Transparency Myanmar

transparency.myanmar@gmail.com

AFP, From The Peninsula, 3rd April 2010

အမေရိကန် ပြည်ထောင်စု အနေဖြင့် လာမည့် ရွေးကောက်ပွဲကိုသာ စိုးရိမ်ပူပန်မှုများ တိုးပွား မလာစေလိုဘဲ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို ကျယ်ပြန့်အောင် ဆောင်ရွက်ရာတွင်၊ လူဦးရေ အတော်များများကို လက်လှမ်းမီအောင် ကြိုးစားသင့်ကြောင်း၊ လေ့လာမှု တစ်ခုက ဆိုသည်။

နယးယောက် အခြေစိုက် Asia Society သည် ပြီးခဲ့သည့်နှစ်က သမ္မတ Obama အစိုးရ အဖွဲ့က မြန်မာအစိုးရနှင့် စတင် စကားပြောရန် ဆုံးဖြတ်ပြီး ကတည်းက အမေရိကန်ပါတီများမှ ခေါင်းဆောင်များ ပါဝင်သော လုပ်ငန်း အဖွဲ့တစ်ခု တည်ထောင်ပြီး ရှေ့ဆက်သွားမည့် လမ်းကြောင်း ရေးဆွဲရန် ပြုလုပ်ခဲ့သည်။

အဆိုပါ လေ့လာမှုသည် Obama ၏ ချဉ်းကပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သော်လည်း ရှေ့တွင် ကြုံတွေ့ရမည့် အခက်အခဲများ အတွက်မူ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ မြန်မာ အစိုးရသည် အမေရိကန် ပြည်ထောင်စုနှင့် စကားပြောခြင်း အားဖြင့် လာမည့် ရွေးကောက်ပွဲကို တရားဝင်အောင် လုပ်လိမ့်မည် ဟု သတိပေးထားသည်။

အဆိုပါ လုပ်ငန်း အဖွဲ့က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တိုးတက်မှုများကို အခြေခံ၍ အရေးယူ ပိတ်ဆို့ထားမှုများကို ပိုမို တင်းကြပ်အောင် သော်လည်းကောင်း၊ ဖယ်ရှားရန် လည်းကောင်း ပြုလုပ်နိုင်ကြောင်း၊ သို့သော် NGO များ၊ လယ်သမားများနှင့် လုပ်ငန်းငယ်လေးများ ကဲ့သို့သော သာမန် ပြည်သူများကို အကူအညီများ ပေးရန် ပေါင်းကူးတံတား လုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။

''ဒါကို ကျွန်တော်တို့ လုပ်ပေးနိုင်တယ်လေ။ မြန်မာ ပြည်သူတွေနဲ့ အလုပ်လုပ်နိုင်ပါတယ်'' ဟု ဒီမိုကရက် သမ္မတလောင်း အရွေးခံဖူးသူ လုပ်ငန်း အဖွဲ့တွဲဘက် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ် Wesley Clark က လုပ်ငန်း အဖွဲ့ အစီရင်ခံစာ အတွက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့ လုပ်လိုတာကတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ဦးတည်ချက် ချမှတ်ဖို့ပါပဲ။ ဘယ်လို ဦးတည်ချက်လဲ ဆိုတော့ မြန်မာ အစိုးရ ရှေ့ဆက်လှမ်းနိုင်မယ့် လမ်းဖြစ်ရမယ်။ ရှေ့ဆက်သွားရင်း အကျိုးရလဒ်တွေလည်း တွေ့မြင်နိုင်ရမယ် ဆိုတဲ့ လမ်းမျိုးပေါ့'' ဟု Clark က ပြောသည်။

နောက်ထပ် တွဲဖက် ဥက္ကဋ္ဌ တစ်ဦးမှာ ရီပတ်ပလစ်ကင် သမ္မတ George W Bush လက်အောက်မှ နိုင်ငံခြား အကူအညီ ပေးရေး ဒါရိုက်တာ ဖြစ်ခဲ့သူ Henrietta Fore ဖြစ်သည်။ အဆိုပါ လုပ်ငန်း အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် လူတိုင်းအား ငွေကြေး အကူအညီများ ပေးနေသော ဘီလျံနာ George Soros နှင့် နိုဗယ်ဆုရှင် စီးပွားရေး ပညာရှင် Amartya Sen တို့လည်း ပါဝင်သည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်ပြီးသည်။ ၁၉၉၀ ခုနှစ်က NLD သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပေးခြင်း မခံရရုံမက၊ ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကာလ အတော်များများ အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ ယခု အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် ပါဝင်ခွင့် မရအောင် ပြုလုပ်ထားသည်ဟု တစ်ကမ္ဘာလုံးက ဝေဖန်မှုများနှင့် အတူ NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Myint Maung, 2nd April 2010

ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြည်သူများနှင့် ပိုမို ထိတွေ့ ဆက်ဆံရေး အတွက် နည်းလမ်းများ ရှာဖွေသွားမည် ဖြစ်ပြီး ပါတီ၏ အနာဂတ် လုပ်ငန်းစဉ်များတွင် လူမှုရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

''ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဆက်လုပ်သွားမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာ ပြည်သူတွေ အတွက် အလုပ်လုပ်သွားပါမယ်။ ပြည်သူတွေ အကျိုးပြုမယ့် လုပ်ငန်းတွေနဲ့ အတူ အလုပ်အကျွေးပြုသွားပါမယ်'' ဟု NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမသို့ ပြောလိုက်သည်။

ဥပမာအားဖြင့် NLD သည် HIV နှင့် AIDS ဝေဒနာရှင်များအတွက် အလုပ်လုပ်ပေးမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့ ကူညီပေးသွားမည် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) သည် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ အစည်းအဝေး ပြုလုပ်ခဲ့ရာ NLD ပါတီ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အခြား မဟာမိတ်များနှင့် အတူ လူမှုရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

အစိုးရ၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်သော အားဖြင့် NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် မှတ်ပုံတင်ရန် နောက်ဆုံးရက် ကျော်လွန်သွားပါက NLD သည် တရားဝင် ပါတီ အဖြစ်မှ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံရေး ရုပ်ပုံကားချပ်မှ ၎င်း၏ ကံကြမ္မာ မည်သို့ မည်ပုံ ရှိလာမည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

''ကျွန်တော်တို့ဟာ NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ အနာဂတ်မှာ တိုင်းရင်းသား နိုင်ငံရေး ပါတီများနဲ့ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်'' ဟု CRPP မှ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

CRPP အစည်းအဝေးသို့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ် အမှုဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ဦးအေးသာအောင်၊ ဦး PuCing Tsian Thang၊ ဦး Thaug Ko Thaug နှင့် အခြား CRPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

''ကျွန်တော်တို့ အားလုံးက NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လေးစားပါတယ်။ ပါတီ အတွက် ဂုဏ်ယူပါတယ်။ NLD နဲ့ CRPP ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်'' ဟု ဦးအေးသာအောင် က ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ပါတီ ဖျက်သိမ်းခံရသော်လည်း နိုင်ငံရေး ပါတီအဖြစ် ဆက်လက် လည်ပတ် ရပ်တည်ရေး အတွက် အမြင်ချင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.people.com, 2nd April 2010

မြန်မာ အစိုးရသည် နိုင်ငံ၏ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်ရှိ ဒေသ ၂ ခု တွင် အစိုးရတပ် သြဇာခံ နယ်ခြားစောင့်တပ်များ ထပ်မံ ဖွဲ့စည်းခဲ့သည်ဟု နိုင်ငံပိုင် နေ့စဉ် သတင်းစာများတွင် သောကြာနေ့က ဖော်ပြခဲ့သည်။

တပ်ဖွဲ့များ ဖွဲ့စည်းခဲ့သော နယ်မြေ ၂ ခုမှာ မိုင်းတုန် မြို့နယ်မှ ပုံပါကျင်နှင့် မိုင်းယောင်း မြို့နယ်မှ မိုင်းယု တို့ ဖြစ်သည်ဟု New Light of Myanmar က သတင်း ထုတ်ပြန်သည်။

အဆိုပါ သတင်းတွင် နယ်ခြားစောင့်တပ်၏ ယခင် ခေါင်းဆောင်ပိုင်းကို အသေးစိတ် ဖော်ပြခြင်း မရှိပါ။

၁၉၈၈ နောက်ပိုင်း မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ အနက်မှ ၁၉၈၉ တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAF) အခြေစိုက်ရာ မိုင်းလားဒေသ (သို့) အထူးဒေသ ၄ နယ်မြေထဲတွင် အထက်ပါ ရှမ်း အရှေ့ နယ်မြေ ပါဝင်နေသည်။

လာမည့် ပါတီစုံ ရွေးကောက်ပွဲ အတွက် အခြေပြု စရာ ရွေးကောက်ပွဲ ဥပဒေကို ယခင်လက ကြေညာခဲ့ပြီး နောက် အစိုးရက အဆိုပါ နယ်မြေ ၂ ခုတွင် နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခု ဖွဲ့စည်းမှု မတိုင်မီ ယခင်နှစ်ကုန်ပိုင်း ကလည်း တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့များမှာ ကချင် အထူးဒေသ (၁) မှ ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယား အထူးဒေသ (၂) မှ ကရင်နီ အမျိုးသား ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) နှင့် ရှမ်းမြောက် အထူးဒေသ (၁) မှ ကိုးကန့် တပ်ဖွဲ့တို့ ဖြစ်သည်။

ဆခုန်တိန့်ယိမ်း ဦးဆောင်သည့် NDA-K သည် ၁၉၈၉ ဒီဇင်ဘာလတွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲ ခဲ့ပြီး KNPLF က ၁၉၉၄ မေလ၊ ကိုးကန့်တပ်ဖွဲ့က ၁၉၈၉ မတ်လတွင် အသီးသီး အပစ်အခတ် ရပ်စဲခဲ့သည်။ ထိုစဉ်ကပင် ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ကိုင် ဆောင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားခဲ့သည်။

၂၀၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သော ဒီမိုကရေစီ လမ်းပြမြေပုံမှ အဆင့် ၅ အရ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံ ဥပဒေ အခြေခံ၍ ယခုနှစ်ကုန်တွင် ကျင်းပမည် ဖြစ်ပြီး အသစ်ဖွဲ့စည်းမည့် အရပ်ဖက် အစိုးရထံ အာဏာ လွှဲပြောင်းပေးမည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.telegraphindia.com, 1st April 2010

လက်ရှိ အချိန်အခါတွင် အာဏာရှင် ကိုလူဆိုးတို့သည် ဒီမိုကရေစီ ရှိုးပွဲများကို လိုလိုလားလား ကျင်းပရန် စီစဉ်လျက် ရှိသည်။ စစ်ဖက် အစိုးရ၏ အဆင့် ၇ ဆင့် လမ်းပြမြေပုံကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံတွင် နောက်ဆုံး လမ်းလွဲသူ အဖြစ်သို့ ရောက်တော့မည် ဖြစ်သည်။ နိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် သူမ ဆုံးဖြတ်ခဲ့ခြင်း အပေါ် အံ့အားသင့်သူ အနည်းငယ်သာ ရှိပါလိမ့်မည်။

စစ်ဖက် အစိုးရ၏ အစီအစဉ်များ အဆင်ပြေ ချောမွေ့စေရန် ဟန်ပြ လှည့်စားထားသော အခြေခံ ဥပဒေသစ် နှင့် ရွေးကောက်ပွဲ ဥပဒေ ၂ ခု စလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို အခြား ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်အောင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ လိမ်လည်ထားသည့် ၂၀၀၈ ဆန္ဒခံယူပွဲမှ မွေးဖွားပေးခဲ့သော အခြေခံ ဥပဒေသည် စစ်အုပ်ချုပ်ရေး တရားဝင်အောင် ပြုလုပ်မည့် ကိရိယာ တစ်ခု ဖြစ်သည်မှာ ထင်ရှားလှသည်။ ထိုဥပဒေ အရ လွှတ်တော်နေရာ ၂၅% ကို စစ်တပ် အတွက် ဖယ်ထားသလို တပ်မတော် အကြီးအကဲကိုလည်း ရွေးကောက်ခံ အစိုးရထက် တန်ခိုးအာဏာ ကြီးအောင် ပြုလုပ်ပေးထားသည်။

ထို့အပြင် အစိုးရကို ဆန့်ကျင် ဝေဖန်သူများ အားလုံး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မပါဝင်နိုင်အောင် ဥပဒေဖြင့် လက်တွေ့ကျကျ ဖယ်ရှားထားသည်။ ထောင်ဒဏ် ကျခံနေရသူ (သို့) ပြစ်ဒဏ် ကျခံနေရသူ မည်သူမဆို ရွေးကောက်ပွဲ မဝင်နိုင်အောင် အစိုးရက တားဆီးထားသည်။ ဤအချက်မှာ ထောင်ထဲတွင် ထိန်းသိမ်းခံနေရသော နိုင်ငံရေး သမား ၂ ထောင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လုပ်ငန်းစဉ်မှ ဖယ်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

ဤမျှ မကသေးပါ။ ဘာသာရေး အသင်း အဖွဲ့ဝင်များကို တားဆီး ပိတ်ပင်ထားသည့် အချက်ကလည်း စစ်အစိုးရ၏ ဒဏ်ကို ဆိုးဝါးစွာ ခံခဲ့ရသော သားကောင်များ ဖြစ်သလို၊ ထင်ရှားသည့် အစိုးရ ဆန့်ကျင် ဝေဖန်သူများထဲတွင် ပါဝင်နေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဘေးဖယ်ထားရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ အထက်ပါ ဥပဒေများသည် ရွေးကောက်ပွဲများ၏ တရားမျှတမှုများကို မကျင်းပမီကပင် ဓားပြတိုက် ယူသွားခဲ့ပြီဟု ဆိုနိုင်သည်။

မည်သို့ပင် ဖြစ်စေ ဒီမိုကရေစီ လှုပ်ရှားသူ အချို့နှင့် NLD အတွင်းမှ အနည်းအကျဉ်းခန့်က ပါတီ၏ ဆုံးဖြတ်ချက်သည် မှားယွင်းသော လုပ်ဆောင်မှု ဖြစ်သည်ဟု ဆိုပါက အံ့သြကြလိမ့်မည် ဖြစ်သည်။ NLD ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့်မှ ရပ်ဆိုင်းခြင်း ခံရပါလိမ့်မည်။ NLD ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူများက မြန်မာနိုင်ငံတွင် ကာလရှည်ကြာ နှောင့်နှေးနေခဲ့သော ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးတွင် ပါဝင် လုပ်ဆောင်နိုင်မည့် ယခု အခွင့်အရေးကို လက်လွှတ်မခံသင့်ဟု စောဒက တက်လျက် ရှိသည်။

ယခု ကာလတွင် ၁၉၉၀ နောက်ပိုင်း တိုင်းပြည်၌ ပထဆုံး အကြိမ် ဖြစ်သော ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လွှတ်တော် ရှိခဲ့သော နောက်ဆုံးကာလမှာ ၁၉၆၂ ခုနှစ်က ဖြစ်သည်။

ဒီမိုကရေစီ အနည်းငယ် ရခြင်းသည် ဘာမှ မရတာထက် ပို၍ကောင်းပါသည်ဟု အချို့သူများက အငြင်းပွားနေသည်။ ဤသို့ အကောင်းမြင်မှုသည် မျှော်လင့်ချက် ကုန်ခမ်းမှုမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပြီး ကာလရှည်ကြာ ရက်စက်ခဲ့သော စစ် အစိုးရ အဆုံးသတ်သွားသည်ကို မြင်လိုကြခြင်းလည်း ဖြစ်သည်။

သို့ရာတွင် အကယ်၍ ရွေးကောက်ပွဲတွင် ပါဝင်ရန် NLD က ဆုံးဖြတ်ခဲ့ပါက စစ် အစိုးရထံ အညံ့ခံခြင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်မှုအား လက်ခံခြင်း ဟူ၍သာ အဓိပ္ပာယ် ထွက်ပါလိမ့်မည်။ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် စစ်အစိုးရက လုပ်ဆောင်ခြင်းကို လက်ခံရာ ရောက်သွားနိုင်ခြင်းပင် ဖြစ်သည်။

လွတ်လပ်သော ကမ္ဘာကြီးသည် စစ်အစိုး၏ ခြိမ်းခြောက်မှုကို ပြန်လည် စိန်ခေါ်ရမည် ဖြစ်ပြီး စစ်အစိုးရ၏ သရုပ်အမှန် ကို သိရှိနိုင်ရေး အတွက် လာမည့် ရွေးကောက်ပွဲများကို စောင့်ကြည့် ကြရပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 8th March 2010

          အမေရိကန် ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရအပေါ် ထိတွေ့ ဆက်ဆံရေး မူဝါဒ အပြောင်းအလဲတွင် ရှေ့ဆုံးက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၀၃ ခုနှစ်ကတည်းက တွေ့ဆုံခဲ့သော လက်တဆုပ်စာ သံတမန် ဦးရေတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

          ၎င်းသည် DVB သို့ အမေရိကန်တို့ မူဝါဒ ပြောင်းရန် ကြေညာပြီးကတည်းက မြန်မာအစိုးရ၏ တိုးတက်မှု မရှိပုံများအတွက် ဝါရှင်တန်၏ စိတ်ကျေနပ်မှု မရရှိခြင်းအား ပြောကြားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော ပြောဆိုချက်များသည် တိုင်းပြည်အတွက် မျှော်လင့်ချက်များပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေး - ခင်ဗျားရဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက မြန်မာအစိုးရနဲ့ ဆက်ဆံရေး မှာ ဘာတိုးတက်မှုတွေ ရှိပါသလဲ။

Kurt Campbell - ပြီးခဲ့တဲ့ နိုဝင်ဘာလ ကျွန်တော်တို့ရဲ့ စူးစမ်း လေ့လာရေး ခရီးစဉ်မှာ တိုင်းပြည်တွင်းက နိုင်ငံရေး အဖွဲ့တွေ၊ စစ်တပ်က ပုဂ္ဂိုလ်တွေနဲ့ လူမှု အဖွဲ့အစည်းများက ပလေယာတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ အစိုးရကို ကျွန်တော်တို့ အကြံဥာဏ် အချို့ ပေးခဲ့ပါတယ်။ အဲဒါတွေကို ပလေယာ အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း ဒေသတွင်းက အဓိက ပလေယာတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း စကား ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် နောက်ထပ် လှမ်းမယ့် အနီးဆုံး ခြေလှမ်းအတွက် လုပ်ငန်းစဉ်တွေအကြောင်း ပြောခဲ့ပါတယ်။ မြန်မာ အစိုးရကိုလည်း ကျွန်တော်တို့ ပေးတဲ့ အကြံဥာဏ်များနဲ့ ပတ်သက်ပြီး ထင်မြင် ယူဆချက်တွေ ပေးဖို့ အခွင့်အရေး ပေးလိုပါတယ်။ ကျွန်တော်တို့ စိတ်ရှည် သည်းခံမှုကို ပြဖို့ လိုပါတယ်။ ဒါပေမယ့်လည်း နေပြည်တော်က အစိုးရ အနေနဲ့ ရှေ့ဆက်ရမယ့် ခရီးစဉ်မှာ လမ်းညွှန်မှုတွေ ပေးဖို့လည်း လိုတယ်ဆိုတာ အားလုံး သဘောပေါက်ပါတယ်။

မေး - နိုဝင်ဘာ ပြီးကတည်းက  မြန်မာအစိုးရ အနေနဲ့ ခင်ဗျားတို့ လိုချင်တဲ့ ဦးတည်ရာ လမ်းကြောင်း သွားနေပြီ ဆိုတဲ့ လက္ခဏာတွေ တွေ့ရလား။

K.C - အခုထိတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို စိတ်ပူ စေရမယ့် လက္ခဏာ အချို့ကိုတော့ တွေ့ရတယ်။ တိုင်းရင်းသား အဖွဲ့အချို့နဲ့ နယ်စပ်မှာ ဖြစ်ပေါ်တဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ကို စိုးရိမ်မှုတွေ ဖြစ်စေပါတယ်။ သူတို့ရဲ့ ဖမ်းဆီးမှုအချို့နဲ့ လှုပ်ရှားမှုတွေဟာ လာမယ့် ရွေးကောက်နဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု ဖန်တီးပေးရမယ့် လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် လားရာကို သွားနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကို သုံးသပ်ရမယ် ဆိုရင် အချို့ နေရာလေးတွေမှာ အသက်ကြီးတဲ့ နိုင်ငံရေးသမား အနည်းငယ် လွှတ်ပေးတာတို့ စတဲ့ တိုးတက်မှု အနည်းငယ်ပဲ ရှိတဲ့ နည်းတူ တစ်ချိန်တည်းမှာ ကျွန်တော်တို့ကို အမှန်တကယ် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ ခြေလှမ်း အချို့ကိုလည်း တွေ့နေရပါတယ်။

မေး - မြန်မာနဲ့ ဆက်ဆံရေး မပြုမီက ခင်ဗျား ပြောခဲ့တယ်။ ဒီလုပ်ငန်းစဉ်ဟာ ကြာမယ်။ နာကျင်မှုတွေ ရှိမယ်။ တစ်ဆင့်ချင်း သွားရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်ဆိုတာ။ အခု ခင်ဗျား ထင်ထားတာထက် ပိုကြာမယ့် လုပ်ငန်းစဉ် တစ်ခုလို့ရော မခံစားမိဘူးလား။

K.C - မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖြစ်လာနိုင်တာတွေကို ပြင်ဆင်ဖို့ အတွက်ပါ။ ကျွန်တော် ထင်တယ်။ အမေရိကန် ပြည်ထောင်စုအတွက် အဓိက ကတော့ ကျွန်တော်တို့ ပြောမယ်။ ကျွန်တော်တို့ မူအတိုင်းပဲ ပြောမယ်။ ကျွန်တော်တို့ တန်ဖိုးထားတာ။ မိတ်ဆွေတွေ အတွက် ပြောမယ်။ ဒီလုပ်ငန်းစဉ်မှာ စိတ်ရှည်တာကို ပြဖို့နဲ့ မဆုတ်မနစ် လုပ်နေဖို့ပဲ လိုပါတယ်။ တစ်ညထဲနဲ့ ပြောင်းသွားမယ့် အခြေအနေ မဟုတ်ပါဘူး။ အနောက်နိုင်ငံ မိတ်ဆွေများ အနေနဲ့ကတော့ မဟာဗျူဟာ ကျပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် အရင်ပြောခဲ့တဲ့ စကားအတိုင်း နာကျင်မယ်၊ ခက်ခဲမယ်၊ စိန်ခေါ်မှုတွေ ရှိမယ်။ ထင်တာထက် ပိုကြာနိုင်တယ်လို့ ပြောပါမယ်။

မေး - မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုတွေ တွေ့ရဖို့ ဘယ်လောက် စောင့်ရလိမ့်မယ်လို့ ခင်ဗျား ထင်သလဲ။

K.C - ကျွန်တော် မဖြေနိုင်ပါဘူး။ မသိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ဆက်ဆံရေးကနေ ရတဲ့ အကျိုးတွေကတော့ ရလဒ် အကောင်းအဆိုး အများကြီး ပြန်ရတတ်ပါတယ်။ တစ်ဖက်လူ ဘာတွေ စဉ်းစားတယ်ဆိုတာ သိအောင် ကြိုးစားနိုင်လာတဲ့ အကျိုးတွေ ရပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး သူဘာတွေ စဉ်းစားတယ်ဆိုတာ မှန်းဆရခက်တဲ့ အစိုးရမျိုးတွေနဲ့ အချိန် အကြာကြီး ဆက်ဆံခဲ့ရဖူးပါတယ်။ ကျွန်တော်တို့ နျူကလီယာ ပြန့်ပွားရေးနဲ့ ဆိုင်တဲ့ စိုးရိမ်ရတဲ့ သတင်း စကားတွေကို ပြောပြနိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး လိုဟာမျိုးတွေပေါ့။ နောက်ပြီး တိုင်းပြည်တွင်း သွားမယ့် လမ်းကြောင်း အတွက် ဆွေးနွေးဖို့ ပါတီတွေ အားလုံး မျက်နှာစုံညီ စုခေါ်ပြီး ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု အတွက် ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေကို ချပြနိုင်ခဲ့တယ်။ အမေရိကန်နဲ့ အပြန်အလှန် ဆက်ဆံရေးကနေ ရမယ့် အခွင့်အရေးကို အသုံး ချသင့်ပြီး၊ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ချပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် ခရီးမှာ ကျွန်တော်တို့ အချက်ပြမှုတွေ၊ လမ်းညွှန်မှုတွေ လိုအပ်ပါလိမ့်မယ်။

မေး - ရှေ့ဆက်ရမယ့် လမ်းကြောင်းဟာ အစိုးရရဲ့ အခုနှစ် လှုပ်ရှားမှုတွေပေါ်မှာ အရမ်း မူတည်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ အဲဒါကို အကျယ်ချဲ့ ပြောပေးပါဦး။

K.C - အသေးစိတ်တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာတစ်ခုက ပလေယာတွေ ကြားထဲမှာ ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်မယ့် ပတ်ဝန်းကျင် ဖန်တီးဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ အရှင်းဆုံး တစ်ခုက နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ကို စိုးရိမ် ပူပန်မှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်တို့ ယုံကြည်တာ တစ်ခုက အခု တိုင်းရင်းသား အဖွဲ့တွေနဲ့ သူတို့ကို ကိုယ်စားပြုသူတွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ အရေးကြီးတဲ့ ကဏ္ဍက ကပြကြရလိမ့်မယ် ဆိုတာပါပဲ။ အဲဒါအပြင် ဖော်ပြဖို့ လိုတဲ့ အရေးကိစ္စတွေ ရှိနေပါသေးတယ်။ စီးပွားရေး ကိစ္စတွေကအစ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ အဆုံး ကိစ္စရပ်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီပုံမှန် မဟုတ်တဲ့ ခရီးရှည်ကြီးမှာ အမှန်တရားကတော့ အခြေခံ အကျဆုံး ခြေလှမ်းက စကြရမှာ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မဆုတ်မနစ်သော လုံ့လနဲ့ အခြားနိုင်ငံများနဲ့ အုပ်စုဖွဲ့နိုင်မယ်ဆိုရင် ရှေ့ဆက်ရမယ့် မှန်ကန်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မယ် ဆိုတာပါပဲ။

မေး - အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံဖို့ စီစဉ်တော့ မြန်မာ အတိုက်အခံအဖွဲ့တွေ ကြားမှာ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ သူတို့ကို ဘာပြောလိုပါသလဲ။

K.C - ပထမဆုံး ပြောလိုတာက၊ အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒနဲ့ ကုလသမဂ္ဂနဲ့ အခြားမှာရှိတဲ့ အရေးကိစ္စတွေပေါ်မှာ ကျွန်တော်တို့မူနဲ့ ရပ်တည်ချက်တွေကို ပြန်ပြီး ညှိနှိုင်းတာ မလုပ်ပါဘူး။ တသမတ်တည်း အဲဒီလို ရပ်တည်နေမှာပါ။ အဲဒါကိုလည်း အစိုးရ ကိုယ်စား လှယ်တွေနဲ့ တွေ့တဲ့ အခါတွေမှာ ပြောပြပြီဖြစ်ပါတယ်။ နံပတ်နှစ်အချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တုန်းက သူမကလည်း ကျွန်တော်တို့ဘက်က အစပြုခဲ့တာကို ကြိုဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ထင်တယ်လို့ ပြောပါတယ်။ အခုအချိန်မှာ လုပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး အားဆေး တစ်ခုလည်း ဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ တတိယအုပ်စုကရော တိုင်းရင်းသား အဖွဲ့များကပါ NLD ကတောင် ဆက်ဆံမှုကို ကြိုဆိုတော့ ယုံကြည်မှု ပိုရှိလာပါတယ်။ NLD က စိုးရိမ်ပူပန်မှု အချို့ကို ဖော်ပြလာပါသေးတယ်။ အမှန်တရားကတော့ ကျွန်တော်တို့ တိုင်ပင်ဖို့ လိုပါတယ်။ သေချာ နားထောင်ဖို့ လိုပါတယ်။ ပြီးမှ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် သေချာ အကဲဖြတ်ပြီး အတွေ့အကြုံဟောင်းတွေနဲ့ ပေါင်းစပ်ပြီး ဒီအချိန်မှာ ချဉ်းကပ်ဖို့ အသင့်တော်ဆုံးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေး - အခု ရွေးကောက်ပွဲမှာ အမေရိကန်က ဘယ်နေရာက ပါလဲ။

K.C - ဒီကိစ္စမှာတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ အခု အခြေအနေနဲ့ တိုင်းပြည်တွင်းမှာ ရွေးကောက်ပွဲဟာ ရလဒ်ကောင်းတွေ ရနိုင်လိမ့်မယ် ဆိုတာကို သံသယ ရှိနေပါတယ်။ သေချာတာ တစ်ခုက အစိုးရကတော့ အစက ပြန်ပြီး စမှာ မဟုတ်တော့ဘူး။ ဆန္ဒခံယူပွဲကတောင် တရားမဝင်ဘူးလို့ တချို့က ပြောနေကြတယ်။ လူတိုင်း စိုးရိမ်နေတဲ့ အချက်တွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြည်တွင်း တွေ့ဆုံဆွေးနွေးပွဲမျိုး လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ အဓိကပါတီတွေ အတူတကွ ဆုံပြီး စိုးရိမ်တာတွေအတွက် အကောင်းဆုံး လုပ်ငန်းစဉ်ဆိုတာကို အစိုးရကလည်း ယုံကြည်မှု အပြည့်နဲ့ စသင့်တယ်လို့ ထင်ပါတယ်။

မေး - ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နာရီလောက် ဆွေးနွေးခဲ့တယ် ဆိုတော့ သူမနဲ့ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။

K.C - အသေးစိတ် ပြောဖို့မသင့်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ သူမဟာ ကျွန်တော် တွေ့ဖူးသမျှထဲမှာ ချီးကျူးလောက်စရာ အကောင်းဆုံး တစ်ယောက်ပါပဲ။ သူမမှာ ကိုယ့် ကိုယ်ကို ယုံကြည်မှု၊ တည်ငြိမ်မှု၊ ကြီးမားစွာ ရှိပါတယ်။ သူမဟာ လူတိုင်းရဲ့ လေးစားမှု၊ အောင်မြင်မှု ရလောက်ပါပေတယ်။ ကျွန်တော် သူမကို မချီးကျူးဘဲ မနေနိုင်တဲ့ အချက်ကတော့ မြန်မာနိုင်ငံ အကြောင်း အများကြီးသိတာကိုလည်း မဟုတ်ဘူး။ ကမ္ဘာ့ပတ်ဝန်းကျင်အကြောင်း သိနေတာကိုလည်း မဟုတ်ဘူး။ အဲဒါတွေဟာ သူမကို အထီးကျန် ထားတဲ့ကြားက သိနေတာ။ ကျွန်တော် ချီးကျူးတာက သူမဟာ သူတစ်ပါးရဲ့ ခံစားချက်နဲ့ အခြေအနေကို နားလည်နိုင်တာနဲ့ သူမကို ဖမ်းထားတဲ့ သူတွေကို နားလည်နိုင်တာကိုပါပဲ။ သူမဟာ လူသားချင်း ကိုယ်ချင်းစာနိုင်တဲ့ စိတ်အပြည့်နဲ့ သူမကို အထီးကျန်ထားတဲ့ ဗိုလ်ချုပ် တွေရော လူတွေကိုရော ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် Nelson Mandela ကို လေးစားခဲ့တုန်းက သူဟာ Robben Island မှာ သူ့ကို ဖမ်းထားတဲ့ လူတွေကိုရော လူဖြူအစိုးရအပေါ်ကိုပါ ထားခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့ စိတ်ထားကို သွားပြီး သတိရစေခဲ့ပါတယ်။ ဒါဟာ သူမရဲ့ စိတ်အခံ အားကောင်းပြီး နူးညံ့တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

မေး - တစ်နေ့မှာ သူမနဲ့ အလုပ်လုပ်မယ်လို့ မျှော်မှန်းထားလား။

K.C - မှန်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော် ပြောရမယ်ဆိုရင် ရှေ့ကို ဆက်ရမယ့် ခရီးဟာ ရှုတ်ထွေး မယ်။ စိန်ခေါ်မှုတွေ ရှိမယ်ဆိုတာပါပဲ။ သူမနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အလုပ်လုပ်ဖို့ မျှော်မှန်း ထားပါတယ်။ သူတို့နဲ့တင် မကပါဘူး။ အစိုးရ အဖွဲ့ထဲက လူတွေနဲ့လည်း အလုပ်လုပ်ဖို့ ပြင်ဆင်ထားပါတယ်။

မေး - မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေရော ဘာတွေ ရပါသေးသလဲ။

K.C - အချို့ အချက်တွေက သိပ်ကို သိမ်မွေ့တော့ အသေးစိတ် မဆွေးနွေးနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ကို စိုးရိမ်မှုတွေ ဖြစ်စေတဲ့ သူတို့ရဲ့ စစ်ရေးနဲ့ အခြား ဆက်ဆံရေးတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အချိန်နဲ့ စိုးရိမ်စရာတွေကို ရှင်းရှင်းလင်းလင်း သိပါတယ်။

မေး - နျူကလီယာ ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး မစိုးရိမ်ဘူးလား။

K.C - ကျွန်တော်တို့ အမြဲတမ်း ပူပန်နေရတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ အဲဒီကိစ္စ ရှေ့ဆက် လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အထူး ဂရုစိုက်ပြီး ကြည့်နေပါတယ်။

မေး - မြန်မာနိုင်ငံနဲ့ ပတ်သက်လာတော့ ခင်ဗျားတို့ရဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးကရော ဘယ်လို ရှိပါသလဲ။

K.C - မြန်မာနိုင်ငံကို ထောက်ခံ ကူညီနေတဲ့ အဓိက နိုင်ငံအချို့ ရှိပါတယ်။ သူတို့ အားလုံးနဲ့ သေချာစွာ စကားပြောပြီး ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ တရုတ်၊ ထိုင်း၊ စင်္ကာပူနဲ့ အိန္ဒိယနိုင်ငံ တို့ဟာ မြန်မာနိုင်ငံတွင်းမှာ တိုက်ရိုက် ပတ်သက်နေတဲ့ အဓိက ပလေယာတွေ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သေချာခွဲခြားပြီး ပြောရရင်တော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံ တို့ပါပဲ။ အဲဒီနှစ်နိုင်ငံနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ချင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တရုတ် မိတ်ဆွေတွေဟာ တွေ့ဆုံမှုတွေဟာ စိတ်ပါလက်ပါ ရှိတာကို တွေ့ရပါတယ်။ သူတို့ဟာ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်တာကို တွေ့ချင်လိမ့်မယ် မထင်ဘူး။ မြန်မာနိုင်ငံတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေကို ငြိမ်းချမ်းစွာ လုပ်ဆောင် ထားတာကိုပဲ သူတို့ နှစ်သက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

မေး - နောက်ဆုံးတစ်ခု မေးလိုပါတယ်။ မြန်မာ ပြည်သူပြည်သားတွေကို ဘာသတင်းစကား ပါးလိုပါသလဲ။

K.C - မျှော်လင့်ချက်တွေ ရပ်တန့် မပစ်လိုက်ပါနဲ့လို့ ပြောလိုပါတယ်။ ကျွန်တော် ဟီလာရီကလင်တန်နဲ့ စကားပြောတုန်းက သူမအနေနဲ့ ရှေ့ဆက်ပြီး ဖိအားပေးသွားမယ်လို့ ပြောတော့ ကျွန်တော်အတော် အားတက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူနဲ့ ဆုံးဖြတ်ချက်တွေဟာ ကြီးကျယ်တဲ့ စေ့ဆော်ပေးတဲ့ အချက်တွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားပါမယ်လို့ ပြောလိုပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရက ကျင်းပပေးမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအပေါ် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှုကို လာမည့် ရက်သတ္တပတ်အတွင်း ပြုလုပ်မည် ဖြစ်သည်။

အာဆီယံ ရေးရာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် Vitavas Srivihok က မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် ဆွေးနွေးမှုကို ဧပြီလ ၇ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ အာဆီယံ ဒေသတွင်း အရေးကိစ္စများအတွက် ပြုလုပ်သော ဆွေးနွေးပွဲတွင် တစ်ပါတည်း ထည့်သွင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း ပြောကြားသည်။ အာဆီယံ ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော နိုင်ငံရေးသမား များ ပါဝင်ခွင့် ရမည် မဟုတ်သည့် ရွေးကောက်ပွဲအကြောင်းကို ညစာစားပွဲ ပြုလုပ်စဉ် ဆွေးနွေး ပြောဆိုကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် ထားရှိသည့် အာဆီယံ ခေါင်းဆောင်များ၏ အမြင်များသည် အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်မည့် ကြေညာချက်တွင် တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ဖွယ် ရှိသည် ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံမှ ခေါင်းဆောင်များ အနေဖြင့် အခြား အာဆီယံ ခေါင်းဆောင်များ၏
အမြင်နှင့် သုံးသပ်ချက်များကို နားထောင်ကောင်း နားထောင်မည် ဖြစ်သည်ဟု Vitavas က ဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကား၍ ပြောဆိုသည်။ သို့သော် တွေ့ဆုံ ဆွေးနွေးမှုမှာ အပြုသဘော ဆောင်မှသာ မြန်မာ ခေါင်းဆောင်များ လက်သင့်ခံ နားထောင်မည် ဖြစ်သည်ဟုလည်း ဆိုပြန်သည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။ ယင်းသို့ သပိတ် မှောက်မှုကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပယ်ဖျက်ခံရမည် ဖြစ်သည်။

ဟနွိုင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများက ရာသီဥတု အပြောင်းအလဲ ကိစ္စ အပါအဝင် အခြားသော သဘောတူညီချက် စာချုပ် ၁၂ ခုကို လက်မှတ် ရေးထိုးကြရန် စီစဉ်ထားကြောင်း သိရသည်။

အာဆီယံ ခေါင်းဆောင်များသည် အာဆီယံ ဥပဒေ ရေးဆွဲသူများ နှင့်လည်း တွေ့ဆုံ ဆွေးနွေး ပြောဆိုကြမည် ဖြစ်သည်။ သို့သော် အာဆီယံ နိုင်ငံများမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူငယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေရန် စီစဉ်ထားခြင်း မရှိဟု ဆိုသည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ရာတွင် အလယ်အလတ် လမ်းစဉ် မူဝါဒကို ကျင့်သုံးရန် လိုအပ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက တိုက်တွန်း ပြောဆိုလိုက်သည်။

စစ်အစိုးရအပေါ် အလွန်အမင်း ဖိအားပေးခြင်းမျိုး မဟုတ်သလို စစ်ခေါင်းဆောင်များနှင့် အလွန်အမင်း နီးနီးကပ်ကပ် ဆက်ဆံခြင်းမျိုးလည်း မဟုတ်သော နည်းလမ်းမျိုးကို ကျင့်သုံးရန် တိုက်တွန်းကြခြင်း ဖြစ်သည်။

"အမေရိကန် အနေနဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေ၊ အဂတိ လိုက်စားတာကို အားပေး အားမြှောက် ပြုတာမျိုး၊ ထောက်ပံ့တာမျိုး မဖြစ်စေတဲ့ မူဝါဒတွေကို ကျင့်သုံးသင့်တယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီး Wesley Clark က သုံးသပ်ချက် တစ်စောင် ရေးသားသည်။

"တစ်ချိန်တည်းမှာပဲ တကယ်လို့ အမေရိကန်ဟာ အစပိုင်းမှာ မြန်မာတွေ အလှမ်းမမီနိုင်တဲ့ ခွင်မျိုး ဆင်လိုက်မိရင် မြန်မာပြည်သူတွေကို အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် ထိထိရောက်ရောက် အကူအညီပေးရာ ရောက်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ကမ္ဘာ့ အသိုင်းအဝိုင်းထဲကို ဝင်ရောက်နိုင်အောင် လုပ်ရာလည်း မရောက်ပါဘူး" ဟု Wesley Clark က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း Clark သည် ဝါရှင်တန် အခြေစိုက် Think Tank ဖြစ်သော US Institute of Peace တွင် ပြုလုပ်သော Asia Society အစီရင်ခံစာ ထုတ်ဝေမှု အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သော နိုင်ငံရေး ပညာရှင်များက အဆိုပါ အစီရင်ခံစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ယင်း ပညာရှင် အဖွဲ့ကို မစ္စတာ Clark နှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု ဆိုင်ရာ အမေရိကန် အေဂျင်စီ၏ အုပ်ချုပ်ရေးမှူးဟောင်း Henrietta Fore တို့က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

"အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် နှစ်ကာလ ကြာရှည်စွာ ပိတ်ဆို့ အရေးယူရေး၊ အထီးကျန်ဖြစ်ရေး စတဲ့မူဝါဒတွေ ကျင့်သုံးခဲ့ပေမယ့်လည်း အပြောင်းအလဲ လုပ်ဖြစ်ဖို့ အနည်းငယ်သာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအချိန်ဟာ အမေရိကန်အနေနဲ့ မတူညီတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ရမယ့် အချိန်ပါ" ဟု ဆိုသည်။ ထို့ပြင် မြန်မာ နိုင်ငံအတွက် အမေရိကန် အထူး သံတမန် တစ်ဦး ခန့်အပ်ရန် မစ္စတာ Clark က ပြောလိုက်သည်။

"မြန်မာနိုင်ငံဟာ ပါဝါပြည့်ဝတဲ့ စီးပွားရေး အင်အားကြီး အုပ်စုတွေရဲ့ အလယ်ခေါင် တည့်တည့်မှာ ရောက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ အေးတိအေးစက် ဖြစ်တာကို တွေ့ရပါတယ်" ဟု Henrietta Fore က ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာ ပြည်သူလူထုအား အကူအညီ ပေးရာတွင် တည်ငြိမ်ပြီး ပျော့ပျောင်းမှု ရှိသော သဘောထားကို ထုတ်ဖော် ပြသရန် လိုအပ်ကြောင်း၊ စစ်အစိုးရထံမှ ထွက်ပေါ်လာမည့် ကမ်းလှမ်းချက်များကိုလည်း အလျင်အမြန် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် အသွင် ကူးပြောင်းရေး ကာလတွင် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ လူမှု ဖွံ့ဖြိုးရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမည့် နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက် ပြုလုပ်ပေး သင့်သည်ဟု အကြံပြုသည်။

စစ်အစိုးရ ခေါင်းဆောင်များ အနေဖြင့် အုပ်ချုပ်မှု အရည်အသွေး တိုးမြှင့်ပြီး အမျိုးသား နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် မြန်မာလူမျိုး မဟုတ်သော သူများကို တန်းတူ ရည်တူ အခွင့်အရေး ပေးလာရန် ဖိအားပေး သင့်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသစ်တွင် ဒေသတွင်း ပလေယာများနှင့် ပူးပေါင်း ဆောင်ရွက်မှုလည်း ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ် ၂၀ တွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်တော့မည်ဟု မျှော်လင့်ရပေရာ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စုအနဖြင့် အာရှနှင့် ဒေသတွင်းမှ အခြားသော Stakeholder များ၊ အိမ်နီးချင်း နိုင်ငံများ (အာဆီယံ) နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်သင့်သည် ဟု Asia Society ၏ ဒါရိုက်တာ Suzanne Dimaggio က ပြောသည်။

Irrawaddy မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်မည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေး ပါတီဝင်များ အားလုံးနှင့် တိုင်းရင်းသား လူနည်းစု အုပ်စုများ အားလုံး ပါဝင် ယှဉ်ပြိုင်ခွင့် ပေးရန် လာမည့် ရက်သတ္တပတ်တွင် မြန်မာ စစ်ခေါင်းဆောင်များအား ဖိအားပေး တိုက်တွန်းမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ်လုံး ချောမွေ့စေရေး အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်စေဖို့ပဲ ကျွန်တော်တို့က အာရုံစိုက်ပါတယ်" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က AP သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီ နည်းလမ်း မကျသောကြောင့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ပြစ်တင် ရှုတ်ချခဲ့သည်။ ဒေါ်စုကြည်၏ နိုင်ငံရေးပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မိမိတို့ ပါတီ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ သို့အတွက်ကြောင့် NLD သည် ယခုအခါ ပါတီ ဖျက်သိမ်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

"သူတို့ဟာ သူတို့ရဲ့ ပါတီ အရေးကိစ္စကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်အနေနဲ့ ဂုဏ်လည်း ယူတယ်။ လေးလည်း လေးစားပါတယ်" ဟု မစ္စတာ Kasit Piromya က ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာပြီးနောက် NLD က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြောင်းမှာ အဆိုပါ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေသည် စစ်တပ် ဦးဆောင်မှုကိုသာ အသားပေးထားပြီး အတိုက်အခံ ပါတီများဘက်ကို အလေး မထားသည်မှာ ထင်ရှားနေ၍ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"NLD ပါတီက ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ မှန်ကန်မှု ရှိပြီး မျှတတယ်လို့ ယူဆပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီး Kasit Piroma က ပြောသည်။

"နိုင်ငံရေးအရ ပြစ်မှု ဖြစ်ပွားခဲ့ရင် လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတာ ရှိနေတော့ မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့ နိုင်ငံရေး လမ်းစဉ်ထဲမှာ လူတိုင်း လိုက်ပါ ဆောင်ရွက်ခွင့် ဆိုတာလည်း ရှိမယ်လို့ မျှော်လင့်ပါတယ်" ဟုလည်း ဆက်လက် ပြောကြားသည်။

မစ္စတာ Kasit Piroma က မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ကို ထိုင်းနိုင်ငံ အနေနှင့် အလေးထား စိတ်ဝင်စားမှု ရှိကြောင်းလည်း ပြောဆိုသည်။ ထို့ပြင် ၎င်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး နှင့် မဲခေါင်မြစ်ဝှမ်း ဒေသ ကော်မရှင် အစည်းအဝေးတွင်လည်း တွေ့ဆုံဦးမည် ဖြစ်သည်။

လာမည့် ရက်သတ္တပတ်တွင် ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ ခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ထိုင်းဝန်ကြီးချုပ် အဘီဇစ်က မြန်မာ့ နိုင်ငံရေး ကိစ္စရပ်များကို ဦးစားပေး ပြောဆိုသွားမည်ဟုလည်း သိရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်သည်။

NLD က ယင်းသို့ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေကြောင့် ဖြစ်သည်။ ထိုရွေးကောက်ပွဲ ဥပဒေမှာ ဖိနှိပ် ကန့်သတ်မှုများ ပါဝင်နေသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်စုကြည်ရော  အခြား ဖမ်းဆီး ထိန်းသိမ်းခံ နိုင်ငံရေးသမားများပါ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် ရွေးကောက်ပွဲ ဥပဒေများက ကန့်သတ် ပိတ်ပင်ထားသည်။

အကယ်၍ ရွေးကောက်ပွဲတွင် နိုင်ငံရေးသမားများ အားလုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဆိုလျှင်သော်မှ NLD အနေဖြင့် စစ်အစိုးရ ကြိုးကိုင်မည့် ရွေးကောက်ပွဲသို့ ဝင်မည့် သဘောတွင် မရှိပေ။ စစ်အစိုးရက ယခု ကျင်းပပေးမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။ ဒီမိုကရေစီသို့ သွားမည့် လမ်းစဉ်တစ်ခုဟု သတ်မှတ် ဖော်ပြသည်။ သို့သော် ယနေ့ အချိန်အထိ ကျင်းပမည့်ရက် အတိအကျကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။ မြန်မာ ရွေးကောက်ပွဲ ကိစ္စသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရေးဆွဲမှု ပြီးဆုံးခဲ့သည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ နိုင်ငံရေး လှုပ်ရှားခွင့်များ အပေါ် တင်းကြပ်စွာ ဖိနှိပ်မှု အပြုလုပ်ဆုံး နိုင်ငံများတွင် ပါဝင်သည်။ မြန်မာ စစ်အစိုးရ ဗိုလ်ချုပ်များက ယခု ရွေးကောက်ပွဲသည် ပြည်တွင်း၌ ယုံကြည် စိတ်ချမှုများကို ဖြစ်ပေါ်စေပြီး ပြည်ပ (နိုင်ငံတကာ) တွင် ပြစ်တင် ဝေဖန်မှုများကို လျော့ကျစေမည့် အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။

နိုင်ငံရေး ဖြစ်စဉ်ကို လွတ်လပ်ခွင့် ပြုမှသာ မြန်မာ စစ်ဗိုလ်ချုပ်များအပေါ် ပြစ်တင် ဝေဖန်မှုများ ဆုံးခန်းတိုင်နိုင် ပေလိမ့်မည်။ မြန်မာ စစ်ဗိုလ်ချုပ်များက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကို ထုတ်ပြန်သည်။ ပါလီမန် လွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ရရှိမည့် အခြေခံ ဥပဒေကို ရေးဆွဲ ပြဌာန်းခဲ့သည်။ သတင်း ပေးပို့ချက်များအရ ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီငယ်များ ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ဆိုသည်။ သို့သော် ပင်မ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ မတူညီသော တိုင်းရင်းသား လူမျိုးစု အဖွဲ့များနှင့် စစ်အစိုးရအကြား စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးမှာ မည်သို့မျှ ဖြစ်ပေါ်လာဖွယ် မရှိပေ။

VOA သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.