Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် မတ်လမှ စတင်၍ မြို့တော်ဘန်ကောက်ရှိ အချက်အချာကျသော နေရာများတွင် စုဝေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော ရှပ်နီအုပ်စုများ အမြန်ဆုံးလူစုခွဲကြရန် ထိုင်းအာဏာပိုင်များက ရာဇသံ ပေးလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြအုပ်စုများ စုဝေးနေထိုင်လျက်ရှိသည့် နေရာမှ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်နောက်ဆုံးထား၍ သပိတ်စခန်းမှ အမြန်ဆုံး ဖယ်ရှားပေးရမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းကြက်ခြေနီ အဖွဲ့ ဝင်များအနေဖြင့် သပိတ်စခန်းထဲမှ ရှပ်နီဆန္ဒပြအုပ်စုများ အမြန်ဆုံး ထွက်ခွာကြရေး အတွက် သွေးဆောင်စည်းရုံးကြရန် အစိုးရက ပြောဆိုထားသည်။ ရှပ်နီ ဆန္ဒပြအုပ်စုများက ဝန်ကြီးချုပ် အဘီဇစ်ဝိဇ္ဇာဝီရ အစိုးရအနေဖြင့် ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် ဆက်လက် တောင်းဆိုနေဆဲပင် ဖြစ်သည်။

ဆန္ဒပြခေါင်းဆောင်တစ်ဦးက စစ်တပ်က လူ ၂၅ ဦးလောက်ကို ပစ်သတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံသည် ပြည်တွင်းစစ် ဖြစ်မည့်အခြေအနေနှင့် နီးကပ်ခဲ့ကြောင်း ပြောကြားသည်။ ယခုအခါ အချို့သော ဆန္ဒပြအုပ်စုများက ဘန်ကောက်မြို့၏ အခြားနေရာများတွင် စုရုံးလျက်ရှိသည်။

စစ်သားများက သပိတ်စခန်းသို့သွားသည့် လမ်းမဝဲယာ တစ်ဖက်တစ်ချက်စီတွင် နေရာ ယူထားကြောင်း၊ ၎င်းတို့နှင့် နီးကပ်လာသူ မည်သူမဆို သေနတ်ဖြင့် အမှန်တကယ် ပစ်ခတ်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် အဘီဇစ်က ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများ အတွက် ယခုနှစ် ကျောင်းဖွင့်ချိန်ကို တစ်ပတ်တာမျှ ရွှေ့ဆိုင်းရန် အမိန့် ထုတ်လိုက်သည်။ သို့သော် နေဝင်မီးငြိမ်း အမိန့်ကိုမူ ရုပ်သိမ်းခဲ့သည်။

ထိုင်းရုပ်သံမီဒီယာများက သပိတ်စခန်းများမှ အမျိုးသမီးများနှင့် ကလေးငယ်များ ထွက်ခွာ သွားကြပုံများကို မှတ်တမ်းတင် ရိုက်ကူးပြသကြသည်။ ထိုင်းစစ်တပ်သည် မေလ ၁၃ ရက်နေ့က စတင်ကာ ဆန္ဒပြ သပိတ်မှောက်ကြသူများ စုဝေးရာ စခန်းများကို လူစုခွဲရန်ကြိုးပမ်းခဲ့သည်။

ဝန်ကြီးချုပ်အဘီဇစ်သည် ဒီမိုကရေစီ နည်းလမ်းတကျ မဟုတ်ဘဲ နိုင်ငံရေးအာဏာ ရယူခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲပြောဆိုလျက်ရှိသော ရှပ်နီများက ၎င်းတို့၏ သပိတ်စခန်းများကို မော်တော်ကား တာရာများ၊ ဝါးချွန်များ၊ သဲအိတ်များဖြင့် ပိတ်ဆို့ထားကြသည်။ ယင်းသို့ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် နေရာမှာ Ratchaprasong စီးပွားရေးရပ်ကွက်တွင် ဖြစ်သည်။

ယခုလို စစ်တပ်က အင်အားသုံး လူစုခွဲလာသဖြင့် ရှပ်နီများက ထိုင်းတစ်ပြည်လုံးမှ ပြည်သူများ အနေဖြင့် ၎င်းတို့အား စစ်ကူအဖြစ် လာရောက်ရန် တောင်းဆိုကြသည်။ သို့တိုင်အောင် ရှပ်နီများနှင့် ပူးပေါင်းရန် တစ်ပြည်လုံးမှ လာရောက်သူများ အနေဖြင့် စစ်တပ်၏ အဟန့်အတားများကို မကျော်လွန်နိုင်ဘဲ ဖြစ်လျက်ရှိကြောင်း၊ သပိတ်စခန်း နှင့် နီးစပ်ရာနေရာများသို့ လာရောက် စုရုံးကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ရှပ်နီဆန္ဒပြအုပ်စုများကို ထောက်ခံသူများက ရွှေ့ပြောင်း၍ရသော တရားဟောစင်မြင့်များကို ဘန်ကောက်မြို့၏ အချက်အချာကျသော Klong Toey ရပ်ကွက်သို့ ယူဆောင်လာကာ နေရာ ချပေးကြသည်။ ဆန္ဒပြခေါင်းဆောင်များကမူ ဘန်ကောက်မြို့ မြောက်ပိုင်းဒေသတွင် စီတန်း လှည့်လည်မှုများ ပြုလုပ်ရန် ဆော်သြကြသည်။

ထိုင်းစစ်တပ်သည် ဆန္ဒပြလူအုပ်ကို လူစုခွဲမည့် စစ်ဆင်ရေးအား ပယ်ဖျက်လိမ့်မည် မဟုတ်ဘဲ ဆန္ဒပြမှုများ ဆုံးခန်းတိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီဇစ်က ရုပ်သံ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

"ဘန်ကောက်က ပြည်သူတွေကို ဓားစာခံလိုလုပ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ အုပ်စုတွေကို ကျွန်တော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" ဟု ဝန်ကြီးချုပ်က ပြောသည်။

"လက်နက်ကိုင်အုပ်စုတွေ ဖြစ်ပေါ်လာအောင် လုပ်တဲ့သူတွေ ခြယ်လှယ်နေတဲ့ အခြေနမျိုးကို ကျွန်တော်တို့ လက်သင့်မခံပါဘူး" ဟု ၎င်းကဆိုသည်။ ဆန္ဒပြလူအုပ်ထဲတွင် အကြမ်းဖက်သမား အချို့လည်း ပါဝင်နေသည်ဟု သိရှိထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

အကယ်၍ ရှပ်နီဆန္ဒပြသမားများက လူစုမခွဲဘဲ သပိတ်စခန်းတွင်း ဆက်လက် နေထိုင်နေမည် ဆိုပါက သပိတ်စခန်းထဲသို့ အင်အားသုံး ဝင်ရောက်ရလိမ့်မည်ဖြစ်ကြောင်း စစ်ဘက်မှ ပြောရေးဆိုခွင့် ရှိသူကဆိုသည်။ သို့သော် မည်သည့်အချိန်တွင် ဝင်ရောက်ဖြိုခွင်းမည် ဟူသည်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

"တကယ်လို့ ဆန္ဒပြမှုတွေ အဆုံးမသတ်ဘူးဆိုရင် Ratchaprasong ရပ်ကွက်ကရှပ်နီ သပိတ်စခန်းကို ဖြိုခွင်းနှိမ်နင်းသွားမယ့် အစီအစဉ်ရှိပါတယ်" ဟု ထိုင်းစစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkumnerd ကပြောကြားသည်။

"ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ သတ်မှတ်ချိန်ကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ထိရောက်မှုရှိတဲ့ အစီအစဉ်တွေ မလုပ်နိုင်ခဲ့ဘူးဆိုရင် ထိခိုက်သေဆုံးမှုတွေ ပိုဖြစ်လာနိုင်လို့ပါ" ။

ဘန်ကောက်အခြေစိုက် BBC သတင်းထောက် Chris Hogg က ထိုင်းစစ်တပ်၏ လုပ်ရပ်သည် ဆန္ဒပြအုပ်စုများအား ဘန်ကောက်၏ အခြားနေရာဒေသများသို့ ပြောင်းရွှေ့သွားအောင်လုပ်ရုံ သက်သက်သာ ဖြစ်ကြောင်း ပြောကြားသည်။

မေလ ၁၆ ရက်တွင်မူ ဘန်ကောက်မြို့တွင် အမည်းရောင် မီးခိုးလုံးကြီးများ တဖြည်းဖြည်းချင်း လျော့နည်းလာသည်ကို တွေ့ရသည်။ သို့သော် လမ်းမကြီးများမှာ လူသွားလူ လာမရှိဘဲ ခြောက်ကပ်လျက် ရှိသည်။

ရှပ်နီဆန္ဒပြအုပ်စုများနှင့် စစ်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယင်းသို့ ငြိမ်သက်သွားကြခြင်း ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားစဉ် စစ်တပ်က ကျည်ဆန်အစစ်ရော ရာဘာကျည် အတုများဖြင့်ပါ ပစ်ခတ်ခဲ့သည်။

လက်ရှိအနေအထားတွင် ထိုင်းစစ်တပ်က ဇုန်ကြီးငါးခုခွဲကာ သပိတ်စခန်းများကို ပိတ်ပင် ကန့်သတ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ သပိတ်စခန်းများသို့ ဝင်ရောက်မည့် အစားအစာ အထောက်အပံ့များ၊ ဆန္ဒပြ စစ်ကူများကို မဝင်ရောက်နိုင်အောင် ပိတ်ပင်နေခြင်းဖြစ်သည်။ မေလ ၁၄ ရက်နေ့တွင် ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှု၌ အနည်းဆုံး လူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၂၇ ဦးအား တစ်ဦးလျှင် ထောင်ဒဏ် ခြောက်နှစ်စီဖြင့် ထောင်ဒဏ် အပြစ်ချခဲ့ကြောင်း သိရသည်။

စာရင်းဇယားများအရဆိုလျှင် ပြီးခဲ့သည့် မတ်လ က စတင်လိုက်သော ဆန္ဒပြမှု ဖြစ်ပွားချိန်ကတည်းက ယခုအချိန်အထိ လူပေါင်း ၅၀ ခန့်သေဆုံးခဲ့ပြီး ၁၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပြီး ဖြစ်သည်။ ထိုင်းအစိုးရက အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး စစ်သားများက မိမိကိုယ်ကိုယ် ခုခံသည့် သဘောဖြင့် ကျည်ဆန်အစစ်များ သုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသော်လည်း ဆန္ဒပြသူများကို စနိုက်ပါ သေနတ်သမားများက ပစ်ခတ်လျက် ရှိသည်ဟူသော စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ဗီဒီယိုမှတ်တမ်းများအရ စနိုက်ပါသေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသော ဆန္ဒပြသမား တစ်ဦးကို ရှပ်နီများက လွတ်ကင်းရာသို့ ဆွဲခေါ်သွားပုံများတွေ့မြင်ရသည်။ မေလ ၁၄ ရက်နေ့တွင် ရှပ်နီ ဆန္ဒပြအုပ်စုဘက်ကို ထောက်ခံသော စစ်ဗိုလ်ချုပ်တစ်ဦး မည်သူမည်ဝါမှန်း မသိသော သေနတ်သမား တစ်ဦးက ချောင်းမြောင်း ပစ်ခတ်လိုက်ရာ ဦးခေါင်းတွင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တင်းမာမှုမှာ ပိုမိုကြီးထွားသွားသည်။ ပစ်ခတ်ခံရသူမှာ ဗိုလ်ချုပ်ကြီး Khattiya Sawasdipol ဖြစ်ပြီး ၎င်းသည် ယခုအခါ အသက်အန္တရာယ် စိုးရိမ်ရသော အနေအထားတွင် ရှိသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်နေသည်။ အာဆီယံတွင် ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် ထိုင်း၏ အနာဂတ်အရေး အတွက်လည်း စိုးရိမ်ပူပန်မှုများ ကြီးထွားလျက်ရှိသည်။

"လက်ရှိအနေအထားက ပြည်တွင်းစစ်လို့ လုံးလုံးလျားလျား ပြောလို့ရနေပြီ။ ဒီပဋိပက္ခကြီး ဘယ်တော့ပြီးဆုံးမယ် ဆိုတာကို ကျွန်တော်အနေနဲ့ အသေအချာပြောလို့မရပါဘူး" ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

ရှပ်နီဆန္ဒပြသူ အများစုမှာ ဖွံ့ဖြိုးမှုနိမ့်ကျသော နေရာဒေသများမှ အခြေခံ လူတန်းစားများ ဖြစ်သည်။ ၎င်းတို့က ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံကြသည်။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ယခုအခါ ပြည်ပြေးဘဝဖြင့် နေထိုင်နေရသူ သက်ဆင်က အစိုးရအနေဖြင့် တပ်များကို အမြန်ဆုံး ရုပ်သိမ်းစေပြီး စေ့စပ် ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် တိုက်တွန်းထားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ရေပိုင်နက် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားဖွယ် ဖြစ်ပေါ်နေသော ဒေသတွင် ကင်းလှည့်သွားလာလျက်ရှိသည့် မြောက်ကိုရီးယား မော်တော်တစ်စီးကို တောင်ကိုရီးယား ရေတပ်က ခြိမ်းခြောက်သည့်အနေဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ မတ်လ ၂၆ ရက်နေ့ တောင်ကိုရီးယား သင်္ဘောတစ်စင်း နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ပထမဆုံးဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိများအဆိုအရ မြောက်ကိုရီးယားဘက်မှ သင်္ဘော နှစ်စင်းမှာ နယ်မြေကျူးကျော် ဝင်ရောက်လာခြင်းဖြစ်သည်။ "သူတို့ဘက်က ကင်းလှည့်သင်္ဘော နှစ်စင်းက လမ်းကြောင်းနှစ်ခုခွဲပြီး ဝင်လာတယ်။ အဲဒါနဲ့ ကျွန်တော်တို့ဘက်က ခြိမ်းခြောက်တဲ့အနေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်" ဟု တောင်ကိုရီးယား ရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က မြောက်ကိုရီးယား နယ်စပ်ဒေသအနီး တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း ပဟေဋိဆန်ဆန် နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၄၆ ဦးသေဆုံး ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှု ပိုမိုကြီးထွားလာခဲ့သည်။

မြောက်ကိုရီးယား ကင်းလှည့် မော်တော်နှစ်စီးမှာ တောင်ကိုရီးယား ရေပိုင်နက်အတွင်း ၂ ဒဿမ ၈ ကီလိုမီတာ (၁ ဒဿမ ၆ မိုင်) အကွာအဝေးအထိ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား တွဲဖက် စစ်ရေးချုပ်ကပြောသည်။ တောင်ကိုရီးယား သင်္ဘောတစ်စင်းက သတိပေး ကြေညာချက် အသံလွှင့်ကြေညာခဲ့ပြီးနောက် ယင်းသို့ ခြိမ်းခြောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပစ်ခတ်မှုများ ပြုလုပ်ပြီး နာရီပိုင်းအကြာတွင် မြောက်ကိုရီးယား ကင်းလှည့်သင်္ဘော တစ်စီး နောက်တစ်ကြိမ် ဝင်ရောက်လာရာ မိမိတို့ဘက်မှ ထပ်မံသတိပေးချက် ထုတ်ပြန် လိုက်ရကြောင်း ၎င်းကဆိုသည်။ တောင်ကိုရီးယား ဘင်္ဘောဘက်မှ ပစ်ခတ်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတရာမရှိပေ။

မတ်လ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့သော တောင်ကိုရီးယား သင်္ဘောမှာ တော်ပီတို ဒုံကျည်ဖြင့် ပစ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ပုံရသည်ဟု စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ အဆိုပါ ဖြစ်ရပ်သည် မြောက်ကိုရီးယားကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားဘက်မှ စွပ်စွဲပြောဆိုခြင်း မရှိသည့်တိုင် ပြုံယမ်းအစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယများစွာ ဖြစ်ပေါ်လျက် ရှိသည်။

တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှုကို စုံစမ်းဖော်ထုတ်လျက်ရှိသော အဖွဲ့ဝင်များက ယခု ရက်သတ္တပတ်အတွင်း တွေ့ရှိချက်များ အားလုံးကို ထုတ်ဖော်ပြောဆိုမည်ဟု သိရသည်။

ပြီးခဲ့သည့် ၁၉၉၉ ခုနှစ် နှင့် ၂၀၀၂ ခုနှစ် ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် အဆိုပါဒေသတွင် ရေတပ်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တုန်းကလည်း မြောက်ကိုရီးယားကင်းလှည့် မော်တော်တစ်စင်း ပစ်ခတ်ခံရ၍ မီးလောင်ကျွမ်းခဲ့ရသည်။
BBC  သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.