Transparency Myanmar

transparency.myanmar@gmail.com

RTT News, 12th March 2010

          ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် စိတ်မကောင်း ဖြစ်ရသော်လည်း မြန်မာ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ပြောကြားခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများကိုလည်း ဆက်လက် ချမှတ်ထားမည်ဟု ဆိုသည်။

ယခင်နှစ် ဇူလိုင်လတွင် အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုများကို သက်တမ်းတိုးခဲ့ပြီး မြန်မာနိုင်ငံမှ ပို့ကုန်များကိုလည်း ထပ်မံ တားမြစ်ခဲ့သည်။

အဆိုပါ တားမြစ်မှုအရ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက် ပို့ကုန်များကို ၃ နှစ် ပိတ်ပင်ထားပြီး မြန်မာ ကျောက်မျက်များ အမေရိကန်တွင် ရောင်းချခြင်းကိုလည်း တားမြစ်ထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သောကြာနေ့တွင် ပြောကြားရာ၌ ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်မိပြီး စိုးရိမ်မိသည်ဟု ပြောဆိုခဲ့သည်။

ဒီမိုကရေစီ ထွန်းကားရေးကို အားပေးရန် ကြိုးပမ်းရာတွင် မြန်မာ စစ်ဖက် အုပ်ချုပ်သူများ ဆွေးနွေးစရာ များစွာ မရှိကြောင်း ပြောကြား၍ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် မကျေနပ်မှုကို Campbell က ဖော်ပြခဲ့သည်။

ပြည်သူတို့ ကြာမြင့်စွာ စောင့်မျှော်နေသော ရွေးကောက်ပွဲ ဥပဒေကို မြန်မာစစ်ဖက် အစိုးရက ယခု ရက်သတ္တပတ်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ယခုနှစ်ကုန် ကျင်းပမည်ဟု ၎င်းတို့ ကတိပေးထားသော မဲရွေးပွဲများ ကျင်းပရန် ပြင်ဆင်နေသည်ဟုလည်း ဆက်လက် ကြေညာခဲ့သည်။

ဥပဒေသစ်အရ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီနှင့် နိုင်ငံရေးအရ မဆက်နွယ်ရန် တားမြစ်ထားပြီး ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ထားသည်။

ရွေးကောက်ပွဲ ဥပဒေသစ်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ကန့်ကွက် ဆန့်ကျင်လိုက်ပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်ကို လှောင်ပြောင်သော လုပ်ရပ်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို ကြီးကြီးမားမား စနစ်တကျ ချိုးဖောက် ကျူးလွန်နေခြင်း ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂက စွပ်စွဲ ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Ojea Quintana က ကုလသမဂ္ဂသို့ တနင်္လာနေ့တွင် တင်သွင်းသော အစီရင်ခံစာတွင် "ထိုနိုင်ငံ အတွင်းရှိ ပြည်သူအများစုမှာ အခြေခံ အခွင့်အရေးဖြစ်သော စားစရာ၊ နေစရာ၊ ကျန်းမာရေးနှင့် ပညာသင်ခွင့် စသည်တို့ကို ပိတ်ပင်ခံနေရသည်" ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာတွင် မြန်မာ အာဏာပိုင်များကိုလည်း ပြင်းထန်စွာ ဝေဖန်ထားသည်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ၂၀၀၉ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာနိုင်ငံတွင်းမှ အဆိုးဝါးဆုံး ပြစ်မှုများကို အမေရိကန် နိုင်ငံခြားရေးဌာနက ကိုးကား ပြောကြားခဲ့သည်။

အတိုက်အခံ နိုင်ငံရေးသမားများ၏ အခွင့်အရေးကို ဖိနှိပ် ချိုးဖောက်ခြင်း၊ ထောင်ချခြင်း စသည်တို့ကို ဆက်လက်၍ ပြုလုပ်နေသည့်အပြင် ရှမ်း၊ ကရင် စသော တိုင်းရင်းသား ဒေသများတွင် တိုက်ခိုက်မှုများ တိုးမြှင့်နေသည့် အတွက် မြန်မာအစိုးရကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Kyaw Thein Kha, 13th March 2010

          အနည်းဆုံး နိုင်ငံရေးအဖွဲ့ ခုနှစ်ဖွဲ့ခန့်သည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ပါတီအဖြစ် မှတ်ပုံတင်ရေးကို ပြင်ဆင်လျက် ရှိကြောင်း၊ ထိုအထဲတွင် ဖွဲ့စည်းထားပြီးသော အစိုးရ လိုလားသော ပါတီတစ်ခုလည်း ပါဝင်ကြောင်း အဆိုပါ အဖွဲ့များ၏ ခေါင်းဆောင်များ၏ အဆိုအရ သိရှိရသည်။

          "ကျွန်တော်သိရသလောက် နိုင်ငံရေးပါတီ ခုနှစ်ခုဟာ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လုပ်နေကြပါတယ်" ဟု အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ (National Political Alliance) မှ ခေါင်းဆောင် ဦးကြည်ဝင်းက ပြောကြားခဲ့သည်။ ၎င်းပါတီသည် အစိုးရ လိုလားသော အဖွဲ့ငယ် ကိုးဖွဲ့ကို စုပေါင်းထားသော ရန်ကုန်အခြေစိုက်ပါတီ ဖြစ်သည်။

          တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (National Unity Party)၊ ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (Union of Myanmar National Political Force)၊ ပြည်ထောင်စု မြန်မာနိုင်ငံ ၈၈ မျိုးဆက်ကျောင်းသားများ (88 Generation Students Union of Myanmar) တို့သည် ရက်ပိုင်းအတွင်း မှတ်ပုံတင်ကြတော့မည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

          NUP သည် ယခင်က အာဏာရှင် ဦးနေဝင်း လက်ထက်ကတည်းက ဖွဲ့စည်းထားခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲက တပ်မတော်အစိုးရ ထောက်ခံခဲ့သည့် ပါတီဖြစ်သည်။

          ထို့အပြင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)၊ ရှမ်းခေါင်းဆောင် ဦးရွှေအုန်းနှင့် အမျိုးသား နိုင်ငံရေး မဟာမိတ် တို့သည်လည်း မှတ်ပုံတင်မည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

          ရန်ကုန်မှ လာသော သတင်းများအရ USDA သည် ပါတီသုံးဖွဲ့ခန့် ခွဲ၍ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          "ကျွန်တော်တို့ ကြားတာက USDA ဟာ ပါတီသုံးခု ဖွဲ့စည်းမယ်လို့ ကြားပါတယ်။ အခုထိတော့ NUP လို မဲဆွယ်တာတော့ မတွေ့ရသေးပါဘူး။ NUP ကတော့ လွန်ခဲ့တဲ့ လကတည်းက လှည်းကူးဘက်မှာ စပြီး မဲဆွယ်နေပါတယ်" ဟု သတင်းတစ်ရပ်က ဧရာဝတီသို့ သောကြာနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

YAHOO News, By KWANG-TAE KIM13 March 2010

         မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာလက်နက် အစီအစဉ်များကို ရပ်ဆိုင်းရန် ရည်ရွယ် ကျင်းပသော ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ လာမည့်လ အစောပိုင်းတွင် ပြန်လာရန် စီစဉ်လျက် ရှိကြောင်း စနေနေ့က သတင်း ပေးပို့မှုများအရ သိရှိရသည်။

         မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ အစည်းအဝေးမှ အကူအညီများကိစ္စ ညှိနှိုင်း ဆွေးနွေးရန်နှင့် ဒုတိယအကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ရန် မနှစ်က ထွက်ခွာသွားခဲ့သည်။ ၎င်းသည် ပလူတိုနီယံ တပ်ဆင်ထားသော ဗုံးခြောက်လုံးခန့် ပိုင်ဆိုင်မည်ဟု ခန့်မှန်းရသည်။

         မြောက်ကိုရီးယားသည် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန်နှင့် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ ပြီးဆုံးခြင်းကိစ္စ အမေရိကန်နှင့် ငြိမ်းချမ်းရေး စကားပြောရန်တို့ကို ခွင့်ပြုမှသာ ခြောက်နိုင်ငံ အစည်းအဝေးသို့ ပြန်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သည်။

          အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားအား ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ အရင်ပြန်လာရန်နှင့် နျူကလီယာ ဖျက်သိမ်းရေး အစီအစဉ်များတွင် တိုးတက်မှု ရှိအောင် ပြုလုပ်ရန် တုံ့ပြန် ပြောဆိုခဲ့သည်။

          Beijing ရှိ အမည်မဖော်လိုသူ မြောက်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ဧပြီလ အစောပိုင်းတွင် ပြန်လာမည် ဖြစ်ပြီး နျူကလီယာ ဖျက်သိမ်းရေး လုပ်ငန်းစဉ်အတွက် ၎င်း၏ အကြံအစည်များကို တင်ပြမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တောင်ကိုရီးယားသတင်းစာ Joong Ang Ilbo က စနေနေ့က ဖော်ပြထားသည်။

          အဆိုပါ ပုဂ္ဂိုလ်က ပြုံးယမ်းသည် အမေရိကန်တို့ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေကြောင်း၊ နောက်ထပ်ခြေလှမ်းသည် ဝါရှင်တန်အပေါ်တွင်သာ မူတည်ကြောင်း ပြောခဲ့သည်။

          AP သတင်းဌာနက Beijing ရှိ မြောက်ကိုရီးယား သံတမန်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို မိမိ မကြားမိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

          နျူကလီယာ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ တောင်ကိုရီးယား အကြီးတန်းတာဝန်ရှိသူ တစ်ဦးကလည်း ၎င်းအနေဖြင့် မြောက်ကိုရီးယား၏ ပြန်လာမည့် အစီအစဉ်သတင်းကို မရရှိကြောင်း၊ ဆွေးနွေးပွဲ မည်သည့် အချိန် ပြန်စမည်ကိုလည်း မခန့်မှန်းနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စသည် အရေးကြီးသဖြင့် ၎င်း၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သည်။

          အဆိုပါ နျူကလီယာ ဆွေးနွေးပွဲများကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက Beijing တွင် နောက်ဆုံး ကျင်းပခဲ့သည်။

          ကုလသမဂ္ဂ နျူကလီယာ အကြီးအကဲဟောင်း Mohamed EL Baradei က မြောက်ကိုရီးယား ၏ နျူကလီယာ ရည်မှန်းချက်များ ရပ်ဆိုင်းရေးအတွက် အပြုသဘော ဆောင်သော ဆွေးနွေးမှုများ ဆက်ဆံမှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။

          အဆိုပါ ကိစ္စတွင် မြောက်ကိုရီးယား၏ မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ခြင်းများ ပါဝင်ရာ ရည်မှန်းချက် အောင်မြင်ရန် နိုင်ငံတကာအနေဖြင့် အထက်ပါ ကိစ္စရပ်နှစ်ခုကို ဖော်ပြသင့်ကြောင်း El Baradei က Seoul ၌ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ အဆိုအရ သိရှိရသည်။

          ပြုံးယမ်း၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ညှိနှိုင်းမှုများသည် မြောက်ကိုရီးယား၏ ဖြစ်နိုင်သည့် ရွေ့လျားမှုများကြားတွင် ထွက်ပေါ်လာနေပြီ ဖြစ်သည်။

          မြောက်ကိုရီးယားတွင် ယခုအခါ အသက် ၆၈ နှစ်ရှိ ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ တတိယသား Kim Jong Un အား ၎င်းနေရာကို ဆက်ခံရန် စီစဉ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Straits Times, 13th March 2010

          စနေနေ့ အစောပိုင်းက အင်အား ၅.၄ မဂ္ဂနီကျူ ရှိသော အလယ်အလတ် ပြင်းအားရှိ ငလျင်တစ်ခု မြန်မာနိုင်ငံတွင် လှုပ်သွားသည်ဟု ငလျင် ပညာရှင်များက ပြောကြားသည်။

          အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာမြို့၏ မြောက် - အနောက်မြောက်ဘက် ယွန်းယွန်းတွင် ၁၁၅ ကီလိုမီတာ (၇၁ မိုင်) အကွာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် စနေနေ့ မနက် ၅း၄၉ တွင် လှုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောကြားသည်။

          အဖျက်အဆီး တစ်စုံတစ်ရာအကြောင်းမူ သတင်းထွက်ပေါ်လာခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Min Lwin, 13th March 2010

          မြန်မာအစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ဆောက်လျက်ရှိသော နျူကလီယာ ဓာတ်ပေါင်းဖို သုံးခုမှာ ပြီးစီးပြီ ဖြစ်၍ မကြာမီ စတင်လည်ပတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ပြင်ဦးလွင် စစ်တက္ကသိုလ် အသိုင်းအဝိုင်းမှ လာသော သတင်းများအရ သိရှိရသည်။

          အဆိုပါ ဓာတ်ပေါင်းဖိုများသည် သုတေသနအတွက် ရည်ရွယ် တည်ဆောက်ကြောင်း အစိုးရက ရှင်းလင်းခဲ့သည်။ ၎င်းတို့ကို ပြင်ဦးလွင်မှ ၈၀ ကီလိုမီတာ ခန့်ဝေးသော သပိတ်ကျင်းမြို့နယ် ကျောက်ပုထိုးရွာနှင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းကြားရှိ တောင်များရှိသော ပုံတောင်ပုံညာတို့တွင် တည်ဆောက်ထားသည်။

          စစ်တပ် ခေါင်းဆောင်များသည် ပုံတောင်ပုံညာကို ရွေးချယ်ရခြင်းမှာ ထိုနေရာသည် လူဦးရေထူထပ်သော မြို့ကြီးမှ ဝေး၍ လုံခြုံသောကြောင့် ဖြစ်ကြောင်း ပြင်ဦးလွင်မှ စစ်အရာရှိ တစ်ဦးက ပြောသည်။

          ဒေသခံများ၏ အဆိုအရ ဓာတ်ပေါင်းဖို တည်ဆောက်ထားသည့် နေရာသည် မကွေးတိုင်း ပခုက္ကူ-ကလေး ရထားလမ်းဘေး ဂန့်ဂေါမြို့နယ်ကျော်ရွာမှ ၃၀ ကီလိုမီတာ ဝေးသော နေရာတွင် ရှိသည်ဟု သိရှိရသည်။

          "ဒီစီမံကိန်းကို ၂၀၀၇ ခုနှစ်က စတာ ဖြစ်ပြီး၊ တရုတ်လိုလို နိုင်ငံခြားသားတွေ ဝင်လိုက်ထွက် လိုက်နဲ့ အများကြီးပဲ" ဟု ကျော်ရွာတွင် နေထိုင်သော ဒေသခံက ပြောသည်။

          "စစ်သုံးအတွက် ဆောက်လုပ်နေလို့ အဲဒီနေရာ အနီးတဝိုက်ကို ကျွန်တော်တို့ သွားဖို့ ခွင့်မပြုပါဘူး" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

          အဆိုပါ စီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများ ပြီးဆုံးသွားပြီဆိုသည်မှာ သေချာသော်လည်း၊ မည်သည့်အချိန်တွင် စတင်လည်ပတ်မည် ဆိုသည်ကို မသိရသေးပါ။ သို့သော် မကြာသေးမီက အစိုးရစစ်တပ်မှ အဆင့်မြင့်ပုဂ္ဂိုလ်များ ပါဝင်သော လှုပ်ရှားမှုများ အဆက်မပြတ် တွေ့ရှိရသည်ဖြစ်ရာ မကြာမီ လည်ပတ်လိမ့်မည်ဟု ယူဆရကြောင်း စစ်တပ်မှ လာသော သတင်းများအရ သိရှိရသည်။

          သတင်းများ၏ အဆိုအရ စစ်တပ်၏ နံပါတ် (၁) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ယခုလများအတွင်း ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ မကြာခဏ လာရောက်၍ ကာကွယ်ရေး ဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာ သုတေသန ဒါရိုက်တာ ဗိုလ်ချုပ်စိန်ဝင်းနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဗိုလ်ချုပ်စိန်ဝင်းသည် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်တွင် တာဝန်ရှိသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

          စစ်တက္ကသိုလ်တွင် ကျောင်းတက်ရင်း ထွက်ပြေးလာသူ စစ်ဗိုလ်ဟောင်း ရဲထွဋ်၏ အဆိုအရ အဆိုပါ စီမံကိန်း စောစော ပြီးစီးခဲ့သည်ကို မြင်တွေ့လို၍ အစိုးရသည် ငွေများ ပုံအော၍ သုံးကာ တည်ဆောက်ခဲ့ကြောင်း၊ အစိုးရသည် ရုရှားတွင် နျူကလီယာပညာများ သင်ကြားရန် စစ်ဗိုလ် ၆၀၀၀၀ ခန့်  လွှတ်ထားကြောင်း သိရှိရသည်။

          အဆိုပါ စီမံကိန်းသည် အနည်းဆုံး တဝက်ခန့် ပြီးစီးပြီ ဖြစ်ကြောင်း ရဲထွဋ်က ဖြည့်စွက် ပြောကြားခဲ့သည်။ ရဲထွဋ်သည် ယခုနှစ် အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်သို့ ထွက်ပြေးလာသူ တစ်ဦး ဖြစ်သည်။

          မြန်မာ့ နျူကလီယာ သုတေသနစီမံကိန်းကို ရုရှားဖက်ဒရယ် အက်တမ်မစ် စွမ်းအင်အေဂျင်စီ Russia's Federal Atomic Energy Agency (RFAEA) က နည်းပညာ ပံ့ပိုးမှုများ ပေးပြီး၊ ၂၀၀၇ ခုနှစ် မေလက ပုံစံဆွဲခြင်းနှင့် တည်ဆောက်ခြင်းတွင် ကူညီရန် သဘောတူခဲ့သည်။ အဆိုပါ ဓာတ်ပေါင်းဖိုသည် ၁၀ မဂ္ဂါဝပ် ရေ အနည်းငယ် အသုံးပြုသော ဓာတ်ပေါင်းဖို (Light-water reactor) ဖြစ်ပြီး ၂၀ % သန့်စင်ထားသော ယူရေနီယံ ၂၃၅ ကို လောင်စာအဖြစ် အသုံးပြုသည်။

          သို့သော် ရုရှား အေဂျင်စီသည် အဆိုပါ စီမံကိန်းအစတွင်ပင် ထွက်ခွာသွားခဲ့ရာ မြန်မာအစိုးရသည် အကူအညီအတွက် မြောက်ကိုရီးယားကို လှည့်တောင်းခံခဲ့ရာ၊ တစ်ကမ္ဘာလုံးက စိုးရိမ်ဖွယ် ဖြစ်လာခဲ့ရသည်။ 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB news, 13th Mar 2010

          တရုတ်နိုင်ငံတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ဘိန်းများ နယ်စပ် ဖြတ်ကျော် ဝင်ရောက်နေသည့် တောင်ပိုင်း ယူနန် ပြည်နယ်တွင် ဖြစ်ကြောင်း သိရှိရသည်။

          မနှစ်က ယူနန်ပြည်နယ်တွင် ဆေးစွဲသူ အဖြစ် မှတ်ပုံတင်သူ ၆ သောင်းကျော်ခဲ့ပြီး ၎င်း၏ အရင်တစ်နှစ်က ၅ သောင်းသာ ရှိခဲ့သည်ဟု တရုတ်မြန်မာ နယ်စပ်ရှိ ဆေးစွဲသူများကို ကုသပေးနေသည့် Health Unlimited အဖွဲ့မှ ဘန်ယွမ်ဝမ် က ပြောကြားသည်။

လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ဟီးရိုးအင်း ဆေးစွဲခြင်းသည် ယူနန်ပြည်နယ်တွင် အကြီးဆုံး ပြဿနာ တစ်ခု ဖြစ်လာခဲ့ပြီး မူးယစ်ဆေး ကုန်သည်များနှင့် သုံးစွဲသူများကို နှိမ်နင်းရန် တရုတ် အစိုးရက ခက်ခက်ခဲခဲ ကြိုးစားနေသည်ဟု ၎င်းက ပြောဆိုသည်။

လတ်တလော အယ်ဂျာဇီယာ သတင်းတစ်ပုဒ်တွင် တရုတ် နယ်စပ်မြို့ နာဘင်မှ ဟီးရိုးအင်း သုံးစွဲသူ ၈၀ % မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ဖော်ပြခဲ့သလို မြန်မာနိုင်ငံတွင်းမှ တရုတ်သို့ မူးယစ်ဆေး တင်သွင်းလာသူ မူးယစ်ဆေးဝါး ကုန်သည် အများစုမှာ ဖမ်းဆီးခံနေရသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယူနန် ပြည်နယ်တွင် တရုတ် အစိုးရက ဆေးစွဲသူ ထောင်ပေါင်းများစွာကို ကုသပေးနေသော Methadone Treatment Clinic ၅၀ ကျော် ဖွင့်လှစ်ပေးခဲ့သည်။

ကမ္ဘာပေါ်တွင် အာဖဂန် နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး ဘိန်းထွက်ရှိသည့် ဒေသဖြစ်ပြီး ယင်းတွေ့ရှိချက်များသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို အမြစ်ပြတ် ချေမှုန်းနေသည်ဟု အကြိမ်ကြိမ် အာမခံနေသော မြန်မာအစိုးရအပေါ် အနည်းငယ်သာ အထောက်အကူ ပေးနိုင်ပါလိမ့်မည်။

မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တရုတ်မျိုးနွယ်စု တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ်မှ ဝ တပ်ဖွဲ့က ဘိန်းဈေးကွက် အများစုကို ထိန်းချုပ် ထားသည်ဟု စွပ်စွဲထားကြသည်။ ယခင်နှစ် ဇွန်လက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာအရ ကမ္ဘာ့စုစုပေါင်း ဘိန်းစိုက် ဧရိယာ ၁၈၉,၀၀၀ ဟက်တာတွင် ၂၈,၅၀၀ ဟက်တာသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း တွေ့ရှိထားသည်။

မူးယစ်ဆေးဝါး တဆင့်ခံ ရောင်းဝယ်မှု ဗဟိုအဖြစ် တရုတ်နိုင်ငံ၏ ကဏ္ဍ ကြီးထွားလာမှုကြောင့် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွင် တရုတ်မျိုးနွယ်စုများ၏ လွှမ်းမိုးမှုကို မြင့်တက် လာစေခဲ့သည်ဟု အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ DEA က ပြောကြားခဲ့သည်။

စိုးရိမ်ပူပန်စရာ ကိစ္စများအနက် နောက်တစ်ခုမှာ ယူနန်ပြည်နယ်တွင် HIV ပြန့်ပွားနေမှု ဖြစ်သည်။ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ယခင်ကပင် AIDS ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးဒေသ ဖြစ်နေခဲ့သည်။ ၎င်း၏ ပထမဆုံး HIV ပြန့်ပွားမှု လှိုင်းလုံးမှာ ၁၉၈၉ ခုနှစ်က တရုတ်မြန်မာ နယ်စပ်ရှိ မူးယစ်ဆေးဝါး အကြောဆေးသွင်းသူများ အကြား ဖြစ်ပွားခဲ့ပြီး ယခုအခါ ယူနန်တွင် AIDS ရောဂါ ဖြစ်ပွားသူပေါင်း ၈၀,၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ယူနန်ပြည်နယ်တွင် HIV ပြန့်ပွားမှု သတိပေး ခေါင်းလောင်းမြည်လာမှုကြောင့် ယခင်က မူးယစ်ဆေး သုံးစွဲမှု အပေါ် ပြင်းထန်စွာ အပြစ်ပေးလေ့ ရှိသည်။ တရုတ်အစိုးရအား ပိုမို ပွင့်လင်းသည့် မူဝါဒ ကျင့်သုံးရန် ဖိအားပေးသလို ဖြစ်ခဲ့သည်ဟု "ဝမ်" ဟု ပြောသည်။

နယ်စပ် ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု လျင်မြန်စွာ ကြီးထွားနေသည့် ကြားတွင် မြန်မာနိုင်ငံတွင်း၌ ခက်ခဲသော ပြဿနာ ဖြေရှင်းနေရဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ပလောင် အမျိုးသမီးများ အဖွဲ့ PWO မှ ဇန်နဝါရီလက ထုတ်ပြန်သော အစီရင်ခံစာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုက ရှမ်းလူ့အဖွဲ့အစည်းကို ဖျက်ဆီးနေသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဘိန်းထွက်ရှိမှု၏ ၉၅ % ကို ထုတ်လုပ်နေသော မြန်မာပြည် အရှေ့မြောက်ပိုင်းရှိ ရှမ်းပြည်နယ်တွင် ပလောင်လူမျိုးများ နေထိုင်ကြသည်။

မြန်မာအစိုးရသည် ဒေသတည်ငြိမ်ရေးနှင့် အလဲအလှယ် လုပ်ကာ မူးယစ်ဆေးဝါး အမြတ်ငွေများကို မျှဝေ ခံစားခြင်းဖြင့် မူးယစ်ရာဇာများ၏ ဘိန်းထုတ်လုပ်မှုကို ခွင့်ပြု လိုက်လျောနေသည်ဟု အထက်ပါ အစီရင်ခံစာတွင် ထောက်ပြ ဝေဖန်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 13th March 2010

          အိန္ဒိယ၊ ဥရောပ နှင့် အရှေ့တောင်အာရှ ဒေသများသို့ ဆက်သွယ်ရန် မြန်နှုန်းမြင့် ရထားလမ်း ၃ လိုင်း ဖောက်လုပ်မည့် တရုတ်နိုင်ငံ၏ မဟာစီမံကိန်းတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။

          ရည်ရွယ်ချက်မှာ ခရီးသည်များနှင့် ကုန်စည်များကို တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ ခုတ်မောင်းနိုင်သည့် မြန်နှုန်းမြင့် ရထားများဖြင့် ပို့ဆောင်ရန် ဖြစ်သည်။

          ရထားလိုင်း တစ်လိုင်းသည် ဘေဂျင်းမှ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှားတို့ကို ဖြတ်သန်းကာ စင်္ကာပူသို့ ပြေးဆွဲမည်ဟု တရုတ် အင်ဂျင်နီယာ အကယ်ဒမီ၏ တရားဝင် ကြေညာချက်ကို လန်ဒန် Daily Telegraph သတင်းစာက ဖော်ပြသည်။

          အရှေ့တောင် အာရှ ရထားလမ်းပိုင်းကို စတင် တည်ဆောက်သည့် အနေဖြင့် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ရထားလမ်းကြောင်းများ စတင် ဖောက်လုပ်နေသည်ဟု တရုတ် အင်ဂျင်နီယာ အကယ်ဒမီ အဖွဲ့ဝင် ဝမ်မင်ရှုက ပြောကြားသည်။

          မြန်မာနိုင်ငံတွင်းရှိ ရထားလမ်းပိုင်း အတွက် ငွေကြေး ထောက်ပံ့ရန် တရုတ်က ကမ်းလှမ်းထားပြီး အပြန်အလှန်အားဖြင့် ဘက်ထရီများတွင် ကျယ်ပြန့်စွာ အသုံးပြုနေသည့် လီသီယမ် သတ္ထုကို မြန်မာနိုင်ငံတွင်းမှ ထုတ်ယူလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

          ဝမ်မင်ရှုသည် တရုတ်ပြည်တွင်း မြန်နှုန်းမြင့် ရထားစီမံကိန်း၏ ဝါရင့် အတိုင်ပင်ခံ တစ်ဦး အနေဖြင့် Daily Telegraph သတင်းစာနှင့် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

          အခြား မြန်နှုန်းမြင့် ရထားလိုင်းများမှာ ရုရှားကို ဖြတ်သွားမည့် ဘေဂျင်း - လန်ဒန်လိုင်းနှင့် ဘေဂျင်း - အိန္ဒိယလိုင်း တို့ဖြစ်သည်။

          "မြန်နှုန်းမြင့် ရထားတွေကို လေယာဉ်ပျံတွေလို လျင်မြန်လာဖို့ ရည်မှန်းနေပါတယ်။ အကောင်းဆုံး မျှော်မှန်းထားတဲ့ ကိစ္စကတော့ ရထားလမ်း ကွန်ယက် ၃ ခုစလုံးကို ဆယ်စုနှစ် တစ်စု အတွင်း ပြီးစီးဖို့ ဖြစ်ပါတယ်"  ဟု ဝမ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 13th March 2010

          မြန်မာနိုင်ငံတွင် သြစတြေးလျ ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သည့် ဥပဒေ ထုတ်ပြန်ရန် သြစတြေးလျ လွှတ်တော်အမတ်များက ဖက်ဒရယ်ပါလီမန်ကို တောင်းဆိုလျက် ရှိသည်။

          သြစတြေးလျ အစိုးရသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှုပ်ထွေး ရောထွေးနေသော အချက်ပြမှုများကိုသာ ကုမ္ပဏီများထံ ပေးပို့နေကြောင်း ဆီနိတ်တာ Scotf Ludlam က Radio Australia သို့ ယခုအပတ် ပြောကြားခဲ့သည်။

          "သြစတြေးလျ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီမှာ အခြေအနေတွေတိုးတက်လာတဲ့အထိ ခိုင်မာ ဖြောင့်မတ်တဲ့ စည်းတစ်ခုကို ကုမ္ပဏီတွေအနေနဲ့ ထား ထားသင့်တယ်" ဟု ၎င်းက ဆိုသည်။

          ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံသို့ လူသားချင်း စာနာ ထောက်ထားသော အကူအညီများကို သြစတြေးလျ အစိုးရက တိုးမြှင့် ကူညီနေသော်လည်း စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကိုမူ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားသင့်သည်ဟု Ludlan က ပြောကြားသည်။

          သြစတြေးလျ ကုမ္ပဏီများစွာသည် မြန်မာနိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍတွင် ဆွေးနွေးညှိနှိုင်းလျက် ရှိကြသည်။

          သြစတြေးလျ Qantas လေကြောင်းလိုင်းသည် ၎င်း၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သော Jet Star မှတစ်ဆင့် စင်္ကာပူနှင့် ရန်ကုန်ကြား ကုန်တင်လေယာဉ်များ ပြေးဆွဲနေခြင်းကို မြန်မာအစိုးရ ဆန့်ကျင်သူများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။

          သို့ရာတွင် ဖေဖော်ဝါရီလက မြန်မာနိုင်ငံရှိ လူသားချင်း စာနာ ထောက်ထားသော အကူအညီများကို ၄၀ % မြှင့်တင်ကာ လာမည့် ၃ နှစ်အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄၅ သန်းအထိ သုံးစွဲ ထောက်ပံ့သွားမည်ဟု သြစတြေးလျ အစိုးရက ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.