Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 6th April 2010

မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် လက်ရှိ ရာထူးမှ နုတ်ထွက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၏ နိုင်ငံရေး ဌာနအသစ်ကို ဦးဆောင်မည် ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများ အရ သိရှိရသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန် အနေဖြင့် နှလုံးရောဂါ ရှိနေသောကြောင့် အနားယူ လိုသည်ဟု သိရှိရသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရ နောက်ခံပြုသော နိုင်ငံရေး ပါတီ အသစ်ကို ဦးဆောင်ရန် ၎င်းအား စေခိုင်းခဲ့သည်ဟု စစ်တပ် အတွင်းမှ လာသော သတင်းများက ဆိုသည်။

အစိုးရ အဖွဲ့ အတွင်းမှ လာသော သတင်း အချို့အရ ဝန်ကြီးချုပ်သည် ရာထူးမှ ထွက်ပါက လက်ရှိ နေအိမ်နှင့် အခြား နိုင်ငံပိုင် ပစ္စည်းများကို လွှဲပေးရမည်ဟု ဆိုသည်။ ရွေးကောက်ပွဲ ဥပဒေ အသစ်အရ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်များသည် နိုင်ငံပိုင် ပစ္စည်းများကို အသုံးမပြုရန် တားမြစ်ထားသည်။ သို့သော် အစိုးရက တရားဝင် ပေးအပ်ထားပြီးသော ပစ္စည်းများမှာမူ အသုံးပြုခွင့် ရှိသည်ဟု ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်ကြီး သိန်းစိန်၏ သတင်းမှာ ကောလဟာလ အဖြစ် အစိုးရ ဝန်ထမ်းများကြား၊ အစိုးရ ဆန့်ကျင်သူများကြားနှင့် မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ လေ့လာသူများ ကြားတွင် ပျံ့နှံ့လျက် ရှိသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် USDA ၏ နာယကကြီးလည်း ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ရသောသူ တစ်ဦး ဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ် ရာထူး ပေးကာ အမျိုးသား ညီလာခံကို ဦးဆောင် အပြီးသတ်စေခဲ့ပြီး၊ အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေ ထွက်ပေါ်လာစေခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂၀၀၁ ခုနှစ်က စစ်ရုံးတွင် စစ်ဦးစီး အရာရှိချုပ် ဖြစ်လာခဲ့ပြီးနောက် သုံးနှစ် ကြာသောအခါ အတွင်းရေးမှူး (၁) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ရသော တပည့်ရင်း နှစ်ဦး ဖြစ်သော တိုင်းပြည်၏ နံပါတ် သုံး ခေါင်းဆောင်ဟု ယူဆရသူ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်၊ USDA ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သော ဗိုလ်ချုပ် ဌေးဦးတို့သည် အနာဂတ် အရပ်သား အစိုးရတွင် ဦးဆောင် ရာထူးများ ရကြမည်ဟု ခန့်မှန်းရပေသည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ပါလီမန်တွင် ၂၅ % သော နေရာအား စစ်တပ်မှ ရယူမည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ဌေးဦး တို့သည် အစိုးရ၏ နိုင်ငံရေး ပါတီမှ အရပ်သား ကိုယ်စားလှယ် အဖြစ် အရွေးခံမည် သို့မဟုတ် ပါလီမန်တွင် စစ်တပ် ကိုယ်စားလှယ် ၂၅ % အနေဖြင့် ခန့်အပ်မည် ဆိုသည်ကိုမူ မသိရှိရပေ။

ဗိုလ်ချုပ်မှူးကြီးနှင့် ရင်းနှီးသော စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် မန္တလေးမှ တိုင်းမှူး ဗိုလ်ချုပ် တင်ငွေ တို့သည် နိုင်ငံရေး လမ်းကြောင်းသို့ မသွားဘဲ တပ်ထဲတွင်သာ ဆက်လက် ရှိနေမည်ဟု သတင်း တချို့က ပြောသည်။

USDA ကို ၁၉၉၃ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး တရားဝင် စာရွက်စာတမ်းများအရ အဖွဲ့ဝင် ၂၄ သန်း ရှိသည်ဟု ဆိုရာ၊ တိုင်းပြည် လူဦးရေ၏ တစ်ဝက် နီးပါး ရှိသည်။

USDA သည် ၁၉၉၃ က စတင် ကျင်းပသော အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ် ၆၃၃ ဦး တက်ရောက်ပြီး၊ စုစုပေါင်း ကိုယ်စားလှယ်၏ ၅၈ % ရှိခဲ့သည်။ အမျိုးသား ညီလာခံသည် ၂၀၀၇ ခုနှစ်တွင် အခြေခံ မူများကို အတည်ပြုခဲ့ပြီး၊ အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။

စောင့်ကြည့် လေ့လာသူ အတိုက်အခံ အဖွဲ့များက USDA အဖွဲ့ဝင် အများစုသည် ဝန်ထမ်းများ ဖြစ်ပြီး ကြောက်အောင် ခြောက်လှန့်၍ အတင်း အဓမ္မ အသင်း ဝင်ခိုင်းခြင်း ဖြစ်ကြောင်း ပြောသည်။ အဖွဲ့ဝင်များတွင် ကျောင်းဆရာများ၊ ကျောင်းသားများ၊ စီးပွားရေးသမားများနှင့် နိုင်ငံရေးသမား အချို့ ပါဝင်သည်ဟု ဆိုသည်။

USDA မှာ အခြေခံအားဖြင့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများနှင့် အရပ်သားများကို ရက်ရက်စက်စက် နှိပ်ကွပ်ရာတွင် အစိုးရ၏ လက်ကိုင်တုတ် အဖြစ် အသုံးပြုရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း မြန်မာ အများစုက မြင်ကြသည်။ USDA တွင် အများကို စောင့်ကြည့်ရန် နှင့် အစိုးရ ဆန့်ကျင်သူများကို သတင်းပေးရန် စစ်တပ်ကဲ့သို့ ဖွဲ့ထားသော အဖွဲ့ ဖွဲ့ထားကြောင်း သိရှိရသည်။

USDA အဖွဲ့ဝင်များသည် ၂၀၀၃ ခုနှစ်က ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းအား စီးနင်း တိုက်ခိုက်ရာတွင် လူတစ်ရာခန့် သေဆုံးသော ကိစ္စနှင့် ၂၀၀၇ ခုနှစ်က အရေးအခင်းတွင် သွေးစွန်းစေခဲ့သော ကိစ္စများတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလက လိုအပ်ပါလျှင် အဖွဲ့ကြီးကို နိုင်ငံရေး ပါတီ အသွင်ပြောင်းမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ဌေးဦးက အဖွဲ့ဝင်များသို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် ပေးလာရန် အာဆီယံအဖွဲ့တွင်း အငြင်းပွားမှု ပြေငြိမ်းရေး စနစ်သစ် တစ်ရပ်က ဖိအား ပေးသွားလိမ့်မည် ဖြစ်ကြောင်း အာဆီယံ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲက ပြောကြားသည်။

အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ အစိုးရအဖွဲ့များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အကြီးအကဲ Rafendi Djamin က မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် အဆိုပါ အငြင်းပွားမှု ပြေငြိမ်းရေးစနစ် (DSM) က စစ်အစိုးရကို ဖိအားပေး သွားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ စစ်အစိုးရကသာ နိုင်ငံရေးသမားများ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် တောင်းဆိုမှုများကို ငြင်းပယ်လာပါက အဆိုပါ DSM သည် အာဆီယံအတွက် ရွေးချယ်စရာ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

မစ္စတာ Rafendi Dajamin သည် အာဆီယံဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲနှင့် အင်ဒိုနီးရှား သံတမန်လည်း ဖြစ်သည်။ ယင်း အငြင်းပွားမှု ပြေငြိမ်းရေး စနစ်ကို ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် လက်မှတ် ရေးထိုးကြမည် ဖြစ်ရာ အဖွဲ့ဝင်များအနေဖြင့် အာဆီယံချာတာ အကောင်အထည် ဖော်ရေးအပေါ် ဝေဖန်ဆန်းစစ် ငြင်းဆိုခွင့် ရရှိမည် ဖြစ်သည်။

သို့သော် DSM သည် စည်းမျဉ်းစည်းကမ်း လေးစား လိုက်နာမှု မရှိသော အဖွဲ့ဝင်များအပေါ် ဥပဒေကြောင်းအရ ပိတ်ဆို့ အရေးယူနိုင်မည် မဟုတ်ပေ။

"အာဆီယံချာတာကို ကျွန်တော်တို့ ဘယ်လို အကောင်အထည် ဖော်ကြမလဲ၊ လူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လို ထူထောင်သင့်သလဲ ဆိုတာတွေကို ဆွေးနွေး ညှိနှိုင်းလာခဲ့ကြတာ များပါပြီ။ ချာတာထဲမှာ သတ်မှတ် ဖော်ပြထားတဲ့အတိုင်း လူ့အခွင့်အရေးဆိုင်ရာ စံချိန် စံနှုန်းတွေကို ဘယ်လို အကျုံးဝင်လာအောင် လုပ်မလဲ ဆိုတာကိုလည်း ညှိနှိုင်းခဲ့ကြပါတယ်" ဟု Rafendi Djamin က ပြောသည်။

"အဖွဲ့ဝင်တွေမှာ မတူညီတဲ့ ကွဲပြားခြားနားချက်တွေ ရှိနေတဲ့အတွက် ကိုယ့်စံချိန် စံနှုန်းတွေ နဲ့အညီ ညှိနှိုင်းကြဖို့ တွန်းအား ပေးထားပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"ဒီ DSM ဆိုတဲ့ စနစ်သစ်ကြောင့် အဖွဲ့ဝင်တွေကို ယခင်ကထက် ပိုပြီး ဖိအားပေးနိုင်မယ့် အရာတွေ များလာမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကန့်လန့် တိုက်နေတဲ့ နိုင်ငံတွေကိုလည်း နာခံမှု ရှိလာအောင် လုပ်နိုင်မှာပါ" ဟု မစ္စတာ Rafendi Djamin က ပြောသည်။ အကယ်၍ မြန်မာ စစ်အစိုးရကသာ အာဆီယံ ချာတာတွင် ပါဝင်သည့် လူ့အခွင့်အရေး ဆိုင်ရာ မူဝါဒများ အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးခြင်း မရှိသည်ကို အခြားအဖွဲ့ဝင် နိုင်ငံများက တွေ့ရှိခဲ့ပါက ရွေးကောက်ပွဲ ရလဒ်ကို ယုံကြည်ရမှု ရှိ၊ မရှိကို DSM အဆင့်အတန်းဖြင့် မှတ်ကျောက်တင် စစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်လိုက်သော ဥပဒေ စည်းမျဉ်း စည်းကမ်းများမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် ဟန့်တားထားသည်ဟု အကဲခတ် လေ့လာသူများက ပြောဆိုလျက် ရှိသည်။

မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရှိမည့် ကိစ္စမှာ မသေချာသော်လည်း အာဆီယံအနေဖြင့် နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိအောင် ဖိအားပေး တိုက်တွန်းမှုများ လုပ်ဆောင်လျက် ရှိပါကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က ပြောကြားသည်။

'အဲဒီ ကိစ္စကို အာဆီယံ ဖိုရမ်တိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်ဟာက နောက်ဆုံးရလဒ် ဖြစ်လာမလဲဆိုတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က ဆိုသည်။

"မြန်မာနိုင်ငံမှာ အခြေခံ ဥပဒေနဲ့ ဥပဒေ ရေးဆွဲမှုတွေ အားလုံး ရှိနေပါပြီ၊ ဒါပေမဲ့ ခက်တာက ဘယ်လို ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ် ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြတ်သားတဲ့ အရိပ်အယောင်တွေ မတွေ့ရသေးပါဘူး" ဟုလည်း ဆိုသည်။ DSM စနစ်သစ်က အာဆီယံ ချာတာ အကောင်အထည် ဖော်ရာတွင် ထွက်ပေါ်လာမည့် မတူညီသော သဘောတရားများ အပေါ် အငြင်းပွားမှုများကို ပြေငြိမ်းနိုင်ရေးအတွက် ရွေးချယ်စရာများ ရရှိအောင် ပြုလုပ်ပေးမည် ဖြစ်သည်။

"အာဆီယံ အရေးကိစ္စကို ကြားဝင် စွက်ဖက်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်" ဟု နိုင်ငံတကာ လေ့လာရေးနှင့် မဟာဗျူဟာ စင်တာမှ ဒါရိုက်တာ Jusuf Wanandi က ပြောကြားသည်။ "ဒါပေမဲ့ မေးစရာ ဖြစ်နေတာက ကျွန်တော်တို့ ဝင်ရောက် စွက်ဖက်ဖို့ ဘယ်လောက် အတိုင်းအတာ အထိ ဆန္ဒရှိနေလဲ ဆိုတဲ့ အချက်ပါပဲ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲ ဖြစ်ဖို့ ဆော်သြတာတို့၊ တွန်းအား ပေးတာတို့ လုပ်နေတဲ့သူတွေက အစိုးရအဖွဲ့တွေ မဟုတ်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဖြစ်နေလို့ပါပဲ" ဟု ဆက်လက် ပြောကြားသွားသည်။

The Jakarta Post မှ Lilian Budianto ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ ထိပ်တန်း ကွန်မြူနစ် ပါတီကြီးတစ်ခု၏ မျိုးဆက်များက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဈေးကွက် စီးပွားရေး လက်အောက်တွင်သာ ဖွံ့ဖြိုး တိုးတက်မှု ရမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

မြန်မာပြည် ကွန်မြူနစ် ပါတီ (CPB) ၏ ပါတီခွဲ တစ်ခု ဖြစ်သော အလံနီ ကွန်မြူနစ် ပါတီ၏ မျိုးဆက်များက ပါတီသုံးခုကို တည်ထောင်ခဲ့ကြရာ ယင်းပါတီ သုံးခုအနက်မှ တစ်ခု ဖြစ်သော ခေတ်သစ် ပြည်သူ့ပါတီ (NEPP) က ရွေးကောက်ပွဲ ဝင်ရောက်ရန် မှတ်ပုံတင်မည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

NEPP ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ၎င်းသည် ယခင် အလံနီ ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုး၏ ကိုယ်ရေး အတွင်းရေးမှူးဟောင်း တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း DVB သို့ ပြောဆိုသည်။ အလံနီ ခေါင်းဆောင် သခင်စိုးဟူသည် မြန်မာ ကွန်မြူနစ် နိုင်ငံရေး သမားများထဲတွင် အလွန်အမင်း သြဇာ ကြီးမားသူ တစ်ဦး ဖြစ်ခဲ့သည်။

အလံနီ ကွန်မြူနစ်ပါတီ မျိုးဆက်များ ပါဝင်သည့် အမျိုးသား နိုင်ငံရေး မဟာမိတ် အဖွဲ့ချုပ် (AFNP) ပါတီသည် ယခုအခါ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင် ထားပြီး ဖြစ်ကြောင်း သိရသည်။

မှတ်ပုံ မတင်ရသေးသော ပါတီနှစ်ခုမှာ NEPP နှင့် ညီညွတ်သော ဒီမိုကရက် ပါတီ (UDP) တို့ ဖြစ်ကြသည်။ အဆိုပါ UDP ပါတီသည်လည်း အလံနီ မျိုးဆက်များ ဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ယခုအခါ လက်သင့်ခံကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိကာ အပြောင်းအလဲ တစ်ရပ်ကို ယူဆောင်လာမည်ဟု ယုံကြည်ကြောင်း" အလံနီ မျိုးဆက်များ ပါဝင်သည့် ပါတီ သုံးခုစလုံးက ထုတ်ဖော် ပြောဆိုသည်။

NEPP မှ ဦးထွန်းအောင်ကျော်ကမူ မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ၏ ဈေးကွက် စီးပွားရေး အပြည့်အဝ ဖွံ့ဖြိုးရေးအတွက် အရင်းရှင်စနစ် တစ်ရပ်ကို ကျင့်သုံးသွားမည် ဖြစ်သည်ဟု ပြောဆိုသည်။

"အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသားတွေဟာ စက်မှု အရင်းရှင်စနစ်၊ ဈေးကွက် စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီ စနစ် တစ်ခုရဲ့ လက်အောက်မှာသာ အကျိုးအမြတ် ဖြစ်ထွန်းနိုင်မှာပါ" ဟု အလံနီ ကွန်မြူနစ် ခေါင်းဆောင်ကြီး သခင်စိုး၏ ကိုယ်ရေး အရာရှိဟောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

မြေယာများကို လူမျိုးပိုင် ပြုလုပ်ပြီး လွပ်လပ်စွာ ကူးသန်း ရောင်းဝယ်ခွင့်၊ ရွေးကောက် တင်မြှောက်ခွင့် တို့ကို ဖြစ်ပေါ်စေမည့် အရင်းရှင်စနစ် တစ်ရပ်ကို ကျင့်သုံးသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သပိတ်မှောက်ခဲ့သော်လည်း အခြားသော နိုင်ငံရေးပါတီ အနည်းဆုံး ငါးခုမှာ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်က ကျင့်သုံးခဲ့သော အစွန်းရောက် အမျိုးသား စီးပွားရေး မူဝါဒများကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်ကို တွေ့ရသည်။ စစ်အစိုးရက နိုင်ငံပိုင် ပစ္စည်းများ၊ လုပ်ငန်းကြီးများကို ပုဂ္ဂလိက အခန်းကဏ္ဍသို့ လွှဲပြောင်းပေးလျက် ရှိသည်။ သို့သော် အဆိုပါ လုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ် လုပ်ပိုင်ခွင့် ရရှိသူများမှာ စစ်အစိုးရနှင့် ရင်းနှီးကျွမ်းဝင်သူများသာ ဖြစ်သည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများ (အထူးသဖြင့် တရုတ်၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံများမှ) သည် မြန်မာနိုင်ငံရှိ စွမ်းအင် တူးဖော်ရေး စီမံကိန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) က နယ်ခြားဒေသ စောင့်တပ်အဖြစ် အသွင် ကူးပြောင်းရန် စစ်အစိုးရ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်မှုနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် တင်းမာမှုများ ကြီးထွားနေသောကြောင့် KIA ဌာနချုပ်နှင့် နီးကပ်သော နေရာများတွင် မြန်မာစစ်တပ်မှ စစ်ဘက်သုံး ထရပ်ကား အစီး ၁၀၀ ခန့် နေရာယူထားကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာစစ်တပ်မှ စစ်ယာဉ်တန်းများကို လာဇာ-ဗန်းမော်-မြစ်ကြီးနား အဝေးပြေး လမ်းမတွင် တွေ့မြင်ခဲ့ရကြောင်း၊ စစ်ယာဉ်တန်းသည် မြစ်ကြီးနားမြို့မှ ထွက်ခွာလာပုံ ရကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။ KIA ဌာနချုပ်များမှာ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သော လာဇာ အနီးတစ်ဝိုက်တွင် တည်ရှိသည်။

"စစ်တပ်က ထရပ်ကားတွေ ကြည့်ရတာ ကုန်တွေ တင်လာပုံ ရတယ်။ ထရပ် တစ်စီးစီမှာ အမြောက် သေနတ်တွေလည်း ပါလာတယ်" ဟု ၎င်းက ဆိုသည်။ "ထရပ်ကားတွေမှာ ဘာတွေ တင်လာတာကို မမြင်ရအောင်လို့ တာလပတ်တွေနဲ့ အုပ်မိုးထားတယ်။ ဒါပေမဲ့ တချို့ သေနတ်ကြီးတွေက တော်တော်ကြီးတော့ မြင်ရတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ခု ဖြစ်သော KIA က နယ်ခြားဒေသ စောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် ဆက်လက် ငြင်းဆန်နေမည် ဆိုပါက ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခနှင့် တင်းမာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သည် ဟူသော စိုးရိမ် ကြောက်ရွံ့မှုများလည်း ကြီးထွားလျက် ရှိသည်။

ပြီးခဲ့သည့်လက မြန်မာစစ်တပ်သည် ကချင်ပြည်နယ် အတွင်းမှ အရပ်သားများအား စစ်ရေး သင်တန်းများကို စနစ်တကျ ပို့ချခဲ့ရာ တင်းမာမှုများလည်း ပို၍ ထွက်ပေါ်လာသည်။ ကချင်ပြည်နယ်ရှိ နယ်မြေ အတော်များများမှာ KIA ၏ ထိန်းချုပ်မှု အောက်တွင် ရှိရာ ကချင်လူမျိုးများကို စစ်သင်တန်း မပေးဘဲ မြန်မာလူမျိုးများကိုသာ အဓိက ပစ်မှတ်ထား သင်ကြားပေးနေခြင်း ဖြစ်သည်ဟု စွပ်စွဲ ခံထားရသည်။

လာဇာမြို့နှင့် ကီလိုမီတာ ၂၀ အကွာ ဝန်းကျင်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားပြီး KIA ဌာနချုပ်သို့ သွားသည့် လမ်းတွင်လည်း အဟန့်အတားများ ချထားကြောင်း ဒေသခံများက ပြောကြားသည်။ မြန်မာစစ်တပ်သည် အဆိုပါ နည်းလမ်းအတိုင်းပင် "ဝ"တပ်ဖွဲ့ (UWSA) သို့ သွားသည့် လမ်းကြောင်းများကိုလည်း ပိတ်ပင်ထားသည် ဟူသော သတင်း ပေးပို့ချက်များ ရရှိသည်။ ဝ တပ်ဖွဲ့သည် KIA ကဲ့သို့ပင် နယ်ခြားဒေသ စောင့်တပ် ဖွဲ့စည်းရန် ငြင်းပယ်ထားသော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နယ်ခြားဒေသ စောင့်တပ်ဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရက သတ်မှတ်ထားသော နေ့မှာ ဧပြီလ ၂၈ ရက် ဖြစ်သည်။ အဆိုပါ နေ့ရက် ကျော်လွန်သွားပါက နယ်ခြားဒေသ စောင့်တပ်အဖြစ် ပြောင်းလဲရန် ငြင်းပယ်သော အဖွဲ့အစည်းများကို စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းများအဖြစ် သတ်မှတ်မည် ဖြစ်သည်။ သို့သော် အပစ်အခတ် ရပ်စဲရေး အုပ်စု ၁၈ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ယခုအချိန်အထိ ငြင်းပယ်ထားဆဲပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် နယ်ခြားဒေသ စောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲလိုက်ပါက စစ်အစိုးရ လက်အောက်တွင် လုပ်ကိုင်ရမည် ဖြစ်ပြီး တပ်ဖွဲ့ဝင် ဦးရေကိုလည်း လျှော့ချရမည် ဖြစ်သောကြောင့် ငြင်းပယ်နေခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွင် ဖြစ်ပွားသော မည်သည့် တိုက်ပွဲမျိုး မဆို တရုတ်နိုင်ငံကို ရိုက်ခတ်မှု ရှိနိုင်သည်။ တရုတ်သည် မြန်မာ၏ အဓိက မဟာမိတ်နိုင်ငံ ဖြစ်သည့်တိုင် ဘေဂျင်း အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသ ပြဿနာ မီးပွားများ မဖြစ်ပေါ်စေလိုကြောင်း ထုတ်ဖော် သတိပေးထားပြီး ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇွန်လ အတွင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့် ဒေသတွင် တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ထိုဒေသမှ ဒုက္ခသည် ၃၇၀၀၀ ခန့် တရုတ်ပြည်ဘက်သို့ ဝင်ပြေးခဲ့ကြရသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 6th April 2010

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီသည် အစိုးရ၏ ဖိနှိပ်မှုများကြောင့် တိုင်းပြည်သို့ ဒီမိုကရေစီ ဖော်ဆောင်ပေးရန် မအောင်မြင်ခဲ့ရခြင်း အတွက် တောင်းပန်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက် ဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ရန် တားဆီးထားခြင်းသည် မတရားဟုဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

အင်္ဂါနေ့က ထုတ်ပြန်သော သတင်း ကြေညာချက်၌ NLD က ပြောကြားရာတွင် ၎င်း၏ အဖွဲ့ဝင်များမှာ ဖမ်းဆီးခံရခြင်း၊ ပြစ်ဒဏ်ပေးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အနှောင့်အယှက် ပေးခံရခြင်း တို့ကြောင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီရေး တို့အတွက် ကြိုးပမ်းရာတွင် အနှောင့်အယှက်များ ကြံ့ကြံ့ခံရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရည်မှန်းချက်များ ဖော်ဆောင် မပေးနိုင်ခြင်း အတွက် တောင်းပန်ခဲ့ပြီး၊ အကြမ်းမဖက်သော ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

ယခု အခါတွင် ရွေးကောက်ပွဲ အတွက် ရက်သတ်မှတ်ခြင်း မရှိသေးသော်လည်း၊ ထိုရွေးကောက်ပွဲကို အများက စစ်တပ်က အာဏာ ဆက်ကိုင်ထားရေး အတွက် ဆင်လုံး တစ်ခုသာ ဖြစ်ကြောင်း မြင်နေကြသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အနှစ် နှစ်ဆယ် အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းခံနေရပြီး၊ NLD တာဝန်ရှိသူ အတော်များများလည်း နိုင်ငံရေး အကျဉ်းသား အဖြစ် အဖမ်းခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Straits Times News, 6th April 2010

ဝိုင်းဝန်း ဝေဖန် ပြစ်တင်ခြင်း ခံနေရသည့် မြန်မာ ရွေးကောက်ပွဲ ဥပဒေသည် ယခု တစ်ပတ် အာဆီယံ ညီလာခံတွင် လွဲရှောင်မရသော ဝေဖန်မှုများကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရေးရာတွင် ရလဒ် မကောင်းသော အာဆီယံ၏ မှတ်တမ်းများကြောင့် ပြစ်တင် ဝေဖန်မှုများ ရှိနိုင်ပုံ မရဟု အကဲခတ်များက ပြောကြားသည်။

ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ကျင်းပမည့် အာဆီယံ ညီလာခံကို လူ့အခွင့်အရေး ယိုယွင်းလာမှုကြောင့် အစွပ်စွဲ ခံနေရသော တစ်ပါတီ စနစ် ကျင့်သုံးသည့် ကွန်မြူနစ် ဗီယက်နမ်က အလှည့်ကျ သဘာပတိ အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။ လာအို နှင့် ကမ္ဘောဒီးယားမှာလည်း အဖွဲ့တွင်း လူ့အခွင့်အရေး ဆွေးနွေးမှုများကို ပိုမို လက်ခံရန် စည်းကမ်း သတ်မှတ်မည်ကို စိုးရိမ် ပူပန်နေသော အဖွဲ့ဝင်များ ဖြစ်သည်ဟု University of Canberra, Australia မှ Christopher Roberts က ပြောကြားခဲ့သည်။

"ဒီကိစ္စက အဓိက အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု အာရှ နိုင်ငံရေး နှင့် လုံခြုံရေး ဌာန ကထိက Roberts က ဆိုသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လဘာတို ရိုမြူလိုကလည်း "ဒီမိုကရေစီ လမ်းညွှန် မြေပုံကို အကောင်အထည် ဖော်မည် ဟူသော မြန်မာ အစိုးရ၏ ဇာတိကို ကျိုးပျက်စေခဲ့သည့် မြန်မာ ရွေးကောက်ပွဲ ဥပဒေအား ကန့်ကွက်ရန် အစည်းအဝေးတွင် အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်" ဟု ပြောကြားခဲ့သည်။

ဆယ်စုနှစ် နှစ်စု အတွင်း ပထမဆုံး အကြိမ်အဖြစ် ယခုနှစ်ကုန်တွင် ကျင်းပရန် မျှော်လင့်ထားကြသော ရွေးကောက်ပွဲများကို သပိတ်မှောက်မည်ဟု မြန်မာ့ အတိုက်အခံ ပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင် အပတ်တွင် ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ ဥပဒေသစ် အရ ဆိုလျှင် NLD ပါတီသည် ရွေးကောက်ပွဲ ဝင်လိုပါက ပြစ်ဒဏ် ကျခံနေရသော ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရမည် ဖြစ်သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သော ပါတီခေါင်းဆောင်သည် အထိန်းသိမ်း ခံနေရသည်မှာ ၁၄ နှစ်ခန့် ရှိပြီ ဖြစ်သည်။ သူမ ပါဝင်ခြင်း မရှိပါက ရွေးကောက်ပွဲသည် လွတ်လပ် မျှတသည်ဟု ဆိုနိုင်မည် မဟုတ်ကြောင်း၊ ဂျပန်၊ သြစတြေးလျ နှင့် ဗြိတိန် တို့က ပြောကြားခဲ့သည်။ အတိုက်အခံ ပါတီ သပိတ်မှောက်သည့် အတွက် အမေရိကန် ပြည်ထောင်စုက စစ်ဖက် အုပ်ချုပ်သူများကို အပြစ်တင်ခဲ့ပြီး ရှေ့ဆက်နိုင်မည့် အခွင့်အလမ်းကို မြန်မာ အစိုးရ ဆုံးရှုံးသွားခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ယခင်ကပင် အာဆီယံ အဖွဲ့၏ တရားဝင် ပြစ်တင် ဝေဖန်မှုများမှ အမြဲတမ်း လွတ်မြောက်ခဲ့သလို ယခု အကြိမ်တွင်လည်း မြန်မာ ရွေးကောက်ပွဲ အပေါ် ပြစ်တင် ဝေဖန်မည့် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ရန် အခွင့်အရေး မရှိဟု အကဲခတ် သမားများက ကျယ်ကျယ် ပြန့်ပြန့် ရှုမြင် ထားကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 2nd April 2010

အီရန် နျူကလီယာ ကိစ္စ အပေါ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားကြရန် အတွက် အမေရိကန် သမ္မတ အိုဘားမားက တရုတ် သမ္မတ ဟူကျင်းတောင်ကို တိုက်ရိုက် မေတ္တာရပ်ခံ လိုက်သည်။

တစ်နာရီ ကြာမြင့်သော ဖုန်း ဆက်သွယ်မှုတွင် အိုဘားမားက အီရန်၏ ပြုမူ ဆောင်ရွက်ပုံ အပေါ် အတူတကွ ပူးပေါင်း လုပ်ဆောင်ရေး၏ အရေးကြီးပုံကို အလေးအနက် ပြောကြားခဲ့သည်။

အီရန် နိုင်ငံ၏ နျူကလီယာ အာဏာပိုင် Saeed Jalili သည် တရုတ်နိုင်ငံသို့ ဆွေးနွေးပွဲများ ပြုလုပ်ရန် ရောက်ရှိနေခြင်းကြောင့် ခေါင်းဆောင် နှစ်ဦး၏ ဆက်သွယ် ပြောဆိုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

အရေးယူ ပိတ်ဆို့မှုများ ထိရောက်မှု မရှိပုံကို ဘီဂျင်းက သဘောတူသည်ဟုလည်း Mr. Jalili က ပြောကြားခဲ့သည်။

"ကျွန်တော်တို့နဲ့ တရုတ်နဲ့ ဆွေးနွေးပွဲ ကျင်းပတဲ့အခါ အရေးယူ ပိတ်ဆို့မှုလို နည်းလမ်းတွေဟာ အသုံးဝင် ထိရောက်မှု မရှိဘူး ဆိုတဲ့ အကြောင်း သဘောတူခဲ့ကြတယ်" ဟု ၎င်းက ဆိုသည်။

"နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေဟာ နျူကလီယာ ရည်မှန်းချက်ကို အကောင်အထည် ဖော်နေတဲ့ အီရန်ကို မတားဆီးနိုင်ပါဘူး" ဟု ၎င်းက ဘီဂျင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ် အရာရှိများကမူ ဆွေးနွေးပွဲ အပြီးတွင် မှတ်ချက်ပေး ပြောဆိုခြင်း မရှိခဲ့ပါ။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပါ နျူကလီယာ ကိစ္စကို စေ့စပ် ညှိနှိုင်းခြင်းဖြင့် ဖြေရှင်း နိုင်သည်ဟု ယခုတိုင် ယုံကြည်နေကြောင်း ပြောဆိုခဲ့သည်။

အကြိတ်အနယ် ပြောဆိုမှုများ

တရုတ် သမ္မတ ဟူက မစ္စတာ အိုဘားမားနှင့် တယ်လီဖုန်း ပြောကြားစဉ် အတွင်း "အမေရိကန် နှင့် ကောင်းမွန်၍ တည်ငြိမ်သော ဆက်ဆံရေး" ကို တောင်းဆိုလိုက်သည်။

ခေါင်းဆောင် နှစ်ဦးသည် ထိုင်ဝမ် ကိစ္စနှင့် စီးပွားရေး မြှင့်တင်ရေး ဆိုင်ရာ G-20 သဘော တူညီချက်များ အကောင်အထည် ဖော်ရေး အရေးကြီးပုံ တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယခု ဆက်သွယ် ပြောဆိုမှုက တိဘက် ကိစ္စ၊ ကုန်သွယ်ရေး ကိစ္စ၊ ထိုင်ဝမ် ကိစ္စတို့နှင့် ပတ်သက်၍ လတ်တလော အကြီးအကျယ် သဘော ကွဲလွဲခဲ့ကြသော အင်အားကြီး နှစ်နိုင်ငံ အကြား တင်းမာမှုများ လျော့ပါးစေခဲ့သည်။

သို့ရာတွင် အနောက် နိုင်ငံများနှင့် အီရန် အကြား နျူကလီယာ အစီအစဉ်နှင့် စပ်လျဉ်း၍ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားနေသော အခြေအနေတွင် တရုတ်နိုင်ငံသည် နောက်တစ်ဆင့် မည်သို့ ဖြစ်နိုင်သည် ဆိုသည်ကို သတ်မှတ်နိုင်သည့် အဓိက သော့ချက် ဖြစ်နေသည်ဟု ဘီဂျင်းမှ ဘီဘီစီ သတင်းထောက် Damian Grammaticas က ပြောကြားသည်။

ယခု သီတင်းပတ် အစောပိုင်းတွင် သမ္မတ အိုဘားမားက ၎င်းအနေဖြင့် အီရန် နိုင်ငံ အပေါ် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှု အသစ်များ ၂ ပတ်၊ ၃ ပတ် အတွင်း ချမှတ်သည်ကို တွေ့မြင်လိုကြောင်း ပြောကြားခဲ့သည်။

အီရန်နှင့် ခိုင်မာသည့် ဆက်ဆံရေး ရှိနေသော လုံခြုံရေး ကောင်စီမှ ဗီတို သုံးခွင့်ရှိသူ တရုတ်နိုင်ငံသည် အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်ခြင်းကို မလိုလားကြောင်း ယခင်ကပင် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ဖူးသည်။

သို့ရာတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Su San Rice က ကြာသပတေးနေ့တွင် ပြောကြားရာ၌ တရုတ်နိုင်ငံသည် အနောက် အင်အားကြီး နိုင်ငံများနှင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အသစ်ကို အကြိတ်အနယ် ဆွေးနွေးရန် အဆင်သင့် ရှိနေကြောင်း ရည်ညွှန်းခဲ့သည်ဟု ဆိုသည်။

နျူကလီယာ လက်နက် ထုတ်လုပ်ရန် အီရန်က ကြိုးစားနေသည်ဟု အနောက် အင်အားကြီးများက စွပ်စွဲလျက် ရှိပြီး၊ ၎င်းစွပ်စွဲချက်ကို တီဟီရန်က ငြင်းဆိုထားသည်။

တင်းမာခဲ့သော ဆက်ဆံရေးများ

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်သည် တိဘက် အရေး၊ ထိုင်ဝမ် အရေး တို့တွင် လတ်တလော သဘော ကွဲလွဲခဲ့သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဘီဂျင်းကို ရန်စခြင်း မပြုရန် ဟူကျင်းတောင်က အိုဘားမားကို သတိပေးခဲ့သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်ဝမ် နှင့် တိဘက် အရေးကိစ္စများသည် တရုတ်နိုင်ငံ၏ အချုပ်အချာ အာဏာ၊ နယ်မြေ ပိုင်ဆိုင်မှုနှင့် အတွင်းရေး ကိစ္စသာ ဖြစ်ပြီး အဆိုပါ ကိစ္စများ အပေါ်တွင် မှန်ကန်စွာ ကိုင်တွယ်ခြင်းသည် တရုတ် - အမေရိကန် ဆက်ဆံရေး လန်းဆန်း တည်ငြိမ်စေမည့် အဓိက သော့ချက်ပင် ဖြစ်သည်ဟု "ဟူ " က ရှင်းလင်းစွာ ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မစ္စတာ အိုဘားမား နှင့် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားတို့ ဖေဖော်ဝါရီလက တွေ့ဆုံခဲ့မှုကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့သလို၊ ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချမှု အပေါ်တွင်လည်း ဒေါသ ထွက်ခဲ့သည်။

တရုတ်နိုင်ငံတွင်းမှ ဆင်ဆာ ပိတ်ပင်မှုများ အပေါ် စိုးရိမ် ပူပန်နေသော အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ Google ကို အမေရိကန် ပြည်ထောင်စုက အားပေး ထောက်ခံလျက် ရှိပြီး အခြား ကုန်သွယ်ရေး ပြဿနာများမှာလည်း ပြီးပြတ်ခြင်း မရှိသေးပါ။

သို့သော်လည်း ဘီဂျင်းသည် အမေရိကန် လေယာဉ်တင် သင်္ဘော USS Nimitz ဟောင်ကောင်သို့ ဆိုင်ကပ် လည်ပတ်မှုကို ဖေဖော်ဝါရီလက ခွင့်ပြုပေးခဲ့သည်။

ထို့အပြင် အမေရိကန်နှင့် တရုတ် သဘောတူညီမှု ရရှိထားသော ကိစ္စ တစ်ခုမှာ မြောက်ကိုရီးယား အစိုးရ နျူကလီယာ အစီအစဉ်ကို အဆုံးသတ်ကာ စေ့စပ် ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်လာရန် လိုအပ်သည့် ကိစ္စပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှ ပြည်သူများ၏ အသံကို myanmarcupid.net စုစည်းထားရာ ပိုမို၍ ပျံ့နှံ့စေလို၍ myanmarcupid ကို ခွင့်မတောင်းဘဲ ဖြန့်ဝေလိုက်ပါသည်။

Posted by KoShweYoeGyi in the myanmarcupid .net

ပြည်တွင်းမှ ပြည်သူများကို စာနာပါ

ကျွန်တော်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို စိတ်မ၀င်စားဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစနစ် ကျပါသည်။ ထို.ကြောင့် လက်ခံပါသည် နဲ. ဒီမိုကရေစနစ်မဟုတ်ပါ လက်မခံပါ ဆိုတဲ့ ယူဆချက်တွေ မလုပ်လိုတော့ပါ။

၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အနှစ်သာရ မပြည့်စုံပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ပြဌာန်းသည့် ၂၀၀၈ အခြေခံဥပဒေသည် နာမည်ခံ ဒီမိုကရေစီ စနစ်ကိုသာ အခြေခံထားခြင်းဖြစ်သည်။ ထို.ကြောင့် မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီ စနစ် ရရှိမည်မဟုတ်ပါ။

ကျွန်တော် ဒီအထိကို လုံးဝဥသုန် အိပ်သွန်ဖာမှောက် အတိုက်အခံများဘက်မှ ထောက်ခံသည်။

သို.သော် ပြည်သူလူထုသည် ရပ်တန်.နေကြသူများမဟုတ်ပါ။ ဒီမိုကရေစီမရလို. သေသွားမည့် သူများ မဟုတ်ပါ။ ပြည်သူဆိုတာ နိစ္စဓူဝ စားဝတ်နေရေး ဖြေရှင်းကြရမည့်သူများ ဖြစ်သည်။ ထိုသူတို.သည် ဒီမိုကရေစီမရလို. တပြစ်တောက်ခေါက် မနေနိုင်ကြပါ။ ပြေးလိုက်လွှားလိုက်နှင့် အသက်ရှင် နေကြရသည့်သူများ ဖြစ်သည်။ မနက်မိုးလင်းလျှင် ၂၀၀ ပေးပြီး တိုးစီးနေရသော ဘတ်စ်ကားအတွက် တန်းစီရမည်။ မလောက်မငနှင့် ချို.ချို.တဲ့တဲ့ မဖြစ်ရအောင် ကြံကြရသည်။ ဖန်ကြရသည်။ ချဲထိုးသူကထိုးသည်၊ ဘောပွဲလောင်းရသူက လောင်းသည်။ ကြံရင်းနဲ. မွဲသူက မွဲသည်။ ပေါ်လစီမိတ်ကာများနှင့် ဆက်ဆံနေရသူများကြတော့ မြေရှင်ပဒေသရာဇ်စနစ်ကို ပြန်ပြောင်းသတိရစေလိမ့်မည်။ အောက်ခြေအလုပ်သမားများနှင့် ဆက်ဆံသူများက ဂျပန်ခေတ်ကို သတိရစေလိမ့်မည်။

ဤ အခြေအနေဆိုးတွေကို ပြည်သူလူထုက စပ်ဆုတ်ရွံရှာနေသည်။ အချို. စစ်သားများကလဲ စိတ်ပျက်နေပြီဖြစ်သည်။ ဒီမိုကရေစီ မရှိလို. စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းမဟုတ်။

မြန်မာပြည်သူလူထုသည် အလွန်ရှေးကျသော ခေတ်နောက်ပြန်ဆွဲနေသော အစိုးရ မူဝါဒ များကို စပ်ဆုတ် နေပြီ ဖြစ်သည်။ တိုင်းပြု ပြည်ပြု မူဝါဒများကို အလိုရှိနေသည်။ တိုက်ဆောက် ကားစီး မူဝါဒများကို အလိုမရှိတော့။ ဒီအတွက် ထွက်ပေါက် ရှာပေးနိုင်မည့်သူကို အလိုရှိသည်။ ကောင်းနိုးနိုး မူဝါဒကို ဟောပြောပေးနိုင်သူကို အလိုရှိနေတာမဟုတ်။ ထွက်ပေါက်ကို အမှန်တကယ် ရှာဖွေ ပေးနိုင်သူကို မျှော်လင့်နေကြသည်။

၂၀၁၀ ကို မျှော်လင့်နေသူတွေ မြန်မာပြည်ထဲမှာ ရှိသည်။၊ အနည်းဆုံးတော့ မူဝါဒတွေ ပြောင်းလာနိုင်ဖို.ကို မျှော်လင့်နေကြသည်။ အများပြည်သူ ကို ပြန်ငဲ့ကြည့်မည့်သူများကို စောင့်နေကြသည်။ ထင်ရာစိုင်းတာထက် အနည်းဆုံး ပါလီမန်ထဲ ဘက်မညီမှုကို မြင်ရနိုင်သည်။ အရပ်ဝတ် စစ်သားနဲ. ယူနီဖောင်း စစ်သားတို. အားပြိုင်တာကို မြင်ရနိုင်သည်။ ထိုအထဲမှာမှ ပြည်သူ.ဘက် ကြည့်မည့် စစ်သား ( ပြည်သူ.ဘက်ကြည့်တယ်ဆိုလို. နိုင်ငံရေး အကျဉ်းသားချည်း ပြေး မမြင်ပါနဲ.၊ ရေမီးမှန်ဖို.၊ အခြေခံလစာတွေ တက်လာဖို. အလုပ်အကိုင်တွေ ပေါများလာဖို. ဆိုတာတွေလဲ အရေးကြီးပါတယ်) တွေ၊ အရပ်ထဲက အမတ်တွေ ပြောခွင့် ရှိကောင်း ရှိမည်။ အနည်းနှင့် အများတော့ ယခုလို တစ်မိန်. စနစ်ထက် သာမည်ဟု မြင်မိသည်။

၂၀၁၀ ကို မျှော်နေသည်။ ကောင်းလာဖို. မျှော်နေခြင်းမဟုတ်။ အနေချောင်ဖို. မျှော်နေကြခြင်းဖြစ်သည်။ ပေါ်လစီ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့် ရလာမည် ဆိုလျှင် မဆိုး။ ပေါ်လစီဆိုလို. အကျဉ်းသားလွတ်မြောက်ရေး၊ ဒီမိုကရေစီ စာပေလွတ်လပ်ခွင့်ရှိရေး၊ ရဲတွေ အကျင့်ပျက်မှုကို အပုတ်ချနိုင်ရေးသည်ပဲ ပေါ်လစီမဟုတ်။ ကျန်းမာရေး စောင့်လျှောက်မှု စရိတ် တိုးချပေးဖို.၊ ပညာရေးစနစ်ကောင်းမွန်ဖို.၊ လက်ဝါးကြီးအုပ် စီးပွားရေး မူဝါဒတွေ ပြင်ဆင်ဖို. စတာတွေဟာလဲ မူဝါဒတွေထဲ အကျုံးဝင်ပါတယ်။ ( နိုင်ငံခြားမီဒီယာတွေကတော့ အကျုံးမ၀င်သလိုလို အဖက်မလုပ်သလိုလို ) ဒါတွေကို ဝေဖန်ထောက်ပြခွင့်ရမယ်၊ ညှိုနှိုင်းခွင့်ရမယ်လို. မျှော်လင့်နေကြခြင်း ဖြစ်ပါတယ်။

ဒါတွေ ဖြစ်မလာတော့ရော။ ပိုဆိုးသွားမှာလား။ အခုလက်ရှိအခြေအနေထက် ဆိုးစရာ ဘာရှိသေးလဲ။ ပြည်သူအတွက် ဘာများ ပိုဆိုးနိုင်သေးလဲ။ တရားဝင်မယ်တဲ့လား။ တရားမ၀င်တော့ရော စစ်အစိုးရကို ထောက်ခံတဲ့ အစိုးရတွေက ထောက်ပံ့နေတာပဲ မဟုတ်လား။ တရားစွဲဖို. နိုင်ငံတကာခုံရုံးကို တက်မတဲ့လား။ လူမသိသူမသိ ဖြစ်သွားတဲ့ ဒီပဲရင်း ကို အသာထားလို. လူရှေ့သူရှေ့ ဘုန်းကြီးကို တုတ်နဲ. ရိုက်တာတောင် တက်လို.လား။ တရားဝင်ဖြစ်တာနဲ. မဖြစ်တာ စစ်အစိုးရအတွက် နာမည်ကောင်း ရတယ်၊ မရဘူးကလွဲရင်၊ နိုင်ငံတကာနဲ. စကားပြောရာမှာ တင့်တယ်မှာနဲ. မတင့်တယ်မှာကလွဲရင် အခြား အကျိုးက ဘာမှ မရှိဘူး။ ပြည်သူအတွက်ကတော့ ထူးမခြားနားပဲ။

၂၀၁၀ ကို မျှော်လင့်သူတွေ ရှိတယ်။ မမျှော်လင့်သူတွေ ရှိတယ်။ မမျှော်လင့်သူတွေကတော့ ထူးမခြားနား အစိုးရမို. ထူးမခြားနား ဇာတ်ပဲခင်းမှာပဲမို. သူတို.တွေအနေနဲ.လဲ ထူးမခြားနား ဘ၀မှာ ရုန်းကန်ရဦးမှာမို. မစဉ်းစားချင်တော့ပါတဲ့။ ဒါလဲ ဟုတ်တာပဲ။ မျှော်နေတဲ့အထဲက ပြည်သူတွေကတော့ ၂၀၁၀ ကို မျှော်နေတာ ဒီမိုကရေစီ ရပဟေ့ ဆိုပြီး မျှော်နေတာ မဟုတ်ဘူး။ ၂၀၁၀ ဟာ ထွက်ပေါက်ဟုတ်တယ်လို.လဲ ဘယ်သူမှ မယုံဘူး။ ဘယ်သူမှ အဲ့လောက်ထိ ဥာဏ်မတိမ်ဘူး ထင်တယ်။

ထောင်ထဲမှာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက် ရိုးရိုးအကျဉ်းခန်းထဲ ပြန်ခွင့်ပေးမယ် ဆိုလို. မျှော်လင့်နေသလို မျှော်နေကြတာပါ။ မလှိမ့်တပတ်နဲ. ပြန်ပိတ်ထားရင်ရော။ အခုလက်ရှိအခြေအနေမှာရော ဘယ်သူတွေကများ ဘာများ ဖြစ်မြောက်အောင် လုပ်ပေးနိုင်လို.လဲ။

ပြည်သူတွေ ဘယ်လို ခံစားနေရလဲ ဆိုတော့ ရှင်းရှင်းလေးပဲ။ ဒီအခြေအနေဆိုးထက် နည်းနည်း သက်သာမယ် ထင်တဲ့ အခြေအနေတစ်ခုဆီကို သွားချင်တယ်။ ဒါပါပဲ။ အနှစ် ၂၀ လုံးလုံး ပိန်းပိတ်အောင် မှောင်နေတဲ့ ပြည်သူတွေ အတွက် အလင်းရောင်လေးကို မျှော်လင့်မိတယ်။ မရတော့လဲ ဆက်ပိန်းပိတ်အောင် မှောင်ရမှာပဲ။

-------------------------------------------------------------

Posted by burma blood  in the myanmarcupid .net

ကျနော့် အနေနဲ့ ရွေးကောက်ပွဲကြီးကို ကြိုဆိုပါတယ်။

ရွေးကောက်ပွဲကို ကြိုဆိုပါတယ်ဆိုတာ ဒီအစိုးရကို ယုံကြည်ပါတယ် ၂၀၀၈ ဥပဒေကို သဘောကျတယ် ရွေးကောက်ပွဲကို ယုံကြည်ပါတယ်လို့ မဆိုလိုပါဘူး။

ကျနော် အစိုးရကို မယုံကြည်ပါ။

၂၀၀၈ အခြေခံဥပဒေမှာ ချွတ်ယွင်းချက်အများကြီးရှိတာကို လက်ခံပါတယ်။

ရွေးကောက်ပွဲဥပဒေ မတရားတာကို လုံးဝလက်ခံပါတယ်။

ရွေးကောက်ပွဲမှာ အစိုးရ မဲလိမ်ကောင်းလိမ်ဦးမယ် ကလိမ်ကကျစ် ကျကောင်းကျဦးမယ်ဆိုတာ လက်ခံပါတယ်။

ဒါဆို ဘာလို့ ရွေးကောက်ပွဲကို ကြိုဆိုတာလဲ။

ရှင်းပါတယ်။ရုပ်ရှင်ကားတောင် ၂ ခါ ၃ခါ ကြည့်ရရင် ငြီးငွေ့သေးတာပဲ။

ကျနော်တို့ ခပ်ညံ့ညံ့ဇာတ်ကားကြီးတစ်ကားတည်းကို သဘောမကျပဲ ကြည့်လာတာ နှစ်ပေါင်း ၂၀ကျော်ပါပြီ။

နောက်ထပ်ကားတစ်ကားက ဒီလိုပဲခပ်ညံ့ညံ့ကားဖြစ်နေပါစေဗျာ ကားအပြောင်းအလဲ လေးတော့ကြည့်ချင်ပါသေးတယ်။တိုင်းပြည်အပြောင်းအလဲ ကို မနက်ဖြန်၊သဘက်ခါ ကောင်းနိုး မျှော်နေကြတဲ့ကျနော့် အဖိုးအဖွားတွေလဲ တစ်ယောက်မှ သက်ရှိထင်ရှားမရှိကြတော့ဘူး။

အနည်းဆုံးတော့ဗျာ ခု သတင်းဖတ်ရတာ နဂိုကထက် နည်းနည်း စိတ်ဝင်စားစရာ ပိုကောင်းတာပေါ့။

နောက်ဆုံးစစ်တပ်နဲ့ စစ်တပ်က ထောက်ခံသူတွေ ရာနှုန်းပြည့်အာဏာယူဦးဗျာ..အနေအထားတွေ ပြောင်းရတော့မယ်။

စစ်ဝတ်စုံ ၂၅ ရာခိုင်နှုန်းနဲ့ ၀တ်စုံချွတ်တွေနဲ့ ဆိုပြီး။

အယုတ်ဆုံးဗျာ ခုလို တစ်သွေးတစ်သံ တစ်မိန့်နေရာကနေ တပ်ကလာသူတွေ၊ တပ်မှာဆက်ရှိနေသူတွေနဲ့ အရပ်ဘက်ကလာသူတွေ အာဏာ အားပြိုင်မှုတွေ ရှိလာနိုင်တယ်။

အချို့ကလဲ ပြောကြတယ်။ အနာဂတ်ဖွဲ့စည်းပုံမှာ စစ်တပ်က ၂၅% ယူထားလို့ဆိုပြီးတော့။ ဒီနေရာမှာ တစ်ခု သတိထားဖို့က အခုစစ်တပ်က အနှစ် ၂၀ကျော်လုံးလုံး ရာနှုန်းပြည့်အုပ်ချုပ်လာတာ။ ဒါကို မကြိုက်လို့ စစ်တပ်ကို အပြုတ်မတိုက်နိုင်ရင်တော့လဲ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ပြောင်းလဲ ရေးလုပ်ရမှာပဲ။

နောက်တစ်ခုက ဒီအစိုးရကို တရားဝင်အစိုးရပြောပြော တရားမ၀င်ဘူးပြောပြော နိုင်ငံကို တကယ်လက်တွေ့ အုပ်ချုပ်နေတာ သူတို့ပဲ။ တရားမ၀င်ဘူးပြောလဲ အပြောပဲ ရှိမှာပဲ။

နယ်ချဲ့အင်္ဂလိပ်အစိုးရ နဲ့ဂျပန်တို့ မြန်မာပြည်ကို မတရားသိမ်းပိုက်ခဲ့ တဲ့ အတွက်မတရားအစိုးရ တရားမ၀င်အစိုးရလို့ ပြောလည်း သဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေ အဲဒီအချိန်မှာ တကယ်အုပ်ချုပ်ခဲ့တဲ့ အစိုးရက သူတို့ပဲ။

၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာကို လည်း အန်အယ်ဒီက ဆုပ်ကိုင်ထားသည်ဖြစ်စေ မဆုပ်ကိုင်ထားသည်ဖြစ်စေ လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့ အတွက် ပြည်သူလူထုအတွက်တော့ ဘာမှ ကိုမထူးပါဘူး။ အစိုးရအနေနဲ့ကတော့ ၉၀ ရွေးကောက်ပွဲရလဒ်ဟာ အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ အစိုး၇ကို စိတ်အနှောင့်အယှက်ဖြစ်စေရုံနဲ့လဲ ပြည်သူတွေ အတွက်ဘာမှ ပိုကောင်းမလာပါဘူး။

အန်အယ်ဒီ ရွေးကောက်ပွဲမ၀င်တာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ မှန်ပါတယ်။ မတရားမှုကို ငုံ့မခံတဲ့အတွက်။ ဒါပေမဲ့ ပါတီအတွက်ေ၇ာ တိုင်းပြည်အတွက်ရော အကျိုးရှိတယ်မထင်ပါဘူး။

ပါတီမရှိပေမဲ့ နိုင်ငံရေးရှိရင်ဆက်လက်ရှင်သန်နိုင်တယ်ဆိုကြတယ်။ ပါတီကြီးရှိနေတာတောင် ဘာမှ မလုပ်နိုင်တာ  ပါတီမရှိဘဲနဲ့ ဘာတွေ များလုပ်ကြဦးမလဲ ကျနော်တော့ စဉ်းစားလို့မရပါ။ အချို့က ထောက်ပြကြတယ်။ ၈၈အရေးအခင်းထဲ က နေ ပါတီတွေပေါ်ပေါက်လာတာ ကို။ ဒါပေမဲ့ ခုဟာ က ၈၈ခုနှစ်ကာလလဲ မဟုတ်တော့ပါဘူး။ အန်အယ်ဒီ ပါတီမရှိတော့ပေမဲ့ ၀ါးအစည်း ပြေ သလို ဖြစ်နေတဲ့ဒီပါတီဝင်တွေကို အစိုးရက ဆက်လက် စောင့်ကြည့်နေမယ် ဖိနှိပ်နေမယ်ဆိုရင် ဘယ်လို လှုပ်ရှားကြမလဲ။ ကျနော့် အမြင်ကတော့ ပါတီမရှိတော့အခါ အန်အယ်ဒီပါတီဝင်တွေဟာ နဂိုကလောက်တောင် လှုပ်ရှားနိုင်မယ်မထင်ဘူး။

ကျနော်ဖြစ်စေချင်တာကတော့ ရွေးကောက်ပွဲကို မယုံပေမဲ့ လက်ခံရာလဲ မကျအောင် စတိ သဘော ပါတီအဖျက်မခံ၇အောင် ၃ နေရာလောက် ၀င်အရွေးခံပြီး ရွေးကောက်ပွဲအကြောင်းပြပြီး ပါတီကို အင်အားတည်ဆောက်စေချင်တာပါ။

အန်အယ်ဒီမြို့နယ် ရုံးခွဲတစ်ခုဖွင့်တာ လူ၎သောင်းခွဲလောက် တက်ရောက်ကြတယ်ပြောတယ်။ ရွေးကောက်ပွဲ မ၀င်ပေမဲ့ ဒါကိုအကြောင်းပြုပြီး တနိုင်ငံလုံးကပြည်သူတွေကိုစည်းရုံး အင်အား တည်ဆောက်စေချင်တာ။ အနည်းဆုံး ၆ လတော့ အချိန်ရမှာပေါ့ဗျာ။သပိတ်မှောက်မယ် ဆို၇င်တောင် အဲလို အချိန်မှဆို ပိုမကောင်းဘူးလား။

အခုတော့ အချို့ မီဒီယာတွေ က အန်အယ်ဒီက လူတွေကို မေးတယ် ဘာဆက်လုပ်ကြမလဲ ဆိုတော့ လူမှုရေးလုပ်ငန်းတွေ လုပ်သွားမယ်တဲ့... နိုင်ငံရေးပါတီဘ၀ကနေ ငုတ်တုပ်အသေခံပြီး ရေကြည်တော်ဝတ်အသင်းအဆင့်ကို ခုန်ဆင်းသွားလေသလားလို့ စဉ်းစားမိတယ်ဗျာ။

………………………………………………………………………………………..

Posted by Mr Yoda in the myanmarcupid .net

ဆွေးနွေးနေကြတာ အန်အယ်ဒီမ၀င်တာ မှားသလား မှန်သလား ဆွေးနွေးသလိုဖြစ်လာသလိုပဲ။

တကယ်တော့ဗျာ တပ်မတော်အစိုးရက ၂၀၀၈ ဥပဒေကို လက်မခံသူ ၀င်မပါရအောင် ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ရေးဆွဲထားတယ်၊ ဒီတော့ ၂၀၀၈ ဥပဒေကို လက်မခံနိုင်တဲ့ အန်အယ်ဒီကမ၀င်ဘူး၊ အခြေက အန်အယ်ဒီ အဖျက်ခံရတော့မယ်။ အဲတော့ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး တပ်မတော်အစိုးရက အန်အယ်ဒီပါပါ မပါပါ သူတို့လျှောက်နေတဲ့ လမ်းကြောင်းကို သူတို့လျှောက်မှာပဲ၊ ဒီတော့ အန်အယ်ဒီအနေနဲ့ မပါတာပိုမကောင်းဘူးလား။

ကျွန်တော်စိတ်ဝင်စားနေတာက ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံအခြေနေဘယ်လိုဖြစ်မလဲ ဒါပဲစိတ်ဝင်စားတယ်။

၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အမှုတခုဖြစ်ရင် တိုင်းမှူးဆီက ဆုံးဖြတ်ချက်ညွှန်ကြားမှုကို တရားသူကြီးကစောင့်မျှော်ပြီး ဆုံဖြတ်ချက်ချရတဲ့ စနစ်ပျောက်သွားဖို့၊ ကိုယ့်သားသမီးတွေကို သွေးဆောင်ခေါ်ယူပြီး တပ်ထဲရောင်းစားတဲ့ စနစ်ကလွတ်မြောက်ဖို့၊ တပ်ထဲကထွက်ချင်ရင် တပ်သားသစ် ၃ယောက် ရှာပေးပြီးမှ ထွက်လို့ရတဲ့စနစ်ပျောက်သွားဖို့၊ ရဟန်းတော်များ တရားပွဲတခုကို သက်ဆိုင်ရာက ခွင့်မပြုပဲ ဟောခွင့်မရတဲ့ အခြေနေကလွှတ်မြောက်ဖို့၊ သတင်းတွေကို ခွင့်ပြုချက်မရပဲ ဖေါ်ပြခွင့်မရတဲ့ စနစ်ကနေလွှတ်မြောက်ဖို့ ကျွန်တော်တို့ ရွေးကောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဘယ်လောက်လုပ်ပေးနိုင်မှာလဲ။

ဒါတွေက ကျွန်တော်တို့ဝမ်းဝရေးထက်ပိုအရေးကြီးနေတဲ့ အချက်တွေပါ။ အခုအချိန်အထိ ခါးမလှတောင် ၀မ်းဝအောင်တော့ ကျွန်တော်တို့ ရှာစားနိုင်နေပါသေးတယ် ဒါပေမဲ့ အပေါ်က ကျွန်တော်ပြောထားတဲ့အချက်တွေကိုတော့ ကျွန်တော်တို့ ဘယ်လိုမှရှောင်လို့မရဘူးဖြစ်နေတယ်ဗျာ။

ဒါတွေကို ဘယ်ကိုယ်စားလှယ်လောင်းတွေက အာမခံပေးမလဲ အဲဒါကို စိတ်ဝင်စားတယ်၊ အန်အယ်ဒီကတော့ လက်ရှိတပ်မတော်အစိုးရ ပြဌါန်းထားတဲ့ ဥပဒေအခြေနေတွေအောက်မှာ သူတို့ အထက်ကအချက်တွေကောင်းအောင် ဘယ်လိုမှ လုပ်လို့မရဘူးဆိုပြီး ၀င်မရွေးတော့ပါဘူး။

သေချာတာကတော့ လူတွေ ရွေးကောက်ပွဲ ဥပဒေ တွေ ဒီချုပ် မပါတာတွေ စိတ်ဝင်စား မစားတော့ မသိဘူး..

မီးပြတ်-ရေပြတ်တာကိုတော့ အတော့ကို စိတ်ဝင်တစား ညည်းညူ နေကြတာတော့ အမှန်ပဲ ဖြစ်လိမ့်မယ်..

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.