Transparency Myanmar

transparency.myanmar@gmail.com

Straitimes news, 25th March 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ တွင် ယခုနှစ် အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများ အကြောင်း ဆွေးနွေးရန် မျှော်လင့်ထားသော အာဆီယံ ညီလာခံကို ဟနွိုင်းတွင် မကျင်းပမီ အတောအတွင်း၊ နောက်လတွင် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရှိရသည်။

ဧပြီ ၂ မှ ၄ရက် အတွင်း လာရောက်မည့် ခရီးစဉ်တွင် ငုယင်တန်ဒေါင်းသည် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် တွေ့ဆုံ မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ငုယင်ဒေါင်းက ပြောကြားသည်။

မြန်မာအစိုးရ ကတိပေးထားသော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ အဓိက ဆွေးနွေးဖွယ်ရှိသည့် ဟနွိုင်းညီလာခံ မတိုင်မီ ၄ရက် အလိုတွင် ယခု ခရီးစဉ်ကို စီစဉ်ထားခြင်း ဖြစ်သည်။

အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပရန် မျှော်လင့်ထားကြသော ရွေးကောက်ပွဲများ အပေါ် မြန်မာအစိုးရက ပြင်းထန်စွာ တင်းကြပ်မှုများ ပြုလုပ်ခဲ့ပြီး အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိထိရောက်ရောက် ဖယ်ထုတ်ထားသည့် အတွက် နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချခြင်းခံနေရပါသည်။

ဗီယက်နမ် ဝန်ကြီးချုပ်သည် မြန်မာခေါင်းဆောင်များနှင့် ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးခြင်း ပြု/ မပြု ကိုမူ ငုယင်ဖွန်ငံ ကပြောကြားခြင်း မရှိပါ။ ယခု ခရီးစဉ် သည် ဗီယက်နမ် နှင့် မြန်မာ အကြား ချစ်ကြည်မှု ခိုင်မြဲရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးကိုသာ ရည်ရွယ်သည်ဟု သူမက ပြောကြားသည်။ ဝန်ကြီးချုပ်သည် နှစ်နိုင်ငံ အကြား ရင်းနှီး မြှုပ်နှံမှု တိုးမြင့်ရေး အစည်းအဝေး ကိုလည်း တက်ရောက်လိမ့်မည် ဟု ဆိုသည်။

ယခင်နှစ်က မြန်မာနှင့် ဗီယက်နမ် အကြား သွင်းကုန်၊ ပို့ကုန် စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ မပြည့်ပါ။ နိုင်ငံပိုင် ဗီယက်နမ် လေကြောင်းသည် ဟနွိုင်းနှင့် ရန်ကုန် အကြား ပျံသန်း ဝန်ဆောင်မှုကို ယခုလတွင် စတင်ခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံသည် ယခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ကိုယူထားပြီး အာဆီယံ ထိပ်သီး ညီလာခံကို ဟနွိုင်းတွင် ဧပြီ ၈ ရက်၌ လက်ခံကျင်းပမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

www.UN.or.g, 25th March 2010

မြန်မာနိုင်ငံ၌ အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲများသည် အားလုံးပါဝင်ခွင့် ရှိရမည်၊ လွတ်လပ်စွာ လှုပ်ရှားနိုင်ရမည်၊ ပွင့်လင်း မြင်သာရမည် ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့် အရေးပါ အရာရောက်သော နိုင်ငံများ အုပ်စုက ယနေ့ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ဆွေးနွေးရာတွင် အထောက်အကူ ရစေရန် နိုင်ငံပေါင်း တစ်ဒါဇင် ကျော်နှင့် ဒေသတွင်း အဖွဲ့အစည်း တစ်ခုတို့ အတူတကွ ပူးပေါင်းထားသည့် ''မိတ်ဆွေများ အဖွဲ့'' ၏ အစည်းအဝေး အပြီးတွင် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များအား ''ယခုကဲ့သို့ ရွေးကောက်ပွဲများသည် နိုင်ငံ တည်ငြိမ်ရေး၊ ဒီမိုကရေစီနှင့် မြန်မာပြည်သူ အားလုံး အတွက် ဖွံ့ဖြိုးမှု အလားအလာများ တိုးပွား စေရန် အတွက်သာ ဖြစ်သင့်သည်'' ဟု ပြောကြားလိုက်သည်။

ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ ပါဝင်နိုင်ခြင်းကို ခွင့်ပြုသည့် အခြေအနေမျိုးကို အစိုးရက ဖန်တီးပေးရမည်ဟု ၎င်းက ပြောဆိုသေးသည်။

ယခု ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေးလည်း ပါဝင်ပြီး အခြေခံ လွတ်လပ်ခွင့်များကို လေးစားသင့်သည်ဟု ၎င်းက ဖြည့်စွက်သည်။

ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော သြဂုတ်လက နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ချမှတ်ခြင်းခံရသောကြောင့်၊ ရွေးကောက်ပွဲတွင် သူမ မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီးထားခြင်းပင် ဖြစ်သည်။

"ကျွန်တော့်ရဲ့ စိုးရိမ် ပူပန်မှုတွေကို ဖော်ပြရမယ် ဆိုရင် အခု ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ရွေးကောက်ပွဲ ပတ်ဝန်းကျင် အကုန်လုံးဟာ အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် အတွက် လိုအပ်တဲ့ အရာတွေကို အခုအချိန်ထိ အပြည့်အဝ ဖြည့်ဆည်းပေးထားခြင်း မရှိပါဘူး" ဟု အထွေထွေ အတွင်းရေးမှူးချုပ်က အလေးအနက် ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းတွင်  မြန်မာအာဏာပိုင်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်နှင့် သက်ဆိုင်သော ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန် ကြေညာခဲ့ပြီး ပြစ်ဒဏ် ကျခံနေရသူ မည်သူမဆို နိုင်ငံရေးပါတီ ဝင်ခွင့် မရှိဟု တားဆီးထားခဲ့သည် ဟု သတင်းဖော်ပြချက်များ အရ သိရှိရသည်။

တိုးတက်မှုများစွာကို မတွေ့မြင်ရသောကြောင့် စိတ်လည်း ပျက်သည်၊ စိတ် အနှောင့်အယှက် လည်း ဖြစ်သည် ဟု ဘန်ကီမွန်းက သတင်းထောက်များအား ယနေ့ ပြောကြားသည်။

ပြီးခဲ့သော ဇူလိုင်လက နောက်ဆုံး သွားရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်း အပါအဝင် အရေးကြီးသော ဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သော်လည်း ၎င်းကတိကဝတ်များကို အကောင်အထည် ဖော်နေသည်မှာ အလွန်ပင် နှေးကွေး လေးလံလှသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် လိုလားပုံမရ ဟု မကြာသေးမီက မြန်မာနိုင်ငံကို ရောက်ရှိခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

အပြစ်မရှိသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် အပါအဝင် ပြည်သူများ၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ပါဝင်လှုပ်ရှားနိုင်မည့် ရွေးကောက်ပွဲ ပတ်ဝန်းကျင် မရှိဘဲ ကျင်းပမည့် ရွေးကောက်ပွဲများသည် လက်ခံ ယုံကြည်နိုင်ဖွယ် မရှိပါ ဟုလည်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ NLD ပါတီကို ရွေးကောက်ပွဲ မဝင်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပေါ် ထိခိုက်နိုင်ခြင်း ရှိ/ မရှိ နှင့် ပတ်သက်၍ မေးမြန်းမှုကို အထွေထွေ အတွင်းရေးမှူးချုပ် က တုန့်ပြန် ဖြေကြားရာတွင် ''သူမ ရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် ပြည်သူ အားလုံး အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့် မရှိဘဲနှင့် အားလုံး ပါဝင်ခွင့် ရှိသော၊ ယုံကြည် ထိုက်သော ရွေးကောက်ပွဲ အဖြစ် ကမ္ဘာက လက်ခံမည် မဟုတ်ကြောင်း မြန်မာ အုပ်ချုပ်သူများကို ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မိတ်ဆွေများ အဖွဲ့သည် မြန်မာပြည်သူများ၏ လူနေမှု အဆင့် တိုးတက်ရေးနှင့် ပတ်သက်၍လည်း အလေးအနက် ဆွေးနွေးခဲ့ကြသည်ဟု မစ္စတာဘန်က သတင်းထောက်များကို အသိပေးသည်။

ဤအစည်းအဝေးသည် မြန်မာ့ နိုင်ငံရေး၊ လူသားချင်း စာနာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စိန်ခေါ်နေမှုများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်း၍ ညီတူညီမျှ ဂရုစိုက်သင့်သည်ဟူသော မိမိတို့ သဘောထားကို ထင်ဟပ် ပေါ်လွင်စေခဲ့သည်ဟု ဘန်ကီမွန်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Human Rights Watch, 25th March  2010

စက်မှု ဖွံဖြိုးပြီး နိုင်ငံ ၈ နိုင်ငံ အဖွဲ့ (G 8) ၏ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဇွန်လတွင် တိုရန်တို၌ ပြုလုပ်မည့် G-8 ထိပ်သီး အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံ အကြောင်း ထည့်သွင်းသင့်ကြောင်း G-8 နိုင်ငံခြားရေး ဝန်ကြီးများထံသို့ Human Rights Watch မှ စာရေးသား ပေးပို့ အကြံပြုခဲ့သည်။ G-8 အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများသည် Quebee ၏ Gatineau တွင် မတ်လ ၂၉ နှင့် ၃၀ ရက်များတွင် နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်မည့် အဓိက အရေးကိစ္စများကို ဆွေးနွေးပြီး၊ ထိပ်သီး အစည်းအဝေးပွဲတွင် ပါဝင်မည့် အစီအစဉ်များကို နောက်ဆုံး ရေးဆွဲ အတည်ပြုကြမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖြင့် စုံစမ်း စစ်ဆေးရန် ကိစ္စကို ထောက်ခံရန် Human Rights Watch က G-8 သို့ တိုက်တွန်းခဲ့သည်။ ထို့အပြင် စစ်အစိုးရ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ပိုမို ပူးပေါင်း ပါဝင်လာရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို အများ လက်ခံလာအောင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး အတွက် မြန်မာ အစိုးရအား ဖိအားပေးရန် G-8 သို့ တိုက်တွန်းထားသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် တိုင်းသူပြည်သားများ၏ ရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက် ပေးလာအောင် ဆောင်ရွက်ပေးရန် G-8 ၏ လူတိုင်း အလေးဂရုပြုရသော ဦးဆောင်မှုကို အမြန် လိုအပ်ကြောင်း Human Rights Watch မှ အာရှတိုက် ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ G-8 အနေဖြင့် စစ်ရာဇဝတ်မှုများ ကိစ္စနှင့် သတ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရေး ကိစ္စများကို တာဝန် ယူသင့်ကြောင်း ၎င်းက ပြောသည်။ G-8 ခေါင်းဆောင်များ အနေဖြင့်လည်း ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို အများ လက်ခံရေး အတွက် ဖိအား ပေးသင့်ကြောင်း Elaine ကပင် ပြောကြားခဲ့သည်။

G-8 တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ ဗြိတိန် နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

အဆိုပါ စာတွင် Human Rights Watch က G-8 အနေဖြင့် မတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တင်ပြချက်အား ထောက်ခံရန် တိုက်တွန်းထားသည်။ အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများ နှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး စဉ်းစားရန် တောင်းဆိုထားသည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ကျယ်ပြန့်စွာ တရားဝင် ပြုကျင့်နေခြင်းများအား သက်သေ အထောက်အထားများ ရှိသည်။ အရပ်သားများအား အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၊ အမျိုးသမီးများနှင့် ကလေးမလေးများအား လိင်ဆိုင်ရာ ကျူးလွန်မှုများ၊ အတင်း အဓမ္မ လုပ်အား ပေးစေခြင်း၊ ကလေး စစ်သားများ အသုံးပြုမှု၊ နှိပ်စက်ခြင်းအား ကျယ်ပြန့်စွာ အသုံးပြုမှု နှင့် ပဋိပက္ခ ဖြစ်နေသော ဒေသများတွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက် ရှိသည်။

ထို့အပြင် မြန်မာ အစိုးရသည် တိုင်းရင်းသား လူမျိုးများ အပေါ် တာဝန်ယူမှု မရှိရုံမျှမက ရက်ရက်စက်စက် နှိပ်စက်မှုများကို ကာလ ရှည်ကြာကပင် ကျူးလွန်လျက် ရှိကြောင်း Elaine Pearson ကပင် ပြောသည်။ ထို့ကြောင့် G-8 အနေဖြင့် ကုလသမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် လွတ်လပ်သော ပညာရှင် တစ်ဦး အတွက် ရှာဖွေပေးရန် နှင့် ရာဇဝတ်မှုများကို အဖက်ဖက်မှ လွတ်လပ်စွာ စုံစမ်း ဖော်ထုတ်နိုင်ရေး အတွက် ပံ့ပိုးပေးကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

အချို့သော G-8 တိုင်းပြည်များသည် မြန်မာစစ် အစိုးရကို ရည်ရွယ်ပြီး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အကောင်အထည်ဖော်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ညံ့ဖျင်းမှုကြောင့် အရာမရောက်ကြောင်း Human Rights Watch မှ ထောက်ပြခဲ့သည်။ ထို့ကြောင့် Human Rights Watch က G-8 ခေါင်းဆောင်များသို့ စစ်တပ် ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့နှင့် ရင်းနှီးသော စီးပွားရေး လုပ်ငန်းရှင်များအား ချမှတ်ထားသော ငွေကြေးဆိုင်ရာ အရေးယူမှုများကို ပိုမို ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံ အပေါ် လက်နက် ရောင်းဝယ်ရေးကို တားမြစ် အရေးယူနိုင်ရေး အတွက် G-8 မှ ပံ့ပိုး ပေးသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ လက်နက် ရောင်းဝယ်မှု တားမြစ်ရာတွင် အစိုးရက လက်နက် နည်းပညာများနှင့် အခြေခံ အဆောက်အအုံများနှင့် ပတ်သက်ခြင်း၊ မြောက်ကိုရီးယားနှင့် အခြား လက်နက် ရောင်းသူများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုများကို ဖြတ်တောက်ရေးများကို ကန့်သတ်ရလိမ့်မည် ဖြစ်သည်။

ထို့အပြင် Human Rights Watch က ဖြည့်စွက် ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲမှု အတွက် နိုင်ငံတကာ၏ ခိုင်မာသော ဖိအားပေးမှုများ မရှိပဲ လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတခြင်း၊ ပွင့်လင်းမှု ရှိခြင်းနှင့် ဒီမိုကရေစီ ပြောင်းလဲမှုကို သယ်ဆောင်လာခြင်းတို့ ဖြစ်လာနိုင်ဖွယ် မရှိပါဟု ဆိုသည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် ပါလီမန်တွင် စစ်တပ် အတွက် နေရာချန်ခြင်း၊ အဓိက ဝန်ကြီးဌာနများကို စစ်တပ်မှ နေရာယူခြင်းများဖြင့် အရပ်သား အစိုးရ အပေါ် စစ်တပ်မှ သြဇာ လွှမ်းမိုးမှု ရှိအောင် ရေးဆွဲထားသည်။ မကြာမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် ထောင်ကျနေသော အဖွဲ့ဝင်များ ရှိပါက ပါတီတွင် ပါဝင်နိုင်ခြင်း မရှိအောင် ထည့်သွင်း ရေးဆွဲထားသည်။ လောလောဆယ် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်သည် ထောင်ထဲတွင် ရှိနေသည်။

G-8 ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံ အပေါ် အရေးယူမှုများတွင် ကိုယ်စီ ရပ်တည်ချက်ဖြင့် ပူးပေါင်း ဆောင်ရွက်မှသာ ပိုမို အကျိုး သက်ရောက်မှုများ ရှိမည် ဖြစ်ကြောင်း Pearson က ပြောသည်။ ယခုနှစ် ကျင်းပတော့မည့် ရွေးကောက်ပွဲ အတွက်လည်း အများ လက်ခံအောင် အစိုးရက လုပ်သင့်သည်များကို G-8 မှ ရှင်းရှင်းလင်းလင်း ပြောကြားသင့်သည်။ အရေးကြီးသော အချိန်ရောက်ပြီ ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The New York Times, By Neil Mac Farquhar, 24th March 2010

မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ရာ တရုတ် နှင့် ဗြိတိန် နိုင်ငံတို့မှ ဆန့်ကျင်ဘက် အမြင်များ ထွက်ပေါ်လာခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် ကိုယ်စားလှယ် အသစ် Li Baogong က ရွေးကောက်ပွဲသည် ပြည်တွင်းရေး ကိစ္စ ဖြစ်ပြီး၊ နိုင်ငံရေး ပြန်လည် ပေါင်းစည်းမှု နှင့် ဒီမိုကရေစီ အတွက် အရေးကြီးသော ခြေလှမ်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဗြိတိသျှ သံအမတ်ကြီး Mark Lyall Grant က သတင်းထောက်များသို့ ပြောကြားရာတွင် ယခု ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်သော လွတ်လပ်၍ တရားမျှတသော လုပ်ငန်းစဉ် အတွက် လိုအပ်ချက်များ ရှိနေကြောင်း ပြောကြားခဲ့သည်။

ဗြိတိန် နိုင်ငံသည် ယခု အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့် မရအောင် ရည်ရွယ် ရေးဆွဲထားကြောင်း စွပ်စွဲခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ်တွင် ပြောကြားခဲ့ရာ၌ သူမ၏ ပါတီအား မှတ်ပုံတင်ရန် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ သူမ၏ အဆိုပါ မှတ်ချက်မှာ တရားရုံးချုပ်က သူမ၏ ပါတီမှ ရွေးကောက်ပွဲ ဥပဒေ ငါးခုအား တရားစွဲရန် တင်ပြချက်ကို ငြင်းပယ်ခဲ့ပြီး နာရီပိုင်း အတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Monstersandcritics.com, 25th March 2010

ကုလသမဂ္ဂ ခေါင်းဆောင်များ မြန်မာ အစိုးရ အတိုက်အခံ အုပ်စုများက စိန်ခေါ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေအပေါ် လေးစားမှု ရှိရန် ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ်သစ် လီဘိုဒေါင်က ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်သည်။

"ရွေးကောက်ပွဲ ဆိုတာ ဘယ်နိုင်ငံမဆို ကျင်းပနိုင်ပါတယ်။ ဒါက အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ကိစ္စပါ" ဟု သံအမတ်ကြီးလီက မြန်မာ့ အရေးကိစ္စကို ဆွေးနွေးခဲ့သော လုံခြုံရေး ကောင်စီ အစည်းအဝေးမှ ပြန်အထွက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် အခြား နိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများ အပေါ် ဆွေးနွေးမှုကို အမြဲတမ်း ကန့်ကွက်ခဲ့သူ ဖြစ်သည်။

"ဒီကိစ္စက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လုံခြုံရေး ကောင်စီ အတွက် အရေးကြီးပါတယ်။ အထွေထွေ ရွေးကောက်ပွဲ အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခု မြန်မာနိုင်ငံက ဖော်ဆောင်နေတာကို ကုလသမဂ္ဂက ကူညီရမှာပါ" ဟု ၎င်းက ဆိုသည်။

အဓိက အတိုက်အခံ ပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး၍ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများကို တံခါးဖွင့်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်ဖက် အစိုးရကို တောင်းဆိုနေသည်။ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်မှာ သူ၏ ပြစ်ဒဏ် အတွက် အယူခံဝင်ရန် ကြိုးစားခဲ့သော်လည်း ပယ်ချခြင်း ခံရသည်။

ဗြိတိသျှ သံအမတ်ကြီး Mark Lyall Grant က မြန်မာနိုင်ငံရေး ကိစ္စကို လုံခြုံရေး ကောင်စီက ကိုင်တွယ်နေပြီ ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ အနေအထားသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ကောင်စီ အဖွဲ့ဝင်များက ရှုမြင် ယူဆကြခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အတုအယောင် ရွေးကောက်ပွဲကြောင့် ဖြစ်ပွားလာနိုင်သော မငြိမ်သက်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ သို့ဖြစ်၍ ၎င်းကိစ္စကို ဆွေးနွေးရန် အစည်းအဝေး အစီအစဉ်သို့ ထည့်သွင်းခဲ့ခြင်းမှာ လုံခြုံရေး ကောင်စီ အတွက် လုံးဝ မှန်ကန်သည်ဟု ဆိုနိုင်ကြောင်း Grant က ပြောကြားသည်။

မြန်မာနိုင်ငံ ကိစ္စကို လုံခြုံရေး ကောင်စီတွင် တံခါးပိတ် ဆွေးနွေးခဲ့ကြသော်လည်း အရေးယူ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်း မရှိပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ယခုအခါ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရများသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားလာရေး အခန်းကဏ္ဍများတွင် ခိုင်မာသော မဟာမိတ်ဖွဲ့မှု ဖြစ်ပေါ်စေရေး အတွက် ပူးတွဲကုန်သွယ်ရေး ကော်မရှင် (JTC) တစ်ရပ်ကို ဖွဲ့စည်းရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

"ဒီပူးတွဲ ကုန်သွယ်ရေး ကော်မရှင် (JTC) ဟာ အစိုးရတွေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာအောင် လုပ်ပေးနိုင်တဲ့ အဖွဲ့တစ်ခုပါပဲ။ နောက်ပြီးတော့ ဒါဟာ ထိုင်းအစိုးရရဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီမူဝါဒကတော့ ၂၀၁၅  ခုနှစ်မှာ သက်ဝင်လာမယ့် Asean Economic Community အောက်မှာ အာဆီယံနိုင်ငံတွေနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်း ဆောင်ရွက်ရေးပါ" ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Alongkorn Ponlaboot က ပြောသည်။

ဧပြီလ ၂ ရက်နှင့် ၅ ရက် ဟွာဟင်း အပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲတွင် အဆိုပါကိစ္စကို ရှေ့တန်းတင်မည် ဖြစ်ကြောင်း၊ ပုဂ္ဂိလက အခန်းကဏ္ဍမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ကာ စီပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ဆက်ဆံရေးမျိုး ထူထောင်ရန် ကြိုးပမ်းကြမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း စက်မှုလုပ်ငန်းများ ဆိုင်ရာ ဖက်ဒရေးရှင်း ဥက္ကဌ Santi Vilassakdanont က ထိုင်းစီးပွားရေး သမားကြီးများကို ဦးဆောင်မည် ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရာတွင်
နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အဆင်ပြေချောမွေ့မှု တိုးမြှင့်ရေး အဓိက ထားမည် ဖြစ်သည်။ ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ လဲလှယ်ခြင်း၊ Asean Custom Agreement အရ မြန်မာနိုင်ငံကို အကောက်ခွန်ကိစ္စအပေါ် အထူးအခွင့်အရေးများ ပေးခြင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေတစ်လျှောက် အမြဲတမ်း စစ်ဆေးရေး စခန်းများ ပိုမို ဖွင့်လှစ်ခြင်းနှင့် ကုန်စည်ပြပွဲများ ကျင်းပနိုင်ရေးအတွက် စည်းရုံးမှု ပြုခြင်းများကိုလည်း ဆွေးနွေးကြမည်ဟု ဆိုသည်။

အဆိုပါ ကုန်သွယ်မှုဆိုင်ရာ မဟာမိတ်ဖွဲ့မှုသည် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်
နက်ရှိုင်းသော အဆင့်အထိ ရောက်အောင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အတွက်လည်း အထောက်အကူ ပြုလိမ့်မည် ဖြစ်သည်။

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အထောက်အကူပြုရန် ထိုင်း-မြန်မာ စီးပွားရေးကောင်စီ တစ်ရပ်ကိုလည်း ပထမဆုံးအနေဖြင့် ဖွဲ့စည်းတည်ထောင် သွားကြမည်ဟု ဆိုသည်။ လတ်တလော အနေအထားတွင် ထိုင်းနိုင်ငံ Tak ခရိုင်၊ မဲဆောက်မြို့တွင် အထူး စီးပွားရေးဇုန် တစ်ခု ထွက်ပေါ်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ဒုတိယအဆင့် အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားတစ်စင်းကိုလည်း အနာဂတ်ကာလတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ စွမ်းအင် ရင်းမြစ်အသစ်များ ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းလျက် ရှိသည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက် ရတနာ လုပ်ငန်း၊ စွမ်းအင် ဖွံ့ဖြိုးရေး လုပ်ငန်း၊ ကုန်စည် တင်ပို့မှု လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံနိုင်ရေးအတွက် မြန်မာနိုင်ငံက အခွင့်အရေးများ ကမ်းလှမ်းထားသည်။

မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်ပြီးလျှင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအတွက် အာဆီယံတွင် ဆဋ္ဌမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ဘတ်ငွေ ၁၅၀ ဘီလီယံဖိုး ရှိခဲ့သည်။
The Nation သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

တရုတ်နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၊ သံလွင်မြစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း တရုတ်အစိုးရ အေဂျင်စီက အင်တာနက် ဝက်ဘ်ဆိုက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းမှာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား  ၇ ဒဿမ ၁ ဂစ်ဂါဝပ် ထွက်ရှိမည်ဟု ဆိုသည်။

တရုတ်နိုင်ငံပိုင် ပစ္စည်းများ ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင်၏ (CSAAC) အဆိုအရ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။ စီမံကိန်းတွင် တရုတ်နိုင်ငံမှ China Three Corp၊ Sinohydro Crop နှင့် China Southern Power Grid တို့ ပါဝင်ကြောင်း၊ ယခုအခါ ယင်းကုမ္ပဏီကြီး သုံးခုမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း CSAAC က သတင်း ထုတ်ပြန်သည်။

စီမံကိန်း ပြီးဆုံးပါက ယင်း ရေအားလျှပ်စစ် စက်ရုံသည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည် ဖြစ်ပြီး တရုတ်ကုမ္ပဏီကြီး သုံးခုသည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက လုပ်ငန်းများ စတင် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ ယခုအခါ တည်ဆောက်ရေး အစီအစဉ်များအတိုင်း အကောင်အထည် ဖော်နေကြောင်း သိရသည်။

သို့သော် ထွက်ရှိလာမည့် လျှပ်စစ်စွမ်းအား အားလုံးကို မြန်မာနိုင်ငံတွင် အသုံးပြုမည်၊ သို့မဟုတ် တရုတ်နိုင်ငံသို့ တချို့တစ်ဝက် တင်သွင်းမည် ဟူသော အချက်ကို CASSC က ထုတ်ပြန်ကြေညာခြင်း မရှိပေ။ တရုတ်နိုင်ငံသည် စွမ်းအင် လိုအပ်လျက် ရှိပြီး ကာဗွန် ထုတ်လုပ်မှုကိုလည်း လျှော့ချရန် ဆန္ဒရှိသည်။ ထို့ပြင် တရုတ်က ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ပေါများသော သဘာဝရင်းမြစ်ကို အသုံးချမှုအဖြစ် ရှုမြင်ထားသည်။

တရုတ်နိုင်ငံပိုင် မီဒီယာ ဖြစ်သော Xinhua သတင်းဌာန အဆိုအရ တရုတ်နိုင်ငံသည် လာမည့် ၂၀၂၀ ပြည့်နှစ်မှ စ၍ လျှပ်စစ်စွမ်းအင် ၂၇၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ် ရယူနိုင်ရန် ရည်မှန်းထားသည်။

မြန်မာအစိုးရကလည်း နာမည်ကျော် သံလွင်မြစ်တစ်လျှောက် ရေကာတာကြီး ငါးခုအထိ တည်ဆောက်ပြီး အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ထောက်ပံ့ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိသည်။ သို့အတွက်ကြောင့် အဆိုပါ နေရာများ၊ အထူးသဖြင့် ကိုးကန့်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသများတွင် နေထိုင်သော တိုင်းရင်းသား လူနည်းစုများကို ဖိအားပေးလျက် ရှိကြောင်း ထိုင်း မီဒီယာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆော်သြသူများ၏ ဝက်ဆိုက်ဘ်များတွင် ရေးသား ဖော်ပြချက်များအရ သိရသည်။

မြန်မာအစိုးရက ယမန်နှစ်တွင် ကိုးကန့်ဒေသကို စစ်ရေးအရ နှိမ်နင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယခုအခါ တရုတ်နိုင်ငံက တာဝန်ယူ အကောင်အထည် ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းများ တည်ရှိသည့် သံလွင်မြစ် အထက်ပိုင်းဒေသမှာ လုံခြုံစိတ်ချမှု ရရှိထားပြီး ဖြစ်သည်ဟု www.salweenwatch.org တွင် ဖော်ပြထားသည်။

Dow Jones သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

လာမည့် ဧပြီလ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကိစ္စသည် အဓိက မီးမောင်းထိုး စင်တင် ဆွေးနွေးကြမည့် အကြောင်းရပ် ဖြစ်လာလိမ့်မည်ဟု သိရသည်။ ရင်လေး ရှုပ်ထွေးဖွယ်ရာ ရွေးကောက်ပွဲ ကိစ္စကို အာဆီယံ ဒေသတွင်း ခေါင်းဆောင်များက ရှင်းရှင်းလင်းလင်း ဖြစ်စေလိုကြပြီး မြန်မာ့ ရွေးကောက်ပွဲသည် အာဆီယံအတွက် ပြဿနာ ဖြစ်လာမည်ကိုလည်း မလိုလားကြပေ။

ဧပြီလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ဟနွိုင်းမြို့တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် အဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ် ခေါင်းဆောင်များသည် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု အခြေအနေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိရေး အစရှိသည်တို့ကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို မကြေညာသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်ခင် ကျင်းပမည်မှာ သေချာသလောက် ရှိနေသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လုပ်ကိုင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရရှိအောင် မြန်မာနိုင်ငံသားများ အနေဖြင့် ဖိအားပေး လုပ်ကိုင်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာ လီဂါဝါက ပြောဆိုသည်။

"ဒီပြဿနာကို ဖြေရှင်းရာမှာ တခြား နိုင်ငံရေးပါတီတွေ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ပါတီတစ်ခု ချောင်ပိတ်ခံရပြီး ဘေးရောက်အောင် တွန်းဖယ်ခံရတယ်ဆိုတဲ့ စိတ်အစွဲ မထားဘဲ ဘယ်လို ကူညီရမလဲ ဆိုတာကို အဖြေရှာသင့်ပါတယ်" ဟု လွန်ခဲ့သော ရက်သတ္တပတ်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

"အနာဂတ်မှာ ပေါ်ပေါက်လာမယ့် အစိုးရမှာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ပါဝင်သင့်ပါတယ်။ ဒါကို လက်ရှိ မြန်မာအာဏာပိုင်တွေလည်း သိမယ်လို့ မျှော်လင့်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ယခု ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် တင်ပြမည့် အစီအစဉ်များကို မကြေညာသေးသော်လည်း ၂၀၁၅ ခုနှစ်တွင် တစ်စည်းတစ်လုံးတည်း ရှိလာမည့် အာဆီယံအဖွဲ့အား စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး စသည့် ကိစ္စများကို တိုးမြှင့် ဆောင်ရွက်မည် ဖြစ်သည်။

ထိုအထဲတွင် ပြဿနာရှိသော မြန်မာနိုင်ငံ၏ အရေးကိစ္စလည်း ပါဝင်သည်။ ပြီးခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးများတွင် မြန်မာ့အရေးကိစ္စသည် အမြဲ ဆိုသလို ထိပ်တန်းမှ ပါဝင်ခဲ့သည်။ နိုင်ငံရေး လေ့လာ အကဲခတ်သူများက ယခု မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် အာဆီယံအတွက် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရာတွင် ထူးခြားသော အလှည့်အပြောင်း တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားလိုက်သည်။

မြန်မာစစ်အစိုးရဟူသည် အာဆီယံ ခေါင်းဆောင်များအတွက် နှစ်ကာလ ကြာရှည်စွာ စိတ်ကသိအအောင့် ဖြစ်ပေါ်စေခဲ့သော  အရာတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် အာဆီယံ ခေါင်းဆောင်များသည် စစ်အစိုးရကို အကာအကွယ် ပေးသူအဖြစ် စွပ်စွဲ ပြောဆိုမှုပေါင်း များစွာနှင့် ရင်ဆိုင်နေခဲ့ရသည်။

Indonesia Institute of Sciences (LIPI) မှ သုတေသန ပညာရှင် Yasmin Sungkar က မြန်မာနိုင်ငံ ရွေးကောက်ပွဲ၌ သီးသန့်ခွဲခြားမှုများ ရှိနေခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ဖြစ်စဉ်ကို သာမက အာဆီယံအဖွဲ့၏ စည်းလုံးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကိုပါ ထိခိုက်စေကြောင်း ပြောဆိုသည်။

"မြန်မာရွေးကောက်ပွဲ အောင်မြင်မှုဆိုတာ နိုင်ငံရေးသမား အားလုံး ပါဝင်ခွင့်ရ၊ မရ ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ လက်ရှိ ခေါင်းဆောင်တွေက ဘယ်လို ခွင့်ပြုချက်တွေ ပေးနေတယ် ဆိုတဲ့ ကိစ္စဟာ စိတ်ကျေနပ်စရာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စအတွက် စောင့်ဆိုင်းကောင်း စောင့်ဆိုင်း ရပါလိမ့်မယ်" ဟုလည်း ဆက်လက် ပြောသည်။

Jakarta Post သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.