Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်ရှိ အထင်ကရ ဈေးကြီးတစ်ခုဖြစ်သော မင်္ဂလာဈေးတွင် မေလ ၂၄ ရက်နေ့က မီးလောင်ကျွမ်းမှုကြီးဖြစ်ပွားရာ ဈေးရှိဆိုင်ခန်း ပေါင်းရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များနှင့် အာဏာပိုင်များကပြောကြားသည်။ သို့သော် မီးလောင်မှုကြောင့် သေဆုံးသူမရှိ ဟုဆိုသည်။

"ဘာကြောင့် မီးလောင်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ မီးသတ်သမား ရာနဲ့ချီပြီး မီးငြှိမ်းသတ်နေတုန်းပဲ" ဟု ရဲအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားသော မင်္ဂလာဈေးမှာ လေးထပ်အဆောက်အအုံဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိသည်။ မင်္ဂလာဈေးသည် လက်ကားဈေးကွက်အတွက် အဓိကဖြန့်ဖြူးရောင်းချရာ ဈေးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့မှ ကုန်သည်များ၊ ဈေးရောင်းသူများ အဓိက အမှီသဟဲပြုရာလည်း ဖြစ်သည်။

"ကျွန်မရဲ့ဆိုင်ခန်းကတော့ လုံးဝကို ပြာကျသွားပါပြီ။ ကျွန်မ ပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသွားတယ်" ဟု မမြင့်မြင့်ဆိုသူ ဈေးဆိုင်ခန်းပိုင်ရှင် တစ်ဦးကဆိုသည်။ မင်္ဂလာဈေး မီးလောင်မှုကို လူပေါင်းများစွာက ရပ်ကြည့်လျက် ရှိသည်ကိုတွေ့ရသည်။

မီးသတ်ကားများသည် မင်္ဂလာဈေးအနီးရှိ ကန်တော်ကြီးရေကန်မှ ရေများကိုစုပ်ယူကာ မီးငြိမ်းသတ်ကြသည်ကို တွေ့ရကြောင်း၊ မီးသတ်သမား ရာပေါင်းများစွာမှာ ကြီးမားသည့် မီးတောက်ကြီးများကို ငြိမ်းသတ်ရန် အစွမ်းကုန်ကြိုးစားကြကြောင်း သိရသည်။

"မီးသတ်သမားတစ်ယောက် စတုတ္ထထပ်မှာ မီးငြှိမ်းသတ်ရင်း ဒဏ်ရာရသွားတယ်။ အဲဒါကလွဲရင် တခြားဘယ်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတယ်လို့ မကြားမိပါဘူး။ ကျွန်တော်တို့ အမြန်ဆုံး မီးငြှိမ်းသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု အခင်းဖြစ်ပွားရာ နေရာတွင်ရှိသော လုံခြုံရေးတာဝန်ခံ တစ်ဦးက ပြောသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် စစ်တပ်အနေဖြင့် တောင်ကိုရီးယားနှင့် ပူးပေါင်းပြီး မြောက်ကိုရီးယား နိုင်ငံဘက်မှ ကျူးကျော်ရန်ပြုလိုမှုကို ဟန့်တားနိုင်ရေးအတွက် အသင့်အနေအထားတွင် ရှိရန် သမ္မတ ဘားရက်ဟူစိန်အိုဘားမားက ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

တောင်ကိုရီယား ရေတပ်သင်္ဘော နစ်မြုပ်စေခဲ့မှုအတွက် မြောက်ကိုရီးယားနိုင်ငံကို အပြစ်ပေးရန် အကောင်အထည် ဖော်လျက်ရှိသော တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အစီအစဉ်များကို အမေရိကန်ပြည်ထောင်စုက ခိုင်မာစွာ ကျောထောက်နောက်ခံပြုပါကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Robert Gibbs ကပြောသည်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ရန်လိုသော အပြုအမူများကို ပြောင်းလဲပြီး သင်္ဘော နစ်မြုပ်သည့် ကိစ္စအတွက် တောင်းပန်ရန် အမေရိကန်အစိုးရက တိုက်တွန်းထားသည်။

"မြောက်ကိုရီးယား အနေနဲ့ သင်္ဘောနစ်မြုပ်အောင် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမြန်ဆုံး တောင်းပန်ရမယ်လို့ တောင်ကိုရီးယား သမ္မတရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ အပြည့်အဝ ထောက်ခံပါတယ်။ အရေးအကြီးဆုံးကိစ္စက မြောက်ကိုရီးယားအနေနဲ့ ကျူးကျော်ရန်လိုတဲ့ အပြုအမူတွေကို ပြောင်းလဲပစ်ဖို့ပါပဲ" ဟု မစ္စတာ Gibbs ကပြောသည်။

"တောင်ကိုရီးယားရဲ့ တိကျပြတ်သားသော ကာကွယ်မှုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပါတယ်။ အမေရိကန် သမ္မတကိုယ်တိုင်ကလည်း အမေရိကန်စစ်တပ်က ကွန်မင်ဒါတွေ တောင်ကိုရီးယားနိုင်ငံ စစ်တပ်က ကွန်မင်ဒါတွေနဲ့ ပူးပေါင်းပြီး နောက်ဖြစ်လာမယ့် မြောက်ကိုရီးယားရဲ့ ရန်ပြုလိုမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ မြောက်ကိုရီးယား ကိစ္စအတွက် အသင့်အနေအထားမှာ ရှိနေဖို့ ပြောထားပါတယ်" ဟု ၎င်းကပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် တောင်ကိုရီးယားသမ္မတ နှစ်ဦးသည် လာမည့် ဇွန်လ၊ ကနေဒါနိုင်ငံတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံရန် သဘောတူညီ ထားပြီးဖြစ်သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား ရေတပ်စစ်သင်္ဘောဖြစ်သော Cheonan ကို တော်ပီတို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စွပ်စွဲပြောဆိုသည်။ အဆိုပါဖြစ်ရပ်ကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။

၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ ဖြစ်ပွားပြီးနောက် အဆိုးရွားဆုံး စစ်မက်ပဋိပက္ခ ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် အဆိုပါ အရေးကိစ္စကို ကုလသမဂ္ဂသို့ တင်ပြမည်ဖြစ်သည်ဟု သမ္မတ လီမြောင်ဘတ်က ပြောကြားသည်။ ယခုအခါ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ဒေသတွင် တပ်ဖွဲ့ဝင်ပေါင်း တစ်သန်းကျော်ခန့် အပြိုင်အဆိုင်ချထားသည်။

Reuters သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, by Anne Flaherty, 25th May 2010

Obama အစိုးရသည် တနင်္လာနေ့က မြောက်ကိုးရီးယားအား အင်အားပြရန် ရည်ရွယ်လျက် ကိုးရီးယားကျွန်းဆွယ်အနီးတွင် စစ်ရေးသရုပ်ပြပွဲ နှစ်ခု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကြေညာခဲ့ပါသည်။ မြောက်ကိုးရီးယားမှာ တောင်ကိုးရီးယား စစ်သင်္ဘောအား တော်ပီဒိုဖြင့် ပစ်ခတ်မှုတွင် စုံစမ်း စစ်ဆေးသူများ၏ အပြစ်တင်မှုကို ခံနေရသည်။

အမေရိကန် ပြည်ထောင်စု၏ တောင်ကိုးရီးယား အပေါ် ထောက်ခံ ကူညီမှုသည် ရှင်းလင်းပြီး တိကျကြောင်း အိမ်ဖြူတော်မှ ပြောကြားခဲ့ပြီး၊ သတင်းထုတ်ပြန်ချက်တွင် သမ္မတ Obama က စစ်တပ်မှ တပ်မှူးများအား နောင်တွင် ယခုလို ထပ်မံ ဖြစ်ပွားခြင်း မရှိစေရေး တားဆီးရန်နှင့် ထပ်မံဖြစ်ခဲ့ပါက အသင့်ဖြစ်စေရန် တောင်ကိုးရီးယားနှင့် အတူ လုပ်ကိုင်ရေးကို ညွှန်ကြားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုးရီးယား ခေါင်းဆောင်များက အဆိုပါ ကိစ္စ အတွက် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး လက်တုန့်ပြန်မှုများ မပြုလုပ်ရန် သတိပေးခဲ့ကြသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က တနင်္လာနေ့က အဆိုပါ ကိစ္စအတွက် မြောက်ကိုးရီးယားကို အပြစ်တင်ခဲ့သည်။

"ကျွန်မတို့ဟာ ရန်လိုမှုတွေ ရန်စမှုတွေ ပိုဆိုးလာမှာကို ရှောင်ရှားနိုင်ဖို့ မနည်း ကြိုးစားနေရပါတယ်'' ဟု ကလင်တန်က Bejing တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ကလင်တန်သည် Bejing တွင် တရုတ်နိုင်ငံအား ၎င်း၏ အိမ်နီးချင်း မဟာမိတ် မြောက်ကိုးရီးယားအား သံတမန်ရေးရာ  အရ အရေးယူရာတွင် ထောက်ခံရန် ဖိအားပေးမည် ဖြစ်သည်။ "မြောက်ကိုးရီးယားရဲ့ ဒေသတွင်း လုပ်ရပ်ဟာ အခြေအနေကို ရုတ်တရက် ဆိုးဆိုးဝါးဝါး ပြောင်းသွားစေနိုင်ပါတယ်'' ဟု သူမက ပြောသည်။

အမေရိကန် အစိုးရ တာဝန်ရှိသူများက စုစည်း ညီညွတ်သော နိုင်ငံတကာ တုန့်ပြန်မှုကို မျှော်လင့်ကြသည်။ စစ်ရေး သရုပ်ပြပွဲ နှစ်ခုသည် မြောက်ကိုးရီးယား၏ စတာလင် လက်သစ် ဝါဒီ အစိုးရက တင်းမာမှု ဖြစ်အောင် ဆွနေမှုကို တားဆီးနိုင်လိမ့်မည်ဟု ယူဆရသည်။

ပြီးခဲ့သည့် အပတ်က နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများ ပါဝင်သော အဖွဲ့က တောင်ကိုးရီးယား စစ်သင်္ဘော Cheonan မတ်လ (၂၆) ရက်နေ့က နစ်မြုပ်မှု အတွက် အပြစ်တင်ခဲ့သည်။ တောင်ကိုးရီးယား သင်္ဘောသား (၄၆) ဦး သေဆုံးခဲ့သော နစ်မြှုပ်မှုတွင် တော်ပီဒိုက သင်္ဘောကို နှစ်ပိုင်း ပြတ်စေခဲ့သည်ဟု ဆိုသည်။

အဆိုပါ နစ်မြုပ်မှုသည် တောင်ကိုးရီးယား အတွက် ကိုးရီးယား စစ်ပွဲပြီးကတည်းက စစ်ရေးအရ အဆိုးဝါးဆုံး အန္တရာယ် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ကိုးရီးယားစစ်ပွဲသည် လွန်ခဲ့သောနှစ်ပေါင်း (၆၀) က စတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အပစ်အခတ် ရပ်ဆိုင်းသွားခဲ့သည်။ သို့သော် မည်သည့် ငြိမ်းချမ်းရေး စာချုပ်မျှ ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ဘဲ၊ ထိုစဉ်ကတည်းက အမေရိကန်သည် ၎င်း၏ မဟာမိတ် တောင်ကိုးရီးယားတွင် စစ်သား အင်အား (၂၈၀၀၀) ကျော် တပ်စွဲ၍ ကျန်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

Obama အစိုးရသည် တနင်္လာနေ့ အထိ မြောက်ကိုးရီးယားအား အပြစ်တင်ထားသော အစီရင်ခံစာ အပေါ် မည်သို့ တုန့်ပြန်ရမည် ဆိုသည်ကို  ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့ပေ။

သို့သော် တောင်ကိုးရီးယား သမ္မတက တနင်္လာနေ့က ဆင်းရဲ မွဲတေနေသော မြောက်ကိုးရီးယားနှင့် ကုန်သွယ်မှုများ ရပ်ဆိုင်းရန် ကြေညာခဲ့ခြင်းကြောင့် Obama အစိုးရသည် အင်္ဂါနေ့၌ ဂီယာပြောင်း၍ အရှိန်မြင့်ခဲ့သည်။

ကာကွယ်ရေးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Bryan Whiman က ပြောကြားရာတွင် အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ စစ်ရေးပြမှုသည် မကြာမီ ပြုလုပ်မည် ဖြစ်ပြီး၊ ရေငုပ်သင်္ဘောများနှင့် မကောင်းသော အကောက်ကြံမည့် လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် အာရုံထားမည်ဟု ဆိုသည်။

ယခု စစ်ရေးပြပွဲသည် လွန်ခဲ့သော နှစ်လက တော်ပီဒို တိုက်ခိုက်မှုနှင့် တိုက်ရိုက် ပတ်သက်ကြောင်း ပင်တဂွန်က အတည်ပြုခဲ့သည်။

အမေရိကန်၏ ပစိဖိတ် ရေတပ် သင်္ဘောအုပ်စု ပြောခွင့်ရ ပုဂ္ဂိုလ် Jeff Breslau က ပြောကြားရာတွင် အမေရိကန်နှင့် တောင်ကိုးရီးယား တို့သည် ပူးတွဲ စစ်ရေးပြပွဲကို တစ်နှစ်လျှင် (၁၂) ကြိမ်ခန့် ပြုလုပ်လေ့ ရှိကြောင်း၊ အချို့တွင် ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးနှင့် လုံခြုံရေးများ ပါဝင်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္လာနေ့က မြောက်ကိုးရီးယားအတွက် အထောက်အထားများသည် အားလုံးထက် အရေးကြီးပြီး ဒုက္ခများစေကြောင်း ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား ထိုကိစ္စ အရေးယူ ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

"လုံခြုံရေး ကောင်စီ အနေဖြင့် အခြေအနေရဲ့ အရေးမှုနဲ့ လိုက်လျော ညီထွေရှိတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်'' ဟု  ဘန်ကီမွန်းက ပြောသည်။

သို့သော် မြောက်ကိုးရီးယား အပေါ် တရားဝင် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကိစ္စမှာ တရုတ် အပါအဝင် ဗီတိုအာဏာ ကိုင်စွဲထားသော အဖွဲ့ဝင် ငါးနိုင်ငံ စလုံး၏ ထောက်ခံမှု ရရှိရန် လိုအပ်ပါသည်။ ယခု အချိန်အထိမူ တရုတ်က ကြားနေလျက် ရှိပြီး၊ ပြုံးယမ်း အပေါ် သက်သေ အထောက်အထားများအား မေးခွန်းထုတ်လျက် ရှိသည်။

သို့သော် Bejing တွင် ကုန်သွယ်ရေးနှင့် မဟာဗျူဟာ ကိစ္စများအတွက် စကားပြောရန် ရောက်ရှိနေသော ကလင်တန်က ပြောကြားရာတွင် သူမအနေဖြင့် တရုတ် အစိုးရ တာဝန်ရှိသူများနှင့် ကိုးရီးယား ကိစ္စ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် မိမိတို့ ကြုံတွေ့နေရသော အခြေအနေ၏ အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

"တရုတ်အနေနဲ့ တောင်ကိုးရီးယားတွေရဲ့ တုန့်ပြန်မှုကို နားလည်ပါတယ်။ ဒါ့အပြင် ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ ကျွန်မတို့ရဲ့ သီးခြားစီ တာဝန်ရှိမှုကိုပါ သူတို့ နားလည်ပါတယ်'' ဟု ကလင်တန်က ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်သည် Bejing ဆွေးနွေးပွဲ အဖွင့်တွင် စကားပြောရာ၌ မြောက်ကိုးရီးယား အမည်တပ်၍ ဖော်ပြခြင်း မရှိခဲ့ပေ။ သို့သော် ၎င်းက ဒေသတွင်း အရေးကြီးသော ကိစ္စရပ်များ စီမံခန့်ခွဲရန်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန် အမေရိကန်နှင့် တရုတ်တို့ တာဝန်ခွဲဝေ ထမ်းဆောင်ရေး ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားရာတွင် တရုတ်အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်သူ အားလုံး အေးအေးဆေးဆေး ဖြေရှင်းရန်နှင့် ခေါင်းအေးအေး ထားရန် မျှော်လင့်ကြောင်း၊ ပြဿနာပိုမို မဆိုးဝါးလာရေး အတွက် လိုက်လျောညီထွေ ကိုင်တွယ် ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.monstersandcritics .com,24th May 2010

မြန်မာ စစ်ဖက်အုပ်ချုပ်သူများ ဒီမိုကရေစီ စနစ်ကို လက်ခံလာစေရန် ဖိအားပေးရေး အတွက် ချဉ်းကပ် ဆောင်ရွက်မှု အသစ် အဖြစ် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ဥရောပ သမဂ္ဂက စီစဉ်နေသည်ဟု စပိန် သတင်းရပ်ကွက်မှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ပြည့်ဝလိမ့်မည် မဟုတ်ဟု စိုးရိမ် ပူပန်မှုများရှိလာပြီးနောက် လွန်ခဲ့သော လအနည်းငယ် အပြီးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ အပေါ် အာရုံ စိုက်မိလာကြသည်ဟု ဗုဒ္ဓဟူးနေ့ မက်ဒရစ်တွင် ကျင်းပမည့် အီးယူ-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ သံတမန်များက ပြောကြားလိုက်သည်။

အီးယူနှင့် အတူ မဟာမိတ်များ ဖြစ်သော အမေရိကန်၊ သြစတြေးလျ နိုင်ငံများက မြန်မာအစိုးရ အပေါ် အရေးယူမှုနှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး အပေါ် အခိုင်အမာ တောင်းဆိုမှုကို ဆက်လက် ကျင့်သုံးနေစဉ် ဆွေးနွေးညှိနှိုင်းရန် အတွက်လည်း တံခါးဖွင့်ပေးထားသည်ဟု အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ စပိန်ဝါရင့် အရာရှိကြီး ဂျိုဆေးယူဂျီနီယို ဆလာရစ်က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံကို လွယ်လင့်တကူ ပေလယျာကံ ပစ်ပယ်ထားရေး'' မူဝါဒကို အီးယူနှင့် စပိန်က ယုံကြည်ခြင်း မရှိပါဟု ဆလာရစ်က ဆိုသည်။

အမေရိကန် သံတမန် Kurt Campbell ၏ လတ်တလော မြန်မာနိုင်ငံ ခရီးစဉ်ကို ဥပမာ အဖြစ် ကိုးကား၍ ဆလာရစ်က "အဲဒီမှာ တွေ့ဆုံညှိနှိုင်းရေးကို ဦးတည်တဲ့ အလားအလာ ရှိနေပါတယ်'' ဟု ပြောကြားလိုက်သည်။

မြန်မာသို့ သွားမည့် အီးယူ မစ်ရှင်သည် ၂၀၀၂ နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပြီး အီးယူ ကိုယ်စားလှယ်များအား အတိုက်အခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် မြန်မာအစိုးရက ခွင့်ပြုမှသာ ခရီးစဉ် ဖြစ်မြောက်မည်ဟု ဆလာရစ်က ဆိုသည်။

မြန်မာ အတိုက်အခံများတွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျနေသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။ မြန်မာနိုင်ငံကို ၁၉၆၂ မှ စ၍ စစ်ဖက်က အုပ်ချုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယခုတိုင် ရက်မသတ်မှတ်ရသေးသည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီး၊ ပါတီကကို ဖျက်သိမ်းခံခဲ့ရသည့် အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် ရွေးကောက်ပွဲ ဥပဒေက အတင်းအကျပ် ဖိအား ပေးထား၍ ဖြစ်သည်။

အီးယူနှင့် အာဆီယံ အရာရှိများ မက်ဒရစ်တွင် အင်္ဂါနေ့၌ တွေ့ဆုံမည် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်။

အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အရေးကို အီးယူက ဆက်လက် ထောက်ခံ တောင်းဆိုသွားမည် ဖြစ်သော်လည်း ယခု အစည်းအဝေးတွင် ကြီးကြီးမားမား တိုးတက် ပြောင်းလဲမှု ရှိမည် မဟုတ်ဟုသာ မျှော်လင့်ထားကြောင်း သံတမန်များက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေး အရှုပ်အထွေးကို အစည်းအဝေး အစီအစဉ်တွင် တရားဝင် ဆွေးနွေးမည် မဟုတ်သော်လည်း နိုင်ငံတွင်း အနေအထားကို အီးယူသို့ တင်ပြရန် ဘန်ကောက်က မျှော်လင့်ထားသည်။

အာဆီယံ အဖွဲ့တွင် ဘရူနိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFT, 25th May 2010

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ငွေကြေး ကိစ္စနှင့် ကုန်သွယ်ရေး ကိစ္စများ အပေါ် သဘောထားကွဲလွဲမှုများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ အင်္ဂါနေ့တွင် အဓိက ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားကြပြီး၊ မြောက်ကိုးရီးယားကို ပြင်းထန်စွာ အရေးယူနိုင်ရန်လည်း ဘီဂျင်းအား စည်းရုံးရန် ဝါရှင်တန်က မျှော်လင့်နေသည်။

နှစ်စဉ် ကျင်းပနေကျ မဟာဗျူဟာနှင့် စီးပွားရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့ အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၊ ဘဏ္ဍာရေး ဝန်ကြီး တင်မိုသီဂိတ်သနာနှင့် ဝန်ကြီးများ အဖွဲ့သည် တရုတ် အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံကြမည် ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ် ၂၀၀ ပါဝင် တက်ရောက်သည့် အဆင့်မြင့် ဆွေးနွေးပွဲ အစီအစဉ်၌ တရုတ်၊ အမေရိကန် ဆက်ဆံရေးတွင် လတ်တလော အငြင်းပွားနေသော ကုန်သွယ်ရေး ပြဿနာ၊ ယွမ်ငွေ ပြဿနာ၊ အင်တာနက် လွတ်လပ်ခွင့် ပြဿနာ စသည့် သတိထား ဖြေရှင်းရမည့် ကိစ္စလည်း ပါဝင်ပါသည်။

ယွမ်ငွေ တန်ဘိုး ကဲ့သို့သော စီးပွားရေး ကိစ္စများကြောင့် သာမကဘဲ အမေရိကန် လက်နက်များ ထိုင်ဝမ်သို့ ရောင်းချမှု၊ ဖေဖော်ဝါရီလက အိုဘားမားနှင့် ဒလိုင်းလားမား တွေ့ဆုံမှု စသည့် ကိစ္စများ ကျရောက်နေခဲ့ခြင်း ဖြစ်သည်။

တောင်ကိုးရီးယား စစ်သင်္ဘော မတ်လက နစ်မြုပ်ခဲ့သော ဖြစ်ရပ် နောက်ကွယ်တွင် ပြုံယမ်း အာဏာရှင် အစိုးရ ပတ်သက်နေကြောင်း ကျွမ်းကျင်သူများ အဖွဲ့က ကောက်ချက်ချခဲ့ပြီးနောက် မြောက်ကိုးရီးယားကို ဆုံးမ အရေးယူမည့် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များကို ဘီဂျင်းက ပံ့ပိုး ထောက်ခံအောင် ဖိအားပေးရန် ကလင်တန်က မျှော်လင့်ထားသည်။

မကြာမီ အတောအတွင်း တောင်ကိုးရီးယားနှင့် အတူ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် အခြားရေပြင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ဖွယ် ရှိသည်ဟု အမေရိကန် စစ်ဖက်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တစ်ချိန်တည်းတွင် မြောက်ကိုးရီးယားနှင့် ကုန်သွယ်ရေးကို တောင်ကိုးရီးယားက ရပ်ဆိုင်းလိုက်ပြီး ပြုံးယမ်း၏ မဟာမိတ် ဗီတို အာဏာ သုံးစွဲခွင့် ရှိသော တရုတ်နိုင်ငံ ပါဝင်သည့် လုံခြုံရေး ကောင်စီသို့ ယခု ပြဿနာကို တင်ပြရန် ကတိပေးခဲ့သည်။ သည်းခံ စိတ်ရှည်ကြရန် ဘီဂျင်းက တနင်္လာနေ့တွင် ထပ်မံ တိုက်တွန်း ခဲ့သည်။

မြောက်ကိုးရီးယား အနေဖြင့် ၎င်း၏ ရန်စ စော်ကားသည့် အပြုအမူကို ရပ်ဆိုင်းရန် ကလင်တန်က တောင်းဆို လိုက်ပြီး ယခု ပြဿနာကို ကိုင်တွယ်ရာတွင် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ပါဟု တရုတ်ကို တောင်းဆိုလိုက်သည်။

ယခု စိန်ခေါ်မှုကို ဖြေရှင်းရန် အတူတကွ လုပ်ဆောင်ရမည် ဖြစ်ပြီး ကိုးရီးယား ကျွန်းဆွယ် တည်ငြိမ် အေးချမ်းရေး ဟူသော ဘုံရည်မှန်းချက် အောင်မြင်အောင် ကြိုးစားရမည်ဟု သူမက ပြောကြားခဲ့သည်။

အီရန် နျူကလီယာ ပြဿနာ၊ ရာသီဥတု ပြောင်းလဲမှု ပြဿနာနှင့် စွမ်းအင် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စသော ကိစ္စများမှာလည်း ဆွေးနွေးပွဲ အစီအစဉ်တွင် ပါဝင်နေပြီး၊ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမည့် အစီအစဉ်လည်း ပါဝင်ကာ ထို့နောက်တွင်မှ အမေရိကန် သတင်းစာ ရှင်းလင်းပွဲကို သီးခြား ပြုလုပ်မည် ဖြစ်သည်။

တစ်ပတ်ကြာ အာရှ ခရီးစဉ်ကို သောကြာနေ့တွင် ဂျပန်မှ စတင်ခဲ့သည့် ဝန်ကြီး ကလင်တန်သည် ဗုဒ္ဓဟူးနေ့တွင် တောင်ကိုးရီးယားသို့ သွားရောက်ကာ တောင်ကိုးရီးယား သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည့် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကို အဓိက ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press News, 23rd May 2010

နိုင်ငံအတွင်း နက်ရှိုင်းစွာ သွေးကွဲပြီး အနည်းဆုံး ၈၅ ဦးခန့် အသက် ဆုံးရှုံးခဲ့ရသော ၂ လကြာ ရှုပ်ထွေးသော အခြေအနေများ အပြီးတွင် ထိုင်းနိုင်ငံ ခေါင်းဆောင်က "အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုနှင့် ဆန္ဒပြမှုများ လုံးဝ ပြီးဆုံးသွားမှသာလျှင် ရွေးကောက်ပွဲ အသစ်များ ကျင်းပရန် စဉ်းစားနိုင်မည်" ဟု တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

ထိုင်းဝန်ကြီးချုပ်သည် ရှပ်နီ ဆန္ဒပြသူများ အပေါ် တင်းမာစွာ ဆက်လက် တုန့်ပြန်မည် ဖြစ်ကြောင်းနှင့် သဘောထား ကွဲလွဲမှုများကို ကုစားရန် အတွက် အချို့ မျှော်လင့်နေသော ရွေးကောက်ပွဲ အမြန်ကျင်းပရန် ကြေညာခြင်းကို ပြုလုပ်မည် မဟုတ်ကြောင်း အဘီဆစ်၏ မှတ်ချက်များက ရည်ညွှန်းနေသည်။ ထိုင်းနိုင်ငံ ဥပဒေအရ အဘီဆစ်သည် ၂၀၁၁ ဒီဇင်ဘာလ တိုင်အောင် ရွေးကောက်ပွဲ အသစ် ကျင်းပရန် တာဝန် မရှိပါ။

"အခု လောလောဆယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဘယ်အချိန် အသင့်တော်ဆုံးလဲ ဆိုတာပဲ စဉ်းစားနေပါတယ်" ဟု အဘီဆစ်က အပတ်စဉ် ရုပ်သံ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

"ဘယ်အချိန် အကောင်းဆုံးလဲ ဆိုတာကို ပြောနိုင်တဲ့သူ လောလောဆယ် မရှိပါဘူး။ နောက်ထပ် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဇွန်လမှာ ဆန္ဒပြပွဲ လုပ်ပြီး တိုက်ပွဲ ဆက်ဝင်ဖို့ ပြောနေတဲ့ လူတချို့ ရှိနေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ အကြောင်း မစဉ်းစားခင်မှာ ဘာဖြစ်မလဲ ဆိုတာကို အရင်ဆုံး စောင့်ကြည့်ရမယ်" ဟု ၎င်းက ပြောကြားလိုက်သည်။

ဘန်ကောက်မြို့လယ်ကို ရှပ်နီများက သိမ်းပိုက်ထားစဉ် စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့ခြင်းကြောင့် ဆန္ဒပြသူများ၏ ကြမ်းရမ်းမှုကို ဆွပေးသလို ဖြစ်ကာ စတော့ရှယ်ယာ ရောင်းဝယ်ရေး စင်တာနှင့် အကြီးဆုံး ကုန်တိုက်များ အပါအဝင် အထင်ကရ အဆောက်အဦးများကို မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံ မြို့တော်မှာ ဆယ်စုနှစ်များ အတွင်း အဆိုးဝါးဆုံး နိုင်ငံရေး အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဗုဒ္ဓဟူးနေ့က စစ်တပ်၏ နောက်ဆုံးအကြိမ် ထိုးစစ်ဆင် ဖြိုခွဲမှုတွင် အနည်းဆုံး ၁၆ ဦး သေဆုံးကာ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ယခင် ပဋိပက္ခများတွင် ၆၉ ဦး သေဆုံးကာ ၁၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်သည်။ သေဆုံးသူ အများစုမှာ စစ်တပ်၏ ပစ်ခတ်ခြင်း ခံရသော ဆန္ဒပြသမားများ ဖြစ်သည်။

ရှပ်နီ ဆန္ဒပြသူ အများစုမှာ ဆင်းရဲ နွမ်းပါးသော နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ကျေးလက်ဒေသများမှ ပြည်သူများ ဖြစ်ပြီး၊ ၎င်းတို့က အောက်စဖို့ ကျောင်းဆင်း အဘီဆစ်နှင့် သူ၏ အစိုးရသည် ရေပေါ်ဆီများ ဖြစ်ကာ တရားမဝင် အာဏာရလာခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။ ၎င်းတို့သည် ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး လွှတ်တော်ကို ချက်ချင်း ဖျက်သိမ်းကာ ရွေးကောက်ပွဲ အသစ် ကျင်းပပေးစေရန် လိုလားသည်ဟုလည်း ပြောကြားခဲ့ကြသည်။

ဆန္ဒပြသူများကို နှစ်သိမ့်ရန် ကြိုးစားသည့် အနေဖြင့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပရန် အဘီဆစ်က ယခုလ အစောပိုင်းတွင် ကမ်းလှမ်းခဲ့သော်လည်း ရှပ်နီ ခေါင်းဆောင်များ၏ ထပ်မံ တောင်းဆိုမှုများကြောင့် ပြန်လည် ပေါင်းစည်း ညှိနှိုင်းရေး အစီအစဉ် ပျက်ပြားသွားခဲ့သည်။ ရှပ်နီ ထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးမှာ အချုပ်ထဲတွင် ရောက်ရှိနေသော်လည်း ယခုထိ ပြစ်ဒဏ် ချမှတ်ခြင်း မရှိသေးပါ။

ဝန်ကြီးချုပ် အဘီဆစ်က "ပါလီမန်ကို သက်တမ်း မကုန်ခင် ဖျက်သိမ်းပေးပါ ဆိုတဲ့ အချက်ကို ကျွန်တော် လုံးဝ မပယ်ချခဲ့ပါဘူး။ နိုဝင်ဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲ လုပ်ဖို့ ကျွန်တော် အဆိုပြုခဲ့တုန်းက ဒီလုပ်ငန်းစဉ်မှာ လူတိုင်း ပါဝင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အကြမ်းဖက်မှု မရှိတဲ့ ငြိမ်းချမ်းတဲ့ အခြေအနေမျိုးမှာသာ ရွေးကောက်ပွဲကို ကျင်းပသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ရှပ်နီများ ဆန္ဒပြခဲ့ကြသော ဘန်ကောက်၏ အဆင်တန်ဆာ ရပ်ခ်ျပရာဆောင် ရပ်ကွက်တစ်ဝိုက်မှ ရှုပ်ပွ ကျန်ခဲ့သော အမှိုက်သရိုက်များကို တနင်္ဂနွေနေ့တွင် စည်ပင်သာယာ လုပ်သားများက ရှင်းလင်းသန့်စင်ရာတွင် ရာပေါင်းများစွာသော ကျောင်းသား လူငယ်ကလေးများနှင့် မြို့တော်သားများ ပူးပေါင်း ပါဝင်ခဲ့သည်။ ကလေးများက အစိုးရ ဆန့်ကျင်ရေး စာတမ်းများ ပိုစတာများကို ဖယ်ရှား သန့်ရှင်းခဲ့ပြီး လျှောက်လမ်းများပေါ်မှ ရက်သတ္တပတ်များစွာ ညစ်ပေနေခဲ့သော အမှိုက်များကို ရှင်းလင်းခဲ့ကြသည်။

"ပထမတော့ ဘာတွေ ဖြစ်နေပါလိမ့် ဆိုပြီး တုန်လှုပ်သွားတယ်။ နောက်တော့ ဘန်ကောက်မြို့သားတွေ ထွက်လာပြီး ကူညီ ရှင်းလင်းနေတာကို တွေ့လိုက်ရတော့ အားအင်ပြည့်သွားသလို ခံစားရတယ်" ဟု ရေလုံဖိနပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ထားသူ ဝါနာပွန် ဆူခိုပန်က ပြောကြားခဲ့သည်။

"ဒီလိုတွေ လုပ်သွားတဲ့သူတွေကို ကျွန်တော် အာဃာတ မထားပါဘူး။ ဒီအချိန်က စိတ်ဆိုးနေရမယ့် အချိန် မဟုတ်ဘူးလေ။ ကျွန်တော်တို့ မြို့တော်ကို အရင်ကလို ပြန်ဖြစ်အောင် စည်းစည်းလုံးလုံး ကူညီဝိုင်းဝန်းရမယ့် အချိန်ပါ" ဟု ၎င်းက ဆိုသည်။

မြို့တော်၏ အဓိက ပို့ဆောင်ရေးစနစ် နှစ်ခုဖြစ်သည့် မိုးပျံရထားနှင့် မြေအောက်ရထားများကို တစ်ပတ်ခန့် ပိတ်ထားခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း ပြေးဆွဲချိန်များ တိုတောင်းနေသည်။ မိုးပျံရထားသည် ရပ်ခ်ျပရာဆောင် ရပ်ကွက်ကို ဖြတ်သန်းသည့် ရပ်ခ်ျဒါမာရီ ဘူတာတွင် ရပ်ပေးခြင်း မရှိပါ။

ဘူတာရုံ အနီးတွင် လက်လုပ်ဗုံး ၂၀ ခန့် စစ်တပ်က တွေ့ရှိခဲ့ပြီးနောက် ရပ်ခ်ျဒါမာရီ တစ်ဝိုက် သန့်ရှင်းရေး စီမံချက် ရပ်ဆိုင်းခဲ့သည်ဟု ထိုင်းနိုင်ငံ၏ အင်္ဂလိပ်ဘာသာ ရုပ်သံ TAN Network က သတင်းထုတ်ပြန်ခဲ့သည်။

ကျောင်းများနှင့် အစိုးရရုံးများကို တနင်္လာနေ့တွင် ပြန်ဖွင့်ရန် စီစဉ်ထားပြီး၊ ဝန်ကြီးချုပ် အဘီဆစ်က ဆန္ဒပြကာလအတွင်း ၎င်းယာယီ ပုန်းရှောင်နေခဲ့သော စစ်စခန်းမှ ၎င်း၏ မူလ ရုံးခန်းသို့ ပြောင်းရွှေ့တော့မည်ဟု ပြောကြားသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်မှာ တနင်္ဂနွေနှင့် တနင်္လာနေ့များအထိ သက်ရောက်ဦးမည် ဖြစ်သော်လည်း ယာယီသာ ဖြစ်သည်ဟု အဘီဆစ်က ဆိုသည်။

"ပုံမှန် အဆင့်ကိုတော့ ရောက်စပြုပါပြီ။ နောက်အပတ်ဆိုရင်တော့ အရာရာ ပုံမှန် ဖြစ်သွားမှာပါ ဒါပေမယ့် ပုံမှန် အနေအထားကို အပြည့်အဝ ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီလူတွေ (ရှပ်နီဆန္ဒပြသူများ) ရဲ့ တက်ကြွမှုရယ်၊ ရည်မှန်းချက် အစစ်က ဘာလဲဆိုတာကို ကျွန်တော် ကောင်းကောင်း သိနေပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီ လှုပ်ရှားမှုများသည် လပေါင်းများစွာ (သို့) နှစ်ပေါင်းများစွာ မငြိမ်သက်အောင် ဖန်တီး လှုံ့ဆော်နိုင်သည်ဟု အကဲခတ် ပညာရှင် အများစုက ယုံကြည်နေသည်။ ၂၀၀၆ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်ပတွင် တိမ်းရှောင်နေသူ သက်ဆင်က ရှပ်နီများ၏ ကုန်ကျစရိတ်ကို ၎င်းက ထောက်ပံ့ ကူညီနေသည်ဟု ပြောကြားခဲ့သည်။

စစ်တပ် အာဏာသိမ်းမှု အပြီး ရွေးကောက် တင်မြောက်ခံရသော သက်ဆင် လိုလားသည့် အစိုးရ နှစ်ဆက်တိတိကို အငြင်းပွားဖွယ် ဥပဒေများဖြင့် ဖြုတ်ချခဲ့ပြီး လစ်လပ်သွားသော နေရာကို ရွေးကောက်ပွဲ မကျင်းပဘဲ ပါလီမန်တွင် မဲပေးကာ ၂၀၀၈ ဒီဇင်ဘာတွင် အဘီဆစ် အစိုးရ အာဏာရလာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် အပါအဝင် ပြည်နယ်များတွင် ထုတ်ပြန်ထားသော ကာဖျူး (သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်) ကို အစိုးရက ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။ သို့ရာတွင် ဘန်ကောက် မြို့သူမြို့သားများ အနေဖြင့် အပြင်ထွက်ရန် လိုအပ်လာပါက သတ်မှတ်ချိန်ကို လျှော့ချပေးဖွယ် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ကာဖျူးအမိန့်သည် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ထိုင်းအစိုးရ အာဏာပိုင်များ အနေဖြင့် ထပ်မံ တိုးမြှင့် သတ်မှတ်ထားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက အပတ်စဉ် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

ကာဖျူး အမိန့်အတွက် သတ်မှတ်ချိန် အတိအကျကို နေ့လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာမည်ဟု ဆိုသည်။ "အစစ အရာရာ တည်ငြိမ်နေပြီး နဂို အနေအထားကို ပြန်ရောက်နေပါပြီ" ဟု TNA သတင်းဌာနက ၎င်း၏ ပြောကြားချက်ကို ကိုးကား ဖော်ပြသည်။

ဘန်ကောက် လမ်းမများပေါ်တွင် မြူနီစပယ် လုပ်သားများက သန့်ရှင်းရေးများ ပြုလုပ်လျက် ရှိပြီး အစိုးရရုံးများ၊ စာသင်ကျောင်းများကို တနင်္လာနေ့တွင် ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်သည်ဟု ဆိုသည်။

မေလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်က ရှပ်နီ ဆန္ဒပြ အုပ်စုများ သပိတ်စခန်း ချရာ လုမ္ပိနီ ပန်းခြံကို ဝင်ရောက် စီးနင်း ဖယ်ရှားပြီးနောက် အာဏာပိုင်များက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ကြသည်။

ရှပ်နီ ဆန္ဒပြ အုပ်စုများနှင့် စစ်တပ်အကြား အချိန်ကြာမြင့်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှပ်နီ ခေါင်းဆောင်များမှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရသည်။ ဆန္ဒပြခေါင်းဆောင် သုံးဦးမှာ သေကြေ ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်မည် စိုးသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့တွင် သွားရောက် အဖမ်းခံခဲ့ကြပြီး ဆန္ဒပြမှုကို ရုပ်သိမ်းရန် ဆော်သြခဲ့ကြသည်။ သို့သော် အချို့သော ဆန္ဒပြ အုပ်စုငယ်များမှာ ဆက်လက် တိုက်ပွဲဝင်နေဆဲပင် ဖြစ်သည်။

နိုင်ငံရေး ပဋိပက္ခကြောင့် ဘန်ကောက်မြို့မှ ဘဏ်များ၊ ရဲစခန်းများ အပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။ ပြည်တွင်း ရုပ်သံမီဒီယာ အဆောက်အအုံနှင့် ဘန်ကောက်မြို့၏ အကြီးဆုံး ရှော့ပင်းစင်တာလည်း မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးပြီး ၄၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြသည်ဟု အစိုးရ အာဏာပိုင်များက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီ ဆန္ဒပြအုပ်စုများက လက်ရှိ အဘီဇစ်အစိုးရအဖွဲ့နှင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။ အကြောင်းမှာ လက်ရှိ ဝန်ကြီးချုပ်သည် ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ ရရှိလာခြင်း မဟုတ်သောကြောင့်ဟု ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.