Transparency Myanmar

transparency.myanmar@gmail.com

        အလုံမြို့နယ်ရှိ အေးရှားဝေါလ် (Asia World) ဆိပ်ကမ်းအား ယခုနှစ်အတွင်း နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီအောင် တိုးချဲ့မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အေးရှားဝေါလ် ဆိပ်ကမ်းကို ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (စတီဗင်လော ဟုလည်းခေါ်သူ) ပိုင်ဆိုင်ပြီး ၎င်းသည် စစ်အစိုးရ နှင့် အနီးကပ် စီးပွားရေး လုပ်ကိုင် နေမှုကြောင့် အမေရိကန် အစိုးရ၏ ပိတ်ဆို့ အရေးယူခြင်းခံ ရသူများ စာရင်းတွင် ပါဝင်သူဖြစ်ပါသည်။

ဦးထွန်းမြင့်နိုင် လည်ပတ်လုပ်ကိုင်လျက်ရှိသော  အဆိုပါ ဆိပ်ကမ်းကို "အလုံဂျက်တီ" ဟု လူသိများပြီး အဆိုပါဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုအတွက် အရေးပါသော စင်တာ တစ်ခုသဖွယ် ဖြစ်နေသည်။

"ကျွန်တော်တို့ ကြားသိရသလောက်တော့ အေးရှားဝေါလ် ဆိပ်ကမ်းကို ကြည့်မြင်တိုင်မြို့ နယ်အထိ တိုးချဲ့လိမ့်မယ်။ အေးရှားဝေါလ် အဆင့်မြှင့်တင်ဖို့အတွက် စုစုပေါင်း ကျပ်ငွေ ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၄၀)  လောက်ကုန်ကျလိမ့်မယ်" ဟု အေးရှားဝေါလ် နှင့် နီးစပ်သော သတင်းရင်းမြစ်က Mizzima ကို ပြောပါသည်။

မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အဆိုအရ ဦးထွန်းမြင့်နိုင်သည် စစ်အစိုးရ၏ အရေးပါသော စီးပွားရေး မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ခံ ထားရပါသည်။

Mizzima သတင်းဌာနက အဆိုပါ ဆိပ်ကမ်း တိုးချဲ့ မြှင့်တင်သည့် ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်၏ အမြင်ကို သိရှိရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု တစုံတရာမရရှိခဲ့ပေ။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ အေးရှားဝေါလ် ဆိပ်ကမ်းတိုးချဲ့ ဆောက်လုပ်ရန် စီစဉ်ခြင်းသည် သစ်၊ ဘိလပ်မြေနှင့် အခြားသော ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းများ၊ တင်ပို့မှုများ ကောင်းမွန်စွာ ပြုလုပ်နိုင်ရန် ဖြစ်သည်ဟု အပေါ်ယံ သဘောဆန်သော
အဖြေသာ ရရှိခဲ့ပါသည်။

အဆိုပါ ဆိပ်ကမ်းနှင့် လွန်စွာနီးကပ်လျက်ရှိသော နာမည်ကျော် သီရိမင်္ဂလာဈေးမှ ဈေးဆိုင် ပိုင်ရှင်တစ်ဦးအား မေးမြန်းကြည့်ရာ ၎င်းက "ကျွန်တော်ဒီဈေးမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းချ လာတာ ငါးနှစ်ရှိပါပြီ။ အထိုင်လည်းကျနေပြီ။ အခု စည်ပင်ရုံးက စာရေးတစ်ယောက်က ဒီဈေးကို နေရာသစ်တစ်ခုကို ရွှေ့ပြောင်းတော့မယ်လို့ လာပြောပါတယ်။ ဘယ်နေရာကို ပြောင်းရွှေ့မယ် ဆိုတာတော့ မသိသေးပါဘူး။ နောက်ပြီးတော့ အဲဒီစည်ပင် စာရေးက ပြောသွားသေးတယ် ဈေးသစ်မှာ ဆိုင်ခန်းရချင်ရင် ပိုက်ဆံ ထပ်သွင်းရမယ်တဲ့။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းကို မသိပါဘူး" ဟု ပြောကြားပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦး၏ ပြောဆိုမှုမှာ အဆိုပါ ဈေးဆိုင်ပိုင်ရှင်နှင့် ကွဲပြားခြားနားပါသည်။ ဈေးဆိုင်ပိုင်ရှင်များ အနေဖြင့် ရွှေ့ပြောင်းရန် လိုမည် မဟုတ်ကြောင်း၊ အကြောင်းမှာ သီရိမင်္ဂလာဈေး ဖျက်မည်ဟူသော တရားဝင် အမိန့်ကြေညာစာ တစ်စောင်မျှ မထုတ်ပြန်သောကြောင့် ဖြစ်ကြောင်း အဆိုပါ စည်ပင်အရာ ရှိက ပြောပါသည်။

အေးရှားဝေါလ် ဆိပ်ကမ်းပိုင်ရှင် ဦးထွန်းမြင့်နိုင်သည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပါဝင် ယှဉ်ပြိုင်လျှက်ရှိသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ကချင်ပြည်နယ်တွင်လည်း ရွှေတွင်း အမြောက်အများ ပိုင်ဆိုင်လုပ်ကိုင် နေသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူများသည် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာလာသော နိုင်ငံကူး သင်္ဘောတစ်စီး ပေါ်မှ ဘိန်းဖြူ ၂၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါသည်။

Mizzima သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Burma News International, 5-Mar-2010

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရခိုင်ပြည်နယ် ဘူးသီးတောင်သို့ လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများ လေ့လာရန် လာရောက်စဉ်က စကားပြောရန် ကြိုးစားသူ ရိုဟင်ဂျာ လူမျိုး တစ်ဦးမှာ ဖမ်းခံရပြီး ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း ကာယကံရှင်၏ ဆွေမျိုး တစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၈ နှစ် ရှိ ကျော်မောင် (ခေါ်) Nurul Haque  ဖြစ်ပြီး ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါသည်။ ၎င်းသည် စစ်ထောက်လှမ်းရေး အတွက် လည်းကောင်း၊ နစက အတွက် လည်းကောင်း၊ အလုပ် အများကြီး လုပ်ပေးခဲ့သူ ဖြစ်ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်အား စကားပြောရန် ကြိုးစားသောကြောင့် ၎င်းအား မတ်လ (၁) ရက်နေ့ နံနက်(၉) နာရီခန့်တွင် ဘူးသီးတောင် ရဲစခန်းမှ သူ၏ နေအိမ်တွင် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးပြီးနောက် ၎င်းအား ဘူးသီးတောင် ရဲစခန်းသို့ ခေါ်သွားပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ကြောင်း သိရှိရပါသည်။ နောက်ဆုံးတွင် ၎င်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ သွားရောက်မှုဖြင့် တရားစွဲဆိုခဲ့ပါသည်။ ယမန်နေ့က ဘူးသီးတောင် တရားရုံးမှ ၎င်းအား ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ပြီး ဒဏ်ငွေကျပ် သုံးသိန်းလည်း ချမှတ်ခံရကြောင်း ၎င်း၏ ရင်းနှီးသော သူငယ်ချင်း တစ်ဦးက ပြောပါသည်။

Quintana ဘူးသီးတောင် သို့ လာရောက်စဉ်က ဘူးသီးတောင် ထောင်နှင့် ဆေးရုံတို့ သို့သွားရောက်ကြည့်ရှုခဲ့ပါသည်။ ဘူးသီးတောင် မြို့နယ် မယကရုံးတွင် Quintana သည် ဘူးသီးတောင်မှ ရိုဟင်ဂျာ လေးဦး၊ မောင်းတောမှ ရိုဟင်ဂျာ လေးဦး တို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ထိုသို့ တွေ့ဆုံချိန်တွင် ဘူးသီးတောင်မြို့နယ် မဝတဥက္ကဋ္ဌနှင့် ထောက်လှမ်းရေးမှ အရာရှိများ တက်ရောက်ကြပါသည်။ ထို့ကြောင့် လာရောက်တွေ့ဆုံကြသော ရိုဟင်ဂျာများသည် အာဏာပိုင်များကို ကြောက်သောကြောင့် အဖြစ်မှန်များကို မပြောရဲကြပေ။ သို့သော် ကုလသမဂ္ဂ ကိုယ်စားလှယ်သည် အဆိုပါ ရိုဟင်ဂျာများအား လိမ္မာပါးနပ်စွာ မေးခွန်းများ မေးခဲ့ပါသည်။

'' ထောက်လှမ်းရေးက အရာရှိတွေ ပတ်လည်မှာ ဝိုင်းနေတော့ ကုလသမဂ္ဂ ကိုယ်စားလှယ် အနေနဲ့ ရိုဟင်ဂျာတွေကို မေးခွန်းတစ်ခုခု မေးဖို့ မလွယ်လှပါဘူး '' ဟု ဘူးသီးတောင်မှ ကုန်သည် တစ်ဦးက ပြောပါသည်။

အဆိုပါ ရိုဟင်ဂျာများသည် ကုလမဂ္ဂ ကိုယ်စားလှယ် ပြန်သွားပြီးနောက် စကားမှား ပြောမိ၍ ဖမ်းခံရမည်ကို ရင်တထိတ်ထိတ်နှင့် အိမ်တွင် နေကြရကြောင်း၊ သို့တိုင်အောင် ၎င်းတို့သည် အစိုးရ၏လူများ ဖြစ်ကြောင်း၊ အခြား လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

Quintana မလာမီ တစ်ရက်က ထောက်လှမ်းရေး နှင့် ရဲမှ ပုဂ္ဂိုလ်များကို ထောင်သား အသွင် ဝတ်လျက် ဘူးသီးတောင် ထောင်ထဲသို့ လွှတ်ထားခဲ့ပြီး၊ ထောင်သားများထံမှ အစိုးရ ဆန့်ကျင်ရေး စကားများ ကုလသမဂ္ဂ ကိုယ်စားလှယ်သို့ ပြောသူအား စောင့်ကြည့်ရန် တာဝန်ပေးခဲ့ကြောင်း နစက အတွက် လုပ်ပေးရသူတစ်ဦးက ပြောပါသည်။

Quintana သည် နေပြည်တော်တွင် အစိုးရ၏ အဓိက ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ငါးရက်ကြာ နေထိုင်စဉ် အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင် သို့ သွားရောက်ခဲ့ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများအား ကြည့်ရှုရန် လာရောက်ခြင်း ဖြစ်ပါသည်။

၎င်း၏ ခရီးစဉ် အတွင်း ၎င်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့သလို၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ၎င်းအား တွေ့ဆုံခြင်း မရှိ ခဲ့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 7-Mar-2010

အရှေ့ အာဖရိက ကမ်းလွန်တွင် နော်ဝေး ကုမ္ပဏီပိုင် ဓာတု ပစ္စည်းတင် သင်္ဘော အပိုင်စီး ခံရမှုကို ဥရောပကမဂ္ဂ ပင်လယ် ဓားပြနှိမ်နှင်းရေး မစ်ရှင်က ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ၂၁ ဦးပါ သင်္ဘောသား အဖွဲ့မှာ အားလုံး မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ပြောကြားပါသည်။

သောကြာနေ့က မဒါဂါ စကားနိုင်ငံ ကမ်းလွန်တွင် ဓာတုပစ္စည်းတင် UBT Ocean သင်္ဘော အပိုင်စီးခံရသည်ဟု သင်္ဘောပိုင်ရှင် နော်ဝေး ကုမ္ပဏီ  Brovictank  က ပြောကြားခဲ့ပြီး ယခု အခါ သင်္ဘောသည် မြောက်ဖက်သို့ ဦးလှည့်ကာ ဆိုမာလီယာသို့ ခုတ်မောင်းနေသည်ဟု ဆိုပါသည်။

UBT Ocean သင်္ဘောအဖွဲ့သား ၂၁ဦး စလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ လက်ရှိ အနေအထားကို မိမိတို့ စောင့်ကြည့်နေသည်ဟု ဥရောပ သမဂ္ဂ  NAVFOR  မစ်ရှင်က ပြောကြားသည်။

မာရှယ်ကျွန်းစု အလံတင်ထားသော သင်္ဘောသည် ယူအေအီးနိုင်ငံ ဖူဂျိုင်ရာမှ တန်ဇန်နီးယား မြို့တော် ဒါအက်ဆာလမ် သို့ ခုတ်မောင်းနေစဉ် အပိုင်စီးခံရခြင်း ဖြစ်သည်။

ပင်လယ် ဓားပြများ ပုံမှန် ကျက်စားရာ ဇုံ၏ တောင်ဖက် အနီးမှ လမ်းကြောင်း ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု Brovictank ဒါရိုက်တာ Sveen Pedersen က သောကြာနေ့တွင် ပြောကြားသည်။

သင်္ဘောနှင့် အဆက်အသွယ် ရရန် ကြိုးစားနေသော်လည်း ပင်လယ်ဓားပြများ စီးနင်းပြီး နောက်ပိုင်း မည်သည့် စကားမျှ လက်ခံရရှိခြင်း မရှိဟု စင်္ကာပူ အခြေစိုက် သင်္ဘောလိုင်းက မနေ့က ပြောဆိုသည်။

အဆက်အသွယ် ရနိုင်ဘို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ သင်္ဘာသားတွေ လုံခြုံရေး၊ ဘေးကင်းရေးကို အဓိက စိတ်ပူနေပါတယ်ဟု စင်္ကာပူ သင်္ဘောလိုင်း Nautictank Pte Ltd ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

သင်္ဘောနဲ့၊ ကပ္ပတိန်နဲ့၊ ပင်လယ်ဓားပြတွေနဲ့ ဘယ်သူနဲ့မှ အဆက်အသွယ်မရသေးပါဘူးဟု ပြောရေးဆိုခွင့်ရှိသူ Edword Ion ကပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 6th Mar 2010

ဒေသခံ စစ်တပ် အာဏာပိုင်များက ပြည်သူ့စစ်အဖွဲ့သို့ အတင်းဝင်ခိုင်းမှုကြောင့် မြန်မာပြည် တောင်ပိုင်း မွန်ပြည်နယ်မှ လူ ၁၀၀ ခန့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဝင်ပြေးခဲ့ကြကြောင်း မွန် လူသားချင်း စာနာရေး ဝန်ထမ်းများ၏ ပြောကြားမှုအရ သိရှိရသည်။

ပြည်သူ့စစ် အဖွဲ့ဝင်များ အတင်းအကြပ် စုဆောင်းနေမှုကို ရှောင်ရှားရန် အတွက် မွန်ပြည်နယ်တွင်းရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ လူအတော်များများ ဆက်တိုက် ထွက်ပြေးနေသည်ဟု မွန်ကယ်တင်ခြင်းအဖွဲ့ အတွင်းရေးမှူး ဇော်မင်းဦးက သောကြာနေ့တွင် မဉ္ဇိမသို့ ပြောကြားသည်။

ရွာသားတွေကို ပြည်သူ့စစ်ထဲ အတင်းဝင်ခိုင်းတယ်။ မဝင်ရင် လစဉ်ကြေး ၇ သောင်းကျပ် ပေးရမယ်လို့ တောင်းတယ်။ ဒီတော့ လူတွေက သည်းမခံနိုင်ကြတော့ဘဲ ထွက်ပြေးကြတာပါဟု ၎င်းက ရှင်းပြသည်။

          ထိုင်း-မြန်မာ နယ်စပ်အနီး ထားဝယ်ခရိုင်ရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ဝင်ပြေးလာကြခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အပစ်ရပ် အဖွဲ့တစ်ဖွဲ့ဖြစ်သော NMSP က ထွက်ပြေးလာကြသော ရွာသားများကို စတင် နေရာချပေးနေသည်။

"အခု NMSP အရာရှိတွေက ပြန်ပြီး နေရာချပေးတဲ့ အနေနဲ့ နေစရာ မြေနဲ့ လယ်စိုက်ဖို့မြေ ပေးနေတယ်။ ဒုက္ခသည်စခန်းတော့ မရှိပါဘူး"ဟု ကယ်ဆယ်ရေး ဝန်ထမ်းက ရှင်းပြသည်။

ပြည်ပ အခြေစိုက် လွတ်လပ်သော မွန်သတင်းဌာနမှ အယ်ဒီတာ နိုင်ကဆော့မွန်က ပြောကြားရာတွင် အစိုးရက မွန်နှင့် ကရင် ဒေသများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူ့စစ် အဖွဲ့များ စတင် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း၊ ထိန်းချုပ်မှုကို မလိုလားသော ဒေသခံ တိုင်းရင်းသားများကို ငြိမ်သက်အောင် တပ်မတော်က မကိုင်တွယ်နိုင်၍ ဖြစ်ကြောင်း သုံးသပ်သည်။ သို့သော်လည်း ပြည်သူ့စစ် အစီအစဉ်ကို တပ်မတော်က အထောက်အပံ့ ပေးမည် မဟုတ်ဟု ၎င်းက ဆိုသည်။

"မွန်နဲ့ကရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သိရအောင် ပြည်သူ့စစ်တွေကို သတင်းပေးအဖြစ် အသုံးပြုလိမ့်မယ်။ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စတွေမှာလည်း သုံးလိမ့်မယ်" ဟု နိုင်ကဆော့ မွန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, By Rachel Harvey, 5th Mar 2010

ထိုင်းနိုင်ငံသည် ဒလိုင်းလားမား၏ ညီမဖြစ်သူအား ပြည်ဝင်ခွင့် ဗီဇာပေးရန် ငြင်းဆန်ခဲ့ရာ တရုတ်၏ စိတ်ဆိုးမှုကို မဖြစ်စေချင်၍ဟု ဆိုသည်။

တိဗက် ခေါင်းဆောင် ဒလိုင်းလားမား၏ ညီမဖြစ်သူ Jetsun Pema သည် ဘန်ကောက်တွင် ကျင်းပမည့် တိဗက်ယဉ်ကျေးမှု ပွဲတော်တွင် အဓိက မိန့်ခွန်းပြောရန် အတွက် ဗီဇာ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် သူမ ထိုင်းနိုင်ငံတွင် ရှိနေလျှင် နိုင်ငံရေးနှင့် ဆက်စပ် ပတ်သက်နေမည်ကို စိုးရိမ်သောကြောင့် သူမ၏ ပြည်ဝင်ခွင့် ဗီဇာ တောင်းခံမှုအား ငြင်းပယ်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် တိဗက်ကို ၎င်း၏ အချုပ်အချာပိုင် နယ်မြေအတွင်းမှ အရေးကြီးသော အစိတ်အပိုင်း အဖြစ် သတ်မှတ်ပြီး ဒလိုင်းလားမားအားလည်း အန္တရာယ်ရှိသော ခွဲထွက်ရေးသမား အဖြစ် သတ်မှတ်ခဲ့သည်။

လာမည့် သောကြာနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပမည့် တိဗက် ဘာသာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုပွဲတော်ကို တက်ရောက်ရန် အိန္ဒိယတွင် နေထိုင်သူ တိဗက် လူမျိုး ၃၀ ခန့်ကို ဗီဇာ ပေးထားပြီး ဖြစ်သည်။ သို့သော် ဂုဏ်ထူးဆောင် ဧည့်သည်တော်မှာမူ စာရင်းတွင် ပျောက်နေသည်။

ဒလိုင်းလားမား၏ ညီမဖြစ်သူ Jetsun Pema သည် အသက် ၆၉ နှစ် ရှိပြီ ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် "Tibet: My Story" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောရန် ရှိသည်။

သို့သော် ထိုင်း အစိုးရသည် သူမ၏ မိန့်ခွန်းကို နိုင်ငံရေးသတင်း ထုတ်ပြန်ချက် အဖြစ် တရုတ်က အဓိပ္ပာယ် ကောက်ယူလိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က BBC သို့ ပြောကြားရာတွင် ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာကပင် ရပ်တည်လာသည့် မူဝါဒ ဖြစ်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိုင်းနိုင်ငံကို အသုံးချ၍ အခြားနိုင်ငံတစ်ခုအား ဝေဖန်ခြင်း၊ အန္တရာယ်ပြုခြင်းများ ခွင့်မပြုရန်ကို လိုက်နာမည် ဖြစ်ကြောင်း ဆိုသည်။

Beijing နှင့် ဘန်ကောက် အကြား တိုးတက်လာသော ကုန်သွယ်မှုကလည်း အချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ထိုင်း အစိုးရသည် သံတမန်ရေးရာအရ စိတ်ဆိုးမှုများကို ရှောင်ရှားလိုသည်ဟု ဆိုသော်လည်း ၎င်းအားပေး၍ ပြုလုပ်နေသော ယဉ်ကျေးမှုပွဲတော်သည် နိုင်ငံရေးအရ ပတ်သက် ဆက်နွယ်နေသည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.