Transparency Myanmar

transparency.myanmar@gmail.com

The Wall Street Journal, 16th March 2010

ဒေါ်ချိုချိုကျော်ငြိမ်းသည် အသက် ၆၂ နှစ်ရှိပြီ ဖြစ်ပြီး အစိုးရကို ဝေဖန်ပြောကြားသူ တစ်ဦး ဖြစ်သည်။ မကြာသေးမီက The Wall Street Journal သည် သူမနှင့် စကားပြောခဲ့ပြီး သူမရွေးကောက်ပွဲ ဝင်ရခြင်း အကြောင်း၊ စစ်အစိုးရ အပေါ် အတိုက်အခံ အနေနှင့် သူမ၏ ရပ်တည်ချက်နှင့် အခြား အကြောင်းအရာများ ပါဝင်ပါသည်။ သူမနှင့် စကားပြောခဲ့ပုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

The Wall Street Journal ။   ။ မြန်မာနိုင်ငံမှာ အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ခင်ဗျား ဝင်ပါမှာလား။

ဒေါ်ချိုချိုကျော်ငြိမ်း။     ။ ဝင်မှာပါ။ ကျွန်မရဲ့ပါတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးပါပြီ။ ကျွန်မတို့အားလုံး ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပြည်သူများကို ကျွန်မတို့ပြောလိုတာက ကျွန်မတို့နဲ့ လာပူးပေါင်းပါ။ ကျွန်မတို့ ပါတီရဲ့ ကိုယ်စားလှယ် အဖြစ် ပါဝင်ဖို့ ပြောလိုပါတယ်။ မကြာခင် ကျွန်မတို့ ကိုယ်စားလှယ် ဘယ်နှစ်ဦး ရှိမလဲ ဆိုတာ သိရပါလိမ့်မယ်။

WSJ။   ။ ရွေးကောက်ပွဲဟာ တရားမျှတလိမ့်မယ်လို့ ထင်ပါသလား။

ချိုချို။   ။ ၁၉၉၀ တုန်းကလည်း တရားမျှတခဲ့ပါတယ်။ အခု အနှစ်နှစ်ဆယ် ကြာခဲ့ပေမယ့်လည်း တရားမျှတလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ တရားမျှတမယ်၊ မမျှတဘူး ဆိုတာကိုတော့ ကျွန်မ မပြောနိုင်ပါဘူး။

WSJ။   ။ ရွေးကောက်ပွဲမှာ ပုံမှန် မဟုတ်တာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး၊ ဘာဖြစ်လို့ ရွေးကောက်ပွဲ ဝင်ဖို့ စိတ်ဝင်စားတာပါလဲ။

ချိုချို။   ။ ရွေးကောက်ပွဲမှာ ပါဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်း ကတော့၊ အနှစ်နှစ်ဆယ် ကြာခဲ့ပြီလေ။ ကျွန်မ တို့ကို စစ်တပ်က အုပ်ချုပ်လာတာ။ အစိုးရမှာ အရပ်သားတွေ ပါဝင်ခွင့် မရခဲ့ပါဘူး။ အခု ရွေးကောက်ပွဲပြီးသွားရင် အရပ်သား ၇၅ % နဲ့ စစ်သား ၂၅ % ပါဝင်လာမယ်လေ။ အရပ်သားနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ အလုပ်အတူ လုပ်ကြရပါလိမ့်မယ်။ လေးနှစ်ပြီးလို့ နောက်ထပ် ရွေးကောက်ပွဲတွေမှာ အရပ်သားတွေ ပိုပြီး အရွေးခံရပါလိမ့်ဦးမယ်။ စစ်သားတွေနဲ့ အရပ်သားတွေ အလုပ် အတူတူ တွဲလုပ်ရင်း နားလည်မှုတွေ တည်ဆောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ၁၉၈၈ ကတည်းက ရန်ဖြစ်လာလိုက်တာ အခု အထိ ဘာသဘောတူညီမှုမှ မရခဲ့ဘူးလေ။ အခု အလုပ် အတူတွဲလုပ်ရင်းနဲ့ စစ်တပ်နဲ့ အရပ်သားတွေကြားမှာ နားလည်မှု ရလာမှာ ဖြစ်ပါတယ်။

WSJ။   ။ ခင်ဗျားရဲ့ နိုင်ငံရေး လှုပ်ရှားမှု သမိုင်းကို ပြောပြပါဦး။

ချိုချို။   ။ ကျွန်မ ၁၉၈၈ ကတည်းက နိုင်ငံရေး လောကထဲ ရောက်ပါတယ်။ နိုင်ငံရေးသမားပေါ့။ ကျွန်မအဖေက ပထမဆုံး ဒုတိယဝန်ကြီးချုပ်ပါ။ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းတော့ ကျွန်မ အဖေက ထောင် ခုနှစ်နှစ် ကျတယ်။ ကျွန်မ အမေက သုံးနှစ်ခွဲ၊ ကျွန်မ အမျိုးသားကလည်း သုံးနှစ်ခွဲ၊ ကျွန်မ အစ်ကို နှစ်ယောက်က ခုနှစ်နှစ်စီ ထောင်ကျခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကျွန်မလည်း ထောင် ခုနှစ်နှစ် ကျတယ်။ ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ထားတာ တစ်ခုက ကျွန်မက ကျွန်မတို့ မိသားစုရဲ့ မိသားစုဝင် တစ်ယောက်၊ တိုင်းသိပြည်သိ နိုင်ငံရေး သမားရဲ့ သမီးဆိုတော့၊ တိုင်းပြည်အတွက်၊ ပြည်သူတွေ အတွက် အလုပ်လုပ်ချင်သေးတယ်။

WSJ။   ။ ခင်ဗျား ပါတီ အကြောင်း ပြောပြနိုင်မလား။

ချိုချို။   ။ ကျွန်မတို့ ပါတီရဲ့ အမည်က ဒီမိုကရက်တစ်ပါတီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ စိတ်အားထက်သန်တဲ့ လူတစ်စုနဲ့ ဖွဲ့စည်းထားတာပါ။ ကျွန်မတို့ နှစ်ပတ်လည် အခမ်းအနားတွေ၊ မွေးနေ့ပါတီတွေမှာ မကြာခဏ တွေ့ကြရပါတယ်။ နိုင်ငံရေး အဖွဲ့ အနေနဲ့ ကျွန်မတို့ တွေ့ဆုံ ဆွေးနွေးခွင့်မရပါဘူး။ ဥပဒေက ငါးယောက်ထက် ပိုပြီး မစုရလို့ ကန့်သတ်ထားတာကိုး။

WSJ။   ။ ခင်ဗျားတို့ ဘယ်လိုစုဖွဲ့ပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင်မလဲ။ ဘယ်လို မဲဆွယ်မလဲ။

ချိုချို။   ။ ကျွန်မတို့ ရွေးကောက်ပွဲအကြောင်းနှင့် ကျွန်မတို့ရဲ့ရပ်တည်ချက်တွေကို လူတွေသိအောင် ကြိုးစားမယ်လို့ ရည်မှန်းထားပါတယ်။ ကျွန်မတို့နဲ့ အတူ အများကြီး ပါလာမှာပါ။ ကျွန်မတို့ဟာ နိုင်ငံရေး သမားစစ်စစ်တွေ ဆိုတာ သူတို့ ယုံကြည်ကြတယ်လေ။ အခုတော့ ကျွန်မတို့ကို ထောက်ခံတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလိမ့်ဦးမယ် မဟုတ်ဘူး။ ကျွန်မတို့ တစ်ကြိမ်မှာ နေရာ အနည်းငယ် စီသွားပြီး၊ အဖွဲ့လေးတွေနဲ့ တွေ့ဆုံရပါလိမ့်မယ်။ တခြားရွေးစရာ နည်းလမ်း မရှိပါဘူး။

WSJ။   ။ အစိုးရ ခင်ဗျားတို့ကို ခြိမ်းခြောက်တာတွေ ဘာတွေရှိပါသလား။

ချိုချို။   ။ ၁၉၈၈ တုန်းက အဆိုးဆုံးပေါ့။ အဲဒီ အချိန်ကတည်းက ကျွန်မတို့က မိတ်ဆွေတွေ မဟုတ်ဘူးလေ။ ဦးနေဝင်း တက်လာတည်းက ကျွန်မတို့ ခြိမ်းခြောက်ခံရတာတို့ နှိပ်စက်ခံရတာတို့ ရှိခဲ့တာပါပဲ။ အဲဒီ အချိန်တုန်းက ကျွန်မ အဖေက အတိုက်အခံ ခေါင်းဆောင်လေ။ ၁၉၆၂ ကတည်းက ကျွန်မတို့ ခံခဲ့ရတာ။ ဘယ်သူမှ တောင့်ခံနိုင်လိမ့်မယ် မထင်ဘူး။ ကျွန်မ ဘဝက ဒဏ်ရာတွေ အနာတရတွေနဲ့ပါ။ ခန္ဓာကိုယ်မှာလည်း အမာရွတ်တွေနဲ့ပါ။ ကျွန်မတို့ မိတ်ဆွေတွေရဲ့ ဘဝတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ အခု ကျွန်မ အသက် ၆၂ နှစ်ရှိပါပြီ။ ဒါကြောင့် ကျွန်မပြောမယ် ဘာကြောင့် တိုက်ပွဲ ဆက်ဝင်နေရမှာလဲ။ တိုင်းပြည်နဲ့ လူတွေ အတွက် ကျွန်မတို့ စစ်တပ်နဲ့ မညှိနှိုင်းသင့်ပေဘူးလား။ ကျွန်မတို့ နှစ်ပေါင်းများစွာ ခံစားခဲ့ကြရပြီးပြီ။ ကျွန်မ မြန်မာနိုင်ငံက ထွက်သွားလို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ မသွားပါဘူး။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးချင်သေးတယ်။ တိုင်းသူ ပြည်သားတွေကို ကူညီချင်သေးတယ်။

WSJ။   ။အတိုက်အခံ အဖွဲ့ဝင်တွေက ခင်ဗျားတို့ ရွေးကောက်ပွဲမယ်ဆိုတော့ မဝေဖန်ကြဘူးလား။

ချိုချို။   ။ ဝေဖန်တာပေါ့။ အစပိုင်းတုန်းက အများကြီး ဝေဖန်တာပေါ့။ သူတို့ကပြောတယ် လာမယ့် ရွေးကောက်ပွဲကို ကျွန်မတို့အားလုံး အသိအမှတ် မပြုဘူးဆိုရင်၊ အစိုးရက အတိုက်အခံပါတီတွေနဲ့ စကားပြောပြီး ညှိနှိုင်းလာလိမ့်မယ်လို့ ပြောတယ်။ ကျွန်မတို့ နှစ်ပေါင်း နှစ်ဆယ်လောက် အစိုးရကို ညှိနှိုင်းဖို့ အဆိုပြုခဲ့တာပါပဲ။ သူတို့က ဂရုမှမစိုက်ဘဲ။ စကားလေးတောင် မပြန်ဘူး။ အဲ့ဒီတော့ ကျွန်မတို့ ရွေးကောက်ပွဲမှာ ဝင်မပါတော့ဘူးလို့ ကြေညာခဲ့ရင် စစ်တပ်က နောက်ထပ် အနှစ် ၁၀၀ ဆက်အုပ်ချုပ်ဦးမှာလေ။

WSJ။   ။ ရွေးကောက်ပွဲ ဘယ်တော့ လုပ်မယ်လို့ကြားလဲ။ အစိုးရကကော ကိုယ်စားလှယ်တွေကို ပြင်ဆင်ဖို့ အချိန်လုံလောက်အောင် ပေးမယ်လို့ ထင်လား။

ချိုချို။   ။ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတာ ကျွန်မလုံးဝ ယုံတယ်။ ဒါပေမဲ့ ဘယ်တော့လဲဆိုတော့ မသိဘူး။ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ကျွန်မတို့က ဝင်မပြိုင်ဘူးလို့ ပြောခဲ့ပြီ ဆိုပါစို့။ အစိုးရကတော့ သူ့ အစီအစဉ်အတိုင်း ဆက်လုပ်မှာပဲလေ။ အဲဒီ အချိန်ကျတော့ လူတွေက ဘယ်အရပ်သားကို မဲပေးရမှာလဲ။ အဲဒီတော့ မြန်မာပြည်သူတွေ မဲထည့်နိုင်အောင် အရပ်သား က်ုယ်စားလှယ်တွေ ပါဝင်ကြပါ။ အခုတော့ အတိုက်အခံ အချို့ကတော့ ကျွန်မတို့နဲ့ သဘောတူလာပါပြီ။

WSJ။   ။ မကြာသေးခင်က မြန်မာအစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေကို ခင်ဗျား ဘယ်လိုထင်သလဲ။ အဲဒီ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်နိုင်အောင် ကန့်သတ် ထားတယ်လေ။

ချိုချို။   ။ ဥပဒေက လက်ရှိ ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင်လို့ မရဘူးလို့ ပြောထားပါတယ်။ သူတို့တွေ အတွက် စိတ်မကောင်းပါဘူး။ သူတို့ဟာ သူတို့ယုံကြည်ချက်တွေ အရ နိုင်ငံရေး အကျဉ်းသား အဖြစ် အဖမ်းခံနေရတာပါ။ NLD က အဓိက စောဒက တက်နေတာက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ဖို့ အကျုံးမဝင်တဲ့ ကိစ္စဖြစ်ပါတယ်။ အကယ်၍ ထောင်ကျဖူးသူတွေ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင် တစ်တိုင်းပြည်လုံး လေးပုံတစ်ပုံလောက် ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ ဆိုလိုတာ ဖြစ်လိမ့်မယ်။

ဥပဒေ အသစ် အရ မြန်မာနိုင်ငံမှာ အနည်းဆုံး တရားဝင်နိုင်ငံရေး ပါတီ ၁၀ ခုလိုအပ်ပါတယ်။ (တစ်ခုကတော့ အစိုးရ ကျောထောက်နောက်ခံ ပြုပါတီနဲ့ ကျန်တဲ့ ၉ ခုကတော့ NLD အပါအဝင် အတိုက်အခံတွေပေါ့) ။ နှစ်လ အချိန် အတွင်းမှာ ပြန်ပြီး မှတ်ပုံတင်ရမယ်။ မှတ်ပုံမတင်ဘူးဆိုရင်၊ အလိုအလျောက်ပါတီ အဖြစ် ရပ်တည်ခွင့် ပျက်ပြယ်ပါမယ်။ ဒါကြောင့် ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ၊ ဒါကို ကျွန်မတို့ လက်ခံရတော့မှာလေ။ ကျွန်မမြင်တာကတော့ ဒီဥပဒေဟာ NLD ကို ရည်ရွယ်တာလို့ ထင်တာပဲ။ NLD ကလည်း အခြေခံ ဥပဒေကို ပြင်ပေးဖို့ အစိုးရကို တောင်းဆိုနေတယ်။ မဟုတ်ရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆိုတယ်။ NLD မပါရင် အစိုးရ အတွက် ကောင်းသွားမှာပေါ့။ ဒါပေမဲ့ တဖက်မှာလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်လို့ဆိုပြီး ကမ္ဘာ့အလယ်မှာ မျက်နှာရဦးမယ်။ ကျွန်မယုံတယ်၊ အကယ်၍ NLD ပါခဲ့ရင်၊ အချို့နေရာတွေ သူတို့နိုင်မှာပါ။

WSJ။   ။ NLD ရွေးကောက်ပွဲမှာ ပါသင့်တယ်လို့ ခင်ဗျားထင်လား။ ပါခဲ့ရင် ခင်ဗျား ပါတီကို အန္တရာယ် ဖြစ်စေမလား။ အကူအညီ အထောက်အပံ့ ဖြစ်မလား။ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ ညီညွတ်သင့်လား။ တကွဲတပြားစီ ဖြစ်သင့်လား။

ချိုချို။   ။ NLD ပါသင့်တယ်လို့ ကျွန်မထင်ပါတယ်။ ပါလိမ့်မယ်လို့လဲ ကျွန်မမျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာရင် ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ အဖေတွေဟာ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်မ သူ့ကို တကယ်လေးစားပါတယ်။ အတိုက်အခံတွေဟာ ဖော်ရွေကြပါတယ်။ ကျွန်မတို့အားလုံး ဦးတည်ချက် တစ်ခုတည်းကို သွားနေကြတဲ့သူတွေလေ။ တချို့က တူမှာ မဟုတ်ဘူး။ ကျွန်မစိတ်ထဲမှာတော့ အားလုံး တစ်စုတစ်စည်းတည်းပါပဲ။ ဒါပေမဲ့ အားလုံး ညီညွတ်လိမ့်မယ်လို့တော့ ကျွန်မ မပြောနိုင်ပါဘူး။

WSJ။   ။ တခြား ကိုယ်စားလှယ်တွေရော ထွက်ပေါ်လာမယ်လို့ ခင်ဗျား ထင်သလား။ ဒါဆိုရင် အလားအလာရှိတဲ့ ကိုယ်စားလှယ်တွေက ဘယ်သူတွေပါလဲ။ တတိယ အင်အားစု (Third force) ဆိုတာကော ဘာလဲ သိပါရစေ။

ချိုချို။   ။ နိုင်ငံရေးသမားတွေ အများကြီးက ကိုယ်စားလှယ် လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ အများစုကတော့ NLD ပေါ့။ တစ်ယောက် ဥပမာ ပေးရမယ်ဆိုရင် ဦးသုဝေ ပေါ့။ (အရင် ကတည်းက အစိုးရကို ဝေဖန်သူ တစ်ဦး ဖြစ်ပြီး၊ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဖြစ်ပါသည်။) သူဟာ နိုင်ငံရေး လောကထဲမှ ၄၅ နှစ်လောက် ရှိပြီ။ သူ ခဏခဏ အဖမ်းခံရတယ်။

တတိယ အင်အားစုနဲ့ ပတ်သက်လို့ လူအချို့က ကျွန်မတို့ကို ရည်ညွှန်းတာပေါ့။ ကျွန်မတို့က NLD ဘက်ကလည်း မဟုတ်ဘူး။ အစိုးရ ဘက်ကလည်း မဟုတ်ဘူး။ ကျွန်မတို့က အလယ်မှာ နေတာပါ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ဖွဲ့စည်းထားတာပါ။ ကျွန်မတို့ အောင်မြင်ရမယ်လို့ မျှော်လင့်ထားလိုက်ကြပါစို့။ အောင်မြင်မယ်ဆိုတာ သေချာပါတယ်။ ပြည်သူ အများစုကလည်း လက်ရှိ အစိုးရနဲ့ ရန်ဖြစ်နေလို့ ဘာမှ ထူးမလာဘူးလို့ နားလည်လာကြပါပြီ။

WSJ။   ။ ရွေးကောက်ပွဲကနေ အကောင်းတွေ ဖြစ်လာမလား။

ချိုချို။   ။ မျှော်လင့်ပါတယ် ။ အရပ်သား နိုင်ငံရေးသမားတွေ အတိုင်းအတာ တစ်ခုအထိ အရွေးခံရရင် စစ်သားတွေနဲ့ ပေါင်းပြီး ပြည်သူတွေ အကျိုး အတူတူ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

WSJ။   ။ ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ အနေနဲ့  ပြင်ပ ကမ္ဘာက ဘာတွေ လုပ်သင့် သလဲ။ တစ်ခုခု အကူအညီပေးနိုင်မလား။ ရွေးကောက်ပွဲကို ကန့်ကွက်သင့်လား။ သဘောတူသင့်လား။

ချိုချို။   ။ သေချာတာ တစ်ခုက မြန်မာနိုင်ငံမှာ ဘာဖြစ်မလဲလို့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဗဟုသုတနည်းတာ တစ်ခုရှိတယ်။ ပြင်ပ ကမ္ဘာက အင်အားကောင်းတဲ့ လူတွေ ဘာလုပ်မလဲ ဆိုတာ မသိဘူး။ သူတို့ ဘာတွေ ကူညီနိုင်မလဲ ဆိုတာ မသိဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တစ်ခုခု ကူညီနိုင်ရင် တကယ်ပျော်မှာပါ။

ပြင်ပက ရွေးကောက်ပွဲကို ကန့်သတ်သည် ဖြစ်စေ သဘောတူသည် ဖြစ်စေ လက်ရှိ အစိုးရကို ဘာမှ မထိခိုက်ပါဘူး။ နှစ်ပေါင်းများစွာ ကမ္ဘာကြီးက သူတို့ကို ဝေဖန်နေတာပဲ။ သူတို့က ဂရုမှမစိုက်ဘဲ သူ့ဟာသူ သွားနေတာပဲ။

ကျွန်မ ပါတီက အဖွဲ့ဝင်တွေရယ် ကျွန်မရယ် မတ်လ ၉ရက် နေ့က ဂျာမန် သံအမတ်ကြီး အိမ်မှာ အီးယူက သံအမတ်တွေနဲ့ တွေ့ခဲ့တယ်။ ဗြိတိန်၊ နယ်သာလင်၊ စပိန်နဲ့ အီတလီ သံအမတ်တွေ လာပါတယ်။ သူတို့ဟာ လာမယ့် ရွေးကောက်ပွဲ အပေါ် ကျွန်မတို့ရဲ့  အမြင်တွေကို စိတ်ဝင်စားကြပါတယ်။ ကျွန်မတို့ ရွေးကောက်ပွဲမှ ပါမှာလားဆိုတာ သူတို့ သိချင်ကြတယ်။ သူတို့ကပြောတယ်။ ရွေးကောက်ပွဲကို သူတို့ အနီးကပ်စောင့်ကြည့်နေမှာပါတဲ့။ သူတို့ ဘာများ ကူညီရမလဲလို့ မေးတယ်။ ကျွန်မတို့က ကျေးဇူးတင်ပါတယ်လို့ ၊ လက်မခံပါရစေနဲ့လို့၊ ကျွန်မတို့ ဘယ်နိုင်ငံခြား တိုင်းပြည်ရဲ့ အကူအညီကိုမှ လက်မခံလိုပါဘူး။ သူတို့ မေးတာကလည်း ခရီးသွားဟန်လွဲ မေးတဲ့ သဘောပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 16th March 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ခြင်းဖြင့် မြန်မာစစ်ဖက် အစိုးရက ဒီမိုကရေစီ ထွန်းကားရေး ကတိကဝတ်ကို ဖောက်ဖျက်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံက တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ရေး အတွက် မြန်မာ အစိုးရကို ဖိအားပေးရန် အရှေ့တောင် အာရှနိုင်ငံများကို တိုက်တွန်းလိုက်သည်။

ထုံးစံအားဖြင့် အခြား အဖွဲ့ဝင်များကို ပြစ်တင် ဝေဖန်လေ့မရှိသော အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခု အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘာတိုရိုမြူလို၏ ၎င်းမှတ်ချက်က ရှားရှားပါးပါး ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာ အစိုးရအပေါ် ပြစ်တင် ရှုတ်ချမှုကို ပိုမို ပြုလုပ်လာသော်လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံများစွာ ကန့်ကွက်နေသော မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် စိတ်အနှောင့်အယှက် ဖြစ်ကြောင်း ပြသခဲ့ခြင်းမှာ ယခု ပထမဆုံး အကြိမ် မဟုတ်ပေ။

လွတ်လပ်၍ အများလေးစားဖွယ် ရွေးကောက်ပွဲများ ကျင်းပမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပါဝင်သော ဒီမိုကရေစီ လမ်းညွှန် မြေပုံကို အကောင်အထည် ဖော်မည်ဟု ယခင်က ကတိပြုထားသည့် အတိုင်း အမြန်ဆုံး ပြန်လည် လုပ်ဆောင်ရေးနှင့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ရန် လာမည့်လ ဗီယက်နမ် နှစ်ပတ်လည် ညီလာခံတွင် အာဆီယံ ဝန်ကြီးများနှင့် တွေ့ဆုံသည့် အခါ မိမိတောင်းဆိုသွားမည်ဟု ရိုမြူလိုက ပြောကြားခဲ့သည်။

"အာဆီယံ  အဖွဲ့နဲ့ တစ်ကမ္ဘာလုံးကို သူတို့ အသိပေး ကတိပြုထားတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံနဲ့  တခြားစီ ဖြစ်နေပါတယ်။ ဒါက သူတို့ ကိုယ်တိုင် ပေးထားတဲ့ ကတိတွေပါ" ဟု ရိုမြူလိုက သတင်းထောက်များကို ပြောကြားသည်။

မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ်အပေါ် အာဆီယံက တရားဝင် တုန့်ပြန် ကြေညာမှုကို ယခုတိုင် မထုတ်ပြန်သေးပါ။

ယခု အပတ် မနီလာတွင် ပြုလုပ်မည့် အာဆီယံ ဝန်ကြီးများ၏ ၂ ရက်ကြာ အစည်းအဝေးသို့ တက်ရောက်မည်ဟု အကြောင်းကြားထားသော မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံသည့် အခါတွင် မိမိ၏ စိုးရိမ်ပူပန်မှုများကို အလေးပေး ပြောကြားမည်ဟု ရိုမြူလိုက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သည့် ၁၉၉၀ နောက်ပိုင်း ယခုနှစ်တွင် ပထမဆု့း အကြိမ် အဖြစ် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည် ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲ ရလဒ်များကို စစ်ဖက် အစိုးရက ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကို ၁၄ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ သူမအား လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံက မကြာခဏ တောင်းဆိုခဲ့သည်။

ယခင် အပတ်က ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူ မည်သူကိုမဆို နိုင်ငံရေး ပါတီဝင်ခွင့် မပြုရန် တားဆီးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင်၊ သူမခေါင်းဆောင် အဖြစ် ပူးတွဲ တည်ထောင်ထားသော ပါတီကို ဦးဆောင် လှုပ်ရှားခြင်း မပြုနိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ခဲ့သည်။

လွန်ခဲ့သော သြဂုတ်လက သူမ၏ အင်းလျားကန်စောင်း နေအိမ်သို့ ဝင်ရောက်လာသည့် အမေရိကန် တစ်ဦးအား လက်ခံမှုဖြင့် ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲကာ လာမည့် နိုဝင်ဘာလ အထိ ၁၈ လ နေအိမ် အချုပ်ကျခံရန် အစိုးရ လက်အောက်ခံ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 15th March 2010

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  အပါအဝင် အစိုးရ ဆန့်ကျင်သူများ မပါဝင်နိုင်အောင် တားဆီးထားသည့် နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် ဥပဒေနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံ အများစုက နှုတ်ဆိတ်လျက် ရှိနေသည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကသာ တနင်္လာနေ့က ကြေညာခဲ့သော မြန်မာ့ရွေးကောက်ပွဲ ဥပဒေအပေါ် မှတ်ချက်ပေးခဲ့ကြသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူး၊ သူမနဲ့ NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူး ဆိုရင်တော့ သိပ်ကို ရယ်စရာကောင်းတဲ့ ဟာသပြဇာတ်တစ်ပုဒ်လို ဖြစ်သွားပြီ၊ သူတို့ပြောနေတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံနဲ့ တခြားစီပဲလေ" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်ဘတ်တို ရိုမြူလိုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မနီလာ နည်းတူပင် ဂျကာတာကလည်း မြန်မာ စစ်ဖက် အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ပြစ်တင် ဝေဖန်လိုက်သည်။ "ဒီဥပဒေကြောင့် ရွေးကောက်ပွဲမှာ မပါဝင်သင့်သူတွေ မပါနိုင်အောင် ကန့်သတ်ထားလို့ပါပဲ" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တူကူဖိုင်ဇာယာက ပြောကြားသည်။

ယခင် စစ်အာဏာရှင် နိုင်ငံအဖြစ်မှ ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်လာသူ အင်ဒိုနီးရှား နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အကောင်းဆုံး နမူနာ ဖြစ်လိမ့်မည်ဟု စီးပွားရေး ပညာရှင်များ အပါအဝင် နိုင်ငံရေး အကဲခတ်များက လေ့လာတင်ပြ ကြသည်။

သို့ရာတွင် မြန်မာစစ်ဖက် အစိုးရသည် အင်ဒိုနီးရှား နိုင်ငံ ဆူဟာတို၏ ဂိုလ်ကာ ပါတီနှင့် ဆင်တူသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းခဲ့သည်။

အင်ဒိုနီးရှား သမ္မတ ဘန်ဘန်းယူတိုယိုနိုက ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝမ်ကို မြန်မာနိုင်ငံသို့ ယခုနှစ် လကုန်တွင် စေလွှတ်ရန် စီစဉ်ထားပြီး လာမည့် ရွေးကောက်ပွဲ အတွက် အနောက်နိုင်ငံများက တောင်းဆိုထားသော အားလုံး ဝင်ခွင့်ပြုရေး ကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အပေါ် ထောက်ခံမှုကို ပိုမိုပြသရန် အင်ဒိုနီးရှားက မျှော်လင့်ထားသည်။

သို့ရာတွင် ကျန်အာဆီယံ တစ်ဖွဲ့လုံးမှာမူ နှုတ်ဆိတ်လျက် ရှိကြသည်။ အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ ကွန်မြူနစ် ဗီယက်နမ်ကလည်း မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအပေါ် အလျင်စလို တုန့်ပြန် ကြေညာခြင်း ပြလုပ်လိုပုံ မရပေ။

"ရွေးကောက်ပွဲမှာ အားလုံးကို ပါဝင်ခွင့်ပေးဖို့ အာဆီယံက တောင်းဆိုထားတာကို ပယ်ချထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် အာဆီယံ တစ်ဖွဲ့လုံး တုန်လှုပ်သွားတယ်၊ အာဆီယံနိုင်ငံတွေ ဘာပြန်ပြောရမှန်းမသိနိုင်အောင် ဖြစ်သွားကြတယ်" ဟု Alternative Asean Network  မှ ညှိနှိုင်းရေးမှူး  Debbie Stothart က ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရင်ပစ်ဆူဝမ်က BBC ဒူးတိုက် ဆွေးနွေးခန်း အစီအစဉ်သို့ ပြောကြားရာတွင် ၂၀၁၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲများ လက်ခံ ယုံကြည်နိုင်မှုနှင့် ပွင့်လင်း မြင်သာမှု ရှိရန် အာဆီယံက မျှော်လင့်ထားကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ၏ အသေးစိတ် အနေအထားကို ကြားဝင် စွက်ဖက်နိုင်မည် မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

"ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဆိုတာ မရှိပါဘူး၊ စလုပ်ဖို့ဘဲ လိုပါတယ်၊ ဒါကြောင့်လည်း မြန်မာ အစိုးရက လုပ်ငန်းစနေတာပါ၊ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ သူတို့ ကတိပေးထားပါတယ်" ဟု ဆူရင်က ပြောကြားခဲ့ပြီး "မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲ ကတိကို အပေါင်းလက္ခဏာ ဆောင်တဲ့ ရှုထောင့်က ကြည့်သင့်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြုပ်နှံသူနှင့် ကုန်သွယ်ဖက်နိုင်ငံ တစ်ခု ဖြစ်သော ထိုင်းနိုင်ငံမှာ မည့်သည့်မှတ်ချက်မှ ပေးခြင်းမရှိဘဲ လောလောဆယ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူ ' ရှပ်နီ ' အုပ်စု၏ ကြီးမားသော ဆန္ဒပြပွဲများကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြည်တွင်းရေး ရှုပ်ထွေးလျက် ရှိသည်။

အာဆီယံသည် ၎င်း၏ ၁၆ ကြိမ်မြောက် ထိပ်သီး ညီလာခံကို ဗီယက်နမ် မြို့တော် ဟနွိုင်း၌ ဧပြီ ၈-၉ ရက် တွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော်လည်း ညီလာခံတွင် မြန်မာ့ အရေးကို ဆွေးနွေးရန် ဟနွိုင်းက ခွင့်ပြု / မပြု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ်၏ ဆောင်ပုဒ်မှာ ''အာဆီယံ လူ့အဖွဲ့အစည်းသို့ ဦးတည်သည့် ရှုမြင်မှုမှ လက်တွေ့သို့'' ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ ကိစ္စသည် အာဆီယံ၏ အသွင် သဏ္ဍာန်ကို သေးသိမ်စေသည်ဟု Stothard က ပြောကြားသည်။ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေသည် အာဆီယံ မအောင်မြင်ရခြင်း၏ နောက်ထပ် ဥပမာ တစ်ခုပင် ဖြစ်သည်ဟု သူမက ပြောဆိုလိုက်သည်။

အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဆက်ယူမည့် နိုင်ငံများမှာ ဘရူနိုင်း (၂၀၁၁) နှင့် ကမ္ဘောဒီးယား (၂၀၁၂) တို့ ဖြစ်သည်။ ဗီယက်နမ်ကဲ့သို့ပင် အဆိုပါနိုင်ငံများသည်လည်း မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားခြင်း မရှိကြပါ။

အရှေ့အာရှနှင့် ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ၎င်း၏ အာဆီယံ ၁၀ နိုင်ငံ ခရီးစဉ်ကို လှည့်လည်နေသည်။ အာဆီယံ မဟာမိတ်များနှင့် ခြားနားစွာပင် အမေရိကန်ပြည်ထောင်စုက မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို လူသိရှင်ကြား ကန့်ကွက်ခဲ့သည်။

၎င်းမှာ မြန်မာနိုင်ငံရှိ အဓိက နိုင်ငံရေး အင်အားစုများ အကြား ပြည်တွင်းဆွေးနွေးပွဲ ကျင်းပ၍ အဖြေရှာရေးကို တိုက်တွန်းရန် ကြိုးစားသည့် အနေဖြင့် အမေရိကန်က ဝင်ရောက် ဆောက်ရွက်နေခြင်း ဖြစ်သည်။ လတ်တလော ကြေညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေ စည်းကမ်းချက်များက အဆိုပါ ဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို နေရာပေးထားခြင်း မရှိပါဟု Kurt Campbell က သောကြာနေ့တွင် ဘန်ကောက်၌ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တယ်၊ ပြီးတော့ စိုးရိမ်တယ်၊ သိပ်ကို စိတ်မကောင်းစရာပါပဲ၊ ကျွန်တော်တို့ မျှော်လင့်ထားသလို မဟုတ်ပါဘူး၊ ဒါဟာ နှောင့်နှေး ကြန့်ကြာအောင် လုပ်နေတာပါ" စသဖြင့် Campbell က ပြောလိုက်သည်။

အမေရိကန် သမ္မတ အိုဘားမား အင်ဒိုနီးရှားသို့ ယခု သီတင်းပတ်တွင် သွားရောက်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အကြမ်းဖက် နှိမ်နှင်းရေး အစီအစဉ်ကို ဆွေးနွေးမည့် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မဝင်နိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ထားသည့် ကိစ္စကိုလည်း အပို ဆွေးနွေးကြဖွယ် ရှိသည်။

အာဆီယံကဲ့သို့ပင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘီလူးကြီး နှစ်နိုင်ငံ ဖြစ်သော တရုတ်နှင့် အိန္ဒိယ တို့ကလည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေ အပေါ် လူသိရှင်ကြား မှတ်ချက်ပေးခြင်း မပြုလုပ်သေးပါ။

မကြာမီ အတောအတွင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဟု တရုတ် သတင်းရပ်ကွက်မှ သိရှိရသည်။ သို့ရာတွင် နှစ်နိုင်ငံ စီးပွားရေး ကိစ္စများထက် တရုတ် မြန်မာ နယ်စပ် တစ်လျှောက်တွင် အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ တင်းမာမှု ကြီးထွားနေခြင်းကို ဦးစားပေး ဆွေးနွေးကြဖွယ်ရှိသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၂.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံနေသည့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်သည့် အနေဖြင့် အိန္ဒိယနိုင်ငံက မြန်မာဓာတ်ငွေ့ စီမံကိန်းများတွင် ဒေါ်လာ ၁.၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ယခုလ အစောပိုင်းက ကြေညာခဲ့သည်ဟု သိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 15th March 2010

ယခင် KIO ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒေါက်တာ မနစ်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ဗဟိုကော်မတီဝင် ၁၅ ဦး၊ ပါတီဝင် အင်အား ၅၀၀ ခန့်ဖြင့် ကချင်ပြည်နယ် ကိုယ်စားပြု၍ ရွေးကောက်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

"နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း ရက်ပေါင်း ၆၀ အတွင်း ကျွန်တော်တို့ ပါတီကို မှတ်ပုံတင်ပါမယ်" ဟု KSPP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အကယ်၍ KSPP ပါတီ အောင်ပွဲခံခဲ့ပါက ကချင် အမျိုးသားတို့၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ဒေါက်တာ တူးဂျာသည် ၁၉၇၅ မှ ၂၀၀၉ အထိ KIO ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး KSPP ပါတီကို ဖွဲ့စည်း ဦးဆောင်ရန် အတွက် ယမန်နှစ် စက်တင်ဘာလက KIO မှ နုတ်ထွက် လိုက်ခြင်း ဖြစ်သည်။

"ပြုပြင်ပြောင်းလဲရေး အတွက် စစ်တပ်က သူလုပ်နိုင်သလောက် လုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လွှတ်တော်ရဲ့ ၂၅ % ကို သူတို့ ယူထားပြီး ၇၅ % ကို ပြည်သူတွေကို ပေးပါလိမ့်မယ်။ ပြည်သူတွေ အနေနဲ့ ဒီအခွင့်အရေးကို အသုံးချသင့်တယ်လို့ ယူဆပါတယ်" ဟု ၎င်းက သုံးသပ်သည်။

သို့ရာတွင် ကချင် နိုင်ငံရေးသမား များစွာကမူ ဒေါက်တာတူးဂျာ၏ အဆိုကို သဘောမတူကြပါ။ ကချင်ပြည်နယ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG ၏ ဥက္ကဋ္ဌ အွန်ဝါက မဇ္ဈိမသို့ ပြောကြားရာတွင် ၂၀၁၀ ရွေးကောက်ပွဲသို့ မည်သည့် ကချင်ပါတီအနေနှင့် ဝင်ပြိုင်စေကာမူ အနိုင်ရခဲ့သည့်တိုင်အောင် ကချင်လူထုအတွက် စစ်မှန်သော ဖွံ့ဖြိုးရေးကို ဆောင်ယူပေးနိုင်လိမ့်မည်ဟု ၎င်းအနေနှင့် မထင်ကြောင်း၊ စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအား ထိန်းသိမ်းရင်း အာဏာကို ဆက်လက်ယူထားမည့် အကြောင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာအစိုးရက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကချင်ပြည်နယ်တွင် မြစ်ဆုံဆည်ကို တည်ဆောက်နေပြီး မြန်မာနိုင်ငံ၌ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော အဆိုပါ ရေလှောင်တမံကြောင့် လူပေါင်း ၁၅၀၀၀ ခန့်၏ နေအိမ်များ ဖယ်ရှားပေးရခြင်း အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်။

ထို့အပြင် KIO ၏ စစ်ရေးဌာနခွဲ KIA တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာအစိုးရက ဖိအားပေးနေသော်လည်း KIA က ယခုအချိန်အထိ ငြင်းပယ်ထားသည်။

မြန်မာအစိုးရက ၎င်းတို့၏ အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံကို အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး နံပါတ် ၅ အဆင့်အရ ယခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးပါလိမ့်မည်။ ရွေးကောက်ပွဲရက်ကို မကြေညာသေးသော်လည်း ရွေးကောက်ပွဲ ဥပဒေကိုမူ ထုတ်ပြန် အသိပေးလိုက်ပြီ ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ - မြန်မာ၊ Union Democracy Alliance ပါတီ နှင့် Union of Myanmar National Political Force ပါတီများ အပါအဝင် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ လူထု ထောက်ခံမှု အများဆုံး ရရှိထားသော NLD ပါတီကမူ ရွေးကောက်ပွဲဝင်ရန် ယခုထိ ဆုံးဖြတ်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, By Saw Yan Naing, 16th March 2010

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ပြီးချိန် မှစ၍ ကရင်ပြည်နယ်တွင် မဲဆန္ဒရှင်များ ကြားသို့ ကွင်းဆင်း၍ မဲဆွယ်မှု လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။

လှုပ်ရှားနေသော နိုင်ငံရေးသမားများ အကြားတွင် အတက်ကြွဆုံးမှာ အငြိမ်းစား ဗိုလ်မှူးကြီး စောခင်စိုး ဖြစ်သည်။ ၎င်းသည် ကရင်လူမျိုး ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သူသည် နိုင်ငံရေးပါတီ ထူထောင်ထားခြင်း မရှိသေးသော်လည်း ကရင်လူမျိုးများ၏ အကျိုးကို ထောက်ပံ့ကူညီနိုင်မည့် ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ကြရန် စည်းရုံးရေး ဆင်းလျက် ရှိသည်။

          ဦးစောခင်စိုးမှာ အစိုးရက ယုံကြည်ရသူတစ်ဦး ဖြစ်ပြီး DKBA အပါအဝင် ကရင်လူထု၏ လေးစားမှုကိုလည်း ခံရသူတစ်ဦး ဖြစ်သည်ဟု ကရင်ဖက်မှ လာသော သတင်းများအရ သိရှိရသည်။

          ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၄) မှ သင်တန်းဆင်းပြီး၊ ဂျပန်နိုင်ငံ တိုကျိုတွင် မြန်မာ စစ်သံမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

          ၎င်းသည် အသက် ၆၀ ကျော် ရှိပြီး၊ ၎င်းအား ထောက်ခံသူများသည် စည်းရုံးလှုပ်ရှားမှုများကို ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ နှင့် သာတောတို့တွင် ပြုလုပ်လျက် ရှိသည်။

          "သူ့ဟာ ကရင်လူမျိုးတွေကြားမှာ ပေါ်ပြူလာ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်" ဟု DKBA နှင့် နီးစပ်သော ကရင် စီးပွားရေးသမား တစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင် ကရင်သမားတော်ကြီး တစ်ဦး ဖြစ်ပြီး ကရင် သူပုန်များနှင့် မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ခဲ့ဖူးသူ ဒေါက်တာ စောဆိုင်မွန်သာသည်လည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ထူထောင်မည် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဒေါက်တာ စောဆိုင်မွန်သာသည် ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

ထို့အပြင် အခြား ကရင် အငြိမ်းစားများလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်မဝင်စားသော ကရင်အဖွဲ့များမှာ ကရင် ခွဲထွက်ရေး အဖွဲ့များ ဖြစ်သော DKBA ၊ ဗိုလ်ချုပ်ကြီး သမူဟဲ ခေါင်းဆောင်သော ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့၊ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော KNU/KNLA အဖွဲ့ နှင့် ဖဒိုအောင်ဆန်း ဦးစီးသော အဖွဲ့များ ဖြစ်ကြသည်။

ကရင် အောက်ခြေ လူတန်းစားများသည် ရွေးကောက်ပွဲ ဥပဒေကို စိတ်မဝင်စား ကြကြောင်း၊ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားမှု အနည်းငယ်သာ ပြကြောင်း သိရှိရသည်။ ကရင် သာမန်လူ အများစုက ရွေးကောက်ပွဲထက် ၎င်းတို့၏ နေ့စဉ်ဘဝ ရှင်သန်ရေးသည် ပို၍ အရေးကြီးသည်ဟု ပြောပြကြသည်။

တစ်ချိန်တည်းတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကလည်း ကရင်ပြည်နယ်တွင် စတင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်သည်။ အစိုးရ နောက်ခံပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကလည်း ကရင်များကြားတွင် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ အဖြစ် ချေးငွေများ ထုတ်ပေးကာ မဲဆွယ်လျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 16th March 2010

ဆိုင်ကလုန်း တိုးမတ်စ်က ပစ္စဖိတ်ကျွန်း နိုင်ငံ၏ အရှေ့ပိုင်း နှင့် မြောက်ပိုင်းကို တိုက်ခတ် ဖျက်ဆီးလိုက်သောကြောင့် ဖီဂျီ နိုင်ငံ၏ အချို့ဒေသများကို သဘာဝ ဘေးအန္တရာယ် နယ်မြေအဖြစ် ကြေညာခဲ့သည်ဟု သိရှိရသည်။

အနည်းဆုံး လူ ၅၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ယခုအချိန်အထိ နေအိမ် အဆောက်အဦး ၅၀ ခန့် ပျက်စီးသွားကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မုန်တိုင်း အဆင့် Category Four ရှိသော ဆိုင်ကလုန်း တိုးမတ်စ်သည် တစ်နာရီလျှင် ကီလိုမီတာ ၁၇၀ နှုန်းဖြင့် တိုက်ခတ်သွားခြင်း ဖြစ်သည်။

ဖီဂျီနိုင်ငံ၏ အရှေ့ဖျား လာအော်ကျွန်းစုများမှာ မုန်တိုင်းဒဏ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရသော်လည်း အဓိကကျွန်းများ ဖြစ်သည့် ဗီတီလီဗူး နှင့် ဗာနော်လီဗူး ကျွန်းများမှာမူ အဆိုးဆုံး အခြေအနေမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

အမျိုးသား သဘာဝ ဘေးအန္တရာယ် ကောင်စီက နိုင်ငံ၏ အရှေ့ပိုင်း နှင့် မြောက်ပိုင်း ဒေသများကို သဘာဝ ကပ်ဘေးကျရောက်သည့် နယ်မြေ အဖြစ် အရေးပေါ် ကြေညာထားသည်ဟု အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးမှ အော်ပရေးရှင်း အရာရှိ Anthony Blake က ပြောကြားသည်။

အထူးသဖြင့် ချီကိုဘီယား နှင့် ကွီလီလီဗူး ကျွန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း နှင့် တနင်္လာနေ့ ဆိုင်ကလုန်း ဝင်ရောက်ချိန် မှစ၍ မည်သည့်သတင်းမှ မကြားသိရသေး ဟုလည်း သိရှိရသည်။

လာမည့် ရက်များအတွင်း အိုးအိမ် ပျက်စီးမှု အရေအတွက် တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း Mr. Blake က ဆက်လက် ပြောကြားသည်။

အဆိုပါ ဒေသများတွင် ကျောင်းများကို ပိတ်လိုက်ပြီး အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားကာ နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကိုလည်း ပယ်ဖျက် ထားသည်ဟု သိရသည်။

မုန်တိုင်း စတင် ဝင်လာချိန်တွင် အမျိုးသမီး တစ်ဦး ပင်လယ်ထဲ မျောပါသွားပြီးနောက်ပိုင်း အသေအပျောက် သတင်းများ မရရှိသေးဟုလည်း ဆိုသည်။

ဆိုင်ကလုန်း ရွှေ့လျားမှု နှေးကွေးခြင်းကြောင့် ပျက်စီးမှုများ ပိုမို များပြားဖွယ် ရှိနေသည်။ မုန်တိုင်းကြောင့် နိုင်ငံအနှံ့အပြားတွင် လျှပ်စစ်ဓာတ်အား နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အဦးများလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.mmorning.com, 16th March 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံမှ ဝင်ရောက်လာသော မွတ်စလင် ဒုက္ခသည်များကို မတရား ဖမ်းဆီးခြင်း၊ တရားမဝင် နှင်ထုတ်ခြင်းများကို စီမံချက်ချ၍ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မှတ်ပုံတင် မထားသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည်များသည် ဆယ်စုနှစ်များစွာကပင် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့ဖူးကြပြီး ယခုအခါ ဒုက္ခသည်စခန်းတွင် အစာရေစာ ငတ်ပြတ်အောင် ထား၍ အသက်ဆုံးပါးစေလျက် ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့၏ ဆရာဝန်ကြီးများ၏ အစီရင်ခံစာက ဖော်ပြထားသည်။

"ဒီသနားစရာ ကောင်းတဲ့ လူစုကြီးကို ပြေးစရာမြေ မရှိအောင် ငတ်ပြတ်အောင် ပစ်ထားခြင်းဟာ အသိမဲ့တဲ့ သဘာဝ မကျတဲ့လုပ်ရပ် ဖြစ်ပါတယ်" ဟု PHR မှ သုတေသနနှင့် စုံစမ်း စစ်ဆေးရေး ဒါရိုက်တာ Richard Sollom က ပြောသည်။

ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် ရက်ရက်စက်စက် နှိပ်စက်ခံရသော မျိုးနွယ်စုအဖြစ် ဖော်ပြခဲ့ပြီး၊ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာများသည်  မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်မှ မူစလင် အများစုရှိရာ ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ် နယ်စပ်ဖြတ်လျက် ထွက်ပြေးလာကြသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် Kutupalong ရှိ ကုလသမဂ္ဂ၏ တရားဝင် ဒုက္ခသည် စခန်းတွင် နေထိုင်သော မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ၂၈၀၀၀ ကိုသာ အသိအမှတ်ပြုသည်။ အဆိုပါ ကိန်းဂဏန်းသည် အစိုးရ၏ ခန့်မှန်းချက်အရ တရားမဝင် ဒုက္ခသည် ၂ သိန်း မှ ၃ သိန်း၏ အစိတ်အပိုင်းငယ်လေး တစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နှိပ်စက်မှုများ ပြုလုပ်၍ နောက်ထပ် ဒုက္ခသည်များ မလာရဲအောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ရဲများသည် ဒုက္ခသည်များကို စနစ်တကျ စုစည်း၍ ထောင်ချခြင်း၊ ချက်ချင်း နှင်ထုတ်ခြင်း စသည်ဖြင့် တိုင်းပြည်တစ်ခု လိုက်နာရမည့် လူ့အခွင့်အရေးများကို ဥပဒေမဲ့ တုန်လှုပ်ဖွယ် ကျူးလွန်လျက် ရှိသည်ဟု အစီရင်ခံစာတွင် စွပ်စွဲထားသည်။

နှိပ်စက်မှုများကို ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ ကိုင်တွယ်သည့် အဆောက်အဦးများ အနီးတွင် မှတ်ပုံတင် မထားသော ဒုက္ခသည် စခန်းကို ထားရှိသည်။ ထို့ပြင် ၎င်းတို့ကို မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခွဲခြားထားပြီး နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အစီရင်ခံစာထဲတွင် ကွင်းပြင်ထဲက ထောင် (an open air prison) အဖြစ် ဖော်ပြခဲ့သည်။

အဆိုပါ မှတ်ပုံတင် မထားသော ဒုက္ခသည်များ၏ စခန်းများတွင် အစားအသောက် အကူအညီပေးခြင်းကို အစိုးရက ငြင်းပယ်ပြီး၊ ရှေ့ဆက် ရပ်တည်၍ မရအောင်၊ ငတ်ပြတ်၍ သေဆုံးအောင် ပြုလုပ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

PHR အစီရင်ခံစာ အပြင် ကြားဝင် စေ့စပ်ရေး အဖွဲ့တစ်ခု၏ The Arakan Project အမည်ရှိ အစီရင်ခံစာ တစ်စောင်နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ အစီရင်ခံစာ တစ်စောင် ထွက်ပေါ် လာသေးသည်။ ၎င်းတို့တွင် အစိုးရ၏ နှိပ်စက်မှုများကို ဖော်ပြထားကြသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့နိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် ပတ်သက်သော အစီရင်ခံစာများသည် အခြေအမြစ် မရှိဘဲ တမင် ထိခိုက် နစ်နာအောင် ပြုလုပ်ထားကြောင်း ပြော၍ ပယ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများကို စီးပွားရှာရန် ရွှေ့ပြောင်းလာခြင်း ဖြစ်သည်ဟု မှတ်ယူပြီး တတ်နိုင်သမျှ ပြန်ပို့ရန်ကိုသာ လုပ်ဆောင်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပုန်းရှောင်တတ်သော မြန်မာအစိုးရ ခေါင်းဆောင်သည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ မင်းသမီးနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး၊ ၎င်းသည် စစ်ဖက် အုပ်ချုပ်သောနိုင်ငံ၏ အဝေးမြို့တော် နေပြည်တော်သို့ ထိုင်းတော်ဝင် မိသားစုက ပထမဆုံး အကြိမ် လာရောက် လည်ပတ်သာ ခရီးစဉ် ဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။

ဘန်ကောက်မှ အထူးလေကြောင်း ခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည့် ထိုင်းဘုရင့်သမီးတော် ချက်ကရီ သီရိဒုံနှင့် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

ထိုင်းပြည်သူလူထု၏ ကြည်ညိုလေးစားမှုကို ရရှိထားသူ မင်းသမီး သီရိဒုံသည် သူ၏ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အတွင်း နာဂစ်စ် ဆိုင်ကလုံးဒဏ်ခံ နယ်မြေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုရန် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်။ နာဂစ်စ် ဆိုင်ကလုံးကြောင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးခဲ့ပြီး ပင်လယ်မြစ်ဝ ရှိ ကျေးလက် အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သည်။

မင်းသမီး၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က လာရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အုပ်ချုပ်ရေး မြို့တော်သစ်ကို ၃ နှစ်ခန့် တိတ်တဆိတ် တည်ဆောက်အပြီး၊ ၂၀၀၅ ခုနှစ်ကုန်၌ စစ်ခေါင်းဆောင်များက ၎င်းတို့၏ အစိုးရ တစ်ဖွဲ့လုံးကို စီးပွားရေး အချက်အခြာ ရန်ကုန်မြို့တော်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 15th March 2010       

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဥပဒေ အသစ်သည် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် မပါဝင်နိုင်အောင် တားမြစ်ထားသော်လည်း သူမ၏ ပါတီ အနေဖြင့် ဥပဒေ အသစ်အရ ပြန်လည် မှတ်ပုံတင်ခြင်းပြု / မပြု နှစ်ပတ်အတွင်း ဆုံးဖြတ်ရလိမ့်မည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က တနင်္လာနေ့က ပြောကြားလိုက်သည်။

အစိုးရက ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် ပါဝင်ခွင့် ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ ဥပဒေအရ မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီတွင် အကျဉ်းကျခံနေရသောသူက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါက ဖျက်သိမ်းခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ အဆိုပါ ဥပဒေသည် တစ်ကမ္ဘာလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက AFP သို့ ပြောကြားရာတွင် တနင်္လာနေ့က ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး အပြီးတွင် ပါတီ အဖွဲ့ဝင်လူကြီးများ အနေဖြင့် အဖြူအမည်း မသဲကွဲ သေးကြောင်း ပြောကြားခဲ့သည်။

ဗဟို အလုပ်အမှုဆောင် ကော်မတီ အနေဖြင့် မတ်လ ၂၉ ရက်နေ့တွင် မှတ်ပုံတင် ပြုလုပ် မလုပ်ကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း CEC မဲပေးရာတွင် ပါဝင်မည် ဖြစ်ပြီး၊ အများ၏ ဆုံးဖြတ်ချက်ကို လက်ခံမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာပိုင်များ အနေဖြင့် ဥပဒေ ထုတ်ပြန်ပြီးနောက် မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရမည် ဆိုသည်ကို သိရှိကြောင်း၊ ထို့ကြောင့် ဆုံးဖြတ်ချက် အတွက် သူမနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ဥပဒေ အသစ်သည် NLD အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။ NLD အနေဖြင့် မှတ်ပုံတင်ခဲ့သော်၊ ယခင်က လက်ခံရန် ငြင်းပယ်ခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Financial Times, By Tim Johnston, 15th March 2010

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပိုမို ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာ ဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းမှုများမှ အနည်းငယ်သာ အောင်မြင်ကြောင်း ဝါရှင်တန်မှ ဝန်ခံ ပြောကြားခဲ့သည်။ သို့သော် မိမိတို့၏ ကြိုးစား အားထုတ်မှုများကို လက်လျှော့သွားလိမ့်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲ ဥပဒေများ ကြေညာခဲ့ရာ၌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနာဂတ်တွင် နိုင်ငံရေး ကဏ္ဍ၌ ပါဝင်ခြင်းကို ပိတ်ပင်ထားမှုသည် အမေရိကန် အာဏာပိုင်များကြားတွင် မီးပွားပမာ ပျံ့နှံ့ခဲ့သည်။

အမေရိကန်၏ ချဉ်းကပ်မှုသည် အဓိက နိုင်ငံရေး လှုပ်ရှားသူများကြားတွင် ပြည်တွင်း တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးရေး ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲ ဥပဒေကို ကြည့်ခြင်းဖြင့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရန် အလားအလာ မရှိကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သောကြာနေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ River of Lost Footsteps စာအုပ် ရေးသားခဲ့သော ကုလသမဂ္ဂ အရာထမ်းဟောင်း ဦးသန့်မြင့်ဦးက အမေရိကန် ပြည်ထောင်စု အနေဖြင့် အရေးကြီးသော တိုးတက်မှု တစ်ခုရသည် အထိ ဆက်လက်ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းနှစ်ဆယ်ခန့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်အပြီး မြန်မာနိုင်ငံ အပေါ်တွင် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု ရေချိန်လည်း သုညရောက်စေပြီးမှ ယခု စကားပြောခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်စေရန် ပြုလုပ်ထားခြင်းကြောင့် ရွေးကောက်ပွဲကို အများက လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် ပြန်လည် ဆက်ဆံခြင်းနှင့် ပတ်သက်၍လည်း ဒွိဟများ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးလျှင် ထွက်ပေါ်လာမည့် အစိုးရကိုလည်း တရားမဝင်ဟု ယုံကြည်ထားသဖြင့် ဆက်လက်၍ စကားပြော သင့်မသင့် စဉ်းစားစရာ ဖြစ်လာကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ 

ဦးသန့်မြင့်ဦးကမူ အမေရိကန်တို့ အနေဖြင့် ပြုပြင်ပြောင်းလဲလွယ်ရန် (flexible) လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အတိတ်ကို ပြန်ကြည့်ခြင်းဖြင့် ယခုကဲ့သို့ နိုင်ငံရေး လုပ်ငန်းစဉ်မျိုးကို အမေရိကန် အစိုးရ အနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ အပြီးတွင် လုပ်သာ ကိုင်သာမရှိအောင် ကိုယ့်ကိုကိုယ် ထောင့်ကပ်၍ ချောင်ပိတ်မိအောင် ပြန်မရွေ့သင့်တော့ကြောင်း၊ နည်းလမ်းမမှားသင့်ဟု မိမိထင်ကြောင်း ဦးသန့်မြင့်ဦးက ပြောသည်။

အမေရိကန်တို့၏ မှတ်ချက်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အပေါ် အစီရင်ခံစာ ထွက်ပေါ်လာအပြီး ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Quintana ၏ အစီရင်ခံစာတွင် မြန်မာအစိုးရ အပေါ် စစ်ရာဇဝတ်မှုများ၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုထားသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ ပြန်လည် သုံးသပ်ပြီး၊ ပြောင်းလဲရသည့် အချက်တစ်ခုမှာ Bush အစိုးရ၏ မြန်မာနိုင်ငံအပေါ် အထီးကျန်စေပြီး အရေးယူ ပိတ်ဆို့မှုများ ချမှတ်သော မဟာဗျူဟာမှာ မအောင်မြင်သောကြောင့် ဖြစ်သည်။

သို့သော် ပြန်လည် ဆက်ဆံရေးတွင်လည်း ရလဒ် အနည်းငယ်သာ ရရှိသည်။ ပြီးခဲ့သည့် နှစ်က အမေရိကန်တို့၏ ပြန်လည် ဆက်ဆံရေး စတင်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထပ်မံ တိုးမြှင့်ခဲ့ခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများအား ပိုမို တိုက်ခိုက်လာခြင်း၊ အစိုးရကို ဝေဖန်သူများနှင့် သတင်းစာဆရာများကို ဖမ်းဆီး၍ ထောင်ချခြင်းများကို တွေ့နေရဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.thejakartaglobe.com, 14th March 2010

ဘင်္ဂလားဒေ့ရှ်မှ ဆောက်လုပ်ရေး လုပ်သားများ၊ ဖိလစ်ပိုင်မှ ဟိုတယ် ဝန်ထမ်းများ၊ တရုတ်နိုင်ငံမှ စားပွဲထိုးများ၊ မြန်မာနိုင်ငံမှ သင်္ဘောကျင်း ဂဟေဆော်သူများ၊ အိန္ဒိယ နိုင်ငံမှ နည်းပညာ ပညာရှင်များ၊ အားလုံးကို စင်္ကာပူက လက်ခံထားသည်။

နှစ်ပေါင်းများစွာ ကြွယ်ဝ ချမ်းသာခဲ့ပြီး အလုပ်သမားများ လိုအပ်နေသော မြို့ပြနိုင်ငံသည် ရွှေ့ပြောင်း တရုတ်လူမျိုးများဖြင့် အဓိက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသားများကို ကော်ဇောခင်း ကြိုဆိုခဲ့ရာ စီးပွားရေး ပေါက်ကွဲ ဖွံ့ဖြိုးခဲ့သည့် ၂၀၀၄ မှ ၂၀၀၇ အတွင်း အရေအတွက် ကြီးမားစွာ မြင့်တက်လာခဲ့သည်။

သို့ရာတွင် လတ်တလော ကျွန်းနိုင်ငံတွင် နေထိုင်သူ အချိုးအစားမှာ နိုင်ငံခြားသား တစ်ဦးလျှင် နိုင်ငံသား ၃ ယောက် နှုန်းဖြစ်လာသဖြင့် အလုပ်ပြိုင်ဆိုင်မှု၊ အိမ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် တိုင်ကြားမှုများ ရှိလာပြီး အစိုးရက ၎င်း၏ တံခါးဖွင့် မူဝါဒအပေါ် ပြန်လည် သုံးသပ်မှု ပြုလုပ်နေရသည်။

မကျေနပ်မှုများ ကျယ်လောင်လာမှုနှင့်အတူ ရွေးကောက်ပွဲများကို သတ်မှတ်ထားသည့် ၂၀၁၂ မတိုင်မီ ကျင်းပရန် မျှော်လင့်မှုများ ရှိလာသဖြင့် အစိုးရက နိုင်ငံခြားသား မှီခိုမှုကို လျှော့ချကာ နိုင်ငံသားများကို ဦးစားပေးမည့် အစီအစဉ်များကို ထုတ်ဖော် တင်ပြလာသည်။

မိမိတို့ မည်မျှ ပို၍ လက်ခံနိုင်သည် ဆိုသော အချက်မှာ လူမှုရေးနှင့် ဖွဲ့စည်းပုံ အကန့်အသတ်များ ရှိနေသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ရှန်မူဂါရတ်နမ်က ပါလီမန်သို့ ပြောကြားခဲ့ပါသည်။ နိုင်ငံခြားသား ငှားရမ်းသော ကုမ္ပဏီများ အတွက် အခွန်စည်းကြပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကုန်ကျစရိတ် ကြီးမားလာအောင် အစိုးရက ဆောင်ရွက်ရမည်ဟု ၎င်းက ပြောဆိုသည်။

စင်္ကာပူ လုပ်သားများ၏ ကျွမ်းကျင်မှုနှင့် ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ရန် လာမည့် ၅ နှစ် အတွင်း စင်္ကာပူ ဒေါ်လာ ၅.၅ ဘီလီယံ သုံးစွဲသွားရန် အစိုးရက သတ်မှတ်၊ လျာထားပြီး စင်္ကာပူ နိုင်ငံသားတို့၏ ယှဉ်ပြိုင် နိုင်စွမ်းနှင့် ဝင်ငွေကို မြှင့်တင်ပေးမည်ဟု ဆိုသည်။

အိမ်ဈေးနှုန်းများ တက်နေခြင်းကိုလည်း တားဆီးရန် အစီအစဉ်များ ချမှတ်ထားပြီး နိုင်ငံခြားသားများ အိမ်ခြံမြေ ဈေးကွက်တွင် ဝယ်ယူနေခြင်းကို အပြစ်ပုံချခဲ့ပါသည်။ PR နှင့် နိုင်ငံသားသစ်များ လက်ခံခြင်း လုပ်ငန်းစဉ်ကိုလည်း နောင်တွင် တင်းကြပ်သွားမည် ဟု ကတိပေးလိုက်သည်။

လက်ရှိ စာရင်းဇယားများအရ မနှစ်က စင်္ကာပူ လူဦးရေ မှာ ၅ သန်း နီးပါး ရှိခဲ့ရာတွင် နေထိုင်ခွင့် PR ရသူ ၅၃၃, ၂၀၀၊ အလုပ်လုပ်ခွင့် EP ရသူ နိုင်ငံခြားသား ၁.၂ သန်း နှင့် ၎င်းတို့၏ မိသားစုများ ပါဝင်သည် ဟုသိရသည်။

"ဒီကိစ္စက ဒီနေ့ စင်္ကာပူမှာ လူပြော အများဆုံး ပြဿနာ တစ်ခု ဖြစ်လာတယ်လို့ ထင်ပါတယ်" ဟု နိုင်ငံရေး အကဲခတ် သမား Seah Chiang Nee က ပြောကြားလိုက်သည်။

CIMB-GK သုတေသနဋ္ဌာနမှ စီးပွားရေး ပညာရှင် Song Seng Wun ကမူ ပြည်တွင်း ကုမ္ပဏီများ၏ ဖွဲ့စည်းမှု ကျောရိုးကို အဆင့်မြင့်ရာတွင် ကူညီရေး အပြင် ရွေးကောက်ပွဲများ ကျင်းပရေး တောင်းဆိုမှုများကိုလည်း စီမံချက်အသစ်များဖြင့် ဖြေရှင်းရဖွယ် ရှိသည်ဟု ပြောကြားသည်။

စင်္ကာပူ နိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲများကို ၂၀၀၆ တွင် ကျင်းပခဲ့ရာ လက်ရှိ အာဏာရ ပြည်သူ့ လှုပ်ရှားမှု ပါတီ PAP က ၆ နှစ် သက်တမ်း အတွက် အနိုင်ရရှိခဲ့ပြီး ၁၉၅၉ မှစ၍ ကျွန်းနိုင်ငံ အပေါ် အဆက်မပြတ် အုပ်ချုပ်ခွင့် အာဏာရရှိခဲ့ခြင်း ဖြစ်သည်။ "အန္တရာယ် မီးပွားထွက်လာနိုင်တဲ့ ကဏ္ဍတွေမှာ အစိုးရက တစ်ခုခု လုပ်တာကို မြင်ရပါလိမ့်မယ်" ဟု 'Song ' က ဆိုသည်။

၂၀၀၈ တတိယ လေးလပတ်တွင် စတင်ခဲ့သော စီးပွားရေး ဆိုးဝါးစွာ ကျဆင်းမှု ကာလ အတောအတွင်း နိုင်ငံခြားသား အလုပ်သမားများအပေါ် အကောင်းမြင်မှု လျော့ကျခဲ့ခြင်းကြောင့် စွမ်းရည်မြင့်လာခြင်းကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့သည်။ ထိုစဉ်က စင်္ကာပူသည် စီးပွားရေး ပျက်ကပ် အတွင်း ပထမဆုံး ကျရောက်သွားသည့် အာရှနိုင်ငံ ဖြစ်ခဲ့သည်။

ထိုအချိန်က အလုပ်အကိုင်များစွာ လျှော့ချခဲ့ပြီး လစာငွေ ဖြတ်တောက်မှုကို အကောင်အထည် ဖော်ခဲ့ရာ ကော်လာဖြူ ဥာဏ လုပ်သားများစွာ ထိခိုက်ခဲ့သည်။

ကော်ဖီဆိုင်များ၊ အင်တာနက်ံHချုချချcvcd.,kmmmnnnj m mmkkkmmmc ယာာာဖိုရမ်များ၊ သတင်းစာထံ ပေးစာများ၊ လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံခြားသား အရေအတွက် လျှင်မြန်စွာ ကြီးထွားလာမှုနှင့် ပတ်သက်သည့် နိုင်ငံသား တို့၏ ဝေဖန်သံများ ပွက်လောရိုက်ခဲ့သည်။

လူပြော အများဆုံး ပြဿနာမှာ လစာငွေ နည်းနည်းဖြင့် အလုပ်လုပ်လိုသော နိုင်ငံခြားသားများကြောင့် စင်္ကာပူနိုင်ငံသားများ အလုပ်အကိုင် ဆုံးရှုံးနေခြင်း ကိစ္စ ဖြစ်သည်။

''နိုင်ငံခြားသားတွေက ရေစည်ပိုင်းထဲက အမှိုက်တွေလိုပဲ၊ သူတို့ ဒီမှာ အလုပ် လာလုပ်တာလား၊ ဒါမှမဟုတ် ဒေသခံတွေရဲ့ အလုပ်ကို ဖြတ်သုတ်တာလား ဆိုတာကို အရမ်း သိချင်တယ်'' ဟု နာမည်ကြီး အွန်လိုင်း ဖိုရမ် sammyboy.com  တွင် ဖော်ပြထားသည်။

"စင်္ကာပူနိုင်ငံက စင်္ကာပူ လူမျိုးတွေ အတွက် သူစိမ်းဆန်တဲ့ နေရာ တစ်ခုလို ဖြစ်လာတာ သိပ်မြန်ပါတယ်၊ အမျိုးသား လက္ခဏာဆိုတာ မရှိသလောက် ပျောက်နေပြီ" ဟု Online Citizen ဝက်ဘ်ဆိုဒ်တွင် Nur Muhammad က တင်ပြထားသည်။

ခါးသီးမှု အများစုမှာ နိုင်ငံခြားသား အင်ဂျင်နီယာများ၊ စာရင်းကိုင်များ၊ ဟိုတယ်မန်နေဂျာများ၊ အိုင်တီ ပညာရှင်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်နေရသော စင်္ကာပူနိုင်ငံသားများထံမှ အများဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေး ဝက်ဘ်ဆိုဒ် Little Speak.com  ကို တင်ဆက်နေသူ Seah က ပြောသည်။

စင်္ကာပူနိုင်ငံသား အများစု၏ ဒေါသမှာ စွမ်းရည်နိမ့် ကော်လာပြာ နိုင်ငံခြား လုပ်သားများနှင့် မသက်ဆိုင်ဘဲ စင်္ကာပူ နိုင်ငံသားတို့ လုပ်နိုင်သော အလုပ်များကို လုယူနေသည့် နိုင်ငံခြားသား ကော်လာဖြူ ဥာဏလုပ်သားမျာနှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသားများနှင့် ပြည့်နေသော ရထားများကို တိုးဝှေ့စီးရခြင်း၊ အစိုးရကျောင်းများ၊ ပုဂ္ဂလိက အိမ်ယာများတွင် နေရာလုရခြင်း စသည့် ကိစ္စများမှာလည်း စင်္ကာပူသားတို့ မကျေနပ်သည့် အချက်များ ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားသား အလုပ်သမားများသည် မြို့လယ်တွင် ယောင်ပေပေ ရပ်နေခြင်း၊ လူကြားတွင် တံတွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ ပြုလုပ်သည်ဟုလည်း စွပ်စွဲခံနေရသည်။

စင်္ကာပူသားများ အတွက် အရေးကြီးသည့် နောက် ပြဿနာတစ်ခုမှာ အင်္ဂလိပ်စကား နားမလည်သော စားပွဲထိုးများ၊ အရောင်းဝန်ထမ်းများနှင့် ဆက်ဆံနေရခြင်းပင် ဖြစ်သည်။

အထက်ပါ အလုပ်မျိုးများ အတွက် စင်္ကာပူသားများကို မငှားလိုကြောင်း အချို့ အလုပ်ရှင်များက စောဒကတက်သည်။

အကြောင်းမှာ စင်္ကာပူသား ဒေသခံများသည် အလွန် ချေးများ၍ အလုပ်ရွေးကြောင်း၊ ထို့အပြင် ဧည့်ခံကြိုဆိုရေး ကဲ့သို့သော ဝန်ဆောင်မှု ကဏ္ဍတွင် သဘာဝ လူမှု ဆက်ဆံရေး စွမ်းရည် ချို့တဲ့ကြသည်ဟု အလုပ်ရှင်များက အငြင်းပွားသည်။

တစ်နည်းအားဖြင့် စင်္ကာပူသည် သူ၏ အောင်မြင်မှုများအတွက် သားကောင် ပြန်ဖြစ်နေခြင်းပင် ဖြစ်သည်။

၁၉၇၀ ခုနှစ်များက စီမံချက်ဖြစ်သော မိသားစု တစ်စု ကလေး ၂ ယောက် စီမံချက်မှာ သက်ရောက်မှု ကြီးမားခဲ့ပြီး ယခုအခါ ဒေသခံ လူဦးရေကို သဘာဝ အလျှောက် ပြန်လည်ဖြည့်တင်းရန် အတွက် တစ်နှစ်လျှင် ကလေး ၆ သောင်းခန့် လိုအပ်နေသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.