Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Wai Moe, 19th April 2010

ပြီးခဲ့သည့် စနေနေ့က မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တာဝန်ရှိသူများသည် အစိုးရ တာဝန်ရှိသူများနှင့် တနင်္လာနေ့က မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

KIO အနေဖြင့် လာမည့် ကြာသပတေးနေ့တွင် နယ်ခြားစောင့်တပ် ပြောင်းလဲရေး အတွက် အဖြေ ပေးရမည် ဖြစ်သည်။

KIO ဌာနချုပ် လိုင်ဇာမှ လာသော သတင်းများအရ KIO ဗဟို ကော်မတီဝင် KIA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂမ်မော်သည် တနင်္ဂနွေနေ့က မြစ်ကြီးနားသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ယခု အစည်းအဝေးသည် အရေးပေါ် အစည်းအဝေး ဖြစ်ကြောင်း KIO မှ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။ ၎င်းတို့သည် မြစ်ဆုံ ရေကာတာ စီမံကိန်း ဗုံးကွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ယူဆရကြောင်း ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့်အတူ ဆက်သွယ်ရေး ဝန်ကြီး၊ ကချင်ပြည်နယ် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးအသင်း ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဗိုလ်ချုပ် သိန်းဇော်လည်း တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

မြစ်ကြီးနား အနီး မြစ်ဆုံဒေသတွင် တရုတ် အစိုးရက တည်ဆောက်လျက် ရှိသော မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် စနေနေ့က ဗုံး ၂၆ လုံး ကွဲခဲ့ရာ ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း ဒေသခံများထံမှ လာသော သတင်းများအရ သိရှိရသည်။

ချင်းမိုင်ရှိ ကချင် သတင်း အေဂျင်စီမှ လာသော သတင်းများအရ ဗုံးပေါက်ကွဲမှုအရ တရုတ် ပညာရှင် လေးဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိကြောင်း ဆိုသည်။

ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက ယင်းစီမံကိန်းသည် အဆိုပါ ဒေသရှိ လူများ၏ လူနေမှုဘဝ နှင့် ဧရာဝတီ မြစ်ကြီးနှင့် ပတ်သက်သော လူများ၊ ပတ်ဝန်းကျင်များကို ထိခိုက်မှု ရှိသည်ဟု ကန့်ကွက်ခဲ့ကြသည်။

အချို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက KIO ကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး အမြင်အရ အပြစ်တင်ခဲ့ကြသည်ဟု ဆိုသည်။

"တချို့ အစိုးရ ပုဂ္ဂိုလ်တွေက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး KIO ကို စွပ်စွဲလိုကြပါတယ်။ ဒါပေမယ့် ဒါက အဓိပ္ပါယ် မရှိပါဘူး။ KIO နဲ့ ပတ်သက်ခြင်း မရှိပါဘူး" ဟု လိုင်ဇာမှ လာသော သတင်း တစ်ရပ်က ဆိုသည်။ ယခု ဖြစ်ရပ်၏ နောက်ကွယ်တွင် KIO နှင့် တရုတ် အာဏာပိုင်များ ကြားတွင် ဆက်ဆံရေး ထိခိုက်အောင် ပြုလုပ်လိုသူများက လုပ်ဆောင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းက ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုများမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကြားတွင် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ အခြေအနေများ တင်းမာနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စစ်ဖက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပါအဝင် စစ်ဖက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဧပြီလ ၂၂ ရက်နေ့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လိုက်နာရန် ပျက်ကွက်ပါက တရားဥပဒေအရ အရေးယူမှုများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ပြောဆိုချက်ကို အဓိပ္ပါယ် ဖွင့်ဆိုပါက ဧပြီလ ၂၈ ရက်ခန့်တွင် တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာခြင်း ခံရနိုင်သည်ဟု ဆိုသည်။

တရုတ် - မြန်မာ နယ်စပ်မှ သတင်းတစ်ရပ်က ပြောကြားရာတွင် ပြီးခဲ့သည့် မတ်လကုန်နှင့် ဧပြီလဆန်းက မြန်မာ စစ်တပ် အာဏာပိုင်များသည် KIO၊ UWSA နှင့် NDAA တပ်များနှင့် တွေ့ဆုံရာတွင် လေသံ တင်းမာခဲ့သည်ဟု ဆိုသည်။

ယခု မြစ်ကြီးနား၌ တွေ့ဆုံရာတွင် ကချင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ် ကိစ္စကိုလည်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

"အခုအထိတော့ KIO ဟာ ရပ်တည်ချက် မပြောင်းပါဘူး။ ပင်လုံ သဘောတူညီချက် အရ ပြည်ထောင်စု ကာကွယ်ရေး အင်အားစု ခံယူချက်ကိုပဲ ထောက်ခံပါတယ်" ဟု KIO သတင်း တစ်ရပ်က ပြောသည်။ အဆိုပါ ပြောဆိုမှုသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ကချင်နှင့် အခြား တိုင်းရင်းသား အဖွဲ့များသည် မိမိတို့ ဒေသနှင့် နယ်စပ် ဒေသများတွင် အပြည့်အဝ အုပ်ချုပ်ခွင့် ရရှိမည် ဟူသော အချက်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

တချိန်တည်းတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ရန်ကုန်တွင် သင်္ကြန်ပွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးပြီး၊ ၁၇၀ ဦး ဒဏ်ရာ ရရှိကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။ ထိုနေ့တွင်ပင် တရုတ် - မြန်မာ အဓိက နယ်စပ်ဂိတ် မူဆယ်ရှိ ၁၀၅ မိုင် ဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

မူဆယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း မူဆယ်နှင့် လိုင်ဇာရှိ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ ပုံမှန် ဖြစ်ကြောင်း ဧရာဝတီမှ လုပ်ငန်းရှင် တစ်ဦးအား ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သော အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ် ပါတီသည် ကြာသပတေးနေ့တွင် မော်လမြိုင်၌ မြန်မာ စစ်တပ် အာဏာပိုင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ DKBA သည် နယ်ခြားစောင့်တပ် ကိစ္စနှင့် ပတ်သက်၍ စနေနေ့တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS News, By Larry Jagan, 10th April 2010

အရှေ့တောင် အာရှ ခေါင်းဆောင်များသည် လတ်တလော ပြီးစီးသွားသော ၎င်းတို့၏ နှစ်လည် ညီလာခံတွင် မြန်မာ အစိုးရကို ခပ်မာမာ တွန်းအားပေးခဲ့ခြင်း မရှိဘဲ လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲများကို လက်ခံ ယုံကြည်စရာ ကောင်းအောင် ကျင်းပစေရန် ပါးပါးနပ်နပ် ချည်းကပ်ကာ အသာအယာ တွန်းခြင်းဖြင့် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

အဓိက အတိုက်အခံ NLD ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော ရွေးကောက်ပွဲများ အပေါ် နိုင်ငံတကာက စိုးရိမ် ပူပန်နေချိန်တွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက အထက်ပါ နည်းလမ်းဖြင့် ကိုင်တွယ်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

"အေးအေးဆေးဆေး ဆက်ဆံတာက ပိုပြီးတော့ ကောင်းပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က ဟနွိုင်း ညီလာခံ အဝန်းအဝိုင်းတွင် IPS သတင်းဌာနသို့  ပြောလိုက်ပြီး "ဖိအား ဝင်နေပုံ ရတဲ့သူတွေ မပါဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ သီးသန့် ပွင့်ပွင့်လင်းလင်း တွန်းအားပေး နိုင်ပါလိမ့်မယ်" ဟု ဆက်လက် ပြောကြားသည်။

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ရေး တွန်းအားပေးရန် ကြိုးစားခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရာကတ် ဆာသီရာထိုင်း ကျင့်သုံးခဲ့သည့် ပေါ်ပေါ်ထင်ထင် ဝေဖန် ဆက်ဆံရေး မူဝါဒကို မြန်မာ အစိုးရက ကန့်ကွက်ခဲ့ဖူးသည်။

၂၀၀၄ အောက်တိုဘာတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ရှားခံရပြီး နောက်ပိုင်း မြန်မာ အစိုးရက အာဆီယံ မဟာမိတ်များနှင့်ပင် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လုံးဝ စိတ်မပါကြောင်း ပြသခဲ့သည်။

သို့ရာတွင် စစ်အစိုးရကို လူသိရှင်ကြား အဆက်မပြတ် ကာကွယ် ပေးခဲ့သော အာဆီယံ အဖွဲ့ကို ရွေးကောက်ပွဲဖြင့် စိတ်အနှောင့်အယှက် ပေးခြင်း မပြုရန် အာဆီယံ နိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့က အနည်းဆုံး တစ်ဦးခြင်း အနေဖြင့် မြန်မာ အစိုးရကို ဖိအားပေးရန် ရည်ရွယ်ထားကြသည်။

"နိုင်ငံတကာက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပါမယ်လို့ မြန်မာ အစိုးရက ကတိပေးထားတာကို ကျွန်တော်တို့ အဆက်မပြတ် သတိပေး သွားမှာပါ" ဟု နာတာလီဂါဝမ်က ပြောကြားခဲ့သည်။

အာဆီယံ နှစ်လည် ညီလာခံ၏ တရားမဝင် ဆွေးနွေးမှုနှင့် သီးသန့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ကိစ္စကို ဦးစားပေး အစီအစဉ် အဖြစ် ထည့်သွင်းထားချိန်တွင် အာဆီယံ အဖွဲ့၏ တရားဝင် ကြေညာချက်၌ မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲကို ယာယီ ထုတ်ဖော် ရည်ညွှန်းမှုမျှသာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ မဲရွေးပွဲများကို အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပရန် မျှော်လင့်ထားကြသော်လည်း ကျင်းပမည့် ရက်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။

မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် လွတ်လပ် မျှတ၍ တံခါးဖွင့် ကြိုဆိုသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတို့၏ အရေးကြီးပုံကို မိမိတို့ အလေးအနက် ပြောကြားလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်း ညီလာခံ အပြီး ထုတ်ပြန်သော အာဆီယံ ဥက္ကဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

"ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝသင့်ပါတယ်။ ဒါမှသာ နိုင်ငံရေး ပါတီ အားလုံး ပါဝင် ယှဉ်ပြိုင်မှုနဲ့အတူ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှုကို ရနိုင်မှာပါ" ဟု ညီလာခံ သဘာပတိ အဖြစ် ဆောင်ရွက်သူ ဗီယက်နမ် ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းက နောက်ဆုံး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ "ဒီအချက်တွေကသာ နိုင်ငံ တည်ငြိမ်မှုကို အထောက်အကူပြုမှာ ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု အခြေခံ တွေကိုလည်း ဖန်တီးပေးပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ဆယ်စုနှစ် တစ်စု နီးပါး အတွင်း အပျော့ပြောင်းဆုံး ဖြစ်သော အာဆီယံ ကြေညာချက်တွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖော်ပြခြင်းကို ရှောင်ရှားထားသည်။ ညီလာခံသို့ လာရောက်နိုင်ခဲ့ခြင်း မရှိသည့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား အား ဝိုင်းပတ်နေသည့် နိုင်ငံရေး ပြဿနာများက လတ်တလော ဖြစ်ရပ်များကို လောင်းရိပ်မိုးနေခြင်းကြောင့် မြန်မာနိုင်ငံသည် ယခု တစ်ကြိမ်တွင်လည်း အပြစ်တင်ခံရမည့် အရေးမှ ကံကောင်း ထောက်မစွာ ဘေးမသီ ရန်မခ လွတ်မြောက် လာခဲ့ပြန်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအား ဖြစ်နိုင်သမျှ အပျော့ပြောင်းဆုံး သတ်မှတ် ရည်ညွှန်းရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသော ဗီယက်နမ်တို့ အတွက် ယခု ညီလာခံက စိတ်သက်သာရာ ရစေခဲ့သည်ဟု ညီလာခံသို့ တက်ရောက်ခဲ့သော အမည် မဖော်လိုသည့် သံတမန်များ၏ အဆိုအရ သိရှိရသည်။

"ဗီယက်နမ်က နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း အဖြစ် တည့်တည့်ပဲ မြင်ကြတာပါ" ဟု ဗီယက်နမ် သတင်းထောက် တစ်ဦးက ပြောကြားသည်။ ဟနွိုင်းနှင့် မော်လမြိုင် အကြား အသစ် ဖွင့်လှစ်လိုက်သော လေကြောင်းလိုင်းက ဤအချက်ကို ပြသနေသည်။

ညီလာခံ မတိုင်မီ ဗီယက်နမ် ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ခေတ္တ သွားရောက်ခဲ့ခြင်းမှာ မတော်တဆ တိုက်ဆိုင်မှု ဟုတ်ပုံ မရပါ။ မြန်မာနိုင်ငံကို ၎င်း၏ အဓိက ထောက်ခံ အားပေးသူ ဘီဂျင်း ထံမှ ခွာထုတ်ရန် စည်းရုံးရေးကို ဟနွိုင်းက အထူးပင် စိတ်ဝင်စားနေပြီး မြန်မာ ခေါင်းဆောင်များကို ဝါရှင်တန်နှင့် ညှိနှိုင်း ဆွေးနွေးရန် အကြံပေးလျက် ရှိသည်။

အရေးကြီးသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသော မြန်မာနိုင်ငံကို အင်ဒိုနီးရှားက အကူအညီနှင့် အတွေ့အကြုံများ မျှဝေရန် ကမ်းလှမ်းထားသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က ပြောကြားခဲ့သည်။ ၁၉၉၈ တွင် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီး နောက်ပိုင်း ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းခဲ့ခြင်းကို ရည်ညွှန်းကာ နာတာလီဂါဝမ်က "အင်ဒိုနီးရှား ကိုယ်၌က အခုလို အကျပ်အတည်း ကာလက လွတ်မြောက်ကာစ ဖြစ်လို့ မြန်မာနိုင်ငံကို နားလည်စာနာ ပေးနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ၁၉၉၉ ခုနှစ် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွေကလည်း ပြည့်စုံ မှန်ကန်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့လည်း ပါလီမန်မှာ စစ်တပ် အတွက် နေရာတွေ ပေးခဲ့ရပါတယ်" ဟု ၎င်းက ပြန်ပြောင်း သုံးသပ်ပြသည်။ "ဒါပေမယ့် အဲဒီ အချိန်က စပြီး ရွေးကောက်ပွဲတိုင်းဟာ ပိုပိုပြီး ကောင်းမွန် ပြည့်စုံလာပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေးဟာ လုပ်ငန်းစဉ် တစ်ခုပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံ အခု လုပ်နေတာတွေဟာ ဒီရွေးကောက်ပွဲတွေနဲ့ အတူ ဒီမိုကရေစီ ခရီးရှည်ကို စတင် ချီတက်လိုက်တာပါပဲ" ဟု ၎င်းက အားပေး တိုက်တွန်းသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo ကမူ ညီလာခံတွင် သတင်းထောက်များအား ပြောကြားရာ၌ "လာမယ့်လတွေက မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ ကာလ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံ ဘာဖြစ်မလဲ ဆိုတာကို မြန်မာ ပြည်သူတွေကသာ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က အပြင်လူတွေပါ။ အမြန်ဆုံး တိုးတက် ပြောင်းလဲအောင် လုပ်ဆောင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုခဲ့သည်။

"စစ်မှန်တဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ နည်းလမ်းကို အခု ရွေးကောက်ပွဲတွေက ဖြည့်ဆည်းပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသူမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ဖြစ်ပြီး ၎င်းက ဆက်လက်၍ "အကူအညီ၊ အထောက်အပံ့တွေ ကမ်းလှမ်းဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ" ဟု ပြောကြားလိုက်သည်။

နိုင်ငံတကာ အကဲခတ်များနှင့် လေ့လာသူများ၏ အကြံဥာဏ်ကို မြန်မာ အစိုးရက ရှောင်ရှားခဲ့သည့် ဤကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က "အထင်ရှားဆုံး သက်သေ သာဓက ပြရရင် အင်ဒိုနီးရှားရဲ့ ၁၉၉၉ ရွေးကောက်ပွဲဟာ နိုင်ငံခြား မိတ်ဆွေတွေရဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ် ဆိုရင် အပြစ် အနာအဆာ ပိုကင်းခဲ့မှာပါ" ဟု IPS သို့ ပြောကြားခဲ့သည်။

၁၉၉၉ ခုနှစ် ဆူဟာတို ခေတ်လွန် ပထမဆုံး ရွေးကောက်ပွဲကို အကဲခတ်မည့် စောင့်ကြည့် လေ့လာသူများကို အင်ဒိုနီးရှားက ခွင့်ပြုခဲ့သည်။ "ဒါပေမယ့် စောင့်ကြည့် လေ့လာသူတွေ၊ အကဲခတ်သမားတွေကို အသုံးပြုဖို့ ကျွန်တော်တို့ ရှောင်ရှားခဲ့သင့်တယ်။ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိတဲ့သူ တစ်ဦးတစ်ယောက်ရဲ့ အကြံဥာဏ်ကသာ ပိုပြီးတော့ အသုံးဝင်ပါတယ်" ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့ရာတွင် အာဆီယံ ခေါင်းဆောင်များက ၎င်းတို့ အနေဖြင့် မြန်မာ အစိုးရ အပေါ် အနည်းငယ်မျှသာ လွှမ်းမိုးနိုင်မည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြသည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က "ကျွန်တော်တို့က မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ တကယ်လို့ တရုတ်နဲ့ အိန္ဒိယက မြန်မာနဲ့ ဆွေးနွေး ညှိနှိုင်းနေတုန်းပဲ ဆိုရင် ကျွန်တော်တို့ကလည်း ဆွေးနွေးရုံပဲပေါ့" ဟု ပွင့်လင်းစွာ ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာ အစိုးရ၏ ပွင့်လင်းရန် မလိုလားမှုကို အာဆီယံ ခေါင်းဆောင်များ စိတ်ပျက် ပင်ပန်းနေကြပြီ ဖြစ်သည်။ "ကျွန်တော်တို့ကို ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောသမျှကတော့ ရွေးကောက်ပွဲတွေကို ဒီနှစ် ကျင်းပမှာပါ။ လုပ်ငန်းစဉ်ကို ထိန်းချုပ်မယ့် ရွေးကောက်ပွဲ ဥပဒေကိုလည်း ထုတ်ပြန် ပြီးပါပြီ။ နိုင်ငံရေး ပါတီတွေလည်း မှတ်ပုံတင် နေကြတယ်။ ဒါတွေပါပဲ" ဟု ဆူရင်က စိတ်ပျက် လက်ပျက် ပြောပြခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ပြင်ဆင်မှုများ ပြီးစီးသွားပါက ရွေးကောက်ပွဲ ရက်ကို ကြေညာလိမ့်မည်ဟု ဆူရင်က ပြောကြားသည်။ "တခြား အသေးစိတ် အချက်အလက်တွေ ကျွန်တော်တို့ မသိရဘူး၊ မြန်မာနိုင်ငံ ကိစ္စကတော့ ကျွန်တော်တို့ စိတ်ရှည် သည်းခံဖို့ပဲ ရှိပါတယ်" ဟု ၎င်းက တွေးတွေးဆဆ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Biz.thestar.com.my, 17th April 2010

Asean – China Free Trade Area (ACFTA) အဖွဲ့ကြီး၏ အကျိုးကျေးဇူးများ ရရှိရေး အတွက် အဖွဲ့ဝင် နိုင်ငံများ အတွင်းရှိ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းရန် လိုအပ်လျက် ရှိကြောင်း Bank of China (M) Bhd မှ အမှုဆောင် အရာရှိချုပ် Zheng Jingbo က ပြောကြားလိုက်သည်။

ACFTA ကို စတင် တည်ထောင် လိုက်ကတည်းက အဖွဲ့ဝင် နိုင်ငံများနှင့် နယ်စပ် ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများကြား ပြိုင်ဆိုင်မှုများ တိုးတက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။ ပြိုင်ဆိုင်ရာတွင် သူတပါးအား ထိခိုက် နစ်နာမှုများ ရှောင်ရှားရေး အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စနစ်တကျ စီစဉ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

"တရုတ်နိုင်ငံရော အာဆီယံ အဖွဲ့ကြီးပါ ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်နေဆဲ ဖြစ်လို့ စီးပွားရေး လုပ်ငန်းများသော် လည်းကောင်း၊ စက်မှုလုပ်ငန်းများ သော်လည်းကောင်း၊ အချင်းချင်း ထပ်နေဦးမှာပဲ၊ လက်ခံမှုကို တိုးတက်လာစေပါတယ်" ဟု သူက ပြောသည်။

ACFTA သည် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ စတင် အသက်ဝင်လာရာ လူဦးရေအရ ကမ္ဘာ့ အကြီးဆုံး ကုန်သွယ်မှု ဧရိယာကြီး ဖြစ်ပြီး ၁.၉ ဘီလီယံ စားသုံးသူများ ရှိသော ဈေးကွက်ကြီးလည်း ဖြစ်သည်။

Bursa Malaysia တွင် စာရင်းပေါက်သော တရုတ် ကုမ္ပဏီများ အပေါ် စိတ်ဝင်စားမှု နည်းပါးသော ကိစ္စနှင့် ပတ်သက်၍ Zheng က ပြောကြားရာတွင် ဒေသခံ ရင်းနှီးမြှုပ်နှံသူများ ကြားတွင် နားလည်မှုနှင့် သတင်း အချက်အလက် နည်းပါးမှုကြောင့်ဟု ဆိုသည်။

"ရင်းနှီးမြှုပ်နှံသူများ အနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီ အလိုက် အလားအလာများကို သဘောပေါက်ရန် အတွက် စီးပွားရေး လုပ်ငန်းများ အကြောင်း နားလည်ရမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

တရုတ် ကုမ္ပဏီများ မလေးရှားတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု နည်းတူ အပြန်အလှန် အနေနှင့် မလေးရှား ကုမ္ပဏီများ တရုတ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုတွင် စီးပွားရေး၏ သဘော သဘာဝကို နားလည်ပြီး၊ အစိုးရ မူဝါဒများကို နားလည်ရန်မှာ အရေးကြီးကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံ၍ ဖြစ်လာနိုင်သော Zheng Jingbo က Tunku Abdul Rahman တက္ကသိုလ်တွင် မနေ့က "China – Asean Free Trade Area: Dancing with Opportunities and Challenges" ခေါင်းစဉ်ဖြင့် ကျင်းပသော ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် အာဆီယံနိုင်ငံ အချို့ကြားတွင် ရှိသော မသေချာ မရေရာမှုများနှင့် ပြည်တွင်း အငြင်းပွားမှုများကို သေချာစွာ မဖော်ထုတ်နိုင်လျှင် ACFTA အတွင်းရှိ စီးပွားရေး လှုပ်ရှားမှုများကို ထိခိုက်နိုင်သည်ဟု ပြောခဲ့သည်။

Zheng သည် မလေးရှားရှိ China Enterprises Accociation ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် ACFTA ၏ အကျိုး သက်ရောက်မှုများသည် ယွမ်ငွေကို နိုင်ငံတကာက အသိအမှတ် ပြုလာအောင် အထောက်အကူ ပြုပြီး၊ ယွမ်ငွေကို ဒေသတွင်း ငွေကြေးစနစ် တစ်ခု အဖြစ် မြှင့်တင်နိုင်ကြောင်း ဆိုသည်။

"ယွမ်ကို နိုင်ငံတကာသုံး ဖြစ်ရေးအတွက် အခြေအနေများ ချမှတ်ပြီး ဖြစ်ပါတယ်။ တရုတ် စီးပွားရေးနှင့် စီးပွားရေး ခိုင်မာမှုကို အရှိန်မြင့်စေပြီး၊ ငွေကြေးစနစ်ကို တည်ငြိမ်စေမယ်၊ နိုင်ငံတကာက အန္တရာယ်များကို လျှော့ချနိုင်မည်" ဖြစ်ကြောင်း ၎င်းကပင် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The takata post, 13th April 2010

          စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိစေမည့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများနှင့် ပြည်တွင်း ဖိအားပေးမှုကို ပူးတွဲ၍ တွန်းအား ပေးသင့်ကြောင်း တနင်္လာနေ့က နိုင်ငံတကာ ဆွေးနွေးပွဲတွင် ဒီမိုကရေစီ လှုပ်ရှားသူများက ပြောကြားခဲ့သည်။

          ယခုနှစ်ကုန်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲများသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးရန် ပျက်ကွက်လိမ့်မည်ဟု မျှော်လင့်ထားမှုကို ဖိုရမ်တွင် ဆွေးနွေးခဲ့ကြ သည်။ အပြစ်ပေး အရေးယူမှုနှင့် ပြည်တွင်း ဖိအားပေးမှုတို့ဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းကို တွန်းအားပေး မြှင့်တင်ရမည် ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် လက်ရှိ အုပ်ချုပ်သူများနှင့် အတိုက်အခံ အဖွဲ့အစည်းများ အကြား ပြန်လည် ပေါင်းစည်းရေးကို စောင့်ကြည့် စစ်ဆေး သွားရမည်ဟု ကမ္ဘာတစ်ဝှမ်းမှ ဒီမိုကရေစီ လှုပ်ရှားသူများက သဘော တူညီခဲ့ကြသည်။

          ဦးစားပေး ကိစ္စ ဖြစ်သော နှစ်ဖက် အင်အားစုများ ညှိနှိုင်းရေးနှင့် အရေးယူ ပိတ်ဆို့မှုများ ပိုမို ချမှတ်ရေးတို့ကို မဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း နော်ဝေ အခြေစိုက် DVB မှ ဒုတိယ ညွှန်ကြားရေးမှူး ခင်မောင်ဝင်းက ပြောကြားခဲ့သည်။

          "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေးရမှာ ဖြစ်သလို တစ်ချိန်မှာ အရေးယူ ပိတ်ဆို့မှု တွေကိုလည်း ပြုလုပ်ဖို့ ရွေးချယ်ရပါလိမ့်မည်" ဟု ၎င်းက ဆိုသည်။

          ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၁၀ မှ ဒီမိုကရေစီ လှုပ်ရှားသူ ၆၀၀ ခန့်ကို ဖိတ်ကြား၍ ဧပြီ ၁၁ မှ ၁၄ အထိ ပြုလုပ်ခဲ့သော ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှု နိုင်ငံတကာ ဆွေးနွေးပွဲ၏ အဝန်းအဝိုင်းတွင် ဦးခင်မောင်ဝင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

          မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲရေးအတွက် ပြည်တွင်း ဖိအားပေးမှု လိုအပ်ပုံကို အလေးထား ပြောကြားသူ ဦးခင်မောင်ဝင်းက ယခုအချိန်ထိ အောင်မြင်မှု အနည်းငယ်သာ ရရှိကြောင်း ပြောသည်။

          ၎င်းက ဆက်လက်၍ "၁၉၉၀ ရွေးကောက်ပွဲက စလို့ ကျွန်တော်တို့ အကြိမ်ပေါင်း များစွာ ဆန္ဒပြခဲ့ကြပေမဲ့ စစ်တပ်က အင်အားကြီးတော့ အောင်မြင်မှု လုံးဝ မရခဲ့ပါဘူး။ အရှိအတိုင်း ပြောရမယ်ဆိုရင် သာမန်ပြည်သူတွေ နောက်တစ်ကြိမ် လမ်းပေါ် ထွက်ပြီး ဆန္ဒပြဖို့ ခင်ဗျား မမျှော်လင့်နိုင်ပါဘူး။ နောက်ပြီး ပြင်ပ အကူအညီ မပါဘဲ အပြည့်အဝ လုပ်ဆောင်လိမ့်မယ် လို့လည်း မျှော်လင့်လို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။

          အမေရိကန် ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ထားသည့် အချိန်တွင် အင်ဒိုနီးရှား အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများက ပိတ်ဆို့မှုများကို ဆန့်ကျင် ကန့်ကွက်နေမှုကြောင့် စီးပွားရေးအရ ပြစ်ပယ်ထားမှုသည် ပြုပြင် ပြောင်းလဲရေးကို ဆောင်ကြဉ်းရန် အထောက်အကူ ရလိမ့်မည် မဟုတ်ပါ။

          ဒါဘင် အခြေစိုက် ဒီမိုကရေစီ ဖွံ့ဖြိုးရေး အစီအစဉ်မှ အမှုဆောင် ဒါရိုက်တာ Rama Naidu က ပြောကြားရာတွင် စစ်ဖက် အုပ်ချုပ်သူများ အာဏာ လွှဲပြောင်းပေးအောင် စည်းရုံးရန်အတွက် တောင်အာဖရိကတွင် အသုံးပြုခဲ့သော နည်းလမ်းကို မြန်မာနိုင်ငံအတွက် လက်ခံ စဉ်းစားသင့်သည်ဟု ဆိုသည်။

          လူဖြူ၊ လူမည်း ခွဲခြားသည့် စနစ်အောက်မှ တောင်အာဖရိက နိုင်ငံ လွတ်မြောက် ရှင်သန်ခဲ့ခြင်းမှာ ၎င်းတို့၏ အမှန်တရားအပြင် ပေါင်းစည်း ညှိနှိုင်းရေး ကော်မရှင်က ဖိနှိပ်သူများနှင့် ဖိနှိပ်ခံများ ၂ ဘက်စလုံးအတွက် အဖြေထွက်နိုင်မည့် ဆုံးဖြတ်ချက် ရရှိရန် စီမံ ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကော်မရှင်သည် လူဖြူ၊ လူမည်း ခွဲခြားမှုစနစ် အတွင်းမှ ရာဇဝတ် ကောင်များကို တရားရုံးသို့ ပို့ဆောင်ခဲ့ခြင်း မရှိပါ။

          "ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အလျော့ပေး ညှိနှိုင်းမှုတွေ လုပ်ရပါမယ်။ ဒီကိစ္စနဲ့ ပါတ်သက်လို့ နိုင်ငံတိုင်းမှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ၊ လက်ခံနိုင်မည့် နည်းလမ်းတွေ ရှိပါတယ်။ ဒီနေရာမှာ ပြည်တွင်း စံနှုန်းတွေကိုပဲ အသုံးပြုနိုင်ပါတယ်။ နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ ရာဇဝတ်သားတွေကို ခုံရုံးတင်ဖို့ ဆိုတာက ဒီနေရာ အကောင်းဆုံး နည်းလမ်း မဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆွေးနွေးခဲ့သည်။

          "ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းမှာ အတိတ်က ရာဇဝတ်ကောင်တွေကို လက်စားချေတာတို့ အပြစ်ပေးတာတို့ကို ကန့်သတ်ထားသင့်ပါတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို မတည်မငြိမ် ဖြစ်စေနိုင်တဲ့ အတွက် ဖြစ်ပါတယ်" ဟု ဝါရှင်တန် အခြေစိုက် National Endowment for Democracy မှ အကြီးအကဲ Carl Gurshman ကလည်း ပြောကြားသည်။

          "ကျွန်တော်တို့ အလျှော့ပေး လိုက်လျောမှုတွေ လုပ်ရပါမယ်။ လူတိုင်းအတွက် အဆင်ပြေမယ့် အလယ်အလတ် နည်းလမ်းကို ရှာရမှာပါ။ စစ်အစိုးရ အနေနဲ့ အာဏာ မရှိတော့ပေမဲ့ သူတို့အတွက် စိတ်ချရတဲ့ အနာဂတ် ရှိမယ်ဆိုရင် ပြုပြင် ပြောင်းလဲရေးအတွက် ပိုပြီး တံခါးဖွင့် ပေးလိမ့်မယ်လို့ ယူဆ ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Cov.cn, 15th April 2010

          လူ ၆၀၀ ကျော် သေဆုံးခဲ့သော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ငလျှင်ကြောင့် တရုတ် သမ္မတ ဟူကျင်းတောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့က ၎င်းတို့ စီစဉ်ထားသော နိုင်ငံရပ်ခြား ခရီးစဉ်များကို ဆိုင်းငံ့လိုက်သည်။

          ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ပြုလုပ်မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်ထိပ်သီး ညီလာခံအပြီး ဗင်နီဇွဲလားနှင့် ပီရူးသို့ ဝင်ရောက်မည့် ခရီးစဉ်များနှင့် ဘရာဇီးသို့ သွားရောက်မည့် နိုင်ငံတော် ခရီးစဉ်တို့ကို "ဟူ" က ဆိုင်းငံ့လိုက်သည်။

          ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ဧပြီ ၂၂ မှ ၂၅ အတွင်း သွားရောက်မည့် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာ ခရီးစဉ်များကို ရွှေ့ဆိုင်းလိုက်သည်။

          ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွင်ဟိုင်းပြည်နယ်တွင် အင်အား ၇၀၁ မဂ္ဂနီကျူရှိသော ငလျင်လှုပ်မှုကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၃၁၃ ဦး ပျောက်ဆုံးကာ ၉၁၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

          အဆိုပါ ငလျင်ကြောင့် လူပေါင်း ၁ သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် အကောင်အထည် ဖော်နိုင်ခြင်း မရှိပါက မိမိတို့၏ စေ့စပ် ညှိနှိုင်းရေး မူဝါဒကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက သတိပေး ပြောဆိုလိုက်သည်။

ကျင်းပရန် ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ခွင့် မရရှိအောင် ပြုလုပ်ထားသည့် ကိစ္စအပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် လွန်စွာ စိုးရိမ် ပူပန်မိပါကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ဆိုသည်။

"ရွေးကောက်ပွဲ ဥပဒေဆိုတာနဲ့ ပြောရင် မျှတမယ်လို့ ထင်ပါတယ်။ အဲဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တွေကြားမှာ ဒိုင်ယာလော့ခ် တစ်ရပ် ထွက်ပေါ် လာဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အခု ရောက်နေတဲ့ အဆင့်တွေကို ကြည့်ပြီး ကျွန်တော်တို့ အတော့်ကို စိတ်ပျက်မိပါတယ်" ဟု အရှေ့ အာရှနှင့် ပစိဖိတ် ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ယခုသဘောထားကို မြန်မာ စစ်အစိုးရထံ တိုက်ရိုက် အကြောင်းကြားပြီးပါပြီ။ နောက်ပြီးတော့ မြန်မာ စစ်အစိုးရနဲ့ ဒိုင်ယာလော့ခ် စတင်ဖို့ တိုက်တွန်းခဲ့တဲ့ နိုင်ငံတွေကိုလည်း အသိ ပေးထားပြီး ဖြစ်ပါတယ်" ဟု ဝါရှင်တန်မြို့ Center for Strategic and International Studies တွင် ပြုလုပ်သော အမေရိကန်-မလေးရှား ဆက်ဆံရေး ဖိုရမ်၌ Kurt Campbe က ပြောဆိုသည်။

"အမေရိကန် အစိုးရအနေနဲ့ နောက်ဆက်တွဲ အကြောင်းကြားမှုတွေ ထပ်လုပ်ဖို့ လိုမယ်လို့ မထင်ပါဘူး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် အကောင်အထည် ဖော်သွားနိုင်ဖို့ ခေါင်းဆောင်မှု အပိုင်းက ဘာတွေလုပ်မလဲ ဆိုတာကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်ဖို့ လိုပါမယ်" ဟုလည်း ဆိုသည်။

မစ္စတာ Kurt Campbell သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှု မပြုမီ ယင်းသို့ သုံးသပ်ချက်များ ပေးခဲ့ခြင်း ဖြစ်သည်။ တရုတ် ဝန်ကြီးချုပ်သည် ဧပြီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ အရှေ့တောင် အာရှ ဒေသ ခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်မည် ဖြစ်သည်။

တရုတ်သည် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံ၏ အရေးပါသော မဟာမိတ် တစ်ဦး ဖြစ်သကဲ့သို့ ကုန်သွယ်ဖက် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝသော သဘာဝ ဓာတ်ငွေ့များကိုလည်း လောင်စာ မွတ်သိပ် ဆာလောင်လျက် ရှိသော တရုတ်နိုင်ငံက ရယူရန် စိတ်ပြင်းပြလျက် ရှိသည်။

သမိုင်းကြောင်းကို ကြည့်လျှင် ဘေဂျင်းအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လျက် ရှိသော မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများကို အကာအကွယ် ပေးခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ပေးနိုင်မည်ဟု မျှော်လင့်မိကြောင်း တရုတ်အစိုးရက မစ္စတာ ဝမ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ထုတ်ပြန် ကြေညာရာတွင် ထည့်သွင်း ပြောဆိုသည်။ ရွေးကောက်ပွဲကြောင့် အမျိုးသား တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများလည်း ဖြစ်ပေါ်မည်ဟု မျှော်လင့်သည်ဟု ဘေဂျင်းအစိုးရက ဆိုသည်။

လက်ရှိ စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေမှာ လွန်စွာ ပြစ်တင် ဝေဖန် ခံနေရသည်။ အကြောင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ၏ အမျိုးသား ဒီမိုကရေစီ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မပြုနိုင်အောင် ပိတ်ပင် တားဆီးမှုများ ပါဝင်နေသောကြောင့် ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော် မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် အဖြစ်မှ ဖယ်ထုတ်ရမည် ဖြစ်သောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD က ကြေညာခဲ့သည်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် မြန်မာနိုင်ငံအပေါ် နှစ်ကာလ ကြာရှည်စွာ အထီးကျန် ဖြစ်အောင် ပိတ်ဆို့ အရေးယူသည့် မူဝါဒ ကျင့်သုံးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းယူမည့် မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။

ယခု စစ်အစိုးရက ထုတ်ပြန်သော အတိုက်အခံ ပါတီအပေါ် ဖိနှိပ်ချုပ်ခြယ်သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိသော စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြန်လည် သုံးသပ်ရန် အမေရိကန် လွှတ်တော် ဥပဒေပြု အမတ်များက အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ကို တိုက်တွန်း ပြောဆိုထားသည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ချိတ်ဆက်နေသော အမေရိကန် ဘဏ်ငွေ စာရင်းများကို ပိတ်ပင်နိုင်ရေးနှင့် နိုင်ငံခြားဘဏ်များ အနေဖြင့် စစ်အစိုးရနှင့် ပူးပေါင်းပြီး
စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေမှုများကို ပိတ်ပင်ရေး စသည်တို့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဥပဒေ သတ်မှတ် ပြဋ္ဌာန်းပေးရန် အမေရိကန် ဆီနိတ်တာ  ၉ ဦးက အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ထံသို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံအပေါ် တင်းကျပ်သည့် ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိဟူသော အချက်ကို မေးမြန်းရာတွင် မစ္စတာ Kurt Campell က "ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့ မရှိဘူး ဆိုတာကိုတော့ ပြောလို့ ရပါတယ်" ဟု ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

http://national-leader-su.blogspot.com မှကူးယူ ဖော်ပြသည်။

 

"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အန်တီစုရယ် ကျွန်တော်တို့ရဲ့ နိုင်ငံရေးဘယ်တော့မှမသေဘူးလို့ ကျွန်တော်

တော့ အသေအချာယုံကြည်တာပဲ။"

ရှေ့နေကြီးဦး ဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုမကြည့်ဘဲ ခေါင်းငိုက်စိုက်ချရင်း

ညည်းပြော ပြောလိုက်သည်။

"နိုင်ငံရေးက အခုမှစမှာ ဦးဉာဏ်ဝင်းရဲ့"

"ဗျာ"

ဒေါ်အောင်ဆန်းစုကြည် က ရုတ်တရက်နိုင်ငံရေးက အခုမှစမှာဟု ပြောလိုက်သဖြင့် ဦးဉာဏ်ဝင်းမှာ

ဗျာကနဲ ဖြစ်သွားသည်။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်တယ်လေ ဦးဉာဏ်ဝင်းရဲ့ ကျွန်မနဲ့ NLD တွဲရက်အနေအထားကို ဗိုလ်ချုပ်ကြီးက ဘယ်တော့ မှ မဆွေးနွေးဘူးဆိုတာရှင်းနေတာဘဲ။ ကျွန်မတို့ နိုင်ငံရေးအသစ် တစ်ရပ်စရမယ်လေ

ဦးဉာဏ်ဝင်း။ နိုင်ငံရေးအသစ်၊ ဟုတ်လား ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်  ဟုတ်တယ်လေ အဲဒီနိုင်ငံရေး အသစ်မှာ ကျွန်မနဲ NLD ကို ခွဲထုတ် ထားတာ တွေ့ရမယ်။ အဓိက ဆုံးဖြတ်ချက်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကြောင့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတွက် စစ်အစိုးရကို ထွက်ပေါက်ပေးရမယ်။ ဒါပေမဲ့ အဲဒီလိုထွက်ပေါက် ပေးတဲ့ အတွက် ကျွန်မတို့လည်း သိက္ခာမကျရဘူး။ စစ်အစိုးရလည်း သိက္ခာမကျရဘူး။

ဦးဉာဏ်ဝင်း။ ကျွန်တော်တို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မေ့လိုက်ပါတော့မယ်လို့ ပြောတာနဲ့ ဘာများ ကွာလို့လဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုလုပ်ရင် ကျွန်မတို့သိက္ခာကျတယ်။ အထူးသဖြင့် မဲပေးထားတဲ့ ပြည်သူလူထု သိက္ခာကျတယ်။ နောက်ပြီး အဲဒီလို အလျှော့ပေးတာဟာ စစ်သားကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး တို့လည်း သိက္ခာကျတယ်။ အခုလိုပါတီ ဖျက်ပေးလိုက်တော့ နှစ်ဖက်စလုံး အဆင်ပြေ သွားတာပေါ့။

ဦးဉာဏ်ဝင်း။ အဲဒီစစ်ဗိုလ်တွေက နှစ်ဖက်သိက္ခာမကျအောင် ရက်လွန်နေတဲ့ ရွေးကောက်ပွဲရလဒ်ကို သွယ်ကာဝိုက်ကာ ဖျက်ပေးလိုက်တယ်လို့ မြင်နိုင်ပါ့မလား။ သူတို့က အဲဒီလိုမမြင်ရင် ကျေးဇူးလည်း

ဘယ်တင်ပါ့မလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မသူတို့ကျေးဇူးတင်တာမခံချင်ပါဘူး။ ကိုယ့်စေတနာနဲ့ကိုယ် အကျိုးပေးမှာပဲ။

ဦးဉာဏ်ဝင်း။ ဒါလည်းဟုတ်ပါတယ်ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ခုရှိသေးတယ်။ ဒါကတော့ မဟာဗျူဟာအပိုင်းပေါ့လေ။ သူတို့အပေါ် ညစ်ပတ်တဲ့ မဟာဗျူဟာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မမြင်ချင်တဲ့ အကွက်တစ်ကွက်ကိုလည်း ရွှေ့လိုက်တာ။

ဦးဉာဏ်ဝင်း။ ကျွန်တော် နားမလည်ဘူးခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ဦးဉာဏ်ဝင်းရဲ့ ရှင်ကလည်း အရန်ကော။ စစ်တပ်ဆိုတာ သူတို့မှာ ရန်သူရှိဖို့လိုတယ်လေ။ ကျွန်မက ဗိုလ်ချုပ်ကြီးဘာလုပ်မလဲ သိချင်လို့-သူပြောပြောနေတဲ့ရန်သူ ကိုလိုနီနယ်ချဲ့လက်ထက် လက်ဝေခံ အဖွဲ့ကြီးကိုဖျက်ပေးလိုက်တာလေ။

ဒေါ်အောင်ဆန်းစုကြည် ဦးဉာဏ်ဝင်းက တယ် ရိုးတာကိုး။ ကျွန်မက ဗိုလ်ချုပ်မှူးကြီးကို surprise လုပ်တာဟာ မှန်ပေမယ့် ကျွန်မတို့ဟာ သူထင်သလို ရန်သူမဟုတ်ဘူး ဆိုတာသာပြလိုက်တာလေ။

သူထင်သလို ကျွန်မတို့ဟာ ရန်သူ မဟုတ်ဘူးလို့ သူသိသွားမယ်။ ဒါပေမဲ့ လက်ညှိုးထိုးစရာ ရန်သူလည်း မရှိတော့ဘူး ဖြစ်သွားမယ်။

ဦးဉာဏ်ဝင်း။ ဒေါ်စုရယ် အဲဒီဟာကတော့ သိပ်မြင့်တာပဲ။ ကျွန်တော် မနည်း စဉ်းစားယူ ရတယ်။ ဒါပေမဲ့ ပါတီကြီး ပျက်သွားတာတော့ အဖတ်တင်နေမှာပေါ့ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် အဲဒါကြောင့် ဦးဉာဏ်ဝင်းတယ်ရိုးတာကိုးလို့ ကျွန်မပြောတာလေ။ ပါတီဆိုတာ ဗိုလ်ချုပ်မှူးကြီးနဲ့ ကျွန်မ ဆွေးနွေးတာ အဆင်ပြေသွားရင် အချိန်မရွေး ပြန်ထောင်လို့ ရတယ်လေ။ Dialogueဖြစ်သွားရင် ပါတီတင် အဆင်ပြေသွားတာ မဟုတ်ဘူး။ တစ်မျိုးသားလုံး ဖြစ်နေတဲ့ us & them ပါ ပျောက်သွားမှာလေ။

ဦးဉာဏ်ဝင်း။ ဒီလိုဆိုတော့လည်း ဟုတ်သားပဲနော်။ ၀မ်းသာလိုက်တာဒေါ်စုရယ်။ ကျွန်တော် ဦးဝင်းတင်တို့ကို ပြောလိုက်မယ်။

ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့ဦး။ Dialogue ဖြစ်၊ မဖြစ်က မသေချာသေးဘူးလေ။ နောက်တခု ကျမ ပြောချင်သေးတယ်။ NLD ခေါင်းဆောင်တွေဟာ ကျမကို မှီခိုလွန်းတယ် လို့ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အန်ကယ်ဦးဝင်းတင် တို့ကိုလည်း ကျမ မထိန်းနိုင်ဘူး။ ICC ကိစ္စလို ဟာမျိုးပေါ့။ ကျမ အဲဒါသဘောမတူဘူး။ ကျမ ပြည်သူတွေကိုလည်း ကျမက သူတို့ကို ပါတီထက်ပိုပြီး အလေးထားတာကို သိစေချင်တယ်။ ဒီအခြေအနေ ဟာ ပြည်သူတွေ မြင်ချင်တဲ့ အောင်ဆန်းစုကြည် ဖြစ်ဖို့ဖန်လာတာဘဲလို့ သဘောထားတယ်။

ဦးဉာဏ်ဝင်း။ ဒေါ်စုဟာ NLD နောက်တွဲကြီးမပါရင် တိုင်းပြည် အတွက် ပိုအလုပ်လုပ်နိုင်လိမ့်မယ်လို့  နိုင်ငံခြားသားတွေ ပြောတာ ခဏခဏ ကြားဘူးတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေဖြစ်လိမ့်မယ်လို့ ကျွန်တော် တခါမှ မတွေးဘူးဘူး။

ဒေါ်အောင်ဆန်းစုကြည် မပူပါနဲ့ ဦးဉာဏ်ဝင်းရယ်။ ပါတီကိုကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်ကျမ လုပ်ပေးဦးမှာပါ။

ဦးဉာဏ်ဝင်း။ Dialogue မဖြစ်ရင် ဘယ်လိုလုပ်မလဲဒေါ်စု။

ဒေါ်အောင်ဆန်းစုကြည် ဒါဆိုလည်း ကျွန်မတို့က တပ်မတော်ကိုဂုဏ်သိက္ခာရှိရှိ ထွက်ပေါက် ပေးလိုက်ခြင်းရဲ့ ရလဒ် ကိုတော့ မြင်ရမှာပေါ့။ သူတို့ မသိလည်း ကိစ္စမရှိဘူးလေ။ ရန်သူမရှိတော့တဲ့အတွက် ရွေးကောက်ပွဲကိုတော့ သူတို့ စိတ်ချလက်ချ လုပ်ရဲသွားမယ်။ ရလဒ်ကိုအသိအမှတ်ပြုရလိမ့်မယ်။ ကျွန်မ တစ်ခါတည်း ပြောလိုက်မယ်။ ဒီရွေးကောက်ပွဲကနေ ဗိုလ်ချုပ်မှူးကြီးရချင်တဲ့ ရလဒ် ရမှာ မဟုတ်ဘူး ။

ဦးဉာဏ်ဝင်း။ ဒါပေမဲ့ ကျွန်တော်တို့တော့  ဒီရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီပေါ့။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ ဟာ ဗိုလ်ချုပ်မှူးကြီးပြောပြောနေတဲ့ အာဏာကို ဖြတ်လမ်းက လိုချင်နေတဲ့သူ မဟုတ်ဘူးလေ။ ဒီတော့ ရွေးကောက်ပွဲက အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးဘာကြောင့်ကျွန်မကို စကားမပြောတာလဲ သိလား။ သူ့မှာ မသိကိန်းငါးခုရှိနေလို့။

ဦးဉာဏ်ဝင်း။ ဘယ်လို မသိကိန်းများလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်

၁။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကနေ ကျွန်မ ဘာလိုချင်သလဲ။

၂။ ဒီပဲရင်းကို ကျွန်မ တကယ်မေ့လိုက်ပြီလား။

၃။ သူ့ရဲ့လမ်းညွှန်မြေပုံကို ကျွန်မ လက်ခံသလား။

၎။ ၂၀၀၈ အခြေခံဥပဒေကို ကျွန်မ ပြန်ပြင်ချင်နေသေးလား။

၅။ ရွေးကောက်ပွဲမှာ NLD ဘယ်လောက်နိုင်မလဲဆိုတဲ့ ငါးခုပေါ့။

အခု ကျွန်မက အဲဒီငါးခုထဲမှ တိုင်းပြည်အတွက် ရေရှည်လိုအပ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိစ္စကိုပဲ

သူတို့နဲ့ ဆွေးနွေးချင်လို့ ပါတီကို ဖျက်ပေး လိုက်တာလေ။ ဗိုလ်ချုပ်မှူးကြီးဟာ ကျွန်မ တစ်ယောက်တည်းမှန်း သေချာရင်တော့ စကားပြောဖို့ သတ္တိရှိမယ်ထင်ပါတယ်။

ဦးဉာဏ်ဝင်း။ အဲဒါတော့ အန်တီစု ဗိုလ်ချုပ်မှူးကြီးကို အထင်ကြီး လွန်သွားပြီ ထင်တယ်ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်  ကျွန်မသူ့ကို စစ်သားကြီးတစ်ယောက် အဖြစ် မြင်ချင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.