Transparency Myanmar

transparency.myanmar@gmail.com

AP, The Straits Times, 11th May 2010

အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်ရေး အတွက် နောက်ဆုံး အကြိမ်အဖြစ် ကြိုးပမ်းနေသည်ဟု သူမ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်အပေါ် အထူး အယူခံလွှာကို တင်သွင်းခဲ့ပြီးနောက် အင်္ဂါနေ့တွင် ရှေ့နေများက ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၏ ၂၀၀၉ သြဂုတ်လ ပြစ်ဒဏ် အပေါ် အယူခံမှုမှာ ဖေဖော်ဝါရီလက ဗဟိုတရားရုံး အယူခံ အပါအဝင် ၂ ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ နောက်ဆုံး ဥပဒေဘောင်တွင်း ကြိုးပမ်းခွင့်မှာ အဝေး အုပ်ချုပ်ရေး မြို့တော် နေပြည်တော်မှ ဗဟိုတရားရုံး တရားသူကြီးများ မျက်နှာစုံညီ ပါဝင်မည့် အထူးအယူခံ တရားရုံးပင် ဖြစ်သည်။

ယခု ကိစ္စကို အထူးခုံရုံးသို့ ဆက်လက် တင်ပြရန် ဆုံးဖြတ်ပေးမည့် ဗဟို တရားရုံးသို့ တနင်္လာနေ့တွင် ရှေ့နေများက အယူခံလွှာ တင်သွင်းခဲ့သည်ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောကြားသည်။

အသက် ၆၄ နှစ် အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ခန့် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ နေရပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လက အထိန်းသိမ်းခံ ကာလအတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် စွပ်စွဲခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ သူမအပေါ် ပြစ်ဒဏ် ချမှတ်မှုကို တစ်ကမ္ဘာလုံးက ပြစ်တင် ရှုံ့ချခဲ့ကြသည်။

သူမ၏ ပြစ်ဒဏ်ကို နေအိမ် အကျယ်ချုပ် ၁၈ လ ကျခံရန် ပြင်ဆင်ခဲ့သဖြင့် ယခုနှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပချိန်တွင် အထိန်းသိမ်းခံ နေရမည် ဖြစ်သည်။ ပထမအကြိမ် အယူခံလွှာကို ၂၀၀၉ ခုနှစ် အောက်တိုဘာတွင် ပယ်ချခဲ့ပြီး ၂၀၁၀ ဖေဖော်ဝါရီလတွင် ဗဟိုတရားရုံးက ထပ်မံ ပယ်ချခဲ့သည်။

၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင် ရရှိသော်လည်း အာဏာ မရခဲ့သည့် သူမ၏ NLD ပါတီသည် လာမည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီးနောက် ယခင် အပတ်က ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, By Richard Allen Greene, 11th May 2010

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် အသစ် David Cameron က ကွန်ဆာဗေးတစ်ပါတီနှင့် လစ်ဘရယ် ဒီမိုကရက် ကြားတွင် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။

အယ်လီဇဘက် ဘုရင်မကြီး (၂) သည် အင်္ဂါနေ့ ညနေက Gordon Brown ၏ နုတ်ထွက်စာကို လက်ခံပြီးနောက် တစ်နာရီခန့် အကြာတွင် Cameron အား အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် ဖိတ်ခေါ်ခဲ့သည်။

လက်ယာတွင် ကွန်ဆာဗေးတစ်သည် ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲတွင် နေရာ အတော်များများ အနိုင်ရရှိခဲ့သော်လည်း ၎င်းတို့ အစိုးရ ဖွဲ့နိုင်လောက်အောင် မဖြစ်နိုင်သေးချေ။

Brown ၏ လက်ဝဲ လေဘာပါတီသည် ဒုတိယနေရာ ရရှိခဲ့သည်။ လစ်ဘရယ် ဒီမိုကရက်က တတိယနေရာ ရရှိသည်။ ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်ဒီမိုကရက် ညွန့်ပေါင်းမှသာ ပါလီမန် အဖွဲ့ဝင် အများစု ရရှိမည် ဖြစ်သည်။

Downing Street မှ လာသော သတင်းများအရ လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် Nick Clegg သည် ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ပြီး၊ ဘုရင်မကြီးကလည်း အတည်ပြုခဲ့သည်ဟု ဆိုသည်။ ကက်ဘိနက် ဝန်ကြီး ၄ နေရာကိုလည်း လစ်ဘရယ် ဒီမိုကရက်ကပင် ရယူမည် ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

Cameron က ၎င်းသည် နိုင်ငံသားများ မိမိတို့ ရပိုင်ခွင့်များကို တောင်းဆိုရန် မလိုသော၊ မိမိတို့ ရရန်ရှိများကို တောင်းဆိုရန် မလိုသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ရည်မှန်းထားကြောင်း၊ သို့သော် မိမိ တာဝန်ယူစရာ ရှိသည်များ၊ မိမိ ပေးနိုင်သည် များကိုမူ လုပ်ဆောင်ရမည်ဟု ဆိုသည်။

တတ်နိုင်သူများကိုရော၊ မတတ်နိုင်သူများကိုပါ မိမိတို့ အမြဲတမ်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ကတိပေးပြီး၊ လွတ်မြောက်ရေး၊ တရားမျှတရေးနှင့် တာဝန်ယူတတ်မှုများကို အလေးပေး ပြောကြားခဲ့သည်။

"အမှန်တကယ် ပြောင်းလဲမှု ဆိုတာ အစိုးရက လုပ်ပေးနိုင်တာတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ အမှန်တကယ် ပြောင်းလဲမှုဆိုတာ လူတိုင်း တစ်စုတစ်စည်းတည်း စုမိကြပြီး၊ အတူတကွ အလုပ်လုပ်နိုင်ကြခြင်းကို ဆိုလိုတာပါ" ဟု ၎င်းက ဆိုသည်။

Cameron သည် အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်၏ နေအိမ်သို့ ၎င်း၏ဇနီး Samantha နှင့်အတူ မဝင်ရောက်မီ၊ ၎င်းအရင် ဝန်ကြီးချုပ်များကို ချီးကျူးမှုများ ပြုခဲ့သည်။

၎င်းက ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ် ဒီမိုကရက်ကြားတွင် ညွန့်ပေါင်း အစိုးရ ပီပြင်စွာ ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း၊ သို့မှသာ တိုင်းပြည် အတွက် တောင့်တင်းပြီး၊ တည်ငြိမ် ခန့်ထည်သော အစိုးရကောင်း တစ်ခု ဖြစ်ပြီး၊ မှန်ကန်သော နည်းလမ်းဖြစ်မည်ဟု ထင်ကြောင်း၊ ထိုအချက်သည် အလွန်အမင်း လိုအပ်ချက် တစ်ခုဟု မိမိ ယုံကြည်ကြောင်း Cameron က ပြောကြားခဲ့သည်။

၎င်းက ဖြည့်စွက် ပြောရာတွင် ပါတီ အချင်းချင်း သဘောထား မတူညီမှုများ ဘေးဖယ်ထားပြီး၊ နိုင်ငံ့အရေး တူညီသော အချက်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

Cameron သည် ၁၉၉၇ ခုနှစ်က လေဘာပါတီ ခေါင်းဆောင် Tony Bair က John Major ကို အနိုင်ယူပြီး နောက်ပိုင်း တိုင်းပြည်၏ ပထမဆုံး ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဖြစ်သည်။

Cameron သည် ၁၉၅၂ က နန်းတက်သော ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီး၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်သည်။

Cameron သည် ဘာကင်ဟမ် နန်းတော်မှ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်သို့ ထွက်ခွာသွားချိန်တွင် နန်းတော်၌ သတင်း ထုတ်ပြန်ချက် ကြေညာရာ ဘုရင်မကြီးသည် David Cameron ကို ယခု ညနေတွင် လက်ခံခဲ့ပြီး၊ အစိုးရသစ် ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြောင်း၊ David Cameron ကလည်း ဘုရင်မကြီး၏ အဆိုပြုချက်အား လက်ခံခဲ့ပြီး၊ ဝန်ကြီးချုပ် အဖြစ်လည်းကောင်း တိုင်းပြည် ဘဏ္ဍာစိုး (First Lord of the Treasury) အဖြစ် လည်းကောင်း လက်ခံခဲ့ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ အစိုးရသစ် တစ်ခု ဖွဲ့ပါမယ်။ ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ ဖွဲ့မယ့် အစိုးရက ရည်မှန်းချက် မတူတဲ့ နိုင်ငံရေးသမားတွေ အတူစုပြီး အလုပ်လုပ်ကြမယ့် အစိုးရ အမျိုးအစားသစ် ဖြစ်တယ် ဆိုတာပါပဲ" ဟု ဒုဝန်ကြီးချုပ် Clegg က ပြောသည်။

"ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့တဲ့ နိုင်ငံရေး အသစ်တစ်ခုရဲ့ အစလို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။

ကွန်ဆာဗေးတစ် ပါတီမှ လာသော သတင်းများအရ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား George Osborne မှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားပြီး၊ ပါတီ ခေါင်းဆောင်ဟောင်း William Hague အား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားသည်ဟု ဆိုသည်။

လစ်ဘရယ် ဒီမိုကရက်များသည် အင်္ဂါနေ့ညတွင် တွေ့ဆုံပြီး ၎င်းတို့ဖက်မှ လုပ်ဆောင်ရန်များအတွက် မဲပေးကြမည် ဖြစ်သည်။

ဗြိတိသျှ နိုင်ငံရေးတွင် ညွန့်ပေါင်းအစိုးရမှာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည်။ နောက်ဆုံး အကြိမ်မှာ ၁၉၇၄ ခုနှစ်က House of Common တွင် ပါတီတစ်ခုမျှ အမတ်နေရာ အများဆုံး ရယူနိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ရသည်။ ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်တို့ ညွန့်ပေါင်း အစိုးရဖွဲ့ရန် ညှိနှိုင်း မရခဲ့သဖြင့် နောက်ဆုံး အနည်းဆုံး လေဘာပါတီက အစိုးရ ဖွဲ့သွားခဲ့သည်။

Brown သည် ဘုရင်မကြီးထံ နုတ်ထွက်လွှာ တင်ရန် မသွားမီ အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်ရှေ့တွင် ၎င်း နုတ်ထွက်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

"လေဘာပါတီ ခေါင်းဆောင် အဖြစ်ကလည်း နုတ်ထွက်မှာပါ" ဟု Brown က ဆိုသည်။

Brown က ပြောကြားရာတွင် ဝန်ကြီးချုပ် ရာထူးကို နှစ်သက်ကြောင်း၊ ကြီးကျယ် ခမ်းနားမှုကြောင့် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီ အတွက်၊ ပိုမို ဝပြောရေးအတွက်၊ ပိုမို တရားမျှတရေး အတွက်၊ နိုင်ငံကြီးသား ပီသရေးအတွက် အလုပ် လုပ်ပေးနိုင်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ ဒုတိယခေါင်းဆောင် Harriet Harman က ပါတီခေါင်းဆောင် မရွေးကောက်မီအထိ လေဘာပါတီကို ဦးဆောင်ပေးမည် ဖြစ်သည်။

ရက်သတ္တပတ် တစ်ပတ်ကြာ မသေချာမှုများ ရှိနေရာမှ House of Commons တွင် နေရာ ၆၅၀ ရှိသည့်အနက် ကွန်ဆာဗေးတစ်က ၃၀၆ နေရာသာ ရပြီး၊ အများစု အဖြစ် အနိုင်ရရန် နေရာ ၂၀ လိုအပ်ခဲ့သည်။ လေဘာပါတီက ၂၅၈ နေရာနှင့် Nick Clegg ၏ လစ်ဘရယ် ဒီမိုကရက်က ၅၇ နေရာ ရရှိသည်။

ပါတီ အသေးလေးများက ၂၈ နေရာ ရပြီး၊ အမတ်လောင်း တစ်ဦး မဲဆွယ်ကာလတွင် သေဆုံးခဲ့၍ တစ်နေရာကို ယခုလ နောက်ပိုင်းတွင် ရွေးကောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, By Joseph Allchin, 11th May 2010

ဧပြီလလယ်တွင် တရုတ်နှင့် မြောက်ကိုးရီးယားမှ လက်နက်များ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ဖွယ် ရှိသည်ဟု ပြောဆိုမှု ထွက်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံ၏ နျူကလီယာ ရည်ရွယ်ချက် အပေါ် ထပ်မံ စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ယခု အပတ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သံတမန်က သတိပေးမှု ပြုလုပ်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံမှု အပြီး ထုတ်ပြန်သော ကြေညာချက်တွင် ''ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်  ၁၈၇၄ အပေါ် အပြည့်အဝ လိုက်နာ ကျင့်သုံးမည်ဟု ကတိပေးထားခြင်းကို လိုက်နာ စောင့်ထိန်းရန် မြန်မာခေါင်းဆောင်များအား တိုက်တွန်းထားသည်'' ဟု ပြောကြားခဲ့သည်။

၂၀၀၉ မေလတွင် မြေအောက် နျူကလီယာ စမ်းသပ်မှုကို ပြုံးယမ်း က ပြုလုပ်ခဲ့ပြီးနောက် ၎င်းနှစ် ဇွန်လတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် မြောက်ကိုးရီးယား အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှု ပိတ်ပင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။

''လတ်တလော အဖြစ်အပျက်တွေအရ ဆိုရင် သူတို့ ပေးထားတဲ့ ကတိ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ နိုင်ငံတကာ ကတိကဝတ်တွေကို မြန်မာနိုင်ငံက လိုက်နာတယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိအောင် အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ အတူ ပွင့်လင်း မြင်သာတဲ့ လုပ်ငန်းစဉ် ချမှတ်ဖို့ မြန်မာခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်" ဟု Campbell က ဆက်လက် ပြောကြားသည်။

"ဒီလုပ်ငန်းစဉ် မပါဘဲ နိုင်ငံတကာက သတ်မှတ် ဖွဲ့စည်းပေးထားတဲ့ မှန်ကန်တဲ့ စည်းကမ်း ဘောင်အတွင်းကနေ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အမေရိကန်က ကျင့်သုံးနေတာပါ" ဟု ၎င်းက ဆိုသည်။

Campbell ရည်ညွှန်းသည့် လတ်တလော အဖြစ်အပျက်များ ဆိုသည်မှာ ဧပြီလ သင်္ကြန်ရက်များ အတွင်းက လက်နက် တင်ဆောင်လာသည်ဟု ဆိုသော မြောက်ကိုးရီးယားနှင့် တရုတ်သင်္ဘောများ မြန်မာနိုင်ငံတွင် ဆိုက်ကပ်ခဲ့ခြင်းကြောင့် တရားဝင် ကန့်ကွက်ခဲ့ကြခြင်းကို ဆိုလိုပုံ ရသည်။

DVBနှင့် ဆက်သွယ် ပြောဆိုခဲ့သည့် အာဏာရှင် စောင့်ကြည့်ရေး Dictator Watch မှ ညွှန်ကြားရေးမှူး Roland Watson က ''အခုပြောခဲ့တဲ့ သင်္ဘော တင်ပို့မှုမှာ အမျိုးအစား မသိရတဲ့ ဒုံးကျည်တွေနဲ့ နျူကလီယာ အစီအစဉ်မှာ တိုက်ရိုက် အသုံးပြုမယ့် ပစ္စည်း ဒါမှ မဟုတ် ထည့်သွင်း အသုံးပြုမယ့် ပစ္စည်းတွေ ပါဝင်တယ်လို့ ယုံကြည်ရပါတယ်'' ဟု ပြောကြားခဲ့သည်။

မြောက်ကိုးရီးယား၏ နျူကလီယာ စမ်းသပ်မှုနှင့် ယခင်နှစ် နွေရာသီက မြန်မာနိုင်ငံသို့ ဦးတည်ခဲ့ပုံ ရသော ကန်နန်-၁ သင်္ဘော ကိစ္စ နောက်ပိုင်းတွင် မြောက်ကိုးရီးယားမှ မြန်မာသို့ လက်နက် တင်ပို့မှုကို ကမ္ဘာက အာရုံ စိုက်လာခဲ့သည်။ ထိုစဉ်က ကန်နန်-၁ သင်္ဘော နောက်ပြန် မလှည့်ခင် အထိ အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သည်။

''Kurt Campbell ပြောတာတွေကို ကြည့်မယ်ဆိုရင် ဒီလက်နက် တင်ပို့တဲ့ ကိစ္စတွေကို အမေရိကန်က သိထားပြီးပြီလို့ ကျွန်တော် ယူဆပါတယ်'' ဟု Watson က ဆိုသည်။ ''မနှစ် နွေရာသီတုန်းက ကန်နန်သင်္ဘောကို ထိထိရောက်ရောက် ပိတ်ဆို့ခဲ့သလိုမျိုး ဒီတစ်ခေါက် အမေရိကန်က မပိတ်ခဲ့တာကို ကျွန်တော်တို့ အရမ်း စိုးရိမ်နေပါတယ်။ ကန်နန် သင်္ဘောပေါ်က ပစ္စည်းတွေကို အခုတစ်ခေါက် ပို့လိုက်မှာကိုလည်း စိတ်ပူနေတယ်'' ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သင်္ဘောများသည် သံသယဖြစ်ပွားမှုကို ရှောင်ရှားရန် အတွက် သင်္ကြန်ကာလတွင် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ခန့်မှန်း ပြောဆိုမှုများ ပျံ့နှံ့နေသည်။

ပြုံးယမ်းမှ ပို့လိုက်သော ပစ္စည်းများသည် စစ်ဖက်နှင့် ဆိုင်သည် ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ၊ မြောက်ကိုးရီးယား အပေါ် အရေးယူထားသော ကုလသမဂ္ဂ ကုန်သွယ်မှု တားမြစ်ရေး ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချိုးဖောက်ခြင်းသာ ဖြစ်သည်။

သင်္ဘောများ ကိစ္စနှင့် ပတ်သက်၍ အမေရိကန်က တုန့်ဆိုင်းနေခြင်းသည် နျူကလီယာ ပစ္စည်း သို့မဟုတ် သမားရိုးကျ လက်နက်များ ပါဝင်နိုင်သည့် တရုတ် သင်္ဘောများ ရောက်ရှိနေခြင်းကြောင့် ဖြစ်နိုင် မဖြစ်နိုင်ကို Watson က မေးခွန်းထုတ်ထားသည်။

မည်သို့ပင် ဖြစ်စေ တစ်ချိန်တည်းတွင် မြောက်ကိုးရီးယား ဆိုင်ရာ တရုတ် သံအမတ်ကြီး ဇောင်ရီရှုက ''ပြုံးယမ်း၏ ဆောင်ရွက်ချက်များသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆန္ဒကို မလေးစားကြောင်း ပြသနေသည်'' ဟု ပြောကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာသည်ဟု ဆိုရမည် ဖြစ်သည်။

သို့ရာတွင် Watson ကမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်တွင် အတွင်းကျကျ ပတ်သက်နေသကဲ့သို့ ရုရှားသည်လည်း သံသယ ဖြစ်ဖွယ် ကူညီနေသည်ဟု ယုံကြည်ထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွင်း ကြီးမားစွာ ရင်းနှီးမြှုပ်နှံသလို အဓိက အကျိုးတော်ဆောင် နိုင်ငံလည်း ဖြစ်သည်။ သို့ရာတွင် လတ်တလော၌ နှစ်နိုင်ငံ နယ်စပ်မှ ပြဿနာကြောင့် စိုးရိမ် ပူပန်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Burma Researcher for Human Rights Watch: huffingtonpost.com,10th May 2010

လွန်ခဲ့သော ၂ နှစ် ၂၀၀၈ မေလဆန်းတွင် ဆိုင်ကလုံး နာဂစ်စ်က မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြို့တော်ဟောင်း ရန်ကုန်တို့ကို ဝင်ရောက် ဖျက်ဆီးခဲ့ရာတွင် ၁၆၀ ကီလိုမီတာနှုန်း လေပြင်းနှင့် ကြီးမားသော လှိုင်းလုံးများကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ထိုအချိန်က တိုင်းပြည် အပေါ် ၎င်းတို့၏ အာဏာ ခြေကုတ်မြဲရန် ဦးစားပေး ဆောင်ရွက်နေသော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်ရ စစ်ဖက် အစိုးရသည် မြန်မာပြည်သူတို့၏ ဘဝရှင်သန်ရေးကို ကူညီရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများအား ပြည်ဝင်ခွင့် ဗီဇာ မပေးခြင်း၊ တားဆီး ပိတ်ဆို့ခြင်းတို့ အပြင် ကယ်ဆယ်ရေး မီးမောင်းထိုးပြမည့် နိုင်ငံခြား သတင်းထောက်များကိုလည်း မောင်းထုတ်ခဲ့သည်။ အခြေခံ ဥပဒေသစ် အတွက် ဟန်ဆောင် ပန်ဆောင် ဆန္ဒခံယူပွဲ ကျင်းပ ပြီးစီးသွားမှသာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို မုန်တိုင်း ဒဏ်ခံ ပြည်သူများထံ သွားရောက်ရန် ခွင့်ပြုခဲ့သည်။

သို့ရာတွင် သိန်းပေါင်း များစွာသော မြန်မာ ပြည်သူတို့ကမူ စောင့်ဆိုင်းခြင်း မရှိခဲ့ပါ။ မိတ်ဆွေ အချင်းချင်း စုရုံး၍ စေတနာ့ ဝန်ထမ်း အဖွဲ့များ ဖွဲ့ကာ အလှူပစ္စည်းများကို စုစည်းပြီး အလုံးစုံ ပျကစီးသွားသော ဒေသများသို့ သွားရောက်၍ အစားအစာနှင့် သောက်ရေ ဖြန့်ဝေခြင်း၊ နားခိုရန် တဲများ ဆောက်လုပ်ပေးခြင်း၊ ဒဏ်ရာရသူများကို ဆေးကုသခြင်း၊ အလောင်းများ မြှုပ်နှံပေးခြင်း၊ အသက်ရှင် ကျန်ရစ်သူများ ပြန်လည် ထူထောင်ရန် ကူညီခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အဖွဲ့များသည် အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ တေးသံရှင်များ၊ လုပ်ငန်းရှင်များ၊ ခရီးသွား ကုမ္ပဏီများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တတ်အားသမျှ ကူညီရန် မြန်မာပြည် တစ်ဝှမ်းမှ ရောက်လာသူများ စသည့် နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော ကယ်ဆယ်ရေး အဖွဲ့များပင် ဖြစ်သည်။

ဆိုင်ကလုံး အပြီး အရေးပေါ် နေ့ရက်များတွင် ရက်စက်မှုမှ ကရုဏာကြီးမှုသို့ ပြောင်းလဲနိုင်စွမ်း မရှိသည့် ရက်စက်သော အစိုးရ၏ သွေးအေးမှု အပေါ် ရဲရင့်သော မြန်မာပြည်သူများက နှာခေါင်းရှုံ့ခဲ့ကြသည်။ "လူသားချင်း စာနာ ထောက်ထားတဲ့ လုပ်ငန်းတွေမှာ ကျွန်တော်တို့ တွေ့ဆုံနိုင်အောင် နေရာ တစ်ခု ဖန်တီးပေးခဲ့သူက နာဂစ်စ် ဆိုင်ကလုံးပါ၊ အစိုးရ မဟုတ်ပါဘူး" ဟု မြန်မာ ကယ်ဆယ်ရေး လုပ်သား တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

ကယ်ဆယ်ရေး အတွက် ဖွဲ့စည်းလိုက်ကြသော အရပ်ဖက် အဖွဲ့အစည်း ရာဂဏန်းခန့် ပေါ်ပေါက်လာကာ လုပ်ငန်းများ အဆက်မပြတ် လုပ်ဆောင်ရန် ချိတ်ဆက်ရင်း ကြီးထွားလာခဲ့ကြသည်။ သို့ရာတွင် အစိုးရက ထပ်မံ ချမှတ်သော အကန့်အသတ်များ ရှိလာပြန်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်နေသော်လည်း အစိုးရ၏ ညံ့ဖျင်းသော တုန့်ပြန် ဆောင်ရွက်မှု အပေါ် ပြစ်တင် ဝေဖန်သူများကို အရေးယူခဲ့သည်။ နာမည်ကျော် ဟာသ သရုပ်ဆောင် ဇာဂနာနှင့် အရပ်သား ကယ်ဆယ်ရေး လုပ်သား ၂၀ ခန့်မှာ ဖမ်းဆီးခြင်း ခံရပြီး ၎င်းတို့ကို အစိုးရက မတရား စွပ်စွဲ၍ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ရာ ဇာဂနာမှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

ကြီးထွားလာသော နိုင်ငံတကာ ကယ်ဆယ်ရေး တုန့်ပြန် ဆောင်ရွက်မှုကြောင့် အစိုးရနှင့် ပုံမှန် ဆက်ဆံရေးကို အထောက်အကူ ဖြစ်စေပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နိုင်ငံတကာ အကူအညီနှင့် ကျွမ်းကျင်မှုတို့  လိုအပ်ကြောင်းကို စစ်ဖက် ခေါင်းဆောင်များ ကောင်းစွာ သဘောပေါက် လာကြပြီဟု ပြည်ပ အကဲခတ် သမား အချို့က ယုံကြည်နေမှုနှင့် အတူ ဆိုင်ကလုံး အပြီး လအတန်ကြာတွင် အကောင်းမြင် ဝါဒ ထွက်ပေါ်လာခဲ့သည်။ မြန်မာအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံ တို့၏ ၃ ပွင့်ဆိုင် အဖွဲ့သည် မြန်မာနိုင်ငံ တစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံကိန်းများ ဖြန့်ကျက်ရန် ပုံစံ တစ်ခု အဖြစ် ယူဆခဲ့ကြသည်။

၂ နှစ်အကြာတွင်မူ အဆိုပါ မျှော်လင့်ချက်များမှာ ရေစုန်မျော သွားခဲ့ပြီ ဖြစ်သည်။ နာဂစ်စ် ကယ်ဆယ်ရေး လုပ်ငန်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်ကို ကျန် တစ်နိုင်ငံလုံးသို့ တိုးချဲ့ကူညီရေး နည်းလမ်း အဖြစ် ယူဆ၍ မရပါဟု မြန်မာနိုင်ငံတွင်းမှ လူသားချင်း စာနာသော ကယ်ဆယ်ရေး ဝန်ထမ်းများက Human Rights Watch သို့ ပြောကြားခဲ့သည်။ ပြည်ပ ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးက မှတ်ချက်ပေးရာတွင် ''တကယ်လို့ စစ်ဗိုလ်ချုပ်တွေကသာ သူတို့ရဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ လည်ပင်းပေါ်က ဖယ်ပေးလိုက်မယ် ဆိုရင် မြန်မာနိုင်ငံက ထောင်တက်သွားမှာပါ'' ဟု ပြောကြားခဲ့သည်။

လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေး ခြင်းတောင်းထဲမှ ထွက်မလာ နိုင်သေးပါ။ ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှုန်းမှာ အာရှတိုက်တွင် အာဖဂန်နစ္စတန် ပြီးလျှင် အဆိုးဆုံး ဖြစ်နေသည်။ တိုင်းပြည် လူဦးရေ၏ သုံးပုံ တစ်ပုံမှာ ဆင်းရဲမွဲတေမှု စံနှုန်းထက် ပိုမို နိမ့်ကျနေသည်။ ကယ်ဆယ်ရေး အေဂျင်စီများ၏ စီမံချက်များ အပေါ် စစ်ဖက် အစိုးရက ကန့်သတ် ချုပ်ချယ်မှုကြောင့် ကမ္ဘာတွင် တစ်ဦးချင်း ပြည်ပ အကူအညီ လက်ခံရရှိမှု အနိမ့်ဆုံး အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိစေခဲ့သည်။ (တစ်ဦးလျှင် ၂.၈ ဒေါ်လာ) တစ်ဦးလျှင် ဒေါ်လာ ၅၀ ခန့် အကူအညီ ရနေသော အိမ်နီးချင်း လာအိုနိုင်ငံနှင့် နှိုင်းယှဉ် သုံးသပ်ကြည့်နိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဇုံနှင့် ယခင် ဘိန်းစိုက်ပျိုးသော ရှမ်းပြည်နယ် ဒေသများတွင် အဓိက ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင် တစ်သန်းကျော် အနက် အများစုမှာ အာဟာရ ချို့တဲ့မှုကို ဆိုးဝါးစွာ ခံစားနေရသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်လည်း ကမ္ဘာ့ အကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေမှုကြောင့် သန်းနှင့် ချီသော ပြည်သူများ နေစရာ ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေး ဝန်ထမ်းများ၏ ကြိုးပမ်းမှုမှာလည်း အစိုးရ၏ တင်းကြပ်မှုများ၊ တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများကြောင့် အကန့်အသတ် ရှိနေသည်။ အဆိုပါ ဒေသတွင် အရေးပေါ် အကူအညီ လိုအပ်နေသော်လည်း တိုက်ပွဲဇုံ အတွင်းသို့ အကူအညီများ ဖြန့်ဝေရေး အတွက် နယ်စပ် ဖြတ်ကူးရန် နည်းလမ်းသစ်များ ရှာနေရခြင်းကြောင့် ဥရောပ သမဂ္ဂ၊ သြစတြေးလျ စသော လူသားချင်း စာနာသည့် အဓိက အလှူရှင်များမှာ တုံ့ဆိုင်း နှောင့်နှေးလျက် ရှိသည်။

တစ်ချိန်တည်းတွင် မြန်မာ အစိုးရသည် အရံ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ခန့် ပိုင်ဆိုင်ထားသကဲ့သို့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှုမှ တစ်လလျှင် ခန့်မှန်းချေ ဒေါ်လာသန်း ၁၅၀ ခန့်ရနေသည်ဟု ခန့်မှန်းထားကြသော်လည်း ပြည်သူများ အတွက် ရက်ရောစွာ သုံးစွဲရန် တွန့်ဆုတ်နေသည်။ အစိုးရက ပြည်သူတို့ အပေါ် ထောက်ပံ့သော မသဒ္ဓါ ရေစာ အကူအညီမှာလည်း ပွင့်လင်းမြင်သာမှု မရှိပါ၊ အနောက်နိုင်ငံ ပိတ်ဆို့မှု စာရင်းတွင် ပါသော အေရှားဝေါလ်၊ ထူးထရိတ်ဒင်း၊ မက်စ်မြန်မာ စသည့် အစိုးရနှင့် နိုင်ငံရေး အရ ဆက်နွယ်သည့် ကုမ္ပဏီများအား အစိုးရ ကိုယ်စားလှယ်များမှ တစ်ဆင့် ကန်ထရိုက်များ ချပေးနေခြင်း ဖြစ်သည်။ ထို့အပြင် အစိုးရသည် တိုင်းပြည်၏ ဘဏ္ဍာငွေ အများစုကို စစ်လက်နက် ပစ္စည်းများ၊ စစ်ဖက် အခြေခံ အဆောက်အဦးများနှင့် နေပြည်တော် မြို့တော်သစ် တည်ဆောက်ခြင်း လုပ်ငန်းတွင် သုံးစွဲ ဖြုန်းတီးပစ်ခဲ့သည်။ ယခုကဲ့သို့ ဒုစရိုက် ကျူးလွန်၍ နိုင်ငံအပေါ် သစ္စာမဲ့သော အစိုးရကို ဖိအားပေးနိုင်ရန် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ပိုမို ကောင်းမွန်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပြီး စစ်ဖက် အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ စီးပွားရေး ရောင်းရင်းများ အပေါ် ပစ်မှတ်ထားသော ဘဏ္ဍာရေး ပိတ်ဆို့မှုများကို ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။ စစ်ဖက် ခေါင်းဆောင်ပိုင်း၏ အကျိုးစီးပွားနှင့် ဝင်ငွေ အပေါ် ဖိအား တိုးမြှင့်ခြင်းသည်သာလျှင် ၎င်းတို့အား သယံဇာတများကို တိုင်းပြည် အတွက် ပိုမို အကျိုးရှိစွာ သုံးစွဲစေရန် ဝက်အူတင်းနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာ ထောက်ထားသော နယ်ပယ်ချဲ့ထွင် နိုင်ရန် မျှော်လင့်ချက်မှာ မြန်မာ့ အရပ်ဖက် လူ့အဖွဲ့အစည်း၏ တာဝန်သာ ဖြစ်သည်။ နိုင်ငံတကာ အလှူရှင်များနှင့် ကုလသမဂ္ဂ အေဂျင်စီများသည် ၎င်းတို့၏ လူသားချင်း စာနာ ထောက်ထားသော ကြိုးပမ်းမှုများကို ပိုမို အထောက်အကူ ဖြစ်စေမည့် နည်းလမ်းများ ရှာဖွေသင့်သလို တစ်ချိန်ထဲတွင် ၎င်းတို့၏ အကူအညီများသည် စစ်ဖက် အစိုးရနှင့် မိသားစုများ ပိုင် ကုမ္ပဏီများ၊ အစိုးရ ရောင်းရင်း လုပ်ငန်းရှင်များ အမြတ် မထွက်စေရန် ဂရုစိုက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ ပြဿနာများ အတွက် တစ်ခုတည်းသော အဖြေနှင့် မျှော်လင့်ချက်မှာ မြန်မာပြည်သူများသာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, By David Gollust , State Department, 10th May 2010

ယခု အပတ် အမေရိကန် ထိပ်တန်း ကိုယ်စားလှယ်၏ ခရီးစဉ်မှာ စိတ်ပျက်ဖွယ် ဖြစ်ခဲ့သော်လည်း Obama အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို လက်လျှော့မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနက ပြောကြားလိုက်သည်။ အရှေ့ အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

Campbell သည် မြန်မာနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရမှသာ သွားရောက်မည်ဟု တောင်းဆိုခဲ့သည်။ သို့သော် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သော်လည်း၊ အမေရိကန်က အများ လက်ခံနိုင်ခြင်း ရှိမည် မဟုတ်ဟု ဆိုနေသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အစီအစဉ်များမှ ပြောင်းလဲမှုများ ပြုလုပ်ရန် ရှိသည်များ အတွက် အောင်မြင်မှု မရှိခဲ့ပေ။

Obama အစိုးရ၏ အထီးကျန် မြန်မာနိုင်ငံ စစ်အစိုးရအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ပြီး ထိတွေ့ ဆက်ဆံရေး ကြိုးပမ်းမှု အဖြစ် Campbell သည် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခဲ့ပြီး၊ ယခု ခရီးစဉ်သည် ဒုတိယ အကြိမ် ဖြစ်သည်။

တနင်္လာနေ့က Campbell သည် မြန်မာနိုင်ငံမှ မထွက်ခွာမီ ကြေညာချက် ထုတ်ပြန်ရာတွင် ရွေးကောက်ပွဲ အစီအစဉ်များတွင် ပြင်ဆင် စရာရှိသည်များ ပြုလုပ်ရန် အသနားခံမှု အတွက် မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မှုမှာ အလွန်အမင်း စိတ်ပျက်ဖွယ် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

၎င်းက ပြောကြားရာတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးတွင် ပါဝင်သူများ အားလုံးနှင့် အများ လက်ခံနိုင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း၊ သို့သော် မြန်မာ အစိုးရက မိမိ တို့ အစီအစဉ် အတိုင်း ရှေ့ဆက် လုပ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာနပြောခွင့်ရ ပုဂ္ဂိုလ် P.J.Crowley ကမည်သို့ပင်ဆိုစေ အမေရိကန် ပြည်ထောင်စု အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထောက်ခံရင်း၊ စစ် အစိုးရ အာဏာပိုင်များနှင့် ဆက်ဆံရေးကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အလားတူ ပြောကြားခဲ့သည်။

''ဆက်ဆံရေးက ဆက်လုပ်သွားမှာပါ။ ဒါကြောင့်လည်း Kurt Campbell သွားခဲ့တာပေါ့ '' ဟု P.J.Crowley က ပြောသည်။ ''သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြတဲ့ အခါ၊ သူမကလည်း စိတ်ပျက် စရာကောင်းတာကို ပြောပါတယ်။ အစိုးရဆီက ဘာမှ မျှော်လင့်စရာ မရှိတာ၊ နိုင်ငံရေး အတွက် ကွက်လပ်တွေ ဖန်တီး မပေးလိုတာ၊ တိုင်းရင်းသားတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှု မလုပ်လိုတာတွေ ပြောပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ မြန်မာ အစိုးရကို ထိတွေ့ ဆက်ဆံဖို့ ကြိုးစားမှုတွေကို ဆက်လက် ထောက်ခံနေမယ် လို့ ပြောပါတယ် '' ဟု Crowley က ပြောသည်။

နောက်တစ်ကြိမ် ဆက်ဆံရေးကို မည်သည့်အချိန်တွင် မည်သို့ ပြုလုပ်မည် ဆိုသည်ကို Crowley က ညွှန်းဆိုခြင်း မရှိခဲ့ပေ။ သို့သော် Obama အစိုးရသည် မြန်မာ အာဏာပိုင်များအား ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်ရန် ဆက်လက် ဖိအားပေးသွားမည်ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ယမန်နှစ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ဖြစ်သော မြောက်ကိုးရီးယား အပေါ် လက်နက် ရောင်းဝယ်မှု ကန့်သတ်ခြင်းအား ပိုမို တင်းကြပ်စေရန်အား မြန်မာနိုင်ငံ အနေဖြင့် လိုက်နာရန် လိုလားကြောင်း ပြောခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် မည်သို့ ချိုးဖောက်သည် ဆိုသည်ကိုမူ အတိအကျ ပြောဆိုခြင်း မရှိခဲ့ပါ။

Human Rights Watch မှ အာရှဆိုင်ရာ ဒါရိုက်တာ Sophie Richardsm က သူမ အနေဖြင့် သံသယ ရှိသော အချက်မှာ မြန်မာ အာဏာပိုင်များသည် နိုင်ငံတကာ အရေးယူမှုများ ပိုမို တင်းကြပ်မှု မရှိလျှင် အပြောင်းအလဲ လုပ်ရန် ခဲယဉ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ကျွန်မ ထင်ပါတယ်၊ Campbell အနေနဲ့ အစိုးရနဲ့ တွေ့ဆုံတာဟာ ဘာမှ မမှားပါဘူး။ မူအရ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စကားပြောပြော အလုပ် ဖြစ်မယ် မထင်ဘူး။ ဘဏ် လုပ်ငန်း ဆိုင်ရာ အရေးယူမှု အပြည့်အဝ ချမှတ်တာတွေ၊ လူသားချင်း မစာမနာဘဲ ကျူးလွန်တဲ့ ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့တာတွေ စသဖြင့် အတူတွဲပြီး လုပ်ဖို့ လိုလိမ့်မယ် ထင်တယ် '' ဟု သူမက ပြောသည်။

ယခင် သမ္မတ George W.Bush လက်ထက်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကြောင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးကို လုံးဝ ပိတ်ပင်ခဲ့သည်။ တနင်္လာနေ့က Campbell ကလည်း Obama အစိုးရ လက်ထက်တွင်လည်း အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုသည်။

Campbellက ပြောကြားရာတွင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ အပေါ် တရားမျှတပြီး ယဉ်ကျေးသော တိုင်းပြည် ဖြစ်ရေး အတွက် ကတိပြုထားမှုများ၊ အခက်အခဲများကြားမှ မဆုတ်မနစ် အနစ်နာခံ ရပ်တည်မှုများနှင့် အတူ ဆက်လက် ရှေ့ဆက်သွားမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။ ဝမ်းနည်းဖွယ် ကောင်းသည်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်၏ ပြဿနာများကို ဖြေရှင်းရန် အစိုးရနှင့် လက်တွဲလိုကြောင်း အဆိုပြုမှုများအပေါ် အာဏာပိုင်များ၏ မချေမငံ ပြုမှုများပင် ဖြစ်ကြောင်း Campbell က ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.