Transparency Myanmar

transparency.myanmar@gmail.com

The Asahi Shimbun, 20th May 2010

တရုတ်နိုင်ငံ ဝန်ကြီးချုပ် Wen Jiabao သည် စစ်အစိုးရအား Beijing  ၏ ထောက်ခံမှု ပြသရန် ဇွန်လဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သတင်းတစ်ရပ်က ဆိုပါသည်။

Wen Jiabao သည် SPDC ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြား ခေါင်းဆောင်များနှင့် တွေ့ဆုံလိမ့်မည် ဖြစ်ကြောင်း ဆိုပါသည်။

သို့သော် Wen အနေဖြင့် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဗြောင်ကျကျ ထောက်ခံမည်လော ဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်ပါသည်။ Beijingသည် တိုင်းပြည် တစ်ခု၏ ပြည်တွင်းရေးကို စွက်ဖက်သည့် ဝေဖန်မှုများ မပြုလုပ်လိုပေ။

နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဒီမိုကရေစီ ခေါင်းဆောင်များ မပါဝင်မှုကြောင့် ရွေးကောက်ပွဲကို ဝေဖန်လျက်ရှိကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 21st May 2010

United Front for Democracy against Dictatorship (UDD) ကို ထောက်ခံသော ရှပ်နီဝတ်များအားလုံးသည် ဘန်ကောက်မှ ၎င်းတို့၏ နေရပ်များသို့ လုံခြုံစွာပြန်သွားကြပြီ ဖြစ်ကြောင်း ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ Wutthichart Kalayanamitr က သောကြာနေ့က ပြောကြားလိုက်ပါသည်။

" ရှပ်နီတွေကို သူတို့နေရပ်တွေ ဖြစ်တဲ့ Khon Kaen၊ Maha Sarakhan၊ Kalasin၊ Roi Et၊ ချင်းမိုင်၊ Chiang Rai၊ Phrae နှင့် Nan ဒေသများသို့ ငြိမ်းချမ်းစွာ ပြန်ရောက်သွားကြတယ်လို့ ၎င်းတို့ကို ပို့ဆောင်ခဲ့တဲ့ ဘတ်စ်ကားတွေက သတင်းပြန်ပို့ပါတယ် '' ဟု Wutthichart ကပြောပါသည်။

လူမှုဝန်ထမ်းနဲ့ လူမှုဖူလုံရေး ဝန်ကြီးဋ္ဌာနက ဆန္ဒပြသူ တစ်ယောက်ကို ဘတ် ၂၀၀ စီ၊ ခရီးစဉ် အတွက် မုန့်ဖိုးပေးကြောင်း ၎င်းက ပြောပါသည်။

ပြန်သွားကြသော ရှပ်နီ အများစုသည် UDD ဦးဆောင်သော အစိုးရ ဆန္ဒပြမှုများတွင် Ratchadamnoen  Avenue ရှိ Phan Fa တံတားနှင့် နောက်ပိုင်း Ratchaprasong ဆုံရပ်တို့တွင် မတ်လဆန်း ကတည်းက ပါဝင်သူများ ဖြစ်ကြပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Daily Star News, 21st May 2010

          အိမ်နီးချင်း နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်ရေး မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဘဏ်စနစ် ချိတ်ဆက်မှုကို ဘင်္ဂလားဒေ့ရှ်က ထူထောင်မည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

          လာမည့်လတွင် ကျင်းပမည့် အာရှကြွေးမြီ ရှင်းလင်းရေးအဖွဲ့ ACU ၏ ၃၉ ကြိမ်မြောက် ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘဏ် BB အကြီးအကဲ Atiur Rahman နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အထက်ပါကိစ္စကို ဆွေးနွေးကြမည် ဖြစ်သည်။

          ACU ၏ ဘုတ်အဖွဲ့ အစည်းအဝေးကို ဘူတန်နိုင်ငံ သင်ဖူးတွင် ဇွန်လ ၁၁ ရက်မှ ၁၂ ရက် အထိ ကျင်းပရန် စီစဉ်ထားသည်။

          ယခု လက်ရှိတွင် မြန်မာပို့ကုန် လုပ်ငန်းရှင်များသည် စင်္ကာပူ၊ ထိုင်းစသော တတိယနိုင်ငံ တစ်ခုကို ကြားခံ၍ ဘင်္ဂလားဒေ့ရှ်နှင့် ငွေကြေးကိစ္စ ဆောင်ရွက်နေရသည်။

          ACU ၏ အဖွဲ့ဝင် ဖြစ်လာပါက မြန်မာပို့ကုန်လုပ်ငန်းရှင်များသည် ဘဏ်အာမခံ ပေးချေမှု (L.C Payment) ကို ဤအဖွဲ့မှတဆင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ရှုတ်ထွေးသော နိုင်ငံခြားငွေကြေး ဥပဒေနှင့် ကုန်သွယ်ရေး မူဝါဒများကြောင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များမှာ နိုင်ငံတကာ ကုန်သွယ်ရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

          နယ်စပ် ကုန်သွယ်ရေး ကိစ္စများတွင် မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်မှ ဆိုနာလီ ဘဏ်ခွဲ၊ မြန်မာနိုင်ငံ မောင်းတော မှ မြန်မာ့စီးပွားရေး ဘဏ်ခွဲတို့မှ တဆင့် ဘဏ်ငွေလွှဲလက်မှတ်နှင့် ဘဏ်ငွေပေး အမိန့်တို့ကို ဆက်သွယ် ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

          ယခုကဲ့သို့ နှစ်နိုင်ငံ အကြား တိုက်ရိုက်ဘဏ်စနစ် ချိတ်ဆက် ဆောင်ရွက်ရေး ကိစ္စကို ယခင်နှစ် အောက်တိုဘာလက ဒက်ကားတွင် ကျင်းပသော အစည်းအဝေး၌ ဦးစားပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

          ACU မှတဆင့် နှစ်နိုင်ငံအကြား ပြည်ပ ကုန်သွယ်ရေး ကိစ္စများ ဆောင်ရွက်ရာတွင် မည်သည့် အတားအဆီးမှ မထားရှိရေးကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဘဏ်အာဏာပိုင်များက ၎င်းအစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 20th May 2010

မြန်မာ စစ်ဖက် အစိုးရသည် ၎င်းတို့၏ အဓိက စီးပွားရေး လုပ်ငန်းရှင် ရောင်းရင်းများအား ဘဏ်များ ဖွင့်ခွင့်ပြုရန် ပြင်ဆင်နေပြီး အဆိုပါ ဘဏ်လုပ်ငန်း နယ်ပယ်သို့ အခြား စီးပွားရေး နယ်ပယ်များမှ အင်အားကြီး လုပ်ငန်းရှင်များ အသစ်ဝင်ရောက် လုပ်ကိုင်ကြမည် ဖြစ်သည်။

ယခု ဆောင်ရွက်မှုသည် ဘဏ်ပိုင်ရှင် အသစ်များ အကြား အင်အားကြီးမားလာဖွယ် ရှိသည့် အလားအလာ ဖြစ်သလို အစိုးရ၏ စီးပွားရေး လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ဖွယ် ရှိသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု စာရင်းဝင် ဦးတေဇ ပိုင်ဆိုင်သော ထူးထရိတ်ဒင်း ကုမ္ပဏီ၊ ဝန်ကြီး ဦးအောင်သောင်း၏သား နေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ၊ NLD ပါတီဝင်ဟောင်း ဦးချစ်ခိုင် ပိုင်ဆိုင်သည့် အေဒင် ကုမ္ပဏီ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ပိုင်ဆိုင်ရမည့် စာရင်းတွင် ပါဝင်ကြသည်ဟု သိရှိရသည်။

ထူးထရိတ်ဒင်းသည် အေရှားဝေါလ် ကဲ့သို့ပင် မြန်မာ့ အင်အားကြီး စီးပွားရေး အုပ်စုတစ်ခု အဖြစ် သတ်မှတ်ထားခြင်း ခံရပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ သစ်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး လေကြောင်းလိုင်းလည်း ပိုင်ဆိုင်ထားကြောင်း ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်များအရ သိရှိရသည်။

IGE ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဓာတ်ငွေ့ သိုလှောင်ကန်များ တည်ဆောက်မှုတွင် ပါဝင်သကဲ့သို့  မက်စ်မြန် ကုမ္ပဏီကလည်း ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်းများတွင် အလားတူ ပါဝင် လုပ်ကိုင်လျက် ရှိသည်။ အထက်ပါ ကုမ္ပဏီများသည် အစိုးရထံမှ "စပယ်ရှယ် အခွင့်ထူး" များ လက်ခံ ရရှိကြသည်ဟု လေ့လာသူများက တင်ပြထားသည်။

ယခုကဲ့သို့ ဘဏ်များ ဖွင့်လှစ်မည့် လုပ်ရပ်အပေါ် မေးခွန်းထုတ်ခဲ့သူ မြန်မာစီးပွားရေး ဆန်းစစ်သူ အောင်သူငြိမ်းက DVB သို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ငွေကြေးဖောင်းပွမှု နှင့် အတိုးနှုန်း ကျဆင်းမှုတို့ကြောင့် မြန်မာဘဏ် အများစုမှာ လတ်တလောတွင် အမြတ် မရနိုင်ကြောင်းနှင့် ယခုကဲ့သို့ အချိန်မျိုးတွင် ဘဏ်များ အဘယ်ကြောင့် ဖွင့်သည်ကို စဉ်းစား၍ မရပါဟု ပြောခဲ့သည်။

အစိုးရသည် စီးပွားရေးကို ထိန်းချုပ်ရာတွင် အခက်အခဲများစွာ တွေ့ကြုံခဲ့ရပြီး ၂၀၀၃ ခုနှစ် ငွေကြေး အကျပ်အတည်း နောက်ပိုင်းတွင် ဘဏ်ငွေထုတ်မှု ကန့်သတ်ခြင်း နှင့် ငွေဖောင်းပွမှု တိုက်ဖျက်ရေး အပါအဝင် တင်းကျပ်သော စည်းကမ်းများ ချမှတ် ကျင့်သုံးခဲ့သည်။ ဤသည်မှာ စီးပွားရေး လုပ်ငန်းအသစ်နှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်ပေါ်ရန် မဖြစ်မနေ လိုအပ်သော ငွေအရင်းအနှီးများ ဆက်လက် ကန့်သတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ထို့အပြင် ယခု လတ်တလောတွင် ရွှေချေးတက်သွားခြင်းသည် ကမ္ဘာ့ဈေးကွက်နှင့် ဆက်စပ်မှုဟု ဆိုနိုင်သော်လည်း ဘဏ်လုပ်ငန်း စနစ် အပေါ် ယုံကြည်မှု မရှိခြင်းကို ညွှန်ပြနေသည်။

၁၉၉၀ မြန်မာနိုင်ငံ ငွေကြေး အဖွဲ့အစည်းများ ဥပဒေအရ ပြုပြင် ပြောင်းလဲခဲ့ခြင်းကြောင့် ပုဂ္ဂလိက ဘဏ်အချို့ ပေါ်ထွက်လာခဲ့သော်လည်း ဘဏ်လုပ်ငန်းစနစ်မှာ ခေတ်နောက်ကျနေသည်ဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။ ငွေဖောင်းပွမှုနှုန်းထက် အတော်ကြီး နိမ့်နေသော အပ်ငွေနှင့် ချေးငွေဆိုင်ရာ အတိုးနှုန်းများ ကဲ့သို့သော ခေတ်နောက်ပြန်ဆွဲနေသည့် လုပ်ထုံး လုပ်နည်းများကြောင့်ပင် ဖြစ်သည်။ မြန်မာ့ဘဏ်လုပ်ငန်း စနစ်ကို ပြုပြင် ပြောင်းလဲရန် အရေးပေါ် လိုအပ်နေသည် ဟူသော ယခင်ကပင် ပေါ်ထွက်ခဲ့သည့် ထင်မြင်ချက်ကို အောင်သူငြိမ်းက ထောက်ခံ ပြောဆိုလိုက်သည်။

အိမ်၊ ခြံ၊ မြေ ပိုင်ခွင့် အပေါ် ပွင့်လင်း မြင်သာမှုနှင့် လေးစားမှုရှိရေး အပါအဝင် အခြား ဥပဒေ စည်းကမ်းများမှာ မြန်မာနိုင်ငံတွင် အရေးပေါ် ပြုပြင်ရန် လိုအပ်သော စာရင်းတွင် ပါဝင်နေသည်။ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး စီမံချက် (သို့) စုံစမ်း စစ်ဆေးမှု အားနည်း ချို့တဲ့ခြင်းကြောင့် ဘဏ်များကို ငွေကြေး ခဝါချရာ နေရာများ အဖြစ် ရှုမြင်နေကြသည်။ ယခုကဲ့သို့ ဥပဒေ စည်းကမ်း ချို့တဲ့ခြင်းကို တိုင်းပြည်၏ ကြီးမားသော မူးယစ်ဆေးဝါး အမြတ်အစွန်းများ အတွက် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်အဖြစ် မကြာခဏ ဝေဖန်ခြင်း ခံနေရသည်။

စစ်ဖက် အစိုးရနှင့် အတွင်းကျကျ ပတ်သက်နေသည့် အထက်ပါ ပုဂ္ဂလိက ကုမ္ပဏီများသည် တစုံတရာ ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း ရှေ့လျှောက် စီးပွားရေး တည်ငြိမ်မှု အပေါ် စိုးရိမ်စရာ ကိစ္စများ နှင့်အတူ မြန်မာ့စီးပွားရေး နောက်ပြန်သွားနေခြင်းမှာ ဆက်လက် ဖြစ်ပွားနေဆဲပင် ရှိသေးသည်။

အဆိုပါ အစိုးရ၏ ရောင်းရင်း ကုမ္ပဏီကြီးများသည် စီးပွားရေး ရောင်းလိုအား ကွင်းဆက် အပေါ် ကြီးမားသော အထက်အောက် ထိန်းချုပ်နိုင်မှုကို ရရှိသွားလိမ့်မည်ဟု စိုးရိမ် ပူပန်မှုများ ကြီးထွားလျက် ရှိနေကာ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာကို လှုံ့ဆော်မှုနှင့် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှုတို့ အပေါ် ထိန်းချုပ် ကန့်သတ်ခြင်းနှင့် အကြီးစား လိမ်လည်မှုများ ဖြစ်ပေါ် လာလိမ့်မည်ဟု ပညာရှင်များက စိုးရိမ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inter Press Service, By Mitch Moxley, 20th May 2010

ပြီးခဲ့သည့် သြဂုတ်လကမြန်မာစစ် အစိုးရသည် ကိုးကန့်နယ်ရှိ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်များအား တိုက်ခိုက်ခဲ့ရာ၊ အဆိုပါ နယ်တွင် နေထိုင်သော တရုတ်အများစု ဒုက္ခသည် (၃၇၀၀၀) ခန့် အား တရုတ်ပြည် ယူနန်နယ်ထဲသို့ ထွက်ပြေးစေခဲ့ပါသည်။

အဆိုပါ ကိစ္စအား Bejing ရှိ တရုတ် အစိုးရက စိတ် အနှောက်အယှက် ဖြစ်စေခဲ့သဖြင့်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ထိခိုက်ခဲ့ပါသည်။ တရုတ် အစိုးရသည် မြန်မာနိုင်ငံအပေါ် အခြား ပါဝါများ ရရှိရေး ထက်စာလျှင် နိုင်ငံခြားသားကြောက်ရောဂါရှိသော စစ်အစိုးရ အပေါ် သြဇာလွှမ်းမိုးမှုရှိရေး နှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးကိုသာ အရေးတကြီး စိတ်ဝင်စားပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ စစ်ဗိုလ်ချုပ်များကလည်း ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမည်ဟု ပြောနေပြန်ပါသည်။ ထိုအချိန်တွင် တရုတ်-မြန်မာ ဆက်ဆံရေးကလည်း တင်းမာမှုများ တိုးလာလျက်ရှိပါသည်။

ပိုမိုရှုပ်ထွေးသော ကိစ္စရပ်များက စိုးရိမ်ပူပန်မှုကို တိုးပွားစေလျက်ရှိပါသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ ကိစ္စသည် တရုတ်ယူနန်ပြည်နယ်တွင် ဒုတိယ အကြိမ်မြောက် ဒုက္ခသည် ပြဿနာ ဖြစ်စေလိမ့်မည်ဟု စိုးရိမ်နေရပါသည်။ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့်နယ်စပ်ခြင်း ထိစပ်လျက်ရှိပါသည်။ စောင့်ကြည့်လေ့လာသူများက ပြောကြားရာတွင် မြန်မာစစ်တပ်သည် အင်အား သုံးသောင်းကျော်ရှိ အင်အား တောင့်တင်းသော ဝတပ် (UWSA) အား တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း UWSA မှာ လူမျိုးအားဖြင့် တရုတ်များ ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သော အဖွဲ့များ အဖြစ် အမေရိကန်ပြည်ထောင်စုက စွပ်စွဲလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပျက်နေသော ကိစ္စရပ်များသည် နှစ်နိုင်ငံဆက်ဆံရေး အတွက် အက်ကြောင်းများ ပိုမိုထင်ရှားလာကြောင်း စင်ကာပူရှိ Institute of South East Asian Studiesr မှ Dr Ian Storey ကကပြောကြားခဲ့ပါသည်။

"တရုတ်-မြန်မာ ဆက်ဆံရေးသည် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု အပေါ်မှာ အခြေခံ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ခဏတာ အဆင်ပြေမှုအပေါ်မှာပဲ ကြည့်ခဲ့ကြတာပါ '' ဟု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံတွင်လည်း တရုတ် အပေါ်မယုံကြည်မှုများ ပိုမိုနက်ရှိုင်းလာနေပြီး အစိုးရကလည်း ရုရှားနှင့် အိန္ဒိယတို့ကဲ့သို့သော နိုင်ငံများနှင့် ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် တရုတ် အပေါ်မှီခိုမှုများကိုလည်း ယခုနှစ်နှောင်းပိုင်းများ အတွင်း လျော့ချလာခဲ့ပါသည်။ တချိန်တည်းမှာပင် တရုတ်ကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရးပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိခြင်းကြောင့် စိတ်ပျက်လျက်ရှိပြီး၊ စီးပွားရေး အရ ခြားနားမှုများကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း Dr Storey ကပြောပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့သော နိုင်ငံများတွင် တစ်နိုင်ငံဖြစ်ခဲ့ပါသည်။ သို့သော်၁၉၆၀ ခုနှစ်များက ရန်ကုန်တွင် တရုတ်-မြန်မာ အရေးအခင်း ဖြစ်ပြီး ဆက်ဆံရေး အဆိုးဝါးဆုံး ဖြစ်ခဲ့ပါသည်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးအခင်း နောက်ပိုင်း မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက အရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာချိန်တွင် တရုတ်က အကူအညီများ၊ လက်နက်တင်ပို့မှုများ တိုးတက်ပြုလုပ်ခဲ့ပြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဆိုင်သော ဆက်ဆံရေးကိုလည်း အားပေးခဲ့ပါသည်။

ထိုအချိန်မှစ၍ တရုတ်သည် ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံများတွင် ပါဝင်သော မြန်မာစစ် အစိုးရ အပေါ် သံတမန်ရေးအရ၊ စီးပွားရေး အရ ထောက်ပံ့မှုများ ကျယ်ပြန့်စွာ ပေးခဲ့ပါသည်။ နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် တစ်ဘီလီယံ ဒေါ်လာ ကျော်ကျော် ရင်းနှီးမြှုပ်နှံထားကာ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် အများဆုံး ပါဝင်ထားပါသည်။ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးသည် ၂၅% ကျော် တိုးတက်ခဲ့ပြီး (2.63)ဘီလီယံ ဒေါ်လာတန်ဘိုးရှိပါသည်။

၂၀၀၉ အောက်တိုဘာလတွင် နိုင်ငံပိုင် China National Petroleum Corporation သည် မြန်မာနိုင်ငံတွင် ရေနံတင် သင်္ဘောများ အတွက် ဆိပ်ကမ်း စတင် တည်ဆောက်ခဲ့ပါသည်။ အဆိုပါ ဆိပ်ကမ်းသည် ပိုက်လိုင်းစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အဆိုပါ ပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တစ်နှစ်လျှင် ရေနံစိမ်း (၁၂) ကုဗတန် သန်းပေါင်းကို မြန်မာနိုင်ငံမှ ဖြတ်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ပမာဏသည် တရုတ်ပြည်၏ ယမန်နှစ်က တင်သွင်းသော ရေနံစိမ်း ပမာဏ၏ ၆% ရှိပါသည်။ နောက်ထပ်ပိုက်လိုင်း တစ်ခုမှာ ၂၀၁၂ တွင်ပြီးစီးမည်ဟု ခန့်မှန်းပြီး မြန်မာနိုင်ငံမှ သဘာဝ ဓါတ်ငွေ့ ကုဗမီတာ သန်းပေါင်း (၁၂) သန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် အနောက်တောင် အပိုင်းအတွက် ရေနံနှင့် သဘာဝဓါတ်ငွေ့တင်သွင်းခြင်း ခွင့်ပြုရုံမျှမက အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက်ပေါက် ပေးထားခြင်း ဖြစ်ပြီး စစ်တပ် အခြေစိုက် စခန်း အတွက်ပါ အလားအလာကောင်းများ ရှိပါသည်။

မြန်မာဗိုလ်ချုပ်များသည် တရုတ်ကို ငွေအတွက်နှင့် လက်နက်အတွက် မှီခိုခဲ့ကြရပါသည်။ ၂၀၀၆ခုနှစ်က မြန်မာကူးသန်း ရောင်းဝယ်ရေး ဋ္ဌာန ဝန်ကြီး တင်နိုင်သိန်း၏ ယူနန် ခရီးစဉ်တွင် Bejing အား အိမ်နီးချင်းကောင်း အဖြစ် ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး၊ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြသူများ အားနှိမ်နှင်းရာတွင်  မဆုတ်မနစ်ထောက်ခံခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်ကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် အချို့ပေးခဲ့ပါသည်။

" မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက အထီးကျန် ပစ်ထားခဲ့ကြပါတယ်။ အာဆီယံကလည်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ ဖိအားပေးခဲ့ကြပါတယ်။ '' ဟု ဂွမ်ဒေါင်းပြည်နယ် ဆွန်ယက်ဆင် တက္ကသိုလ်မှ နိုင်ငံတကာ ရေးရာဋ္ဌာန တွဲဖက် ပါမောက္ခ Yu Changsen ကပြောကြားခဲ့ပါသည်။ " မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် အချို့အချက်တွေ အပေါ်မှာ မှီခိုနေရပြီး၊ ဆက်ဆံရေးနဲ့ အတူတူပါပဲ '' ဟု ၎င်းက ပြောပါသည်။

ဆက်ဆံရေးသည် အပေါ်ယံအားဖြင့် အဆင်ပြေ သယောင် ရှိသော်လည်း၊ မကြာသေးမီနှစ်များ အတွင်း ပြဿနာများ တိုးပွားလာလျက်ရှိပါသည်။ တရုတ်သည် မြန်မာကွန်မြူနစ်များကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့ပြီး ယခု မြန်မာခေါင်းဆောင်များသည် တချိန်က အဆိုပါ ကွန်မြူနစ်များကို တိုက်ခိုက်ခဲ့သူများ အများအပြား ပါဝင်ပါသည်။ ယနေ့ မြန်မာလူမျိုး အတော်များများက တရုတ်ကို သယံဇာတများကို အဓမ္မ လုယူနေသူ အဖြစ် ရှုမြင်လာကြပါသည်။

ဆွန်ယက်ဆင်တက္ကသိုလ်မှ အာရှ-ပစိဖိတ် သုတေသန ဋ္ဌာနမှ တွဲဖက် ပါမောက္ခ Huang Yunijing ကပြောကြားရာတွင် တရုတ် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးတွင် အမြင်မတူမှုများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ စစ်တပ် အုပ်ချုပ်သော အိမ်နီးချင်းနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလျက်ရှိသည်ကို ကြည့်၍ သိနိုင်ကြောင်း ပြောပါသည်။ " တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ နိုင်ငံရေး၊ စီးပွားရေး နဲ့ လုံခြုံရေး ကိစ္စတွေမှာ တူညီတဲ့ ရှုထောင့်တွေ ရှိကြပါတယ်၊ ကျွန်တော်တို့ဟာ နှစ်နိုင်ငံ ပါတနာရှစ်ကောင်းဖြစ်ကြပါတယ်၊ နှစ်နိုင်ငံ အကျိုး ဖြစ်စေမည့် ကိစ္စတွေမှာ နည်းလမ်းပေါင်းများစွာနဲ့ အချင်းချင်း ဖေးမကူညီနေပါတယ် '' ဟု ၎င်းက ပြောပါသည်။

သို့သော် တရုတ်သည် နယ်စပ် မတည်ငြိမ်မှု ပြဿနာ အတွက် စိုးရိမ်မှုများ တိုးပွားလျက်ရှိပါသည်။ ထိုစိုးရိမ်မှုကို ထင်ရှားစေသော အချက်တစ်ခုမှာ မကြာသေးမီက တရုတ်က ၎င်း၏ အနောက်တောင်ရှိ မြန်မာနှင့် နယ်စပ်တွင် တရုတ် တပ်မတော်မှ အင်အား ၅၀၀၀ခန့် ချထားခဲ့ခြင်းပင် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ၏ သတင်းများ အရ သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားလာမည့် အန္တရာယ်ကို စိုးရိမ်လာရပါသည်။ မြန်မာဗိုလ်ချုပ်များသည် ယူနန်နယ်စပ်မှ ဒေသများကို ၎င်း၏ အာဏာစက် အတွင်း ရှိစေရန် ကြိုးစားလျက်ရှိပါသည်။ နှစ်နိုင်ငံ နယ်စပ် နှစ်ဖက်စလုံးမှ တိုင်းရင်းသားများမှာ အားလုံး သွေးနှောသော အမျိုးတူများသာ ဖြစ်ကြပါသည်။

နယ်စပ် မတည်ငြိမ်မှုသည် နယ်စပ် ကုန်သွယ်ရေးကို အနှောက်အယှက် ဖြစ်စေပြီး၊ ဒုက္ခသည် ပြဿနာများကို ဖန်တီးကာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုကို တိုးပွားလာစေပါသည်။ အဆိုပါ ဒေသတွင် နေထိုင်သော တရုတ် လူမျိုးများ အတွက်လည်း အန္တရာယ်များရှိကြောင်း Dr Storey ၏ အဆိုအရ သိရှိရပါသည်။

" အမှန်တကယ်သာ စစ်ဖြစ်လာခဲ့ရင်တော့၊ တရုတ်အစိုးရကို ခေါင်းကိုက်စေမှာ အမှန်ပဲ '' ဟု ဆွန်ယက်ဆင် တက္ကသိုလ်မှ Yu က ပြောကြားခဲ့ပါသည်။

                                                                          

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.Irrawaddy.org, ဇာနည်မာန် Friday, May 21, 2010


လျှပ်စစ်မီး ၂၄ နာရီ ပုံမှန် ရရှိရန်နှင့် လျှပ်စစ်မီတာ ထိန်သိမ်း စောင့်ရှောက် ခများကို လျှော့ချပေးရန် မန္တလေးမြို့ရှိ ပြည်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးထံ ယမန်နေ့ က စာပို့တောင်းဆိုလိုက်သည်။

လျှပ်စစ်မီး ရရှိရေး လှုပ်ရှားသူ ဒေသခံ လူငယ်တစုက ဦးဆောင်၍ မန္တလေးမြို့တွင်း ကောက်ခံ ရရှိသော သဘောတူ လက်မှတ် ၃၀၀ ကျော်ပါရှိသော တောင်းဆိုစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးနှင့်မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဌာနများသို့ ပေးပို့တောင်းဆိုကြခြင်း ဖြစ်သည်။

"မီး ၂၄ နာရီ အပြည့်အ၀ပေးဖို့နဲ့ မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁၀၀၀ ကို လျှော့ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုတာ ပါ၊ လောလောဆယ်တော့ မန္တလေးမြို့ပေါ်ပဲ၊ နယ်ဘက်တွေက လက်မှတ်တွေ ရောက်လာရင် ထပ်ပို့ဦးမယ်၊ တပတ်တခါ ပုံမှန်ပို့သွားမယ်"ဟု လူငယ်တဦးက ပြောသည်။

သူကဆက်လက်၍"တချို့ကတော့ ကြောက်ကြတယ်၊ ဒါပေမယ့် ကျနော်တို့ အခုလုပ်တာက ဥပဒေဘောင် အတွင်းကနေ လုပ်တာဖြစ်တယ်ဆိုတာကို ရှင်းပြရတယ်၊ ကျနော်တို့ ဒီလိုတောင်းဆိုတာကို နိုင်ငံအနှံ့တိုးချဲ့ပြီး လုပ်သွားမယ်"ဟုလည်း ပြောသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မီတာ ထိန်းသိမ်းစောင့်ရှောက်ခများအား ဧပြီလဆန်းပိုင်းက စတင်၍ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိ နိုင်ငံတ၀န်းလုံးတွင် တိုးမြှင့်ခဲ့သည်။

မီတာ ကျသင့်ငွေများကို သက်ဆိုင်ရာ လျှပ်စစ်ရုံးများတွင် သွားရောက်ပေးဆောင်ရန် နောက်ကျပါက နောက်ကျကြေး တရက် အတွက် ကျပ်၂၀၀၀ ပေးရသည့်အပြင် မီးလိုင်းဖြတ်တောက်ခြင်းခံရပြီး မီးလိုင်း ပြန်လည်တပ်ဆင်ခွင့်ရရန်အတွက် အနည်းဆုံး ကျပ် ၁၀၀၀၀ ပေးဆောင်ရကြောင်း ဒေသခံများက ဆိုသည်။

"တနေ့ကို ၆ နာရီတောင် ပုံမှန်မရဘူး၊ ၀ပ်အားမပြည့်တာလည်း ရှိတယ်၊ တခါတလေ တနေ့လုံးမှ နာရီပိုင်းလောက်ပဲ မီးလာတာရှိတယ်၊ မီးမမှန်ပေမယ့် မီတာထိန်းသိမ်းစောင့်ရှောက်ခက ပုံမှန်ပေးရတာမှာ အခု ၁၀၀၀ ဖြစ်သွားတော့ စားဖို့ သောက်ဖို့တောင် အနိုင်နိုင်အခြေအနေမှာ အတော်ဒုက္ခတွေ့ရပါတယ်"ဟု လက်မှတ်ရေးထိုးသူတဦးက ပြောသည်။

အပူချိန် မြင့်မားလျက်ရှိသော ကာလတွင် လျှပ်စစ်မီး ပုံမှန်မရသောကြောင့် သောက်သုံးရေ ရရှိရန်ပါ အခက်အခဲများ ရှိလာကြောင်း မန္တလေး မြို့ခံတဦးက ထောက်ပြသည်။

"အခုလို ပူတဲ့အချိန် မီးပျက်တာက များတော့ ရေမတင်နိုင်တော့ ရေ ဒုက္ခရောက်ကြတယ်၊ တအားပူတော့ မီးလေး ရှိ ရင်တော့ ပန်ကာလေးဘာလေးဖွင့်နေရင် အပူခံနိုင်သေးတာပေါ့နော်၊ အခုက ယပ်တောင်နဲ့ခပ်နေလို့တောင် အပူက မပြေဘူးဗျ"ဟု မြို့ခံက ပြောသည်။

နိုင်ငံတ၀န်း အပူချိန်လွန်ကဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမြို့တွင် အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် အထက် ရောက်သွား ခဲ့ရာ ပြီးခဲ့သည့် ရက်သတ္တတပတ်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိကြောင်း ဒေသခံများက ဆိုကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တိုင်းရင်းသားနယ်ခြားဒေသစောင့်တပ်ဖွဲ့ကို အစိုးရက ဖွဲ့စည်းပေးလိုက်ပြီဖြစ်ကြောင်း အစိုးရအာဘော် New Light of Myanmar သတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါတပ်ဖွဲ့မှာ မြန်မာစစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိမည်ဖြစ်သည်။ ယခု နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်သည့် ရှမ်းပြည်နယ်အရှေ့ အထူးဒေသ-၄ (မိုင်းလား) သည် စစ်အစိုးရကို ဆန့်ကျင်သော အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အင်အားစု (NDAF) အဖွဲ့ ခြေကုပ်ယူရာ နေရာဖြစ်ခဲ့သည်။

အဆိုပါ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ နယ်ခြားဒေသစောင့်တပ်ဖွဲ့သည် စတုတ္ထမြောက် ဖွဲ့စည်းလိုက်သော တပ်ဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့ မတိုင်ခင်ဖွဲ့စည်းခဲ့သော တပ်များမှာ ကချင်အထူးဒေသ-၁ရှိ ဒီမိုကရက်တစ် ကချင်တပ်ဖွဲ့သစ် (NDA-K)၊ ကယားအထူးဒေသ-၂ ရှိ ကယန်းအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ-၁ရှိ ကိုးကန့်တပ်ဖွဲ့တို့ဖြစ်ကြသည်။

ယခု ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်ခြားဒေသစောင့်တပ်ဖွဲ့ ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနားကို မေလ ၁၈ ရက်နေ့က တာချီလိတ်မြို့တွင်ကျင်းပခဲ့သည်။ အခမ်းအနားသို့  ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနှင့် ရွှေတြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုး နှင့် တပ်မတော်အရာရှိကြီးများ၊ ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ယခုလို တိုင်းရင်းသားငြိမ်းချမ်းရေး အုပ်စုများအား နယ်ခြားဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် မြန်မာအစိုးရကအကောင်အထည်ဖော်ခြင်းသည် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သောဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရဖြစ်သည်။ အဆိုပါအခြေခံဥပဒေအရ လက်နက်ကိုင် တပ်ဖွဲ့များအားလုံး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ထားရှိရမည်ဖြစ်သည်။

NDA-K တပ်ဖွဲ့ကို Sakhone Ting Ying ကဦးဆောင်ပြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ KNPLF အဖွဲ့မှာ ၁၉၉၄ ခုနှစ် မေလတွင်လည်းကောင်း၊ ကိုးကန့်တိုင်းရင်းသားများ တပ်ဖွဲ့မှာ ၁၉၈၉ ခုနှစ် မတ်လတွင်လည်းကောင်း မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြ သည်။

၁၉၈၈ ခုနှစ်မြန်မာအစိုးရ အာဏာရရှိလာပြီးနောက်ပိုင်း အစိုးရဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့နှင့် အခြားသော အုပ်စု ၂၀ ခန့်က တရားဥပဒေအရ အသိအမှတ်ပြုသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့ကြသည်။

အချို့သော လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့၏ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားပြီး လက်နက်ကိုင်ဆောင်ခွင့်လည်း ရှိထားသည်။

Xinhua သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.