Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 24th March 2010

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ကြေညာသော မတ်လ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ဥပဒေအရ သူမ၏ ပါတီ မှတ်ပုံတင်ခြင်းကို လုံးဝ ကန့်ကွက်သည်ဟု ပြောကြားခဲ့ပြီးနောက်တွင် အဓိက အတိုက်အခံပါတီ NLD အနေဖြင့် ပါတီ မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲ ဝင် / မဝင် ကိစ္စကို မည်သို့ ဆုံးဖြတ်မည်နည်း ဆိုသည်ကို သဲကွဲစွာ မသိရသေးပေ။

အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သော ကိုယ်ပိုင်အမြင်ကို သူမ၏ ရှေ့နေများအား ပြောကြားခဲ့ရာ၌ သူမအနေဖြင့် အမိန့် (သို့) ညွှန်ကြားချက် တစ်စုံတစ်ရာ ပါတီကို မပေးကြောင်းနှင့် ပါတီဝင်များ အနေနှင့် ဒီမိုကရေစီ နည်းကျကျ ၎င်းတို့ ကိုယ်တိုင် ဆုံးဖြတ်သင့်သည်ဟု ပြောဆိုခဲ့သည်။

စည်းကမ်း စည်းမျဉ်းအရ ပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို ထပ်မံ မလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ပါတီ မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီခေါင်းဆောင်များ အတွင်း နှစ်ခြမ်းကွဲနေသည်ဟု မီဒီယာများသို့ သတင်း ပေါက်ကြားခဲ့ပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသိပေး ထုတ်ပြန်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မတ်လ ၂၉ ရက်တွင် စီစဉ်ထားသော ပါတီခေါင်းဆောင်ပိုင်း ၁၀၀ ကျော်ခန့် တက်ရောက်မည့် အစည်းအဝေးပွဲတွင် ပါတီ မှတ်ပုံတင်/ မတင် နှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်လိမ့်မည် ဆိုသည်ကို ပါတီ တာဝန်ခံများက သံသယ ရှိနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထား ကွဲလွဲသူ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၂ နှစ်) က ပါတီ မှတ်ပုံတင်ခြင်းကို ထောက်ခံကာ၊ ၎င်းက အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည့် စနစ်ကို မကြိုက်ကြောင်း ပါတီခေါင်းဆောင်များအား လတ်တလော ပြောကြားခဲ့သည်ဟု ပါတီ သတင်းရပ်ကွက်မှ သိရှိရသည်။

ပါတီ မှတ်ပုံတင်ခြင်းကို ဆန့်ကျင်သည့် ပါတီဝင်တို့၏ ကွဲပြားသော သဘောထားများကို လေးစားပါသည်ဟု ဦးအောင်ရွှေက ပြောကြားခဲ့ပြီး မတ်လ ၂၉ ရက် ဆုံးဖြတ်ချက်သည် နောက်ဆုံး ဖြစ်လိမ့်မည် မဟုတ်ဟုလည်း ထင်မြင်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပါတီ ဝါရင့်ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ ပါတီ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေသော်လည်း တနင်္လာနေ့ အစည်းအဝေး၏ ရလဒ်သည် နောက်ဆုံးဖြစ်ဖွယ် ရှိသည်ဟု ပြောကြားလိုက်သည်။

ပါတီအနေဖြင့် ၎င်းတို့၏ အထိန်းသိမ်းခံ ပါတီခေါင်းဆောင် မပါဝင်ဘဲ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်မည်လား (သို့မဟုတ်) ပါတီ ဖျက်သိမ်းမည်လား ဆိုသည်ကို ယတိပြတ် ရွေးချယ်ရန် ရင်ဆိုင်နေရသည့် အကြောင်းရင်းမှာ အစိုးရ ရွေးကောက်ပွဲ ဥပဒေက လက်ရှိ ထိန်းသိမ်းခံနေရသူများကို ပါတီဝင် အဖြစ်မှ တားဆီးထားခြင်းကြောင့် ဖြစ်သည်။

ဦးအောင်ရွှေကို ထောက်ခံသည့် ပါတီခေါင်းဆောင် အချို့နှင့် ရွေးကောက်ပွဲဝင်ရန် ပါတီ မှတ်ပုံတင်လိုသူများက လတ်တလော ကျင်းပခဲ့သော ပါတီ အစည်းအဝေးတွင် ယခင်နှစ်ပေါင်း များစွာ ကျင့်သုံးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့၏ ဆုံးဖြတ်ချက် ချပိုင်ခွင့် အာဏာကို ပြန်လည် တောင်းဆိုခဲ့သည်ဟု ပါတီ အသိုင်းအဝိုင်းက ပြောကြားသည်။ ၎င်းတို့ နှစ်ဦး၏ သဘောတူညီချက် မရဘဲ နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ဟု ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ရွှေတို့ နှစ်ဦးစလုံးမှာ လုပ်ပိုင်ခွင့် အာဏာ အညီအမျှ ရှိတယ်လို့ အစည်းအဝေးမှာ ကျွန်တော် ထောက်ပြခဲ့တယ်။ ဒါ့ကြောင့် သူတို့နှစ်ဦး တွေ့ဆုံပြီးမှသာ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်" ဟု ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ ဦးအုံးကြိုင်က ပြောကြားသည်။

ပါတီခေါင်းဆောင်များ အနေဖြင့် မတ်လ ၂၉ ရက်တွင် အများသဘောထားကို မဲခွဲ ဆုံးဖြတ်ခြင်းဖြင့် ဆုံးဖြတ်ချက် ချနိုင်မလား (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တွေ့ဆုံ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချနိုင်မလား ဆိုသည်ကို အသေအချာ မသိနိုင်ဟု ဦးအုံးကြိုင်က ဆိုသည်။

တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပယ်ချလိုက်ခြင်းသည် ရွေးကောက်ပွဲ ဝင်ခြင်းနှင့် ပါတီ မှတ်ပုံတင်ခြင်းကို ဆန့်ကျင်သည့် ပါတီ သဘောထား ထွက်ပေါ်လာရန် သိမ်းသွင်း ဖျောင်းဖျခြင်းပင် ဖြစ်သည်ဟု အကဲခတ်သမားများက ယူဆနေသည်။

အကယ်၍ အစိုးရက ရွေးကောက်ပွဲ ဥပဒေ ကြေညာသည့် မတ်လ ၈ ရက်မှ ရက်ပေါင်း ၆၀ အတွင်း NLD ပါတီကို မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ပါက ၎င်းဥပဒေအရ တရားဝင် အဖွဲ့အစည်း အဖြစ် ရပ်တည်မှုကို ရပ်စဲခံရမည် ဖြစ်သည်။

ပါတီ ဖျက်သိမ်းခံရခြင်း (သို့မဟုတ်) သြဇာအာဏာ ကျဆင်းကာ အရေးမပါဘဲ အဆုံးသတ်သွားခြင်း ဟူသော အခြေအနေ နှစ်ရပ်မှာ လုံးဝ ကွဲပြား ခြားနားသော အကျိုးရလဒ်များပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Irrawaddy news, 22nd March 2010

မြန်မာ့ တပ်မတော်သည် အပစ်ရပ် ကချင်စစ်တပ်နှင့် စစ်ပွဲ ဖြစ်ပွားနိုင်သော အလားအလာများ အပေါ် စိုးရိမ်နေမှုကြောင့် နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ အရပ်သားများကို အစိုးရ ပြည်သူ့စစ် အဖြစ် ဖွဲ့စည်းရန် လေ့ကျင့် သင်တန်းပေးနေသည်ဟု သိရှိရသည်။

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA ကို ဝင်ငွေ ရှာဖွေပေးနေသော အဓိက ကုန်သွယ်ရေး လမ်းကြောင်းများကို အစိုးရ တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး KIA စစ်တပ် အတွက် အလုပ် လုပ်ပေးနေသော အရပ်သားများထံမှ ဖောက်ခွဲရေး ပစ္စည်း ၃၀ ကျော်ကို ယခင်အပတ်က သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ယခုအခါ တရုတ် မြန်မာ နယ်စပ် လိုင်ဇာအနီးရှိ KIA စစ်ဌာနချုပ် တည်ရှိရာ တောင်တန်းများ အနီးသို့ အစိုးရတပ်ဖွဲ့များ ရွှေ့ပြောင်း တပ်စွဲလျက် ရှိသည်။ လိုင်ဇာနှင့် ကီလိုမီတာ ၂၀ အကွာတွင် ရှိသော ဒေါင်ပမ်ရန်ရွာတွင် အစိုးရ တပ်ရင်းတစ်ခု တပ်ခွဲနေရာ ယူထားသည်ဟု သိရသည်။

တရုတ်နိုင်ငံနှင့် လိုင်ဇာကို ဆက်သွယ်ထားသော ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မြန်မာ စစ်တပ် စစ်ဆေးရေး ဂိတ်များသည် နယ်စပ်ကို ဖြတ်သန်း၍ ကုန်ပစ္စည်းများ သယ်ဆောင်သည့် KIA မော်တော်ယာဉ်များကို ပိတ်ဆို့လျက် ရှိကာ KIA အဖွဲ့သို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများကိုလည်း တင်းကျပ်လျက် ရှိသည်။

အထက်ပါ အခြေအနေများကြောင့် KIA ကလည်း မော်တော်ယာဉ် အသွားအလာများကို စောင့်ကြည့်ရန် အတွက် အရပ်သားများကို စုဆောင်းနေသည်ဟု သိရပြီး အဆိုပါ တောင်တန်း နယ်မြေတွင် KIA က စစ်ပြင်ဆင်မှုများ တိုးမြှင့် ပြုလုပ်နေသည်ဟု ကချင်ဒေသခံများက သတိပေးနေသည်။

သို့သော်လည်း KIA ၏ တိုးချဲ့ ပြင်ဆင်မှုများမှာ မြန်မာစစ်တပ်က ကချင် အရပ်သား ဒေသခံများကို အစိုးရ ပြည်သူ့စစ်အဖြစ် အကြီးအကျယ် စုဆောင်းနေသည့် တုန့်ပြန်မှု အစီအစဉ်နှင့် ကြုံတွေ့နေရသည်။ မြို့တော် မြစ်ကြီးနား တဝိုက်ရှိ မြို့နယ်များမှ ဘောလုံးကွင်းများတွင် ပြည်သူ့ စစ်သင်တန်း ပေးနေသည်ဟု ဒေသ သတင်းများအရ သိရသည်။

"အသက် ၂၀ နှင့် ၃၀ ကြား သန်မာတဲ့ အရွယ်တွေကို အုပ်စုခွဲပြီး မနက် ညနေ ၁၀ ရက် သင်တန်းပေးတယ်၊ ပြီးရင် ပြည်သူ့စစ် ယူနီဖောင်း ထုတ်ပေးလိုက်တယ်" ဟု ဒေသခံ တစ်ဦိးက DVB သို့ ပြောကြားသည်။

"သင်တန်းသားထဲမှာတော့ လူမျိုးစုံ ပါတယ်၊ စစ်သားဟောင်းတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ၊ ဒေသခံ ရွာသားတွေ၊ အစိုးရ အလုပ်သမားဟောင်းတွေ၊ ထောင်ဝန်ထမ်းဟောင်းတွေ စသဖြင့် စုံနေတာပဲ" ဟု ၎င်းက ဆိုသည်။

ပြည်သူ့စစ် သင်တန်းတွင် အခြေခံ စစ်လေ့ကျင့်ခန်းများနှင့် လက်နက်ငယ် ဖြုတ်ခြင်း၊ တပ်ခြင်း တို့ ပါဝင်သည်ဟုလည်း သိရသည်။ ယခုကဲ့သို့ မြစ်ကြီးနား ဒေသတွင် နေထိုင်သော ဗမာ လူမျိုးများအား စစ်သင်တန်း ပေးခြင်းကို ယခင်က တစ်ခါမှ မလုပ်ဖူးကြောင်း၊ ဤကိစ္စသည် KIA ကို စစ်တိုက်ရန် မြန်မာစစ်တပ်က ပြင်ဆင်နေသည့် လက္ခဏာပင် ဖြစ်ကြောင်း ၎င်းက မှန်းဆ ပြောကြားသည်။

KIA နှင့် ၎င်း၏ နိုင်ငံရေးဌာန KIO ကမူ မြန်မာအစိုးရ တောင်းဆိုထားသော ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် အစီအစဉ်ကို အစားထိုးနိုင်မည့် နည်းလမ်းအား စဉ်းစား သုံးသပ်နေသည်ဟု ဆိုသည်။

ကချင် အဖွဲ့အစည်းသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ယခင်အပတ်က တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဆိုပြုချက်ကို သဘော မတူသော်လည်း KIO ကို တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲရန် အလားအလာကို ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Irrawaddy, By Marwaan Macan – Markar, 23rd March 2010

မဲခေါင်မြစ်၏ ရေမျက်နှာပြင်သည် နှစ်ပေါင်း ငါးဆယ် အတွင်း စံချိန်တင် ကျဆင်းခဲ့ရာ၊ ထိုသို့ဖြစ်ရခြင်း အကြောင်းကို ရှာကြရသည်မှာ ထုံးစံပင် ဖြစ်သည်။ နောက်ဆုံး အိမ်နီးချင်းနိုင်ငံ၏ အပြစ်တင်ခံရသည်မှာ တရုတ်ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ၏ ရေကြောင်းလမ်းများ ဖြတ်သန်း စီးဆင်းသည့် နိုင်ငံကြီး ဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ဒေသတွင်း မီဒီယာများသည် တရုတ်နိုင်ငံက မဲခေါင်မြစ် အထက်ပိုင်းတွင် ရေကာတာများ တည်ဆောက်ခဲ့ခြင်းကြောင့် ရေမျက်နှာပြင် နိမ့်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ဖြစ်သော မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် နေထိုင်သော လူ့အဖွဲ့အစည်းများကို ထိခိုက်ကြောင်း အပြစ်တင်ခဲ့သည်။

မဲခေါင်မြစ်၏ နေ့စဉ် ရေအသုံးပြုမှု၊ အနယ်များ ပို့ချမှုတို့သည် ၁၉၉၀ ခုနှစ်များ အစောပိုင်း ကတည်းက စတင် ပြောင်းလဲလာခဲ့ရာ တရုတ်တို့၏ ရေကာတာ စီမံကိန်းများနှင့် ဆက်စပ် နေခဲ့သည်ဟု ဘန်ကောက် အခြေစိုက် Save the Mekong Coalition က ဖော်ပြခဲ့သည်။ မဲခေါင်မြစ် စီးဆင်းရာ ဒေသများ ဖြစ်သော ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မြန်မာနှင့် လာအိုတို့တွင် ငါးများ ရှားပါးခြင်း၊ ရေထွက် အပင်များ ရှားပါးလာခြင်းတို့သည် ဒေသ စီးပွားရေးနှင့် လူနေမှု ဘဝများကို အကြီးအကျယ် ခံစားရစေသည်ဟု ဖော်ပြထားသည်။

ဒေသတွင်းရှိ အခြားသော နိုင်ငံများထက် စာလျှင် ပိုမို၍ လွတ်လပ် ပွင့်လင်းသော ထိုင်းနိုင်ငံ သတင်းစာများက ပို၍ ပွင့်လင်းစွာ ဝေဖန်ကြသည်။ တရုတ်နိုင်ငံသည် လက်ရှိ မဲခေါင်မြစ် ပြဿနာတွင် အိမ်နီးချင်းကောင်း အဖြစ် အစမ်းသပ်ခံရာ၌ ကျရှုံးနေကြောင်း အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော Bangkok Post သတင်းစာ ခေါင်းကြီးပိုင်းတွင် ရေးသားခဲ့သည်။ ပြဿနာမှာ တရုတ်တို့သည် မဲခေါင်မြစ်၏ သဘာဝကပေးသော အဖိုးတန်များကို ရေအားလျှပ်စစ် စီမံကိန်း ၈ ခု ပြုလုပ်ပြီး အသုံးချခဲ့ခြင်းပင် ဖြစ်သည်ဟု Bangkok Post တွင် ရေးသားခဲ့သည်။

ယခု နောက်ဆုံး အဆက်မပြတ် ဝေဖန်မှုများကြောင့် တရုတ်သည် ၎င်းကိုယ်၎င်း ကာကွယ်ရန်၊ မဲခေါင်မြစ်ရေ မျက်နှာပြင် ကျဆင်းရခြင်းမှာ ဒေသတွင်း ဆိုးဝါးသော မိုးခေါင်မှုကြောင့်ဟု အပြစ်ဖို့ခဲ့သည်။

တရုတ်သည် မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများနှင့် ဆက်ဆံရေး မပျက်စေလိုသည့် အနေဖြင့် တရုတ် ကိုယ်စားလှယ် တစ်ဦးက ဝေဖန်သူများကို သတိပေးရာတွင် Lancang ဟု ခေါ်သော မဲခေါင်မြစ် အထက်ပိုင်းသည် မြစ်ကြီး၏ ရေပမာဏ၏ ငါးပုံတစ်ပုံအောက်တွင်သာ အကျုံးဝင်ကြောင်း၊ ထို့ကြောင့် အပေါ်ပိုင်းတွင် တရုတ်တို့ လုပ်သမျှသည် အောက်ပိုင်းတွင် ရေမျက်နှာပြင် နိမ့်ကျမှုကို ကြီးမားစွာ မထိခိုက်ဟု ပြောခဲ့သည်။

Lancang မြစ်သည် တရုတ်ပြည် ပြင်ပသို့ စီးထွက်သော ပမာဏသည် နှစ်စဉ် ပျမ်းမျှ ၆၄ ဘီလီယံ ကုဗမီတာရှိရာ မဲခေါင်မြစ်မှ တောင်တရုတ် ပင်လယ်သို့ စီးထွက်သွားသော ပမာဏ၏ ၁၃.၅% သာ ရှိသည်ဟု ဘန်ကောက်ရှိ တရုတ် သံရုံးမှ Chen Dehai က သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

Chen ၏ ကာကွယ် ပြောဆိုမှုများသည် ဘန်ကောက်တွင် တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Hu Zhengyue က ထိုင်းဝန်ကြီးချုပ် အဘီဆစ်သို့ မဲခေါင်မြစ်ရေ ကျဆင်းမှုသည် အပေါ်ပိုင်းတွင် ရေကာတာများ ဆောက်လုပ်ခြင်းကြောင့် မဟုတ်ဟု ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မဲခေါင်ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် အကျိုးတူ ကိစ္စရပ်များ ပျက်စီးအောင် မည်သည့် အရာမျှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း Hu က ပြောခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

Beijing ၏ အကြောင်းပြချက် ဖြစ်သော ရေကာတာများကြောင့် မဟုတ်ဘဲ မိုးခေါင်မှုကြောင့် မဲခေါင်မြစ်ရေ ခမ်းခြောက်မှု ဖြစ်သည်ဆိုခြင်းကို မဲခေါင်မြစ် ကော်မရှင် (MRC) က ထောက်ခံခဲ့သည်။ MRC သည် အစိုးရ အချင်းချင်း ဖွဲ့ထားသော အဖွဲ့ဖြစ်ပြီး မဲခေါင်မြစ် ကိစ္စကို စီမံခန့်ခွဲသော အဖွဲ့ ဖြစ်သည်။ တရုတ် ရေကာတာများကြောင့် ရေမျက်နှာပြင် ကျဆင်းမှု ဖြစ်သည် ဆိုသော တိုက်ရိုက် သက်သေပြစရာများ မတွေ့ရှိရကြောင်း MRC ၏ ဆက်သွယ်ရေး အကြံပေး Damian Kean က ပြောသည်။

"ပြီးခဲ့တဲ့ မိုးရာသီမှာ မိုးရေချိန် လက်မ အတော် နည်းပါတယ်၊ မိုးကလည်း အောက်တိုဘာလမှာ ပုံမှန်ထက် လေးပတ်လောက် စောပြီး ရပ်သွားတယ်" ဟု Kean က MRC အခြေစိုက်ရာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ နေ၍ တယ်လီဖုန်းဖြင့် တွေ့ဆုံ မေးမြန်းရာတွင် ဖြေကြားခဲ့သည်။ ယခု လက်ရှိ ခြောက်သွေ့ရာသီတွင် မဲခေါင်မြစ် ရေပုံမှန်အောက် အများကြီး ကျဆင်းရခြင်းမှာ နှစ်ငါးဆယ် အတွင်း မိုးရေချိန် အနည်းဆုံး ဖြစ်ကြောင်း MRC ၏ လေ့လာချက်များတွင် အဆုံးသတ် ဖော်ပြထားသည်ဟု ၎င်းက ပြောသည်။

အဆိုပါ ပြောကြားချက်ကို Carl Middleton ကဲ့သို့သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်က လက်မခံခဲ့ပေ။ တရုတ်သည် ရေကာတာမှ တောင်ဖက်သို့ ပေး၍ စီးဆင်းစေသော ရေပမာဏနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိကြောင်း၊ တရုတ်၏ ရေကာတာများသည် လက်ရှိ ပြဿနာကို ပိုမို ဆိုးရွားစေကြောင်း Carl က ငြင်းဆိုသည်။ "အကယ်၍သာ တရုတ်က သူ့ရေကာတာ တွေကြောင့် မဟုတ်ဘူးဆိုရင် ရေစီးဆင်းစေမှုကို လူသိရှင်ကြား ထုတ်ပြန်သင့်တာပေါ့" ဟု ၎င်းက IPS သို့ ပြောသည်။

တရုတ်သည် မဲခေါင်မြစ်ပေါ်ရှိ ၎င်းတို့၏ ရေကာတာ စီမံကန်းများ၏ သတင်းများကို ထုတ်ပြန်ခြင်း မပြုကြောင်း၊ Carl က ပြောသည်။ ၎င်းသည် အမေရိကန် အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သော International River ၏ မဲခေါင်ဆိုင်ရာ အစီအစဉ် ညှိနှိုင်းရေးမှူး ဖြစ်သည်။ မိမိတို့ အနေဖြင့် မြစ်ဝှမ်းကို စီမံခန့်ခွဲရာတွင် မှန်ကန်သော သတင်းအချက် ရရှိရေးသည် လိုအပ်ကြောင်း ၎င်းက ပြောသည်။

တရုတ်သည် ခြောက်သွေ့ရာသီ ရေစီးဆင်းစေမှုနှင့် ပတ်သက်သော သတင်းများကို ပေးပို့ခြင်း မရှိသော်လည်း မိုးရာသီတွင် ရေလျှံမှုများ ဖြစ်လာပါက ရေအားနှင့် ပတ်သက်သော သတင်း အချက်အလက်များ ပေးရလိမ့်မည် ဖြစ်သည်။ တရုတ်သည် ၂၀၀၂ ခုနှစ်က MRC နှင့် ပထမဆုံး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည်။

တရုတ်သည် MRC နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသည်မှာ ၎င်းသည် MRC ၏ လေ့လာသူသာ ဖြစ်ပြီး အဖွဲ့ဝင် မဟုတ်ခြင်းကြောင့် သဘောတူညီချက်နှင့် အကျုံးမဝင်ပါ။ မြန်မာနိုင်ငံသည်လည်း MRC ၏ လေ့လာသူသာ ဖြစ်ပြီး၊ အဖွဲ့ဝင်များမှာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်သည်။

မဲခေါင်မြစ်သည် ၄၆၆၀ ကီလိုမီတာ ရှည်လျားပြီး တိဗက်လွင်ပြင်မှ စတင် မြစ်ဖျားခံပြီး၊ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်ကို ဖြတ်သန်း စီးဆင်းပြီး မြန်မာနိုင်ငံကို ဖြတ်ကာ MRC အဖွဲ့ဝင် လေးနိုင်ငံနှင့် ဆက်စပ်နေသော မဲခေါင်မြစ်ဝှမ်းမှသည် ဗီယက်နမ် တောင်ပိုင်းမှ တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်သည်။ မဲခေါင်မြစ်ဝှမ်း၏ ၈၀ % သော ရေများမှာ မဲခေါင်မြစ် အောက်ပိုင်းတွင် ရှိသော မြစ်ငယ်လေးများ၏ စီးဝင်လာမှုကြောင့် ဖြစ်သည်။

တရုတ်သည် မဲခေါင်မြစ်တွင် ရေကာတာ ၈ ခု စီစဉ်ထားရာ လေးခု ပြီးစီးပြီ ဖြစ်သည်။ Xiaowan ရေကာတာသည် ကမ္ဘာတွင် အကြီိးဆုံး ရေကာတာ အခုံးကြီး ဖြစ်ပြီး ၎င်း၏ ရေသိုလှောင်မှုကြောင့် ၂၀၀၉ အောက်တိုဘာလတွင် မဲခေါင်မြစ်ရေကို အကြီးအကျယ် ဒုက္ခ ဖြစ်စေခဲ့သည်။

ရေကာတာများနှင့် ၎င်းတို့ကြောင့် မဲခေါင်မြစ်၏ ဂေဟစနစ်နှင့် ငါးဖမ်း ရရှိမှု ကိစ္စရပ်များ အကြောင်း ဆူညံစွာ ပြောလာမှုမှာ ၁၉၉၂ ခုနှစ်က မဲခေါင်မြစ် အထက်ပိုင်း တရုတ်၏ ပထမဆုံး ရေကာတာ Manwan ပြီးကတည်းက ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းတွင် နေထိုင်သော လူဦးရေ သန်း ၆၀ ၏ လူနေမှု ဘဝများသည် ငါးဖမ်းလုပ်ငန်းတွင် အဓိက မူတည်နေသည်။ မဲခေါင်မြစ် အောက်ပိုင်းတွင် ငါးဖမ်းလုပ်ငန်းမှ တစ်နှစ်လျှင် ဝင်ငွေ နှစ်ဘီလီယံ ဒေါ်လာမှ သုံးဘီလီယံ ဒေါ်လာ ရရှိသည်။

Manwan ရေကာတာ စတင် လည်ပတ်သည့် အချိန်က မဲခေါင်မြစ်ရေ အကြီးအကျယ် ခမ်းခြောက်ခဲ့ဖူးသည်။ ထိုအချိန်က ဒေသခံ လူ့အဖွဲ့အစည်းများ၊ တက်ကြွသူများက ကန့်ကွက်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီး၊ တရုတ်၏ ရေကာတာများကြောင့် ရုတ်တရက် ပုံမှန် မဟုတ်သော မြစ်ရေ ကျဆင်းမှုများ ဖြစ်ရသည်ဟု ကန့်ကွက် ပြောဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မြစ်နံဘေးတွင် နေထိုင်သော ဒေသခံ လူ့အဖွဲ့အစည်းများက ရေမျက်နှာပြင် ကျဆင်းမှုများသည် တရုတ်က ရေကာတာများ ပြီးကတည်းက ဖြစ်သည်ဟု ယုံကြည်နေကြကြောင်း ဘန်ကောက် အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သော Towards Ecological Recovery and Regional Alliance မှ Montree Chantarong က ပြောသည်။ ထို့ကြောင့် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းကို အကြီးအကျယ် ထိခိုက်ကြောင်း ပြောကြသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ အများစုသည် တရားမျှတမှု မရှိသောကြောင့် မိမိ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည် ဆိုပါက ဆန့်ကျင် ကန့်ကွက်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရှေ့နေ ဦးဉာဏ်ဝင်း၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည့် ကိစ္စကို မစဉ်းစားပါဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် အမှန်တကယ် ရွေးကောက်ပွဲ ဝင်မည်၊ မဝင်မည် ဟူသော ကိစ္စကို ပါတီ အဖွဲ့ဝင်များကသာ ဆုံးဖြတ်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

NLD ပါတီက ရွေးကောက်ပွဲ ဥပဒေများအပေါ် မကျေနပ်၍ အမှုဖွင့် တရားစွဲဆိုမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထင်မြင် သုံးသပ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ပြင်ဆင် ရေးဆွဲစေလိုသည့်ဆန္ဒ ရှိနေသည်။ အဆိုပါ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိအောင် ကန့်သတ် ပိတ်ပင် ထားသောကြောင့် ပြစ်တင် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 

The Irrawaddy, By Simon Roughneen, 22nd March 2010

မြန်မာနိုင်ငံတွင် မကြာသေးမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေကို ပြန်လည် ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး၊ အများ လက်ခံ ယုံကြည်နိုင်ဖွယ်ရာ ရှိလိမ့်မည်မဟုတ် ဟု ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားလိုက်သည်။

ချူလာလောင်ကွန်း တက္ကသိုလ်တွင် တနင်္လာနေ့က ပြုလုပ်သော မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ အမေရိကန် သံရုံးမှ နိုင်ငံရေး သံမှူး George Kent က ကိုယ်စားလှယ်များ အပေါ် ဗီတိုအာဏာ သုံးခွင့်ရှိသော မြန်မာအစိုးရ၏ လက်သင့်ရာ ရွေးချယ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်ကို အီရန်မှ အာဏာပိုင်များ အသုံးပြုခဲ့သော စနစ်နှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် အမေရိကန်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကာလအတွင်း တံခါးဖွင့်လာမည့် အလားအလာများကို အခွင့်ကောင်းယူရန် ကြိုးစားသော်လည်း ယခု ထွက်လာသော ရွေးကောက်ပွဲ ဥပဒေကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရ အနေဖြင့် ပြန်လည် တုန့်ပြန်ရန် ရည်ရွယ်ချက် ရှိပုံမရဟု သိရှိနိုင်သည်ဟု ဆိုသည်။

၎င်းက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲ မကျင်းပမီ အားလုံး ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှု လုပ်ငန်းစဉ် တစ်ခု ကျင်းပရန် ထပ်မံ တောင်းဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်  Tomas ojea Quintana တင်သွင်းထားသော အစီရင်ခံစာအား အသေးစိတ် လေ့လာလျက် ရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ကျူးလွန်လျက်ရှိသော စစ် ရာဇဝတ်မှုများနှင့် လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပေးရန် တောင်းဆိုထားသည်။

အစောပိုင်းက နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းစာဆရာများ၊ ပညာရှင်များနှင့် လူမှုရေး အဖွဲ့အစည်းများသည် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ၊ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်ရေး အတွက် အခွင့်အရေး တစ်ခု ဖြစ်လာမည်လား ဆိုသည်ကိစ္စကို ဆွေးနွေးကြသည်။

အဓိက နိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မတ်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲ ဝင် မဝင် ကြေညာရန် ရှိနေသည်။ ရွေးကောက်ပွဲ ဥပဒေ အရ၊ NLD အနေဖြင့် ရွေးကောက်ပွဲဝင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။

ရန်ကုန် အခြေစိုက် NGO တစ်ခု ဖြစ်သော EGRESS တည်ထောင်သူ တစ်ဦး ဖြစ်သူ ဒေါက်တာနေဝင်းမောင်က ပြောကြားရာတွင် မိမိတို့ကဲ့သို့ ပြည်တွင်းမှာ နေထိုင်သူများသည် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် အခွင့်မရှိကြောင်း၊ ပြီးပြည့်စုံသည်ဟု မဆိုသာသော်လည်း ယခုလို လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေနှင့် စာလျှင် အုပ်ချုပ်ရေး (Liberal authoritarianism) သို့ ဦးတည်သွားလိမ့်မည်ဟု မိမိ ထင်ကြောင်း ပြောခဲ့သည်။

ရွေးကောက်ပွဲ လမ်းစဉ်ဖြင့်  မသွားလိုပါက၊ မိမိတို့မှာ စစ်တပ်မှ အုပ်ချုပ်မှုကိုသာ ဆက်ခံကြရလိမ့်မည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ထင်မြင်ချက်နှင့် မတူသော ထင်မြင်ချက် တစ်ခုကို ယခင် BBC အာရှ သတင်းထောက်ဟောင်း Larry Jagan က ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် အတိုက်အခံပါတီများသည် အရပ်ဝတ် ဝတ်ထားသော အစိုးရ (civilianization government) အဖြစ် ဖြစ်လာလိမ့်မည် မဟုတ်ဟု ဆိုသည်။

ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဧည့်သည်ပညာရှင် (fellow) အဖြစ် ရောက်ရှိနေသော ဒေါက်တာဇာနည်က ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသား များသည် အစိုးရကို သစ္စာခံပြီး၊ အစိုးရ၏ ဒီမိုကရေစီ လမ်းညွှန်မြေပုံကို ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက ၎င်းတို့ လွှတ်လာနိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ချက် အတွက် ထောင်ထဲတွင်ပင် ဆက်နေရန် ဆုံးဖြတ်ကြခြင်း ကို လေးစားကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြင်ပရောက် မြန်မာနိုင်ငံရေး လှုပ်ရှားသူများက နိုင်ငံတကာ အသိုင်းအဝိုင်းအား လာမည့် ရွေးကောက်ပွဲကို အသိအမှတ် မပြုကြရန် တောင်းဆိုခဲ့ကြသည်။ ကရင်တို့၏ KNU ကမူ ရွေးကောက်ပွဲတွင် ပါဝင်လိမ့်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုပြီး ဖြစ်သည်။

၁၉၉၀ ခုနှစ်က အရွေးချယ်ခံ NLD ကိုယ်စားလှယ် ဦးသိန်းဦးက ပြီးခဲ့သည့် အပတ်က ''အစိုးရက သူတို့ ခေါင်းဆောင်တွေနဲ့ အဓိက အဖွဲ့ဝင်တွေကို ပါတီထဲက ကန်ထုတ်ထားတော့ သူတို့ ပါဝင်ဖို့ စည်းရုံးရေး ဆင်းဖို့ မလွယ်တော့ဘူးပေါ့'' ဟု ပြောကြားခဲ့သည်။

Vahu Development Institute မှ အောင်နိုင်ဦးက အကောင်းမြင်ဝါဒဖြင့် ကာကွယ် ပြောကြားရာတွင် ပြည်သူများသည် မဲပုံး အပြင်မှ ကိစ္စရပ်များကို စဉ်းစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ တိုင်းရင်းသားများတွင် အသွင်ပြောင်းနိုင်သော ပါဝါများ ရှိကြောင်း၊ မြန်မာနိုင်ငံကို မည်သို့ စခန်းသွားကြမည် ဆိုသည်ကို ပြောရေးဆိုခွင့် ရရှိမည့် အခွင့်ကောင်းကို လက်မလွှတ်သင့်ကြောင်း ပြောခဲ့သည်။

တိုင်းရင်းသားအဖွဲ့ အမျိုးမျိုးတွင် ပါလီမန်တွင် ပါဝင်ရန် ဆုံးဖြတ်ကောင်း ဆုံးဖြတ်လိုသော ကောင်းသော ဗိုလ်ချုပ်များ ရှိကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့ကို ထောက်ခံ ကူညီနိုင်အောင် ကြိုးစားသင့်ကြောင်း ၎င်းက ပြောသည်။

သို့သော် ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သော၊ စစ်တိုက်လိုက်၊ ရပ်နားလိုက် ဖြစ်နေသော မြန်မာ စစ်အစိုးရနှင့် တိုင်းရင်းသား လူမျိုးများကြား ဖြစ်ပွားနေသော ရန်ပွဲသည် ရွေးကောက်ပွဲဖြင့် ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ဟု ဧရာဝတီမှ အယ်ဒီတာ အောင်ဇော်၏ အဆိုအရ သိရှိရပါသည်။ အမျိုးသား ပြန်လည် ပေါင်းစည်းရေး မရှိဘဲနှင့် မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာ ဆောင်သော နိုင်ငံရေး ပြောင်းလဲမှုများ ဖြစ်မလာနိုင်ဟု အောင်ဇော်က ပြောသည်။

ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်များသည် အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် အစိုးရသည် တိုင်းရင်းသားများ ခြေကုတ် ယူထားသော ဒေသများ အနီးတွင် တပ်အင်အားများ ဖြည့်တင်းလျက် ရှိသည်။

ဘရပ်ဆဲ အခြေစိုက် Euro-Burma Office မှ ဒါရိုက်တာ Harn Yawnghwe က ၁၉၆၂ က စစ်တပ်က အာဏာသိမ်းမှုကို ဖြစ်စေသော ခွဲထွက်ရေးမူ ပြန်လည် ထွက်ပေါ်လာမည်ကို စစ်အစိုးရက စိုးရိမ်ကြောင်း ပြောသည်။ အစိုးရ သည် သဘောတူ လောက်သည်ဟု ယူဆရသော အချက်အချို့ကို  အဆိုပြု လာလိမ့်မည် ဖြစ်သော်လည်း တိုင်းရင်းသား ကိုယ်စားလှယ်များ လိုချင်သော အဓိက အရေးကိစ္စများကို ဆွေးနွေးလိမ့်မည် မဟုတ်ဟု ၎င်းက ပြောသည်။ Harn Yawnghwe သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ လာသူ ဖြစ်သည်။

အခြား မျှော်လင့်ချက် ရောင်ခြည်များတွင် အစိုးရက မကြာသေးမီက ပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင် ပြောင်းလဲရေးများပင် ဖြစ်ကြောင်း လေ့လာသူများက ပြောကြသည်။ အစိုးရသည် နိုင်ငံတော်နှင့် ဈေးကွက် အကြားရှိ ဆက်ဆံရေးကို ပြောင်းလဲခြင်းဖြင့် အစိုးရနှင့် အရပ်ဖက် အကြား ခြားနားသော ဆက်ဆံရေးကို ထူထောင်နေခြင်း ဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ဒေါက်တာ နေဝင်းမောင်က ပြောသည်။

သို့သော် ထိုင်းနိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး Ron Hoffman ကပြောကြားရာတွင် ပုဂ္ဂလိကပိုင် လုပ်ငန်းစဉ်များတွင် ဝန်ဆောင်မှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း အတွက် မိမိတို့ အစိုးရက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ဒေါက်တာဇာနည်က မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို ရုရှား၌ ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ်က ရုရှား စီးပွားရေးကို ဖုတ်ပူမီးတိုက် ရောင်းချခြင်းနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။ ထိုစဉ်က နိုင်ငံပိုင် ပစ္စည်းများနှင့် သယံဇာတများသည် ငွေနည်းနည်းနှင့် ယခင်အစိုးရ အတွင်းလူများကို အသွင်ပြောင်းထားသော လုပ်ငန်းရှင်များထံသို့သာ ရောက်ရှိသွားသည်ဟု ဆိုသည်။

''ဒီလုပ်ငန်းစဉ် အားလုံးဟာ အစိုးရရဲ့ စီးပွားရေး လုပ်လို့ လွယ်မယ့် နယ်ပယ်တစ်ခုကို ချဲ့ထွင်လိုက်ခြင်းပဲ ဖြစ်ပါတယ်'' ဟု ၎င်းက အဆုံးသတ် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

aljazeera.net, 22nd March 2010

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နှင်းရေး အရာရှိများက ၎င်းတို့ဆောင်ရွက်နေသည့် အိမ်နီးချင်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ စီးဝင်လာခြင်းကို အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားနေမှု အပေါ် "မအောင်မြင်သော တိုက်ပွဲကို ဆင်နွှဲနေသည်"ဟု ပြောကြားလိုက်သည်။

အထူးသဖြင့် စိတ်ကို စွဲလမ်းစေသော မီသိုင်းအင်ဖက်တာမင်း ဆေးပြား သုံးစွဲမှုလည်း မြင့်မားနေသည်ဟု ဆိုသည်။

လူ ၂၀၀၀ ခန့် သေဆုံးခဲ့သော မူးယစ်ဆေးဝါး နှိမ်နှင်းရေး တိုက်ပွဲကို ဆင်နွှဲခဲ့သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ မူးယစ်ဆေးဝါး လုံးဝကင်းစင်ရေး မူဝါဒကို ပြန်လည် ဖော်ဆောင်ရန် ထိုင်းနိုင်ငံသား အချို့က တောင်းဆိုနေခြင်းသည် ပြဿနာများ ကြီးမား ကျယ်ပြန့်လာသောကြောင့် ဖြစ်သည်။

အယ်ဂျာဇီယာ သတင်းထောက် Wayne Hayne ၏ ဘန်ကောက်မှ သတင်းပေးပို့မှု ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Mizzima News, 22nd March 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူများနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO တို့အကြားတွင် တင်းမာမှုများ ယခု ရက်ပိုင်းအတွင်း ပိုမို ကြီးထွားလာခဲ့သည် ဟု သိရသည်။

မတ်လ ၁၇ ရက်က အဖွဲ့ဝင် ၂၀ တက်ရောက်ခဲ့သည့် KIO ဗဟို ကော်မတီ အစည်းအဝေးတွင် မြန်မာအစိုးရထံ KIO က တင်ပြထားသော တောင်းဆိုချက်များကို အစိုးရက တုန့်ပြန်ခြင်း မရှိပါက နယ်ခြားစောင့်တပ် ကိစ္စနှင့် ပတ်သက်သော ဆွေးနွေးမှုများ ထပ်မံ မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့သည်။

"သူတို့ရဲ့ တုန့်ပြန်မှုကို ကျွန်တော်တို့ စောင့်နေပါတယ်။ အစိုးရဆီက တုန့်ပြန်မှု မရရင် သူတို့နဲ့ ထပ်မတွေ့တော့ပါဘူး" ဟု အမည်မဖော်လိုသူ ဗဟို ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ကချင်ပြည်သူများ အတွက် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိရန် KIO အဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ (၅) ရက်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၄ တွင် မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

KIO အဖွဲ့၏ တောင်းဆိုချက်များအား အသေးစိတ် ဖော်ပြထားသော ပေးစာကို မတ်လ ၁၂ ရက် နေပြည်တော်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းထံ KIO ကိုယ်စားလှယ် အဖွဲ့က ပေးအပ်ခဲ့သည်။

KIO က ၎င်း၏ လက်နက်ကိုင် အဖွဲ့ KIA ကို မြန်မာ အစိုးရ အဆိုပြုသည့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဆန္ဒ မရှိကြောင်း၊ သို့သော်လည်း ပြည်ထောင်စု တပ်မတော် အတွင်းမှ သီးခြား ကချင်တပ်ရင်းများ အဖြစ် ဖွဲ့စည်းသွားလိုကြောင်း ပေးစာတွင် ဖော်ပြထားသည်။ KIO ၏ ပြန်လည် အဆိုပြုချက်ကို နေပြည်တော်ရှိ စစ်ဖက် ရေးရာ လုံခြုံရေး အကြီးအကဲ MAS နှင့် အစိုးရ ညှိနှိုင်းရေး ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ လိပ်မူ၍ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

KIO အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကို ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒ ရှိနေကြောင်း နှင့် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရ အဖွဲ့သစ်နှင့်သာ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း စာတွင် ဆက်လက် ဖော်ပြထားသည်။

''အစိုးရက KIA တပ်ဖွဲ့ တစ်ခုထဲ အသွင်ပြောင်း စေချင်တာ ဆိုတော့ ဒါကို လက်မခံနိုင်ပါဘူး၊ အသွင်ပြောင်းမယ် ဆိုရင်လည်း အကုန်လုံး ပြောင်းရမှာပါ၊ KIA တပ်ဖွဲ့ကို နောက်ဆုံးမှ အသွင်ပြောင်းရမှာပါ'' ဟု ဗဟို ကော်မတီဝင် တစ်ဦးက မဇ္ဈိမသို့ ပြောကြားသည်။

နယ်ခြားစောင့်တပ် ကိစ္စကို အစိုးရနှင့် ဆွေးနွေးရန် KIO ကဖွဲ့စည်းထားသော ၇ ဦး ကော်မတီ အဖွဲ့ဝင် တစ်ဦး က ''လာမယ့် ရွေးကောက်ပွဲတွေ ရပ်ဆိုင်းသွားစေမယ့် ဘယ်အရာကိုမှ ကျွန်တော်တို့ မလုပ်ချင်ပါဘူး၊ ပြည်ထောင်စု ပြိုကွဲအောင် လုပ်ချင်တဲ့ ဆန္ဒလည်း မရှိပါဘူး" ပြောကြားခဲ့သည်။

KIO အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖေဖော်ဝါရီလ ၂၈ ရက်ကို နောက်ဆုံးရက် အဖြစ်သတ်မှတ်ထားသည်ဟု အစိုးရဖက်မှ ညှိနှိုင်းရေး ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြားထားသည်။

တစ်ချိန်တည်းတွင် အစိုးရနှင့် အပစ်ခတ်ရပ် အဖွဲ့များ အကြား ပြဿနာများ ဖြစ်ပွားရန် အလားအလာ ရှိကြောင်း စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်းနှင့် အတူ မြို့တော် မြစ်ကြီးနားမှ KIO ဋ္ဌာနချုပ် လိုင်ဇာသို့ သွားရာ လမ်းတွင် လုံခြုံရေး စစ်ဆေးမှုများ ယခုလ အစောပိုင်းတွင် ပိုမို တင်းကြပ်လာသည်ဟု လိုင်ဇာမှ ဒေသခံ တစ်ဦးက မဇ္ဈိမသို့ ပြောကြားသည်။

''မြစ်ကြီးနား- ဗန်းမော်-လိုင်ဇာ လမ်းမှာ စစ်ဆေးရေးတွေ တင်းကြပ်လာတယ်၊ အရင်ကနဲ့ မတူဘူး'' ၎င်းက ဆိုသည်။

အလားတူပင် အပစ်ရပ် အဖွဲ့တစ်ခု ဖြစ်သည့် မွန်ပြည်သစ် ပါတီ NMSP ခေါင်းဆောင်များနှင့် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း တို့ မတ်လ ၁၆ ရက်နေ့က နယ်ခြားစောင့်တပ် အစီအစဉ်ကို NMSP က လက်ခံခြင်း ပြု / မပြု နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု NMSP အရာရှိ တစ်ဦးက ပြောကြားသည်။

NMSP ဒုတိယဥက္ကဋ္ဌ အပါအဝင် ဗဟို ကော်မတီဝင် ၅ ဦးနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 

ယခုအခါ နိုင်ငံရေးအပြောင်းအလဲများ၊ စိန်ခေါ်မှုများ  အပါအဝင် အကျပ်အတည်းများ နှင့် ရင်ဆိုင်နေရသော မြန်မာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) သည် ပါတီဗဟို အလုပ်အမှုဆောင်များနှင့် နေအိမ်အကျယ်ချုပ် ကျခံထားရသော အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ပြုနိုင်ရေးအတွက် စစ်အစိုးရ၏ ခွင့်ပြုချက် ရယူရန် ကြိုးပမ်းလျက်ရှိသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေများမှာ အဃာတများ၊ ရန်ငြိုးများနှင့် ဖိနှိပ်ကန့်သတ်မှုများ ပါဝင်နေရာ အကယ်၍ NLD ပါတီသာ ရွေးကောက်ပွဲဝင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်မည် ဆိုပါက အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများအား ထုတ်ဖယ် ထားခဲ့ရမည့် အနေအထားသို့ ရောက်ရှိနေသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးကို မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုန်တိုင် ရုံးချုပ်တွင် ပြုလုပ်ခဲ့ရာ အဖွဲ့ဝင် ၁၇ ဦး တက်ရောက်ခဲ့သည်။ NLD ၏ သတင်း ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံရန် စစ်အစိုးရအား အဆိုပြု တောင်းဆိုထားကြောင်း သိရပါသည်။

"ဒီနေ့ပဲ အစိုးရဆီကို စာပို့လိုက်ပါတယ်။ ပါတီအတွက် အရေးကြီးတဲ့ အခြေအနေထဲမှာ ရောက်နေတဲ့အတွက် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ တောင်းဆို ထားပါတယ်" ဟု CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က Mizzima သတင်းဌာနသို့ပြောပါသည်။

ယင်းကဲ့သို့သော အဆိုပြုတောင်းဆိုသည့် စာများကို ယခင်က ပေးပို့ခဲ့ဖူးသော်လည်း စစ်အစိုးရ အာဏာပိုင်များက အရေးစိုက်မှုတစ်စုံတရာ မပြုလုပ်ခဲ့ပေ။ ယခုတစ်ကြိမ် စစ်အစိုးရထံ ပေးပို့သော စာတွင် CEC အဖွဲ့ဝင် ၂၀ ဦးအနက်မှ သက်ကြီးပိုင်းအဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလိုကြောင်း ရေးသားထားသည်။

သက်ကြီးပိုင်း အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးလွန်းတင်၊ ဦးလွင်၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးလှဖေ နှင့် ဦးညွန့်ဝေ တို့ဖြစ်သည်။ မတ်လ ၁၇ ရက်နေ့က ပြုလုပ်သော အစည်းအဝေးသို့ ကျန်းမာရေး အခြေအနေ မကောင်းသော ဦးလွင်နှင့် ဦးလွန်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှလွဲ၍ CEC အဖွဲ့ဝင် အားလုံး တက်ရောက်ခဲ့ကြသည်။

စစ်အစိုးရသည် မတ်လ ဒုတိယပတ်ခန့်တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေများ ထုတ်ပြန် ကြေညာခဲ့သည်။ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုသော နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည်ဟု ဆိုသည်။ NLD ပါတီသည် လာမည့် မတ်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲ ဝင်ရောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီ နှင့် ဗဟိုကော်မတီအဖွဲ့ဝင်  စည်းအဝေးကို ကျင်းပပြုလုပ်မည်ဟု သိရပါသည်။

Mizzima သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 

The Irrawaddy, 23rd March 2010

မကြာသေးမီက ဧရာဝတီမှ အယ်ဒီတာ အောင်ဇော်သည် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell အား တွေ့ဆုံ မေးမြန်းခဲ့သည်။ Campbell သည် ပြီးခဲ့သည့် နိုဝင်ဘာလက ၁၄ နှစ် အတွင်း အမေရိကန်၏ အဆင့် အမြင့်ဆုံး ကိုယ်စားလှယ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။ ယခု တွေ့ဆုံ မေးမြန်းရာတွင် Campbell သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ၊ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှု၊ အာဆီယံနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး မငြိမ်သက်မှုများ အကြောင်းကို ပြောခဲ့သည်။

မေး ။   ။ စောင့်မျှော်နေကြတဲ့ ရွေးကောက်ပွဲ ဥပဒေကို မကြာခင်က အစိုးရအနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အံ့သြစရာတော့ မကောင်းပါဘူး။ လူတိုင်း လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ ဝင်ခွင့် မပြုပါဘူး။ အဲဒါကို အမေရိကန်က ဘယ်လို တုန့်ပြန်မှာပါလဲ။

ဖြေ ။   ။ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အတော် စိတ်ပျက်မိပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း နိုင်ငံရေးမှာ ပါဝင်ခွင့် မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုရော ပါဝင်ခွင့်ပေးမထားဘူး။ သူမရဲ့ ပါတီမှာ အဖွဲ့ဝင် အဖြစ်တောင် ပါခွင့်မရအောင် တားမြစ်ထားတယ်။ ဒါဟာ ခြေလှမ်း အမှားပဲ ဖြစ်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်တဲ့ နိုင်ငံရေး ပတ်ဝန်းကျင်ကို ပိုမို ဆိုးရွားစေပါတယ်။

မေး ။   ။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မပါခဲ့ရင်ရော၊ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။

ဖြေ ။   ။ NLD ရွေးကောက်ပွဲမှာ ပါမပါကတော့ သူမနဲ့ သူမရဲ့ပါတီက ဆုံးဖြတ်ရမှာ ဖြစ်လို့၊ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့က လေးစားရမှာပါပဲ။ အစိုးရအနေနဲ့ ကလည်း သူသဘောမတူတဲ့ လူတွေ ပါမလာအောင် ကန့်သတ်တဲ့ စည်းမျဉ်းတွေ မချမှတ်သင့်ပါဘူး။ အခုထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို ဖျက်ဆီးရာ ရောက်ပြီး၊ လာမယ့် ရွေးကောက်ပွဲကိုလည်း လက်ခံနိုင်စရာ မရှိအောင် ဖြစ်စေပါတယ်။

မေး ။   ။ ဘန်ကောက်က သတင်းစာ ရှင်းလင်းပွဲမှာ ခင်ဗျားက ပြောခဲ့တယ်။ စစ် အစိုးရနဲ့ ဆက်ဆံရေးဟာ မအောင်မြင်ခဲ့ဘူးဆိုတာ။ ဒါကြောင့် အမေရိကန် အနေနဲ့ စစ်အစိုးရ အပေါ်မှာ အရေးယူ ပိတ်ဆို့မှုတွေ ပိုပြီး တိုးလာဦးမှာလား။

ဖြေ ။   ။ အရေးယူ ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို ကိုင်တွယ်ရာမှာ အရေးကြီးတဲ့ ကိရိယာ တန်ဆာပလာ တစ်ခုပါ။ အားလုံးကို ကျွန်တော်တို့ ပြောပြီးပါပြီ။ မြန်မာ အစိုးရကိုလည်း ရှင်းလင်းအောင် ပြောထားပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုတင်းကြပ်အောင် လုပ်ဖို့ အခြေအနေတွေ ရောက်လာခဲ့ရင်တော့ လုပ်ရပါလိမ့်မယ်။ တွေ့ဆုံ ဆွေးနွေးခြင်းဟာ ဆုလာဒ်တစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ စကတည်းက သိခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ် ဒီနှစ်မှာ ရွေးကောက်ပွဲ ဝန်းကျင်တစ်ခု ဖြစ်လာဖို့ဟာ ခက်ခဲပြီး၊ ရှည်လျားမယ့် လုပ်ငန်းစဉ် ဖြစ်မယ် ဆိုတာ သိပါတယ်။ အခုတော့ ဘာ အစီအစဉ်မှ ရေးဆွဲမထားပေမယ့် နောက်ထပ်တွေ့ဆုံဖို့တွေ အတွက် လမ်းဖွင့်ထားပါတယ်။ မြန်မာ အစိုးရနဲ့လည်း နောက်ထပ်သွားရောက်နိုင်ဖို့ ဆွေးနွေးဖို့ရှိပါသေးတယ်။

မေး ။   ။ မကြာသေးခင်က ခင်ဗျားရဲ့ အာရှတိုက် ခရီးစဉ်မှာ မြန်မာနိုင်ငံကို မသွားခဲ့ဘူးနော်။ ဘာကြောင့်လဲ။

ဖြေ ။   ။ မြန်မာ အာဏာပိုင်တွေနဲ့ ခရီးစဉ် အတွက် ညှိနှိုင်းဆဲ ဖြစ်နေလို့ပါ။

မေး ။   ။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်နေလို့ အမေရိကန် အနေနဲ့ အာဆီယံ အဖွဲ့ဝင်များနဲ့ သော်လည်းကောင်း၊ အဖွဲ့ကြီးနဲ့လည်းကောင်း အပြည့်အဝ ဆက်ဆံရေး ဖြစ်ဖို့ တနည်းနည်းနဲ့ အနှောင့်အယှက် အတားအဆီး ဖြစ်နေပါသလား။

ဖြေ ။   ။ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အမေရိကန် အတွက်ရော၊ အာဆီယံ အဖွဲ့ကြီး အတွက်ပါ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ အာဆီယံနဲ့ လေးနက်တဲ့ ဆက်ဆံရေး အတွက် ကတိပြုပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကြောင့် အာဆီယံနဲ့ ဆက်ဆံရေးမှာ အခက်အခဲ မဖြစ်စေရပါဘူး။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေရေး အတွက် အာဆီယံဟာ မြန်မာနိုင်ငံကို ဖိအားပေးနိုင်တဲ့ အရေးကြီးတဲ့ ကဏ္ဍမှာ ရှိတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါတယ်။

မေး ။   ။ ဘန်ကောက်မှာ ရှပ်နီဝတ်များရဲ့ ဆန္ဒပြမှုကြောင့်၊ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ခင်ဗျား မိန့်ခွန်း ပြောဖို့ အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှု အပေါ် အမေရိကန် ပြည်ထောင်စုက ဘယ်လိုမြင်ပါသလဲ။

ဖြေ ။   ။ ကျွန်တော်တို့ လက်ရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အမေရိကန် အနေနဲ့ ယုံကြည်တာက အမြင်မတူ ခြားနားတာတွေကို ထိုင်းနိုင်ငံရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းများက တဆင့်သာ ဖော်ထုတ်ကြရန် ဖြစ်ပြီး ရက်စက်မှုတွေက တဆင့် မဖော်ထုတ်ဖို့ လိုပါတယ်။ ထိုင်း အစိုးရကို ကျွန်တော်တို့ အားပေးချင်တာကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့သာ ဖြေရှင်းဖို့ ဆိုတာပါပဲ။

မေး ။   ။ မြန်မာစစ်တပ်နဲ့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေရော၊ ဒီမိုကရက်တစ် အတိုက်အခံ၊ တိုင်းရင်းသား အဖွဲ့များကိုရော ကျွန်တော်တို့ရဲ့ ပေးလိုတဲ့  သတင်းစကားကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဒီမိုကရေစီ ပြည့်ဝသော နိုင်ငံ အဖြစ် မြင်လိုပြီး၊ အဲဒီ ရည်မှန်းချက် အတွက် အလုပ်လုပ် နေသူများနဲ့ အတူ ရပ်တည်သွားမယ် ဆိုတာပါပဲ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

မြန်မာ အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) သည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားခွင့် မရအောင် ပိတ်ပင်တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေအပေါ် ဆန့်ကျင်သည့် အနေဖြင့် တရား စွဲဆိုမည်ဖြစ်ကြောင်း ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက ပြောကြားပါသည်။

မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု မရှိခြင်းကြောင့် အဆိုပါ ဥပဒေကို ပြန်လည် သုံးသပ်ရေးနှင့် ပြင်ဆင် ရေးဆွဲရေးများ ပြုလုပ်ရန် NLD က တောင်းဆိုထားသည်ဟု ၎င်းကဆိုပါသည်။

ပါတီ၏ ခေါင်းဆောင်သုံးဦးဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးတင်ဦးနှင့် ဦးအောင်ရွှေတို့သည် တရားရုံးချုပ်သို့ သွားရောက်ကာ တရားစွဲဆိုရန် အမှုဖွင့်ခဲ့ကြသည်ဟု ဦးခင်မောင်ဆွေက ဧရာဝတီ သတင်းဌာနသို့ ပြောကြားသည်။

"ကျွန်တော်တို့က တရားရုံးဘက်က အများကြီး မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ပြောချင်တာက ဒီဥပဒေကို ကျွန်တော်တို့ပါတီက လက်မခံဘူး ဆိုတဲ့အချက်ကို ပြည်သူတွေ သိစေချင်လို့ပါ" ဟု ၎င်းက ပြောသည်။ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်သူ သို့မဟုတ် နိုင်ငံရေးပါတီ တစ်ခုခုမှ အဖွဲ့ဝင်တစ်ဦးဦးသည် ပြစ်ဒဏ်ကျ ခံနေရပါက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပေ။

ထိုဥပဒေကြောင့် နိုင်ငံရေးပါတီများအနေဖြင့် အလားတူပုဂ္ဂိုလ် နိုင်ငံရေးသမားများကို ပါတီမှထုတ်ပယ်ရမည် ဖြစ်သည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ တွင် ၁၄ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသူဖြစ်သည်။ မတ်လ ၁၁ ရက်နေ့က NLD လုပ်ဖော်ကိုင်ဖက်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးဉာဏ်ဝင်း တို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဉာဏ်ဝင်း၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအနေဖြင့် သူမအား လွှတ်ပေးမည်ဟု မထင်မိကြောင်း ပြောဆိုခဲ့သည် ဟု သိရသည်။

ဦးဉာဏ်ဝင်းက Irrawaddy သတင်းဌာနသို့ ပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများအား ပါတီမှ ထုတ်ပယ်သည်အထိ ဖိအားပေးခံရခြင်း၊ ၎င်းတို့အား မဲဆန္ဒပေးခွင့် မပြုနိုင်အောင် ဥပဒေဖြင့် ပိတ်ပင်ခြင်းတို့သည် ၎င်းတို့အား နှစ်ကြိမ်တိတိ အပြစ်ပေးခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

NLD ၏ သတင်းရင်းမြစ်များအရ ယခုအခါ ပါတီ၏ မူဝါဒနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတစ်စောင် ပေးပို့ပြီး အဆိုပြု တောင်းဆိုထားကြောင်း သိရပါသည်။

Irrawaddy သတင်းဌာနမှသတင်းကိုဘာသာပြန်ဆိုပါသည်။
နောက်ဆုံးရရှိသော သတင်းအရ အဆိုပါ တရားစွဲဆိုမှုကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 

အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ မော်တော်ကား လမ်းမကြီးများနှင့် မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်ရန် စိတ်ဝင်စားလျက် ရှိကြောင်း အိန္ဒိယအစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

"အိန္ဒိယနဲ့ တရုတ်နိုင်ငံက အခြေခံ အဆောက်အအုံ တည်ဆောက်မယ့် စီမံကိန်းတွေ၊ အထူးသဖြင့် မြန်နှုန်းမြင့် (High-Speed) မီးရထားလမ်း ကွန်ရက် ဖောက်လုပ်ရေး စီမံကိန်းတွေမှာ နှစ်နိုင်ငံ စုပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားလိုပါတယ်၊ အဲဒါဟာ တရုတ်ရော၊ အိန္ဒိယအတွက်ပါ အင်မတန် ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ" ဟု အိန္ဒိယ ပို့ဆောင်ရေးနှင့် အဝေးပြေး လမ်းမကြီးများ ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Kamal Nath က ဟောင်ကောင်တွင် ကျင်းပပြုလုပ်သော အာရှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့်တွင် ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်း လမ်းဖောက်လုပ်ရေး စီမံကိန်းများ၌ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ပြည်ပ ကုမ္ပဏီကြီးများကို ဖိတ်ခေါ်လျက် ရှိသည်။ သို့သော် အစိုးရက မြန်နှုန်းမြင့် မီးရထားလမ်းများ ဖောက်လုပ်မည့် အစီအစဉ်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

မစ္စတာ Kamal Nath က ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လမ်းဖောက်လုပ်ရေး စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံမျှ ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ ထို့အတူ ပင်စင် ရန်ပုံငွေများနှင့် ပုဂ္ဂလိက အစုရှယ်ယာများမှလည်း ရင်းနှီးမြှုပ်နှံမှုများ ရရှိရန်လည်း နည်းလမ်း ရှာဖွေခဲ့ကြောင်း ပြောသည်။

အိန္ဒိယနိုင်ငံသည် စီးပွားရေး မြှင့်တင်ရေး၊ ဝယ်လိုအား ကောင်းမွန်ရေးတို့အတွက် အခြေခံ အဆောက်အအုံများ တိုးချဲ့ရန် စီစဉ်လျက် ရှိရာ လာမည့် သုံးနှစ်အတွင်း လမ်းပမ်း ဆက်သွယ်ရေး စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံခန့် အသုံးပြုရန် လိုအပ်လာမည် ဖြစ်သည်။ စုစုပေါင်း လိုအပ်သော ပမာဏအနက် ၄၀ ဘီလီယံ ဒေါ်လာမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံမှ ရရှိလာနိုင်ဖွယ် ရှိပြီး ကျန်လေးပုံ တစ်ပုံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ ရရှိမည်ဟု မျှော်မှန်းထားသည်။

သို့သော် တရုတ်နှင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်ရေးမှာ နိုင်ငံရေးအရ အကဲဆတ်သော အရေးကိစ္စ ဖြစ်လာနိုင်ဖွယ်သည်။ အကြောင်းမှာ အိန္ဒိယတွင် လူအများက တရုတ် ကုမ္ပဏီများကို သံသယ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အိန္ဒိယ အလယ်ပိုင်း ဒေသတွင် အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ၄၁ ဦးခန့် သေဆုံးခဲ့ရာ အဆိုပါ ပြိုကျမှုနှင့် ဆက်နွယ်သော တရုတ် ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ သုံးဦးအား ဖမ်းဆီး အရေးယူခဲ့သည်။ အိန္ဒိယ အစိုးရ ကိုယ်တိုင်ကလည်း လတ်တလော ကာလများအတွင်း တရုတ် အလုပ်သမား များအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမှုကို တင်းကြပ်ထားသည်။

အိန္ဒိယနိုင်ငံသည် လာမည့် သုံးနှစ်အတွင်း ကီလိုမီတာ ၁၅၀၀၀ ရှည်လျားသော လမ်းများနှင့် အဝေးပြေးလမ်းမများ ဖောက်လုပ်နိုင်ရေးအတွက် အများပြည်သူနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းကြီး တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ကမ္ဘာ့အကြီးဆုံး အများပြည်သူ ရေးရာနှင့် ပုဂ္ဂလိကရေးရာ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.