Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 21st March 2010

ဘန်ကောက်မြို့တော်တွင် ကြီးမားသော ဆန္ဒပြပွဲများ ဆင်နွှဲကာ ဝန်ကြီးချုပ် အာဏာစွန့်ရေးကို ဖိအားပေးရန် ကြိုးစားနေသည့် ဆန္ဒပြသူများနှင့် အစိုးရ အဖွဲ့တို့ ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ်က တနင်္ဂနွေနေ့တွင် ကမ်းလှမ်း လိုက်သော်လည်း ရွေးကောက်ပွဲ အသစ် ချက်ချင်း ကျင်းပရန် တောင်းဆိုထားမှုကိုမူ ငြင်းပယ်ခဲ့သည်။

လွန်ခဲ့သည့် တစ်ရက်က ဘန်ကောက်မြို့ လမ်းများပေါ်တွင် ဆန္ဒပြ အင်အား တစ်သိန်းကျော်က အလွန်များပြားသော မော်တော်ယာဉ်များဖြင့် ကြီးမားစွာ အင်အားပြ ချီတက်ခဲ့ပြီး နောက်တွင် ရှပ်နီ အုပ်စုနှင့် ဆွေးနွေးရန် အစိုးရ အဖွဲ့ဝင် ၂ ဦး စေလွှတ်မည်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗား က ပြောကြားခဲ့သည်။ တင်းမာမှုများ လျော့သွားစေချင်သည်ဟုလည်း ၎င်းက ဆိုသည်။

အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦးဟု ယခင်က လူသိများသည့် ရှပ်နီ အုပ်စုက အစိုးရ၏ စတင် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဝန်ကြီးချုပ်နှင့်သာ တိုက်ရိုက် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။

ရှပ်နီ အုပ်စုသည် ၂၀၀၆ ခုနှစ်က အကျင့်ပျက် ခြစားမှုများဖြင့် စွပ်စွဲကာ စစ်တပ်မှ အာဏာသိမ်းခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ကို ထောက်ခံသူများနှင့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သော ဒီမိုကရေစီ ထောက်ခံသူများ ပူးပေါင်းကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်သည်  စစ်တပ်နှင့် အစဉ်အလာ အုပ်ချုပ်သူ လူတန်းစား တစ်စု၏ နောက်ကွယ်မှ ပံ့ပိုးမှုဖြင့် တရားမဝင် အာဏာ ရယူထားခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက ယုံကြည်ထားကြပြီး ရွေးကောက်ပွဲ အသစ် ကျင်းပခြင်းဟု ၎င်းတို့က အခိုင်အမာ ပြောကြားသည်။

သက်ဆင်၏ မဟာမိတ်များသည် ၂၀၀၇ ရွေးကောက်ပွဲတွင် အာဏာ ရရှိခဲ့သော်လည်း တရားရုံး ဆုံးဖြတ်ချက်ကြောင့် နုတ်ထွက်ပေးခဲ့ရသည်။ ထို့နောက် ၂၀၀၈ ဒီဇင်ဘာတွင် အဘီဆစ်၏ ဒီမိုကရက်ပါတီက ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းရန် လုံလောက်သော အမတ် အရေအတွက် ရရှိရန် စုစည်းကာ အာဏာရယူနိုင်ခဲ့သည်။

လွန်ခဲ့သော အပတ်က ဆန္ဒပြပွဲများ စတင်စဉ် ရှပ်နီများက 'သန်းချီသော ချီတက်ပွဲ' အဖြစ် ကြေညာခဲ့သော်လည်း အမြင့်ဆုံး အရေအတွက် တစ်သိန်းခန့်သာ ရှိမည်ဟု ခန့်မှန်းထားကြသည်။ အလုပ် လုပ်ရသော ကြားရက်များတွင် အရေအတွက် ထက်ဝက် လျော့နည်းသွားသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် အဘီဆစ်၏ ရုံးခန်း ဂိတ်ပေါက်၊ ပါတီဋ္ဌာနချုပ်နှင့် နေအိမ် တို့ကို သွေးများဖြင့် ပက်ဖြန်းခဲ့မှုကြောင့်  ရှပ်နီ အုပ်စုမှာ ပြစ်တင်ဝေဖန်မှုနှင့် ရင်ဆိုင်နေရပြီင်္း ဆန္ဒပြပွဲများကို လူသိများစေရန် တနင်္ဂနွေနေ့က နောက်ဆုံး ပက်ဖြန်းခဲ့သော သွေးများမှာ ၁၅ ကရား ကျော်သည်ဟု သိရှိရသည်။

သွေးရေးပန်းချီ ရေးချယ်ရန် အနုပညာရှင်များနှင့် ရှပ်နီများကို ဖိတ်ခေါ်သွားမည်ဟု ဆန္ဒပြခေါင်းဆောင် ဂျာတူပွန် ပရိုပန်က ရှင်းပြခဲ့သည်။ ကြီးမားသော အဝတ်ဖြူစပေါ်တွင် ရုပ်ပုံများ၊ ကဗျာများနှင့် နိုင်ငံရေး ကြွေးကြော်သံများကို သွေးဖြင့် ရေးဆွဲရန် ထောက်ခံသူများကို ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ သီတင်း တစ်ပတ်ကြာ ဆန္ဒပြပွဲများသည် ထိုင်းနိုင်ငံ၏ ဆင်းရဲသော ကျေးလက်ပြည်သူများနှင့် ဘန်ကောက် အခြေစိုက် လူ့မလိုင်များ အကြားမှ တိုက်ပွဲ ဖြစ်သည်ဟု ဆန္ဒပြ ခေါင်းဆောင်များက ပုံဖော်ခဲ့ကြသည်။ ဝေဖန်သူများကမူ ဆန္ဒပြသမားများသည် သက်ဆင် အာဏာ ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးရသော အသုံးချခံ နယ်ရုပ်များသာ ဖြစ်သည်ဟု မှတ်ချက်ပေးသည်။

သက်ဆင်သည် ၎င်းအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည့် မျက်ကွယ် တရားစစ်ဆေးမှု မပြုလုပ်မီ ၂၀၀၈ ခုနှစ်က ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ မိမိသည် နိုင်ငံရေး အရ မတရား စွပ်စွဲခံရသော သားကောင်သာ ဖြစ်သည်ဟု ၎င်းက ဖြေရှင်းချက် ပေးခဲ့သည်။

ထိုင်း သတင်းစာ များမှ အစဉ်အလာ သမားများက လျှော့ပေါ့ ခန့်မှန်းနေကြသောကြောင့်၊ မြို့တော်တွင်းမှ ထောက်ခံသူများသည် အင်အား အမှန်ကို ပြသရန် အတွက် မိုင် ၄၀ ခန့် ရှိသော မြို့တော် လမ်းများ တလျှောက် မော်တော်ယာဉ်များဖြင့် ရွှေ့လျား ဆန္ဒပြခြင်းကို စနေနေ့က ဆင်နွှဲခဲ့ကြပြီး ထောက်ခံသူ လူစုလူဝေး အင်အားကို ပြသခဲ့ကြခြင်း ဖြစ်သည်။

ဘန်ကောက် လမ်းများပေါ်တွင် ရွှေ့လျားနေသော ဆန္ဒပြယာဉ်တန်းကြီးသည် အနည်းဆုံး ၆ မိုင်ခန့် ရှည်လျားပြီး ယာဉ်ထိန်းရဲ အကြီးအကဲ ဗီချိုင်းဆောင်ပါပိုင်က ပါဝင်လှုပ်ရှားသူ အရေအတွက် တစ်သိန်းခန့် ရှိသည်ဟု ခန့်မှန်း ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ်ထိန်းဋ္ဌာနက ထုတ်ပြန်သော စာရင်းများ အရ လူပေါင်း ၆သောင်းခွဲခန့်သည် မော်တော်ဆိုင်ကယ် တစ်သောင်း၊ မော်တော်ကား ၇၀၀၀ ခန့်ဖြင့် လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

''ဘန်ကောက်မြို့သားတွေ ဆန့်ကျင် ကန့်ကွက်တာကို ကျွန်မတို့ မတွေ့ရဘူး၊ မြို့သူ မြို့သားတွေက ကျေးဇူးတင်နေကြတာပါ၊ ကျွန်မတို့ကို သူတို့လာပြီး အားပေးကြပါတယ်၊ ရေနှင့် အစားအသောက်တွေလည်း လှူဒါန်းကြတယ်'' ဟု ပစ်ကပ် ကားတစ်စီးပေါ်တွင် လိုက်ပါလာသော ပန်းရောင်း အသက်မွေးသူ ကိုချာဝမ်ပင်နန် က ပြောကြားသည်။

''သူတို့ ထွက်လာပြီး အားပေးကြတာကို မြင်ရတာနဲ့ပဲ ကျွန်မ ပျော်မိတယ်ရှင့်၊ သူတို့ အားလုံး ဒီမိုကရေစီ ပြန်လိုချင်ကြတယ်လေ'' ဟု သူမက ဆိုသည်။

၎င်းတို့ ပြောကြားနေသကဲ့သို့ လူတိုင်း ကျေနပ်ကြသည်ကား မဟုတ်ပါ၊ ရိုင်းစိုင်းသောသူ အချို့က 'ရွာမှတက်လာသူများကို အလိုမရှိ' ဟူသော စာတမ်းများကို ကိုင်ဆောင်၍ ဆန္ဒပြသူများအား ကန့်ကွက်ခဲ့သည်။ ဆန္ဒပြခေါင်းဆောင် တစ်ဦး ကားမောင်းသွားစဉ် ပုလင်းတစ်လုံး ထိမှန်ခဲ့သည်ဟု ပြည်တွင်း ရုပ်သံလိုင်း အချို့က ထုတ်လွှင့်သည်ကိုလည်း တွေ့ရသည်။

လှုပ်ရှား ဆန္ဒပြသူတို့သည် စနေနေ့ညပိုင်းတွင် ပို၍ စိတ်မရှည် ဖြစ်လာပုံရပြီး အစိုးရနှင့် သက်ဆိုင်သည့် ပစ်မှတ် ၂ ခုကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန အနီးမှ အသေးစား ပေါက်ကွဲမှုတွင် အနည်းဆုံး လူတစ်ဦး ဒဏ်ရာရရှိသွားသော်လည်း နောက်တစ်နေရာ ဖြစ်သည့် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် ရုံးချုပ်တွင်မူ ကြီးကြီးမားမား ထိခိုက်မှု မရှိဟု သိရှိရသည်။

ယခု သီတင်းပတ် ဆန္ဒပြ ခေါင်းဆောင်များက အကြမ်းဖက်ခဲ့သော လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်၍ ဝန်ခံပြောဆိုခြင်း မရှိသလို စနေနေ့ည ပေါက်ကွဲမှုများ အတွက် မည်သူကမှ တာဝန်မယူခဲ့ကြပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ISP, 19th March 2010

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မသတ်မှတ်ရသေးသော်လည်း၊ အားလုံး စောင့်မျှော်နေသော ရွေးကောက်ပွဲ ဥပဒေကို မတ်လ (၈) ရက်နေ့က ကြေညာခဲ့သည်။ အဆိုပါ ဥပဒေ အရ နိုင်ငံရေး ပါတီများသည် မေလ (၇) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင် ရမည် ဖြစ်ရာ၊ ပါတီ မည်မျှ မှတ်ပုံတင်မည် ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ အတိုက်အခံ ပါတီများက ၂၀၀၈  အခြေခံ ဥပဒေ အရ ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ယခု အပတ်အတွင်းက တောင်းဆိုခဲ့သေးသည်။

သို့သော် ရန်ကုန်မြို့ရှိ ဈေးတစ်ခုတွင် အထည်ရောင်းသူ အသက် ၄၂ နှစ်ရှိ မသူဇာက သူမ မည်သို့ မဲပေးမည်ကို ပြောရာ၌ သူမသည် အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပါတီကို မဲမပေးလိုကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်း (USDA) က ပါတီ နှစ်ခု၊ သုံးခု ဖွဲ့မည်ဟု ကြားကြောင်း၊ သူမ၏ မဲများသည် ၎င်းတို့အတွက် မဟုတ်ကြောင်း ဆိုသည်။

၎င်းမှာ အစိုးရက ရွေးကောက်ပွဲ ဥပဒေ ကြေညာချက် ထွက်အပြီးတွင် သူမ၏ ခံစားချက်များကို မှတ်ချက်အနေနှင့် ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

အများစုကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ကန့်သတ်ထားခြင်းကို မည်သို့ လုပ်ဆောင်ရမည်ကို နည်းလမ်း ရှာဖွေလျက် ရှိသည်။

အဆိုပါ ဥပဒေသည် အခြားအစိုးရ ဆန့်ကျင်သူ အများစုကိုလည်း မပါဝင်နိုင်အောင် ကန့်သတ်ထားသည်။ ဥပဒေတွင် နိုင်ငံရေး အကျဉ်းသားများ နိုင်ငံရေး ပါတီတွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေပါက မှတ်ပုံတင်ရန် အကျုံးမဝင် ဟူသော အချက်သည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့ဆက်ရမည့် ခရီးအတွက် မေးခွန်းထုတ်စရာ များစွာ ရှိစေသော အချက် ဖြစ်သည်။

''ရွေးကောက်ပွဲ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထားတယ်။ အဲဒါ မိုက်ရိုင်းတာပဲ။ လက်မခံနိုင်စရာပါ။ သူတို့ ထင်တာက NLD မပါရင်တော့ သူတို့နိုင်ပြီ ထင်နေတာ။ သူတို့က ကျွန်မတို့ကို လျှော့တွက်တာကိုး။ ကျွန်မတို့မှာ ဦးနှောက် ရှိတယ်။ ဒီနည်းနဲ့တော့ ကျွန်မတို့ကို လုပ်လို့မရနိုင်ဘူး'' ဟု အသက် ၅၂ နှစ် ရှိသူ ကုန်စုံဆိုင် ပိုင်ရှင် မပုလဲက ပြောကြားသည်။

သူမသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျင်းပစဉ်က NLD ကို မဲပေးခဲ့သည်။ ပြီးခဲ့သည့် အပတ်က အစိုးရက ထိုရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

''ကျွန်မကတော့ အရင် ကတည်းက NLD ကို အစိုးရ အာဏာလွှဲ မပေးလို့ စိတ်မကောင်း ဖြစ်နေတာ။ အဲဒီကတည်းက အစိုးရကို အယုံအကြည် မရှိတော့ဘူး။ သူတို့ မဟုတ်တာ လုပ်နေဦးမှာပဲ။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲဟာ လွပ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်'' ဟု မသူဇာက ဆက်ပြောသည်။

''လေဒီနဲ့ သူ့ပါတီ မပါရင်တော့ ရွေးကောက်ပွဲက အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ဘူး။ ကျွန်မတော့ ဘယ်ပါတီမှ မဲမပေးတော့ဘူး'' ဟု သူမက ပြောသည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ အမှန်တကယ် ပါဝင်လာရန် လိုအပ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရွေးကောက်ပွဲအား လက်ခံနိုင်ရေးသည် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်ပေသည်။

မြန်မာ အစိုးရကမူ ရွေးကောက်ပွဲသည် ဒီမိုကရေစီ လမ်းညွှန်မြေပုံ ခုနှစ်ဆင့်၏ အစိတ်အပိုင်း ဖြစ်ပြီး၊ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။

''ကျွန်မတို့ တစ်ပြည်လုံးမှာ ဝင်အရွေးခံဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ပါတီ မှတ်ပုံတင်ဖို့ ပေးထားတဲ့ အချိန်က နည်းနေတယ်'' ဟု ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ချိုချိုကျော်ငြိမ်းက IPS သို့ ပြောကြားသည်။

ဥပဒေတွင် မမျှတသော အချက်များ တွေ့ရကြောင်း၊ အထူးသဖြင့် နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေတွင် NLD ကို ရည်ရွယ်ထား၍ NLD အတွက် ခက်ခဲသော အခြေအနေကို ရင်ဆိုင်ရစေသည်ဟု ထင်ရှားသော နိုင်ငံရေး သတင်းစာ ဆရာ မောင်ဝံသက IPS သို့ ပြောသည်။

''NLD အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး၊ အကျဉ်းသားတွေကို ဖယ်လိုက်မယ် ဆိုရင် အတော် အထိနာပြီး ရပ်တည်ဖို့တောင် ခက်သွားနိုင်တယ်'' ဟု ၎င်းက ဖြည့်စွက်ပြောသည်။ ထိုအချက်သည် အစိုးရအနေနှင့် အားလုံး ပါဝင်သော ရွေးကောက်ပွဲ အတွက် နိုင်ငံတကာက ဖိအားပေးနေခြင်းကို မသိကျိုးကျွံ ပြုလိုက်ခြင်းပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီး နောက်တွင် ပါတီများ မည်သို့ မှတ်ပုံတင်မည်၊ မှတ်ပုံတင်ကြေး မည်မျှ၊ စသည်နှင့် ပါတီ အဖွဲ့ဝင် အနည်းဆုံး (၁၀၀၀) ရှိရန်၊ သတ်မှတ်ရက် အတွင်း မှတ်ပုံတင်ရန် တို့ကို ဆက်လက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေကို နိုင်ငံခြား အစိုးရများမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဗြိတိန်နိုင်ငံ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်  ဘန်ကီမွန်းအား ရွေးကောက်ပွဲအား တင်းကြပ်ပြီး မမျှတသော အချက်များ ကန့်သတ်ထားခြင်း အတွက် အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုခဲ့သည်။

ဘန်ကီမွန်းသည် အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မတ်လ ၂၅ ရက်တွင် ကျင်းပရန် သတ်မှတ်ပေးခဲ့သည်။

ကုလသမဂ္ဂနှင့် အာဆီယံ အဖွဲ့ကြီးကပါ တတ်နိုင်သမျှ အားလုံးပါဝင်သော ရွေးကောက်ပွဲ ဖြစ်ရန် တိုက်တွန်းထားသော်လည်း သုံးသပ်သူများကမူ မြန်မာ အစိုးရက လုပ်လိမ့်မည် မဟုတ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းကမူ ရွေးကောက်ပွဲ ဥပဒေ အတွက် မအံ့သြမိကြောင်း ဆိုသည်။

''ကျွန်မတို့ တိုင်းပြည်က စစ်အစိုးရ အုပ်ချုပ်တဲ့ တိုင်းပြည်လေ။ ဥပဒေတွေကိုလည်း သူတို့ကပဲ ထုတ်ပြန်တာပါ။ အဲဒီတော့ သူတို့ဆီက ဒီမိုကရေစီ အနှစ်သာရတွေ မျှော်လင့်လို့ မရနိုင်ပါဘူး။ သိတဲ့ အတိုင်းပဲ။ သူတို့က ကျွန်မတို့ကို အုပ်ထိန်းမှုပါတဲ့ ဒီမိုကရေစီ (guided democracy) ပဲ ပေးမှာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီအခွင့်အရေးကိုပဲ အရယူပြီး ပြည်သူတွေအတွက် အလုပ်လုပ်ပေးရတော့မှာပဲ'' ဟု သူမက ပြောသည်။

အသက် လေးဆယ်ကျော်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကလည်း ယခုနှစ် ရွေးကောက်ပွဲကြောင့် အပြောင်းအလဲ အချို့ ဖြစ်လာလေမလားဟု မျှော်လင့်ချက်များကို ရွေးကောက်ပွဲ ဥပဒေက ချေမွ ဖျက်ဆီးပစ်ခဲ့သည် ဟု ဆိုသည်။ ''ဒီလောက် မတရားတဲ့ ဥပဒေ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ နိုင်ငံရေး အရ ထိပ်တိုက် ရင်ဆိုင်မှုတွေပဲ ဖြစ်လာမှာပဲ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ အကြောင်း မရှိဘူး။ ဒါကြောင့် ကျွန်တော်တော့ မဲမပေးတော့ဘူး'' ဟု ၎င်းက ပြောသည်။

''ရွေးကောက်ပွဲ မတိုင်ခင် ဆန္ဒပြပွဲတွေ ဖြစ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို လူတွေက စိတ်တိုင်းမကျကြဘူး'' ဟု တက္ကစီ မောင်းသူ ကိုအောင်စိုးက ပြောသည်။ ၎င်းအနေဖြင့် မည်သည့် ပါတီကို မဲပေးရမည်ကို မသိတော့ကြောင်း၊ အစိုးရကလည်း နေဝင်းရဲ့ မဆလလိုမျိုး သူတို့၏ ပါတီကို မဲပေးစေချင်နေကြောင်း သူက ဆိုသည်။

ဦးနေဝင်းသည် အငြင်းပွားဖွယ် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပြိုလဲခဲ့ကာ၊ ပါတီစုံ စနစ်ကို ပြန်လည် အစဖော်ပေးခဲ့သူ ဖြစ်သည်။

''စစ်တပ် ခေါင်းဆောင်တွေကတော့ အာဏာကို ဆက်ကိုင်ထားမှာပဲ။ သူတို့ ဒီရွေးကောက်ပွဲနဲ့ တရားဝင် ဖြစ်အောင် တစ်နည်းနည်းနဲ့ လုပ်ဦးမှာပဲ။ ပြည်သူ ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘဲ တပ်မတော် ကိုယ်စားပြု အစိုးရပဲ ဖြစ်လာမှာပါ" ဟု သတင်းစာ ဆရာ မောင်ဝံသက ပြောသည်။

ကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဖြစ်သူ မစိုးကမူ သူအနေဖြင့် သူမ၏ အမှန် တကယ် ရွေးချယ်မှုအတွက် အခွင့်အရေး မရှိကြောင်း၊ အစိုးရက မည်သည့် ပါတီကို ထောင်ထောင်၊ ထိုပါတီကိုသာ မဲပေးရမှာ ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူမ၏ အစ်ကို ဖြစ်သူနှင့် ခဲအိုဖြစ်သူမှာ တပ်ထဲတွင် ရှိကြောင်း၊ ၎င်းတို့က သူတို့ဖက်ကိုသာ မဲပေးရန် သူမတို့ မိသားစုကို ပြောထားသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

သဘာဝ သယံဇာတ နည်းပါးသည့် ဂျပန်နိုင်ငံသည် လာမည့် နှစ်ပေါင်း ၂၀ အတွင်း နျူကလီယာ လျှပ်စစ်စွမ်းအင် စက်ရုံပေါင်း အနည်းဆုံး ၁၄ ခုခန့် တည်ဆောက်ပြီး စွမ်းအင် လိုအပ်ချက်အတွက် အခြားနိုင်ငံများအပေါ် မှီခိုနေရမှုများကို လျှော့ချသွားမည် ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့က သတင်းပေးပို့ချက် တစ်ရပ် ထွက်ပေါ်လာသည်။

နိုင်ငံတွင်း လောင်စာသုံးစွဲမှုကို ထောက်ပံ့ပေးရာ၌ ယခင်ကထက် နှစ်ဆခန့် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ သို့အတွက်ကြောင့်  နျူကလီယာစွမ်းအင် စက်ရုံများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း The Nikkei စီးပွားရေး သတင်းစာတစ်စောင်က ရေးသား ဖော်ပြလိုက်သည်။

ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သော ဂျပန်တွင် စွမ်းအင် အရင်းအမြစ် အနည်းငယ်ခန့်သာ ရှိပြီး ပြည်တွင်း လျှပ်စစ်စွမ်းအင် လိုအပ်ချက် သုံးပုံတစ်ပုံခန့် အတွက် နျူကလီယာ စွမ်းအင်စက်ရုံ ၅၃ ခုမှ ထွက်ရှိသော စွမ်းအင်ကို မှီခိုနေရသည်။

The Nikkei ၏ သတင်းပေးပို့ချက်အရ ဂျပန်အစိုးရသည် စွမ်းအင် ပြည့်စုံ လုံလောက်မှုအတွက် တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒပြင်းပြလျက် ရှိသည်။ လာမည့် ၂၀၂၀ ပြည့်နှစ်
အတွင်း နျူကလီယာ စွမ်းအင်စက်ရုံ ၈ ခုကို တည်ဆောက်ပြီး ၂၀၃၀ ပြည့်နှစ်အတွင်း နောက်ထပ် ၆ ခုခန့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဤနည်းဖြင့် စွမ်းအင် ထောက်ပံ့ပေးမှုကို ၇၀ ရာခိုင်နှုန်းခန့် မြှင့်တင်သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

ဂျပန် အစိုးရအနေဖြင့် ပြည်ပတွင် နျူကလီယာ စွမ်းအင်စီမံကိန်းများ ပြုလုပ်လိုသော ကုမ္ပဏီများကို ငွေကြေးရန်ပုံငွေ ထောက်ပံ့ပေးသွားမည် ဖြစ်သည်ဟု အဆိုပါ သတင်း ပေးပို့ချက်က ဆိုသည်။
AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ဘင်္ဂလား ပင်လယ်အော်၊ ကမ်းလွန် ရေပိုင်နက်အပေါ် ကာလကြာရှည်စွာ အငြင်းပွားသည့် ကိစ္စအတွက် အဖြေထုတ်နိုင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းလျက် ရှိကြောင်း၊ ယင်းသို့ စေ့စပ်ညှိနှိုင်းရာတွင် "အကွာအဝေး တူညီမှု၊ သဘာဝ သယံဇာတများ ညီတူမျှတူ ရရှိမှု" တို့အပေါ်တွင် အခြေခံကာ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘင်္ဂလား ပင်လယ်အော် ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် မြောက်မြားစွာ ရှိသည်ဟု ယုံကြည်ရသည်။

ဘင်္ဂလားဒေ့ရှ် မီဒီယာ၏ သတင်း ပေးပို့ချက်အရ နှစ်နိုင်ငံမှ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ မြို့တော် နေပြည်တော်တွင် ယခု တစ်ပတ်အတွင်း တွေ့ဆုံ ကြမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် အနေဖြင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ကမ်းလွန် ရေပိုင်နက်ကိစ္စနှင့် ပတ်သက်သော တောင်းဆိုချက် အသေးစိတ်ကို ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ တင်သွင်း ရမည်ဟု ကုလသမဂ္ဂ ပင်လယ်ရေပိုင်နက် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးက သတ်မှတ်ချက်ပေးခဲ့ပြီး နောက်ပိုင်း ယခုအကြိမ် စေ့စပ်ညှိနှိုင်းမှုသည် ခြောက်ကြိမ်မြောက် ဖြစ်သည်။ ယခုအခါ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့်ဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ကြမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Khurshid Alam က မြန်မာနိုင်ငံအနေဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ပို၍ သဘောထား ပျော့ပြောင်းမှု ရှိရန် တိုက်တွန်း ပြောဆိုထားကြောင်း ဒါကာ အခြေစိုက် The Financial Express သတင်းစာက ရေးသားဖော်ပြထားသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

တရုတ်နိုင်ငံ ငွေကြေးလဲလှယ်မှု နှုန်းထားဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများနှင့် အခြားသော ဒဏ်ခတ်မှုများ ပြုလုပ်လာပါက မိမိတို့ကလည်း လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ဖော် သတိပေးလိုက်သည်။

"ကျွန်တော်တို့ မသိချင်ယောင် ဆောင်နေမှာ မဟုတ်ပါဘူး" ဟု တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Chen Deming ၏ ပြောကြားချက်ကို ကိုးကားပြီး People Daily သတင်းစာက ဖော်ပြလိုက်သည်။ တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှု နှုန်းဆိုင်ရာ မူဝါဒ အပေါ် အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်သံများ ထွက်ပေါ်လာပြီးနောက် မစ္စတာ Chen Deming က ယင်းသို့ တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

အကယ်၍သာ ဘဏ္ဍာရေး ဝန်ကြီးဌာနကသာ တရုတ်နိုင်ငံကို ငွေကြေး ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်သည်ဟု ယူဆပါက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက သဘောထား ထုတ်ပြန်ထားသည်။

တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တရုတ်အစိုးရသည် ယွမ်ငွေတန်ဖိုး လျှော့ချပစ်ခဲ့သည် ဟူသော စွပ်စွဲချက်များကိုပါ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုသည် ငွေကြေးကိစ္စကို နိုင်ငံရေး ဇာတ်သွင်းရန် ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲ ပြောဆိုသည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားအနေဖြင့် တရုတ်နိုင်ငံအား ငွေကြေး ကြိုးကိုင် ခြယ်လှယ်သူအဖြစ် သတ်မှတ်ပေးရန် အမေရိကန်ဥပဒေ ရေးဆွဲသူများက တောင်းဆိုမှုများ ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ပြုလုပ်သော တံခါးပိတ် စီးပွားရေး ဖိုရမ်တစ်ရပ် ကျင်းပခဲ့ကြောင်း၊ အဆိုပါ ဖိုရမ်တွင် မစ္စတာ Chen Deming က အထက်ပါအတိုင်း ပြောဆိုခဲ့ကြောင်း People Daily က ဆိုသည်။

အဆိုပါကိစ္စကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Timothy Geithner အနေဖြင့် လာမည့် ဧပြီလတွင် ဆုံးဖြတ်ချက် ချရမည် ဖြစ်သည်။ တရုတ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်လယ်လောက်မှ စ၍ ယွမ်ငွေမှ ဒေါ်လာလဲလှယ်မှု နှုန်းထားများကို နှုန်းတစ်ရပ်ဖြင့် ကန့်သတ်ခဲ့သည်။ စီးပွားရေးကျွမ်းကျင်သူများက ယင်းသို့ သတ်မှတ်ခြင်းကြောင့် တရုတ်ယွမ်ငွေသည် ပုံမှန် သဘာဝအတိုင်း မဟုတ်ဘဲ နိမ့်ကျနေကြောင်း၊ သို့အတွက်ကြောင့် တရုတ်နိုင်ငံအနေဖြင့် ပို့ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ကမ္ဘာ့ဈေးကွက်သို့ ကောင်းစွာ ယှဉ်ပြိုင် ရောင်းချနိုင်ကြောင်း သုံးသပ် ဝေဖန်ကြသည်။

တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှု နှုန်းထားဆိုင်ရာ မူဝါဒသည် တရုတ်စီးပွားရေးတွင် ကုန်ထုတ်လုပ်သူများ ရပ်တည်မှုနှင့် အလုပ်အကိုင် တိုးတက်မှုတို့အတွက် အထောက်အပံ့ တစ်ရပ်သာ ဖြစ်ကြောင်း တရုတ်အစိုးရက ထပ်ခါတလဲလဲ ကာကွယ် ပြောဆိုခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း တရုတ်ပြည်အနေဖြင့် ငွေကြေး လဲလှယ်မှုနှုန်း ဆိုင်ရာမူဝါကို ပြောင်းလဲရုံမျှဖြင့် ကုန်သွယ်ရေးတွင် ဗိုလ်ကျ အနိုင်ကျင့်ခံရမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

"နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲပြောဆိုပြီးမှ စေ့စပ်ညှိနှိုင်းရတဲ့ အလေ့အထကို လုံးလုံးလျားလျား ဆန့်ကျင်ပါတယ်။ အဲဒီလိုပဲ ကိုယ့်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို အသိအမှတ် ပြုလာနိုင်ဖို့အတွက် အခြားနိုင်ငံကို ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ အလေ့အထကိုလည်း ဆန့်ကျင်ပါတယ်" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင် က နှစ်စဉ် ကျင်းပနေကျ ဖြစ်သော တရုတ်ပါလီမန် အစည်းအဝေးတွင် သတင်းထောက်များအား ပြောဆိုသည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ကြီးထွားနေသောကြောင့် တရုတ်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ဒုတိယ ဝန်ကြီး Zhong Shan အနေဖြင့် မတ်လ် ၂၄ မှ ၂၆ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်သို့ သွားရောက်မည် ဖြစ်ကြောင်း တရုတ်အစိုးရက ဆိုသည်။

"ဤခရီးစဉ်သည် တရုတ်-အမေရိကန် ကုန်သွယ်ရေး ချိန်ခွင်လျှာ မျှနိုင်ရေး အတွက် အမြင်ချင်း ဖလှယ်ရန်၊ အကြံဥာဏ်များ အပြန်အလှန် ပေးရန် ကြိုးပမ်းမည့် ခရီးစဉ်ဖြစ်သည်" ဟု အဆိုပါ ဝန်ကြီးဌာနက ကြေညာသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတွင် ပိုလျှံမှုနှင့် နိုင်ငံခြား အရန်ငွေကြေးများ အဆမတန် မြင့်တက်မှုများကြောင့် တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှု နှုန်းဆိုင်ရာ မူဝါဒအပေါ် ဝေဖန်မှုများလည်း များပြားလာခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာ ဖိအားပေးမှုကြောင့် တရုတ်အစိုးရ အနေဖြင့် ယွမ်ငွေမြင့်တက်မှုကို စီမံခန့်ခွဲရန် အခြေအနေ ဖြစ်လာခဲ့သည်။ ထိုနှစ်မှ စ၍ ၂၀၀၈ ခုနှစ်အထိ တရုတ် ယွမ်ငွေသည် အမေရိကန် ဒေါ်လာထက် ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်သောအခါ တရုတ်က ယွမ်ငွေနှင့် ဒေါ်လာ လဲလှယ်မှုနှုန်းကို နှုန်းတစ်ခုဖြင့် သတ်မှတ်ခဲ့သည်။ အဆိုပါ လုပ်ရပ်ကြောင့် တရုတ်ပြည်မှ ကုန်ပစ္စည်း ထုတ်လုပ်သူများ အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ကုန်ပစ္စည်းများကို ပြိုင်ဘက်များထက် သာလွန်အောင် တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဒဏ်မှလည်း ရုန်းထွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ သို့သော် နိုင်ငံခြား ဖိအားပေးမှုများ အဆက်မပြတ် ရရှိလာခဲ့သည်။

မည်သို့ဆိုစေ တရုတ်အစိုးရက ငွေကြေးလဲလှယ်မှု နှုန်းဆိုင်ရာ မူဝါဒသည် ယာယီမျှသာ ဖြစ်ပြီး အနှေး သို့မဟုတ် အမြန် ရုပ်သိမ်းမည် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The daily star.net, 22nd March 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံ လျှပ်တစ်ပြက် နှိမ်နှင်းရေး တပ်ဖွဲ့ (Rab-1) တပ်ဖွဲ့ဝင်များက ယမန်နေ့ညတွင် ယာဘ ဆေးပြား တစ်ထောင်ကျော်ကို သီးခြားနေရာများမှ သိမ်းဆည်းရမိပြီး မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် လူငါးဦးကို ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။

နေ့လည် ၁ နာရီခန့်တွင် ဂါဇီပါ၌ ယာဘဆေးပြား ၅၀ နှင့်အတူ ရာဘီကို ပထမဦးစွာ ဖမ်းဆီးခဲ့သည်ဟု Rab-1 မှ ဝါရင့်လက်ထောက် ဒါရိုက်တာ ရိုင်ဟန်အက်စဂါခန်းက ပြောကြားသည်။

၎င်းထံမှ ရရှိသော သတင်းအရ မဟီဒီ၊ မာနူး၊ ရာဖီး၊ အန်ဝါ တို့ကို Rab တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ပြီး မြို့တော်တွင်းရှိ မိုဟာခါလီ၊ မာလီဘား၊ ဂျာထရာဘာရီ၊ အာမက်ဘား ရပ်ကွက်များမှ ကျန် ယာဘ ဆေးပြားများကို ရှာဖွေ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ရာဖီးနှင့် အန်ဝါ တို့သည် မြန်မာနိုင်ငံသားများ ဖြစ်ဖွယ် ရှိပြီး မူးယစ်ဆေးဝါးများကို တက်ခ်နမ် နယ်ခြားမှ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်သည်ဟု Rab တပ်ဖွဲ့က သံသယ ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.