Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th March 2010

မြန်မာနိုင်ငံတွင် ယခုနှစ် တပ်မတော်နေ့သည် ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီးချိန်နှင့် ရွေးကောက်ပွဲရက် မကြေညာခင် ကာလအတွင်း ကျရောက်ခဲ့သည်။

ရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန် ဖြစ်သည်ဟု အခြားနေရာ ဒေသများတွင် ရည်ညွှန်းနိုင်သော်လည်း မြန်မာနိုင်ငံမှ စစ်ဖက် ခေါင်းဆောင်များမှာ အမြဲတမ်း အုပ်ချုပ်မည့် မာကျောသူများသာ ဖြစ်သည်ဟု BBC မှ Vaudine England က တင်ပြထားသည်။

ခြုံငုံ သုံးသပ်ခြင်း

ရွေးကောက်ပွဲများသည် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရားဝင် အသိအမှတ် ပြုမှု ရရှိရန် ကြိုးစားမှု တစ်ခု ဖြစ်ပြီး ၎င်း၏ ဘဝ အရွယ်လွန် နေဝင်ချိန်တွင် နှိပ်စက်ခံရခြင်း၊ အရှက်ကွဲခြင်း တို့ကို ရှောင်ရှားနိုင်ရန် စိတ်ချရသော နိုင်ငံရေး အသွင်ပြောင်းမှုကို ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်တပ် အကြီးအကဲ အဖြစ် ဆက်လက် တာဝန်ယူချင်သည် (သို့မဟုတ်) ၎င်းသမ္မတ အဖြစ် တာဝန်ယူရန် စစ်တပ်အတွင်း သစ္စာရှိသူများ လိုအပ်သည် စသဖြင့် အမျိုးမျိုး မှန်းဆ နေကြသည်။

လေ့လာသူများ သဘောတူသည့် အချက်မှာ မည်သည့် တွက်ချက် မှန်းဆမှုများတွင်မှ အတိုက်အခံများ အတွက် နေရာမရှိခြင်းပင် ဖြစ်သည်။ အမှန်တကယ်တွင်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့် မရအောင် ရွေးကောက်ပွဲ ဥပဒေက တားဆီးထားသည်။

ဗိုလ်ချုပ်မှူးကြီးကို ညသန်းခေါင် လန့်နိုးစေသူမှာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲ သူနှင့် သူ့မိသားစု၏ အနာဂတ် လုံခြုံရေး အတွက် သူ၏ သစ္စာရှိ အရာရှိများမှာ မည်မျှ စိတ်ချရသနည်း ဆိုသော မေးခွန်းပင် ဖြစ်သည်ဟု ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ပြောကြားသည်။

"သူ့နေရာ ဆက်ခံမယ့်သူကို ကြေညာလိမ့်မယ် ဆိုတာ သံသယ ဖြစ်စရာပါပဲ။ သူ ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် တပ်မတော် အကြီးအကဲ တစ်ယောက် အနေနဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်တာဟာ ဒီတစ်ခေါက် နောက်ဆုံး ဖြစ်ဖို့ များပါတယ်" ဟု ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် Payap University မှ ပါမောက္ခ ဝင်းမင်းက ပြောကြားသည်။

ရွေးကောက်ပွဲများ လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ အာဏာရ အဖွဲ့အစည်းမှာ မြန်မာ့ တပ်မတော်သာ ဖြစ်နေဦးမည် ဖြစ်သည်။ သို့ဆိုပါလျှင် စစ်တပ် အကြီးအကဲသည် မည်သူ ဖြစ်လာနိုင်ပါ သနည်း။

ဗိုလ်ချုပ်ကြီး သန်းရွှေ

       ဤဗိုလ်ချုပ်ကြီး၏ အမြင့်ဆုံး အာဏာကို မည်သူကမျှ သံသယ မရှိကြပါ။ ၎င်းသည် အဖွဲ့ဝင် ၁၂ ဦးပါသော အေးချမ်းသာယာရေး ဖွံ့ဖြိုးရေး ကောင်စီ (သို့မဟုတ်) စစ်ဖက် အစိုးရ၏ ခေါင်းဆောင်လည်း ဖြစ်သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်လည်း တာဝန်ယူ ထားသည်။ အလယ်တန်းကျောင်း မအောင်ခဲ့သော စာတိုက် စာရေးဟောင်း တစ်ဦး အတွက် ချီးကျူးလောက်သော အောင်မြင်မှု ဖြစ်သည်။

၁၉၃၃ တွင် မွေးဖွား၍ ၁၉၅၃ တွင် စစ်တပ်ထဲ ဝင်ခဲ့သော ၎င်းသည် ၁၉၆၂ တွင် ဒီမိုကရေစီ အစိုးရထံမှ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်း၏ လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ အပြီး နောက်ပိုင်းတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ SLORC ၏ ဥက္ကဋ္ဌ အဖြစ် ၎င်း ထွက်ပေါ်လာခဲ့သည်။

၂၀၀၄ ခုနှစ်တွင်မူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်းအာဏာရှင် လမ်းကြောင်းပေါ်မှ အဓိက ပြိုင်ဖက် ဖြစ်သူ ဝန်ကြီးချုပ် နှင့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖယ်ရှားပစ် ခဲ့သည်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်မှာ ယခု အချိန်အထိ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံနေရဆဲ ဖြစ်ပြီး ၎င်း၏ တပည့် ရာပေါင်းများစွာမှာ စစ်တပ်မှ ထုတ်ပယ်ခြင်း ခံရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို တည်ထောင်သူ ဖြစ်ပြီး ထိုအသင်းသည် ရက်စက်စွာ အုပ်ချုပ်သော တပ်မတော် အစိုးရ လိုလားသည့် အရပ်ဖက် အဖွဲ့အစည်း အဖြစ် လူသိများသည်။

၎င်းသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် အူလှိုက်သည်းလှိုက် မုန်းတီးမှုများကို ထိန်းသိမ်းထားသည်ဟု သိရှိရသလို လျှို့ဝှက်လွန်းသူ၊ ဗေဒင် ယတြာများကို ယုံကြည်လွန်းသူ၊ နိုင်ငံခြားသားများကို မုန်းတီးသူ၊ ချမ်းသာ ကြွယ်ဝလွန်းသူ တစ်ဦးအဖြစ် အများက သတ်မှတ်ထားသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး

၁၉၃၇ တွင် မွေးဖွားသူ ဗိုလ်ချုပ်ကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တခါတရံ အငြင်းပွားတတ်သလို အနီးကပ်ဆုံး ပြိုင်ဘက် တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် တချိန်က အရှေ့မြောက်ဒေသ မူးယစ်ဆေးဝါး နယ်မြေတွင် တိုင်းမှူး ဖြစ်ခဲ့ပြီး ယခုအခါ ၎င်း၏ ရှုပ်ထွေးသော စီးပွားရေး ပါဝင် ပတ်သက်မှုများကြောင့် လူသိများသူ ဖြစ်သည်။

၎င်းသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို မလိုလားသူ တစ်ဦးဟု ယူဆထားကြပြီး ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို အင်အားသုံး နှိမ်နင်းခဲ့ခြင်းအား ဆန့်ကျင် ကန့်ကွက်ခဲ့သည်ဟု စောင့်ကြည့် လေ့လာသူ အချို့က ယခုတိုင် ယုံကြည်နေသည်။

ဗိုလ်ချုပ်ကြီး ရွှေမန်း

ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ နှင့် အထူး စစ်ဆင်ရေး ညှိနှိုင်းရေးမှူး တာဝန်ယူထားသော ဗိုလ်ချုပ်ကြီး ရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှစ်သက်သည့် ဆက်ခံမည့်သူ တစ်ဦး ဖြစ်သည်ဟု လေ့လာသူများက လတ်တလော ကောက်ချက် ဆွဲထားသည်။

၁၉၄၇ တွင် မွေးဖွားခဲ့သော ၎င်းကို သစ္စာရှိ ကျိုးနွံသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြပြီး ၎င်း နှစ်ပေါင်း များစွာ အုပ်ချုပ်ခဲ့သော အောက်ခြေ တပ်မတော်သားများ၏ လေးစားမှုကို ရရှိသူ တစ်ဦး ဖြစ်သည်။

၎င်းသည်လည်း ရှုပ်ထွေးသော စီးပွားရေး ဆက်နွယ်မှုများ ရှိသူ ဖြစ်ပြီး ၎င်း၏ သားတစ်ယောက်မှာ အောင်မြင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင် မိသားစုဝင် တစ်ဦး နှင့် လက်ထပ်ထားပြီး အခြား သားတစ်ယောက်မှာ အမေရိကန် ပြည်ထောင်စုက တားမြစ်ထားသော နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ နှင့် ပူးပေါင်း လုပ်ကိုင်နေသည်။

ကျန်အဖွဲ့သားများ

အစိုးရ အဖွဲ့တွင် နံပါတ် ၄ အဆင့်ရှိသူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်မှာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဆက်ခံမည့် စာရင်းတွင် မပါဝင်ပါ။

အစိုးရ အဖွဲ့ဝင် နံပါတ် ၅ မှာ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ဖြစ်၍ ၎င်း၏ နောက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး ရှိနေသည်။

မြန်မာနိုင်ငံအား လက်နက် ရောင်းချပေးသော မြောက်ကိုရီးယား နှင့် စေ့စပ် ညှိနှိုင်းရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး ပါဝင်ပြီး အလွန် အရေးကြီးသော တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။

နောက်ထပ် အရေးကြီးသူ တစ်ဦးမှာ နံပါတ် ၇ အဖြစ် သတ်မှတ်နိုင်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြစ်သည်။ အေးချမ်းသာယာရေး ကောင်စီ SPDC အဖွဲ့ဝင် မဟုတ်ဘဲ ဤစာရင်းတွင် ပါဝင်သူမှာ ၎င်းတစ်ဦးသာ ရှိသည်။

မြန်မာ စစ်ဖက် ခေါင်းဆောင်များ ယခင်ကပင် တိတ်တဆိတ် သွားရောက်လေ့ ရှိသော ဆေးကုသရာ နေရာတစ်ခု ဖြစ်သည့် စင်္ကာပူ ခရီးစဉ်များတွင် ခရီးသွားဖော် အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရွေးချယ်ဖူးသူများကို ၎င်း၏ အနီးကပ် သစ္စာခံများ အဖြစ် ရည်ညွှန်း ခန့်မှန်း နိုင်သည်။

"ဗိုလ်ချုပ်ကြီး ရွှေမန်းကို စင်တင်ဖို့ ဗိုလ်ချုပ်မှူးကြီးက ကြိုးစားနေပါတယ်။ ဒါပေမယ့် အခုထိ မလုပ်နိုင်သေးတာကို ကြည့်ခြင်းအားဖြင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သဘော တူညီချက် မရသေးဘူး ဆိုတာကို ဖော်ပြနေပါတယ်" ဟု ချင်းမိုင် တက္ကသိုလ်က ဝင်းမင်းက သုံးသပ်သည်။

ယခုနှစ် တပ်မတော်နေ့ကို ယခင်ကထက် ပိုများသော ဧည့်သည်များ တက်ရောက်မှု နှင့်အတူ တစ်ခုတည်းသော သေချာသည့် အချက်မှာ တပ်မတော်၏ အာဏာ ဖြစ်၍ စစ်အစိုးရ၏ ပွင့်လင်း မြင်သာ မရှိခြင်းမှာ ကျန်ရှိနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Mizzima, By Mungpi, 26th March 2010

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ မပါဝင်နိုင်အောင် ကန့်သတ်ချက်များ ချမှတ်၍ ရွေးကောက်ပွဲ ပြုလုပ်ရန် ရည်ရွယ်လျက် ရှိရာ အတိုက်အခံ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြတ်သားသော ခြေလှမ်းလှမ်းရန် အချိန် ရောက်ပြီ ဖြစ်သည်။ ပါတီ၏ ရည်မှန်းချက်များတွင် တိုင်းပြည်တွင် ဒီမိုကရေစီ ပြောင်းလဲမှုများ ပြုလုပ်ပေးရန် ရည်ရွယ်ထားပါက ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် အချိန် ဖြစ်သည်။

ယခု မတ်လ အစောပိုင်းက အစိုးရက ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် အထိန်းသိမ်း ခံနေရသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်အား ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးထားသည်။

စစ်အစိုးရသည် တိုင်းပြည်ကို ဥပဒေဖြင့် အတင်း အဓမ္မ အုပ်ချုပ်လာရာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ပြီး ယခု ၎င်း၏ အကျည်းတန်သော လုပ်ဆောင်မှုတွင် NLD ကို မျက်နှာသာ ပေးမထားချေ။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း NLD သည် သက်တမ်းရှည်စွာ အစိုးရ၏ တရားဝင်ဘောင် အတွင်း ရပ်တည်လာခဲ့ပြီး ရေရှည် ရပ်တည်နိုင်ရေး အတွက် လက်သည်း မရှိသော ကြောင်ကဲ့သို့ နေထိုင်ခဲ့သည်။

ခြားနားသော အတိုက်အခံ ပါတီများ ထွက်ပေါ်လာရန် အတွက် ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ အသိုင်းအဝိုင်းသည် အစိုးရ၏ တင်းကြပ်သော ရွေးကောက်ပွဲ ဥပဒေကို ပြစ်တင် ဝေဖန်လျက် ရှိကြသည်။

သို့သော် ဝေဖန် ရှုံ့ချမှုများသည် ကောင်းမွန်သော်လည်း လေဖြင့် စကားလုံးများဖြင့်သာ ပြီးဆုံးသွားပြီး၊ အစိုးရ၏ အစီအစဉ်များ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း အရေးယူမှုများ မရှိခဲ့ပါ။ မြန်မာ အစိုးရ အတွက် ရယ်စရာ အကြောင်းအရာ တစ်ခုသာ ဖြစ်ခဲ့ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ရပ်တည်ချက်နှင့် မတူသော ကစားကွက်ကို လုပ်ဆောင်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်နေသည်။

ယခု စစ်အစိုးရက ရာဇသံ ပေးနေပြီ ဖြစ်ရာ၊ အဆိုပါ ရာဇသံသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို မဟုတ်ပဲ၊ ပြည်သူလူထု ဆန္ဒကို ထင်ဟပ်ပြီး ရပ်တည်နေသော NLD ပါတီကို ပေးခြင်း ဖြစ်သည်။ ယခု တောင်းဆိုမှုသည် လေနှင့် တိုက်ပွဲ ဖြစ်သည်ထက် ပို၍ အချိန် ကန့်သတ်ချက်များ ပါရှိရာ၊ ပါတီတွင်း ပဋိပက္ခများပင် ဖြစ်ရန် အခွင့် မရှိတော့ပါ။

ယခုအပတ် အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းအား သူမသည် အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ် အပေါ် အမြင်ကို ပြောပြရာ၌ NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရန် မသင့်ကြောင်း ပြောခဲ့သည်။ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေကမူ ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် NLD အနေဖြင့် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်နိုင်ရန် မှတ်ပုံ တင်သင့်သည်ဟု ပြောဆိုခဲ့ခြင်း အပေါ် တုန့်ပြန်ခဲ့ခြင်း ဖြစ်ပေမည်။

NLD အနေဖြင့် သဘောပေါက် ရမည့် အချက် တစ်ခုမှာ နှစ်ပေါင်း နှစ်ဆယ်ကြာ အစိုးရ၏ ဖိနှိပ်မှုများ ကြားမှ တရားဝင် ရပ်တည် နေနိုင်အောင် ထိန်းသိမ်းလာခဲ့သည့် အချက် ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်သည် NLD အနေဖြင့် ပါတီတွင်း နှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းကောင်း နိုင်ငံရေးအရ သဘော မတူညီမှုများကို ငြင်းခုန်ရန် အချိန် မဟုတ်တော့ဘဲ ပြည်သူလူထု၏ မျှော်လင့်ချက်များကို ငဲ့ကွက်သောအားဖြင့် ပြတ်သားသော ဆုံးဖြတ်ချက် ချရမည့် အချိန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ နိုင်ငံတကာတွင် မြန်မာ့ နိုင်ငံရေးအား အမြဲတမ်း စိတ်ဝင်စားနေစေရန် ပြုစားထားနေသော တစ်ဦးတည်းသော ဇာတ်ကောင် ဖြစ်ပေသည်။

သို့မဟုတ်လျှင် အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ရလဒ်သည် မပြိုင်မီက ရှင်းရှင်းကြီး အဖြေထွက် သွားမည် ဖြစ်ပေသည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြောင်းလဲမှုကို တစ်နည်းနည်းနှင့် သယ်ဆောင်လာလိမ့်မည် ဆိုသော အချက်မှာ ယုံမှား သံသယ ရှိဖွယ် မရှိပါ။

NLD အနေဖြင့် သဘောပေါက် ရမည်မှာ အစိုးရ၏ ကျိုးကြောင်း မဆီလျော်သော ဥပဒေများ၊ အမိန့်များကို မှားကြောင်း အပြစ်ဖို့ရန် အချိန် မရှိတော့ပါ။ ကြေညာချက်များသာ ထုတ်ပြန်နေခြင်း အတွက်လည်း အချိန် မရှိတော့ပါ။ တရားရုံးတွင် အသနားခံရန်လည်း အချိန် မရှိတော့ပါ။ ထိုအရာများ ဘာမျှ ဖြစ်လာမည် မဟုတ်သည်ကို သက်သေများ ပြခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် NLD အနေဖြင့် သူ၏ ရွေးချယ်ပိုင်ခွင့် အနည်းငယ်ထဲမှ မဟာဗျူဟာ အသစ် ချမှတ်ရမည် ဖြစ်သည်။

NLD သည် ပြန်လည်၍ မှတ်ပုံတင်ခြင်းဖြင့် တရားဝင် ဆက်လက် ရပ်တည်ခွင့် ရလာမည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ ပါတီကို ဦးဆောင်ခွင့် ရလိမ့်မည် မဟုတ်ပဲ၊ NLD ၏ စိတ်ဓာတ်ကို ရိုက်ချိုးသလို ဖြစ်လိမ့်မည် ဖြစ်သည်။ ပြည်သူများ အနေဖြင့်လည်း မိမိတို့ အဘယ်ကြောင့် NLD ကို လက်ခံသင့်သည် ဆိုသည့် အချက်ကို ရှင်းလင်းပြရန် လိုအပ်လိမ့်မည် ဖြစ်သည်။

အခွင့်အလမ်း အနည်းငယ်အရ NLD သည် အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်နိုင်ခြင်း ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲမှ တစ်ခုတည်း ကျန်ရှိသော တရားဝင် နိုင်ငံရေး ပါတီတစ်ခု အနေဖြင့် အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲကို ပယ်ချ ပိုင်ခွင့် ရှိသည်။ တစ်ပြည်လုံး သပိတ်မှောက်ရန် တောင်းဆိုနိုင်သည်။ NLD အနေဖြင့် ပါတီများ မှတ်ပုံတင်ခွင့် ရက်ပေါင်း ၆၀ ပြည့်မည့် မေလ ၆ ရက်နေ့ အထိ အချိန်ရသေးသည်။

ထိပ်တိုက် ရင်ဆိုင်မှုများကလည်း အချိန်အခါအရ မသင့်တော်ခြင်း၊ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာလည်း သေနတ်များနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ရာ၊ NLD ၏ ခေါင်းဆောင်မှုသည် ပြည်သူလူထု၏ NLD အပေါ် ထားရှိသော မျှော်လင့်ချက်များ အပေါ် လိမ္မာပါးနပ်စွာ ဆက်လက် အားပေးသင့်သည်။

နိုဘယ်ဆုရှင်၏ အကြံပြုချက် အတိုင်း NLD သည် ပြန်လည် မှတ်ပုံမတင်ဘဲ၊ သပိတ်မှောက်ပြီး ကျန်နိုင်ငံရေး ပါတီများနှင့် ပြည်သူများကို အစိုးရ ရွေးကောက်ပွဲများတွင် မပါဝင်ရန် တောင်းဆိုနိုင်သည်။

အစိုးရ ခေါင်းဆောင်မှု နောက်ကို လိုက်မည့် ရုပ်သေး နိုင်ငံရေး အဖွဲ့အစည်းများ ရှိသကဲ့သို့ NLD ၏ ခေါင်းဆောင်မှုကို လိုက်ပြီး ပြည်သူလူထု မျှော်လင့်ချက်များကို ပြန်လည် ရှင်သန်စေနိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကဲ့သို့သော မဟာမိတ် အဖွဲ့များ ရှိသေးသည်။

NLD သဘောပေါက်ရမည့် တစ်ခုမှာ ကုလသမဂ္ဂ နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပြည်တွင်းတွင် ရှိသော အင်အားစုများ၏ ပြည်တွင်း လှုပ်ရှားမှုများ မရှိဘဲ မည်သည်ကိုမျှ လုပ်မပေးနိုင် ဆိုသည့် အချက် ဖြစ်သည်။ ပြင်ပ ဖိအားပေးမှုများသည် NLD ကဲ့သို့သော ပြည်တွင်း အင်အားစုများ၏ ပြတ်သားသော ခေါင်းဆောင်မှု ရှိမှသာ အဓိပ္ပာယ်ရှိသော သက်ရောက်မှုများ ရှိမည် ဖြစ်သည်။

လက်ရှိ အချိန်က လုပ်နေကျ အမူအကျင့်များထက် ပိုမိုသော လုပ်ဆောင်မှုများ လိုအပ်လျက် ရှိသည်။ ယခုမူ ပြည်သူလူထု၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးရမည့်အစား NLD ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးရမည့် အခြေအနေ ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ခေါင်းဆောင်များ၏ မြင့်မြတ်သော စွန့်လွှတ်မှုများမှာလည်း အနိုင်အရှုံး မသေချာသည့် အဖြစ်နှင့် ကြုံတွေ့နေရသည်။

လက်တွေ့အားဖြင့် အစိုးရသည် သူ့အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင်ရန် ဘာမဆို လုပ်တော့မည် ဖြစ်သည်။ ပြည်တွင်း ပြည်ပမှ ၎င်းအပေါ် ကန့်ကွက် ရှုတ်ချမှုများမှာ လေနှင့်သာ ဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိသဖြင့် မောရုံသာ ရှိမည် ဖြစ်သည်။

ထို့ကြောင့် NLD အနေဖြင့် အချိန်မီ ဗျူဟာသစ် မချမှတ်နိုင်လျှင် ပြည်သူလူထု အနေဖြင့် NLD သည် ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းပြီး အနာဂတ်တွင် ဆက်လက် ရှင်သန်နေမည့် အဖွဲ့အစည်း အဖြစ် ယုံကြည်မှုများ ထားရှိရမည်မှာ ခဲယဉ်းသွားပေလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

BBC News, 27th March 2010

အရေအတွက် သောင်းနှင့် ချီသော ထိုင်းနိုင်ငံ ရှပ်နီ ဆန္ဒပြသူများသည် ဘန်ကောက်မြို့တွင် တပ်ဖြန့်ထားသော စစ်တပ်၏ ရှေ့မှောက်တွင်ပင် စုဝေးကာ ရွေးကောက်ပွဲ အသစ် ကျင်းပရန် တောင်းဆိုခဲ့ကြသည်။

အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ် ၈ နေရာတွင် စုဝေး ခဲ့ကြခြင်း ဖြစ်သည်။

သံဆူးကြိုး အတားအဆီးများကို ဖြိုဖျက်ပစ်ရန် ခြိမ်းခြောက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ၎င်းတို့နေရာ ယူထားသော နေရာအချို့မှ ဆုတ်ခွာ ပေးခဲ့သည်။

အစိုးရက အထူး လုံခြုံရေးဆိုင်ရာ ဥပဒေများကို ထပ်မံ ထုတ်ပြန်ခဲ့သလို စစ်ဆေးရေး ဂိတ်များတွင်လည်း တပ်ဖွဲ့ဝင်များ ပိုမို ချထားခဲ့သည်။

"စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ချစ်ကြည် ရင်းနှီးတဲ့ စိတ်ဓာတ်နဲ့ တွေ့ဆုံမှာပါ။ စစ်တန်းလျားကို ပြန်သင့်တဲ့ အကြောင်းကိုလည်း နားလည်အောင် ရှင်းပြမယ်။ ပြီးရင် ကျွန်တော်တို့နဲ့ အတူ ဒီမိုကရေစီကို ပူးပေါင်း တောင်းဆိုဖို့ ဖိတ်ခေါ်မယ်" ဟု ဆန္ဒပြ ခေါင်းဆောင် ဗီရာမူဆီကာပေါင်က ချီတက်ပွဲ မတိုင်မီ ပြောကြားခဲ့သည်ဟု AFP သတင်းများအရ သိရှိရသည်။

သို့ရာတွင် Reuters သတင်းများကမူ ဆန္ဒပြသူများ၏ မူဝါဒမှာ ပိုမို ထိပ်တိုက် ရင်ဆိုင်သည့် အသွင်ဆောင်လာပြီး စစ်တပ်ကို ရုတ်သိမ်းရန် သတိပေးသည်ဟု ဆိုသည်။

"ဒီအချိန်က အလှည့်အပြောင်း အတွက် အရေးကြီးတဲ့ အချိန်ပဲ" ဟု နောက်ထပ် ခေါင်းဆောင် တစ်ဦး ဖြစ်သူ နပ်တာဝပ် ဆိုင်ဘူးက လူထုထံ အော်ဟစ် ကြွေးကြော်လိုက်သည်။

"တို့ ရှုံးသွားရင် ထောင်ထဲ ဝင်ရလိမ့်မယ်။ တို့ နိုင်သွားရင်တော့ ဒီမိုကရေစီ ပြန်ရလိမ့်မယ်" ဟု ၎င်းက ပြောကြားလိုက်သည်။

အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများသည် လွန်ခဲ့သော နှစ်ပတ် အတွင်း ၎င်းတို့ ရည်စူး စီစဉ်ထားသော ဆန္ဒပြ လှုပ်ရှားမှုများကို တသီတတန်း ပြုလုပ်ခဲ့ကြပြီး ဘာသာရေးအရ အယူသီးသော သွေးရေး ကျိန်စာများ၊ ကတုံး တုံးခြင်းများမှသည် မြို့တော်လမ်းများ တလျှောက် ဆူညံစွာ ချီတက်ခြင်းများ အထိ ပြုလုပ်ခဲ့ကြသည်။

အစိုးရနှင့် သက်ဆိုင်သော အဆောက်အဦးများတွင် အကြောင်းရင်း မသိရသော ဗုံးပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ပြီး ၎င်းတို့တွင် တာဝန်မရှိဟု ရှပ်နီများက ငြင်းဆိုခဲ့ကြသည်။

၎င်းတို့၏ ထင်ရှားသော ဝတ်စုံကြောင့် ရှပ်နီများဟု လူသိများသည့် ဆန္ဒပြသူများသည် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုလျက် ရှိသည်။

ဆန္ဒပြသူများ ဖိအားပေး တောင်းဆိုနေသည့် ရွေးကောက်ပွဲ ကျင်းပရေး ရည်မှန်းချက်မှာ နီးစပ်ခြင်း မရှိသော်လည်း ၎င်းတို့သည် လက်လျှော့မည့် လက္ခဏာ မရှိဟု ဘန်ကောက်မှ BBC သတင်းထောက် Rachel Harvey က ပြောကြားသည်။

ဆန္ဒပြ ရှပ်နီများသည် လျော့တိလျော့ရဲ ဖွဲ့စည်းထားသော ဒီမိုကရေစီ လှုပ်ရှားသူများ ဖြစ်ပြီး ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများနှင့် ယခင် ကွန်မြူနစ်ဟောင်းများသာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

AFP / channelnewsasia.com, 27th March 2010

မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများကို အောက်တိုဘာလ နောက်ဆုံးပတ် (သို့) နိုဝင်ဘာလဆန်းတွင် ကျင်းပလိမ့်မည်ဟု အစိုးရ အရာရှိကြီး တစ်ဦးက AFP သို့ စနေနေ့တွင် ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် ပြီးချိန်မှစ၍ မဲဆွယ် စည်းရုံးရန် အချိန် ၆ လခန့် ရလိမ့်မည်။ ရွေးကောက်ပွဲများကို အောက်တိုဘာ နောက်ဆုံးပတ် (သို့) နိုဝင်ဘာ အစောပိုင်းတွင် ကျင်းပဖွယ် ရှိမည်ဟု အမည် မဖော်လိုသူ အဆိုပါ အရာရှိက ဆိုသည်။

စစ်ဖက် အစိုးရသည် ရွေးကောက်ပွဲရက်ကို မကြေညာ သေးသော်လည်း ယခု လဆန်းက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးထားသဖြင့် ပြစ်တင် ဝေဖန်ခြင်း ခံနေရသည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေသစ်အရ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲ ဝင်လိုပါက သူမအား ပါတီမှ ထုတ်ပယ်ရမည်ဟု အဓိပ္ပာယ် ထွက်နေသည်။

NLD ပါတီ ပြည်လုံးကျွတ် အောင်ပွဲခံပြီး အစိုးရက အသိအမှတ် မပြုခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများ နောက်ပိုင်း၊ ယခု ပထမဆုံး အကြိမ် အဖြစ် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပမည် ဖြစ်သည်။

NLD ပါတီက ရွေးကောက်ပွဲ ဝင်၊ မဝင်ကို ယခုတိုင် မဆုံးဖြတ်ရသေးပါ။ ရွေးကောက်ပွဲများသည် စစ်ဖက် အုပ်ချုပ်သူများ အာဏာကို ဆက်ကိုင်ထားရန် တရားဝင်အောင် စီစဉ်ထားသည့် အတုအယောင် တစ်ခုသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

NLD ၏ သပိတ်မှောက်မှုက စစ်အစိုးရ၏ တရားဝင် အသိအမှတ်ပြု ခံလိုခြင်း အပေါ် ထိခိုက်စေလိမ့်မည် ဖြစ်သည်။ အသက် ၆၄ နှစ်ရှိ ပါတီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက ၁၄ နှစ်ခန့် ထိန်းသိမ်းထားခဲ့သည်မှာ ယခု အချိန်အထိ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

www.japantoday.com , 27th March 2010

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သောသူ မှန်သမျှကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပြုပါက တိုကျိုအနေဖြင့် စောစောပိုင်းက အဆိုပြုထားသော စီးပွားရေး အထောက်အပံ့များကို ဆက်လက် ပေးအပ်မည် မဟုတ်ဟု နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက သောကြာနေ့တွင် ပြောကြားလိုက်သည်။

အိုကာဒါက အထက်ပါ သဘောထားကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလှမြင့်ထံ ထိုနေ့တွင်ပင် အသိပေးခဲ့ပြီး လာမည့်အပတ် ကနေဒါတွင် ကျင်းပမည့် G-8 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အနေအထားကို ၎င်း၏ လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဆွေးနွေးလိုသည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရဲထောက်လှမ်းရေး တပ်ဖွဲ့ဝင်တစ်ဦး၏ ဖော်ထုတ် ပြောဆိုချက်များကို Dictator Watch (အာဏာရှင်များစောင့်ကြည့်ရေးအဖွဲ့) က ပြန်လည် ထုတ်ဖော်ခဲ့သည်။

ထွက်ပြေး လွတ်မြောက်လာသူမှာ ကရင်ပြည်နယ်၊ ဖားအံ ရဲတပ်ဖွဲ့မှ ထောက်လှမ်းရေးအရာရှိ စိုးမင်း ဆိုသူဖြစ်ပြီး ၎င်းသည် လက်အောက်ငယ် တပ်ဖွဲ့ဝင် ၄၀ ကို တာဝန်ယူ ဦးဆောင်ခဲ့ရသည်။ စိုးမင်း ထွက်ပြေးလာရသည့် အဓိက အကြောင်းအရင်းမှာ သူ၏ လက်အောက်ငယ်သား တစ်ဦးက ကင်းလှည့် မော်တော်ယာဉ်တစ်စင်း ပျောက်ဆုံး သွားသောကြောင့် ဖြစ်သည်။

အဆိုပါ ပျောက်ဆုံးမှုအတွက် စိုးမင်းမှာ တာဝန်အပြည့်ရှိသည်။ သို့အတွက်ကြောင့် ၎င်းသည် ယခုအခါ ထိုင်းနိုင်ငံ၏ မြို့ကြီးတစ်မြို့တွင် ပုန်းအောင်း နေထိုင်နေရသည်။ စိုးမင်း၏ ပြောပြချက်အရ ၎င်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ ခံယူပွဲ၏ ရလဒ်များအား စနစ်တကျ အကွက်ဆင် လိမ်လည်ခဲ့ကြောင်း သိရသည်။

ယခု လာမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် နည်းလမ်းများအတိုင်း လုပ်ဆောင် သွားလိမ့်မည် ဖြစ်သည်ဟု စိုးမင်းက အတည်ပြု ပြောဆိုသည်။

၂၀၀၈ခုနှစ် ဆန္ဒခံယူပွဲတွင် စိုးမင်းအား အထက်အရာရှိ မောင်မောင် ဆိုသူက ကန့်ကွက်မဲ (No Vote) များ အားလုံးကို ပိတ်ပင် ဖျောက်ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။ ပြည်သူလူထုက ပေးသော ကန့်ကွက်မဲများ ပါဝင်သည့် မဲပုံးများအားလုံးကို ဖျောက်ဖျက်ပစ်ပြီး အသင့် ပြင်ဆင်ထားပြီးသည့် ထောက်ခံမဲ (Yes Vote) ပါဝင်သော မဲပုံးများဖြင့် အစားထိုးပေးရန် အမိန့်ပေးခံခဲ့ရသည်။

သို့အတွက်ကြောင့် စိုးမင်းက သူ၏ အောက်လိုက်ငယ်သား အားလုံးကို ညွန်ကြား ထားသည့်အတိုင်း ဆောင်ရွက်ရန် အမိန့်ပေးသည်။ မြို့နယ်ဒေသ အဆင့်ရှိသော ကြံဖွံ့ အဖွဲ့ဝင်များနှင့် ဆက်သွယ်ကာ ထောက်ခံမဲများ ရရှိအောင် ကြိုးပမ်းရသည်။

အဆိုပါ ကြံ့ဖွံ့အဖွဲ့များက ပြည်သူလူထုအား ထောက်ခံမဲ ပေးကြရန် ခြိမ်းခြောက် ပြောဆို ခဲ့ကြသည်ဟု ဆိုသည်။ ဤသို့ ခြိမ်းခြောက်မှုများ၊ အကွက်ဆင်မှုများ မည်သို့ပင် ပြုလုပ်ခဲ့သော်လည်း မဲများ ရေတွက်သည့်အခါ ကန့်ကွက်မဲက ၅၀ ရာခိုင်နှုန်းအထိ ရှိနေသည်ကို တွေ့ရကြောင်း စိုးမင်းက ပြောပြသည်။

"ဒါပေမဲ့ အဲဒီ ကန့်ကွက်မဲတွေ အားလုံးကို ဖျက်ဆီးပစ်လိုက်တယ်" ဟု ၎င်းကဆိုသည်။ ကန့်ကွက်မဲများပါသည့် ပုံးများကို ရဲစခန်းတွင် ဦးစွာ သိမ်းဆည်းထားပြီးမှ ဖျက်ဆီး ပစ်ခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထို့နောက် ထောက်ခံမဲများ ပါဝင်သည့် မဲပုံး အတုအယောင်များဖြင့် အစားထိုးခဲ့ကြသည်။

ဖားအံမြို့နယ်မှ ရရှိသော ဆန္ဒမဲအားလုံး၏ ထက်ဝက်ကျော်ခန့်မှာ လိမ်ညာလှည့်ဖျား ထားမှုသာ ဖြစ်သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့ဝင် စိုးမင်းသည် အဆိုပါ နည်းလမ်းအတိုင်း လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟူသော အချက်ကို ထိုင်းနိုင်ငံသို့ မထွက်ပြေးမီကတည်းက သဘောပေါက် ရိပ်စားမိနေခဲ့သည်။

လက်ရှိ အနေအထားတွင် ရွေးကောက်ပွဲ၌ အစိုးရ (နအဖ) ကို ဖိအားပေး မဲပေးခိုင်းမည့် သူများအား လိုက်လံ စုစောင်းလျက် ရှိသည်။ စိုးမင်း ထုတ်ဖော်အသိပေးသော သတင်း အချက်အလက်များအရ ၂၀၀၈ လူထုဆန္ဒ ခံယူပွဲတွင် မြန်မာနိုင်ငံ အခြားဒေသများတွင်လည်း ထောက်ခံမဲများကို မိတ္တူများစွာ ကူးခဲ့ကြကြောင်း သိရသည်။

ယခု ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထုကပေးမည့်မဲများကို အဆိုပါ နည်းလမ်းဖြင့် အကွက်ချ လိမ်လည်ဦးမည်ဟု ဆိုသည်။ ဤသို့သော အနေအထားတွင် မဲပေးမည့် သူအဖြစ် လည်းကောင်း၊ ရွေးကောက် တင်မြှောက်ခံမည့် သူအဖြစ် လည်းကောင်း ရွေးကောက်ပွဲသို့ ပူးပေါင်းကြမည့် ကိစ္စမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု စိုးမင်းကပြောသည်။

ဒီမိုကရေစီရေးအတွက် အမှန်တကယ် ဝင်ရောက် ရွေးချယ်ခံမည့် မည်သူမဆို ဖယ်ကျဉ် နှိပ်ကွပ်မှု မလွဲမသွေ ခံရမည်သာပင်။ နအဖ အစိုးရနှင့် ပူးပေါင်းကာ အဂတိ လိုက်စားလိုသော၊ နအဖ ထဲသို့ ဝင်ရောက်လိုသော ပုဂ္ဂိုလ်များသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည် ဖြစ်သည်။

မိမိတို့ပေးသော မဲများကို အမှန်တကယ် ရေတွက်ပေးမည်ဟု ရိုးအစွာ ယုံကြည်နေကြသူများ၊ ဒီမိုကရေစီ လိုလားသော ပုဂ္ဂိုလ်များကို ရွေးချယ်မဲပေးရန် ဆန္ဒပြင်းပြသူများ အနေဖြင့် အလေးအနက် စဉ်းစားရန် လိုအပ်နေပါသည်။

မိမိတို့က ဒီမိုကရေစီ လိုလားသူများကို မဲပေးသည်မှာ မှန်သော်လည်း နောက်ဆုံးတွင် နအဖအစိုးရ အကြိုက်ဆောင်မည့်သူကို မဲပေးလိုက်ရသည့် အဖြစ်မျိုးဖြင့် ကြုံတွေ့ရမည်ဖြစ်သည်။ ယခုလို အနေအထားမျိုးကို ကြည့်လျှင် NLD ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် လုပ်ကိုင် ဆောင်ရွက်မည့် ကိစ္စအားလုံး အတုအယောင်များသာ မလွဲမသွေ ဖြစ်နေပါလိမ့်မည်။

Jegsburma.Blogspot ဝက်ဆိုက်မှ သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲ ဝင်ရောက်ရန် ကော်မရှင်သို့ မှတ်ပုံတင်မည့် ကိစ္စကို ပယ်ချရန် ပါတီ၏ လူငယ် ခေါင်းဆောင်များက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း မတ်လ ၂၆ ရက်နေ့ NLD ဌာနချုပ်တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် NLD လူငယ်တစ်ဦးက ပြောကြားလိုက်သည်။

"ဒီနေ့ ကျွန်တော်တို့ အားလုံး ရွေးကောက်ပွဲ ဝင်ရေးအတွက် မှတ်ပုံ မတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို ဒီနေ့ အစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တတွေ တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ကြတာပါ" ဟု မကွေးတိုင်း NLD လူငယ်ခေါင်းဆောင် ကိုနေမျိုးကျော်က ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော NLD လူငယ်ခေါင်းဆောင် ၅၁ ဦးစလုံးက ပြည်သူလူထုနဲ့ လက်တွဲပြီး ဒီမိုကရေစီအတွက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ကြိုးပမ်းသွားကြမည်ဟု သဘော တူညီခဲ့ကြသည်။

"တကယ်လို့ ပါတီက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တယ် ဆိုရင်တောင်မှ အဲဒါကို ဆန့်ကျင် ကန့်ကွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးသားပါ" ဟု ရန်ကုန်တိုင်း NLD လူငယ်ခေါင်းဆောင် ကိုမျိုးမင်းစိုးက ပြောသည်။ အကယ်၍ NLD က ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်မည် ဆိုပါက လူငယ်ခေါင်းဆောင်များ အနေဖြင့် အခြားသော နည်းလမ်းဖြင့်
၎င်းတို့၏ နိုင်ငံရေး ပန်းတိုင်ကို အရောက်သွားမည်ဟု ၎င်းက ပြောသည်။ သို့သော် မည်သည့် ပုံစံမျိုးဖြင့် လှုပ်ရှားမည် ဟူသည်ကို အသေးစိတ် ပြောဆိုခြင်း မရှိပေ။

NLD လူငယ်များ အနေဖြင့် ၂၀၀၉ ခုနှစ်က ထွက်ပေါ်ခဲ့သော ပါတီ၏ ရွှေဂုံတိုင် ကြေညာချက် အတိုင်း ကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရွှေဂုံတိုင် ကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရေး ပါဝင်သည်။

NLD လူငယ်များက ဒေါ်စုကြည်နှင့် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ ထို့ပြင် လူငယ်များက ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးခင် ကာလအထိ ၎င်းတို့ကို ဦးဆောင်ရန် ပြောဆိုခဲ့ကြသည်။ ဆွေးနွေးပွဲတွင် NLD ဗဟိုကော်မတီ အဖွဲ့ဝင်များ အနေဖြင့် လူငယ်များထဲမှ ကိုယ်စားလှယ်များကို ရွေးချယ်ကာ ပါတီ၏ အရေးပါသော ဆုံးဖြတ်ချက်များ ပြုလုပ်သည့် အဖွဲ့တွင် ပါဝင်ခွင့် ပေးရန်လည်း အဆိုပြုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် NLD ပါတီမှ လူငယ်အဖွဲ့ဝင် ၁၀၀ ခန့် နုတ်ထွက်သွားကြသည်။ အကြောင်းမှာ ၎င်းတို့ အနေဖြင့် ပါတီ၏ အရေးပါသော ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် ပါဝင်ခွင့် မရရှိသောကြောင့်ဟု ဆိုသည်။ ထိုစဉ်က ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက လူငယ် အကြံပေး ပုဂ္ဂိုလ်ခြောက်ဦး ခန့်အပ်ကြောင်းနှင့် အခြားသော အဖွဲ့ဝင် ၁၀ ဦးကို လူငယ် လှုပ်ရှားမှုများအား ဦးဆောင်စေမည့် အစီအစဉ် သတ်မှတ် ပြဋ္ဌာန်းကြောင်း ကြေညာခဲ့ပြီးနောက် NLD လူငယ် အမြောက်အမြား နုတ်ထွက် သွားကြခြင်း ဖြစ်သည်။

NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြန်မာ တစ်ပြည်လုံးမှ ပါတီခေါင်းဆောင် ၁၀၀ ခန့်သည် လာမည့် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင် ဌာနချုပ်၌ တွေ့ဆုံ ဆွေးနွေးပြီး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို အပြီးသတ် ဆုံးဖြတ်ကြမည် ဖြစ်သည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ မိမိအနေဖြင့် NLD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည့် ကိစ္စကို ဆန့်ကျင်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ သို့သော် အဆိုပါ ကိစ္စအား ပါတီ၏ ဆန္ဒအတိုင်း လုပ်ကိုင် သွားစေလိုသည်ဟုလည်း ဆိုပြန်သည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

မြန်မာနိုင်ငံ၊ မြို့တော်သစ် နေပြည်တော်တွင် ကျင်းပမည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် မြန်မာစစ်အစိုးရက CNN သတင်းဌာန၏ အာရှပစိဖိတ် ဒေသဆိုင်ရာ သတင်းထောက် Dan Rivers ကို တရားဝင် ဖိတ်ကြားခဲ့သော်လည်း နောက်ဆုံးတွင် အခမ်းအနားသို့ တက်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။

သတင်းထောက် Dan Rivers သည် တပ်မတော်နေ့ မတိုင်မီ မတ်လ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်မြို့သို့ ဂျာနယ်လစ် ဗီဇာဖြင့် ရောက်ရှိလာခဲ့သည်။

"ကျွန်တော် အင်မတန် အံ့အားသင့်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခေါက် မြန်မာပြည်ကို လာတုန်းက ကျွန်တော့်ကို ပြည်နှင်ဒဏ် ပေးခဲ့ကြလို့ပါ။ အခုလည်း သူတို့ပဲ ဝင်ခွင့်ပေးပြန်တယ်" ဟု မစ္စတာ Dan Rivers က ပြောသည်။ မစ္စတာ Rivers သည် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသတင်းကို ရယူရန် ခရီးသွား (တိုးရစ်) ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ရောက်လာခဲ့ဖူးသည်။

ထိုစဉ်က မြန်မာ စစ်အစိုးရသည် နာဂစ်ဆိုင်ကလုန်း ကယ်ဆယ်ရေးဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို ဗီဇာ ထုတ်ပေးခြင်း မပြုခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရသည်။ နိုင်ငံခြား သတင်းစာဆရာများကို ဗီဇာထုတ်ပေးလေ့ မရှိသည်မှာ စစ်အစိုး၏ ထုံးစံပင်ဖြစ်သည်။ ပြည်တွင်း သတင်းစာဆရာ များကိုသာ အခါအားလျော်စွာ တရားဝင် ဖိတ်ကြားပြီး သတင်းရယူခွင့် ပေးလေ့ ရှိသည်။ သို့သော် ယင်းသို့ ခွင့်ပြုသည်မှာလည်း စစ်အစိုးရက နိုင်ငံရေးအရ သတင်း ထုတ်ပြန်လိုသော အခါမျိုးတွင်သာ ဖြစ်သည်။

CNN သတင်းထောက် Dan Rivers ကို ပထမပိုင်းတွင် စစ်အစိုးရက ၆၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက် သတင်း ရယူနိုင်ရန် ဂျာနယ်လစ်ဗီဇာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အခမ်းအနား မတိုင်မီမှာပင် ၎င်းအား အကြောင်းပြချက် တစ်စုံတရာ မပေးဘဲ ရန်ကုန်မြို့သို့ အစောင့်အရှောက်များဖြင့် ပြန်ပို့လိုက်သည်ဟု ဆိုသည်။

"အထူးထောက်လှမ်းရေး ပုဂ္ဂိုလ် တစ်ယောက်က သူ့ကို တပ်မတော်နေ့ အခမ်းအနား တက်ရောက်ခွင့် မပြုနိုင်ဘူးလို့ လာပြောတယ်။ ပြီးတော့ လေဆိပ်ကို ခေါ်သွားတယ်" ဟု မျက်မြင် သက်သေတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်သည်။ ယခုနှစ်တွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကတိပေး ပြောဆိုခဲ့သည်။ သို့သော် လူအနည်းငယ်ခန့်ကသာ အဆိုပါ ရွေးကောက်ပွဲ တရားမျှတမှု ရှိလိမ့်မည်ဟု ဟောကိန်းထုတ်ကြသည်။

Monster Sand Critics မှသတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

စစ်အစိုးရအနေဖြင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးပြီး လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် အမေရိကန်နှင့် သြစတြေးလျတို့က ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ရာ၌ တရုတ်နိုင်ငံလည်း ပူးပေါင်း ပါဝင်လာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

"မြန်မာ နိုင်ငံရေး လောကထဲက Stakeholder တွေ အားလုံး လာမယ့် ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရအောင် မြန်မာအစိုးရက မဖြစ်မနေ လုပ်ဆောင်ပေးရပါမယ်" ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။ "နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးရပါမယ်" ဟုလည်း ဆက်လက် ပြောသည်။

မတ်လ ၂၆ နေ့က ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဦးစီးပြီး မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ဟူသော ခေါင်းစဉ်ဖြင့် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် လက်ရှိ မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေကို ပြန်လည် စိစစ် သုံးသပ်ရန် တိုက်တွန်း ပြောဆိုခဲ့ကြသည်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရရှိအောင် အဆိုပါ ဥပဒေက ပိတ်ပင် တားမြစ် ထားသောကြောင့် ယင်းသို့ တိုက်တွန်းကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့ ဆွေးနွေးပွဲတွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

ယင်းမိတ်ဆွေများ အုပ်စုသည် မြန်မာစစ်အစိုးရ၏ လုပ်ကိုင်မှုများအပေါ် လွန်စွာ စိတ်ပျက် အားလျော့လျက် ရှိသည်ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။ စစ်အစိုးရက ဒီမိုကရေစီ ရွေးကောက်ပွဲကို အကောင်အထည် ဖော်ရာတွင် တိုးတက်ဖြစ်ထွန်းမှုများ လျော့နည်းနေကြောင်း၊ နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရမည့် ဖြစ်စဉ်မျိုးကို အကောင်အထည် ဖော်ပေးခြင်း မရှိသည်ကို တွေ့ရကြောင်း မစ္စတာ ဘန်ကီမွန်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နောက်ထပ် ဖိအားပေးမှု တစ်ရပ်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ ဗြိတိန် သံတမန် Sir mark Lyall Grant က အကယ်၍ မြန်မာစစ် အစိုးရ၏ လူသားချင်း စာနာထောက်ထားမှု မရှိသော စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် အမှုဖွင့်ကာ စုံစမ်းစစ်ဆေး ဖော်ထုတ်မည် ဆိုပါက မိမိတို့က ကျောထောက်နောက်ခံ ပေးမည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု ထုတ်ဖော်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူးသံတမန်၏ ပြောဆိုချက်များကို ဗြိတိန်နိုင်ငံက ထောက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် မြန်မာ စစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်မည့် ကိစ္စအပေါ် လုံခြုံရေး ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ငါးနိုင်ငံစလုံးက တညီတညွတ်တည်း ထောက်ခံမှု မရှိကြောင်း Lyall Grant က ပြောဆိုသည်။

မြန်မာစစ်အစိုးရက မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့် မရရှိ အောင် ကန့်သတ် ပိတ်ပင်ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ယင်းသို့ ဒေါ်စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်အား ရွေးကောက်ပွဲမှ ဖယ်ကျဉ်လိုက်မှုကြောင့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားအနေဖြင့် စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းရေး မူဝါဒကို ပြန်လည် ကျင့်သုံးလာနိုင်သည်။

ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီများ အားလုံးအနေဖြင့် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတိုင်း လက်ခံ ကျင့်သုံးသွားမည်ဟု ဝန်ခံ ကတိပြုကြရမည် ဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မဲဆန္ဒ ၉၂ ရာခိုင်နှုန်းဖြင့် အတည်ပြု ရယူခဲ့ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ဆိုထားသည်။ သို့သော် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်၌က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိအောင် တားမြစ်ထားသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံတမန် Li Baodong က "အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့အရေးကိစ္စပါ၊ အဲဒါကို အသိအမှတ်ပြု သင့်ပါတယ်" ဟု သံတမန်ဆန်ဆန် ပြောဆိုသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် အပြုသဘော ဆောင်ပြီး သန့်ရှင်းကျန်းမာသော နိုင်ငံရေး ပတ်ဝန်းကျင်များ ထွက်ပေါ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက အကူအညီပေးရန် ကိစ္စမှာ လွန်စွာ အရေးကြီးကြောင်း ၎င်းက ဆိုသည်။

Sydney Morning Herald မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

အနောက်နိုင်ငံ အစိုးရများက မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကို ကုလသမဂ္ဂတွင် ပြစ်တင်ရှုတ်ချ ကန့်ကွက်ရန် ပြင်ဆင်နေချိန်တွင် အိန္ဒိယနိုင်ငံကမူ ဒုတိယဗိုလ်ချုပ်ကြီး သာအေးကို အရှေ့ပိုင်းဒေသရှိ ကိုလ်ကတ္တားမြို့တွင် လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုကာ လက်ခံ တွေ့ဆုံလိမ့်မည် ဖြစ်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး သာအေးသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ စစ်ဌာနချုပ်များသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို ကင်းလှည့် ရေယာဉ်သစ်များ ရောင်းချရန် ပြင်ဆင်နေကြောင်း Telegraph သတင်းစာက ရေးသားဖော်ပြသည်။

ခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး သာအေးနှင့် အိန္ဒိယအစိုးရတို့ နယ်စပ်ဒေသ တစ်လျှောက်ရှိ လက်နက်ကိုင် သူပုန်များကိစ္စကို ဆွေးနွေးကြမည်မှာ သေချာလှပါသည်။ အိန္ဒိယ အရှေ့မြောက်ပိုင်း မြန်မာနှင့် ထိစပ်နေသော ဒေသများသည် ခွဲထွက်ရေး သူပုန်များကြောင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ လက်နက်ကိုင် သူပုန်များက မြန်မာနိုင်ငံအတွင်း ဝင်ရောက် ခိုအောင်းရန်လည်း ကြိုးပမ်းလျက် ရှိသည်။ သို့အတွက်ကြောင့် အိန္ဒိယအစိုးရက သူပုန်များကို ခြေမှုန်းရာတွင် မြန်မာ နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် ပူးတွဲစစ်ဆင်ရေး လုပ်နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေလျက် ရှိသည်။ စစ်ရေး လေ့လာသုံးသပ်သူများ အဆိုအရ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နေသည်မှာ နှစ်ကာလ အတော်ပင် ကြာနေပြီဟု ယုံကြည်ရသည်။

စိုးရိမ်စရာ ရှိနေသည့်ကိစ္စမှာ ညီညွတ်သော အာသံပြည် လွတ်မြောက်ရေးတပ်ဦး (ULFA) ပင် ဖြစ်သည်။  ဖမ်းဆီးခံရသော ULFA မှ တပ်သားများအဆိုအရ ၎င်းတို့အဖွဲ့သည် ကချင် လွတ်လပ်ရေးတပ် (KIO) နှင့် အချိတ်အဆက်ရှိကာ မြန်မာနိုင်ငံတွင်း ခြေကုပ်ယူ လှုပ်ရှားလျက် ရှိကြောင်း သိရပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး သာအေးသည် အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ပါဝင်သည်။ သို့သော် ၎င်းသည် လက်ရှိအနေအထားတွင် အထူးစစ်ဆင်ရေး ဗျူရို နံပါတ်-၁ ၏ အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်း ဒေသ စစ်မြေပြင် တပ်မှူးအဖြစ် တာဝန်ယူထားသူဖြစ်ရာ အိန္ဒိယအစိုးရအတွက် အရေးပါသူတစ်ဦး ဖြစ်နေပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး သာအေးသည် ၂၀၀၈ ခုနှစ်တွင် ယခုရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ယခင်က စစ်ကိုင်းတိုင်း အနောက်ပိုင်း စစ်ဒေသမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုအခါတွင်မူ ၎င်းသည် စစ်ကိုင်းတိုင်း အပါအဝင် အိန္ဒိယခွဲထွက်ရေး သူပုန်များ ခိုအောင်းနေသည် ဟု ယုံကြည်ရသော ဒေသကြီးတစ်ခုလုံးကို ကွပ်ကဲလျက် ရှိသည်။ ဒုတိယဗိုလ်ချုပ်ကြီး သာအေးသည် ဧပြီလဆန်းပိုင်းတွင် အိန္ဒိယစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Bikram Singh နှင့် တွေ့ဆုံမည် ဖြစ်သည်။ Bikarm Singh သည် ယခုနှစ်ကုန်ပိုင်းတွင် အိန္ဒိယအရှေ့ပိုင်း စစ်ဒေသမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် သူဖြစ်သည်။

ယခု ရေတပ်ကင်းလှည့် သင်္ဘောအရောင်းအဝယ် ကိစ္စမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရပါသည်။ အိန္ဒိယနိုင်ငံသည် ၁၉၉၀ ပြည့်နှစ် ဝန်းကျင် ကတည်းကစပြီး အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေး မျိုး ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလာသူ ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို အဆက်မပြတ် ထောက်ခံခဲ့သည့် တိုင် အိန္ဒိယအစိုးရက အဆိုပါ နှစ်လောက်တွင် ၎င်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို လုံးလုံးလျားလျားကြီး ပြောင်းလဲ ပစ်လိုက်ခြင်း ဖြစ်သည်။

အိန္ဒိယသည် မြန်မာစစ်အစိုးရနှင့် စစ်ရေးသာမက စီးပွားရေးတွင်လည်း အပေးအယူရှိသည်။ လက်ရှိ ကာလအတွင်း အိန္ဒိယက Tata ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက်ပြီး ထရပ်ကား စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေသည်။

စစ်ရေး လေ့ကျင့်မှုများကိုလည်း မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ သဘာဝရင်းမြစ်များ ပေါကြွယ်ဝရာ ဘင်္ဂလား ပင်လယ်အော်အတွင်း အိန္ဒိယနိုင်ငံပိုင် ရေနံတူးဖော်ရေး ကုမ္ပဏီများ လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။

India looks east, prepares to arm junta navy ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

မြန်မာစစ်အစိုးရအား ဆူဒန်အစိုးရကဲ့သို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုရန် တောင်းဆိုမှုများအား ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mark Lyall Grant က မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံချက် လိုအပ်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Inner City Press မီဒီယာက ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Li Baodong အား မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေကိစ္စကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည့် ကိစ္စအပေါ် တရုတ်နိုင်ငံက မည်သို့ ထင်မြင်သည်ကို မေးမြန်းရာတွင် ၎င်းက "နိုင်ငံတစ်ခုမှာ အထွေထွေ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာဟာ အချုပ်အခြာပိုင် နိုင်ငံတွေရဲ့ အရေးကိစ္စ တစ်ခုပါ၊ အဲဒါကို လေးစား အသိအမှတ် ပြုသင့်ပါတယ်" ဟု ပြောဆိုသည်။

အဆိုပါမူဝါဒကို ယခုအခါ မြန်မာနိုင်ငံတွင်လည်း ကျင့်သုံးပြီ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဗြိတိန် သံအမတ်ကြီး Lyall Grant အား မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်၏ ရပ်တည်ချက်ကို Inner City Press က မေးမြန်းရာတွင် ၎င်းက "ကျွန်တော်တို့ကတော့ သဘောမတူပါဘူး" ဟုဆိုပြီး မြန်မာနိုင်ငံ အရေးကိစ္စသည် လုံခြုံရေးကောင်စီ၏ အာဂျင်ဒါတွင် ရှိကြောင်း၊ မြန်မာ့အရေးသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိကြောင်း ပြောဆိုသည်။

ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းကို Inner City Press ကပင် မေးမြန်းကြည့်သည်။ မြန်မာ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသဖြင့် အမျိုးသား ဒီမိုကရေစီပါတီ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှု မလုပ်သင့်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုချက်နှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်း၏ သဘောထားကို မေးမြန်းကြည့်ခြင်း ဖြစ်သည်။

"ဒီမေးခွန်းကို မနက်ဖြန် နေ့လယ်ရောက်မှဖြေပါရစေ "ဟု မစ္စတာဘန်က ဆိုသည်။ မစ္စတာဘန်ကီမွန်း ချိန်းဆိုသော နောက်တစ်နေ့တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘန်ကီမွန်း၏ မိတ်ဆွေများ တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ဘန်ကီမွန်း၏ အရာရှိချုပ် ဗီဂျေနမ်ဘီးယားလည်း တက်ရောက် ပြောဆိုမည် ဖြစ်သည်။

သို့အတွက်ကြောင့် Inner City Press က ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူကို မေးခွန်းတစ်ခု မေးသည်။ ယခင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဂမ်ဘာရီနေရာ တွင် ဗီဂျေနမ်ဘီးယားကို အစားထိုးခန့်အပ်မည့် ကိစ္စကို အတည်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းသည်။ မစ္စတာ နမ်ဘီးယားကို မြန်မာနံပါတ်-၁ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငြင်းပယ်ထားသည် ဟူသော ကိစ္စကိုလည်း အတည်ပြုရန် မေးမြန်းသည်။

"ဒါဟာ ကျွန်တော်ပထမဆုံး ကြားဖူးတာပဲ"ဟု ပြောရေးဆိုခွင့် ရှိသူက ပြန်လည်တုံ့ပြန်သည်။ မြန်မာနှင့် ကုလဆက်ဆံရေးနှင့် ပတ်သက်သော သတင်းပေးပို့ချက် တစ်ရပ်အရ မစ္စတာ နမ်ဘီးယားသည် မြန်မာနိုင်ငံသို့ မတ်လဆန်းပိုင်းတွင် တိတ်တဆိတ် သွားရောက်ခဲ့သည်ဟူ၏။

သို့အတွက်ကြောင့် မစ္စတာနမ်ဘီးယားကိစ္စကို ဗြိတိန်သံအမတ်ကြီး Lyall Grant ကို မေးမြန်း ကြည့်သည်။ Inner City Press သို့ ဖြေကြားရာတွင် မစ္စတာနမ်ဘီးယားသည် ကြားဖြတ် တာဝန်ယူသူ တစ်ဦး သက်သက်သာ ဖြစ်ကြောင်း ပြောဆိုသည်။

Inner City Press မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.