Transparency Myanmar

transparency.myanmar@gmail.com

Associated Press, www.signonsandiego.com, 30th April 2010

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုက်ကလုန်းဒဏ်ကြောင့် ပျက်စီးမှုများ အတွက် ပြန်လည် ထူထောင်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် နိုင်ငံတကာမှ ဒေါ်လာ သန်းရာပေါင်းများစွာ လိုအပ်လျက် ရှိနေသေးကြောင်း ကုလသမဂ္ဂက သောကြာနေ့က ပြောကြားခဲ့သည်။

မုန်တိုင်း အပြီး ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးမှုနှင့် ပညာရေး ကဏ္ဍများတွင် သိသိသာသာ တိုးတက်မှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရှိ လူသားချင်း ကိုယ်ချင်းစာနာမှု အကူအညီများ ညှိနှိုင်းရေးမှူး Bishow Parajuli က ပြောသည်။

"ဒါပေမယ့် နှစ်နှစ်လောက် ကြာလာတော့။ ဟာကွက်တွေ ဖြစ်လာပြီး၊ ရေရှည် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ လုပ်ငန်း နှေးကွေးသွားတယ်။ အချို့ ရပ်တောင်သွားပါပြီ။ ကျွန်တော်တို့ဆို ဘာမှ မလုပ်နိုင်တော့ဘူး။ လူတွေက အကူအညီလိုနေတုန်းဘဲ" ဟု ၎င်းက ပြောသည်။

သုံးနှစ် ပြန်လည် ထူထောင်ရေး အစီအစဉ်အရ ဒေါ်လာ သန်း ၆၉၀ လိုအပ်ရာ ဒေါ်လာသန်း ၁၈၀ ရရှိပြီး ဖြစ်ကြောင်း Parajuli က ပြောသည်။

ကုလသမဂ္ဂက ပြောကြားရာတွင် မကြာသေးမီက အကဲဖြတ် အစီရင်ခံစာအရ မုန်တိုင်းဒဏ်ခံ မိသားစု တစ်သိန်းခန့်မှာ ၎င်းတို့၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိကြောင်း၊ လူဦးရေ ၁၈၀၀၀၀ ခန့်မှာ ရေပြတ်လတ်မှုကို ကြုံတွေ့နေရပြီး စိုက်ပျိုးရေး ကဏ္ဍတွင် ထောက်ပံ့မှုများနှင့် ၎င်းတို့ အသိုင်းအဝိုင်း အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးမှာ လိုအပ်လျက် ရှိနေသေးကြောင်း ဆိုသည်။

ကုလသမဂ္ဂ ကြေညာချက်တွင် ဆိုက်ကလုန်း ပြန်လည် ထူထောင်ရေးသည် ရေရှည်လုပ်ငန်း ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နာဂစ် ပြန်လည် ထူထောင်ရေး အစီအစဉ်ကို ဆက်လက် ထောက်ပံ့ကြရန် တောင်းပန်ခဲ့သည်။

အဆိုပါ ရေရှည် ပြန်လည် ထူထောင်ရေး စီမံချက်ကို မြန်မာ အစိုးရ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် အာဆီယံ ၁၀ နိုင်ငံမှ အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့မှ ရေးဆွဲခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 30th April 2010

မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဖြစ်ပွားသော မနက်အရုဏ်တက် တိုက်ပွဲတွင် မူးယစ်ဆေးဝါး တရားမဝင် ခိုးသွင်းရန် ကြိုးစားသည်ဟု ယုံကြည်ရသည့် သံသယ ဖြစ်ဖွယ် ဝ သူပုန်များကို ထိုင်းနိုင်ငံ ဖာမွန်း အထူးတပ်ဖွဲ့မှ စစ်သားများက ပစ်ခတ် နှိမ်နင်းခဲ့ကြောင်း သိရှိရသည်။

ဗုဒ္ဓဟူးနေ့ညတွင် ချင်းမိုင်သို့ မီသိုင်း အင်ဖက်တာမင်း ဆေးပြားများ တင်သွင်းရန် မူးယစ်ဆေးဝါးဂိုဏ်းက စီစဉ်နေကြောင်း အာဏာပိုင်များက သတင်း ရရှိခဲ့သည်ဟု ဖာမွန်း အထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး ပီယာနက် ကာဒီတန်က ပြောကြားသည်။

မူးယစ်ဆေး မှောင်ခိုများကို ကြားဖြတ် တိုက်ခိုက်ရန် အထူးတပ်ဖွဲ့ဝင်များက တစ်ညလုံး စောင့်ဆိုင်းခဲ့ကြပြီးနောက် နယ်နမိတ်မျဉ်းနှင့် မီတာ ၅၀၀ အကွာခန့်တွင် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မိနစ် ၂၀ ကြာ ပစ်ခတ်မှုတွင် ဝတပ်ဖွဲ့ဝင်များဟု သံသယရှိသူ ၃ ဦး သေဆုံးခဲ့သည်။

စစ်သားများက အဆိုပါ နယ်မြေကို ရှင်းလင်းရာတွင် မူးယစ်ဆေးပြား ၂ သိန်းကို ထုတ်ပိုးထားသော အိတ် ၂ လုံး၊ အေကေ - ၄၇ ရိုင်ဖယ် တစ်လက်၊ စက်သေနတ်ငယ် တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါးများ အထူးသဖြင့် Speed Pills များကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်းသို့ သယ်ဆောင်နေကြခြင်းဖြစ်ပြီး၊ မူးယစ် နှိမ်နင်းရေး အထူးတပ်ဖွဲ့များက နှိမ်နင်း ဖြိုခွဲခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ စစ်တပ်ကို ခုခံတိုက်ခိုက်ရန် အတွက် နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်များသည် လက်နက် ဝယ်ယူရန် ငွေများ လိုအပ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 30th April 2010

NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အပေါ် စွဲဆိုထားသော တရားမမှုမှာ ဆောင်ရွက်ဆဲ အဆင့်တွင် ရှိနေသေးကြောင်း မြန်မာနိုင်ငံ ဗဟိုတရားရုံးက NLD ပါတီအား သောကြာနေ့တွင် ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဆိုသည်။

"အခု တရားမမှုကို တင်ပြထားဆဲ ဖြစ်ပြီး နောက်ပိုင်း အပြောင်းအလဲ ရှိရင် NLD ကို အသိပေးမယ်လို့ တရားရုံး ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ တစ်ဦး ဖြစ်သူ ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။ အထက်ပါ အမှုကို ဦးဥာဏ်ဝင်းက ဗဟို တရားရုံးသို့ ကြာသပတေးနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ရပ်တည်နေသော နိုင်ငံရေး ပါတီများ အနေဖြင့် မှတ်ပုံတင်ကြရန်နှင့် သို့မဟုတ်ပါက ဖျက်သိမ်းမှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း စည်းကမ်း သတ်မှတ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ အခန်း ၂၅ ကို ပယ်ဖျက်သည့် တားမြစ်အမိန့် ထုတ်ပြန်ပေးရန် ဗဟို တရားရုံးသို့ NLD က လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ဤဥပဒေသည် NLD နှင့် မသက်ဆိုင်ဟု စောဒက တက်ခြင်း ဖြစ်သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ၄/၈၈ အရ တည်ထောင်ထားသော နိုင်ငံရေး ပါတီများသည် ဤဥပဒေ စတင် ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် မှတ်ပုံတင်ရမည်ဟု အခန်း ၂၅ တွင် ဖော်ပြထားသည်။

အခြား တရားမမှုမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီဝင် ၂၆ ဦးက လျှောက်ထားခြင်း ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁၄/၈၉ နှင့် အကျုံးဝင်သည့် လွှတ်တော် ဖွဲ့စည်းကာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန် လျှောက်ထားခြင်း ဖြစ်သည်။

လက်ရှိ အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချခဲ့ပြီး ၁၉၈၉ ဥပဒေကို အဆုံးသတ်သည့် အနေဖြင့် ရွေးကောက်ပွဲ ဥပဒေ အသစ်ကို ယခင်လက ထုတ်ပြန် ကြေညာခဲ့သည်။

နောက်ဆုံး သတ်မှတ်ရက် မေလ ၆ ရက် မတိုင်မီ မှတ်ပုံတင်ခြင်း မရှိပါက တရားဝင် အဖွဲ့အစည်း အဖြစ် ရပ်တည်ခွင့်ကို ရပ်ဆိုင်းခံရမည့် လက်ရှိ ပါတီ ၁၀ ခု တွင် NLD လည်း ပါဝင်နေသည်။ NLD ကမူ မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Wai Moe, 30th April 2010

          တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်ဘက် မြန်မာနိုင်ငံနှင့် နယ်စပ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ တပ်ဖွဲ့ အမြောက်အများကို နေရာချထားလျက် ရှိသည်။ အကြောင်းရင်းမှာ မြန်မာ အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်အား လက်မခံမှုကြောင့် မြန်မာ အစိုးရနှင့် ဝ တပ်တို့ အကြား တင်းမာမှုများ မြင့်တက်လာသောကြောင့် ဖြစ်သည်။

          ဝ နှင့် နီးစပ်သော သတင်းများအရ တရုတ်တပ်များသည် နယ်စပ်တလျှောက် ဝ ထိန်းချုပ်ထားသော ဒေသများ အနီးတွင် နေရာချထားလျက် ရှိကြောင်း၊ တရုတ်တွင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များပါ နေရာချထားကြောင်း သိရှိရသည်။

နယ်စပ် သတင်းတစ်ခုက ပြောကြားရာတွင် "ကျွန်တော်တို့ ခန့်မှန်းတာကတော့ အင်အား ၅၀၀၀ လောက် ရှိမယ့် တရုတ်တပ်မ ငါးခု လာချထားပါတယ်" ဟု ဆိုသည်။

ဖေဖော်ဝါရီလက အရေအတွက် မသိနိုင်သော တရုတ်တပ်များသည် ဝ ဧရိယာနှင့် နီးသော နယ်စပ်မြို့တွင် လာရောက် တပ်စွဲခဲ့သည်။ ဒေသခံများက ပြောကြားရာတွင် တရုတ် တပ်သားများ နံနက်တိုင်း လေ့ကျင့်ခန်း လုပ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လက ကိုးကန့်မြို့ လောက်ကိုင်ကို အစိုးရ တပ်များက သိမ်းပိုက်ခဲ့စဉ်က ကိုးကန့်နှင့် တရုတ် လူမျိုး ၃၇၀၀၀ ခန့် တရုတ်မြေထဲသို့ ထွက်ပြေးခဲ့သည့် ကိစ္စအပြီးတွင် တရုတ်တပ်များ နယ်စပ် တလျှောက် ချထားမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

ဝ တပ်၊ ကိုးကန့်တပ်နှင့် မိုင်းလား အခြေစိုက် NDAA တပ်များသည် တချိန်က မြန်မာပြည် ကွန်မြူနစ် ပါတီ၏ လက်အောက်ခံတပ်များ ဖြစ်ပြီး၊ တရုတ် တပ်မတော်က လေ့ကျင့်ပေးထားသော တရုတ်၏ မဟာမိတ်များ ဖြစ်သည်။ စစ်ရေး သုံးသပ်သူ တစ်ဦးက ပြောကြားရာတွင် ကွန်မြူနစ် သူပုန်ထစဉ် ကာလက တိုင်းရင်းသား တပ်များသည် တရုတ်တပ်များနှင့်အတူ မြန်မာ့တပ်များအား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နေပြည်တော်သည် ယခုနှစ် ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် တိုက်တွန်းလျက် ရှိသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ နေ့လည်က အစိုးရ၏ လူထု အဖွဲ့အစည်း ဖြစ်သော ကြံ့ခိုင်ရေး အသင်း (USDA) မှ ခေါင်းဆောင်များ ဖြစ်သော စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော် တို့သည် ကချင် ခေါင်းဆောင်များနှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံရာတွင် USDA ခေါင်းဆောင်များသည် KIO အား အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေးနှင့် ပတ်သက်သော အချက်များကို လက်ခံစေလိုကြောင်း ပြောကြားခဲ့သည်ဟု လိုင်ဇာရှိ KIO နှင့် နီးစပ်သော သတင်းများက ဆိုသည်။

အစိုးရ ညှိနှိုင်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များသည် ဧပြီလ ၂၂ - ၂၃ ရက်များက နောက်ဆုံး တွေ့ဆုံခဲ့ပြီး၊ မည်သည့် သဘောတူညီချက်မျှ မရဘဲ ပြီးဆုံး သွားခဲ့သည်။ သို့သော် မြန်မာ အစိုးရ အာဏာပိုင်များက KIO အား အခြား နည်းလမ်းတစ်ခု အနေဖြင့် ပြည်ထောင်စု ကာကွယ်ရေးတပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ထည့်သွင်း စဉ်းစားရန် ပြောခဲ့သည်ဟု ဆိုသည်။

တရုတ် မြန်မာ နယ်စပ်တွင် တင်းမာမှုများ ရှိနေသည့် ကြားမှ မြန်မာ အစိုးရတပ်များသည် ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် မြောက်ပိုင်းရှိ မြို့များမှ ဒေသခံများအား ပေါ်တာ အဖြစ် အတင်း ဖမ်းဆီးလျက် ရှိသည်။ ဗန်းမော်တွင် နေထိုင်သော ဒေသခံ တစ်ဦးက ပြောကြားရာတွင် "လွန်ခဲ့တဲ့ ရက်တွေက၊ စစ်တပ်က လူတွေကို ပေါ်တာလုပ်ဖို့ ဖမ်းတယ်။ အခု လူတွေ အပြင်ထွက်ရမှာ ကြောက်နေကြတယ်" ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ရှမ်းပြည် မြောက်ပိုင်း SSA မြောက် ထိန်းချုပ်သော နယ်မြေတွင် မြန်မာ စစ်တပ် ကားတန်းအား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ချုံခို တိုက်ခိုက်ခဲ့သည်ဟု ရှမ်းသံတော်ဆင့် သတင်းအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက် အပြင်ဘက်တွင်  ဆန္ဒပြအုပ်စု နှစ်ခုအကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခ ဖြစ်ကြပြီး တင်းမာ ပေါက်ကွဲမှုများ ထွက်ပေါ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် လူစုခွဲခဲ့ရကြောင်း သိရသည်။

"အခု အခြေအနေက အတော့်ကို တင်းမာတယ်။ အင်မတန် ပြင်းထန်တဲ့ ဝရုန်းသုန်းကား ဖြစ်မှုကြီးပါ၊ အဓိကရုဏ်း နှိမ်နင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အထက်မှာ အခြားအဖွဲ့ တစ်ခုခုက ကွပ်ကဲနေတယ်" ဟု ဘန်ကောက် အခြေစိုက် CNN သတင်းထောက် Arwa Damon က သတင်း ပေးပို့သည်။ ၎င်း၏ အဆိုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံးများ၊ ရာဘာ ကျည်ဆန်များဖြင့် ဆန္ဒပြ အုပ်စုထဲသို့ ပစ်ခတ်ခဲ့ကြသည်။

Erwan အရေးပေါ် ကယ်ဆယ်ရေး ဌာနက ပဋိပက္ခကြောင့် ဆန္ဒပြသမား ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်သားတစ်ဦးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် မတော်တဆ သေဆုံး သွားသည်ဟု ပြောကြားသည်။ ယခုအခါ အစိုးရတပ်ဖွဲ့များနှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များသည် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ စုဝေးရာ နေရာများနှင့် အဝေးပြေး လမ်းမကြီးများ ပေါ်တွင် ဖြန့်ကြက် နေရာယူလျက် ရှိသည်။

ဆန္ဒပြသူများက အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ လာရောက်သည့် လမ်းမကြီးများကို ပိတ်ဆို့ရန် ကြိုးစားနေပြီး အစိုးရတပ်ဖွဲ့များနှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များကလည်း ဆန္ဒပြ လူစုကြီးကို ခွဲထုတ်ရန် ကြိုးပမ်းနေသည်။ ယင်းသို့ ဆန္ဒပြသူများ အချင်းချင်း ပဋိပက္ခများ၊ အဓိကရုဏ်း နှိမ်နင်းရေး အဖွဲ့များနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နေချိန်တွင် မိုးသည်းထန်စွာ ရွာချလိုက်သောကြောင့် တင်းမာမှုများ အတော်အတန် လျော့ကျသွားသည်။ ထိုင်းအစိုးရက မကြာသေးခင်က ထုတ်ပြန်လိုက်သော စေ့စပ် ညှိနှိုင်းရေး ဥပဒေအရ ဆန္ဒပြ လူအုပ်သို့ မီတာ ၁၀၀ အကွာအဝေးမှ နေ၍ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်နိုင်သလို မီတာ ၃၀ အတွင်း ရောက်လာပါက လက်နက်ခဲယမ်းများ အသုံးပြုနိုင်သည်။

လက်ရှိ အနေအထားတွင် ရှပ်နီ ဆန္ဒပြသူများက ဘန်ကောက်မြို့ကို စီးနင်းထားသည့် အနေအထားတွင် ရှိပြီး ဝန်ကြီးချုပ် အဘီဇစ်အစိုးရသည် ဒီမိုကရေစီ နည်းလမ်းတကျဖြင့် အာဏာ ရခဲ့ခြင်း မဟုတ်သောကြောင့် အစိုးရအဖွဲ့ ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားသည်။

ရှပ်နီ ဆန္ဒပြသူများသည် ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများ ရှိသည်။ သက်ဆင် ရှင်နာဝပ်သည် ၂၀၀၁ ခုနှစ်မှစ၍ ထိုင်းဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စစ်တပ်က အာဏာ သိမ်းပိုက်ကာ ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ဆန္ဒပြမှုကြီးများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည့် အချိန်မှ စ၍ အရပ်သားပြည်သူ နှင့် စစ်ဘက်တွင် တာဝန် ထမ်းဆောင်သူ ၂၅ ဦးကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ရှပ်နီ ဆန္ဒပြသူများက ဘန်ကောက်၏ အချက်အခြာ နေရာများ ဖြစ်ကြသော ရှော့ပင်းစင်တာကြီးများ၊ ကုန်တိုက်များနှင့် စီးပွားရေး ရပ်ကွက်များ တဝိုက်တွင် အခြေချကာ သပိတ်တပ် စွဲထားကြသည်။

ယခု နောက်ဆုံး ဖြစ်ပွားသော ဆန္ဒပြ အုပ်စုနှစ်ခု အကြား ပဋိပက္ခကြောင့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗြိတိန် နိုင်ငံသားများ ထိုင်းသို့ သွားရောက် လည်ပတ်မှုကို ပိတ်ပင် တားမြစ်ထားသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.