Transparency Myanmar

transparency.myanmar@gmail.com

         မြန်မာနိုင်ငံသို့ ဒီဇယ် တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို လက်ဝါးကြီး အုပ်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်က နိုင်ငံကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဒီဇယ် အုပ်စုကြီး တစ်ခု ဖွဲ့စည်းတည်ထောင်ရန် ပြင်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။

ဦးပိုင် အနေဖြင့် ၎င်းတို့ အုပ်စုတွင် ပါဝင်မည့် ကုမ္ပဏီများကို ကြိုက်နှစ်သက်ရာ ဒီဇယ်ဆိုင်၊ ဓါတ်ဆီဆိုင် ကို လုပ်ကိုင်ခွင့် ရရှိမည်ဟု အာမခံလျက် ရှိပြီး ဆိုင် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဦးပိုင်မှ ရယူထားသည်။

၂၀၁၀ နိုင်ငံရေး အကူးအပြောင်း ကာလ မတိုင်ခင် စီးပွားရေး ပြုပြင် ပြောင်းလဲမှု အနေဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်လျက် ရှိသော်လည်း အဓိက ဝင်ငွေ ရရှိနိုင်မည့် လုပ်ငန်းများနှင့် စစ်တပ် အတွက် စီးပွားရေး ကျောထောက်နောက်ခံ လုပ်ငန်းများကို MEC နှင့် ဦးပိုင်တို့ကသာ လက်ဦးမှု ရယူထားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး၏ စီးပွားရေုးု လူယုံ ဦးတေဇသည်ပင်လျှင် ဦးပိုင်မှ မလုပ်လိုသည့် လုပ်ငန်းကြီးတချို့ကို လွှဲပြောင်းရာ၌ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သူများသာ အဓိက ရရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news, 25th February 2010

          အမေရိကန် သံရုံး ယာယီ တာဝန်ခံ သံမှူးသည် NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (CEC) များနှင့် တွေ့ဆုံကာ အတိုက်အခံပါတီ၏ နိုင်ငံရေး သဘောထား ရပ်တည်ချက်နှင့် ရွေးကောက်ပွဲ ဝင် / မဝင် စသော ကိစ္စများကို ဆွေးနွေးခဲ့သည်။

          သံရုံး ယာယီ တာဝန်ခံ Larry Dinger သည် သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေး သံမှူး Jennifer Harhigh လိုက်ပါလျက် NLD ပါတီ CEC အဖွဲ့ဝင်များ ဖြစ်သော ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦးသန်းထွန်းတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

          ဗုဒ္ဓဟူးနေ့ နေ့လယ် ၁ နာရီတွင် NLD ပါတီ၏ ရန်ကုန် ဌာနချုပ်၌ ကျင်းပသော အစည်းအဝေးသည် ၁ နာရီ နီးပါး ကြာမြင့်သည်ဟု ဦးဝင်းတင်က ပြောကြားသည်။

          ဗဟို ကော်မတီ ပြန်လည် ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ဝင်/မဝင် စသော ကိစ္စများနှင့် ပတ်သက်၍ သံမှူးများက မေးမြန်းခဲ့သည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း CEC ကိုယ်စားလှယ်များက ပြန်လည် ဖြေကြားခဲ့သည်ဟု ဆိုသည်။

          အငြင်းပွားဖွယ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းရန်၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည့် ယခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်တွင် ပါတီ၏ လက်ရှိ အနေအထားကို အခြေပြုထားသည်။ ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန်နှင့် နိုင်ငံရေး အင်အားစုများ အားလုံး ပါဝင်နိုင်မည့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် စစ်ဖက် အစိုးရကို တောင်းဆိုထားသေးသည်။

          ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် သင့်/ မသင့်၊ NLD ပါတီ ရွေးကောက်ပွဲ ဝင်ရန် သင့်/ မသင့် စသော ကိစ္စများ အပေါ်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း Dinger က ရှင်းလင်းစွာ ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဆိုသည်။

          သို့ရာတွင် ရွေးကောက်ပွဲ မကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အမေရိကန်က တိုက်တွန်းသွားမည်ဟု သံမှူးက ပြောကြားကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောသည်။

          ရန်ကုန်ရှိ အမေရိကန် သံရုံးက အဆိုပါ အစည်းအဝေးကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိပါ။

          ရွေးကောက်ပွဲများ မကျင်းပမီ လက်ရှိ အစိုးရ၊ NLD ပါတီ၊ အခြား အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ ပါဝင်သော အမျိုးသား မျက်နှာစုံညီ အစည်းအဝေး တစ်ရပ် ကျင်းပရန် အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားသော်လည်း စစ်အုပ်ချုပ်ရေးကို ဆက်လက် အသက်သွင်းမည့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းထားခြင်း မရှိပါ။

          ပြီးခဲ့သော စက်တင်ဘာလတွင် မြန်မာအစိုးရအပေါ် တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို တစ်ပြိုင်တည်း ကျင့်သုံးမည့် မူဝါဒကို ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အမေရိကန်က ကြေညာခဲ့သည်။

          အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell နှင့် ၎င်း၏ လက်ထောက် Scot Marciel တို့၏ အချက်အလက် ရှာဖွေရေး မစ်ရှင်သည် မနှစ်က နိုဝင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဝန်ကြီးချုပ် အပါအဝင် မြန်မာအာဏာပိုင်များ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

          ဒီမိုကရေစီ ပြောင်းလဲရေးအတွက် တွန်းအားပေးရန် မြန်မာနိုင်ငံသို့ ၎င်းတို့ထက် စောရောက်ခဲ့သူများမှာ ၁၉၉၅ ခုနှစ်က လွှတ်တော် အမတ် Bill Richardson နှင့် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး Madeleine Albright တို့ဖြစ်သည်။

          Campbell သည် မြန်မာသို့ နောက်တစ်ခေါက် လာရောက်ရန် စီစဉ်နေသော်လည်း ရက်မသတ်မှတ်ရသေးဟု သံတမန် သတင်းရပ်ကွက်မှ သိရှိရသည်။

          တစ်ချိန်တည်းတွင်ပင် NLD က ကြာသပတေးနေ့တွင် ကိုယ်စားလှယ်လောင်း ၁၀၀ နှင့် ဗဟို ကော်မတီအတွက် အရန်ကော်မတီဝင် ၈ ဦး ရွေးချယ်ခဲ့သည်။

          ယခုကဲ့သို့ ပါတီ၏ ဒုတိယအဆင့် ခေါင်းဆောင်ပိုင်း အတွက် ကိုယ်စားလှယ်လောင်းများ ရွေးခဲ့ခြင်းမှာ ပါတီ၏ ဗဟို ထိန်းချုပ်မှုနှင့် ပတ်သက်၍ ပဲခူးတိုင်းမှ အဖွဲ့ဝင် အချို့က ပြစ်တင် ဝေဖန်ခဲ့သောကြောင့် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်ဟု CEC အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

          အစိုးရက ၁၉၉၁ တွင် ဖျက်သိမ်းပစ်ခဲ့သော ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းရန် အဖွဲ့ဝင် ၁၀၈ ဦး ရွေးချယ်ခဲ့ခြင်းသည် ၁၉၉၀ ခုနှစ်များ နောက်ပိုင်း ပါတီကို ပြန်လည် စည်းရုံး ဖွဲ့စည်းရန် အထင်ရှားဆုံး ကြိုးပမ်းမှု ဖြစ်သည်။

          ပြီးခဲ့သော ဇန်နဝါရီလတွင် မူလက အဖွဲ့ဝင် ၁၁ ဦးသာ ရှိသော NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC ကို အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံ ရွေးချယ်၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 25th February 2010

         မြန်မာ နယ်စပ်အနီး ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွင် မြန်မာမှ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများ လိုက်ပါလာသည့် ပစ်ကပ်ကား တစ်စီးကို ကြာသပတေးနေ့က ထိုင်းစစ်သားများမှ ပစ်ခတ်ခဲ့ရာတွင် ၃ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရှိရသည်။

          ဘန်ကောက်နှင့် ၅၈၀ ကီလိုမီတာ ကွာဝေးသည့် ရနောင်းမှ ထိုင်းတပ်ဖွဲ့များက အရှိန်ဖြင့် မောင်းနှင်လာသည့် ထရပ်ကားကို ပစ်ခတ် တားဆီးရာတွင် လိုက်ပါ လာသော ရွှေ့ပြောင်းသူ ၁၃ ဦး အနက် ၈ ဦးထိ မှန်ခဲ့ပြီး ၃ ဦး သေဆုံးသွားသည်ဟု ရဲမှူးကြီး ဗီရာဆင်ကွမ်ဆင်းက ရိုက်တာသို့ ပြောကြားသည်။

          စစ်သားများထံ အရှိန်ဖြင့် မောင်းဝင်လာသော မော်တော်ယာဉ်ကို မတားဆီးနိုင်သည့်အတွက် ကာကွယ်သည့် အနေဖြင့် တာယာများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးမှုများအရ တွေ့ရှိရသည်ဟု ဗီရာဆင်းက ပြောသည်။

          ထိုင်းလူမျိုး ယာဉ်မောင်းမှာ တရားမဝင် ပြည်ပ နိုင်ငံသားများ ခိုးသွင်းမှု၊ စစ်ဆေးရန် တားဆီးခြင်းကို ရပ်မပေးဘဲ ကားဖြင့် တိုက်သတ်ရန် ကြိုးစားမှုတို့ဖြင့် အသက် မသေဘဲ ကျန်ရစ်သူများမှာလည်း ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူခံရမည် ဖြစ်သည်။

          အိမ်နီးချင်း မြန်မာနိုင်ငံမှ အများဆုံး ဝင်ရောက်လာသော ရွှေ့ပြောင်းသူများကို ဆိုးဝါးစွာ ဆက်ဆံမှုအတွက် ထိုင်းနိုင်ငံကို ပြစ်တင်ဝေဖန်သည့် အစီရင်ခံစာကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ၂ ရက်အကြာတွင် အထက်ပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
          မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်း ရောက်လာသူများမှာ နှိပ်စက်ခံရခြင်း၊ မတရား ဖမ်းဆီးခံရခြင်း၊ အဓမ္မ ခိုင်းစေခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရခြင်း စသည်တို့ကို ကြုံတွေ့နေရပြီး ကျူးလွန်သူ အစိုးရအရာရှိများမှာ အပြစ်ပေးခြင်း မခံရဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

           မြန်မာနိုင်ငံ ကော့သောင်း ဆိပ်ကမ်းမှ မိနစ် ၃၀ စက်လှေခရီးဖြင့် ရောက်ရှိနိုင်သော ရနောင်းသည် မြန်မာရွှေ့ပြောင်း ဝင်ရောက်သူများ၏ အဓိက ဝင်ပေါက်တစ်ခု ဖြစ်၍ အဆိုပါ ဝင်ပေါက်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ တစ်သန်းခန့် ရှိပြီး ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကုန်ပစ္စည်း၊ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက် ရှိကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

         မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်ဈေးကွက် ဖြစ်သည့် ဝါးတန်း ဆိပ်ကမ်း ဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်ဈေးများ မြင့်တက်လာသည်ဟု အကြောင်းပြချက်ဖြင့် ရွှေဘို ပေါ်ဆန်းမွှေး ရောင်းဝယ်ခွင့်ကို ပြီးခဲ့သည့် တနင်္လာနေ့ (ဖေဖော်ဝါရီလ ၂၂ ရက် ) က ပိတ်ပင်ခဲ့ကြောင်း ဘုရင့်နောင်မှ ဆန်လက်ကား ကုန်သည်ကြီး တစ်ဦးက ပြောကြား သည်။

တရားဝင် စာကပ် ကြော်ငြာခြင်းမျိုး မရှိဘဲ လိုင်းခေါင်းဆောင် (မြို့နယ် အလိုက် တာဝန်ခံများ) ကို ခေါ်ယူ၍ ရွှေဘိုပေါ်ဆန်းဈေးကို ဆွဲတင်သဖြင့် ဆန်ဈေးများ မြင့်တက် လာကြောင်း ရွှေဘိုပေါ်ဆန်းအား ဒိုင်တွင် ရောင်းဝယ်ခြင်း မပြုရန် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးမှ ခေါ်ယူ သတိပေး ပြောကြားကြောင်း လိုင်းခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကထက် ဆန်ဈေးများ သိသိသာသာ မြင့်နေသဖြင့် ကုန်သွယ်ရေး မူဝါဒ ကောင်စီမှ ဥက္ကဋ္ဌအား ခေါ်ယူ သတိပေးကြောင်း ယခင်က ဆန်ဈေးတက်လျှင် စီးပွားကူးသန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီမှသာ အသင်းအား ပြောဆိုကြောင်း ပြီးခဲ့သည့်နှစ်က ဖေဖော်ဝါရီလ အတွင်း ပေါ်ဆန်း တစ်အိတ် ၁၉၀၀၀ ခန့်သာရှိသော်လည်း ယခု လက်ရှိ တစ်အိတ် ၂၆၀၀၀ ခန့် ရှိကြောင်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဥက္ကဋ္ဌ ဦးအောင်သန်းဦး အနေဖြင့် ဆန်ဈေးတက်လျှင် ဆန်ဈေးနှုန်းကို ကန့်သတ် ရောင်းချခြင်း၊ နယ်သို့ ဆန်တင်ပို့ခွင့် ပါမစ်အာ ပိတ်ပင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဘုရင့်နောင်မှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

'' ဥက္ကဋ္ဌက ထွက်ခတ်ခတ်တဲ့ သဘော ဖြစ်မယ် '' ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ ဥက္ကဋ္ဌ ဦးအောင်သန်းဦးသည် ဇန်နဝါရီလ အသင်းက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ်သာ စစ်အစိုးရမှ တာဝန်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ လောကတွင် အပြင်လူများ ဝင်ရောက်လာခြင်းအား လက်ခံနှစ်ခြိုက်သည့် သဘောထား မရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံ ဆန်စပါး အသင်းတွင် အားပြိုင်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဆန် လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် စီးပွားရေး ပူးပေါင်း လုပ်ကိုင်များကို ငါးသလောက်ပေါင်း စားသူများဟု ခေါ်ကြောင်း ငါးသလောက်သည် ချက်စားလျှင် အရိုးစူးသော်လည်း ပေါင်းစားလျှင်မူ အရသာ ကောင်းကြောင်း ယခု ကုန်သည်များ အချင်းချင်း နေရာ လုနေလျှင် စစ်အစိုးရမှ စိတ်တိုင်းကျ ကစားသွားနိုင်ကြောင်း စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 26th February 2010

          မြန်မာနိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) သည် အဖွဲ့ဝင် (၁၀၀) ပါဝင်သော ဗဟိုကော်မတီ (CC) အသစ်ကို ယနေ့ အတည်ပြုခဲ့သည်။

          NLD ၏ CEC သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြည်နယ်တိုင်းများရှိ အဖွဲ့ခွဲများမှ တင်ပြ လာသော အမည်စာရင်းများကို သေချာစွာ စစ်ဆေးလျက် ယနေ့ နောက်ဆုံး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

          ထိုအတည်ပြုထားသော စာရင်းကို ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ အတည်ပြုချက် ရယူနိုင်ရန် မနက်ဖြန်ပို့မည် ဖြစ်ပြီး လာမည့်လ ပထမပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပါတီ သတင်းထုတ်ပြန်ရေး ဌာနတာဝန်ခံ ဦးခင်မောင်ဆွေက မဇ္စျိမသို့ ပြောသည်။

          NLD ပါတီသည် CEC အဖွဲ့ဝင်အဖြစ် လူ ၂၀ နှင့် ဗဟိုကော်မတီတွင် CC အယောက် ၁၀၀၊ စုစုပေါင်း ၁၂၀ ပါဝင်ရန် သတ်မှတ်ထားသည်။ ပြည်နယ်တိုင်းများမှ ဗဟိုကော်မတီအတွက် လူတစ်ရာကျော် အမည်စာရင်း တင်သွင်းခဲ့ကြသည်။

          NLD မှ ထုတ်ပြန်ကြေညာချက်တွင် ပါတီ၏ အနာဂတ် အစီအစဉ်များကို အကျိုးရှိစွာ ကိုင်တွယ်နိုင်ရန်နှင့် ပါတီစွမ်းအား ရှိနေစေရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

          ပါတီ၏ လုပ်ငန်းအဖွဲ့များက ပြောကြားရာတွင် ၎င်းတို့သည် ဗဟိုကော်မတီအတွက် အမည်စာရင်း တင်သွင်းရာတွင် ပါတီအပေါ် သစ္စာစောင့်သိမှု၊ စွမ်းဆောင်နိုင်ရည်နှင့် လုပ်ရည်ကိုင်ရည်ရှိမှု၊ ပါတီအပေါ် ထမ်းရွက်မှုနှင့် အသင့်ရှိမှု၊ ပါတီ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ၊ စည်းကမ်းပျက်မှုဖြင့် အရေးယူ မခံရသူများကို အခြေခံ၍ ရွေးချယ်ပေးသည်ဟု သိရှိရသည်။

          NLD ကို ၁၉၉၀ ၌ ဖွဲ့စည်းစဉ်က ဗဟိုကော်မတီဝင် ၈၀ ဖြင့် ဖွဲ့စည်းခဲ့ရာ အများစုမှာ အဖမ်းဆီး ခံရခြင်းကြောင့် ပါတီလုပ်ငန်းများ လုပ်ကိုင်ရန် ခါးပြတ်သွားခဲ့ရသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Government of Myanmar, 24th February 2010

          မြန်မာနိုင်ငံ၏ ၂၀၀၉-၁၀ ဘိန်းစိုက်ရာသီတွင် စုစုပေါင်း ဘိန်းစိုက်ဧက ၁၃၁၃၉.၀၉ ဧက ဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၀၉ စက်တင်ဘာ ၁ ရက်မှ ၂၀၁၀ ဖေဖော်ဝါရီ ၁၃ အတွင်း ၁၂၇၀၅.၆၅ ဧက၊ ၂၀၁၀ ဖေဖော်ဝါရီ ၁၄ မှ ၂၀ အတွင်း ၄၃၃.၃၃ ဧက ဖျက်ဆီးခဲ့သည်ဟု အစိုးရ စာရင်းဇယားများအရ သိရှိရသည်။

          ၂၀၁၀ ဖေဖော်ဝါရီ ၁၄ မှ ၂၀ အတွင်း ဖျက်ဆီးခဲ့သော ဘိန်းခင်းများမှာ ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း၊ နမ့်ခမ်း၊ ကွက်ခိုင်၊ မိုင်းယန်းမြို့နယ်များတွင် ၁၄၉.၈၅ ဧက၊ ရှမ်းပြည် တောင်ပိုင်း ကွန်ဟိန်း နှင့် ဖယ်ခုံမြို့နယ်များတွင် ၂၅.၅ ဧက၊ ရှမ်းပြည် အရှေ့ပိုင်းရှိ မိုင်းတုန်၊ မိုင်းဆတ်၊ မိုင်းပင်းမြို့နယ်များတွင် ၁၃၄.၃ ဧက၊ ကချင်ပြည်နယ်ရှိ တနိုင်း၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်များတွင် ၁၂၃.၇၉ ဧကတို့ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာနိုင်ငံ တဝှမ်းရှိ ပြည်ထောင်စု လမ်းမကြီးများကို ဆောက်လုပ်ရေး ဝန်ကြီးဋ္ဌာန ပုဂ္ဂလိကများသို့ အလျှင်အမြန် လွှဲပြောင်းပေးလျှက် ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အကြံပိုင်သော စီးပွားရေးသမားတစ်ဦးက မန္တလေးမြို့မှ သန်းကြွယ်သူဋ္ဌေး၊ ရေနံနှင့် သကြား လုပ်ငန်းရှင် ဦးတင်မောင်၏ သကြားစက် လမ်းဘေး ဝဲယာရှစ်မိုင်စီ (၁၆ မိုင်) ကိုသာ ရယူ၍ လမ်းကြေး ကောက်ခံခွင့် လျှောက်ထားခဲ့ရာ ချက်ချင်းလိုလို ခွင့်ပြုချက် ရရှိကြောင်း သကြားစက် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်လျက် ရှိသော လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အလျင်အမြန် ခွင့်ပြုချက်များ ထုတ်ပေးနေသည်ဟု ဆိုသော်လည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူများသာ အများဆုံး ရရှိနေကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စု လမ်းမကြီးများကို BOT စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုနေရာမှ ယခု ပုဂ္ဂလိကပိုင် ခွင့်ပြုလာကြောင်း အခြေခံ အဆောက်အအုံ ဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးများကို လမ်းကြေး ကောက်စားခွင့်ရရုံ သက်သက်ဖြင့် လွှဲပြောင်းပေးမည့် အစား ADB ကမ္ဘာ့ဘဏ်တို့မှ ချေးငွေများ ရရှိရေး အတွက် အစိုးရ အနေဖြင့် စီမံ ဆောင်ရွက် သင့်ကြောင်း၊ သို့မှသာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပြီး ခေတ်မီသည့် နိုင်ငံတကာ အဆင့်မီ အဝေးပြေး လမ်းမကြီးများ အချိန်တိုအတွင်း ပေါ်ပေါက်လာမည်ဟု စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Wai Moe, 25th February 2010

ဦးပေါက်ယူချမ်း ခေါင်းဆောင်သော ဝ တပ် (UWSA) ကိုယ်စားလှယ် အဖွဲ့သည် ရှမ်းပြည်နယ် လားရှိုး တောင်ဖက် မိုင် ၈၀ ခန့် ကွာဝေးသော တန့်ယန်းသို့ ကြာသပတေး နေ့ ညနေ (၃) နာရီ ခန့်တွင် ရောက်ရှိလာသည်။ ဝ ဘက်မှ လာသော သတင်းများ အရ ၎င်းတို့ ရောက်လာခြင်းသည် မြန်မာစစ်တပ်နှင့် သောကြာနေ့တွင် (၁၁) နာရီကြာ တွေ့ဆုံ ဆွေးနွေးရန် ဖြစ်သည် ဟု ဆိုသည်။

မြန်မာစစ်တပ် ညှိနှိုင်းရေး ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သော UWSAနှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) တို့နှင့် ယခု အပတ်တွင် ကုန်ဆုံးမည့် နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းရေး ကိစ္စကို သီးခြားစီ ဆွေးနွေးရန် ရှိနေသည်။

ဒေသခံ သတင်းများ အရ စစ်ထောက်လှမ်းရေးကို နာမည်ပြောင်းထားသော စစ်ဘက်ရေးရာ လုံခြုံရေးဋ္ဌာန ခေါင်းဆောင်လည်း ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ပေါက်ယူချမ်း ခေါင်းဆောင်သော အဖွဲ့နှင့် သောကြာနေ့တွင် တွေ့ဆုံပြီးလျှင် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံသို့ သွားရောက်၍ မုန်းခလာ  (Mongla)  အဖွဲ့ ဖြစ်သော  NDAA  နှင့် တွေ့ဆုံမည် ဖြစ်သည်။

လေ့လာသူများက ယခု အကြိမ်သည် မြန်မာ အစိုးရ အဖို့ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် တိုက်တွန်းရန် နောက်ဆုံး အခွင့်အရေးပင် ဖြစ်ကြောင်း ဆိုသည်။

သတင်းများ အရ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှုသည် UWSA နှင့် NDAA တို့ကို ယခုကဲ့သို့ သက်တမ်းကုန်ခါနီးတွင် ညှိနှိုင်းရေး စားပွဲသို့ ရောက်လာအောင် ခေါ်ဆောင် လာခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ပေါက်ယူချမ်းနှင့် တွေ့ဆုံရန် ကြိုးစားမှု မအောင်မြင်မှုကြောင့် ဖေဖော်ဝါရီလ အစောပိုင်းက ယူနန်ပြည်နယ် ကူမင်းတွင် တရုတ် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများက ဆိုသည်။

စောင့်ကြည့်လေ့လာသူများက တရုတ်အာဏာပိုင်များသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံအပြီးတွင် ဝ နှင့် မုန်းခလာ အဖွဲ့များကို မြန်မာ စစ်တပ်နှင့် စကားပြောရန် ဖိအား ပေးခဲ့သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် တရုတ်-မြန်မာ နယ်စပ် လုံခြုံရေး အခြေအနေကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

Beijing သည် နေပြည်တော်ရှိ ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် သမိုင်းကြောင်းအရ ဝ၊ ကချင်၊ ကိုးကန့်၊ မုန်းခလာ အဖွဲ့များနှင့်လည်း ဆက်ဆံမှုများ ရှိခဲ့သည်။ အဘယ်ကြောင့် ဆိုသော် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ၎င်းအဖွဲ့များကို ကွန်မြူနစ် ပြောက်ကျား စစ်သားများ အဖြစ် လေ့ကျင့်ပေးခဲ့သည်။

လတ်တလောအားဖြင့် တရုတ်သည် မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာ စိတ်ဝင်စားမှုများ ရှိနေပြီး ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းနှင့် IT ကဏ္ဍတို့တွင် ကြီးမားစွာ ရင်းနှီး မြုပ်နှံထားသည်။

အစိုးရ အချင်းချင်း စီးပွားရေး အရ ဆက်ဆံမှုများ ရှိရုံမက တရုတ် စီးပွားရေး သမားများသည် တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများရှိ ကာစီနိုမှ အစ ဆေးခန်းများ အထိ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံထားသည်။ ထို့အပြင် တရုတ် တိုင်းရင်းသားများသည် နယ်စပ်ဒေသတွင် သာမက လားရှိုး၊ မန္တလေးမြို့များတွင် သန်းချီ၍ ရောက်ရှိ နေထိုင်လျက် ရှိသည်။

လေ့လာသူများ ပြောကြားရာတွင် အကယ်၍ နယ်စပ်တွင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များသည် မြန်မာ စစ်တပ်နှင့် ပဋိပက္ခ ဖြစ်ခဲ့ပါက တရုတ်နိုင်ငံသားများ အပါအဝင် စစ်ပြေး ဒုက္ခသည်များ တရုတ်နိုင်ငံသို့ ပြေးဝင်လာမည်ကို တရုတ်က စိုးရိမ်နေသည်ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလအဆုံး၌ အစိုးရက သတ်မှတ်ပေးထားသော ရက်ကုန်ခါနီးလေ ယူနန်နယ်ရှိ အာဏာပိုင်များသည် နယ်စပ်လုံခြုံရေးကို ပိုမို တင်းကြပ်လာလေ ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အစည်းအဝေးသို့ ဦးပေါက်ယူချမ်း မတက်ရောက်သော်လည်း၊ ဗိုလ်ချုပ် ရဲမြင့် ထံသို့ စာရေးသား ပေးပို့ခဲ့သည်ဟု သတင်းများက ဆိုသည်။ အဆိုပါစာတွင် ဝ ခေါင်းဆောင်များသည် အစိုးရ၏ BGF အစီအစဉ်ကို လက်မခံကြောင်း၊ ဝ တပ်ကို အင်အား ၃၀၀၀ အထိ လျှော့ချရန်နှင့် အုပ်ချုပ်ရေး အရာရှိ ၅၀၀၀ ခန့်ကိုလည်း မြန်မာစစ်တပ် အောက်သို့ သွတ်သွင်းခြင်းကို သဘောမတူကြောင်း ရေးသားခဲ့သည်။

ဝ ခေါင်းဆောင်မှ ဗိုလ်ချုပ် ရဲမြင့်ကို အဆိုပြုရာတွင် ဝ တပ်မှူးများသည် UWSA၏ အောက်တွင်သာ ရှိရမည် ဖြစ်ကြောင်း၊ ဒုတိယ တပ်မှူး ၂ နေရာ အတွက် မြန်မာ စစ်တပ်ကို လျာထားကြောင်း၊ သို့သော် မြန်မာ စစ်တပ်သည် ဝ တပ်အား လေ့ကျင့်ပေးရာတွင် ကူညီရေး၊ ဆေးဝါးနှင့် အထွေထွေ ထောက်ပံ့ရေးများပေးရန် ထည့်သွင်း အဆိုပြုခဲ့သည်။

ပေါက်ယူချမ်းက ဝမြို့နယ် သုံးခု အပါအဝင် ဝ ထိန်းချုပ်ထားသော နယ်မြေတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် အာမခံရေးကိုလည်း တောင်းဆိုခဲ့သည်။ ၂၀၀၈ အခြေခံ ဥပဒေတွင် ဝ မြို့နယ် သုံးခုအား ဝ နယ်မြေမှ ဖယ်ထုတ်ထားသည်။

ဝ သတင်း တစ်ရပ်က ဧရာဝတီသို့ ပြောရာတွင် အဆိုပါ မြို့နယ် သုံးမြို့နယ် ကိစ္စကို သောကြာနေ့တွင် တင်ပြလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဆိုသည်။

လေ့လာသူများက ဗိုလ်ချုပ် ရဲမြင့်သည် ဝ ၏ မဟာမိတ် NDAA နှင့် တွေ့ဆုံခြင်းသည်လည်း အရေးကြီးကြောင်း ပြောသည်။ ယခင်က NDAA ၏ အထွေထွေအတွင်းရေးမှူး မင်းအိမ်သည် ညှိနှိုင်းရေး ခေါင်းဆောင် ဖြစ်ပြီး၊ ယခု အကြိမ်သည် ဇန်နဝါရီလက မုန်းခလာတွင် မင်းအိမ် လုပ်ကြံခံရပြီး နောက်ပိုင်း ပထမဆုံး အကြိမ်တွေ့ဆုံခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် အစိုးရ၏ BGF အစီအစဉ်ကို ငြင်းပယ်နေသော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)  သည် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ၁၆ နှစ်မြောက် အခမ်းအနားကို အင်္ဂါနေ့က ၄ ရက်ကြာ ကျင်းပနေခဲ့သည်

ဝ နှင့် မုန်းခလာတို့ကဲ့သို့ပင် KIA ကိုလည်း BGF အစီအစဉ် အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို လက်ခံ / မခံ အကြောင်းပြန်ရန် သတ်မှတ်ပေးထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Nyein Chan, 25th February 2010

          မြန်မာစစ်တပ်သည် ပြီးခဲ့သည့် လဆန်းပိုင်းက စ၍ ရခုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ဒေသခံ လယ်သမားများ ပိုင်ဆိုင်သော လယ်မြေဧက ၃၀၀ ခန့်ကို သိမ်းဆည်းလျက် ရှိကြောင်း သိရှိရသည်။

          စစ်တွေ အခြေစိုက် ခြေမြန်တပ်ရင်း ၂၃၂ သည် ကျေးတောရွာ၊ တောင်နားရွာ နှင့် ရိုးတရုတ်ရွာတို့မှ လယ်မြေ ဧက ၈၀ ခန့်ကို လည်းကောင်း၊ ပုဏ္ဏားကျွန်း အခြေစိုက် ခြေမြန်တပ်ရင်း ၅၅၀ သည် ဧက ၂၀၀ ခန့် သိမ်းဆည်းကြသည်ဟု ဆိုသည်။ အဆိုပါ လယ်မြေများကို စစ်တပ်၏ စိုက်ပျိုးရေးနှင့် စီးပွားရှာသော လုပ်ငန်းများ ပြုလုပ်ရန် အသုံးပြုမည်ဟု သိရှိရသည်။

          "ကျွန်တော်တို့ သိရတာကတော့ သူတို့ဟာ စပါးနဲ့ ရာဘာ စိုက်လိမ့်မယ် ထင်တယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လမ်းညွှန်မှုအရ ဧက ၁၀၀ ကို ရာဘာစိုက်ပျိုးမှာ ဖြစ်ပြီး၊ စပါးစိုက်တာကတော့ အထက်ရဲ့ လမ်းညွှန်မှုနဲ့ မဟုတ်ပါဘူး" ဟု စစ်တွေ အခြေစိုက် ခမရ ၂၃၂ ၏ နီးစပ်သူ တစ်ဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

          "လယ်တွေ သိမ်းမယ်ဆိုတာကို ကြိုတင် အသိပေးခြင်းလည်း မရှိပါဘူး။ အသိမ်းခံရတဲ့ လယ်သမားတွေကိုလည်း ဘာမှ ပြန်မပေးပါဘူး။ ခမရ ၂၃၂ က အရာရှိနဲ့ အဖွဲ့ရောက်လာပြီး မြေတွေ တိုင်းသွားတာပဲ။ နောက်မကြာပါဘူး။ တပ်ပိုင်မြေ ဖြတ်သန်းသွားလာခြင်း မပြုရ ဆိုတဲ့ ဆိုင်းဘုတ်တွေ လာစိုက်တော့တာပါပဲ"ဟု တောင်နား ကျေးရွာမှ ရွာသားတစ်ဦးက ရှင်းပြသည်။

          ထို့အတူပင် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ သည် သစ်တက်၊ ကျောက်ဆုံ၊ ဘဲခို၊ မာလာ၊ ကျွဲလမ်းကြောင်း၊ မြင်တော်၊ ဝင်တိမ်၊ ခွဆုံ၊ ငမျောက်ဆည် ကျေးရွာများမှ လယ်ဧက ၂၀၀ ခန့်ကို သိမ်းယူခဲ့သည်။

          "ရွာတိုင်းက မြေတွေ ပါသွားတာပါပဲ။ ကျွန်တော်တို့ရွာက လယ်ဧက ၇၀ ကျော် ပါသွားလို့ အများဆုံး သိမ်းခံခဲ့ရတာပါပဲ။ ဝင်တိမ်ရွာမှ ဒီလလယ်က နောက်ထပ် ၁၀ ဧက ပါသွားသေးတယ်လို့ ကြားတယ်" ဟု ကျောက်ဆုံရွာမှ ရွာသားတစ်ဦးက ပြောသည်။

          "ကျွန်တော်တို့ရွာဟာ အစစ အရာရာ ချို့တဲ့တယ်။ ရွာသားတွေက လယ်တွေ အသိမ်းခံရလို့ ဝမ်းနည်းပေမဲ့ ဘာမှ မတတ်နိုင်ပါဘူး။ မသိ နားမလည်တဲ့ လူတွေဆိုတော့ ဘယ်ကို တိုင်ရမလဲ ဆိုတာလဲ မသိဘူး" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

          လယ်သမားများသည် ထိုအသိမ်းခံရသော လယ်များတွင် စပါး၊ ကွမ်းပင်နှင့် ဟင်းခပ် အမွှေးအကြိုင်များ စိုက်ပျိုးကြကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မူးယစ် မှောင်ခိုသမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကျဆုံးခဲ့ပြီးနောက် နယ်စပ်ဒေသရှိ ရွှေတြိဂံနယ်မြေမှ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို ပူးပေါင်း နှိမ်နင်း တိုက်ခိုက်ရန် ထိုင်းအာဏာပိုင်များနှင့် မြန်မာရဲတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) ရုံးမှ အရာရှိများသည် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲ သို့ တက်ရောက် ခဲ့ကြသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မဲခေါင်မြစ်ပေါ်၌ ကင်းလှည့်လျက် ရှိသော မြန်မာ ရဲတပ်ဖွဲ့ဝင်များ၏ လှေများကို မူးယစ် မှောင်ခိုသမားများက တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ကျန်သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ONCB ရုံးမှ ဒါရိုက်တာ Pornthep Eamprapai က တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် အနာဂတ်ကာလတွင် နယ်စပ်ဒေသ တစ်လျှောက် မူးယစ်မှောင်ခိုမှုများကို မည်သို့ ပူးပေါင်းနှိမ်နင်းမည် ဟူသော အချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

နောက်ထပ် အလားတူ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း မတ်လအတွင်း ထပ်မံ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ထိုဆွေးနွေးပွဲတွင် လာအိုနိုင်ငံလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု မဲခေါင်မြစ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ရှမ်းတိုင်းရင်းသား မူးယစ် မှောင်ခိုကူးသမား နော်ခမ်းက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာရဲတပ်ဖွဲ့က ပြစ်တင် စွပ်စွဲထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် ကျင်လည်နေသူ ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံကပါ အလိုရှိနေသော မူးယစ်မှောင်ခို ရောင်းဝယ်ရေးသမား တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ၎င်းတွင် နောက်လိုက် လက်နက်ကိုင် တပ်သား ၃၀ မှ ၄၀ အထိ ရှိကြောင်း သိရသည်။

Bangkok Post သတင်းစာ အဆိုအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် Chiang Sean ခရိုင် ရဲစခန်းအား မူးယစ်ဆေးဝါး ရောင်းဝယ်သည့် ဂိုဏ်းတစ်ခုက ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် ရဲစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ Chaing Sean ခရိုင်သည် Chiang Rai မြို့မြောက်ဘက်တွင် တည်ရှိသည်။

ထိုင်းနိုင်ငံ မူးယစ်ဆန့်ကျင်ရေး ဗျူရိုသည် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မြို့တော် ဘန်ကောက်၌  မီသာအဖက်တမင်း ဆေးပြား ၃ ဒဿမ ၆ သန်း ခန့် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဆေးပြား အများစုမှာ မြန်မာနိုင်ငံဘက်မှ လာသည်ဟု ဆိုသည်။

ONCB ၏ အဆိုအရ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင်လည်း ထိုင်းအာဏာပိုင်များက မီသာအဖက်တမင်း ဆေးပြား ၁၄ ဒဿမ ၃ သန်းခန့် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၂၀၀၉ စက်တင်ဘာလအထိ ဖမ်းမိသော ဘိန်းဖြူ ပမာဏမှာ ယခင်နှစ်ကထက် လျော့ကျသွားသော်လည်း ဘိန်းစိမ်း ဖမ်းဆီးရမိမှုမှာ ၂၀၀၈ ခုနှစ်ကထက် မြင့်တက်လာခဲ့ကြောင်း ONCB က ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ခန့်မှန်းချက်အရ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးသည့် ပမာဏသည် ၂၀၀၇ ခုနှစ်ကထက် မြင့်တက်ခဲ့သည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ်တွင် ၂၇၇၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် ၂၈၅၀၀ အထိ ဖြစ်လာသည်ဟု ဆိုသည်။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

ထိုင်းနိုင်ငံသို့ ဝင်ရောက်၍ လုပ်ကိုင်လျက် ရှိသော မြန်မာလုပ်သားများအတွက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရန် နောက်ဆုံးရက်ကို မတ်လကုန်အထိ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

မူလက အဆိုပါ ကန့်သတ်ရက်သည် ဖေဖော်ဝါရီ ၂၈ ဖြစ်ပြီး အဆိုပါ သတ်မှတ်ရက်ထက် ကျော်လွန်ကာ ယာယီလက်မှတ် ပြုလုပ်သော အလုပ်သမားများကို နေထိုင်ခွင့် မပေးဘဲ ပြည်နှင်ဒဏ် ပေးမည်ဟု ထိုင်းအစိုးရက ကြေညာခဲ့သည်။

အဆိုပါ နိုင်ငံသား စိစစ်ရေးလက်မှတ် လုပ်ငန်းစဉ်အရ ထိုင်းနိုင်ငံသို့ ဝင်ရောက်လျက် ရှိသော လုပ်သားများသည် မိခင်နိုင်ငံသို့ ပြန်ကာ မှတ်ပုံတင်ကြရမည် ဖြစ်သည်။

အကယ်၍ ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက် လုပ်ဆောင်ပါက နိုင်ငံသား စိစစ်ရေး ကတ်အတုများသာ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ မြန်မာ အများစုသည် ထိုသို့ မှတ်ပုံတင်ရန် ကြောက်ရွံ့လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ယခု ရက်သတ္တပတ်အတွင်း မဲဆောက်မြို့နယ်အနီး နယ်စပ်ဒေသတွင် ရဲတပ်ဖွဲ့နှင့် ဘိန်းဖြူ မှောင်ခိုကူးသူများ တိုက်ပွဲ ဖြစ်ထားသဖြင့် အဆိုပါ အစီအစဉ်အတိုင်း လုပ်ကိုင်ရဲကြလိမ့်မည် မဟုတ်ပေ။

နိုင်ငံသား စိစစ်ရေး မှတ်ပုံတင် သတ်မှတ်ရက်ကို ထိုင်းအစိုးရက တိုးမြှင့်ပေးလိုက်သည် ဆိုသော်လည်း အမှန်တကယ်တွင် အကြောင်း အမျိုးမျိုးကြောင့် လွယ်ကူမည် မဟုတ်ကြောင်း အလုပ်သမားများအကြား ပြောဆိုလျက် ရှိသည်။

လက်ရှိ အခြေအနေအရ စိစစ်ခွင့်ပြုချက် ရရှိရေးအတွက် လျှောက်ထားရန် မလွယ်ကူကြောင်း လူ့အခွင့်အရေး တိုးတက်မှု ဖောင်ဒေးရှင်းမှ (HRDF) မှ စိန်ဌေးကပြောသည်။

"ပြောင်းရွှေ့ လုပ်သားတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံလည်း မရှိ၊ ဗဟုသုတလည်း မရှိကြဘူး။ အဲဒါကြောင့် ထိုင်းအစိုးရက အခုလို သက်တမ်းတိုး ပေးလိုက်တာ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

နိုင်ငံကူး လက်မှတ်ကိစ္စနှင့် ပတ်သက်ပြီး ရွှေ့ပြောင်းလုပ်သားများ နားလည်ရန် လွယ်ကူမည့် ဘာသာစကားဖြင့် ထုတ်ပြန်ချက်များကို အသေးစိတ် ပြုလုပ်ရန် HRDF က ထိုင်းအစိုးရကို တိုက်တွန်းထားသည်။ ထို့ပြင် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် လေ့လာ မှတ်သားမှုများ ပြုလုပ်သင့်သည်ဟု စိန်ဌေးက ဆိုသည်။

"ကောင်းတဲ့ အချက်ကတော့ အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ဘယ်လို
တောင်းဆိုရမယ် ဆိုတာကို နားလည်လာလိမ့်မယ်၊ လူကြားသူကြားထဲလည်း ရဲရဲဝံ့ဝံ့ သွားရဲလာရဲ ဖြစ်လာမယ်။ အရင်တုန်းကဆို သူတို့က တရားမဝင် ဝင်ရောက်လာတာဆိုတော့ ဘယ်ကိုမှ မသွားရဲကြပါဘူး" ဟု ဆိုသည်။

"ဆိုးတာကတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး အတိအကျ ပေးရမှာဆိုတော့ သူတို့ကိုယ် သူတို့ မလုံမခြုံ ဖြစ်သလို ခံစားရလာနိုင်တယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာသော ပြောင်းရွှေ့လုပ်သား ၂ သန်းခန့် နေထိုင်လျက် ရှိသော်လည်း ၎င်းတို့အနက် ၂၇၀၀၀ ခန့်သာ ယာယီ နိုင်ငံကူးလက်မှတ် ရယူထားပြီး ဖြစ်ပြီး၂၀၀၀၀ ခန့်မှာ လျှောက်ထားဆဲသာ ဖြစ်သည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.