Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Sai Zuan Sai, 1st March 2010

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ဟောင်ဆွန်နယ်တွင် နယ်စပ် ကုန်သွယ်ရေးဇုန် အသစ်တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း ချင်းမိုင် ကုန်သည်ကြီးများ အသင်း၏ အဆိုအရ သိရှိရသည်။

အဆိုပါ အစီအစဉ် အရ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ပထမဦးဆုံး ဖြစ်မည့် လေကြောင်းဖြင့် ကုန်သွယ်ရေး အစီအစဉ်လည်း ပါဝင်မည် ဖြစ်သည်။

အစိုးရ ကက်ဘိနက် အစည်းအဝေး အပြီးတွင် အခွန်ရုံးမှ ၈ဝ  ကီလိုမီတာ ဝေးသော Huay Tun Nung တွင် နယ်စပ် ကုန်သွယ်ရေး ဇုန်အသစ် တည်ထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ချင်းမိုင် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ  Narong Khum Prasad  က မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယခု နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ကုန်ပစ္စည်းများကို ကုန်းလမ်းမှ သယ်ယူရေး အပြင် လေကြောင်းမှ သယ်ယူပေးမည့် အစီအစဉ်ပါ ထည့်သွင်းထားသည်ဟု ဆိုသည်။ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် Air Bagan  က လေကြောင်း သယ်ယူပို့ဆောင်ရေးကို တာဝန်ယူမည် ဖြစ်သည်။

လေကြောင်းဖြင့် သယ်ယူခြင်းသည် နှစ်နိုင်ငံကြား ပထမဆုံး အစီအစဉ် ဖြစ်ပြီး၊  Air Bagan  က တာဝန်ယူမည် ဖြစ်ကြောင်း၊ ကုန်းလမ်းမှ သယ်ယူပို့ဆောင်ရေး အတွက်မူ နယ်စပ်မှ ပျဉ်းမနား အထိ အဝေးပြေး လမ်းမကြီး အသစ် တစ်ခုကို ၂၀၁၀ နှစ်ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည် ဖြစ်ကြောင်း  Narong Khum Prasad  က ဖြည့်စွက်ပြောကြားသည်။

အဝေးပြေး လမ်းမကြီး အသစ်သည် မယ်ဟောင်ဆွန်မှ စတင်ပြီး လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူ၊ ပြည် တို့ကို ဖြတ်ပြီး သံတွဲ အထိ ဖောက်လုပ်မည် ဖြစ်သည်။

ယခု ကုန်သွယ်မှုဇုန်၏ ရည်ရွယ်ချက်များမှာ နောက်ထပ် နယ်စပ် ကုန်သွယ်ရေးဇုန်များ ဖွင့်လှစ်ရန်၊ တရားမဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်ဆိုင်းသွားရန်၊ နယ်စပ်ဒေသများတွင် တည်ငြိမ်မှု ရရှိရန်၊ အခြေခံ အဆောက်အအုံများ တိုးတက်လာရန်နှင့် ကမ္ဘာလှည့် ခရီးသွား ကဏ္ဍ တိုးတက်လာရန် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း  UMFCCI ၏ အဆို အရ သိရှိရသည်။

နယ်စပ် ကုန်သွယ်ရေးဇုန် အသစ်သည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ( KNPP ) တာဝန်ယူနေသော ဧရိယာ အတွင်းတွင် ရှိသည်။

KNPP အတွင်းရေးမှူး (၁) Khu Oo Reh က ပြောကြားရာတွင် ကုန်သွယ်မှုဇုန် အသစ် ဖွင့်မည်ဆိုသော သတင်းမျိုးကို ယခင်ကလည်း ကြားခဲ့ဖူးကြောင်း၊ သို့သော် အမှန်တကယ် ဖြစ်လာသည်ကိုမူ မတွေ့ရကြောင်း ဆိုသည်။

''ဒီဧရိယာက ကုန်သွယ်ရေး လမ်းကြောင်းနဲ့ ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းတွေ မရှိတော့ မလွယ်ပါဘူး။ ကုန်သည် အသေးလေးတွေပဲ ရှိပါတယ်။ ကုန်သွယ်ရေးဇုန် အကြီးကြီး ဖြစ်ဖို့ဆိုရင် အချိန်ယူရလိမ့်မယ် ထင်တယ်'' ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများတွင် နယ်စပ် ကုန်သွယ်ရေး ဇုန်များ ဖွင့်လှစ်ခြင်းမှာ ထိုတိုင်းရင်းသား အဖွဲ့များနှင့်လည်း တစ်နည်းမဟုတ် တစ်နည်း ပါဝင် ပတ်သက်ရမည် ဖြစ်ကြောင်း  Khu Oo Reh  က ပြောသည်။

ဝေဖန်သူ အောင်သူငြိမ်းက ပြောကြားရာတွင် အာဏာပိုင်များသည် ကုန်းတွင်းပိတ် ဒေသဖြစ်သော မယ်ဟောင်ဆွန်ကို တိုးတက်စေရန် ကုန်သွယ်ရေးဇုန် ဖွင့်ရန် ဆုံးဖြတ်ခြင်း ဖြစ်မည် ထင်ကြောင်း သုံးသပ်သည်။

မြန်မာနိုင်ငံသို့ အဝတ်အထည်များ၊ ဖိနပ်များ၊ ကော်ဖီခွက်များ၊ တင်ပို့ရာတွင် တရားမဝင် လမ်းကြောင်းကို အသုံးပြုသဖြင့် သွင်းကုန် ထုတ်ကုန် စာရင်း ဇယား အတိအကျ မရရှိနိုင်ဟု ချင်းမိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

နယ်စပ် ကုန်သွယ်ရေးဇုန် အသစ် ဖွင့်ပါက ကုန်သွယ်မှု တန်ဖိုး ဘတ် (၁၀) ဘီလီယံ ခန့်ထိ ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS News, By Marwaan Macan Markar, 28th February 2010

          စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ရိုးရာဓလေ့နှင့် အမျိုးသား ဦးစားပေး အစဉ်အလာကြောင့် ယောက်ျားသားများကိုသာ ရွာသူကြီးအဖြစ် ခန့်အပ်လေ့ ရှိသည်။ သို့သော်လည်း ယခုအခါ မြန်မာပြည် အရှေ့ပိုင်း ကရင်ပြည်နယ်တွင် ၎င်းအစဉ်အလာ ပျက်ပြယ်နေပြီး မိန်းမသားများ ရွာသူကြီး ဖြစ်လာသော ဖြစ်ရပ်များ တိုးပွားလာသည်။

          "ရွာသူကြီး ဖြစ်လာတဲ့ ကရင်အမျိုးသမီးတွေ များလာပေမဲ့ အသိအမှတ် မပြုကြသေးဘူး" ဟု ပြောကြားသူမှာ ကရင်အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ် ပေးနေသော၊ အဖွဲ့ဝင် ၄၉၀၀၀ ကျော်ရှိ ကရင်အမျိုးသမီး အဖွဲ့ချုပ် KWO ၏ တွဲဖက်အတွင်းရေးမှူး Blooming Night Zan ဖြစ်ပါသည်။ "လိုအပ်ချက်အရ တာဝန်ယူကြတာ ဖြစ်လို့ နားလည် သဘောပေါက်ပေးဖို့ လိုပါတယ်" ဟုလည်း သူမက ဆိုသည်။

          ယခု ဖြစ်စဉ်အရ စစ်ပွဲကြောင့် ကြေမွနေသော ဒေသရှိ ကရင် အမျိုးသမီးများအပေါ် ရှုဒေါင့်အသစ်တစ်ခု တိုးလာခြင်းပင် ဖြစ်သည်ဟု ထိုင်းနိုင်ငံ မြောက်ပိုင်းမြို့တော်တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌ သူမက ထုတ်ဖော် ပြောကြားသည်။ "ပြည်တွင်းစစ် ဖြစ်နေတဲ့ နေရာမှာ မိန်းမတွေဟာ မြေဇာပင် သားကောင်တွေပဲလို့ လူတွေက မြင်နေကြပါတယ်။ ဒါပေမဲ့ အခု စိန်ခေါ်မှုတွေ ပြည့်နေတဲ့ ကျေးရွာခေါင်းဆောင် နေရာကို ယူထားကြတာ ကျွန်မတို့ တွေ့နေရပြီ" ဟု သူမက ပြောလိုက်သည်။

          "ရွာသူကြီး ရာထူးက မြန်မာစစ်တပ်နဲ့ ဆက်ဆံရတာ ဖြစ်တဲ့အတွက် ရဲရင့်ဖို့ အများကြီး လိုပါတယ်။ ကရင်အမျိုးသမီးတွေ ရွာသူကြီးအဖြစ် ထွက်ပေါ်လာတော့ ကရင်ရွာသားတွေ အံသြကြတယ်" ဟု Blooming Night Zan က ဆက်လက်ပြောကြားသည်။

          ကရင်သူပုန်များသည် မြန်မာကို တော်လှန်ရန် ၁၉၄၉ ကပင် စစ်တပ် ဖွဲ့စည်းခဲ့ကြပြီး၊ အာရှ တိုက်ရှိ အရှည်ကြာဆုံး ခွဲထွက်ရေးစစ်ပွဲ ဖြစ်ပွားနေရာ ဒေသမှ ကျား၊မ ခွဲခြားမှု ပြောင်းလဲသွားခြင်းကို မှတ်တမ်းတင်ခဲ့သော အစီရင်ခံစာကို လတ်တလော ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခ များစွာအနက် တစ်ခုဖြစ်သော ကရင်တော်လှန်ရေးသည် မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘဝမှ လွတ်မြောက်ပြီး တစ်နှစ်ခန့် အကြာတွင် စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၅ တွင် KNU ဌာနချုပ် ကျရှုံးပြီးနောက်ပိုင်း KNU ထိန်းချုပ်နယ်မြေ များစွာ ဆုံးရှုံးသွားခဲ့ပြီး မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး မြေနိမ့်ပိုင်း ဒေသများအထိ တပ်စွဲခဲ့သောကြောင့် ၎င်းနယ်မြေတွင်းရှိ ကျေးရွာများတွင် အမျိုးသမီး ရွာသူကြီးကို ခန့်အပ်လာကြခြင်း ဖြစ်သည်ဟု KWO က ထုတ်ဝေသော ၁၀၅ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသား အများစုမှာ ဇာတိရွာကို စွန့်ခွာ၍ ကရင်စစ်တပ်တွင်းသို့ ဝင်ရောက်ခြင်း (သို့မဟုတ်) မြန်မာစစ်တပ် နှိပ်စက်မည်ကို ကြောက်၍ ရွာသူကြီး မလုပ်လိုခြင်း စသော အချက်များကြောင့် လစ်ဟာသွားသော နေရာများတွင် ကရင်အမျိုးသမီးများက ဝင်ရောက် တာဝန် ယူလာကြခြင်း ဖြစ်သည်။

အမျိုးသား ရွာသူကြီးများကို မြန်မာစစ်တပ်က ဖိနှိပ်မှုမှာ ပိုမို ဆိုးဝါးလာသောကြောင့် စွန့်စွန့်စားစားဖြင့် ရွာသူကြီးလုပ်မည့် ယောက်ျားများ နည်းပါးလာပြီး အမျိုးသမီးများ ရွာသူကြီးလုပ်ရန် တောင်းဆိုမှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်ဟု "ဓားသွားများပေါ် လမ်းလျှောက်ခြင်း" အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အစီရင်ခံစာတွင် ဖော်ပြထားသော ပြောဆိုချက်များအရ အသက် ၂၅ နှစ်မှ ၈၂ နှစ် အတွင်းရှိ အမျိုးသမီး ရွာသူကြီးများအတွက် အကောင်းအဆိုးများ ရောထွေးလျက် ရှိသည်ဟု သိရသည်။ ၎င်းတို့အနက် အချို့မှာ မြန်မာစစ်တပ်က ကရင်တော်လှန်ရေးအပေါ် တိုးမြှင့် တိုက်ခိုက်လာသည့် ၁၉၈၀ ခုနှစ်များကပင် ရွာသူကြီး ဖြစ်ခဲ့သူများ ဖြစ်သည်။

"ကျွန်မ မိသားစုနဲ့ တခြား ရွာသားတွေက သူကြီး မလုပ်စေချင်ကြဘူး။ ဒါပေမဲ့ ကရင်လူမျိုးစုရဲ့ အနာဂတ်အတွက် စဉ်းစားပြီး ရွေးချယ်ခဲ့တာပါ" ဟု အမျိုးသမီး ရွာသူကြီးတစ်ဦးက ပြောကြားသည်။ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားနှင့် အန္တရာယ်ကို မငဲ့ကွက်ဘဲ လူမျိုးစုကို ကာကွယ်ရန် အံ့အားသင့်ဖွယ် ဆုံးဖြတ် လုပ်ကိုင်နိုင်ခဲ့ကြသည်ဟု KWO ၏ အစီရင်ခံစာတွင် ဂုဏ်ပြု ဖော်ပြထားသည်။

"သူက ၁၉၈၅ ကတည်းက သူကြီးလုပ်ခဲ့တာ ဆိုတော့ အနှစ် ၂၀ ကျော်ပါပြီ၊ ရွာသားတွေ အတွက် ခုခံ ကာကွယ်ပေးခဲ့တာကြောင့် လူတွေအားလုံးက ချစ်ကြတယ်" ဟု နောက်တစ်ဦးက ပြောကြားသည်။

သို့သော်လည်း နှိပ်စက် ညှင်းပန်းခြင်း၊ မတရားခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း စသော လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများကြောင့် နာမည်ကြီးသည့် မြန်မာစစ်တပ်၏ မတရား ဆက်ဆံမှုများကို ရွာသူကြီးအဖြစ် တာဝန်ယူသူ အနေဖြင့် ကြုံတွေ့ရသည်ဟု ဆိုသည်။

"စစ်သားတွေက ရိုက်တယ်၊ နှိပ်စက်တယ်၊ ကန်တယ်၊ ကြိုးနဲ့တုပ်ပြီး တုတ်ကျိုးအောင် ရိုက်တယ်၊ အမှောင်ခန်းထဲမှာ ၂ ရက်လောက် ပိတ်ထားတယ်" ဟု အင်တာဗျူး လုပ်ခဲ့သော ရွာသူကြီး ၉၅ ယောက်က ပြောကြားကြောင်း အစီရင်ခံစာတွင် ထုတ်ဖော် တင်ပြထားသည်။

နောက်တစ်ဦးက သူမ၏ အတွင်းရေးကို ထုတ်ဖော် ပြောကြားရာတွင် "ကျွန်မ ရွာသူကြီး လုပ်တုန်းက စစ်တပ်က အတင်းခေါ်သွားတယ်။ ကြိုးနဲ့တုပ်ပြီး တွဲလောင်း ဆွဲထားတယ်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ အချိန်ကျမှ မုဒိန်းကျင့်ကြတယ်" ဟုဆိုသည်။ "စစ်သားတွေအတွက် ပျော်တော်ဆက် အမျိုးသမီးတွေ ရှာပေးဖို့ အတင်းအကြပ် ခိုင်းတဲ့အခါ သုံးတဲ့ နည်းလမ်းတစ်ခုပါ" ဟု သူမက ရှင်းပြသည်။

မတရား ဖိနှိပ်မှုများကို ခံစားကြရသော်လည်း ကရင်အမျိုးသမီးတို့မှာ ယောက်ျားများကဲ့သို့ ငြိမ်၍ မခံကြပါ။ မြန်မာစစ်သားများအား ပြန်လည် အော်ငေါက်ခြင်းဖြင့် သူတို့၏ ဒေါသကို ပြသကြသည်။ ဤကဲ့သို့သော ဖြစ်ရပ်များမှာ အခြား ခွဲထွက်ရေးစစ်ပွဲ ဖြစ်ပွားနေသော ရှမ်းပြည်နယ်တွင်လည်း အလားတူ ဖြစ်ပွားနေကြောင်း သိရှိရသည်။

"အခုလို ဆိုးဝါးတဲ့ အနေအထားမျိုးမှာ ရွာသူကြီး လုပ်နေတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရွာကို အပြင်းအထန် ခုခံကာကွယ်ပေးကြပါတယ်" ဟု ပြောကြားသူမှာ ရှမ်းအမျိုးသမီး လှုပ်ရှားမှု ကွန်ရက် SWAN ကို ဖွဲ့စည်းသူ ချမ်းတုန် ဖြစ်သည်။ "သူတို့ရဲ့ ရွာသားတွေကို ကာကွယ်ဖို့ စစ်သားတွေကို ရဲရဲဝံ့ဝံ့ ပြန်ပြောရဲတဲ့ သတ္တိရှိသူတွေ" ဟုလည်း သူမက ချီးကျူးပါသည်။

ဤသည်မှာ မြန်မာစစ်တပ်က "မြေလှန်ပစ်ရေး" မူဝါဒကို ကျင့်သုံးနေသော ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသတွင် နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ခြင်း၏ ရလဒ် ဖြစ်သည်ဟု ချမ်းတုန်က IPS သို့ ပြောကြားသည်။ "အမျိုးသမီးတွေဟာ အားနွဲ့သူတွေလို့ ထင်နေကြတဲ့ အစဉ်အလာ ထုံးစံကနေ လမ်းခွဲထွက်ပြတဲ့ ရလဒ်တစ်ခုပါ" ဟုလည်း သူမက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေး လိုလားသော ရှမ်းနှင့် ကရင်တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် ပြည်တွင်းစစ်အတွင်းမှ အမျိုးသမီးများ၏ ကံကြမ္မာကို မီးမောင်းထိုးပြသော KWO ၏ ယခု နောက်ဆုံး အစီရင်ခံစာမှာ တတိယမြောက် အစီရင်ခံစာ ဖြစ်သည်။ လွန်ခဲ့သော ၁၅ နှစ်အတွင်း အဆိုပါ ဒေသများတွင် ကျေးရွာပေါင်း ၃၅၀၀ ကျော် ဖျက်ဆီးခံရသည်ဟုလည်း သိရှိရသည်။

မြန်မာ ပြည်တွင်းစစ်အတွင်း ဖျက်ဆီးခံရသော ကျေးရွာ အရေအတွက်မှာ ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သော အရေအတွက်ထက် ကျော်လွန်သွားသောကြောင့် KWO နှင့် အခြား လူ့အခွင့်အရေး အဖွဲ့များက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား စစ်ရာဇဝတ်မှု ကော်မရှင် ဖွဲ့စည်း၍ မြန်မာနိုင်ငံမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်သည်။

တရုတ်နှင့် ထိုင်းနယ်စပ် အနီးရှိ မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် လူပေါင်း ၅၀၀၀၀၀ ခန့်မှာ နေအိမ်များမှ မောင်းထုတ် ဖယ်ရှားခြင်း ခံခဲ့ရသည်။ ၎င်းတို့အနက် မိန်းကလေးငယ် များနှင့် အမျိုးသမီးများမှာ မြန်မာစစ်သားများ၏ မုဒိန်းမှု ကျူးလွန်ခြင်းကို ခံကြရပြီး ယင်းနည်းလမ်းကို မြန်မာ စစ်တပ်က စစ်ပွဲ၏ လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်ဟု SWAN က ၂၀၀၂ က ထုတ်ပြန်သော "မုဒိန်းကျင့်ခွင့် လိုင်စင်" အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.energy-pedia.com, 2nd March, 2010

          မလေးရှားနိုင်ငံ၏ Petronas Carigali Oversea နှင့် စင်္ကာပူ၏ UNOG တို့သည် မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းလွန် အကွက်များ ဖြစ်သော MD – 4 ၊ MD – 5 နှင့် MD – 6 တို့တွင် ထုတ်လုပ်မှု မျှဝေ စာချုပ် (Production Sharing Contracts PSCs) ချုပ်ဆိုခဲ့ကြသည်။ အဆိုပါ အကွက်များသည် ရန်ကုန်၏ တောင်ဖက် မုတ္တမ ပင်လယ်ကွေ့တွင် ရှိသည်။

          မြန်မာနိုင်ငံ၏ အခြား အကွက် ၂၅ ကွက်တွင်လည်း ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်။ အဆိုပါ အကွက်များမှာ မုတ္တမ ပင်လယ်ကွေ့တွင် ၁၂ ကွက်၊ တနင်္သာရီ ကမ်းရိုးတန်းတွင် ၆ ကွက်၊ ရခိုင်ကမ်းရိုးတန်းတွင် ၇ ကွက် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.flightglobal.com, By Leithen Francis, 2nd March 2010

VIP ခရီးစဉ်နှင့် ခရီးသည် ပို့ဆောင်ရေးတွင် အသုံးပြုရန် မြန်မာအစိုးရက ပြည်တွင်း လေကြောင်းသုံး Antonov An-148 ဂျက်လေယာဉ် ၂ စီး မှာယူသော အော်ဒါကို ILyushin Finance (အီးလူးရှင်း ကုမ္ပဏီ) က လက်ခံ ရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် အိမ်နီးချင်း လာအိုနိုင်ငံ ကဲ့သို့ပင် ပိုမို သေးငယ်သော ပန်ကာဒလက် အင်ဂျင် နှစ်လုံးတပ် An-140 လေယာဉ်ကို ဝယ်ယူရန်လည်း မြန်မာက ဆွေးနွေးနေသည်ဟု ဆိုသည်။

          ယခုနှစ်အတွင်း ပေးပို့ရန် မှာယူထားသော An-148 လေယာဉ်များမှာ စာရင်းပြည့်သွားပြီ ဖြစ်သည်ဟု Antonov က ပြောကြားလိုက်ပြီး အဆိုပါ An-148 လေယာဉ်များကို ၂၀၁၁ နောက်ပိုင်းတွင် ထုတ်လုပ်တော့မည် မဟုတ်ဟုလည်း ဆိုသည်။

          An-140 လေယာဉ် သုံးစင်း ရောင်းချပေးရန် လာအို အစိုးရနှင့်လည်း ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ယူကရိန်းမှ လေယာဉ် ထုတ်လုပ်သူများက အတည်ပြုခဲ့ပြီး စာချုပ်ချုပ်ဆိုရခြင်း မရှိသေးဟုလည်း ပြောကြားသည်။

          VIP ခရီးစဉ်သုံး An-74 TK–300D ပြည်တွင်းသုံး ဂျက်လေယာဉ်ကို ၂၀၀၉ အောက်တိုဘာတွင် လာအိုသို့ ပို့ဆောင်မည် ဖြစ်ပြီး An-74 အသုံးပြုသော အစိုးရများတွင် အီဂျစ်နှင့် လစ်ဗျားလည်း ပါဝင်သည်ဟု Antonov က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 2nd March 2010

          မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် ဆိပ်ကမ်းအသစ်များ ဆောက်လုပ်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်နေမှုအပေါ် မှတ်ချက်ပေးရန် ဟောင်ကောင် အခြေစိုက် Hutchison Port Holdings က ငြင်းဆိုလိုက်သည်။

          နိုင်ငံပိုင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရန်ကုန်နယ်မြေအတွင်းရှိ ဆိပ်ကမ်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်မည့် အစီအစဉ်များကို ကြေညာခဲ့သည်။ ကုန်သွယ်ရေး မြို့တော် ရန်ကုန်နှင့် ၂၅ ကီလိုမီတာ အကွာရှိ သီလဝါ ဆိပ်ကမ်းကို Hutchison ကုမ္ပဏီက လုပ်ကိုင်နှင့်ပြီး ဖြစ်သည်။

          Hutchison သည် ဟောင်ကောင် ဘီလျံနာ လီကာရှင်း ပိုင်ဆိုင်သော စီးပွားရေး အင်ပါယာတွင်းမှ လုပ်ငန်းတစ်ခု ဖြစ်ပြီး အာရှ၊ ဥရောပ တလွှားတွင် ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည်။

          ကမ္ဘာတလွှားရှိ အခြား Hutchison ဆိပ်ကမ်းများနှင့် နှိုင်းယှဉ်လျှင် ၇၅ ဟက်တာ ကျယ်ဝန်းသော သီလဝါဆိပ်ကမ်းမှာ ဝန်ဆောင်မှု၊ အကန့်အသတ် ရှိသော အလယ်အလတ် ဆိပ်ကမ်းတစ်ခုသာ ဖြစ်သည်။

          သီလဝါနှင့် ကပ်လျက်နေရာတွင် စီးပွားရေးဇုန်တစ်ခု အကောင်အထည် ဖော်ရန် အစိုးရက ယခင်ကပင် အဆိုပြုထားသည်။

          သီလဝါဆိပ်ကမ်းမှ လွဲ၍ မြန်မာ့ပင်လယ် ဆိပ်ကမ်းများသည် ရင်းနှီးမြှုပ်နှံရန် ဆိုးဝါးသော နေရာများအဖြစ် ဗြိတိန် ကုန်သွယ်ရေကြောင်းမှ လွှင်တင်ထားသော ပင်လယ်ရေကြောင်း ဝက်ဘ်ဆိုက်တွင် တင်ပြ ဆွေးနွေးထားသည်။

          Hutchison သည် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းသစ်များ တိုးချဲ့ရန် စာချုပ် ချုပ်ဆိုလိမ့်မည်ဟု ကုန်သွယ်ရေး မီဒီယာများက ထင်ကြေးပေးနေကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 2nd March 2010

ဥရောပ သမဂ္ဂ (EU) သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံနှင့် သဘောမတူညီမှုများကို ရှောင်ရှားသည့် အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကိစ္စကို စင်္ကာပူနိုင်ငံနှင့် သီးခြား ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်သည်။

EU သည် အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သော အာဆီယံနှင့် FTA ကိစ္စကို ၂၀၀၇ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့ပါသည်။ ယင်းကဲ့သို့ ဆွေးနွေးမှုများကို အာဆီယံတို့က တရုတ်တို့နှင့်လည်း ဆွေးနွေး၍ သဘောတူညီမှုများ ရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် EU က မြန်မာနိုင်ငံကို ၎င်း၏ လူ့အခွင့်အရေး ကိစ္စများကြောင့် ဆွေးနွေးပွဲတွင် ပါဝင်ရန် ငြင်းပယ်ခဲ့သည့်အတွက် ဆွေးနွေးမှုမှာ စုန်းစုန်း မြုပ်သွားခဲ့ရသည်။

သုံးသပ်သူများက EU သည် တစ်ချိန်တည်းတွင် အခြား နိုင်ငံများက အာဆီယံနှင့် FTA သဘောတူညီမှုများ ရရှိပြီး ဖြစ်သည်ကို တွေ့ရှိနေရသည် ဖြစ်ရာ ဘရပ်ဆဲမြို့ရှိ ဥရောပ ကော်မရှင်က ဥရောပ ကုန်သွယ်ရေး နောက်ကောက်ကျနေမည်ကို စိုးရိမ်နေလိမ့်မည်ဟု မှတ်ချက်ပြုကြသည်။

အာဆီယံသည် EU အတွက် အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် တတိယ အကြီးဆုံး ကုန်သွယ်မှု ပါတနာ ဖြစ်သည်။

စင်္ကာပူနိုင်ငံသည် အာဆီယံ အဖွဲ့ အတွင်း EU နှင့် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။

၂ဝဝ၉ ခုနှစ်ကုန်တွင် တစ်နှစ်တာ စင်္ကာပူနှင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၇၅) ဘီလီယံ ရှိကြောင်း EU က ပြောသည်။

အာဆီယံနှင့် သဘောတူညီမှု ရရှိရေး ဖြစ်သည့် မိမိတို့၏ ရည်မှန်းချက်ကို မျက်ခြေ မပြတ်စေရန် အလို့ငှာ အရေးကြီးသော အာဆီယံဒေသနှင့် ပြန်လည် ဆက်ဆံ၍ ရှေ့ဆက်နိုင်မည့် မည်သည့် ဆုံးဖြတ်ချက်ကို မဆို မိမိအနေဖြင့် ကြိုဆိုကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီနှင့် သီးခြားစီ ဆွေးနွေး၍ ပြန်လည် ဆက်ဆံရေးကို ထူထောင်သွားလိုကြောင်း EU ကုန်သွယ်ရေး ကော်မရှင်နာ Benita Ferrero-Waldner က ပြောသည်။ သူမက မြန်မာနိုင်ငံကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိပေ။

မကြာသေးမီက အာဆီယံသည် FTA သဘောတူညီမှုကို တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် သြစတြေးလျ တို့ဖြင့် လက်မှတ် ရေးထိုးပြီး ဖြစ်ကာ အိန္ဒိယနှင့် ညှိနှိုင်းနေပြီ ဖြစ်သည်။

သို့သော် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က အာဆီယံနှင့် ဘရပ်ဆဲတို့၏ ဆွေးနွေးမှုကို ဖော်ပြရာ၌ ဆွေးနွေးမှုမှာ ရှုပ်ထွေးမှုများကြောင့် ခက်ခဲသော်လည်း စိတ်လှုပ်ရှား ပျော်ရွှင်ရပါကြောင်း ပြောကြားခဲ့သည်။

EU ကော်မရှင်နာသည် ယခု အပတ်တွင် စင်္ကာပူနိုင်ငံ၌ ကုန်သွယ်ရေးကိစ္စ စတင် စကားပြောမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Earthtimes.com, 2nd March 2010

          မြန်မာနိုင်ငံမှ သနားစရာ ပြည်သူများအား ယခုနှစ် အတွက် လူသားချင်း စာနာသော အကူအညီအနေဖြင့် ယူရို ၁၇.၂၅ သန်း (ဒေါ်လာ ၂၃.၄ သန်း) ခွဲဝေ လှူဒါန်းမည်ဟု ဥရောပ သမဂ္ဂ က အင်္ဂါနေ့တွင် ကြေညာသည်။

          ဥရောပ ကော်မရှင် လူသားချင်း စာနာသော အကူအညီဌာန ECHO မှတဆင့် ကူညီထောက်ပံ့ သွားမည့် ရန်ပုံငွေများသည် မြန်မာနိုင်ငံ နယ်စပ်၊ ရှေ့တန်း စစ်မြေပြင်ရှိ တိုင်းရင်းသား လူမျိုးများနှင့် ထိုင်းနိုင်ငံ စခန်းများရှိ ဒုက္ခသည်များထံ အများဆုံး ရောက်ရှိမည်ဟု ဘန်ကောက် အီးယူရုံးက ပြောကြားသည်။

          ဝေးလံသော နယ်စပ်ဒေသများတွင် နေထိုင်သည့် သနားစရာ ပြည်သူများအနေဖြင့် အရေးပေါ် အကူအညီများ အဆက်မပြတ် လိုအပ်နေသည်ဟု ပြောကြားသူမှာ ဘန်ကောက်မှ အီးယူ သံအမတ်ကြီး David Lipman ဖြစ်သည်။

          "မြန်မာနိုင်ငံတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ ECHO ရဲ့ ရည်မှန်းချက်က လူသားချင်း စာနာထောက်ထားရေးကို အခြေခံပြီး အန္တရာယ်ကြားက ပြည်သူတွေရဲ့ အလိုအပ်ဆုံး အရာတွေကို ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

          ရန်ပုံငွေထဲမှ ယူရို ၉.၂၅ သန်းကို မြန်မာနိုင်ငံထဲမှ ရခိုင်၊ ရှမ်း၊ မွန်၊ ကယား၊ ကရင် နှင့် တနင်္သာရီဒေသ စသော ဝေးလံခက်ခဲသည့် ရှေ့တန်း ကျေးလက်ဒေသများရှိ ကျန်းမာရေးနှင့် စားနပ်ရိက္ခာ အစီအစဉ်များသို့ ခွဲဝေပေးမည် ဖြစ်၍ ယခု အကူအညီမှ ပြည်သူပေါင်း ၁.၂ သန်းခန့် တိုက်ရိုက် အကျိုးခံစားရမည်ဟု ခန့်မှန်းထားသည်။

          ကျန်ယူရို ၈ သန်းမှာ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများရှိ ကရင်ဒုက္ခသည် ၁၅၀,၀၀၀ ထံ ရောက်ရှိမည်ဟုလည်း သိရသည်။

          အီးယူက ယခုကဲ့သို့ ကယ်ဆယ်ရေး အစီအစဉ်များ ထောက်ပံ့နေသော မြန်မာနိုင်ငံသည် ၁၉၉၄ ကပင် အနောက် ဒီမိုကရေစီ နိုင်ငံများက ပစ်ပယ်ထားသော နိုင်ငံတစ်ခု ဖြစ်သည်။

          စစ်ဖက်က အုပ်ချုပ်နေသော နိုင်ငံအတွင်း အီးယူ၏ လူသားချင်း စာနာသော အကူအညီများ ထောက်ပံ့ ဆောင်ရွက်ရန် ၂၀၀၅ အောက်တိုဘာတွင် ရန်ကုန်ရုံးကို ECHO က ဖွင့်လှစ်ခဲ့သည်။

          ၁၉၈၈ ခု ဒီမိုကရေစီ လှုပ်ရှားမှုများကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းဖြိုခွဲမှုကြောင့် လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီးနောက် အနောက်နိုင်ငံများ၏ အထောက်အပံ့၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ အပေါ် အရေးယူ ပိတ်ဆို့ခြင်းများနှင့် မြန်မာနိုင်ငံက ရင်ဆိုင်ခဲ့ရသည်။

          ထို့နောက် ၂၀၀၈ မေလတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၌ လူပေါင်း ၁၄၀,၀၀၀ ခန့် သေကျေ ပျောက်ဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုန်း တိုက်ခတ်အပြီး အသက်ရှင် ကျန်ရစ်သူများကို အရေးပေါ် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ၂၀၀၈ မှ ၂၀၀၉ အတွင်း အီးယူက ယူရို ၃၉ သန်း ကူညီခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.