Transparency Myanmar

transparency.myanmar@gmail.com

 

ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်သော အင်ဒိုနီးရှားသို့ လာရောက် လည်ပတ်ရန် စီစဉ်ထားမှုအား အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ခေတ္တ ဖျက်သိမ်းလိုက်ရသော အကြောင်းအရင်းကို မိမိတို့အနေဖြင့် နားလည် သဘောပေါက်ကြောင်း အင်ဒိုနီးရှား အစိုးရက ထုတ်ဖော်ပြောဆိုပါသည်။

သမ္မတအိုဘားမားသည် အင်ဒိုနီးရှားသို့ မတ်လနှောင်းပိုင်း ရက်သတ္တပတ်တွင် သွားရောက် လည်ပတ်ရန် မူလက စီစဉ်ထားခဲ့ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးကိစ္စများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အရေးပါသော အခွင့်အလမ်းကြီး တစ်ရပ် အဖြစ် နှစ်ဖက်စလုံးက ရှုမြင်ခဲ့ကြပါသည်။

အမေရိကန်သမ္မတ အိုဘားမားသည် ငယ်စဉ်ဘဝက အင်ဒိုနီးရှားနိုင်ငံတွင် လေးနှစ်တာမျှ နေထိုင်ခဲ့ဖူးသည်။ အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘန်ဘမ်းယူဒိုရိုနို ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Dino Djalal ၏ အဆိုအရ အိုဘားမားသည် အမေရိကန်ပြည်ထောင်စု ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေမူကြမ်း ကိစ္စကြောင့် အင်ဒိုနီးရှားသမိုင်းဝင် ခရီးစဉ်ကို ဖျက်သိမ်းလိမ့်မည်ဟု သမ္မတကြီးက ဟောကိန်းပင် ထုတ်ခဲ့ကြောင်း သိရပါသည်။

ခရီးစဉ်ရွှေ့ဆိုင်းမှုနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးရန် အိုဘားမားက သမ္မတ ယူဒိုယိုနို ထံ ဆက်သွယ်လာသော အခါ မစ္စတာယူဒိုယိုနိုက ခရီးစဉ်ကို လာမည့်ဇွန်လသို့ ပြောင်းရွှေ့ပေးရန် အကြံပြု ပြောဆိုခဲ့ကြောင်း Dino Djalal က ပြောပါသည်။

အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားသောနေ့သည် အမေရိကန် ပြည်ထောင်စု၌ အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေအား မဲခွဲဆုံးဖြတ်မည့် နေ့ရက်နှင့် တိုက်နေသောကြောင့် အိုဘားမားက ဝါရှင်တန်တွင်ပင် နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

သမ္မတ အိုဘားမားသည် အင်ဒိုနီးရှား ခရီးစဉ်နှင့်အတူ ဂူအမ်၊ သြစတြေးလျ နိုင်ငံများသို့လည်း သွားရောက်ရန် စီစဉ်ထားခဲ့ပါသည်။ ထို့ပြင် အဆိုပါခရီးစဉ်သည် အာရှဒေသ၌ တရုတ်ပြည်၏ လွှမ်းမိုးမှုကို တန်ပြန် ချိန်ခွင်လျှာညှိရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ရှုမြင်ခံထားရပါသည်။

အာရှဒေသအပေါ် အမေရိကန် သြဇာလွှမ်းမိုးနိုင်ရေး အတွက် အဓိကအရေးပါသော တွန်းအားပေးမှုများ ပြုလုပ်ရန် အိုဘားမားက အင်ဒိုနီးရှားသို့ လာရောက် လည်ပတ်ရန် စီစဉ်ခြင်း ဖြစ်သည် ဟု ဘီဘီစီသတင်းဌာနက ဆိုပါသည်။

အင်ဒိုနီးရှားသည် အရှေ့တောင်အာရှ ဒေသတွင် စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခု ဖြစ်ပြီး အင်ဒိုနီးရှား၏ ဈေးကွက်မှာလည်း တဖြည်းဖြည်းချင်း ကြီးထွားလာလျက် ရှိရာ အမေရိကန် စီးပွားရေး လုပ်ငန်းများက ဝင်ရောက် လုပ်ကိုင်လိုကြသည်။

အမေရိကန်သမ္မတ အိုဘားမားသာ လာရောက်လည်ပတ်ပါက ခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပြုရေးတို့ကို ကနဦး ဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်များ ရေးထိုး နိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်များ နှစ်ဖက်စလုံးတွင် ထွက်ပေါ်ခဲ့သည်။

ဤအတောအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်လည်း လာမည့် ဧပြီလတွင် အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ မစ္စတာ ဝမ်ကျားပေါင် သည် အဆိုပါခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် အဓိက ဆွေးနွေးသွားဖွယ် ရှိပါသည်။

တရုတ်နိုင်ငံသည် ယခုနှစ်ဆန်းပိုင်းတွင် စတင်သက်ဝင်သော အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားသည်။ ထို့ပြင် တရုတ်သည် အာရှဒေသရှိ နိုင်ငံအတော်များများ၏ အဓိက စီးပွားရေး မိတ်ဖက် နိုင်ငံတစ်ခုအဖြစ် ပိုမိုပီပြင်လာလျက် ရှိသည်။
BBC သတင်းဌာန၏ သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ချုံခို တိုက်ခိုက်မှုတွင် မြန်မာ စစ်တပ်ဘက်မှ စစ်သား ၂၀ သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော ရှမ်းပြည် တပ်မတော်-တောင်ပိုင်း (SSA-S) မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားပါသည်။

အဆိုပါ ချုံခိုတိုက်ခိုက်မှုကို SSA-S တပ်ဖွဲ့မှ တပ်သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ စစ်မြေပြင် သတင်းပေးပို့ချက်များအရ သုံးနာရီကြာမျှ တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု SSA-S ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆန်းက Irrawaddy သတင်းဌာနသို့ပြောပါသည်။

ရှမ်းပြည်နယ်တွင် ယခုလအတွင်း SSA-S လက်နက်ကိုင် တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ထိပ်တိုက် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။ တိုက်ပွဲ ဖြစ်ပွားပြီး နောက် နီးစပ်ရာဒေသမှ ကျေးရွာသူ ကျေးရွာသားများကို မြန်မာစစ်တပ်က ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒေသခံများသည် ရှမ်းသူပုန် တပ်ဖွဲ့များနှင့် ပတ်သက်သော သတင်းများကို ပေးပို့ရန် ပျက်ကွက်ခဲ့ပြီး သူပုန်များကို စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်ဟု မြန်မာစစ်တပ်က ရွာသားများကို စွပ်စွဲပြောဆိုခဲ့ကြောင်း စိုင်းလောဝ်ဆန်းက ပြောပါသည်။

တိုက်ပွဲအတွင်း ရှမ်းစစ်သား တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပေ။ တိုက်ပွဲ ပြီးဆုံးပြီးနောက် ရှမ်းသူပုန်များက မြန်မာစစ်တပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိလိုက်သည်ဟု ၎င်းကပြောသည်။

ချုံခိုတိုက်ခိုက်ခြင်း ခံရသော တပ်ဖွဲ့မှာ အမှတ် ၅၂၅ နှင့် ၉၉ ခြေမြန် တပ်ရင်းမှဖြစ်ပြီး ဗိုလ်ကြီးတင်အောင်မိုး ဦးဆောင်ကြောင်း ၎င်း၏ အဆိုအရသိရသည်။ ယခုလပိုင်းများ အတွင်း မြန်မာစစ်တပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများတွင် ပုံမှန်ကင်းလှည့်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ချေမှုန်းတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက် ရှိသည်။

သုံးသပ် လေ့လာသူများ အဆိုအရ မကြာမီ ကာလအတွင်း နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းရန် ငြင်းပယ်ထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းမှုများ ပြုလုပ်လာဖွယ်ရှိသည်။

နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပါက မြန်မာစစ်တပ်၏ ထိန်းချုပ် ကွပ်ကဲမှုအောက်တွင် နေထိုင်ရမည် ဖြစ်သည်။ ယခုအခါ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်ပေါင်း ၇၀၀၀၀ (ခုနှစ်သောင်း) ခန့်ကို ညီညွတ်သော ဝပြည်နယ်တပ်မတော် (UWSA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIO) ကဲ့သို့သော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသသို့ စေလွှတ်ခဲ့ကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။

Irrawaddy သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Reuters news, 18th March 2010

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများ အပေါ် စိုးရိမ်ပူပန်မှုများကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဗြိတိန်နိုင်ငံက တွန်ုအားပေးနေသော်လည်း မြန်မာ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံ တရုတ်၏ ဟန့်တားမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ သံတမန် တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာ စစ်ဖက်အစိုးရသည် ရက်စက်သော လူ့အခွင့်အရေး ဖိနှိပ်မှုများနှင့် တိုင်းရင်းသားများ၊ အတိုက်အခံ အုပ်စုများ အပေါ် ရက်စက်စွာ နှိမ်နှင်းမှုများ ပြုလုပ်နေသည်ဟု အနောက် အင်အားကြီးနိုင်ငံများက သတ်မှတ်ထားမှုကြောင့် ၁၅ နိုင်ငံ လုံခြုံရေး ကောင်စီ၏ အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံ အကြောင်း ပါဝင်ခဲ့သည်မှာ နှစ်တိုင်းလိုလိုပင် ဖြစ်သည်။ သို့ရာတွင် လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ စစ်အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများ မချမှတ်နိုင်အောင် တရုတ်နှင့် ရုရှားနိုင်ငံများက တားဆီးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ အနေအထားများကို ပြန်လည် သုံးသပ်ရန် လုံခြုံရေးကောင်စီအား ဗြိတိန်နိုင်ငံက တိုက်တွန်းနေခြင်း၏ အကြောင်းရင်းမှာ နိုင်ငံရေး အကျဉ်းသားများ ရွေး ကောက်ပွဲ မဝင်နိုင်အောင်၊ နိုင်ငံရေး ပါတီဝင် အဖြစ်ပင် ဝင်ခွင့် မရနိုင်အောင် တားဆီး ပိတ်ပင်ထားသည့် ရွေးကောက်ပွဲ ဥပဒေကို မြန်မာစစ်ဖက် အစိုးရက လတ်တလော ထုတ်ပြန် ကြေညာခဲ့သောကြောင့် ဖြစ်သည်ဟု သံတမန်များက ဆိုသည်။

မြန်မာနိုင်ငံ အရေး ဆွေးနွေးကြမည့် အစီအစဉ်ကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက ထောက်ခံခဲ့ကြပြီး နိုင်ငံတွင်း အနေအထားနှင့် စပ်လျဉ်း၍ နောက်ဆုံးသတင်းများ စုဆောင်း နေကြသည်ဟု အမည် မဖော်လိုသူ အနောက်နိုင်ငံ သံတမန် တစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အရေးယူရေးအပေါ် အမြဲတမ်း မလိုလားခဲ့သည့် တရုတ်နိုင်ငံနှင့် အဆိုပါ အကြောင်းအရာကို လတ်တလော ညှိနှိုင်းနေသည်ဟု အထက်ပါ သံတမန်က ဆိုသည်။

ဗြိတိန်၊ တရုတ်၊ ရုရှား တို့ကဲ့သို့ ဗီတိုအာဏာ သုံးခွင့် ရှိသော အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံတို့ကလည်း လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရွေး ကောက်ပွဲ အကြောင်း ဆွေးနွေးမည့် အကြံဥာဏ်ကို ထောက်ခံကြသည်ဟု သံတမန်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Associated Press, 18th March 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းနှင့် သူမအား ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖယ်ထုတ်ထားခြင်း အပေါ် စိုးရိမ်ပူပန်လျက် ရှိ ကြောင်း ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို အလေးအနက် ပြောကြားခဲ့သော်လည်း တစ်စုံတစ်ရာ ပြောင်းလဲမည့် နည်းလမ်းမရှိဟု ဖိလစ်ပိုင် တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တစ်ဦး အိမ်တွင်းရေးကို တစ်ဦး မစွက်ဖက်ရန် တားမြစ်ထားသော အာဆီယံနိုင်ငံများ အတွင်း ယခုကဲ့သို့ ပြစ်တင်ဝေဖန်မှုမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် မနီလာ Non-Aligned Movement ညီလာခံ အဝန်းအဝိုင်းတွင် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်များကို အထူးအလေးပေး ပြောကြားခဲ့သည် ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်ဘာတို ရိုမြူလိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှ အဘယ်ကြောင့် ပိတ်ပင်ထားသည်ဆိုသော အချက်ကို ဦးဥာဏ်ဝင်းက ''ဒါက ကျွန်တော်တို့ရဲ့ ဥပဒေပါ'' ဟု ဖြေကြား ရှင်း လင်းခဲ့သည်ဟု ရိုမြူလိုက ပြောပြသည်။

ဦးဥာဏ်ဝင်း၏ အဖြေများကို ကျေနပ်မှု ရှိပါသလားဟု မေးမြန်းခဲ့ရာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသောရိုမြူလိုက ''သူက စကားများများ ပြန်မပြောဘူးဗျ၊ တကယ်လို့ ခင်ဗျားမေးတာကို ကျွန်တော် ပြန်မဖြေရင် ခင်ဗျားကော ကျေနပ်မှာလား'' ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပရန် စီစဉ်လျက် ရှိသည်။ အဆိုပါ ရွေးကောက်ပွဲ ရလဒ်များကို စစ်ဖက် အစိုးရက ပြောင်ပြောင်တင်းတင်း လျစ်လျူရှုကာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၄ နှစ်ခန့် ဖမ်းဆီးထားခဲ့သည်မှာလည်း ယခုတိုင် ဖြစ်သည်။ သူမအား လွှတ်ပေးရန် ဖိလစ်ပိုင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။

ယခင် အပတ်က ကြေညာသော ရွေးကောက်ပွဲ ဥပဒေ အရ ဖြစ်ဒဏ်ကျခံနေရသူများကို နိုင်ငံရေး လုပ်ငန်းစဉ်မှ တားဆီးထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေး ကောက်ပွဲ မဝင်နိုင်အောင်၊ ပါတီဝင် အဖြစ်ပင် ရပ်တည်ခွင့် မရအောင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။

သူ၏ အင်းလျားကန်စောင်း နေအိမ်သို့ အမေရိကန် တစ်ဦး ဝင်ရောက်လာမှုကို လက်ခံမှုဖြင့် အစိုးရက အကြောင်းပြ တရားစွဲ ဆိုကာ လာမည့် နိုဝင်ဘာ အထိ အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ကျခံရန် မြန်မာတရားရုံးက သြဂုတ်လက ပြစ်ဒဏ်ပေးခဲ့သည်။

မနီလာ ညီလာခံတွင် မြန်မာ သံတမန် နောက်မှ တကောက်ကောက် လိုက်နေသော သတင်းထောက် အုပ်စုကြီးကို ဦးဥာဏ်ဝင်းက မသိချင်ယောင်ဆောင် နေခဲ့သည်။ သို့ရာတွင် ၎င်းက Associated Press သို့ ''မြန်မာ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ အကြောင်း အသေးစိတ်နှင့် ကျင်းပမည့်ရက်ကို ကြေညာလိမ့်မည်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာမည့်လတွင် သွားရောက်မည့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာ တာလီဂါဝမ်က မနီလာတွင် သတင်းထောက်များအား ပြောကြားရာ၌ ''ရွေး ကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမည် ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး၍ ရွေးကောက်ပွဲ ဝင်ခွင့်ပြုစေလိုသည့် မိမိတို့နိုင်ငံ၏ သဘောထားကိုလည်း ထပ်မံ ဖော်ပြသွားမည်'' ဟု အတိအလင်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် တရားဝင် တုန့်ပြန် ကြေညာချက်ကို အာဆီယံက ယခုတိုင် မထုတ်ပြန်သေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Irrawaddy news, EU cbserver, 15th March 2010

တရုတ်နိုင်ငံက ၎င်း၏ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ဥရောပ အထိ တိုးချဲ့ရန် ဖြစ်နိုင်ချေများကို ရှာဖွေနေသည့် အပြင် လန်ဒန်နှင့် ဘေဂျင်းအကြား ရထားခရီး ကြာမြင့်ချိန်ကို ၂ ရက် အထိ လျော့ချရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

လာမည့် ၁၀ နှစ် အတွင်း စီမံကိန်းကြီး ပြီးစီးရန် အာဏာပိုင်များက မျှော်လင့်ထားကြပြီး၊ ခရီးသည်များအား ကီလိုမီတာ ၈၀၀၀ ကွာဝေးသော ခရီးစဉ်ကို တစ်နာရီလျှင် ၃၂၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပို့ဆောင်ပေးနိုင်လိမ့်မည် ဖြစ်သည်။

တရုတ်နိုင်ငံက ဥရောပသို့ ရထားလိုင်း ပြေးဆွဲရန် အဆိုပြုထားသည်ဟု သိရှိရပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အရှေ့ အလယ်ပိုင်းကို ဖြတ်၍ လန်ဒန်သို့ တစ်လိုင်းနှင့် ဒုတိယ လိုင်းမှာ ရုရှားကို ဖြတ်၍ ဂျာမနီသို့ ဆက်သွယ်မည် ဖြစ်သည်။ သို့ရာတွင် လမ်းကြောင်း အတိအကျကိုမူ မဆုံးဖြတ်ရသေးဟု သိရသည်။

တတိယ ရထားလမ်းမှာ ဘေဂျင်းမှ တောင်ဘက်သို့ ထွက်ကာ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ သို့ ဆက်သွယ်မည် ဖြစ်သည်။

တရုတ် အင်ဂျင်နီယာ အကယ်ဒမီ အဖွဲ့ဝင်နှင့် တရုတ်ပြည်တွင်း မြန်နှုန်းမြင့် ရထား စီမံကိန်း ဝါရင့် အတိုင်ပင်ခံ ဝမ်မင်ရှု၏ အဆိုအရ အရှေ့တောင်အာရှ လမ်းကြောင်းပေါ်မှ လုပ်ငန်းများကို ယခုလ စတင်နေပြီ ဟု သိရသည်။

ဥရောပ ရထားလမ်း ကွန်ယက်အတွက် အလားအလာများနှင့် တိုင်းထွာမှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဥရောပ အလယ်ပိုင်းနှင့် ဥရောပ အရှေ့ပိုင်း နိုင်ငံများက လုပ်ငန်း စတင်ရန် လွန်စွာ စိတ်ဝင်စားနေကြသည်ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း ဘရပ်ဆဲရှိ တရုတ် အရာရှိများမှာမူ ပိုမို သတိထား ဆောင်ရွက် နေရသည်ဟု ဆိုပါသည်။ "ကျွန်တော်တို့ တရုတ်နိုင်ငံက သူရဲ့ ရထားလမ်း ကွန်ယက်ကို တိုးတက်ချင်နေတာ ကျွန်တော် နားလည်ပါတယ်၊ ဝေးနိုင်သမျှ ဝေးဝေး၊ ဥရောပ အထိပေါ့ဗျာ၊ ဒါပေမဲ့ မြန်နှုန်းမြင့် ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး" ဟု သတင်းရပ်ကွက် တစ်ခုက ဆိုသည်။

မြန်မာ ရထားလမ်းပိုင်း အတွက် တရုတ်နိုင်ငံက ငွေကြေး ကူညီရန် ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အားဖြင့် ဘက်ထရီသုံး လီသီယမ် သတ္တုကို မြန်မာနိုင်ငံတွင်းမှ ထုတ်ယူရန် စီစဉ်နေရာ ရထားလမ်း စီမံကိန်း ဘဏ္ဍာရေး စီမံမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

"ကျွန်တော်တို့ စီမံကိန်းမှာ အစိုးရ ပိုက်ဆံနဲ့ ဘဏ်ချေးငွေကို သုံးစွဲမှာ ဖြစ်ပေမဲ့ ရထားလမ်းတွေကတော့ ပုဂ္ဂလိက ကဏ္ဍနဲ့ အိမ်ရှင်နိုင်ငံတွေက စိုက်ထုတ်ရမှာပါ" ဟု ဝမ်ရှု မင်က ပြောကြားခဲ့ပြီး လမ်းသစ်များကို ကုန်ပစ္စည်း ပို့ဆောင်ရေး အတွက်လည်း အသုံးပြုသွားမည်ဟု ဆိုသည်။

လက်ရှိ သက်သာသော ပင်လယ်ရေကြောင်း ပို့ဆောင်ရေး စရိတ်ကြောင့် ဥရောပ- တရုတ် ရထားလမ်းကို ကူးသန်းရောင်းဝယ်ရေး အပေါ် အခြေပြု၍ တည်ဆောက်ခြင်း သည် မှန်ကန်ကြောင်း သက်သေပြရန် ခဲယဉ်းလိမ့်မည်ဟု ဥရောပ ကျွမ်းကျင်သူများက ပြောကြားသည်။ ကမ္ဘာ့ ကုန်သွယ်ရေးသည် ရပ်တန့်သွားနိုင်ဖွယ် ရှိပုံမရသဖြင့် ၂၀၀၇ အစောပိုင်းကာလတွင် သင်္ဘောတည်ဆောက်သူများသည် အမှာစာများ စံချိန်တင် လက်ခံရရှိခဲ့သည်။ သို့သော်လည်း မရှေးမနှောင်းပင် ငွေကြေး အကျပ်အတည်း ပြဿနာပေါ်လာကာ ကမ္ဘာ့ ကုန်သွယ်ရေးမှာ ၁၂ % အထိ ကျဆင်းသွားခဲ့သည်ဟု WTO စာရင်းဇယားများ အရ သိရှိရသည်။

အခြေခံ အဆောက်အဦကောင်းများ ဖြစ်တည်နိုင်မှုသည် ကမ္ဘာ့နိုင်ငံများ အကြား ကုန်သွယ်ရေး ဖွံ့ဖြိုးကြီးထွားမှုအပေါ် အရေးတကြီး မှီခိုနေသည်ဟု ဥရောပ ရထားလုပ်ငန်း အဖွဲ့ UNIFE ညွှန်ကြားရေးမှူးချုပ် Michael Clausecker က မှတ်ချက်ပေးသည်။

လက်ရှိ ပင်လယ်ရေကြောင်း ပို့ဆောင်နိုင်စွမ်းမှာ အလွန် ကြီးမားနေပြီး လာမည့်နှစ် များအတွင်း ပိုမို ဖွံဖြိုးလာရန် မျှော်လင့်ထားမှုများကြောင့် အီးယူနှင့်  တရုတ်အတွက် ယခု ရထားလမ်း ကိစ္စမှာ သံသယ ရှိဖွယ် ဖြစ်နေသည်ဟု ၎င်းက  EU observer သို့ ပြောကြားခဲ့သည်။

လက်ရှိ အနေအထား အရ တရုတ်နိုင်ငံသည် အလွန်ကြီးမားသော ရထားလမ်း တိုးချဲ့ရေး စီမံကိန်း၏ အလယ်ဆင့်တွင် ရောက်ရှိနေပြီး ၎င်း၏ အဓိက မြို့ကြီးများ အကြား မြန်နှုန်းမြင့် ရထားလမ်းများဖြင့် ဆက်သွယ်ရန် လာမည့် ၅ နှစ် အတွင်း ရထားလမ်း အရှည် ၃၀,၅၀၀ ကီလိုမီတာ နီးပါး တည်ဆောက်သွားရန် ရည်ရွယ်ထားသည်။

ကမ္ဘာ့ အမြန်ဆုံးရထား Harmony Express ကို တရုတ်နိုင်ငံတွင် မနှစ်က စတင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံတွင် အစအဆုံး တည်ဆောက်ခဲ့သော်လည်း Siemens (ဂျာမနီ) နှင့် Kawasaki (ဂျပန်) နည်းပညာများကို အသုံးပြုထားကာ အမြင့်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The New York Times, 17th March 2010

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ရွှံ့များကြားတွင် အလုပ်သမား တို့သည် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း၏ နောက်ဆုံး အစိတ်အပိုင်းများကို ဂဟေဆော်လျက် ရှိကြသည်။ အဆိုပါ ဓါတ်ငွေ့များဖြင့် နှစ်ပေါင်းများစွာ အမှောင်ထဲတွင် ဒုက္ခရောက်နေသော ရန်ကုန်မြို့ကို မီးပေးမည်ဟု မြန်မာ ဗိုလ်ချုပ်များက ပြောနေသည်။

ရန်ကုန်မြို့တွင် နေထိုင်သူများ အနေဖြင့် ကံကောင်း ထောက်မ သဖြင့် တစ်ရက် ရှစ်နာရီသာ မီးရနေရာမှ မကြာမီ အမြဲတမ်း အေးဆေးနေမည့် ရေခဲသေတ္တာများ၊ တီဗွီများကို ကြည့်နေနိုင်ကြတော့မည် ဖြစ်သည်။

သို့သော် အစိုးရက ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ပြီး နေအိမ်တွင် အကျယ်ချုပ် ချထားခြင်း ခံရသော နိုဘယ်ဆုရှင် အသက် ၆၄ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည် အတွက်မူ များစွာ ပြောင်းလဲ တိုးတက်မှုရှိမည် မဟုတ်ပေ။ သူမ၏ ရှေ့နေ၏ ပြောစကား အရ တယ်လီဖုန်းလိုင်းကို ဖြတ်တောက်ထားသည်မှာ နှစ်ပေါင်းကြာပြီ ဖြစ်ပြီး၊ သူမတွင် ကွန်ပျူတာ၊  ရုပ်မြင်သံကြားလည်း မရှိဟု သိရှိရသည်။

ထိုအရာများကား ယနေ့ မြန်မာနိုင်ငံ၏ နှစ်ဦး နှစ်ဘက်ကြား အားပြိုင်မှုများပင် ဖြစ်ပေသည်။ ယခုအခါ နှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်း ရပ်တန့်နေရာမှ၊ ပြောင်းလဲမှုများ ထွက်ပေါ်လာနေသည်ကို တွေ့ရသော်လည်း စစ်အစိုးရ အလိုကျ အပြောင်းအလဲများသာ ဖြစ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ စီးပွားရေးသမားများနှင့် သံတမန်များ ကြားတွင် ၅၅ သန်းရှိ နိုင်ငံ၏ လူဦးရေကို ဆင်းရဲမွဲတေစေခဲ့သော ဆိုဗီယက် စတိုင် စီးပွားရေး ဝါဒနှင့် မည်သူ့ကိုမျှ မယုံသော အာဏာရှင်စနစ်တို့မှာ တဖြည်းဖြည်း ပြောင်းလဲသွားတော့မည်ဟု မျှော်လင့်မှုများ ရှိနေသည်။

စစ်အစိုးရသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံး အကြိမ် အဖြစ် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ပြီး  အခြေခံဥပဒေသစ်ဖြင့် အုပ်ချုပ်သွားတော့မည် ဖြစ်သည်။ လေ့လာသူများက ပြောကြားရာတွင် ရွေးကောက်ပွဲသည် အပြည့်အဝ လွတ်လပ်ပြီး တရားမျှတသော ယှဉ်ပြိုင်မှု ဖြစ်နိုင်မည် မဟုတ်သော်လည်း စစ်အစိုးရသည် သူမ၏ အာဏာ တချို့ကို ခွဲပေးရန် ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

''မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ နိုင်ငံရေး အချိုးအကွေ့ကိုရောက်နေပါပြီ'' ဟု ကုလသမဂ္ဂ အရာထမ်းဟောင်း ဖြစ်သူ သမိုင်း ပညာရှင် ဦးသန့်မြင့်ဦးက ပြောသည်။ ''ကျွန်တော်တို့ဟာ ထိပ်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီး တစ်ဦးသာ ရှိရမယ်ဆိုပြီး ကြီးစဉ်ငယ်လိုက် စဉ်ထားပြီး ရာထူးပေးတဲ့ စစ်မူဝါဒ ကနေ တဖြည်းဖြည်း ပြောင်းလဲလာနေပြီ ဆိုတာ ရှင်း နေပါပြီ'' ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွက် ထားရှိရမည့် မျှော်လင့်ချက်များမှာ တဖြည်းဖြည်း တိုးတက်လာပြီး နိုင်ငံရေး စင်မြင့်ပေါ်မှ စစ်တပ်ကို တဖြည်းဖြည်း မှေးမှိန်သွားရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပေါကြွယ်သော သယံဇာတများနှင့် မြေဆီမြေနှစ်များ ပြည့်ဝသော မြေကြီးများကို အသုံးချပြီး စီးပွားရေး အားကောင်းနေသော အိမ်နီးချင်း နိုင်ငံများနှင့် အတူ ပါဝင် လုပ်ကိုင်နိုင်ရေးပင် ဖြစ်သည်။

မျှော်လင့်ထားသည့် အတိုင်း ပြောင်းလဲမည့် လက္ခဏာများ တွေ့နေရသည်။ နှစ်ပေါင်း ငါးဆယ်နီးပါး အာဏာ ဆုပ်ကိုင်ထားသည့် စစ်အစိုးရသည် ယခင်က ခွင့်မပြုခဲ့ဖူးသည့် ဆေးရုံများ၊ ကျောင်းများကို ပုဂ္ဂလိကများသို့ ဖွင့်ပေးခဲ့သည်။ နိုင်ငံပိုင် စက်ရုံများနှင့် ပစ္စည်းများကို ၎င်းတို့၏ လက်ဝေခံ ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ပြီး ပြစ်ဒဏ်ပေးသည့် အနေဖြင့် ကန့်သတ်ထားသော မော်တော်ကားနှင့် ဆိုင်ကယ်သွင်းခွင့် အချို့ကို ဖြေလျော့ပေးခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသည် အလားအလာ ကောင်းသော ဆန်တင်ပို့မှုကို ပြန်လည် အသက်သွင်း နေပြီ ဖြစ်သည်။

ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ  ငွေကြေး ရန်ပုံငွေ အဖွဲ့အစည်း စသည်တို့မှ နိုင်ငံတကာ စီးပွားရေး ပညာရှင်များအား လာရောက်ခဲ့သော်လည်း ကျွဲပါးစောင်းတီးသာ ဖြစ်ခဲ့သည်ဟု အနောက်တိုင်း သံတမန် တစ်ဦးက ပြောသည်။ သို့သော် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဒီဇင်ဘာလက လာရောက်ခဲ့သော ဘောဂဗေဒ နိုဘယ်ဆုရှင် Joseph E. Stiglitz က ၎င်းတွေ့ဆုံခဲ့သော ဝန်ကြီးများနှင့် စစ်တပ်အရာရှိများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အကြံဥာဏ်များကို စိတ်အားထက်သန်စွာ ခံယူသည်ကို တွေ့ရသည်ဟု ဆိုသည်။

ယခင်က မြန်မာနိုင်ငံတွင် မျှော်လင့်ချက်များ မကြာခဏ ဆုံးရှုံးခဲ့ရဖူးပြီး ဗိုလ်ချုပ်များသည် စိတ်အပြောင်းအလဲ မြန်သည့်အလျောက် ပေးထားသော ကတိများကို ဖျက်ပစ်လေ့ ရှိသည်။ သို့သော် လာမည့် နှစ်များအတွင်း အလွန် အရေးပါလှသော အပြောင်းအလဲ တစ်ခုကို  မြင်တွေ့ရတော့မည်မှာ အသေအချာပင် ဖြစ်သည်။ အထီးကျန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပြီး၊ ၎င်း၏ ပြိုင်ဖက်များအား အမြဲတမ်း အနိုင်ယူခဲ့ပြီး၊ ယခု ၎င်း၏ နေရာကို ဆက်ခံမည့်သူလည်း မရှိ သေးပေ။

ပြောင်းလဲမည့် ဦးတည်ချက်နှင့် ပတ်သက်၍ ယေဘုယျ ရှင်းချက် ထုတ်ရလျှင် ဗိုလ်ချုပ်မှူးကြီးသည် နှစ်ပေါင်း နှစ်ဆယ်ကျော် အာဏာ၊ မတရား ရှာဖွေလာသည့် ကြွယ်ဝမှုများနှင့် ၎င်း၏ မိသားစုကို ခြိမ်းခြောက် အန္တရာယ်ပြုမည့် နောက်ထပ်အာဏာရှင် တစ်ဦး ပေါ်ပေါက်လာမည်ကို အလိုရှိလိမ့်မည် မဟုတ်ဘဲ၊ ၎င်း၏ လက်ရှိ အကြွင်းမဲ့အာဏာကို ဖျက်သိမ်းလိမ့်မည် ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်က သေဆုံးသွားခဲ့သော ဦးနေဝင်းဆိုလျှင် မသေမီ နေအိမ်အကျယ်ချုပ်နှင့် နေရပြီး ကွယ်လွန်ခါနီး အချိန်တွင် ဆေးကုသခွင့်ပင် မရသော အဖြစ်ကို တွေးလျက် သမိုင်း တစ်ပတ်လည်မည်ကို ကြောက်နေမည်မှာ သေချာသည်။

မြန်မာနိုင်ငံတွင်း အဓိက အားပြိုင်မှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်များကြားတွင် မဟုတ်ဘဲ စစ်တပ်အတွင်းမှာပင် ဖြစ်ကြောင်း ဦးသန့်မြင့်ဦးက ပြောသည်။

'' နိုင်ငံပြင်ပမှာ ထင်နေတာက စစ်တပ်ဟာ သူ့ရဲ့ အာဏာ တည်မြဲရေးကို ကြိုးစားနေတယ်လို့ ခပ်ရိုးရိုးပဲ ထင်နေကြတာ။ တကယ်တော့ ဒီစစ်တပ်က လက်တစ်ဆုပ်စာ လူတစ်စု အတွင်းမှာပဲ အားပြိုင်မှုတွေ ဖြစ်နေတာ၊ စစ်တပ် တစ်ခုတည်းတင် မကပဲ၊ အငြိမ်းစား စစ်တပ် အရာရှိတွေ၊ ဝါရင့် ဗျူရိုကရက်တွေနဲ့ တစ်စခန်း ထနေတဲ့ စီးပွားရေး လုပ်ငန်းရှင်များကြားမှာ ဖြစ်နေတာ'' ဟု ၎င်းက ပြောသည်။

စစ်တပ် အရာရှိများက ၎င်းတို့ ဘဝရှေ့ရေးသည် ရွေးကောက်ပွဲ ပေါ်တွင် မူတည်သယောင် ရှိနေသောကြောင့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးနေကြပြီ ဖြစ်သည်။ ရန်ကုန်တွင် ၁၄ နာရီ မီးလင်းရေး အစီအစဉ် အပါအဝင် စီမံကိန်းများစွာကို မက်လုံးပေးကာ ၎င်းတို့အား မုန်းတီးနေသော လူထုကြီးထံမှ မေတ္တာများ ပြန်လည် ရယူလျက် ရှိသည်။

ဆန်ထုတ်လုပ်မှုတွင်လည်း အရေးကြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ တိုင်းပြည် လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ကို ကိုယ်စားပြုသော လယ်သမားများ၏ ဝင်ငွေ တိုးတက်လာစေမည့် အလားအလာများ ရှိနေသည်။ မြန်မာနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့သော်လည်း၊ ယနေ့ အိမ်နီးချင်း ထိုင်း နိုင်ငံက ထိုနေရာကို ယူထားသည်။

''ကျွန်တော်တို့ကို ဆယ်နှစ်ပဲ အချိန်ပေးပါ။ အရင်ကလို ဆန်တင်ပို့မှု အကြီးဆုံး ဖြစ်လာနိုင်ပါတယ်'' ဟု အသစ် ဖွဲ့စည်းလိုက်သော ဆန်လုပ်ငန်းအဖွဲ့ အကြံပေးပညာရှင် ဦးတင်မောင်သန်းက ဆိုသည်။

နိုင်ငံခြား အစိုးရများက ရွာများကို ပေးသော စပါးစိုက်ရန် အကူအညီများသည် မုန်တိုင်း ဒဏ်ခံ ဧရာဝတီတိုင်းကို ပြန်လည် နိုးထလာစေသည်။ လယ်သမားများကို မြေသြဇာ အသုံးပြုနည်းများ၊ မျိုးစေ့ကောင်းများ သုံးနည်းနှင့် ခေတ်မီ နည်းစနစ်များကို သင်ကြားပေးလျက် ရှိသည်။

ယခု အခါ အစိုးရသည် ဆန်စပါးလုပ်ငန်း အသင်းကြီးသို့ တိုင်းပြည်အရန် ဆန်သိုလှောင်မှုက အစ စီမံခန့်ခွဲခွင့်ကို ပေးအပ်ခဲ့ပြီး ဖြစ်ရာ၊ ယခင်က ဆန်ပြတ်မည်ကို ကြောက်၍ မည်သူတွေ မည်သည့် စာချုပ်ချုပ်ထားထား ကလောင်တစ်ချောင်းနှင့် ဆန်တင်ပို့မှု ခဏခဏ ပိတ်ခဲ့သော ဗိုလ်ချုပ်များ၏ ကြီးမားသော အပြောင်းအလဲစတင်ခဲ့ပြီ ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေးကို ပြောင်းလဲလိမ့်မည် ဆိုသည်မှာ မဖြစ်နိုင်ပေ။ မီဒီယာများကို အစိုးရက လုံးလုံး ချုပ်ကိုင်ထားမိပြီး၊ ရွေးကောက်ပွဲတွင် ဝင်ရောက်နိုင်ဖွယ် ရှိသည့် နိုင်ငံရေး လှုပ်ရှားသူ (၂၁၀၀) ခန့်ကလည်း ထောင်ထဲတွင် ရောက်ရှိနေသည်။

သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ Sean Turnell က ပြောကြားရာတွင် ရွေးကောက်ပွဲသည် ၁၉၆၀ ခုနှစ်များက အင်ဒိုနီးရှားနိုင်ငံတွင် ဆိုရှယ်လစ် စနစ်မှ အသွင်ပြောင်းသည့် နည်းတူ မြန်မာနိုင်ငံတွင် စီးပွားရေး ပြောင်းလဲမှုများ အတွက် ပြတင်းပေါက်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်သည်ဟု ဆိုသည်။

''ကျွန်တော့် အနေနဲ့ကတော့ နားလည်ရ လွယ်တဲ့၊ ရှင်းလင်းတဲ့ ဖြေလျော့ပေးတဲ့ စနစ်တစ်ခု အဖြစ် မမြင်ပါဘူး။ စီးပွားရေး ပြောင်းလဲမှုတွေကတော့ မတော်တဆ ဖြစ်သွားတာမျိုး ဖြစ်ပြီး၊ ပြည်သူတွေကတော့ ရရစားစားပဲ ဖြစ်နေဦးမှာပဲ'' ဟု ၎င်းက သုံးသပ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

BBC News, 18th March 2010

          မြန်မာစစ်တပ် အာဏာပိုင်များသည် ပြီးခဲ့သည့် လက ထောင်ဒဏ်သုံးနှစ် ချမှတ်ခြင်း ခံထားရသော အမေရိကန် နိုင်ငံသားအား ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏ နိုင်ငံသို့ ပြန်ပို့လိုက်သည်။

          ညီညီအောင်အား ပြီးခဲ့သည့်လက မှတ်ပုံတင်အတု ပြုလုပ်ခြင်း၊ နိုင်ငံခြားငွေ အကောက်ခွန်တွင် ကျေညာရန် ပျက်ကွက်ခြင်းတို့ကြောင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။

          ၎င်းသည် ၁၉၈၈ အရေးအခင်းက ကျောင်းသား လှုပ်ရှားသူ တစ်ဦး ဖြစ်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

          ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန်ရှေ့နေ ၅၀ ဦး ပါဝင်သော အဖွဲ့က ၎င်းအား လွှတ်ပေးရန် ပူးတွဲ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။

          ညီညီအောင် (ခေါ်) ကျော်ဇောလွင်သည် ထိုင်းလေကြောင်းဖြင့် ပြန်သွားခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းအား ယခုကဲ့သို့ ပြန်လွှတ်ပေးရခြင်း အကြောင်းကိုမူ မသိရှိရသေးပေ။

          ကျော်ဇောလွင်သည် ပြန်လွှတ်ပေးခြင်း ခံရပြီး၊ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ အဆိုပါ တိုးတက်မှုအား မိမိတို့ ကြိုဆိုပါကြောင်း သံရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

          ၁၉၈၈ အရေးအခင်း အပြီးတွင် ညီညီအောင်သည် အမေရိကန်ပြည်ထောင်စုသို့ ဒုက္ခသည် အဖြစ် ရောက်ရှိခဲ့ပြီး ကွန်ပြူတာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက် ပြန်ရောက်သည့် ခရီးစဉ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

          ၎င်း၏ ရှေ့နေများက ပြောကြားရာတွင် ၎င်းအတွက် အစားအသောက်၊ အိပ်စက်ရန်နှင့် ဆေးကုသခြင်းများ မရရှိခဲ့ကြောင်း၊ ပြောကြားခဲ့ပြီး၊ အမေရိကန် သံမှူးကလည်း ၎င်းအဖမ်းခံရပြီး နှစ်ပတ်အတွင်း တွေ့ဆုံခဲ့သည်။

          ၎င်းနှင့် စေ့စပ်ထားသော ဝါရှင်တန်မှ ရှေ့နေ မိန်းကလေးက ဒီဇင်ဘာလက ပြောကြားရာတွင် ၎င်းသည် နိုင်ငံရေးအကျဉ်းသားများ အခြေအနေ ကောင်းမွန်ရေးအတွက် တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ချို့ယွင်းလာခဲ့ကြောင်း ပြောခဲ့သည်။

          ညီညီအောင်၏ မိခင်မှာလည်း ၂၀၀၇ ခုနှစ် လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ဝေးလံသော ထောင်တွင် ပို့ထားခံရပြီး ကျန်းမာရေး ချို့ယွင်းနေသည်ဟု ယုံကြည်ရသည်။

          ဆွေမျိုးနှစ်ဦးမှာလည်း ထောင်ထဲတွင် ရှိနေပြီး တစ်ဦးမှာ ထောင် ၆၅ နှစ် ချမှတ်ခြင်း ခံရသည်။ မောင်နှမ တစ်ဦးမှာလည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.