Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာနိုင်ငံတွင် စစ်အစိုးရက ကျင်းပပေးမည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် ရယ်စရာ ကောင်းသော ဟာသဇာတ်လမ်း တစ်ခုမျှပင်ဖြစ်ရာ မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ စေလွှတ်မှု မပြုလုပ်သင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က သုံးသပ် ပြောကြားလိုက်သည်။

မြန်မာ့ဒီမိုကရေစီ ရွေးကောက်ပွဲ ယုံကြည် စိတ်ချရမှုရှိ၊ မရှိဟူသော အချက်မှာ သံသယ ဝင်စရာ ဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့က ထုတ်ဖော်ပြောဆို ထားပြီး အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများနှင့် စစ်အစိုးရအကြား စေ့စပ်ညှိ နှိုင်းမှုများ ပြုလုပ်သင့်သည်ဟု ဆက်လက် တိုက်တွန်းလျက် ရှိသည်။

အကယ်၍ ယခုနှစ်တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဆိုပါက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုကာ သူမအား အာဏာ လွှဲပြောင်းပေးခြင်း မပြုခဲ့ပေ။

"ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်သက်သက်ပါ။ ဒါပေမဲ့ ခင်ဗျားတို့ အနေနဲ့ စဉ်းစားကြည့်သင့်တယ်။ ရွေးကောက်ပွဲက ဟာသဇတ်လမ်းကြီး၊ ကစားကွက်ကြီးတစ်ခု ဖြစ်နေမှတော့ ခင်ဗျားတို့ အနေနဲ့ ဘာကိုသွားပြီး လေ့လာမှာလဲ။ မြန်မာစစ်အစိုးရက ရွေကောက်ပွဲ လုပ်ပေးတယ်ဆိုတာ ကလေးတွေ ကစားတာနဲ့ တူနေတယ်" ဟု Romulo က သတင်းထောက်များကို ပြောကြားသည်။

မစ္စတာ Romulo သည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အစရှိသည်တို့နှင့် ပတ်သက်လာပါက ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်သူ၊ ဆော်သြသူတစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့် ရရှိရေး အတွက်လည်း သူက အမြဲပင် တိုက်တွန်းပြောဆိုခဲ့သည်။

သို့သော် စစ်အစိုးရက ရွေးကောက်ပွဲဥပဒေကို အကွက်ဆင် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် ဖန်တီးထားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီမှာလည်း ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာ ယခုဆိုလျှင် တရားဝင်ပါတီအဖြစ်မှ ပယ်ပျက် သွားခဲ့ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ်အတွင်း နေအိမ်အကျယ်ချုပ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခဲ့သောကြောင့် နောက်ထပ်တစ်ဖန် ၁၈ လ ပြစ်ဒဏ်ကျခံခဲ့ရသည်။ အကြောင်းမှာ အမေရိကန် နိုင်ငံသားတစ်ဦးက သူမ၏ နေအိမ်ထဲသို့ ခိုးဝှက် ဝင်ရောက်ခဲ့သောကြောင့် ဖြစ်သည်။ ပထမပိုင်းတွင် စစ်အစိုးရက သူမအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် အမိန်ချခဲ့သော်လည်း နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ကို ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယခုအခါ အသက် ၆၃ နှစ်အရွယ် ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ ဖမ်းဆီးထိန်းချုပ်ခံခဲ့ရသူ ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေး မူဝါဒကို စွဲကိုင်ထားရာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် ပေးရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်စေသည်။

ထို့ပြင် မြန်မာစစ်အစိုးရအား ခိုင်မာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာအောင် ဆော်သြနိုင်ခြင်း မရှိသည့်အတွက် အာဆီယံအဖွဲ့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပစ်တင် ဝေဖန်မှုများကို ခံနေရသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် ဖြစ်လာသည်။

Democracy For Burma Blog မှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မေလ ၁၅ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြအုပ်စုများ (ရှပ်နီဝတ်ဆန္ဒပြအုပ်စု) အား ထိုင်းစစ်တပ်က အင်အားသုံး နှိမ်နင်းမှု စတင်လိုက်ရာ အနည်းဆုံးလူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံမှ ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ ရှပ်နီဆန္ဒပြ အုပ်စုများနှင့် ထိုင်းအစိုးရအကြား နိုင်ငံရေး လိပ်ခဲတည်းလည်းဖြစ်မှု အဆိုးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့တွင် ထိုင်းစစ်တပ်က ယင်းသို့ အင်အားသုံး လူစုခွဲခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဘန်ကောက်၏ အချက်အခြာကျသော နေရာအတော်များများကို ရှပ်နီဆန္ဒပြ အုပ်စုများ အချိန်ကြာမြင့်စွာ သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ အနည်းဆုံးလူ ၁၇ ဦးသေဆုံးပြီး ၁၄၁ ဦး ဒဏ်ရာရရှိခဲ့ပြီ ဖြစ်သည်။

မေ ၁၅ ရက် (စနေနေ့) တွင်မူ တင်းမာမှုများ ပိုမိုကြီးထွားလာသည်။ ရှပ်နီဆန္ဒပြ အုပ်စုဝင်များက မော်တော်ကားတာရာများ၊ ဝါးကပ်များဖြင့် ပြုလုပ်ထားသော အကာအရံများ နောက်တွင် ရပ်ကာ ဆူပူအော်ဟစ်ခဲ့ကြသည်။ တည်ဆဲ ထိုင်းအစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က ဆန္ဒပြသမား ဦးရေ လျော့ကျသွားသည် အထိ ထိုင်းစစ်တပ်က ကြိုပမ်း ဖြိုခွင်းသွားမည်ဖြစ်သည်ဟု ဆိုသည်။

"နောက်ရက် အနည်းငယ်မှာ ထိုင်းစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေး အစီအမံတွေကို ပိုမိုတိုးမြှင့်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

လက်ရှိ အနေအထားကို ကြည့်ရသည်မှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်သည် ခံတပ်ကြီး တစ်ခုသဖွယ် ဖြစ်လာပြီး သေနတ်ပစ်ဖောက်သံများ၊ မျက်ရည်ယို ဗုံးငွေ့များ၊ ယမ်းငွေ့များက ဖုံးလွှမ်း ထားလျက် ရှိသည်။ ဆန္ဒပြအုပ်စုများဘက်က ခဲများဖြင့် ပစ်ပေါက်ပြီး အကြမ်းဖက်ဆန်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြရာ ထိုင်းအာဏာပိုင်များက ၎င်းတို့စုဝေးရာ နေရာအားလုံးကို နောက်ဆုံထား ဖြိုခွင်းမည့် အချိန်ကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ထိုင်းအစိုးရ အာဏာပိုင်တစ်ဦး၏ အဆိုအရ ထိုင်းစစ်တပ်သည် ယခုအခါ ဘန်ကောက်မြို့၏ အချက်အခြာကျသော နေရာအချို့ကို တဖြည်းဖြည်းချင်း ပြန်လည် ရယူလာနိုင်ကြောင်း သိရသည်။ ဗီဒီယိုမှတ်တမ်းများတွင် စစ်သားများက ဆန္ဒပြလူအုပ်ကြီးဆီသို့ သေနတ်များဖြင့် ပစ်ခတ်နေပုံများကို တွေ့မြင်ရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် မေလ ၁၄ ရက်နေ့တွင် ပြင်သစ်ရုပ်သံဌာနမှ သတင်းထောက်တစ်ဦး ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိသွားသည်။ ရှပ်နီဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် အဘီဇစ်ဝိဇ္ဇာဝီရ ၏ ကမ်းလှမ်းချက်ကို ပယ်ချပြီး မထီမဲ့မြင်ပြုလုပ်မှုများ တိုးမြှင့်လိုက်သောကြောင့် ထိုင်းအစိုးရက ယခုလိုအင်အားသုံးကာ ဖြေရှင်းရခြင်းဖြစ်သည် ဟု အစိုးရအာဏာပိုင်တို့က ဆိုသည်။

ရှပ်နီဆန္ဒပြ အုပ်စုများ၏ အကြမ်းဖက် တိုက်ခိုက်မှုကို ခံနေရသော လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် ပြန်လည်အင်အားသုံး ခုခံရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့ကြောင်း မစ္စတာ Panitan Wattanayagorn ကပြောဆိုသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် စေ့စပ်ညှိနှိုင်းရေး စည်းမျဉ်းစည်းကမ်းများကို တာဝန်အရ အသုံးပြုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရန်၊ သို့မဟုတ် ရဲဘော်ရဲဘက်များအား ခုခံကာကွယ်ရန် အလို့ငှာ လက်နက်ခဲယမ်း အစစ်များကို အသုံးပြုခွင့်ရှိသည်။

ဘန်ကောက်တွင် နေထိုင်သော မြို့သူမြို့သားများနှင့် နိုင်ငံခြားသားများ တစ်ဦးတစ်ယောက် ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိခိုက်နစ်နာစေလိုသည့် ဆန္ဒမရှိပါကြောင်း ၎င်းက ကတိပေး ပြောဆိုသည်။

ထိုင်းအစိုးရသည် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ပတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်ထားပြီး ဖြစ်ရာ မကြာမီ ကာလအတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ပေါ်ထွန်း လာအောင် လုပ်ဆောင်သွားနိုင်မည်မှာ မလွဲမသွေပင်ဖြစ်ကြောင်း မစ္စတာ Wattanayagorn က အတည်ပြု ပြောဆိုသည်။ ဝန်ကြီးချုပ် အဘီဇစ်ကလည်း အခြားသော နိုင်ငံရေးသမားများ၊ အုပ်စုများနှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်သွားရန် ကြိုးပမ်းလျက် ရှိသည်ဟု ဆိုသည်။

ရှပ်နီဝတ် အတိုက်အခံ သမားအုပ်စု၏ အဖွဲ့နာမည်မှာ ညီညွတ်သော ဒီမိုကရေစီတပ်ဦးဖြစ်သည်။ ၎င်းတို့က ထိုင်းဝန်ကြီးချုပ်အနေဖြင့် ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်တစ်ရပ် ကျင်းပပေးရန် တောင်းဆိုထားသည်။ ရှပ်နီအုပ်စုများသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ကို ထောက်ခံသူများ ဖြစ်ကြသည်။

CNN သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 15th May 2010

မြောက်ကိုရီးယားသည် အစ္စရေးနိုင်ငံ၏ စွပ်စွဲချက် ဖြစ်သော ပြုံယမ်းသည် လူအမြောက်အမြား သေစေနိုင်သော လက်နက်များ (WMD) ပြန့်ပွားအောင် ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည့် အပြင်၊ အစ္စရေး၏ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှု အပေါ် သည်းခံလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့က ပြောကြားရာတွင် မိမိတို့သည် WMD များ ပြန့်ပွားအောင် ပြုလုပ်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။ သိက္ခာနှင့် နေထိုင်သော မြောက်ကိုရီးယား အပေါ် မဟုတ်မှန် စွပ်စွဲဝံ့သော အစ္စရေးအား ခွင့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြောက်ကိုရီးယား တရားဝင် သတင်းဌာန၊ ကိုရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) က ပြောကြားလိုက်ခြင်းမှာ ပြီးခဲ့သည့် အပတ်က အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Avigdor Lieberman ၏ မှတ်ချက်အပေါ်တွင် ပထမဆုံး တရားဝင် တုန့်ပြန်မှုပင် ဖြစ်သည်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Lieberman က ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံတွင် ပြောကြားခဲ့ရာတွင် မြောက်ကိုရီးယား၊ အီရန်နှင့် ဆီးရီးယားတို့ ပူးပေါင်းကြခြင်းသည် ကမ္ဘာ့အကြီးဆုံး လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ပြီး၊ ၎င်းတို့သည် လူအမြောက်အမြား သေစေနိုင်သော လက်နက်များ တည်ဆောက်ပြီး ပြန့်ပွားအောင် ပြုလုပ်လျက် ရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 15th May 2010

ယခုလက်ရှိတွင် ဖျက်သိမ်းထားသော NLD ပါတီမှ သဘောထား ကွဲလွဲသူ ပါတီဝင်ဟောင်းများက လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် သီးသန့်ပါတီ ဖွဲ့စည်းခဲ့ခြင်းကို မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင် ဝေဖန်လိုက်သည်ဟု သူမ၏ ရှေ့နေက ပြောကြားသည်။

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ဖျက်သိမ်းခြင်း ခံခဲ့ရသော်လည်း ပါတီဝင် အတော်များများက ရွေးကောက်ပွဲဝင်ရန် အတွက် NLD မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမည်ဖြင့် အတိုက်အခံ ပါတီသစ်ကို ဖွဲ့စည်းလိုက်သည်။

NLD မှ ခွဲထွက်သော အုပ်စုသည် ဒီမိုကရေစီ နည်းမကျဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးခြင်း ခံနေရသော ပါတီခေါင်းဆောင်ပိုင်း အတော်များများကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးထားခြင်းသည် မမျှတဟုဆိုကာ NLD ပါတီက မှတ်ပုံတင်ခြင်း မပြုခဲ့ပါ။

အများစု သဘောထားဖြင့် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီ ကျင့်ထုံးကို လိုက်နာရန် ပျက်ကွက်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပြသည်။

ယခုတိုင် ရက်မသတ်မှတ်ရသေးသော ရွေးကောက်ပွဲများသည် နိုင်ငံကို ဆယ်စုနှစ် ၅ စုကျော် အုပ်ချုပ်လာသော စစ်အစိုးရအား ဒီမိုကရေစီ မျက်နှာဖုံး စွပ်ပေးရန် ကြိုးစားသည့် လှည့်ဖြားမှု တစ်ခုသာ ဖြစ်သည်ဟု အများက ပြစ်တင် ရှုတ်ချခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးမှ စစ်အစိုးရ၏ ပိတ်ပင်မှုကို ခံခဲ့ရသော NLD ပါတီက တရားမမျှတသော ရွေးကောက်ပွဲများကို ဝင်မပြိုင်ဟု ပြောကြားခဲ့ခြင်းကြောင့် ပါတီကို ထောက်ခံသူများ အကြား စိတ်ဆိုးစရာ ဖြစ်ခဲ့ရသည်။

ရွေးကောက်ပွဲ အပြီးတွင် စစ်ဗိုလ်ချုပ်များက တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားလှယ်များနှင့် ဖြစ်စေ အာဏာကို အပြည့်အဝ ထိန်းသိမ်းမည် ဖြစ်သဖြင့် ရွေးကောက်ခံ အရပ်ဖက် အစိုးရမှာ နိုင်ငံ အုပ်ချုပ်ရေးတွင် အရေးမပါသော ကဏ္ဍကိုသာ ရရှိလိမ့်မည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောဆိုထားသည်။

စစ်တပ်က အာဏာ မက်မော ဖက်တွယ်ထားမှုကို စိမ်ခေါ်နိုင်စွမ်းရှိသည့် တခုတည်းသော ပါတီ NLD ၏ ဆောင်ရွက်ချက်သည် မျှော်လင့်သလို ဖြစ်မလာဘဲ မြန်မာနိုင်ငံတွင် လေးစားလောက်သည့် အတိုက်အခံပါတီ မရှိတော့သည့် အဖြစ်ကိုသာ ရောက်ရှိသွားစေသည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Hindu Times, 14th May 2010

ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သော ဆိပ်ကမ်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး အစီအစဉ်များကို အကောင်အထည် ဖော်ရန် အတွက် Essar Projects (India) လီမိတက်သည် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် ယနေ့ ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုးခဲ့သည်။ စီမံကိန်းကို မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ရမည် ဖြစ်သည်။

ဆိပ်ကမ်းနှင့် ရေကြောင်း ပို့ဆောင်ရေး အတွက် ကန်ထရိုက် စာချုပ်တန်ဖိုးမှာ ရူပီးငွေ ၃၄၂ သန်း ဖြစ်၍ ၃၆ လ အတွင်း အကောင်အထည် ဖော်ရမည်ဟု သိရှိရသည်။

ကန်ထရိုက် စာချုပ်တွင် ပါဝင်သော အချက်များမှာ မြန်မာနိုင်ငံ စစ်တွေနှင့် ပလက်ဝတွင် ဆိပ်ခံတံတား ၂ ခု တည်ဆောက်ခြင်း၊ ကုလားတန် မြစ်ကြောင်း တလျှောက် ကုန်စည် စီးဆင်းမှု ချောမွေ့စေရေး အတွက် နုံးဆယ်ခြင်းနှင့် ဝမ်းပြား ကုန်တင် ရေယာဉ်များ တည်ဆောက်ခြင်းတို့ ဖြစ်သည်။ စစ်တွေတွင် ဆိပ်ကမ်း တည်ဆောက်ခြင်းသည် ကန်ထရိုက်၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။

အထက်ပါ စီမံကိန်းကို နှစ်နိုင်ငံ အကြား သဘောတူညီမှု ရထားသည့် စည်းကမ်းဘောင် အတွင်း အိန္ဒိယ အစိုးရက အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး၊ အိန္ဒိယ ပြည်မမှသည် အိန္ဒိယ အရှေ့မြောက် ပြည်နယ်များအထိ ကုန်စည် စီးဆင်းမှု လွယ်ကူစေရန် မျှော်မှန်းထားသည်။ ၎င်းလမ်းကြောင်းသည် အရှေ့မြောက်ဒေသသို့ ရောက်ရှိနိုင်မည့် အခြားလမ်းကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်၍ မဟာဗျူဟာအရ အရေးကြီးပါသည်။ ယခု စီမံကိန်းသည် မြန်မာနိုင်ငံကိုလည်း အပြန်အလှန် အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးရေး အရှိန်မြင့်တင်ရန် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦးနှင့် ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းကို တိုးတက်စေမည် ဖြစ်သည်။

ကုလားတန်မြစ် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတွင် မြစ်ဖျားပိုင်းမှ အိန္ဒိယ၊ မြန်မာနယ်စပ် အထိ ကီလိုမီတာ ၁၂၀ ရှည်သော လမ်းတစ်ခု မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ရေး အစီအစဉ်လည်း ပါဝင်နေပြီး လမ်းဖောက်လုပ်ခြင်း အတွက် သီးခြား ကန်ထရိုက်ဖြင့် ဆောင်ရွက်မည်ဟု သိရသည်။

အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပူးတွဲ အတွင်းဝန် တီအက်စ်တီရူဟတီနှင့် Essar Projects India မှ ဒုတိယ ဥက္ကဌ ဗစ်ရှ်ဝါရှာကေဘတ်တို့က တရားဝင် ကန်ထရိုက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 16th May 2010

နှစ်ရက်ကြာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများ အတွင်း အနည်းဆုံး ၂၄ ဦး သေဆုံးပြီး၊ ၂၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သော ဘန်ကောက်မြို့တော်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများနှင့် ထိုင်းတပ်ဖွဲ့တို့၏ ထိပ်တိုက် တွေ့ဆုံမှုမှာ တနင်္ဂနွေနေ့အထိ တင်းမာနေဆဲ ဖြစ်သည်။

အခက်အခဲ ပေါင်းစုံ ဝန်းရံနေသော ဝန်ကြီးချုပ်က နောက်မဆုတ်ဟု သံနိဋ္ဌာန် ချခဲ့သလို စစ်တပ်ကလည်း ဆန္ဒပြသူ ထောင်ပေါင်းများစွာကို နှိမ်နင်း ဖြိုခွဲမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ဘန်ကောက်မြို့လည်တွင် အကြမ်းဖက်မှုများ ပိုမို ဆိုးဝါးလာသည်။စနေနေ့တွင် ၈ ဦး သေဆုံးခဲ့သည်။

စစ်သားများနှင့် အစိုးရ ဆန့်ကျင်သော ရှပ်နီများ အကြား ၂ ရက်ကြာ လမ်းပေါ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ပြီး ၁၈၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေသော ဘန်ကောက်မြို့လည် နယ်မြေကို စစ်တပ်က "ပစ်ခတ်မှုများ ဖြစ်ပွားနေသော ဇုံ" အဖြစ် ကြေညာထားသည်။

ထိုနေရာများကို သိမ်းပိုက်ရန် စစ်တပ်က ကြာသပတေးနေ့တွင် လှုပ်ရှားခဲ့ပြီး နောက်ပိုင်း ဘန်ကောက်မြို့လည်တွင် အခြေပြုထားသည့် ရှပ်နီ စခန်းများ၏ တောင်ဖျားနှင့် မြောက်ဖျားတွင် မြို့ပြ ပြောက်ကျားတိုက်ပွဲပုံစံ လမ်းပေါ် ရန်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများက လူစုခွဲရန် ငြင်းဆန်နေမှုကြောင့် ရွေးကောက်ပွဲများ စော၍ ကျင်းပပေးမည့် အစီအစဉ်ကို ယခင်အပတ်က တင်ပြခဲ့သူ ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ၂ လကြာ ပဋိပက္ခ အတွင်း အစိုးရသည် နောက်မဆုတ်နိုင်ဟု သတိပေးခဲ့သည်။

စနေနေ့တွင် စစ်သားများက ဆန္ဒပြသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဆန္ဒပြစခန်းမှ တာယာများ မီးလောင်မှုကြောင့် မီးခိုးများ လုံး၍ တက်နေသည်။

အရေးပေါ်ဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ရရှိသော စာရင်းဇယားများအရ မတ်လ ၁၂ ရက်က စတင်ခဲ့သော ဆန္ဒပြမှုများတွင် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၆၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

"လက်ရှိ အနေအထားကတော့ တကယ့်ကို ပြည်တွင်းစစ်ပါပဲ။ ဒီပြဿနာ ဘယ်လို ပြီးဆုံးမလဲဆိုတာကိုတောင် မပြောတတ်တော့ပါဘူး" ဟု ဆန္ဒပြ ခေါင်းဆောင် ဂျာတူပွန် ပရွန်ပန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.