Transparency Myanmar

transparency.myanmar@gmail.com

Inner City Press, 17th March 2010

မြန်မာ့ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေ အပေါ် ဝေဖန်ပြစ်တင်နေမှုများနှင့် အတူ မတ်လ ၂၅ ရက်နေ့တွင် ကုလသမဂ္ဂ၌ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မိတ်ဆွေနိုင်ငံများ အုပ်စုသည် မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးကြမည်ဟု Inner City Press ၏ အဆိုအရ သိရသည်။

အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက နယူးယောက်မြို့တွင် အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုသည့် စာကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့ခဲ့သည်ဟု ပြောကြားခဲ့ပြီး မတ်လ ၁၆ ရက်တွင် Inner City Press က ဘန်ကီမွန်းထံ ''ပေးစာကို လက်ခံရရှိပါသလား၊ အစည်းအဝေး ကျင်းပပါမည်လား'' ဟု မေးမြန်းခဲ့သည်။

ယူကေ နိုင်ငံမှ ပေးစာကို မရရှိပါ။ သို့သော် မိတ်ဆွေနိုင်ငံများ အဖွဲ့၏ အစည်းအဝေးကို ကျင်းပပါမည်ဟု မစ္စတာ ဘန်ကီမွန်းက ပြန်ကြားသည်။

ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် Mark Lyall Grant အား အင်္ဂါနေ့ မနက် လုံခြုံရေး ကောင်စီ အစည်းအဝေးသို့ အသွားတွင် Press က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက မှတ်ချက်ပေးခြင်း မရှိသလို ဗုဒ္ဓဟူးနေ့ လုံခြုံရေး ကောင်စီ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

၎င်း၏ လက်ထောက်  Philip Parham  ရောက်လာသော်လည်း သြစတြေးလျ သံအမတ်ကြီးနှင့် လမ်းခွဲကာ Press သတင်းထောက်များကို ရှောင်၍ အစည်းအဝေးခန်းထဲသို့ ဝင်သွားသည်။ သြစတြေးလျ သံအမတ်ကြီးက မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ Inner City Press သို့ ပြောကြားရာတွင် ယမန်နေ့က အကြောင်းအရာထက်  ပို၍ မသိရသေးဟု ပြောဆိုခဲ့သည်။

သို့ရာတွင် ဗုဒ္ဓဟူး နေ့လယ်၌ Inner City Press က ရရှိခဲ့သော သတင်း အရ မတ်လ ၂၅ ရက် မိတ်ဆွေနိုင်ငံများ၏ အစည်းအဝေး ကျင်းပရန် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံက မဟန့်တားနိုင်ဟုလည်း သိရှိရသည်။ အဆိုပါ သတင်းကို ယူကေ မစ်ရှင်ထံမှ ရရှိခြင်း မဟုတ်ပါ။ မိတ်ဆွေနိုင်ငံများသည် ဘန်ကီမွန်း တောင်းဆိုသည့် အချိန်တွင် တွေ့ဆုံ စည်းဝေးကြမည်ဟု ဆိုသည်။

ဂေါ်ဒွန်ဘရောင်း၏ ပေးစာမရခင် (သို့) ၎င်းစာ အကြောင်း မသိရခင်ကပင် ဘန်ကီမွန်းက မြန်မာနိုင်ငံအရေး ဆွေးနွေးရန် စီစဉ်ထားခဲ့ခြင်း ဟုတ်/ မဟုတ် မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အထူးသဖြင့် လှုပ်ရှားဆောင်ရွက်မှု မရှိသေးသည့် အချိန်တွင် အချိန်ကို ကြိုက်သလို ရွေးချယ်နိုင်သည်။

မစ္စတာ ဘန်ကီမွန်း၏ နေ့လည်ခင်း သတင်းစာ ရှင်းလင်းပွဲ အပြီး အင်္ဂါနေ့တွင်မူ ဗြိတိန် သံအမတ်ကြီး Lyall Grant က ဂေါ်ဒွန်ဘရောင်း၏ ပေးစာကို နောက်ဆုံးတွင် ဘန်ကီမွန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Inner City Press က သိရှိရသည်။

ဘန်ကီမွန်းသည် ဘရောင်း၏ ပေးစာ အကြောင်း ကြားသိရသဖြင့် ရှေ့သို့ ထွက်ရပ်ရန် ဆုံးဖြတ်ခဲ့ခြင်းလား (သို့မဟုတ်) ခင်မင်ရင်းနှီးသော စိတ်ဖြင့် ညီတူမျှတူ ခံယူ လုပ်ဆောင်ခဲ့ခြင်းလား သေချာ မသိနိုင်ခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 17th March2010

ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများသည် ပလပ်စတစ်အိတ်များတွင် သွေးများ ထည့်၍ ဘန်ကောက်ရှိ ဝန်ကြီးချုပ် နေအိမ်ကို ပစ်ပေါက်ကြသည်ဟု သိရသည်။

လုံခြုံရေး တပ်ဖွဲ့များသည် ရှပ်အင်္ကျီ အနီဝတ် ဆန္ဒပြသူ အချို့အား ဝန်ကြီးချုပ် အဘီဆစ်၏ နေအိမ်သို့ သွေးများဖြင့် ပစ်ပေါက်ခြင်းကို ခွင့်ပြုခဲ့သည်။

ဆန္ဒပြသူများသည် အမေရိကန် သံရုံးရှေ့သို့ သွားရောက်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ရာထူးမှ ဖယ်ရှားရေး အတွက် အမေရိကန် ထောက်လှမ်းရေးမှ ကူညီခဲ့သည်ဟု စွပ်စွဲခဲ့သည်။

သက်ဆင်အား ထောက်ခံသူ အတိုက်အခံများသည် ရွေးကောက်ပွဲ အသစ်ကျင်းပရန် တောင်းဆိုထားကြခြင်း ဖြစ်သည်။

ရှပ်နီဝတ် ခေါင်းဆောင်များက ၎င်းတို့သည် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ဆန္ဒပြမှုသည် ယခုနှစ်များအတွင်း အကြီးမားဆုံး ဖြစ်ပြီး ဆန္ဒပြသူများက အဘီဆစ်၏ အစိုးရသည် တရားမဝင်ကြောင်း၊ ဖျက်သိမ်းသင့်ကြောင်း ပြောလျက် ရှိသည်။

အဘီဆစ်နှင့် ၎င်း၏ မိသားစုမှာ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ လူဂုဏ်ထံများ နေထိုင်သော ရပ်ကွက်၊ မူလနေအိမ်တွင် ရှိမနေကြဘဲ ဘန်ကောက်မြို့ မြောက်ဖက်ရှိ တပ်မ (၁၁) ၏ ဋ္ဌာနချုပ်တွင် ဆန္ဒပြမှုများ စတင်ကတည်းက နေထိုင်လျက် ရှိသည်။

ရဲများနှင့် စစ်တပ်သည် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နောက်ဆုံး အချိန်မှသာ ဝန်ကြီးချုပ်၏ နေအိမ်သို့ ဝင်ရောက်ရန် အစီအစဉ် ရေးဆွဲထားသည်။

 အစိုးရက ဆန္ဒပြမှုများကို ပိတ်ပင်မည် ဖြစ်ကြောင်း၊ သို့သော် ညှိနှိုင်း ရရှိသော အဖြေတစ်ခု တွေ့ရှိကြောင်း ဆိုသည်။

ဆန္ဒပြသူ အချို့သည် ရဲများ တန်းစီနေသည့် ကြားမှ သွေးများ ထည့်ထားသော ပလပ်စတစ်အိတ်များ ကိုင်ဆောင်၍ သွားလာကြပြီး၊ ၎င်းတို့သည် သွေးများကို အိတ် အသေးများထဲသို့ ပြောင်းထည့်ကာ နေအိမ်ကို ပစ်ပေါက်ကြသည်။

အစိုးရ သန့်ရှင်းရေး လုပ်သားများသည် အင်္ဂါနေ့က ချက်ခြင်း လာရောက်၍ သွေးများကို ဆေးကြောကြရသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် သွေးများ အလဟဿ ဖြစ်ကြောင်း၊ လိုအပ်သူများကို သွေးလှူသင့်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

ထို့နောက် ဆန္ဒပြသူ ထောင်ဂဏန်း အနည်းငယ်သည် ဘန်ကောက်ရှိ အမေရိကန် သံရုံး အပြင်ဘက်တွင် စုရုံးခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ၎င်းတို့၏ အစိုးရသည် တရားမဝင်ဟု ထိုနေရာမှ ပြောလိုကြောင်း ဟစ်ကြွေးကြသည်ဟု ဆိုသည်။

အချို့က ပြောဆိုရာတွင် အမေရိကန်သည် သက်ဆင်၏ ဖုန်းများကို ကြားဖြတ် အသံသွင်းထားပြီး၊ သက်ဆင်အား အကြမ်းဖက်မှုများ ကျူးလွန်ရန် ဖိအားပေး အားမြှောက် ပြုခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း သိရသည်။

BBC ၏ အရှေ့တောင် အာရှ သတင်းထောက် Rachel Harvey က ပြောရာတွင် ဆန္ဒပြသူ ဦးရေမှာ တဖြည်းဖြည်း လျော့သွားကြောင်း၊ သို့သော် ဆန္ဒပြင်းပြမှုများမှာမူ လျော့မသွားကြောင်း၊ တောင်းဆိုသံများသည် ကျယ်လောင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားရာတွင် အင်္ဂါနေ့ ညနေပိုင်းတွင် ဆန္ဒပြသူ ဦးရေမှာ ခန့်မှန်းခြေ တစ်သိန်း ရှိရာမှ (၉၀၀၀၀) ထိ လျော့ကျသွားကြောင်း ဆိုသည်။

သတင်းထောက်များက ဆန္ဒပြ ခေါင်းဆောင် Veera Musikapong အား ရှေ့ဆက် ဘာလုပ်မည်နည်းဟု မေးမြန်းရာ ၎င်းက ''ငါလည်း အဲဒါကို သိချင်နေတာ'' ဟု ပြန်ဖြေကြောင်း Associated Press ၏ သတင်းများက ဆိုသည်။

ဆန္ဒပြမှုများ၏ လမ်းညွှန် မဟာဗျူဟာသည် တစ်ရက်ချင်း ပေါ်တွင်သာ အခြေခံကြောင်း ၎င်းက ပြောသည်။

အင်္ဂါနေ့က ၎င်းတို့သည် အစိုးရ အိမ်တော်နှင့် ဒီမိုကရက်တစ် ပါတီဋ္ဌာနချုပ်များကို သွေးများဖြင့် ပက်ခဲ့ကြသည်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် သွေးများ ရရှိစေရေးအတွက် သွေးလှူရန် တန်းစီ စောင့်ဆိုင်းခဲ့ကြသည်ဟု ဆိုသည်။

၎င်းမှာ ပက်သည့် သွေးများထဲတွင် သာမန် လူများ၏ သွေးများကို ရော၍ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ရှပ်နီဝတ် ခေါင်းဆောင် Natthawut Saikua က ပြောသည်။

ထောင်ပေါင်းများစွာသော လုံခြုံရေး တပ်သားများသည် အသင့်အနေအထားတွင် ရှိနေပြီး၊ မိမိတို့သည် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်နေသည်နှင့်အမျှ ညင်သာစွာ ကိုင်တွယ်ရန်နှင့် အချိန်မရွေး ပြောင်းလဲနိုင်ရန် စီစဉ်ထားကြောင်း စစ်တပ် ခေါင်းဆောင်များက ဆိုသည်။

တနင်္လာနေ့က၊ ဆန္ဒပြသူများ တောင်းဆိုသော နုတ်ထွက်ပေးရန်နှင့် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုမှုများသည် ပယ်ချခံခဲ့ရသည်။

ယခုကိစ္စ ဖြစ်ပွားရခြင်းသည် ၂၀၀၆ ခုနှစ်က သက်ဆင်ကို ဖယ်ရှားရန် အာဏာသိမ်းမှုနှင့် ဆက်စပ်နေပြီး၊ နိုင်ငံရေး အရ ကြီးမားသော အကွဲအပြဲကြောင့် ဖြစ်သည်ဟု သိရသည်။

အင်္ဂါနေ့တွင် ကျင်းပမည့် ကက်ဘိနက် အစည်းအဝေးကိုလည်း ဖျက်သိမ်းခဲ့ပြီး၊ ပါလီမန် ကြားနာမှုကိုလည်း လူဦးရေ မပြည့်မှုကြောင့် ရပ်နားခဲ့ရသည်။

ယခုအခါတွင် နှစ်ဘက် စလုံးသည် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားရန် ကြိုးစားလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 17th March 2010

နိုင်ငံပိုင် သတင်းစာများတွင် မနက်ဖြန်တွင် ကြေညာမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ နည်းဥပဒေများတွင် ပါတီမှတ်ပုံတင်ကြေး၊ ကိုယ်စားလှယ်လောင်းအတွက် ခွင့်ပြု အသုံးစရိတ်တို့ ပါဝင်ကြောင်း ဧရာဝတီက ရရှိခဲ့သော နည်းဥပဒေ မိတ္တူ အရ သိရှိရသည်။

နည်းဥပဒေ အခန်း(၂)  အပိုဒ် ၇ (ခ) အရ ''ဤ ဥပဒေ၏ အခန်း ၅ (က) နှင့် ကိုက်ညီ၍ ကော်မရှင်၏ အတည်ပြုမှုကို ရရှိသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ကြေး ၃၀၀,၀၀၀ ကျပ်နှင့် (ဒေါ်လာ ၃၀၀) နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည်'' ဟု ဖော်ပြထားသည်။

အခန်း (၂၁) အရ မည့်သည့် လွှတ်တော် ရွေးကောက်ပွဲကို မဆို ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ စည်းရုံး မဲဆွယ်မှုအတွက် ကျပ်ငွေ ၁၀ သန်း (ဒေါ်လာ ၁၀,၀၀၀) ကို အသုံးစရိတ် အဖြစ် နိုင်ငံရေး ပါတီက သုံးစွဲနိုင်ခွင့် ရှိပြီး၊ ပါတီ ရန်ပုံငွေ (သို့) ကိုယ်စားလှယ်လောင်း၏ တရားဝင် ဝင်ငွေမှ ထုတ်နုတ် သုံးစွဲရမည်ဟု ဆိုသည်။

ဤသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ နည်းဥပဒေ အရ ခွင့်ပြုခဲ့သော မဲဆွယ် စရိတ် ၇၀,၀၀၀ ကျပ် (၁၉၉၀ ငွေလှဲနှုန်း အရ ဒေါ်လာ ၁၅၀၀ ) နှင့် အလွန်ပင် ကွာခြားနေသည်။

ထို့အပြင် လတ်တလော ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေ အရ NLD အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခြင်း မရှိပါက ပါတီဖျက်သိမ်းပေးရမည် ဖြစ်သည်။

NLD အနေနှင့် ရွေးကောက်ပွဲ ဝင်၊ မဝင် ကိစ္စကို မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု CEC အဖွဲ့ဝင်များထံမှ သိရှိရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို နိုင်ငံပိုင် ရုပ်သံက ယနေ့ကြေညာခဲ့ပြီး အသေးစိတ် စည်းကမ်းချက်များကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသွားမည် ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 17th March 2010

ဗုဒ္ဓဘာသာ သံဃာတော်များအား အကြမ်းဖက် နှိမ်နှင်းမှု အပါအဝင် တုန်လှုပ်စဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် မြန်မာ အစိုးရကို နိုင်ငံတကာက ဒေါသထွက်နေကြသော်လည်း သည်းခံမှု တရားကို ပိုမို ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ကတိပေးလိုက်သည်။

ငြိမ်းချမ်းခြင်း တရားကို မြဲမြံအောင် ဆောက်တည်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မိမိတို့ ဖိအားပေး ခံခဲ့ရသည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက မနီလာတွင် ကျင်းပသော Non-Aligned Movement (NAM) ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားသည်။ ယုံကြည်ချက် ကွဲပြားသော သူများ အကြား အပြန်အလှန် လေးစားမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် အကြောင်းကို ထုတ်ဖော် ပြောဆိုရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

အကယ်၍ မိမိတို့အနေဖြင့် အခြား ဘာသာဝင်များ အပေါ် လိုက်လျောမှု မရှိဘဲ လေးစားမှု ပြသရန် ပျက်ကွက်ခဲ့ပါက လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် တင်းမာမှုများ ကြာရှည်နေမည် ဖြစ်သည်။ သည်းခံခြင်း တရားသည် နိုင်ငံတကာ ဆက်ဆံရေးတွင် မရှိမဖြစ် အရေးပါသော တန်ဖိုး တစ်ခု ဖြစ်ကြောင်း မိမိတို့ အပြည့်အဝ သဘောတူသည်ဟု ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ မြန်မာ အစိုးရသည် သံဃာတော်များနှင့် အတိုက်အခံ အုပ်စုများကို ဆက်လက် နှိမ်နှင်း ဖြိုခွဲနေခြင်းကြောင့် နိုင်ငံတကာ၏ ပစ်ပယ်မှုကို ခံနေရဆဲ ဖြစ်သည်။ Human Right Watch က ယခင် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် သံဃာတော် ၂၄၀ ကျော်ကို ထောင်သွင်း အကျဉ်းချထားကြောင်း၊ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် သံဃာတော် ထောင်ဂဏန်း အရေအတွက်သည် လူဝတ်လဲခံရပြီး ဖမ်းဆီးခံရမည်ကို စိုးရွံ့စွာဖြင့် နေထိုင်နေကြရသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို ဖမ်းဆီးထားသည်ဟုလည်း လူ့အခွင့်အရေး အဖွဲ့က ပြောကြားသည်။

မြန်မာစစ်ဖက် အစိုးရက လတ်တလော ထုတ်ပြန် ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေ အရ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီးထားသဖြင့် နိုင်ငံတကာ၏ ဒေါသကို နှိုးဆွသလို ဖြစ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် စီစဉ်ထားသော ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံမှုတွင် ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ရန်နှင့် အဆိုပါ ဥပဒေ ပယ်ဖျက်ရေးကို တောင်းဆိုရန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်ဘာတို ရိုမြူလိုက မျှော်လင့်ထားသည်။ ဦးဥာဏ်ဝင်းကမူ ထိုကိစ္စကို ရှောင်ရှားသည့် အနေဖြင့် အယ်ဘာတို ရိုမြူလိုနှင့် ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ဆက်ဆံရေး ကိစ္စများကိုသာ ဆွေးနွေးသွားမည်ဟု  ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

The Irrawaddy, By Kyaw Thein Kha, 17th March 2010

မြန်မာ အစိုးရ၏ ၁၂ ဦးထက် မနည်းသော ဝန်ကြီးများသည် လက်ရှိရာထူးမှ နုတ်ထွက်ပြီး၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း စစ်တပ်မှ လာသော သတင်းများ အရ သိရှိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ခြင်း ပြုခံလိမ့်မည် မဟုတ်သော ဒုတိယ ဝန်ကြီးများက ၎င်းတို့၏ နေရာတွင် အစားထိုး တာဝန်ယူမည် ဖြစ်ကြောင်း ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

ပါလီမန် အသစ်တွင် တာဝန်ပေးရန် ရွေးချယ်ထားသည်ဟု ယူဆခြင်း ခံရသူများတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဝန်ကြီး ဦးစိုးသာ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း တို့ပါဝင်ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ ဝန်ကြီးများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မှန်းဆရကြောင်း သတင်းများက ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တို့တွင် ကိုယ်စားလှယ်များ၏ ၂၅ % ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သော စစ်တပ်မှ ကိုယ်စားလှယ်များ ဝင်လာမည် ဖြစ်သည်။

အစိုးရ၏ လက်ရှိဝန်ကြီးများသည် အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းနှင့် လက်အောက် ပါတီ နှစ်ခု တို့တွင် ဦးဆောင်လိမ့်မည်ဟု မျှော်လင့်ရပြီး၊ ကော်မရှင်တွင် လာရောက် မှတ်ပုံတင်သည်ကိုမူ မတွေ့ရသေးပေ။

၎င်းတို့အထဲမှ ပါတီတစ်ခုသည် Guidance Democracy Party ဟု အမည်ပေးလိမ့်မည် ဖြစ်ကြောင်း USDA မှ လာသော သတင်းများ အရ သိရှိရသည်။ စစ်တပ်မှ အငြိမ်းစား အရာရှိများသည် အဆိုပါ ပါတီများကို ဦးဆောင်လိမ့်မည် ဖြစ်ပြီး မကြာခင် မှတ်ပုံတင်လိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ အစိုးရ ရုပ်မြင်သံကြားဋ္ဌာနက နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး အတွက် နည်းဥပဒေများ ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ဖော်ပြမည်ဟု ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CBN News, 16th March 2010

မြန်မာခေါင်းဆောင်များအား ၎င်းတို့၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချလျက် ရှိသည်။

ဥပဒေ အသစ်သည် နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မဝင်ရောက်နိုင်ရန် တားဆီးထားသည့်အပြင် သူမအား သူမ၏ ပါတီမှ ထုတ်ပယ်အောင် ပြုလုပ်ထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုသို့သော တင်းကြပ်ထားသည့် ဥပဒေမျိုး ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ကြောင်း၊ သို့သော် စိတ်မပျက်ကြောင်း၊ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြီးခဲ့သည့် ကြာသပတေးနေ့က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သူမက ထိုကဲ့သို့သော စိန်ခေါ်မှုများသည် ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် တုန့်ပြန်ရန် အကြောင်း ဖြစ်လာကြောင်း၊ ပြည်သူများနှင့် ဒီမိုကရေစီ အင်အားစုများ အနေဖြင့်လည်း ထို တရားမျှတမှု မရှိသော ဥပဒေကို တညီတညွတ်တည်း ဆန့်ကျင်ကြရန် ပြောခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး စစ်တပ် အစိုးရ၏ မတရားသဖြင့် အုပ်ချုပ်မှုကို ခံနေရသည်။ အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။

Vision Beyond Borders မှ Patrick Klein က CBN သတင်းဋ္ဌာနသို့ ပြောကြားရာတွင် အစိုးရသည် ၎င်းတို့အား ဆန့်ကျင်သူ မည်သူ့ကိုမဆို အပြတ်ရှင်းလေ့ ရှိကြောင်း၊ အထူးသဖြင့် ခရစ်ယာန်များကိုလည်း ပြုလုပ်ကြောင်း ပြောသည်။ အစိုးရက ခရစ်ယာန် ဘာသာဝင်များကို ပိုမို အတိုက်အခံ ပြုလာသည်ကို တွေ့ရသော်လည်း၊ လူများကြားတွင် ခရစ်တော်ကို ယုံကြည်သူများ တိုးပွားလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

ခရစ်ယာန်များ အနေဖြင့် ဘုရားကျောင်း တက်ရန် ဘုရားကျောင်း အနည်းငယ်သာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် ၁၉၆၅ ခုနှစ်မှ စ၍ ဘုရားကျောင်း အသစ်ဆောက်ခြင်းကို ခွင့်မပြုသောကြောင့် အများစုသည် နေအိမ်တွင်သာ တိတ်တဆိတ် ဘုရား ဝတ်ပြုကြရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.gulf-times.com, 17th March 2010

မြန်မာနိုင်ငံ၌ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် စည်းကမ်း သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ပေးရန် ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးက မနေ့က ပယ်ချလိုက်သည်။

ဦးဉာဏ်ဝင်းသည် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘာတို ရိုမြူလိုနှင့် မနီလာတွင် ကျင်းပသော Non-Aligned Movement ၏ ဝန်ကြီးများ အစည်းအဝေး အဝန်းအဝိုင်းတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက စကားများစွာ ပြောဆိုခြင်း မရှိသဖြင့် တွေ့ဆုံမှုအပေါ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ရိုမြူလိုက ပြောကြားလိုက်သည်။

ယခင် အပတ်က ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေကို တရားဝင် ရုတ်သိမ်းရန် မြန်မာ စစ်အစိုးရအပေါ် ဖိလစ်ပိုင်၏ တောင်းဆိုမှုကို ထပ်မံပြောကြားခဲ့သော တံခါးပိတ် အစည်းအဝေး အပြီးတွင် "သူက နားထောင်ရုံပါပဲ" ဟု ရိုမြူလိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒါဟာ ဥပဒေပါလို့ သူက ပြန်ပြောတယ်" ဟု ရိုမြူလိုက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေသစ်အရ ပြစ်ဒဏ် ကျခံနေရသူ တစ်ဦးအား နိုင်ငံရေး ပါတီဝင်အဖြစ် သော်လည်းကောင်း၊ ရွေးကောက်ပွဲ ပြိုင်မည့် ကိုယ်စားလှယ်လောင်း အဖြစ် သော်လည်းကောင်း ခွင့်မပြုဟု တားမြစ်ထားသည်။

ရက်မသတ်မှတ်ရသေးသော်လည်း ယခုနှစ် ကျင်းပပေးမည်ဟု ဆိုသော ရွေးကောက်ပွဲတွင် လက်ရှိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ဥပဒေဖြင့် ညစ်ထားခြင်း ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်အဖြစ် ဆက်လက် ပါဝင်နေခဲ့လျှင် NLD ပါတီမှာ ရွေးကောက်ပွဲဝင်ခွင့် မရနိုင်သည့်အပြင် ဖျက်သိမ်းခံရနိုင်သည်ဟုလည်း ပါတီ ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြန်မာအစိုးရက နိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ စတင် ပြုလုပ်မည်ဟု ၎င်းတို့ ပေးထားသော ကတိအတိုင်း တည်အောင် ကြိုးစားသင့်သည်ဟု ရိုမြူလိုက ပြောသည်။

"ဒီမိုကရေစီ လမ်းပြမြေပုံဆိုတာ အာဆီယံနဲ့ ကမ္ဘာကိုမြန်မာက ပေးထားတဲ့ ကတိပါ။ သူတို့ ကတိပေးထားတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံအတိုင်း အကောင်အထည် ဖော်ပါလို့ပဲ ကျွန်တော်တို့က တောင်းဆိုတာပါ" ဟု ရိုမြူလိုက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများကို လူတိုင်း ပါဝင်နိုင်မှသာလျှင် ကမ္ဘာက လက်ခံယုံကြည်လိမ့်မည်ဟု ၎င်းက ပြောသည်။

အထက်ပါ ဥပဒေ ပြန်လည် ရုတ်သိမ်းရေး အတွက် ဧပြီ ၈ ရက် ဗီယက်နမ်၌ ကျင်းပမည့် အာဆီယံ ညီလာခံတွင် မြန်မာနိုင်ငံကို ဖိအားပေးရန်  အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို မိမိ တိုက်တွန်းသွားမည်ဟု ရိုမြူလိုက ပြောကြား လိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.