Transparency Myanmar

transparency.myanmar@gmail.com

မွန်ပြည်သစ်ပါတီ (MNSP) က ဧပြီလကုန်ပိုင်းတွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော နယ်ခြားဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပေးရန် အဆိုကို ပယ်ချလိုက်ပြီးနောက် မွန်ဒုက္ခသည် မြောက်မြားစွာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင် သွားကြကြောင်း သိရသည်။ အကြောင်းမှာ စစ်အစိုးရနှင့် MNSP အကြား တိုက်ပွဲများဖြစ်ပွားမည့် အလားအလာ ရှိနေသောကြောင့်ဟု ဆိုသည်။

ထို့အတူ ညီညွတ်သောဝတပ်ဖွဲ့ (UWSA) က နယ်ခြားဒေသစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာပြီး လူပေါင်းများစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

မြန်မာစစ်အစိုးရက စစ်ရေးအရ အင်အားသုံး ဖြေရှင်းမည်ဟူသော ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် စစ်အစိုးရ၏ နယ်ခြားဒေသစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ်ရပ်စဲရေး အုပ်စုများက ပယ်ချခဲ့ကြသည်။

ရေးမြို့အနီး မွန်ပြည်နယ်ထဲသို့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့ကြောင်း စုံစမ်းသိရရှိရသည်။ MNSP မှ ကိုယ်စားလှယ်တစ်ဦးက ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ Halockhani ဒုက္ခသည်စခန်းသို့ လူပေါင်းမြောက်မြားစွာ ရောက်ရှိလာကြောင်း ပြောဆိုသည်။

"Halockhani စခန်းကို ရောက်လာတဲ့လူ တော်တော်များများက မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတာ များတယ်" ဟု Nai Chay Mon ကပြောသည်။ "လောလောဆယ်တော့ မိခင် ၂၂၅ ယောက်နဲ့ ကလေးတွေကို အလယ်တန်းကျောင်းမှာ ယာယီနေထိုင်ခွင့် ပေးထားနိုင်ပါတယ်၊ ကျွန်တော်တို့ လုပ်ပေးနိုင်တာလည်း ဒီလောက်ပါပဲ" ဟုဆိုသည်။

အဆိုပါ Halockhani စခန်းသို့ နောက်ထပ်လူပေါင်းများစွာ ထပ်မံရောက်ရှိလာမည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။ MNSP အဆိုအရ ၎င်းတို့အဖွဲ့သည် စစ်အစိုးရ၏ တောင်းဆိုချက်ကို လိုက်လျောခြင်း မရှိပေ။ စစ်အစိုးရ၏ တောင်းဆိုချက်အရ MNSP အနေဖြင့် တပ်သားအင်အားများ လျှော့ချပြီး မြန်မာစစ်တပ်၏ လက်အောက်တွင် နေထိုင်ရမည်ဖြစ်သည်။

Nai Chay Mon ၏အဆိုအရ ယခုအခါ ၎င်းတို့တပ်ဖွဲ့နှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့တို့သည် တစ်ဖက်နှင့်တစ်ဖက် သတိ ဝိရိယရှိစွာ စောင့်ကြည့်နေကြသည်။ အချို့သော အုပ်စုများ၏ ရုံးများကိုမူ ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေး ကိစ္စကြောင့် နဂိုကတည်းက အကဲဆတ်သော တိုင်းရင်းသားပြည်နယ် ဒေသများတွင် မတည်မငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာဖွယ် ရှိသည်။ တိုင်းရင်းသား အများစုမှာ ထိုင်း၊ တရုတ်နှင့် အိန္ဒိယ နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိကြသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံနယ်စပ် ကိုးကန့်ဒေသတွင် စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ရာ တရုတ်အစိုးရက နယ်စပ်ဒေသ ပဋိပက္ခများကို ဆန့်ကျင်ကန့်ကွက်ကြောင်း သတိပေးခဲ့သည်။ ထိုစဉ်ကလည်း တရုတ်ပြည်ထဲသို့ ကိုးကန့်ဒေသမှ ဒုက္ခသည် သုံးသောင်းခန့် ဝင်ရောက် ထွက်ပြေးခဲ့ကြသည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 26 April 2010

မြစ်ကြီးနားအခြေစိုက်ကချင်ပြည်နယ်တိုးတက်ရေး ပါတီ KSPP ကို မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စွဲထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဟောင်းများက ၂၀၀၉ မတ်လတွင် ဖွဲ့စည်းသည်။

          ဧရာဝတီသတင်းထောက် စောရန်နိုင်က KSPP ပါတီခေါင်းဆောင်ဒေါက်တာ မနန်တူဂျာအား ပါတီ၏မူဝါဒ၊ နည်းဗျူဟာများနှင့် ကချင်ပြည်နယ်တွင်း လက်ရှိ အနေအထားများနှင့် ပတ်သက်၍ မေးမြန်းခဲ့သည့် မနန်တူးဂျာသည် KIO ဒုတိယဥက္ကဌဖြစ်ပါသည်။

မေး - KSPP နဲ့ပတ်သက်လို့ ခင်ဗျားရဲ့လတ်တလော အစီအစဉ်တွေကိုပြောပါဦး။

ဖြေ - ကချင်ပြည်နယ်မြို့နယ်တိုင်းမှာ ပါတီကော်မတီခွဲတွေ ဖွဲ့စည်းထားပြီးပါပြီ၊ မြို့နယ်အားလုံးမှာ ပြည်သူတွေထဲကို စည်းရုံးရေးစတင်နေပါပြီ။

မေး - ကချင်ပြည်နယ်အပြင်ဖက်မှာတော့ လှုပ်ရှားမှာလား။

ဖြေ - လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေက ကချင်ပြည်နယ်ထဲမှာရှိဦးမယ်။

မေး - KSPP ရဲ့ မူဝါဒတွေက ဘာတွေပါလဲ?

ဖြေ - ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အားပေးထောက်ခံမယ်။ အလယ်အလတ် လမ်းစဉ်အဖြစ် ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့သဘောကျပါတယ်။ ပြီးတော့ ကျွန်တော်တို့ပြည်နယ်ကို ဖွင့်ဖြိုးတိုးတက်စေချင်တယ်။ ပြည်နယ်အားလုံး တိုးတက်လာမှ ပြည်ထောင်စုကြီး တစ်ခုလုံးတိုးတက် လာမှာပါ။ ကျွန်တော်တို့စွမ်းအားရှိသလောက် အလုပ်လုပ်ရလိမ့်မယ်။ အခုဆိုရင် နိုင်ငံရေးတံခါး ပွင့်လာတာကို ကျွန်တော်တို့မြင်နေရပြီ၊ ဒီပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ဓမ္မဓိဌာန်ကျကျ လုပ်ဆောင်ရလိမ့်မယ်။ ကချင်ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စာပေစတဲ့ ကဏ္ဍတွေကို အားပေးမြှင့်တင်သွားမယ်။ ငြိမ်းချမ်းရေး၊ စည်းလုံးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးတွေကိုလည်း ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်မယ်။ ကျွန်တော်တို့ပါတီက ကချင်ပြည်နယ်တွင်းက လူတန်းစားအားလုံးကို ကိုယ်စားပြုပါတယ်။ လူမျိုးစွဲ၊ ဘာသာစွဲမရှိတဲ့ လူတွေ အားလုံး ကျွန်တော်တို့ပါတီကို ဝင်ရောက်လှုပ်ရှားနိုင်ကြပါတယ်။

မေး - ကချင်ပြည်နယ်ရဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မှာလား။

ဖြေ - ကချင်ပြည်နယ်ထဲက လွှတ်တော်အရပ်ရပ်ကို ဝင်ပြိုင်မှာပါ။ အထက်အဆင့်၊ အောက်အဆင့်နဲ့ ပြည်နယ်အဆင့် လွှတ်တော် ၃ ရပ်စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မေး - ဘယ်နှစ်နေရာ နိုင်မယ်လို့မျှော်လင့်ထားသလဲ။

ဖြေ - ဒါကပြောဖို့ခက်ပါတယ်။ နေရာများများနိုင်ဖို့ကတော့ မျှော်လင့်တာပေါ့။ ကျွန်တော်တို့အားလုံးက ကချင်ပြည်နယ်ကို တိုးတက်စေချင်တယ်လေ။ ပြည်နယ်ကို တိုးတက်အောင် လုပ်နေတဲ့သူကို ပြည်သူ တွေက ထောက်ခံမှာပါ။

မေး - အလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ ပါတီဝင် ဘယ်နှစ်ယောက်လောက်ရှိသလဲ။

ဖြေ -ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ပါတီမှတ်ပုံမတင်ခင် ဌာနချုပ်နဲ့ မြို့နယ်ကိုယ်စားလှယ် တွေအစည်းအဝေးလုပ်ခဲ့တယ်။ မြို့နယ်ကိုယ်စားလှယ်တွေအားလုံး အစည်းအဝေး လာတက်ပါတယ်။ ကချင်တွေတင်မကဘူး။ ရှမ်းနဲ့ဗမာလည်းပါတယ်။ ကျွန်တော်တို့ ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၅၀ နဲ့ဖွဲ့ စည်းထားတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC ကို လည်းဖွဲ့မှာပါ။ လောလောဆယ်စာရင်း အရ ပါတီဝင် ၃၀၀၀ လောက်ရှိတယ်။ နောက်မှာ ပါတီဝင်တွေအများကြီး တိုးလာဖို့ရှိပါတယ်။

မေး - ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပြောပါဦး။

ဖြေ - နိုင်ငံရေးပါတီတိုင်းဟာ ကိုယ်ပိုင်မူဝါဒနဲ့ဆုံးဖြတ်ချက်တွေပြုလုပ်ပါတယ်။ လက်ရှိအနေ အထားမှာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ပါ၊ တကယ်လို့ ခင်ဗျားဆက်ပြီး နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် ဒီလိုပဲ လုပ်ရမှာပါ။

မေး - NLD ဘာလုပ်သင့်တယ်လို့ထင်သလဲ။

ဖြေ - အေးဗျာ၊ ရွေးကောက်ပွဲဝင်တာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမဲ့ ဒါကသူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ဒီထက်ပိုပြီး မပြောနိုင်ပါဘူး။

မေး - နယ်ခြားစောင့်တပ်ဖွဲ့ဖို့ အမိန့်ကို KIO က ပယ်ချလိုက်တယ်နော်။ အစိုးရက KIO ကို စစ်ရေး အရ အရေးယူလိမ့်မယ်လို့ ထင်သလား။

ဖြေ - ဘာတွေဖြစ်လာမလဲဆိုတာ အတိအကျပြောဖို့ခက်ပါတယ်။ အပြည့်အဝငြိမ်းချမ်းတဲ့ ဆုံးဖြတ် ချက်ရအောင်ဆက်ပြီး ညှိနှိုင်းဖို့ အစိုးရကလည်း ဆန္ဒရှိပါတယ်။

မေး - ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်တာနဲ့ပတ်သက်လို့ ခင်ဗျားရဲ့ အယူအဆကိုပြောပါဦး။

ဖြေ - ဟုတ်တယ်။ လူတွေကလည်း ဒီအကြောင်းကိုပဲ ပြောနေကြတယ်။ ပြည်သူတွေရဲ့ အသံကို ကျွန်တော်တို့တချိန်လုံးကြားနေရပါတယ်။ တကယ်လို့ ရေလှောင်တမံတွေကိုဆက်ပြီး ဆောက်မယ်ဆို ရင် ပြည်သူတွေရဲ့ ပြဿနာတွေနဲ့ ရောမပစ်သင့်ပါဘူး။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 26 April 2010

          နိုင်ငံရေးအရ ပြဿနာ အကြီးအကျယ်ဖြစ်နေသော ထိုင်းနိုင်ငံတွင် ပြဿနာ ဖြစ်ပြီးချိန်မှစ၍ ပထမဦးဆုံး အကြိမ်အဖြစ် ထိုင်းနိုင်ငံဘုရင်သည် တနင်္လာနေ့က စကားပြောခဲ့ပြီး တရားသူကြီး အသစ်များအား တိုင်းပြည်တည်ငြိမ်ရေးအတွက် အကူအညီပေးကြရန် တောင်းဆိုခဲ့ပါ သည်။

          ထိုင်းဘုရင် ဘူမီဘောအဒူရာဒက်သည် အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး၊ ယမန်နှစ်ကတည်းက ကျန်းမာရေးအရ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိရာ၊ ယခုဆေးရုံမှနေ၍ အသစ် ခန့်အပ်လိုက်သော တရားသူကြီးများ အဖွဲ့သို့ စကားပြောခဲ့ပါသည်။

          "ခင်ဗျားတို့အနေနဲ့ ရိုးသားမှုကို ထိန်းသိမ်းခြင်းအားဖြင့် တိုင်းပြည်မှာ တိုးတက်မှုရော တည်ငြိမ် မှုပါ တပြိုင်နက်ရရှိလာမှာ ဖြစ်ပါတယ်"ဟု ဘုရင်က ပြောပါသည်။

          အလုပ်နေရာမျိုးစုံလုပ်ကိုင်နေသည့် တရားသူကြီးများ အနေဖြင့် ပြည်သူလူထုအတွက် စံပြအဖြစ် မြင်တွေ့စေလိုကြောင်း ဘုရင်က တရားသူကြီးများအား ပြောကြားခဲ့ပါသည်။

          ဘုရင်က ဖြည့်စွက်ပြောကြားရာတွင် တရားသူကြီးများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်အတွက်အရေးကြီးသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူ ပြုရမည်ဖြစ်ကြောင်း၊ မိမိတို့လိုက်နာရမည့် ကျင့်ဝတ်များကို တင်းကြပ်စွာ လိုက်နာခဲ့ မည်ဆိုလျှင်၊ တိုင်းပြည်တည်ငြိမ်ရေးကို အမှန်တကယ် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

          ထိုင်းဘုရင် ဘူမိဘောသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ရှင်ဘုရင်ဖြစ်ပြီး၊ နိုင်ငံရေး အာဏာအနည်းငယ်ကိုသာ ကိုင်တွယ်ထားသော်လည်း လူအများက ကြည်ညို၍ လူကြိုက်များလှပါ သည်။

          ၎င်းသည် အဖျားရှိ၍ မောပန်းသောကြောင့်ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဆေးရုံတင် ထားခဲ့ပါသည်။

          တချိန်တည်းမှာပင် ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးပဋိပက္ခမှာ ချက်ခြင်း အား ပျော့ သွားနိုင်သည့် လက္ခဏာမရှိသေးပေ။ အစိုးရနှင့် အစိုးရဆန့်ကျင်သော ဆန္ဒပြသမားရှပ်နီများ အကြား ညှိနှိုင်းဆွေးနွေးမှုများမှာလည်း ရှေ့မဆက်နိုင်ဘဲ၊ တင်းမာမူများ တိုးပွားလျက်ရှိပါသည်။ ရှပ် ရောင်စုံ ဝတ်ထားသော အခြားဆန္ဒပြအဖွဲ့က အစိုးရကို ရှပ်နီများအား ပိုမိုတင်းကြပ်စွာ ကိုင်တွယ်အ ရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းလျက်ရှိပါသည်။

          တနင်္ဂနွေနေ့က ဝန်ကြီးချုပ်က အသိပေးပြောကြားရာတွင် ဆန္ဒပြသူများအနေဖြင့် အာဏာပိုင် များအား လက်နက်ဖြင့် ရက်စက်ကြမ်းကြုပ်မှုများ မပြုလုပ်ကြရန် ပြောဆိုခဲ့ပါသည်။

          အမျိုးသားရုပ်မြင်သံကြားမှ ဝန်ကြီးချုပ်အဘီဆစ်က မိန့်ခွန်းပြောကြားခဲ့ခြင်းမှာ အစိုးရဆန့် ကျင်သူများက ပါလီမန်ကိုရက်(၃၀)အတွင်း ဖျက်သိမ်းရန် တောင်းဆိုမှုအား ၎င်းက ပယ်ချခဲ့အပြီး တစ်ရက်ကျော်အကြာတွင် ဖြစ်ပါသည်။ အဘီဆစ်ကပြောကြားရာတွင် တစ်ခုခုမပြုလုပ်မီအခြားနိုင်ငံ ရေးအဖွဲ့များ၏ နိုင်ငံရေးအမြင်များကိုလည်း ထည့်သွင်းစဉ်စားသွားမည်ဖြစ်ကြောင်းဆိုခဲ့ပါသည်။

          ဆန္ဒပြသူများသည် ဘန်ကောက်မြို့၏ အဓိကကမ္ဘာလှည့်ခရီးသည်များ၏ ဧရိယာနှင့် ဈေး ဝယ်ရာဧရိယာမျာကို ဝင်ရောက်နေရာယူပြီးနောက်ပိုင်း အရပ်သားများနှင့်စစ်သားများ နှစ်ဒါဇင်ကျော် ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါသည်။

          သောကြာနေ့က ရှပ်နီခေါင်းဆောင်များသည် ဆွေးနွေးပွဲ၊ စားပွဲသို့ပြန်လာရန် အဆိုပြုခဲ့ပါ သည်။ သို့သော် အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးရန်နှင့် ယခုအစောပိုင်းက သေဆုံးခဲ့သော ဆန္ဒ ပြသူများအတွက် အစိုးရက တာဝန်ရှိသည်ဟု လက်ခံရန် စသည့် တောင်းဆိုချက်များကို အစိုးရက လက်ခံမှသာ ဆွေးနွေးမည်ဟု ရှပ်နီတွဲဖက်ခေါင်းဆောင် Weng Tojirakarn ကပြောပါသည်။

          အစိုးရပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က CNN သို့ စနေနေ့က ပြောကြားရာတွင် အစိုးရဖက်မှ ဆွေးနွေးမှု ပြန်လည်ဖြစ်ပေါ်ရေးအတွက် အပြန်အလှန်အဆိုပြုချက်များ မရှိပါဟု ဆိုပါသည်။

          "ကျွန်တော်တို့ဟာ တွေ့ဆုံညှိနှိုင်းဖို့ သေချာဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို သေချာ အောင်လုပ်ဖို့လိုအပ်ပါတယ်"ဟု Panitan က ပြောပါသည်။ ယခင်တစ်ခေါက် အတိုက်အခံ ခေါင်းဆောင်များနှင့် စကားပြောရန် ကြိုးစားစဉ်က အစိုးရတာဝန်ရှိသူများကို ခြိမ်းခြောက်မှုများကြောင့် ပျက်ပြားသွားရကြောင်း ပြောခဲ့ပါသည်။

          နောက်တစ်ကြိမ် ညှိနှိုင်းမှုများ မပြုလုပ်မီ ဆန္ဒပြခေါင်းဆောင်များအနေဖြင့် အခြားနေရာများ တွင် ဆန္ဒပြမှုများ တိုးချဲ့ခြင်းမပြုရန်နှင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များအား ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် လိုအပ်ကြောင်း Panitan က ပြောပါသည်။

          "အဲဒီအခြေအနေတွေဟာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးဖို့အတွက် အရေးကြီးပါတယ်။ ညှိနှိုင်း ဆွေးနွေးခြင်းကပဲ အဖြေထွက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အခြေအနေကို တည်ငြိမ်အောင် ပထမဆုံးလုပ်ဖို့တော့ လိုပါတယ်"ဟု Panitan က ရှင်းပြပါသည်။

          အချို့ရှပ်အင်္ကျံမျိုးစုံဝတ်ပြီး ဆန္ဒပြမှုများကိုလည်းတွေ့နေရကြောင်း၊ ဆန္ဒပြသူများအားလုံး သည် ဥပဒေကိုလိုက်နာပြီး၊ ငြိမ်းချမ်းရေးနှင့် မြို့ကြီးသား ပီသကြဖို့လိုကြောင်း ၎င်းကပြောပါသည်။

          ရှပ်နီများသည် ဘန်ကောက်မြို့၏ ငွေရှာဖွေကောင်းသော ဧရိယာတွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ပြဿနာ ဖြစ်လျက်ရှိပါသည်။ ရှပ်နီတွဲဖက်ခေါင်းဆောင်တစ်ဦးဖြစ်သူ Veera Muskapong က သောကြာနေ့တွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံရာ၌ အခြေအနေအချို့ သဘော တူညီမှု ရရှိခဲ့လျှင် အစိုးရနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဝန်ကြီးချုပ် အဘီဆစ်သည် ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ ဒါဇင်များစွာ ဒဏ်ရာရခဲ့မှုအပြီးတွင် သောကြာနေ့ အစောပိုင်းက စစ်တပ်ဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့ပါသည်။

          ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban က ရုပ်မြင်သံကြားမှ ပြောကြားရာတွင် ဗုံးများသည် ရှပ်နီများ နေရာယူထားသော နေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း၊ ဆန္ဒပြသူများကမူ အဆိုပါတိုက်ခိုက်မှုများအတွက် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press , By Robert Wielaard, 26 April 2010

          ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တနင်္လာနေ့က သက်တမ်းတိုးခဲ့ပါသည်။ သို့သော် မြန်မာအစိုးရနှင့် ဆက်ဆံရေး တိုးတက်ရန်လည်း စိတ်အား ထက်သန်သည်ဟု ဆိုပါသည်။

          EU နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းလမ်းများ အရ လှုပ်ရှား နေသည်ကို မတွေ့ရကြောင်း နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောကြားခဲ့ပါသည်။

          EU သည် ပုံမှန်လုပ်နေကျအတိုင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများကို နောက်ထပ် တစ်နှစ် ထပ်တိုးခဲ့ပါသည်။

          စီးပွားရေးပိတ်ဆို့မှုများတွင် ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ မြန်မာအစိုးရ ခေါင်းဆောင်များနှင့်  နီးစပ်သူများ၊ တရားသူကြီးများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းများ ပါဝင်ပါသည်။

          သို့သော် ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့သည် မြန်မာနိုင်ငံတွင် စစ်မှန်သော တိုးတက်မှုများ ရှိခဲ့ပါက အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုများ ပြုလုပ်ရန် အဆင်သင့်ရှိ ကြောင်း ပြောဆိုခဲ့ပါသည်။

          EU သည် မြန်မာအာဏာပိုင်များနှင့် ဆက်လက် စကားပြောသွားရန်၊ အခြားသက်ဆိုင်သော ပြင်ပပုဂ္ဂိုလ်များကိုလည်း စကားပြောရန် အဆင်သင့်ရှိကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြ ထားပါသည်။

          EU နိုင်ငံခြားရေး ဝန်ကြီးများက ပြောကြားရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးရန်နှင့် ယုံကြည်မှုတည် ဆောက်နိုင်ရေးအတွက် အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် စူးစမ်းရှာဖွေရေး မစ်ရှင်တစ်ခု စေလွှတ်ရန် ပြင်ဆင်လျက် ရှိသည်ဟု ဆိုပါသည်။

          သို့သော် မြန်မာနိုင်ငံဖက်တွင် အဆိုပါ EU သံတမန်မစ်ရှင်အား လိုလိုလားလား လက်ခံလိုခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 26 April 2010      

မြန်မာနိုင်ငံမှ အိမ်ခြံမြေဈေးကွက်မှာ ဖွံ့ဖြိုးရန် အလားအလာ အလွန်ကောင်းနေပြီး အထူးသဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် ဒေသတွင်း စီးပွားရေး ကွန်ယက်သစ်များ၏ အထောက်အပံ့ ရရှိမှုနှင့်အတူ ထွန်းကားလာလိမ့်မည်ဟု ဘန်ကောက်အခြေစိုက်ကုမ္ပဏီ Fragrant Property ၏ အဆိုအရသိရှိရသည်။

          ဘန်ကောက်ရှိ Prime II နှင့် Circle ကွန်ဒိုမီယံများကို အကောင်အထည်ဖော်သူ Fragrant Group ၏ စီအီးအို James Duan က မြန်မာနိုင်ငံတွင်းမှ ဈေးကွက်သည် ဒေသတွင်း စံနမူနာ မဟုတ် ကြောင်းကိုမူ နားလည်လက်ခံပါသည်။ ဤကိစ္စသည် ပြည်သူအများစု၏ ဝင်ငွေမြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ တိုင်းပြည်လူဦးရေ၏ ၂% မျှသာရှိသော ဝင်ငွေဖြင့် လူတန်းစား ရင်းနှီးမြှုပ်နှံ သူများကြောင့်သာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

         ဈေးကွက်ကို အထောက်အကူဖြစ်စေသည့် အခြားအချက်မှာ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှု ရွေးချယ်စရာများတွင် အကန့်အသတ်များ ရှိနေသောကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ရွှေနှင့်မြေတို့ဖြစ် သည်ဟု ၎င်းကဆိုပါသည်။

          သို့ရာတွင် Mr.Duan က အိမ်ခြံမြေလုပ်ငန်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေး ကြီးသည့် လုပ်ငန်းဖြစ်သည့်အားလျှော်စွာ ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသည် အကြောင်း အရင်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကာ အထူးသဖြင့် ခရီးသွားလုပ်ငန်းက ဦးဆောင်ခဲ့သော ဝန်ဆောင်မှု ကဏ္ဍတွင်ဖြစ်သည်ဟုဆိုသည်။

          "မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍကို ဝင်ရောက်မဲ့ ရင်းနှီးမြှုပ်နှံသူ အသစ်တွေအရေအတွက် ကြီးကြီးမားမားထုတ်လုပ်ပေးဖို့ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှုက မျှော်လင့်နေပါတယ်။

          ဒါကြောင့် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် လူနေတိုက်ခန်းတွေက ကြီးမား တဲ့ လိုအပ်ချက်ကို တောင်းဆိုလာပါတယ်။ ဖြည့်ဆည်မှုအင်အား နည်းနေတာကလည်း အကြောင်းတစ်ခုပါပဲ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ လေ့လာမှုစတင်မဲ့ ထိုင်းအပါအဝင် ပြည်ပအိမ်ခြံ မြေလုပ်ငန်းရှင်တွေအတွက်တော့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ"ဟု ၎င်းက ပြောဆိုခဲ့ပါသည်။

          လတ်တလောတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများကို မြေပိုင်ခွင့်မပေးသော်လည်း တည်ဆောက်ရေး၊ လုပ်ကိုင်ရေး၊ လွှဲပြောင်းရေး (BOT) သဘောတူညီချက်များတွင် ဒေသခံပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ (သို့) အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခွင့် ရှိပါသည်။ ဤအချက်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့တည်ဆောက်သော စီမံကိန်းကို အစိုးရထံ လွှဲပြောင်းခြင်း မပြုမီ ဒီဇိုင်းထုတ်၊ တည်ဆောက်၊ လုပ်ကိုင်ခွင့်နှင့် ရံပုံငွေတိုးပွားမှုကို ရရှိစေမည်ဖြစ်သည်။

          စီမံကိန်းစုစုပေါင်းတန်ဖိုး၏ အနည်းဆုံး ၃၅% ကို ပြည်ပရင်းနှီးမြှုပ်နှံသူများအား ခွင့်ပြုထားသဖြင့် စက်မှုကဏ္ဍတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ သိန်း အသီးသီး ရင်းနှီးမြှုပ်နှံရမည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများမှာ နိုင်ငံရေးအကြောင်းရင်းနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်သင့်သည်ဟူသော အချက်ကို Mr Duan က လက်ခံပါသည်။ စစ်တပ်က ထိန်းချုပ်ထားသည့် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် ယခင်က မြန်မာအိမ်ခြံမြေဈေးကွက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံးရှုံးမှုအလားအလာ နည်းပါးသည်ဟု ၎င်းကပြောကြားသည်။

          တချိန်ထဲတွင် ၎င်း၏ကုမ္ပဏီက ထိုင်းနိုင်ငံ ဈေးကွက်အရောင်းမြှင့်တင်မှုကို ကောင်းစွာ ဆက်လက် လုပ်ဆောင်နေသည်။ အာဆီယံနိုင်ငံများစွာတွင် "ဘန်ကောက်သည် သင်၏ ဒုတိယအိမ်" ဆောင်ပုဒ်ဖြင့် အရောင်းမြှင့်တင်မှုများကို Fragrant က ဆက်လက်ဆောင်ရွက်နေ ပါသည်။ အာဆီယံကလည်း မိမိတို့ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ခေါ်ဆောင် လာလိမ့်မည်ဟု ၎င်းကဆိုပါသည်။

          Fragrant ၏ ပထမဆုံး အရောင်းမြင့်တင်ပွဲကို မြန်မာနိုင်ငံတွင် ယခင်နှစ်ကုန်က ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားမှုများစွာ ရရှိခဲ့သည်ဟု သိရပါသည်။ မြန်မာနိုင်ငံမှာ နောက်တစ်ပွဲထပ်လုပ်ဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ဒီအစီအစဉ်ကို မကြာခင် အချောသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ဟု Mr Duan ကပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.monstersandcritics.com, 26 Apr 2010

         မြန်မာဝန်ကြီးချုပ်နှင့် အခြားဝန်ကြီး၊ ဒုဝန်ကြီး အနည်းဆုံး ၁၇ ဦးခန့်သည် ၎င်းတို့၏ စစ်ဖက်ရာထူးများကို တနလာင်္နေ့က စွန့်လွှတ်ခဲ့ကြခြင်းသည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရယ်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ပုံရကြောင်း စစ်ဖက်သတင်းရပ်ကွက်က ပြောကြားပါသည်။

          "ဝန်ကြီးချုပ်က တပ်မတော် ဗိုလ်ချုပ်ကြီးရာထူးကို စွန့်လွှတ်လိုက်ပြီးဆိုတော့ အခု ဦးသိန်းစိန် ဖြစ်သွားပြီးပေါ့" ဟု အမည်မဖော်လိုသော သတင်းရပ်ကွက်က ဆိုပါသည်။

          ရက်မသတ်မှတ်ရသေးသော ယခုလာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စစ်ဖက် အရာရှိများ၏ ကြိုတင်ပြင်ဆင်မှု ဖြစ်ဖွယ်ရှိသော အုပ်စုလိုက် စစ်ရာထူး စွန့်မှုကို နိုင်ငံပိုင်မီဒီယာများက လတ်တလော အတည်ပြု ကြေငြာခြင်းမရှိပါ။

         မြန်မာစစ်ဖက်အုပ်ချုပ်သူများက ၎င်းတို့၏ အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံအရ ယခုနှစ်အတွင်း တချိန်ချိန်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပေးထားပါသည်။

          အဓိက အတိုက်အခံ NLD ပါတီအား ၎င်းတို့၏ ပါတီခေါင်းဆောင်ကို ထုတ်ပယ်ရန် အတင်းအကျပ် ဖိအားပေးထားသော ရွေးကောက်ပွဲဝင် ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေကို မတ်လက ထုတ်ပြန်ခဲ့သည်။

          NLD ပါတီကမူ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန်သာ ရွေးချယ်ခဲ့သည်။ လက်ရှိပြစ်ဒဏ် ကျခံနေရသူများအား ပါတီဝင်အဖြစ်ပင် ခွင့်ပြုခြင်းမရှိသည့် ဥပဒေများသည် နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခြင်းဖြစ်ပုံရပါသည်။

          စစ်ဖက်ရုံးက ၎င်းတို့၏ တပ်မတော် အရာရှိဟောင်းများ ဦးဆောင်မည့် ကိုယ်ပိုင်ပါတီကို မကြာမီ မှတ်ပုံတင်ရန် မျှော်လင့်ထားပါသည်။ စစ်ဖက်ရာထူး ဆက်ယူထားမည့် သူများမှာမူ ရွေးကောက်ပွဲဝင်ခွင့်ရမည် မဟုတ်ပါ။

          ရွေးကောက်ပွဲများသည် စစ်ဖက်လိုလားသော အရွေးကောက်ခံ အစိုးရကို အာဏာရရှိစေမည် ဖြစ်ကာ ၁၉၆၂ ကပင် တိုင်းပြည်ကို အုပ်ချုပ်လာသည့် စစ်အာဏာရှင်များ၏ နိုင်ငံအပေါ် ချုပ်ကိုင်ထားမှုကို ခိုင်မာစေလိမ့်မည်ဟု အကဲခတ်များက ယုံကြည်ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

           အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဒေသတွင်း ပြဿနာများ ဖြေရှင်းပေးရေး အတွက် ဆေးကြိမ်လုံးတစ်ခု မဟုတ်ပေရာ စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံ တွင် ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိမည်ဟု ကျိန်းသေ မပြောဆိုနိုင်ကြောင်း အာဆီယံအကြီးအကဲ ဆူရင်ပစ်ဆာဝမ်က အသိပေး ပြောဆိုလိုက်သည်။

မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ ပါဝင်ယှဉ်ပြိုင်မှု မပြုဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်ကိစ္စမှာ ပြဿနာတစ်ရပ် ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။ နိုဝင်ဘာ လဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသည်ဟု ခန့်မှန်းရသော အဆိုပါ ရွေးကောက်ပွဲသည် အများ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အကြောင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် ဥပဒေများက ထိထိရောက်ရောက် တားမြစ်ထားသောကြောင့်ပင် ဖြစ်သည်။

"အဲဒါပြဿနာဆိုတာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အာဆီယံဆိုတာလည်း ဒေသတွင်း အရေးကိစ္စတိုင်းအတွက် ဆေးကြိမ်လုံးတစ်ခု မဟုတ်ဘူး" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က မြန်မာရွေးကောက်ပွဲအရေးနှင့် ပတ်သက်ပြီး အာဆီယံကို ကာကွယ်ပြောကြားသည်။ ဒေသတွင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံမှာ တစ်ခါတရံတွင် အစွယ်မရှိသူအဖြစ် ရှုတ်ချပြောဆိုခြင်း ခံရသည်။

အာဆီယံသည် အရှေ့တောင်အာရှဒေသ ငြိမ်းချမ်းမှု၊ စီးပွားရေး တိုးတက်မှုတို့ကို ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်ဟု ၎င်းကဆိုသည်။ "ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် ကျွန်တော်တို့ လုပ်ကိုင်ပေးနိုင်ခဲ့ပါတယ်" ဟု ဆိုသည်။

လူ့အခွင့်အရေး ကိစ္စဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အချိန်လိုအပ်လိမ့်မည်ဟု အာဆီယံ ဥက္ကဋ္ဌ ဆူရင်ပစ်ဆာဝမ်က ဆိုသည်။ သို့သော် ယခုအခါ အဖွဲ့ဝင်များအချင်းချင်း ယခင်ကထက်ပို၍ ပွင့်လင်းမြင်သာမှုရှိသော၊ ယုံကြည်စိတ်ချရသော ပုံစံမျိုးဖြစ်လာစေရန် ဆွေးနွေးလျက် ရှိသည်ဟု ဆိုသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.