Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 28th February 2010

လာမည့် မုတ်သုန် ရာသီကာလ အတွင်း ပြည်တွင်း လုံခြုံရေး အတွက် ထိုင်းအစိုးရက တောင်းဆိုထားမှုကြောင့် မြန်မာ အလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းကို အရှိန်မြှင့်ရန် မြန်မာ အစိုးရက သဘောတူ လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ပြောကြားသည်။

အဆိုပါ လက်မှတ် ရရှိရန် အတွက် မြန်မာ အလုပ်သမားများမှာ ချင်းရိုင်၊ တပ်ခ်၊ ရနောင်းမြို့များနှင့် မျက်နှာချင်းဆိုင်ရှိ နယ်စပ် စစ်ဆေးရေးဂိတ်များသို့ ပြန်လာရန် လိုအပ်သည်ဟုလည်း သိရှိရသည်။ သို့သော်လည်း မုန်တိုင်းရာသီတွင် ပင်လယ်ခရီးဖြင့် လာရောက်ရမည့် အလုပ်သမားများအတွက် စရိတ်စကကုန်ကျမှုနှင့် အန္တရာယ်များ ရှိနေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ အရာရှိများကို ယာယီ လက်မှတ် ထုတ်ပေးရန် စေလွှတ်ပေးမည်ဟု ဗိုလ်ချုပ် မောင်ဦးက အလုပ်သမား ဝန်ကြီး ပိုင်တွန်ခက်သွန်နှင့် တွေ့ဆုံ အပြီးတွင် ပြောကြားသည်။

မြန်မာ အလုပ်သမားများသည် ၎င်းတို့ မိခင်နိုင်ငံသို့ ပြန်လာရန် မလိုတော့ဘဲ ရနောင်း အနီး နယ်စပ် စစ်ဆေးရေး ဂိတ်တွင် ယာယီ နိုင်ငံကူးလက်မှတ် ရရှိနိုင်ပြီ ဖြစ်သည်။ ယခု နှစ်ကုန်တွင် အလုပ်သမား ၁.၂ သန်းကို ယာယီ နိုင်ငံကူးလက်မှတ် အပြီး ထုတ်ပေးရန် မြန်မာနိုင်ငံက စီစဉ်လျက် ရှိပြီး စစ်ဆေးရေးဂိတ် တစ်ခုလျှင် တစ်ရက်ကို ၅ဝဝ ထုတ်ပေးနေခြင်းမှ ၁ဝဝဝ သို့ ၂ ဆ မြှင့်တင်၍ လုပ်ငန်းကို အရှိန်မြှင့်ရန် မြန်မာ အရာရှိများအား ညွှန်ကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Associated Press, 28th February 2010

          ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကြောင့် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုများ တိုးပွားလာသဖြင့် ပူပန်မှုများ ရှိနေသော်လည်း ၂၀၁၅ နောက်ဆုံးထား၍ ဥရောပ သမဂ္ဂပုံစံ စီးပွားရေး အသိုင်းအဝိုင်းကို ထူထောင် ဖွဲ့စည်းသွားရန် ရည်မှန်းထားဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ နိုင်ငံများက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

          အရှိန်မြှင့် စုစည်းရန် ပစ်မှတ်ထားသော ကဏ္ဍများတွင် ယခုအချိန်အထိ အောင်မြင်မှု မရသေးသော်လည်း ကုန်စည်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် ကျွမ်းကျင်လုပ်သားများကို လာမည့် ၅ နှစ်အတွင်း လွတ်လပ်စွာ စီိးဆင်း ရောင်းဝယ်နိုင်ရန် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက စီစဉ်လျက် ရှိသည်။

          "ကမ္ဘာ့ ငွေကြေး အကျပ်အတည်းက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို တစုံတရာ ထိခိုက်စေပါတယ်။ ကိုယ်ကျိုး စီးပွား ကာကွယ်မှုတွေ ပိုများလာဖို့ အလားအလာ ရှိနေတယ်" ဟု မလေးရှား ကုန်သွယ်ရေး ဝန်ကြီး မူစတာဖာမိုဟာမက်က အာဆီယံ စီးပွားရေး ဝန်ကြီးများ၏ ၂ ရက်ကြာ အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။ အာဆီယံ နိုင်ငံများသည် လူဦးရေ သန်း ၅၀၀ ရှိသော ဈေးကွက်ကို ဖွဲ့စည်းနေခြင်း ဖြစ်သည်။

          အရှိန်မြှင့် ပေါင်းစည်းရန် ပစ်မှတ်ထားသော ဦးစားပေး ကဏ္ဍ ၁၁ ခု အနက်မှ ခရီးသွားလုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေး၊ အထည်အလိပ်နှင့် မော်တော်ယာဉ်လုပ်ငန်း စသော ကဏ္ဍ ၄ ခုတွင် ကျေနပ်ဖွယ် တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

          အချို့သော နိုင်ငံများမှာ အခွန် အတားအဆီးများ မရှိအောင် ဖယ်ရှားရေး၊ ထုတ်ကုန် စံချိန်စံညွှန်း ကိုက်ညီရေးနှင့် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်း မြှင့်တင်ရေး စသော ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဟုလည်း ၎င်းက ပြောကြားသည်။

          သို့ရာတွင် ပေါင်းစည်း လုပ်ကိုင်မည့် ကဏ္ဍအားလုံး၏ အများစုကို ဆက်လက် ကြိုးစား ဆောင်ရွက်နေဆဲ ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ၂၀၁၅ တွင် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကို ဖွဲ့စည်း ဖန်တီးနိုင်ရန် အတွက် ကုန်သွယ်ရေး ပျော့ပြောင်း ညီညွတ်မှုကို အရှိန်မြင့်တင်မည်ဟု ဝန်ကြီိးများက ယခု သီတင်းပတ်ကုန်တွင် ထပ်မံ ကတိပေးခဲ့ကြကြောင်း မူစတာဖာက ပြောကြားသည်။

          "ကိုယ့်တာကို ကိုယ်လုံအောင် ထိန်းဖို့ လိုပါတယ်" ဟု ၎င်းက ပြောဆိုခဲ့ပြီး "အပျံစား အောင်မြင်မှုတွေ မရနိုင်ပေမယ့် ဒီခရီးရှည်ကို ကျွန်တော်တို့ ချီတက်ရမှာပါ။ ရေတို တစ်နပ်စား ရလဒ်တွေက အဓိက မကျပါဘူး။ ၂၀၁၅ ပန်းတိုင်ကို ရောက်အောင် သွားရမှာပါ" ဟုလည်း မှတ်ချက် ပေးခဲ့သည်။

          စီးပွားရေး ပေါင်းစည်းမှု ပြီးစီး အောင်မြင်နိုင်မည့် အရည်အချင်း အာဆီယံတွင် ရှိ/မရှိနှင့် အဖွဲ့ဝင်များကြား မကြာခဏ အငြင်းပွားမှုများ ဖြစ်နေသည့် အာဆီယံ အဖွဲ့ဝင်များ အနေဖြင့် ထိရောက်စွာ စုစည်းနိုင်ခြင်း ရှိ / မရှိ စသည့် အချက်များနှင့် ပတ်သက်၍ သံသယများ ကျန်ရှိနေဆဲ ဖြစ်သည်။

          အာဆီယံ၏ ဖွံ့ဖြိုးပြီး ၆ နိုင်ငံ (မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဘရူနိုင်း၊ ထိုင်းနှင့် ဖိလစ်ပိုင် နှင့် အဖွဲ့ဝင်သစ် ၄ နိုင်ငံ (ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား) အကြားတွင် စီးပွားရေး ကွာဟမှု အလွန် ကြီးမားလျက် ရှိသည်။

          ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ဈေးကွက်တစ်ခု ဖြစ်လာရေး အတွက် ကွဲပြားနေသော စီးပွားရေးများကို ပေါင်းစည်းရန် လိုအပ်သည်ဟု အာဆီယံ အတွင်းရေးမှူးချုပ်  ဆူရင်ပစ်ဆူဝမ်က အလေးပေး ပြောကြားသည်။

          အာဆီယံ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအတွင်းမှ ပြန်လည် ခုန်ထွက် လွတ်မြောက် လာသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ (အထူးသဖြင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှု) မှာ ကျဆင်းနေသည်ဟုလည်း ၎င်းက ပြောသည်။

          ရင်းနှီးမြှုပ်နှံသူများ ရှာဖွေရန်နှင့် ကုန်သွယ်ရေး စာချုပ်သစ်များ ချုပ်ဆိုနိုင်ရန် အာဆီယံ ဝန်ကြီးများ ကိုယ်စားလှယ် အဖွဲ့သည် လာမည့် မေလတွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သော်လည်း အဆိုပြုထားသော အမေရိကန် ကျောထောက်နောက်ခံပြု အာရှ - ပစိဖိတ် ကုန်သွယ်ရေး လွတ်လပ်ဇုန်သို့ ပူးပေါင်းခြင်း ပြု/မပြုကိုမူ အာဆီယံက မဆုံးဖြတ်ရသေးပါ။

          အမေရိကန်မှ ရုရှား အထိ ၂၁ နိုင်ငံ ပါဝင်သော အဆိုပြု အာရှ ပစိဖိတ် ကုန်သွယ်ရေး လွတ်လပ်ဇုန်သည် အကယ်၍ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ဆွေးနွေးပွဲများ မအောင်မြင်ပါက အစားထိုးရန် ရွေးချယ်ထားသည့် စိတ်ကူးတစ်ခု ဖြစ်သော်လည်း ယင်းကဲ့သို့ ကြီးမား ကျယ်ပြန့်လွန်းသည့် အစီအစဉ်ကို ဆောင်ရွက် အောင်မြင်နိုင်လောက်အောင် အရည်အချင်း မပြည့်စုံသေးဟု အကဲခတ်သူများက မှတ်ချက်ပေးထားသည်။

         

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 28th February 2010

ချီလီ တွင် အင်အား ကောင်းသော ငလျင် လှုပ်ခတ်ပြီး ၂၄ နာရီ အကြာတွင် ဂျပန်နိုင်ငံ၏ မြောက်ဖက် ပစိဖိတ် ကမ်းခြေတွင် အဖြင့် တစ်မီတာ (၃ ပေ) ရှိ ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့သည်။

အစောပိုင်းက ပိုမို ကြီးမားသော ဆူနာမီလှိုင်းများ တိုက်ခတ်နိုင်သည်ဟူသော ခန့်မှန်းချက်များအရ ထောင်ပေါင်းများစွာသော လူများကို မိမိတို့ နေရာမှ ထွက်ခွာရန် ပြောကြားခဲ့သည်။

အခြား ပစိဖိတ်နိုင်ငံများလည်း ဆူနာမီ ရိုက်ခတ်မှု ခံခဲ့ရသည်။ သို့သော် အန္တရာယ်များမှာ လွန်မြောက်ခဲ့ပြီဟု ပြောရမည် ဖြစ်သည်။

ချီလီနိုင်ငံ Talcahuano မြို့တွင် ငလျင်ကြောင့် ဆိုးဝါးစွာ ပျက်ဆီးပြီး Juan Fernandez ကျွန်းများတွင် လူ ငါးဦး သေဆုံးခဲ့သည်။

Talcahuano တွင် ငါးဖမ်းလှေများသည် ရေထဲမှ လှိုင်းများ ပုတ်ထုတ်ခြင်း ခံရပြီး၊ အမေရိကန် သိပ္ပံပညာရှင်များ၏ အဆိုအရ ၂.၃၄ မီတာ မြင့်သော လှိုင်းများက အခြား ဆိပ်ကမ်း အဆောက်အဦးများကို ပျက်စီးစေခဲ့ကြောင်း သိရှိရသည်။

စနေနေ့က Talcahuano မြို့သည်  ငလျင်၏ ဗဟိုချက်နှင့် အနောက်တောင်ဖက် မိုင် (၇၀) ခန့် အကွာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 1st March 2010

          မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများသို့ မတ်လ သို့မဟုတ် ဧပြီလတွင် ပြန်လာမည် ဖြစ်ကြောင်း Yonhap သတင်းဌာနက အမည် မဖော်လိုသူ တောင်ကိုရီိးယား အစိုးရ အကြီးတန်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။

          အဆိုပါ ပုဂ္ဂိုလ်က "မြောက်ကိုရီးယားဟာ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လာပါလိမ့်မယ်။ မတ်လ ဒါမှမဟုတ် ဧပြီလလောက်မှာ ဖြစ်နိုင်ပါလိမ့်မယ်။ အချိန် အတိအကျတော့ မခန့်မှန်းနိုင်သေးပါ" ဟု ဝါရှင်တန်တွင် တောင်ကိုရီးယား သတင်းစာ ဆရာတစ်စုကို ပြောကြားခဲ့ခြင်းအား ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

          မိမိတို့၏ တွက်ဆမှုများသည် မကြာသေးမီက မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ဆက်သွယ်မှုများ၏ အထောက်အထားများပေါ်တွင် အခြေခံ၍ ကောက်ချက်ချထားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

          တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံ ဖြစ်သော မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိက မဟာမိတ်ဖြစ်ပြီး၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို တရုတ်က ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။

          အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung-Hwan အား သောကြာနေ့က ဝါရှင်တန်တွင် ပြောကြားရာ၌ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ဖြစ်မြောက်မည့် လက္ခဏာများ တွေ့ရှိရသည့် အတွက် သူမအနေဖြင့် အားတက်မိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

          တရုတ်၊ တောင်နှင့် မြောက်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲသည် လွန်ခဲ့သော ၁၀ လက ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီယာ စမ်းသပ်မှုများကြောင့် ၎င်းအား ပိတ်ဆို့အရေးယူမှုများကို ဆန္ဒပြသည့် အနေဖြင့် ရပ်ဆိုင်းခဲ့သည်။

          ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း ပုဂ္ဂိုလ် တစ်ဦးက ပြောကြားရာတွင် မြောက်ကိုရီးယားသည် ၎င်း၏ ဆိုးရွားလှသော စီးပွားရေး ပြုပြင် ပြောင်းလဲမှုကြောင့် နိုင်ငံတကာ၏ အကူအညီများကို မျှော်ကိုးသောအားဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ မဖြစ်မနေ ပြန်လာလိုခြင်း ဖြစ်မည် ထင်ကြောင်း ပြောသည်။

         ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်မလာမီ ကုလသမဂ္ဂမှ အရေးယူမှုများ ရုတ်သမ်းပေးရန်နှင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး စာချုပ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် မြောက်ကိုရီးယားက တောင်းဆိုလျက် ရှိသည်။

          သို့သော် အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ အရင် ပြန်လာရန်နှင့် နျူကလီယာ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ တိုးတက်မှုများ ပြုလုပ်မှသာ အခြားကိစ္စများ ဆွေးနွေးရေး ကိစ္စကို စကားပြောမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

         မြောက်ကိုရီးယားသည် နျူကလီယာ လက်နက် စမ်းသပ်မှုများကို ၂၀၀၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၀၉ ခုနှစ် မေလက ပြုလုပ်ခဲ့ပြီး၊ ယင်းသို့ ပြုလုပ်ရခြင်းမှာ အမေရိကန်၏ နျူကလီယာ ခြိမ်းခြောက်မှုများကြောင့် ဖြစ်ကြောင်း၊ ၎င်းအနေနှင့် နျူကလီယာ မဖျက်သိမ်းမီ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လိုအပ်ကြောင်း ဆိုသည်။

          ၁၉၅၀ -  ၁၉၅၃ ကိုရီးယားစစ်ပွဲသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး စာချုပ်ကိစ္စမှာ နျူကလီယာ ဖျက်သိမ်းရေးကိစ္စ မပြုနိုင်ရန် အချိန်ဆွဲသည့် အကြောင်းပြချက် တစ်ခုသာ ဖြစ်မည်ဟု သံသယ ရှိကြောင်း တောင်ကိုရီးယား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

news.yahoo.com, 27th February 2010

တရုတ်ပြည်၏ စီးပွားရေး အတွက် ၂၀၁၀ ခုနှစ်သည် အရှုပ်ထွေးဆုံးနှစ် ဖြစ်သည်ဟု တရုတ် ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး ငွေကြေးဖောင်းပွမှုနှင့် အိမ်ခြံမြေ ဈေးနှုန်းများ မြင့်မားနေခြင်းကို အစိုးရက တိုက်ဖျက်သွားမည်ဟု ၎င်းက ကတိပေးသည်။

အကျင့်ပျက် ခြစားမှုများ၊ စားနပ်ရိက္ခာ မလုံလောက်မှုများ၊ အခြား လူမှုရေး ပြဿနာများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေကြသော နိုင်ငံသားများ၏ အွန်လိုင်းပေါ်မှ မေးမြန်းမှုများအား ဝန်ကြီးချုပ် ဝမ်ကျားပေါင်က စနေနေ့တွင် ရှားရှားပါးပါး ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် အမေရိကန် အကြား ဖြစ်ပွားနေသော စီးပွားရေးနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကိုလည်း ' ဝမ် ' က အလေးပေး ပြောကြားခဲ့ပြီး အရေးယူမှုများ မလုပ်ဘဲ စေ့စပ် ညှိနှိုင်းခြင်း ဖြင့်သာ ဖြေရှင်းသင့်သည် ဟုလည်း ပြောဆိုလိုက်သည်။

ကမ္ဘာ့ အကြီးဆုံး အင်တာနက် သုံးစွဲသူ ပြည်သူများနှင့် ယခုကဲ့သို့ အွန်လိုင်းပေါ်မှ တွေ့ဆုံမှုကို တရုတ်ခေါင်းဆောင်များက ဂရုတစိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ နောင်နှစ်တွင်လည်း နောက်တစ်ကြိမ် ဆုံကြဦးမည်ဟု ' ဝမ် ' က ကတိပြုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.