီရန်၏ နျူကလီယာ ပြဿနာကို သံတမန်နည်းအရ ဖြေရှင်းခြင်းက ပိုမို ကောင်းမွန်ကြောင်း Nazarov က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, by HYUNG – JIN KIM, 15th February 2010 

တရုတ်နိုင်ငံသည် ဆင်းရဲသော မြောက်ကိုရီးယား နိုင်ငံအား နိုင်ငံတကာ နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ ပြန်လာရန် ကြိုးစားသောအားဖြင့် ယင်းနိုင်ငံတွင် ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရင်းနှီး မြှုပ်နှံရန် စီစဉ်လျက် ရှိသည်ဟု တနင်္လာနေ့က သတင်း ပေးပို့မှု ရရှိခဲ့သည်။

အဆိုပါ သတင်းမှာ ကင်ဂျုံအီက Beijing မှ အဆင့်မြင့် ကိုယ်စားလှယ်အား ကိုရီးယား နျူကလီယာ ကင်းမဲ့ဇုန် ဖြစ်ရေး ကတိများ ပြောကြားခဲ့ပြီး တစ်ပတ် အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ကင်ဂျုံအီကလည်း ၎င်း၏ ထိပ်တန်း နျူကလီယာ ကိုယ်စားလှယ်အား Beijing သို့ စေလွှတ်၍ ၎င်း၏ နျူကလီယာ အစီအစဉ်များ အဆုံးသတ်ရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရေးကို အကူအညီများ အတွက် အပြန်အလှန် ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။

အချို့ နိုင်ငံပိုင် တရုတ်ဘဏ်များနှင့် နိုင်ငံစုံ ပါဝင်သော ကုမ္ပဏီများသည် မြောက်ကိုရီးယား နိုင်ငံတွင် ရထားလမ်း ဖောက်လုပ်ရေး၊ ဆိပ်ကမ်းများနှင့် အိမ်များ ဆောက်လုပ်ရန် ဒေါ်လာ ၁၀ ဘီလီယံခန့် ရင်းနှီး မြှုပ်နှံရန် ပြုံယမ်း၏ Korea Taepung International Investment Group နှင့် ဆွေးနွေးမှုများမှာ သဘောတူညီမှု ရရန် ပြီးစီးလုပြီ ဖြစ်ကြောင်း ဆိုးလ်၏ Yonhap သတင်းဌာန၏ အဆိုအရ သိရှိရသည်။

မြောက်ကိုရီးယား ရင်းနှီး မြှုပ်နှံမှု အေဂျင်စီ၏ အတွင်းသိ သတင်းတစ်ရပ် ပေးပို့မှုကို အခြေခံ၍ Yonhap က သတင်း ပေးပို့ရာတွင် ရင်းနှီး မြှုပ်နှံမည့် ဒေါ်လာ (၁၀) ဘီလီယံ၏ ၆၀ % ကျော်ကို တရုတ် ဘဏ်များက ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရင်းနှီး မြှုပ်နှံမည့် သူများနှင့် မြောက်ကိုရီးယား၏ State Development Bank တို့သည် လာမည့် လတွင် လက်မှတ်ရေးထိုးရန် စီစဉ်လျက် ရှိသည်ဟု Yonhap က ပြောသည်။ ရင်းနှီး မြှုပ်နှံမည့် သူများ၏ အမည်ကိုမူ ဖော်ပြမထားပါ။

တနင်္လာနေ့က Beijing ၏ ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ ဖုန်းဆက် မေးမြန်းခဲ့သော်လည်း တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်နေ၍ ဖုန်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ တောင်ကိုးရီးယား၏ အဓိက စပိုင် အေဂျင်စီကမူ Yonhap ၏ သတင်း ပေးပို့မှုမှာ မှန်ကန်မှု မရှိဟု ဆိုသည်။

တောင်ကိုးရီးယား ထောက်လှမ်းရေး ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ ဒေါ်လာ (၁၀) ဘီလီယံ ရင်းနှီးမြှုပ်နှံမှု သတင်းမှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး အသေးစိတ် ပြောဆိုခြင်းမူ မရှိခဲ့ပါ။

ဆိုးလ်ရှိ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန တို့က ပြောကြားရာတွင် ၎င်းတို့ အနေဖြင့် ထိုသတင်းကို ချက်ခြင်း အတည်မပြု နိုင်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ အဓိက မဟာမိတ် ဖြစ်ပြီး အကြီးဆုံး ကူညီ ဖြည့်ဆည်းပေးသူ ဖြစ်သည်။ ပြုံးယမ်း အပေါ် အများဆုံး သြဇာ လွှမ်းမိုးမှု ရှိသည့် နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုးရီးယားကို ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲသို့ ပြန်လာရန် တရုတ်၏ သြဇာ လွှမ်းမိုးမှုသည် အဓိက ကျသည်ဟု ယူဆရသည်။

မြောက်ကိုးရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထွက်ခွာခဲ့ပြီး ယမန်နှစ်က ဒုတိယ အကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့၍ ကုလသမဂ္ဂ၏ အရေးယူမှုကို ပိုမို ဖြစ်စေခဲ့သည်။ မြောက်ကိုးရီးယား အစိုးရသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ သို့ ပြန်မလာမီ၊ အရေးယူမှုများကို ပြန်လည် ရုတ်သိမ်းပေးရန်နှင့်  ၁၉၅၀ - ၅၃  ကိုးရီးယား စစ်ပွဲပြီးဆုံးမှု ကျင်းပရန် တောင်းဆိုခဲ့သည်။ အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန် တို့သည် မြောက်ကိုးရီးယားတို့အား ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန်နှင့် နျူကလီယာ ကင်းမဲ့ရေး အတွက် တိုးတက်မှုများ ဖြစ်ပေါ်စေရန် ပြောဆိုလျက် ရှိသည်။

မြောက်ကိုးရီးယားသည် အစာရေစာ ပြတ်လပ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် စီးပွားရေး အခက်အခဲများ ဖြေရှင်းရာတွင် အကူအညီများ လိုအပ်လျက် ရှိကြောင်း Yonhap က ပြောသည်။ မြောက်ကိုးရီးယား၏ ၂၀၀၈ ခုနှစ်က ပြည်တွင်း ထုတ်လုပ်မှု အသားတင် ထုတ်လုပ်မှုသည် ဒေါ်လာ (၂၄.၇) ဘီလီယံ ရှိမည်ဟု ခန့်မှန်းနိုင်ကြောင်း  ဆိုးလ် ဗဟိုဘဏ်၏ အဆိုအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Independent Mon News Agency, 12th February 2010

မြန်မာ့ တပ်မတော် အမှတ် ၁၉ ခြေလျင် တပ်ရင်းသည် ဘုရားသုံးဆူ သံဖြူဇရပ်လမ်း အနီးတဝိုက်ရှိ KNU စိုးမိုးနယ်မြေသို့ ၂၀၀၉ ဒီဇင်ဘာလတွင် ဝင်ရောက်ခဲ့ပြီး အမှတ် ၈ ခြေလျင် တပ်ရင်းသည် ဝမ်ခနိုင်း ကျေးရွာသို့ ပြီးခဲ့သော ဇန်နဝါရီလက ဝင်ရောက် တပ်စွဲခဲ့သည်ဟု သိရှိရသည်။

''အာဏာပိုင်တွေရဲ့ အစီအစဉ်ကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ နယ်မြေကို စစ်သားတွေ ဝင်လာတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့မှာ အကြောင်း တစ်ခုခု ရှိလိမ့်မယ်လို့ ထင်တယ် '' ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

"KNU ထိန်းချုပ် နယ်မြေကို မြန်မာ အာဏာပိုင်တွေ အများကြီး ရောက်လာတယ်။ KNU တပ်မဟာ ၄ ကတော့ တပ်မဟာ ၆ နဲ့ သွားပြီး ပေါင်းတယ်" ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။

မွန်ပြည်သစ် ပါတီ NMSP က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့ပြီးနောက် တနင်္သာရီတိုင်း အခြေစိုက် မြန်မာ့ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၂၈၂)  က NMSP စိုးမိုးနယ်မြေ ( သုဝဏ္ဏဘူမိ ကျေးရွာ )  သို့ ဇန်နဝါရီ (၁၀) ရက်နေ့က ဝင်ရောက် တပ်စွဲခြင်း ဖြစ်သည်။

'' တကယ်လို့ အာဏာပိုင်တွေက ၂၀၁၀ ရွေးကောက်ပွဲတွေ မလုပ်ရသေးဘူး ဆိုရင် အပစ်ရပ် တပ်ဖွဲ့တွေကို တိုက်ဦးမှာ မဟုတ်သေးဘူး၊ ရွေးကောက်ပွဲ ပြီးသွားပြီ ဆိုရင်တော့ တိုက်ချင်ရင် တိုက်လိမ့်မယ်'' ဟု ဘုရားသုံးဆူ နယ်မြေ တစ်ဝိုက် ရှိ အပစ်ရပ် အဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက မှတ်ချက်ပေးသည်။

KNU နှင့် နီးစပ်သူ တစ်ဦးကမူ ''အပစ်ရပ် အဖွဲ့ ထိန်းချုပ် နယ်မြေထဲမှာ မြန်မာစစ်တပ်က ပြောက်ကျား တပ်ဖွဲ့တွေလို လှုပ်ရှား နေကြတယ်'' ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ အာဏာပိုင်များက အကြောင်းပြချက် ပေးရာတွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် KNU ကို ပစ်မှတ်ထားခြင်းဟု ဆိုသော်လည်း မွန်ပြည်သစ်ပါတီ NMSP ကိုလည်း ပစ်မှတ်ထားပုံ ရပါသည်။

မြန်မာ အာဏာပိုင်များက ၎င်းတို့၏ တပ်ရင်းများ အတွက် ရိက္ခာများ စုဆောင်းနေပြီး KNU ကို ပစ်မှတ်ထားသည် ဟု ဆိုသော်လည်း အဆိုပါ နယ်မြေမှာ NMSP ထိန်းချုပ်နယ်မြေ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.