Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ ဒေသတချို့တွင် သောက်ရေနှင့် ရေကောင်းရေသန့် ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိရာ မြန်မာအစိုးရ၏ ညွှန်ကြားမှုဖြင့် ဒေသခံအာဏာပိုင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များက အများပြည်သူနှင့် ပူးပေါင်းပြီး သောက်ရေရရှိရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။

မေလ ၁၀ ရက်နေ့တွင်မူ စေတနာရှင်များ၊ အလှူရှင်များ နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းပြီး ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်ရှိ စက်ခွန်ပိုင်၊ ကန်သာယာ၊ ငချင်းပိုင်၊ သီတာအေး၊ ရွာသစ် ၄၊ ကန်ကုန် ၄ ၊ ဘူတာ နှင့် ရွှေကျီးပင် ကျေးရွာများမှ ဘုန်းတော်ကြီးများနှင့် ပြည်သူများအတွက် လစ်တာ ၂၀ ပါ ရေတိုင်ကီများ နှင့် ဘူးများ လှူဒါန်းခဲ့ကြသည်။

ထို့အတူ မင်းရွာ၊ ရွှေကျီးပင်၊ ရစ်ကန်လေး၊ ကမာနတ်၊ ရစ်ကန်ကြီး၊ ကုလားချောင်းကြီး၊ မင်းရွာ နှင့် ကမာဆည် ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိရာ စေတနာရှင်များက မော်တော်ယာဉ် ၁၂ စီးဖြင့် သောက်ရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။ ပဲခူးမြို့ အမှတ် ၁ ရဲစခန်း၊ ဒိုက်ဦးရဲစခန်း၊ ဝေါမြို့နယ် ရဲစခန်း၊ သနပ်ပင် မြို့နယ် ရဲစခန်း၊ ကဝမြို့နယ် ရဲစခန်းနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဖွဲ့ဝင်များ၊ စေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပဲခူးတိုင်းဖွံ့ဖြိုးရေး ကော်မတီဝင်များ စုပေါင်းပြီး ရှမ်းကြီး၊ မင်ဂလွန်း၊ ကျိုက်ပိ၊ အကာရစ်၊ အဖျားဘုတ်၊ အဖျားထမင်းဆိုင်၊ အင်းတိုင်စု၊ ကပင်၊ လက်ပံခါး၊ ဈေးညောင်ပင်နှင့် စည်တီး ကျေးရွာများမှ ပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဖြူးပေးခဲ့ကြသည်။

အလားတူ၊ ပဲခူးမြို့မှ စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကလည်း ရှမ်းယူကြီး၊ ပေချောင်း၊ စစ်တီးကျေးရွာများကို လည်းကောင်း၊ သနပ်ပင်မြို့နယ်ရှိ ကျားချောင်း၊ တနော်ကျွန်းနှင့် ကျိုးနပ်ကျေးရွာများ ကိုလည်းကောင်း ဂါလန် ၁၆၀၀ ဆံ့ ရေကားများဖြင့် သောက်ရေပေးပို့ လှူဒါန်းခဲ့ကြသည်။

သနပ်ပင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ ဦးဆောင်မှုဖြင့် သနပ်ပင်မှ စေတနာရှင်များကလည်း လီတာ ၂၀ဆံ့ ရေဘူးများ၊ သောက်ရေသန့်ဘူးများကို စက်ရုံပိုင်၊ ဘုရားကြီးပိုင်း၊ အပ်စုနှင့် ထနှောင်းပင် ကျေးရွာများသို့ ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Relief International ၏ သတင်းထုတ်ပြန်ချက်ကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ဥပဒေကြောင်းအရ ပယ်ပျက်သွားပြီဖြစ်သော မြန်မာ့ပင်မ အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ရှေ့နေများက ပါတီမပျက်ပြယ်ရေး အတွက် အယူခံဝင်မှုအပေါ် ပယ်ချလိုက်သည့် အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုပေးရန် ဗဟိုတရားရုံးတော်သို့ တောင်းဆိုလိုက်ကြောင်း သိရသည်။

NLD ပါတီသည် မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲပေးရန် ဗဟိုတရားရုံးတော်သို့ ဧပြီလ ၃၀ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့သည်။ သို့သော် တရားရုံးတော်က အဆိုပါအမှုကို ပယ်ချပစ်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုရသည့် အကြောင်းမှာ အကယ်၍ NLD အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည့် အခြေအနေသို့ ရောက်နေသောကြောင့် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အမှုကို ပယ်ချခဲ့တဲ့ကိစ္စဟာ ဗဟိုတရားရုံးတော်ရဲ့ စည်းမျဉ်းဥပဒေနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဥပဒေအရ တရားရုံးတော်က ကျွန်တော်တို့ရဲ့အမှုကို ဘာကြောင့် ပယ်ချတယ်ဆိုတဲ့ ကိစ္စကို အသိပေးပြောဆိုရမှာ ဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့အနေနဲ့ အမှုကို ပြင်ဆင်လို့ရမှာပါ" ဟု ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

"ဒါပေမဲ့ သူတို့က ဘာအကြောင်းပြချက် တစ်ခုမှမပေးတော့ ကျွန်တော်တို့လည်း ဘာဆက် လုပ်ရမယ်၊ ဘာပြောင်းလဲရမယ် ဆိုတာကို မသဲကွဲဘူးဖြစ်နေတယ်။ အဲဒါကြောင့်အခု နေပြည်တော်က ဗဟိုတရားရုံးတော်ကို ကျွန်တော်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီး ညွှန်ကြားချက် အမြန်ဆုံး ထုတ်ပြန်ပေးဖို့ တောင်းဆို ထားပါတယ်" ဟု ၎င်းက ဆိုသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်သွားမှုအပေါ် မကျေနပ်၍ တရားစွဲဆိုထားသော ၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်များနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့သည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆန္ဒပြအုပ်စုများ စုဝေးရာနေရာကို ထိုင်းစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်တပ်ဆင်ထားသော စစ်ယာဉ်များဖြင့် ဝိုင်းရံပြီး လူစုခွဲပစ်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်က ခြေကားရား လက်ကားရားနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသော ဆန္ဒပြလူအုပ်ရှိရာ နေရာကို ညနေပိုင်း ၆ နာရီတွင် အပြီးသတ် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ဆန္ဒပြသမားများအား ထိုနေရာမှ လွတ်လပ်စွာ ထွက်သွားခွင့်ပြုမည်ဖြစ်သော်လည်း ပြန်လည် ဝင်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း ပြောကြားသည်။

ထိုင်းအစိုးရက ဆန္ဒပြလူအုပ်ကြီး စုဝေးရာ နေရာသို့ ဝင်ရောက်နေသော ရေ၊ မီးနှင့် အခြားသော အစားအသောက် အထောက်အပံ့များ လမ်းကြောင်းကို ပိတ်ဆို့ရန် စီစဉ်ခဲ့သော်လည်း ပြန်လည် ဖျက်သိမ်းခဲ့သည်။ ထို့နောက် ယခုလို လူအုပ်ကြီး စုဝေးရာနေရာကို ပိတ်ဆို့ဝိုင်းရံကာ ရှင်းထုတ်တော့မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ကို လိုလားသော အဆိုပါ ရှပ်နီဝတ် ဆန္ဒပြသူများသည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှစ၍ မြို့တော်ဘန်ကောက်၏ အချက်အခြာ ကျသော နေရာအတော်များများကို သိမ်းပိုက်ခဲ့ကြသည်။ ရှပ်နီဆန္ဒပြ အုပ်စုက လက်ရှိဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရ အနေဖြင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တစ်ရပ် ကျင်းပပေးရန် တောင်းဆို ထားကြသည်။

ဝန်ကြီးချုပ် အဘီဇစ်က လာမည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဟု  ကမ်းလှမ်းခဲ့သည်။ သို့သော် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော ဆန္ဒပြသူများအပေါ် အင်အားသုံး ဖြိုခွင်းမှုအတွက် မည်သူမည်ဝါက တာဝန်ယူမည်ဟူသော ကိစ္စကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရရှိခဲ့ကြပေ။

ယခုလို စစ်တပ်က ဆန္ဒပြအုပ်စုကြီးကို လူစုခွဲရန် ကြိုးပမ်းပါက သွေးထွက်သံယိုမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဘန်ကောက်ရောက် BBC သတင်းထောက် Rachel Harvey က ပြောကြားသည်။

ဆန္ဒပြလူအုပ်ကြီးစုဝေးရာ နေရာတစ်ဝိုက်မှ စီးပွားရေးလုပ်ငန်းများနှင့် ဈေးဆိုင်များအား သတ်မှတ်ချိန် မတိုင်မီ နောက်ဆုံးထား၍ ပိတ်ပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားသည်။ "ညနေ ခြောက်နာရီလောက်မှာ ဆန္ဒပြလူအုပ်ကြီး စုဝေးတဲ့နေရာကို စစ်တပ်က ဝိုင်းရံပိတ်ပင်မှာပါ။ လက်နက် တပ်ဆင်ထားတဲ့ စစ်သုံးယာဉ်တွေနဲ့ ပိတ်ပင်ပစ်မှာပါ။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး" ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkummnerd ကပြောကြားသည်။

ဆန္ဒပြလူအုပ်ကြီးများနှင့် နီးကပ်သော ကောင်းကင်ရထား ဘူတာရုံလေးခုကိုလည်း အဆိုပါ အချိန်တွင် ပိတ်ပင်မည်ဖြစ်သည်ဟု ဘန်ကောက် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ပြောကြားသည်။

ရှပ်နီဆန္ဒပြအုပ်စုများသည် ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာများရှိရာ နေရာမှ စီးပွားရေးအရ အချက်အခြာကျသော နေရာများအထိ သိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့က အဆိုပါ နေရာများတွင် မော်တော်ကား တာရာများ၊ ဝါးများဖြင့် အဟန့်အတားများ ပြုလုပ်ထားသည်။ အဆိုပါ အဟန့် အတားများ နောက်တွင် မီးစက်များ၊ စားသောက်စရာများ ထားရှိကြသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရနှင့် ဆန္ဒပြသူများအကြား ညှိနှိုင်းအဖြေရှာမည် ဟူသော အသံများ ပျောက်ကွယ်သလို ဖြစ်သွားပြီးနောက် ယခုလို စစ်တပ်က ဖြိုခွင်းမည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် အဘီဇစ်ကလည်း နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကမ်းလှမ်းချက်ကို ပြန်လည်ရုပ်သိမ်းပါကြောင်း သတင်းထောက်များကို ပြောကြားသည်။

"ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို ကျွန်တော်ဖျက်သိမ်း လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြတဲ့ သူတွေက လူစုမခွဲပေးဘူးလို့ ငြင်းပယ်ခဲ့လို့ပါပဲ" ဟု မစ္စတာ အဘီဇစ်က ပြောဆိုသည်။ "ဖြစ်နိုင်ရင် အမြန်ဆုံး နဂိုအခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကျွန်တော် ပြောလိုက်ပါပြီ" ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရနှင့် ဆန္ဒပြအဖွဲ့အကြား အပေးအယူလုပ်သည့် ကိစ္စမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည့် အနေအထားသို့ ရောက်ရှိခဲသည် သို့သော် ဆန္ဒပြ အုပ်စုများက ဧပြီလ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြိုခွင်းမှုနှင့်ပတ်သက်၍ ထိုင်း ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban ကို အရေးယူပေးပါရန် တောင်းဆိုခဲ့သောကြောင့် ပြန်လည် ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

မစ္စတာ Suthep Thaugsuban က ဆန္ဒပြအုပ်စုများ ဖြိုခွင်းမှုကို ဦးဆောင်လုပ်ကိုင်ခဲ့ရာတွင် အစီအစဉ်များ လွဲမှားသောကြောင့် ဆန္ဒပြသူ ၁၉ ဦး၊ သတင်းထောက် တစ်ဦးနှင့် စစ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်တပ်က လူစုခွဲမည်ဟု ကြေညာလိုက်ပြီးနောက် ရှပ်နီဝတ် ဆန္ဒပြသူများ ဘက်ကလည်း ပုန်ကန်တော်လှန်မည့် အနေအထားများ ပြသခဲ့ကြသည်။ "ကျွန်တော်တို့ကို ထောက်ခံတဲ့ သူတွေအနေနဲ့ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းပြီး အကူအညီပေးဖို့ တိုက်တွန်း ပါတယ်။ ကျွန်တော်တို့ လူအင်အားကောင်းလေ သူတို့အနေနဲ့ ကျွန်တော်တို့ကို နာကျင်ထိခိုက်အောင် လုပ်ဖို့ခက်လေပါပဲ" ဟု ဆန္ဒပြခေါင်းဆောင်က လူအုပ်ကြီးကို ပြောဆိုသည်။

"ကျွန်တော်တို့ကို အင်အားသုံး လူစုခွဲဖို့ကြိုးစားနေတာတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ရဲ့ အစောင့်တွေကလည်း ကျွန်တော်တို့ဘက်ကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေပါပြီ" ဟု ဆိုသည်။

ရှပ်နီဆန္ဒပြသူများသည် နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြရသော လက်ဝဲယိမ်းသမားများ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူများလည်း ဖြစ်သည်။

လက်ရှိအစိုးရသည် ရွေးကောက်ပွဲ ကြောင်းအရ မဟုတ်ဘဲ ပါလီမန် တွင်း အပေးအယူပြုမှု ဟူသော အကြောင်းကိစ္စဖြင့် ဖွဲ့စည်းထားသောကြောင့် တရားမဝင်ကြောင်း ရှပ်နီဆန္ဒပြသမားများက စွပ်စွဲပြောဆိုထားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, By Naw Noreen, 13th May 2010

ထိုင်းနိုင်ငံနယ်စပ်မြို့ မဲဆောက်တွင် ထိုင်းရဲတပ်ဖွဲ့က စက်ရုံများတွင် ရှာဖွေ၍ တရားမဝင် ရွှေ့ပြောင်းလာသူများကို ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများ (၅၀၀၀)ခန့်သည် ပုန်းအောင်းနေကြရပါသည်။

စတင် ဖမ်းဆီးချိန်မှစ၍ (၇၅၀)ခန့် ဖမ်းဆီးခံထားရကြောင်း မဲဆောက် အခြေစိုက် Joint Action Committee on Burma Affairs (JACBA) မှ ခေါင်းဆောင် မိုးကြိုးက ပြောကြားခဲ့ပါသည်။

"ရဲတွေဟာ မေလ(၈)ရက်နေ့က အိုမီဂါ အထည်ချုပ် စက်ရုံကို ဝင်စီးပြီး လူ(၁၆၀)ကို ဖမ်းခဲ့ပါတယ်။ နောက်ထပ် ရှာဖွေမှုတွေလုပ်ပြီး အခုထိ လူ (၆၀၀) လောက် ထပ်ဖမ်းထားပါတယ် '' ဟု ၎င်းက ပြောပါသည်။ အဆိုပါ ဖမ်းဆီးမှုမှာ တရားမဝင် ရွှေ့ပြောင်းလာသူများ နေရပ်ပြန်ပို့ရေး အစီအစဉ် အရ ဗလတောင့်သော ရဲလူ(၂၀) ပါသော အဖွဲ့ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

ရွှေ့ပြောင်းလာသူများကို အကူအညီပေးနေသော အဖွဲ့ဖြစ်သည့် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့အစည်းမှ ကျော်စိန်က ပြောကြားရာတွင် သာမန်အားဖြင့် ဖမ်းဆီးခံရသူများကို တရားရုံးသို့ တင်ပို့ပြီး ထောင်(၆၄)ရက်ခန့် ချကာ မြန်မာနိုင်ငံသို့ ပြန်ပို့ကြောင်း ပြောပါသည်။

မဲဆောက်ရှိ  DVB သတင်းထောက်ကပြောကြားရာတွင် အဖမ်းခံရသူ တစ်ချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အနောက်ပိုင်း တခ့်(Tak)ပြည်နယ်ရှိ စက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် အချို့မှ အလုပ်သမားများက အဖမ်းခံရမည်ကို ကြောက်ကြသဖြင့် အလုပ် ပိတ်ထားရ သည်ဟု ဆိုပါသည်။

ရာပေါင်းများစွာသော လူများမှာ မဲဆောက် အနီးရှိ ဘုန်းကြီးကျောင်းများ၊ တောများထဲတွင် ပုန်းအောင်းနေကြပြီး အချို့မှာ မြဝတီဖက်သို့ ပြန်သွားကြကာ အခြေအနေ ပြန်ကောင်းလာအောင် စောင့်နေကြပါသည်။

" ဒီလူတွေဟာ မြန်မာနိုင်ငံမှာ အလုပ်မရှိလို့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ကြတာပါ။ အားလုံးဟာ ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင် လုပ်ဖို့တောင် ငွေမတတ်နိုင်ကြပါဘူး။ အရင်ကလည်း ဖမ်းခဲ့ဖူးပါတယ်။ အဲ့လိုပဲ ပုန်းနေကြရတာပါပဲ '' ဟု မိုးကြိုးက ပြောပါသည်။

တခ့်(Tak) ခရိုင်တွင် မြန်မာ ရွှေ့ပြောင်းလုပ်သား လေးသိန်းခန့်ရှိသည့် အနက်၊ သုံးသောင်းခန့်သာ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ခဲ့ကြပါသည်။ အများစုမှာ ပုံမှန် အလုပ်သမား ရပိုင်ခွင့် ရရှိရေး အတွက် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။

ထိုင်းအစိုးရ အလုပ်အကိုင် ဋ္ဌာန တာဝန်ခံ Jeerasak Sukhonthachat က ယမန်နေ့က The Nation သတင်းစာသို့ပြောကြားရာတွင် (2012) ခုနှစ်တွင် မြန်မာရွှေ့ပြောင်း လုပ်သား (၁.၂)သန်းခန့် နိုင်ငံသား ပြန်လည် စိစစ်ရေး အစီအစဉ် အရ မှတ်ပုံတင် လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ယခု အထိ (၈၂၇၀၀) ခန့်မှတ်ပုံတင်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားများသည် မြန်မာနိုင်ငံဖက်ရှိ ရုံးများတွင် မှတ်ပုံတင်ရမည် ဖြစ်သော်လည်း ထို အစီအစဉ်သည် မြန်မာ အာဏာပိုင်များ၏ အန္တရာယ်ကို ကြောက်ရကြောင်း ရွှေ့ပြောင်းလုပ်သား ရပိုင်ခွင့် အဖွဲ့များက သတိပေးထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 12nd May 2010

ထိုင်းအစိုးရက ရှပ်နီ ဆန္ဒပြသူများအား "အထုပ်အပိုး သိမ်း၍ ချက်ချင်း အိမ်မပြန်ပါက ဘန်ကောက်မြို့လည် စခန်းချနေရာများသို့ ထောက်ပံ့နေသော လမ်းကြောင်း စတင် ဖြတ်တောက်တော့မည်" ဟု ပြောကြားလိုက်သည်။

အကယ်၍ မြို့တော်မှ ဖယ်ရှားပေးရန် ရှပ်နီများက ငြင်းဆန်ပါက ရွေးကောက်ပွဲ စော၍ ကျင်းပပေးမည့် ကတိကို ပယ်ဖျက်ဖွယ် ရှိသည်ဟု ဝန်ကြီးချုပ် အဘီဆစ်က ဆိုသည်။

မစ္စတာ အဘီဆစ်သည် ယခင်ကလည်း ပြင်းထန်စွာ အရေးယူရန် ခြိမ်းခြောက်ခဲ့ဖူးသော်လည်း လူအသေအပျောက် ရှိခဲ့သော ဧပြီ ၁၀ ရက် ဖြိုခွဲမှု နောက်ပိုင်းတွင် ထိုသို့ လုပ်ဆောင်ခြင်း မရှိတော့ပါ။

ဧပြီ ၁၀ ရက် သေဆုံးမှုများ အတွက် အစိုးရက တာဝန်ယူရန် ရှပ်နီများက လိုလားနေသည်။ အဆိုပါ ဖြိုခွဲမှုတွင် ဆန္ဒပြသူ ၁၉ ဦး၊ သတင်းထောက်တစ်ဦးနှင့် စစ်သား ၅ ဦး သေဆုံးခဲ့ရခြင်း အတွက် ဆန္ဒပြသူများက အစိုးရသို့ အပြစ်တင်ခဲ့ကြသည်။

လက်ဝဲယိမ်း အုပ်စု၊ ဒီမိုကရေစီ အုပ်စုနှင့် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ အုပ်စုတို့ ပူးပေါင်းထားသည့် ရှပ်နီ ဆန္ဒပြသူများက လက်ရှိ အစိုးရသည် ရွေးကောက်ပွဲဖြင့် တင်မြှောက်သော အစိုးရ မဟုတ်ဘဲ လွှတ်တော်တွင်း အပေးအယူလုပ်၍ တက်လာခြင်း ဖြစ်သဖြင့် တရားမဝင်ဟု စွပ်စွဲထားသည်။

၎င်းတို့သည် ဆန္ဒပြပွဲများကို မတ်လ ၁၄ ရက်တွင် စတင်ခဲ့ကြပြီး ရွေးကောက်ပွဲ အသစ် ကျင်းပပေးရန် တောင်းဆိုထားသည်။

ကာလ အတန်ကြာ ခါးသီးသော ပဋိပက္ခအတွင်း အတော်အတန် ငြိမ်သက်နေခဲ့ပြီးနောက် ဆန္ဒပြသူများအား ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ မြို့တော်မှ ထွက်ခွာကြရန် အမိန့်ပေးသော အစိုးရ၏ ရာဇသံ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု BBC သတင်းထောက် Rachel Harrey က ပြောကြားသည်။

နိုဝင်ဘာ ရွေးကောက်ပွဲနှင့် အမျိုးသား ပြန်လည် စေ့စပ်ရေး ကိစ္စများ ပါဝင်သော ဝန်ကြီးချုပ်၏ အစီအစဉ်ကို ဆန္ဒပြ ခေါင်းဆောင်များက ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့သည်။

သို့ရာတွင် ဒုတိယ ဝန်ကြီးချုပ် ဆူသက် သောင်ဆူဘန်အား ဧပြီလတွင် မအောင်မြင်သော နှိမ်နင်း ဖြိုခွဲမှုများတွင် ပတ်သက် ဆက်နွယ်မှုဖြင့် တရားစွဲဆိုရန် ကိစ္စ အပါအဝင် တောင်းဆိုချက် အချို့ကို ရှပ်နီများက ထပ်မံ တင်ပြလာသည်။

ဆန္ဒပြသူ ၄၀ ကျော်မှာ အရေးပေါ် ဥပဒေကို ချိုးဖောက်ကာ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုမှုများကို ၎င်းတို့ဘာသာ ရင်ဆိုင်နေကြသည်။

ယခုအခါ လိုက်လျော ညှိနှိုင်းမှုများကို ရပ်တန့်ရမည့် အချိန် ဖြစ်သည်ဟု အစိုးရက ဆုံးဖြတ်ခဲ့ပုံရကြောင်း BBC သတင်းထောက်က ပြောကြားသည်။

 

အရေးယူ ကိုင်တွယ်ပြီ

အင်္ဂါနေ့ည လွှတ်တော်တွင် မိန့်ခွန်း ပြောကြားရာ၌ ၎င်းအနေဖြင့် စိတ်ရှည် သည်းခံခဲ့သည်ဟု အဘီဆစ်က ထုတ်ဖော် ပြောကြားခဲ့သလို လက်နက်ကိုင် တပ်ဖွဲ့ တပ်မှူးကလည်း ဗုဒ္ဓဟူးနေ့ မနက်တွင် ဆန္ဒပြမှုများ ရုတ်သိမ်းကြရန် ထပ်မံ သတိပေးခဲ့သည်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် အရေးယူ ဆောင်ရွက်မှုကို လျင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု အင်္ဂါနေ့တွင် အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု အဘီဆစ်က သတင်းထောက်များအား ပြောကြားသည်။

"အခုလို ပိတ်ဆို့ ဖြတ်တောက်တော့မယ်ဆိုရင် ဆန္ဒပြသမားတွေ သာမကဘဲ ဒီနယ်မြေမှာ နေတဲ့သူတွေ၊ အလုပ်လုပ်တဲ့သူတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဆန္ဒပြသူတွေ မနက်ဖြန် အိမ်ပြန်ပြီး စိတ်ရင်းအမှန် ပြသကြဖို့ တောင်းဆိုချင်ပါတယ်။ ပြန်လည် စေ့စပ်ရေး ကိစ္စကို သူတို့ တကယ် လိုလားတယ်ဆိုရင် တခြား ကိစ္စတွေကို နောက်မှ ဆွေးနွေးလို့ ရပါတယ်" ဟု ၎င်းက ဆိုသည်။

"ဒီနေ့ မပြန်ကြဘူးဆိုရင် အရေးယူတဲ့ အစီအစဉ် စတော့မယ်"ဟု လုံခြုံရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆင်ဆန်ကော့ကမ်နတ်က ပြောကြားသည်။

"ဒီနေ့ည သန်းခေါင်ကျော်ရင် စတော့မယ်။ လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်းတွေ ဖြတ်မယ်။ ဘတ်စ်ကား၊ ရထား၊ ရေကြောင်း ပို့ဆောင်ရေးစနစ်တွေ အကုန် ပိတ်ဆို့ထားမယ်။ အစားအသောက်တွေပါ မရအောင် ဖြတ်မယ်"ဟု ၎င်းက ဆိုသည်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ ဘန်ကောက်မြို့လည်တွင် ရောက်ရှိနေသည်မှာ ၂ လခန့် ရှိပြီ ဖြစ်သည်။ ရှပ်နီတို့၏ စခန်းများတွင် ကိုယ်ပိုင်မီးစက်များနှင့် ဒီဇယ် ထောက်ပံ့မှုများ ရှိသလို သောက်ရေ၊ သုံးရေများကိုလည်း သိုလှောင်ထားသည်။ မြို့လည်ခေါင် အချက်အခြာ နေရာများကို ၎င်းတို့ သိမ်းပိုက်ထားသဖြင့် ဈေးဆိုင်များ၊ ဟိုတယ်များ ပိတ်ထားကြရသည်။

ဘန်ကောက် အထက်တန်းလွှာ ကလေးများနေသော ကျောင်းများစွာမှာ ရှပ်နီတို့၏ စခန်းချ နယ်မြေထဲတွင် ရောက်ရှိနေပြီး လာမည့် အပတ်တွင် စာသင်နှစ်အသစ် စတင်ချိန် ရောက်နေပြီ ဖြစ်သည်။

ကြန့်ကြာနေသော ကြေညာချက်ကို တနင်္လာနေ့ညတွင် ထုတ်ပြန်ရာ၌ ရှပ်နီများက ဝန်ကြီးချုပ်၏ နိုဝင်ဘာ ၁၄ ရက် ရွေးကောက်ပွဲ အစီအစဉ်ကို လက်ခံသော်လည်း ဒုတိယ ဝန်ကြီးချုပ် ရဲများထံ အဖမ်းမခံမချင်း၊ မိမိတို့ အိမ်ပြန်မည် မဟုတ်ဟု ပြောကြားခဲ့ကြသည်။

လူ ၂၅ ဦး သေဆုံးခဲ့သော မအောင်မြင်သည့် ဧပြီလ ၁၀ ရက် အကြမ်းဖက် ဖြိုခွဲမှုကို ဒုတိယ ဝန်ကြီးချုပ် ဆူသက်က ဦးဆောင် ကြီးကြပ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 13th May 2010

မြန်မာ အစိုးရ လက်ထဲတွင် တိုင်းရင်းသား လူမျိုးစုများ ဘာသာရေးအရ ဖိနှိပ် ချုပ်ချယ် ခံနေရပုံကို အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် ယခု တပတ် ရှင်းလင်း တင်ပြမည့် ပထမဆုံး ရိုဟင်ဂျာမှာ မောင်ထွန်းခင် ဖြစ်သည်။

မြန်မာ ရိုဟင်ဂျာ အဖွဲ့အစည်း ယူဇော (BROUK) ၏ ဥက္ကဌ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့တွင် Christian Solidarity Worldwide မှ Benedict Rogers လည်း ပူးပေါင်း ပါဝင်သည်။

ယခု ခရီးစဉ်သည် ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူ အားလုံး၏ အသံကို ထုတ်ဖော်ရန် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန်၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် အတွက် အလွန်တန်ဖိုးရှိသော အခွင့်အလမ်း တစ်ခု ဖြစ်သည်ဟု မောင်ထွန်းခင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများ၏ ခက်ခဲသော အခြေအနေများကို လျစ်လျူရှုခြင်း ခံနေရသည်ဟု Rogers က ကွန်ဂရက် အမတ် Joseph Pitts နှင့် Chris Smith တို့ ပါဝင်သော လွှတ်တော် အမတ်အဖွဲ့သို့ ပြောကြားခဲ့သည်။

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC တွင် မြန်မာ အစိုးရကို လူသားထု အပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ စစ်ရာဝတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုနိုင်ရန် စုပေါင်း ကြိုးစား အားထုတ်လျက် ရှိသည်။ ရိုဟင်ဂျာများ အပေါ် မြန်မာအစိုးရ၏ စနစ်တကျ ဖိနှိပ် ချုပ်ချယ်မှုများနှင့် ကမ္ဘာ့ လူဦးရေ အထူထပ်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသော ဒုက္ခသည် ပြဿနာ ကြီးထွားလာမှုတို့နှင့် ပတ်သက်သည့် အထောက်အထားများကို မောင်ထွန်းခင်က တင်ပြမည် ဖြစ်သည်။

ရိုဟင်ဂျာ အမည်ရှိ မူဆလင် မျိုးနွယ်စုသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ၈ သိန်းခန့် နေထိုင်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ၎င်းတို့အပေါ် မြန်မာ အစိုးရ၏ ပြုမူ ဆက်ဆံပုံမှာ ကမ္ဘာပေါ်တွင် အရက်စက်ဆုံး ဖြစ်သည်ဟု ယခင်ကပင် သတ်မှတ်ထားခဲ့ကြသည်။

"မြန်မာနိုင်ငံထဲမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အရမ်း စိုးရိမ်နေရပါတယ်" ဟု Human Rights Watch မှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson က DVB သို့ လတ်တလော ပြောကြားခဲ့ပြီး ရိုဟင်ဂျာများကို ဒုက္ခသည် အဖြစ် သတ်မှတ်ပေးမည့် နိုင်ငံများ ပိုမို တိုးပွားလာရန် တောင်းဆိုလိုက်သည်။

ဟောင်ကောင်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးရဲမြင့်အောင်က ယခင်နှစ် ဖေဖော်ဝါရီလ သတင်းစာသို့ ပေးစာတွင် ရိုဟင်ဂျာများသည် လူသားစား လူရိုင်းများသဖွယ် ကြောက်စရာ ကောင်းသူများ အဖြစ် တင်ပြ ဆွေးနွေးခဲ့ခြင်းသည် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းဆိုသော မြန်မာအစိုးရ၏ လူမျိုးခွဲခြားရေး ဝါဒကို သိသိသာသာ ထင်ရှားစေသည့် ဥပမာ တစ်ခုပင် ဖြစ်သည်။

ထိုင်းနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းသို့ သောင်တင်လာသော ရိုဟင်ဂျာ လှေစီး ခရီးသည် ၁၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ပင်လယ်ပြင်သို့ ပြန်လည် မောင်းထုတ်ခဲ့ရာမှ လှေ ၄ စင်းခန့် နစ်မြှုပ်သွားခဲ့သော အထောက်အထား ဓာတ်ပုံများ ပေါ်ထွက်လာပြီးနောက် အထက်ပါ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုင်းကမ်းခြေစောင့် တပ်ဖွဲ့၏ လုပ်ရပ်ကို ထိုင်းအစိုးရက ပြင်းထန်စွာ ပြစ်တင် ရှုတ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်လည်း ၎င်းတို့၏ အရှေ့ပိုင်း ကော့ဘဇား ခရိုင်တွင်းရှိ တရားမဝင် နေထိုင်သူ ရိုဟင်ဂျာ ခန့်မှန်းချေ ၃၇၈,၀၀၀ ခန့်ကို ဒုက္ခသည် အဆင့်အတန်းသို့ သတ်မှတ်ရန် ကိစ္စကို ပိတ်ဆို့ရန် ကြိုးစားခြင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ ပြစ်တင် ဝေဖန်ခြင်းကို ခံနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.app.com.pk, By Rahman Jahangir, 13th May 2010

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့တွင် မေလ ၃၀-၃၁ တွင်ကျင်းပမည့် Regional Climate Conference of Global Climate Change Alliance (GCCA) အစည်းအဝေးသို့ အာဖဂန်နစ္စတန်ကလည်း ဒေသတွင်း ကိုးနိုင်ငံနှင့်အတူ တက်ရောက်လိမ့်မည်ဟု ဒက္ကာရှိ တရားဝင် သက်တင်းများက ကြာသပတေးနေ့က ဆိုသည်။ အဆိုပါ အစည်းအဝေး စီစဉ်နိုင်ရေး အတွက် ဘင်္ဂလားဒေ့ရှ်အား EU မှ ပံ့ပိုးပြီး၊ ဘူတန်၊ ကမ္ဘောဒီးယား၊ လာအို၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ ယီမင်နှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်တို့ တက်ရောက်မည် ဖြစ်သည်။

EU သံအမတ် Stefan Frowein သည် ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး Dr Hasan Mahmud တို့သည် ကွန်ဖရင့် အစီအစဉ်များအတွက် ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားရာတွင် GCCA မှ အာရှနိုင်ငံများသည် EU နှင့် ရာသီဥတုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပါ ကွန်ဖရင့်တွင် လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။

GCCA ကို EU ၏ ကမကထပြုမှုနှင့် ၂၀၀၇ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံကြရသော ဖွံ့ဖြိုးဆဲနိုင်ငံများကို၊ ရာသီဥတု ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသော ပလက်ဖောင်းပေါ်သို့ ခေါ်ဆောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာများ အဆက်မပြတ် ချမှတ်နိုင်ရန် ရည်ရွယ်ခဲ့သည်။

GCCA သည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများနှင့် ကျွန်းနိုင်ငံငယ်လေးများအား ဆွေးနွေးပြီး EU ၏ ဖွံ့ဖြိုးရေး မူဝါဒမှ ငွေကြေး ထောက်ပံ့မှုဖြင့် ခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် အဆိုပြုရေးကို အာရုံပြုသွားမည် ဖြစ်သည်။

ယခု ကွန်ဖရင့်သည် ဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ၏ လိုအပ်ချက်နှင့် မက္ကစီကိုရှိ အများဆုံး ဒဏ်ခံရသော နိုင်ငံများကို ကာကွယ်ပေးရန် မဟာဗျူဟာအတွက် ပုံဖော်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ညှိနှိုင်း ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် အရေးပါသော ကဏ္ဍမှ ပါဝင်သည့် အလျောက် ယခု ကွန်ဖရင့်ကို အိမ်ရှင်အဖြစ် လက်ခံရန် EU က အဆိုပြုခဲ့သည်ဟု ဆိုသည်။

ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုများ အတွက် EU ကော်မရှင်နာ ဒိန်းမတ် ရာသီဥတု ဝန်ကြီးဟောင်း Connie Hedegaard နှင့် EU နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအချို့ ကွန်ဖရင့်တွင် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။

ကွန်ဖရင့်တွင် ရာသီဥတု ပြောင်းလဲမှုကို ကျင့်သားရရေးနှင့် အထိခိုက်နည်းရေး အတွက် GCCA မှတဆင့် ချက်ချင်း ဦးစားပေး လုပ်ဆောင်ရန်များကို ချမှတ်နိုင်လိမ့်မည်ဟု တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ အစိုးရက ယခု ရက်သတ္တပတ်အတွင်း ပြည်နယ်နှစ်ခုရှိ တရားမဝင် ဘိန်းစိုက်ခင်းပေါင်း ၄၃ ဒဿမ ၆ ဟက်တာကို ဖျက်ဆီးပစ်ခဲ့ရာ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း မြန်မာ အစိုးရက ဖျက်ဆီးခဲ့သော ဘိန်းစိုက်ခင်း စုစုပေါင်းမှာ ၈၃၅၅ ဟက်တာ ရှိသွားပြီ ဖြစ်ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

မြန်မာ အစိုးရသည် မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း ရှမ်းပြည်နယ်၊ မန်းတောင်နှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်တို့ရှိ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဘိန်းစိုက်ပျိုးသည့် ရာသီတွင် မြန်မာအစိုးရက ဘိန်းစိုက်ခင်း စုစုပေါင်း ၄၁၃၈ ဟက်တာကို ဖျက်ဆီးခဲ့သည်။

အဆိုပါ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာတွင်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိသော အမေရိကန် ဒေါ်လာ ၉၃ သန်း တန်ဖိုး ရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးပစ်ခဲ့သည်။ မီးရှို့ ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများတွင် ကာလ ပေါက်ဈေးအားဖြင့် ဒေါ်လာ ၆ ဒဿမ ၉၉ သန်း တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူ ၈၁၉ ကီလိုဂရမ်၊ ဘိန်း ၁၅၆ ကီလိုဂရမ် တို့ ပါဝင်သည်။

ယခု ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင်လည်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၁၉ မှုတွင် ပါဝင် ပတ်သက်သူ ၃၁၁ ဦးအား မြန်မာအစိုးရက ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ ပြစ်ဒဏ် ချမှတ် ခံရသူများထဲတွင် အမျိုးသမီး ၆၃ ဦး ပါဝင်သည်။ ထို့ပြင် မြန်မာအစိုးရ အာဏာပိုင်များသည် ယခုလ (မေလ) အတွင်း ဘိန်း ၅၀ ဒဿမ ၈၁ ကီလိုဂရမ်၊ ဘိန်းဖြူ ၁ ဒဿမ ၄၄ ကီလိုဂရမ်၊ ဆေးခြောက် ၅ ဒဿမ ၀၃ ကီလိုဂရမ် နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၇၅၁၆ ပြားကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလတွင် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများ ဝင်ရောက်ခွင့် ပြုမည် မဟုတ်ကြောင်း မြန်မာစစ်အစိုးရက ငြင်းပယ်လိုက်သည်။ သို့သော် ရွေးကောက်ပွဲ အကောင်အထည်ဖော် ဖြစ်မြောက်ရေးအတွက် အမေရိကန် ပြည်ထောင်စုထံမှ ပူးပေါင်း ဆောင်ရွက်မှု ရယူလိုကြောင်း စစ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက် လည်ပတ်သော အမေရိကန် သံတမန် Kurt Campbell က မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန် မိပါသည်ဟု ထုတ်ဖော် ပြောဆိုထားသည့်တိုင် မြန်မာစစ်အစိုးရ အာဏာပိုင်က အမေရိကန် ပြည်ထောင်စုအနေဖြင့် အပြုသဘောဆောင်သော သဘောထားကို ထုတ်ဖော်ပြသ သင့်ကြောင်း တိုက်တွန်းလိုက်သည်။

ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် အရပ်သားအစိုးရ ထွက်ပေါ်ရေးဟူသော ဟန်ဆောင်မှုဖြင့် စစ်တပ်အာဏာ တည်တံ့ခိုင်မြဲရေးကိုသာ အကွက်ဆင် ထားသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခံထားရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ ရွေးကောက်ပွဲသည် နိုင်ငံတကာတွင် အသိအမှတ်ပြုမှု လျော့နည်းလိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်လျက်ရှိကြောင်း မစ္စတာ Kurt Campbell က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သုံးသပ်ပြောဆိုသည်။

"ရွေးကောက်ပွဲမတိုင်ခင် ကျန်ရှိနေတဲ့ အချိန်ကာလမှာ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ဖွင့်ပေးဖို့ ကျွန်တော်တို့က တိုက်တွန်းပါတယ်" ဟု ၎င်းကပြောကြားသည်။

အရှေ့တောင်အာရှဒေသ သို့မဟုတ် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည် လေ့လာသူများကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ဝင်ရောက်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ ဟူသော ကိစ္စကို မစ္စတာ Kurt Campbell ကမေးမြန်းရာ စစ်အစိုးရက ခွင့်မပြုနိုင်ဟု ငြင်းပယ်ခဲ့သည်။

"မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ဒီကိုလာပြီး စောင့်ကြည့်ဖို့ မလိုအပ်ပါဘူး" ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဦးသိန်းစိုးက ပြောကြားသည်။

"လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းဖို့ အစီအစဉ်တွေ ရေးဆွဲထားပြီးပါပြီ" ဟု ဦးသိန်းစိုးက မစ္စတာ Campbell ကို ပြောကြားလိုက်ကြောင်း သိရသည်။ မစ္စတာ Campbell သည် ယခု ဒုတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးများအပါအဝင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့သည်။ သူသည် နှစ်ရက်တာမျှ လာရောက်ခဲ့ပြီးနောက် မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ခရီးစဉ်အတွင်း မစ္စတာ Campbell နှင့် မြန်မာအာဏာပိုင်တို့ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကို မေလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

"ကျွန်တော်တို့ နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုထံမှ နွေးထွေးတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို လက်ခံရယူလိုပါတယ်။ ဒါမှ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ကျင်းပသွားနိုင်မှာပါ" ဟု စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မစ္စတာ Campbell ကို ပြောဆိုသည်။ သို့သော် ပူးပေါင်းဆောင်ရွက် မှုအသေးစိတ်ကိုမူ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဝါရှင်တန်အစိုးရ၏ မူဝါဒသစ်ဖြစ်သော စေ့စပ်ညှိနှိုင်းရေးကို ကြိုဆိုပါကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲ နှင့်ပတ်သက်၍ အပြုသဘောဆောင်သော သဘောထား ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။

မစ္စတာ Campbell သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ယခုအကြိမ် လာရောက်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီ (NLD) တရားဝင် ပယ်ပျက်သွားပြီး နောက်ရက်ပိုင်းတွင်ဖြစ်သည်။ NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်တိုင် စစ်အစိုးရက အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိပေ။

ယခုကာလအတွင်း စစ်အစိုးရက ထုတ်ပြန်ကြေညာသော ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသလို ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိခြင်း၊ ဥပဒေအရ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို ပါတီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရမည့် အနေအထားတွင်ရှိခြင်း အစရှိသည်တို့ ကြောင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံသည် ယခုအခါ သာမို နျူကလီယာ ပါဝါ တီထွင်နိုင်တော့မည့် နည်းပညာကို ကောင်းစွာ တီထွင် ဖန်တီးနိုင်ပြီ ဖြစ်ကြောင်း ပြုံးယမ်း အစိုးရက ထုတ်ပြန် ကြေညာသည်။ ယင်းသို့ ထုတ်ဖော် အသိပေး လိုက်ခြင်းကြောင့် မြောက်ကိုရီးယားသည် နျူကလီယာ လက်နက်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ သံသယ ဖြစ်မှုများနှင့် ကြုံတွေ့ရဖွယ် ရှိနေသည်။

မြောက်ကိုရီးယားက ထုတ်ဖော် ပြောဆိုသော အဆိုပါ နည်းပညာသည် ဈေးနှုန်း ချိုသာပြီး သန့်ရှင်းမှု ရှိသော စွမ်းအင်များကို အမြောက်အမြား ထုတ်လုပ်နိုင်သည်ဟု အများက ခန့်မှန်း ထားသော်လည်း မည်သည့် နိုင်ငံကမျှ အဆိုပါ ကိစ္စကို ယနေ့ အချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

မြောက်ကိုရီးယားသည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ပြည်တွင်း လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုနှင့် အခြားသော အခြေခံ လိုအပ်ချက်များအတွက် ရုန်းကန်နေရသည်။ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက တစ်ဆင့် ထုတ်ပြန် ကြေညာသော သတင်းအရ မြောက်ကိုရီးယား သိပ္ပံ ပညာရှင်များသည် ယခုအခါ နျူကလီယာ စွမ်းအင် ပေါင်းစပ် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။

မြောက်ကိုရီးယားက ယခု ပြောဆိုခဲ့သော နည်းပညာကို "တစ်မူ ထူးခြားသော သာမို နျူကလီယာ ဓာတ်ပြုကိရိယာ" ဟု ခေါ်ဆိုသည်။

စီးပွားရေးအရ ငွေကုန်ကြေးကျ သက်သာသော နျူကလီယာ ဓာတ်ပေါင်း ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဟူသည့် စိတ်ကူးမှာ ယနေ့ အချိန်အထိ ဥရောပ၊ အမေရိကနှင့် တရုတ် သိပ္ပံပညာရှင်များ အကြား ရိုးတိုးရိပ်တိတ် ပြောဆိုနေသည့်
အဆင့်တွင်ပင် ရှိသေးသည်။ သို့သော် အဆိုပါ နည်းပညာ သည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးခြင်း၊ စွမ်းအင် ပေါပေါများများ ရနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်သောကြောင့် အဆိုပါ သိပံ္ပပညာရှင်များ ဆက်လက် ကြိုးပမ်း ဖော်ထုတ်လျက် ရှိသည်။

မြောက်ကိုရီးယားက ဖော်ပြပါ နျူကလီယာ စွမ်းအင်အတွက် လိုအပ်သော အခြေခံ သုတေသန ပြုလုပ်မှုများကို လုပ်ကိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ နျူကလီယာ ဓာတ်ပြုနိုင်မည့် နည်းပညာကိုလည်း ရယူနိုင်ပြီ ဖြစ်ကြောင်း ပြောကြားသည်။ မြောက်ကိုရီးယား သိပ္ပံပညာရှင်များက အဆိုပါ နည်းပညာကို စမ်းသပ် ထုတ်လုပ်နိုင်ချိန်သည် ကွန်မြူနစ် ခေါင်းဆောင်ကြီးနှင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းကိုင်ဖခင်ကြီး ကင်အီဆွန်း၏ မွေးနေ့အချိန် သမယနှင့် တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေသည်ကို တွေ့ရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်များ၏ တရားဝင် ကိုယ်ရေး အတ္ထုပတ္တိများအရ ကင်အီဆွန်း၏ သား ယခုခေါင်းဆောင် ကင်ဂျုံအီလ်ကို မွေးဖွားချိန်တွင် ကောင်းကင်ယံ၌ ကြယ်အသစ် တစ်စင်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Thaindian.com, 12nd May 2010

အိန္ဒိယနိုင်ငံသည် ၎င်း၏ မီဇိုရမ်နယ်နှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် အကြမ်းဖက်သမားများနှင့် မှောင်ခိုများ ဖြတ်သန်းသွားလာခြင်းအား စောင့်ကြည့် စစ်ဆေးနိုင်ရန် လုံခြုံရေးကို ပိုမို တင်းကြပ်မည် ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

"ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ပုန်းအောင်းနေတဲ့ အရှေ့မြောက်က အကြမ်းဖက် သမားတွေဟာ မီဇိုရမ်ရဲ့ နိုင်ငံတကာ နယ်စပ်ကို စင်္ကြန်သဖွယ် တစ်ခါတစ်ရံ အသုံးပြုတယ် ဆိုတဲ့ သတင်းတွေ ရပါတယ်" ဟု မီဇိုရမ် ပြည်ထဲရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

"မီဇိုရမ်ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဖက်မှာ ရှိပြီး ခွဲထွက်ရေးသမားများရဲ့ လှုပ်ရှားမှုများ မရှိဘူးလို့ ဆိုပေမဲ့ တခြား ပြည်နယ်တွေက အကြမ်းဖက်သမားတွေဟာ မီဇိုရမ်ရဲ့ နယ်စပ်ကို လုံခြုံတဲ့ စင်္ကြံသဖွယ် မကြာခဏ အသုံးပြုလေ့ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

မီဇိုရမ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် မြန်မာနိုင်ငံနှင့် အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိပြီး၊ မီဇိုရမ်သည် နှစ်နိုင်ငံကြားတွင် တည်ရှိနေသည်။ ၎င်းသည် ၇၂၂ ကီလိုမီတာ ရှည်သော နိုင်ငံတကာ နယ်စပ်ရှိပြီး မြန်မာနိုင်ငံနှင့် ၄၀၄ ကီလိုမီတာ ထိစပ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ၃၁၈ ကီလိုမီတာ ထိစပ်နေသည်။ နယ်စပ်၏ အစိတ်အပိုင်း အတော်များများသည် တောင်များ ရှိနေပြီး၊ ခြံစည်းရိုး ကာရံထားခြင်း မရှိသည့်အပြင် အလွယ်တကူ ဖြတ်သန်း သွားလာနိုင်သည့် အနေအထားတွင် ရှိသည်။

အာသံ ရိုင်ဖယ် တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး K.S. Yadava နှင့် နယ်စပ် လုံခြုံရေးတပ် တပ်မှူး Raman Srivastava တို့သည် ပြီးခဲ့သည့် အပတ်က မီဇိုရမ်တွင် အိန္ဒိယ-မြန်မာ၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိစ္စများကို သီးခြားစီ သုံးသပ်ခဲ့ကြသည်။

"တပ်မှူး နှစ်ဦးစလုံးသည် မီဇိုရမ်မှ ဝန်ကြီး Lal Thanhawla နှင့် မြို့တော်ဝန် M M.Lakhera တို့အပြင် ထိပ်တန်း လုံခြုံရေး တာဝန်ရှိသူများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ထိစပ်နေသော နယ်စပ်များတွင် လုံခြုံရေး  ပိုမို တင်းကြပ်ရေး ဗျူဟာ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်" ဟု အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အာသံရိုင်ဖယ် တပ်မှူးက မီဇိုရမ်ကို အရှေ့မြောက်တွင် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်သော စံပြ ဖြစ်စေလိုပြီး၊ တိုင်းပြည်တွင်လည်း အခြား အနှောင့်အယှက် ပေးနေသော ပြည်နယ်များ ကြားတွင် စံပြ အဖြစ် ရပ်တည်စေလိုကြောင်း သဘောထား ရှိခဲ့သည်။ သမိုင်းကြောင်းအရ မီဇိုရမ်သည် အာသံ ရိုင်ဖယ်နှင့် ရင်းနှီးသော အဆက်အသွယ်များ ရှိပြီး၊ တောင်ပေါ် မိတ်ဆွေများ အဖြစ် နှစ်ပေါင်း ၁၇၅ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်" ဟု မီဇိုရမ် အစိုးရ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နယ်ခြား လုံခြုံရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် အိမ်နီးချင်း Tripura နှင့် အာသံတွင် သံဆူးကြိုး စည်းရိုး ကာရံပြီး ဖြစ်၍ ဝင်ရလွယ်သော မီဇိုရမ် နယ်စပ်မှ လက်နက်ကိုင် သူပုန်များ ဝင်ရောက်မည်ဟု ထောက်လှမ်းရေး သတင်း ရထားသောကြောင့် ကာကွယ်ရေး အင်အား (paramilitary trooper) များ ပိုမို တိုးချဲ့ချထားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

နယ်စပ် လုံခြုံရေးတပ်၏ အာသံ - Meghalaya စစ်ဆေးရေးမှူးချုပ် Prithvi Raj Singh က Shillong မှ တယ်လီဖုန်းဖြင့် ပြောကြားရာတွင် ယမန်နှစ်က ဘင်္ဂလားဒေ့ရှ်သည် အရှေ့မြောက်မှ စစ်သွေးကြွများကို စစ်ဆင်ရေး ပြုလုပ်ခဲ့သောကြောင့် အဆိုပါ အကြမ်းဖက်များသည် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ အခြေစိုက်လျက် ရှိသည်ဟု ဆိုသည်။

လက်နက် ချပြီးသော United Liberation Front of Asom (ULFA) ကို ကိုးကား၍ နယ်စပ် လုံခြုံရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားရာတွင် အိန္ဒိယ အရှေ့မြောက်မှ ပြောက်ကျားများသည် ထွက်ပြေးနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အစွန်းရောက်တွေဟာ သူတို့ ရှေ့ဆက် လှုပ်ရှားဖို့ စားကျက်သစ် ရှာရတာ သဘာဝပါပဲ" ဟု Singh က ပြောသည်။

အိန္ဒိယ၏ အရှေ့မြောက် ပြည်နယ် လေးခု ဖြစ်သော မဏိပူရ၊ မီဇိုရမ်၊ နာဂပြည်နှင့် Arunachal Pradesh တို့သည် မြန်မာနိုင်ငံနှင့် ခြံစည်းရိုး ကာရံမထားသော နယ်စပ် ၁၆၄၃ ကီလိုမီတာ ထိစပ်နေပြီး၊ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ် ၄၀၉၅ ကီလိုမီတာ ထိစပ်နေသည်။

နယ်စပ် အတော်များများကို ခြံစည်းရိုး ကာရံထားခြင်း မရှိဘဲ အလွယ်တကူ ဖြတ်သန်း သွားလာနိုင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 12th May 2010

လက်နက်ကိုင် အဖွဲ့များ ယခင်က အသုံးပြုခဲ့ဖူးသော နာမည်ကြီး ခွပ်ဒေါင်း သင်္ကေတကို ပါတီ အလံများတွင် အသုံးမပြုရန် နိုင်ငံရေး ပါတီ  ၂ ခု မှ ခေါင်းဆောင်များအား ရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု ပါတီ ခေါင်းဆောင် ဦးအေးလွင်နှင့် ၎င်း၏ ညီဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ခေါင်းဆောင် ဦးရဲထွန်းကို မေ ၄ရက်တွင် နေပြည်တော်သို့ ဆင့်ခေါ်ကာ ပါတီအလံကို ပြောင်းလဲရန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက သတိပေးခဲ့သည်ဟု ဦးအေးလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အမျိုးသား သင်္ကေတ ဖြစ်သည့် ခွပ်ဒေါင်း တံဆိပ်သည် ကြီးမားသော သမိုင်းကြောင်း ရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ BIA တပ်မတော်မှသည် ယနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ တပ်ပေါင်းစု (ABSFU) အထိ အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ အစဉ်တစိုက် အသုံးပြုခဲ့ကြသည်။

ခွပ်ဒေါင်း အလံကို အသုံးပြုသည့် ပါတီများ အပေါ် ကန့်ကွက်လိုသူ မည်သူမဆို ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောကြားနိုင်သည်ဟု အစိုးရ သတင်းစာများက ယခင်လက ကြေညာခဲ့သည်။

အထက်ပါ ပါတီခေါင်းဆောင် ၂ ဦးကို ဆင့်ခေါ်ပြီး ၃ရက် အကြာ မေလ ၇ရက်နေ့တွင် ခွပ်ဒေါင်း အလံ အသုံးပြုခြင်းကို ကန့်ကွက်သည့်စာအား ကျောင်းသား ၉၀ ခန့်နှင့် စာပေ၊ အနုပညာလောကမှ ထင်ရှားသည့် ပုဂ္ဂိုလ်များက လက်မှတ်ထိုးကာ ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးအပ်ခဲ့ကြသည်။

"အစိုးရက ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဆိုင်ရာ ဥပဒေထဲက စည်းကမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က မလိုက်နာခဲ့ပါဘူး။ ကျွန်တော်တို့ တင်ပြတဲ့ အလံ အပေါ် သုံးသပ်ချက်က တရားဝင် ဥပဒေ အပေါ် အခြေမပြုဘဲ ဥပဒေပြင်ပက ထင်မြင်ချက်တွေကို အခြေပြုနေပါတယ်" ဟု ဦးအေးလွင်က ဆိုသည်။

"ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ လမ်းညွှန်မှုပေးဖို့ ကျွန်တော်တို့ တောင်းဆိုမှာပါ။ တစ်ချိန်တည်းမှာပဲ ပါတီ အလံကို ပြန်ပြင်ဆင်ပြီး ကော်မရှင်ထံ နောက်တစ်ကြိမ် တင်ပြမှာပါ ဒါမှသာ ပါတီ မှတ်ပုံတင်တဲ့ကိစ္စ မနှောင့်နှေးအောင် ရှောင်ရှားနိုင်မှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ပါတီ ၂ ခုသည် ရွေးကောက်ပွဲများ အတွက် မှတ်ပုံတင်ရန် အဆင့်ကို ပထမဆုံး လက်ခံသည့် ပါတီများ ဖြစ်ဖွယ် ရှိသည်။ ဦးအေးလွင်သည် ယခင် ကျောင်းသား နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေးနှင့် ပတ်သက်၍ သဘောထား ပျော့ပြောင်းသူ တစ်ဦး ဖြစ်သည့် အတွက် အတိုက်အခံများနှင့် သော်လည်းကောင်း အာဏာရ အစိုးရနှင့် သော်လည်းကောင်း ပူးပေါင်းခြင်း မရှိသည့် တတိယ အုပ်စု အဖြစ် နိုင်ငံရေး လောကတွင် နေရာယူထားသည်။

လက်ရှိ အချိန်တွင် ပါတီပေါင်း ၃၀ ခန့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင် ထားသည်။ လတ်တလော ဖျက်သိမ်း လိုက်ရသော အတိုက်အခံ NLD ပါတီ၏ လက်ကျန် အဖွဲ့ဝင်များက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အဖြစ် ပေါ်ထွက်လာခဲ့ပြီး ၎င်းပါတီသည် ရွေးကောက်ပွဲ ဝင်မည့် အထင်ရှားဆုံး အတိုက်အခံ ပါတီ ဖြစ်လာသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.