Transparency Myanmar

transparency.myanmar@gmail.com

 ယခုအခါ တရားဝင်ပါတီအဖြစ်မှ ပျက်ပြယ်သွားပြီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီ (NLD) ၏ ပါတီဝင်ဟောင်းများ ပါဝင်သောအဖွဲ့က လာမည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ရန် လျှောက်ထားလိုက်ပြီဖြစ်ကြောင်း မေလ၂၈ ရက်နေ့ထုတ် New Light of Myanmar သတင်းစာရေးသားချက်အရ သိရသည်။

NLD ပါတီဝင်ဟောင်းများ ပါဝင်သည့် အဖွဲ့သည် အမျိုးသားဒီမိုကရက်တစ်အင်အားစု (NDF) ဟူသောအမည်ဖြင့် ပါတီမှတ်ပုံတင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်လွှာ တင်သွင်းလိုက်သည်ဟု ဆိုသည်။

NLD ပါတီဝင်ဟောင်းများ ပါဝင်သည့် အဆိုပါ ပါတီသစ်ကို ပါတီထူထောင်ခွင့်ရရှိကာ ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရ၊မရ ဟူသောကိစ္စမှာ စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်မအတိုက်အခံ ပါတီကြီးဖြစ်ခဲ့သော NLD က ရွေးကောက်ပွဲကော်မရှင်၏ ပါတီမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေများသည် တရားမျှတမှုမရှိဟု ဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ရာ ယခုအခါ NLD သည်ပါတီအဖြစ်မှ တရားဝင် ပျက်ပြယ်သွားပြီ ဖြစ်သည်။

NLDသည် ရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော မေလ ၆ ရက်နေ့ အထိ ပြန်လည်မှတ်ပုံတင်ခြင်း မရှိပါက ပါတီအဖြစ်မှ တရားဝင်ရပ်စဲခံရမည် ဟူသောအချက်ကို သိလျက်နှင့်ပင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီသစ် ၃၄ ပါတီ နှင့် ပြန်လည်မှတ်ပုံတင်သည့် ပါတီဟောင်း ၅ ပါတီ အနက် ၃၁ ပါတီအား နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုခဲ့ပြီဖြစ်သည်။

ထိုပါတီပေါင်း ၃၁ ခုထဲတွင် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လည်းပါဝင်သည်။ USDP သည် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးလျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို ပြောင်းလဲ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြားအစိုးရဝန်ကြီးနှင့် ဒုတိယဝန်ကြီး ၂၆ ဦးတို့သည် အစိုးရ ရာထူးမှ နုတ်ထွက်ခြင်းမရှိသော်လည်း စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သည်။ အကြောင်းမှာ လာမည့် ရွေးကောက်ပွဲတွင် အရပ်သားအသွင်ဖြင့် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက နိုင်ငံဝန်ထမ်းများ အနေဖြင့် နိုင်ငံရေးပါတီများသို့ ဝင်ရောက်ခွင့်မရှိဟု ဆိုထားသော်လည်း ယခု အစိုးရဝန်ကြီးများ ဦးဆောင်သော  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထူထောင်ခြင်းသည် ဥပဒေနှင့်ကိုက်ညီမှု ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က အာမခံပြောဆိုသည်။

"ဝန်ကြီးဟူသည် နိုင်ငံရေးရာထူးဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းရာထူးမဟုတ်" ဟူသော အသုံးအနှုန်းအသစ်ဖြင့် ထုတ်ဖော်ပြောဆိုသည်။

ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ကြီးကြပ်စစ်ဆေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်အတိအကျကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

Xinhua သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.examiner.com, 28th May 2010

မြောက်ကိုးရီးယား နိုင်ငံသည် အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံများသို့ နျူကလီယာနှင့် ဒုံးပျံ နည်းပညာများ တင်ပို့နေခြင်းကြောင့် ကုလသမဂ္ဂအဖွဲ့၏ စွပ်စွဲမှုကို ခံနေရသည်။ ကုလသမဂ္ဂက ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တိုက်ရိုက် အာခံငြင်းဆန်သည့် လှုပ်ရှားမှုများကို ဖုံးကွယ် ရှောင်လွဲရာတွင် DPRK (မြောက်ကိုးရီးယား) က အသုံးပြုနေသည့် ဥာဏ်နီ ဥာဏ်နက် နည်းလမ်း ပေါင်းစုံကို စာမျက်နှာ ၄၇ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်ကိုးရီးယားအပေါ် ထောက်ခံသည့် တရုတ်၏ သဘောထားကို လူသိရှင်ကြား ထုတ်ဖော်သည့် အနေဖြင့် "သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည့် ချိုနန် နစ်မြုပ်မှုအတွက် တာဝန် ရှိသည်ဟု သတ်မှတ်ခံရသော မည်သူကိုမဆို တရုတ်က ကာကွယ်ပေးမည် မဟုတ်" ဟု ကြေညာခဲ့ပြီးနောက် အထက်ပါ ကုလသမဂ္ဂ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့ရာတွင် ချိုနန် နစ်မြုပ်မှု အတွက် DPRK တွင် တာဝန်ရှိသည်ဟု အမေရိကန်၊ တောင်ကိုးရီးယား၊ ဂျပန်၊ ဆွီဒင်၊ သြစတြေးလျနိုင်ငံတို့ ဖွဲ့စည်းထားသည့် စုံစမ်းရေး ကော်မရှင်က ဆုံးဖြတ်ခဲ့သော်လည်း DPRK က ငြင်းဆိုခဲ့ပြီး လူသိရှင်ကြား အတည်ပြုရန် တောင်းဆိုခဲ့ကာ လုပ်ကြံ ဖန်တီးသည့် အစီရင်ခံစာဟုလည်း စွပ်စွဲလိုက်သည်။

ကုလလုံခြုံရေး ကောင်စီမှ ဗီတိုအာဏာ သုံးစွဲခွင့်ရှိသူ ရုရှားကလည်း ၁၀၀ % အတည်ပြုချက်ကို တွေ့မြင်လိုသည်ဟု ယမန်နေ့က တောင်းဆိုခဲ့သည်။ ယနေ့တရုတ်၏ ကြေညာချက်ကလည်း သင်္ဘော နစ်မြှုပ်မှု အတွက် မြောက်ကိုးရီးယားကို စွပ်စွဲထားသည့် ကော်မရှင်၏ တွေ့ရှိချက်များကို သံသယရှိသည့် လက္ခဏာ ပြသနေသည်။ တောက်ကိုးရီးယား အရာရှိ လီဒေါင်ကွမ်၏ အဆိုအရ "မည်သူတွင် အပြစ်ရှိသည် ဆိုသည့် ကိစ္စကို တရုတ်နိုင်ငံက မျှတ၍ ဘက်မလိုက်သော ကိုယ်ပိုင် ဆုံးဖြတ်ချက် ပြုလုပ်မည်'' ဟု သိရှိရသည်။

ဂျပန်ကလည်း သင်္ဘော နစ်မြှုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုးရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံ ချမှတ်မည်ဟု ပြောကြားခဲ့သည်။ တရားဝင် ကုန်သွယ်ရေးကို ပိတ်ပင်ထားပြီး ဖြစ်သော်လည်း ဂျပန်တွင် မြောက်ကိုးရီးယား လိုလားသူ များစွာ ရှိနေပြီး၊ ဂျပန်ကျွန်းမှ ငွေများ ကိုးရီးယား ကျွန်းဆွယ် မြောက်ပိုင်းသို့ မကြာခဏ ရောက်ရှိသွားသည်။ ဤကိစ္စများကို ကောင်းစွာ သိရှိရန် ဂျပန်က တိုးမြှင့် လုပ်ဆောင်လာသည့် အတွက် မြောက်ကိုးရီးယား DPRK  ၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်မည်မှာ လုံးဝ သေချာနေသည်။

တင်းမာမှု အနေအထား ပိုမိုကြီးထွားလာသော်လည်း မြောက်ကိုးရီးယားက ခေါင်းမာနေဆဲပင်ဖြစ်သည်။ စကားလုံး အသစ်များဖြင့် ထပ်မံ ပစ်ပေါက်ခြင်းမရှိဘဲ ယခင်ခြိမ်းခြောက်မှု များသာ အင်တာနက်တွင် ထပ်မံပေါ်ထွက်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 27th May 2010

တောင်ကိုးရီးယား၏ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှုကို တုန့်ပြန်သည့် အနေဖြင့် မြောက်ကိုးရီးယားက "မိမိတို့ထံ ထိပ်တိုက် ဦးတည်လာခြင်းကို ထိပ်တိုက် ရင်ဆိုင်ခြင်းဖြင့်သာ တုန့်ပြန်မည် ဖြစ်ကြောင်းနှင့် မီးကုန်ယမ်းကုန် စစ်ပွဲဆင်နွှဲ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း'' ကြာသပတေးနေ့က ပြောကြားခဲ့သည်ဟု မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဋ္ဌာန အဆိုအရ သိရှိရသည်။

"ယခုအခါ တောင်ဖက်မှ ရုပ်သေးအုပ်စုက DPRR (မြောက်ကိုးရီးယား) ကို ဗြောင်ကျကျ စိန်ခေါ်လိုက်သည်။ ၎င်းတို့၏ ထိပ်တိုက် ရင်ဆိုင်မှုကို မြောက်ကိုးရီးယားက ထိပ်တိုက် ရင်ဆိုင်မှုဖြင့်သာ တုန့်ပြန်မည် ဖြစ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်သွားမည်'' ဟု မြောက်ကိုးရီးယား KCNA သတင်းဋ္ဌာနက ထုတ်ပြန်လိုက်သည်။

KCNA သတင်းဋ္ဌာနက မြောက်ကိုးရီးယား ခေါင်းဆောင်များကို သစ္စာဖောက်များ အုပ်စုဟု သုံးနှုန်း ပြောဆိုခဲ့ပြီး အကယ်၍ ၎င်းတို့သည် မြောက်ကိုးရီးယား၏ ဆန္ဒကို နားလည်မှု လွဲမှားခဲ့ပါက မကြုံဖူးသော ကြောက်မက်ဖွယ် အကျိုးဆက်များနှင့် ရင်ဆိုင် ကြုံတွေ့ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

တောင်ကိုးရီးယား စစ်သင်္ဘော တစ်စင်း မတ်လက နစ်မြှုပ်ခဲ့ခြင်း အတွက် ဆိုးလ်က ပြုံးယမ်းကို အပြစ်တင်ခဲ့ပြီးနောက် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်မားနေသည့်ကြားမှ ယခု တုန့်ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

သင်္ဘောသား ၄၆ ဦး အသက် ဆုံးရှုံးခဲ့သော သင်္ဘော နစ်မြှုပ်မှုသည် မြောက်ကိုးရီးယားတို့ ပစ်လွှတ်သော တိုပီဒို ထိမှန်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု တောင်ကိုးရီးယား တရားဝင် အစီရင်ခံစာတွင် စွပ်စွဲထားသည်။

ဆိုးလ်တွင် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ချိုနန် အမည်ရ အဆိုပါ သင်္ဘော နစ်မြှုပ်မှုကို "မြောက်ကိုးရီးယား၏ လက်ခံနိုင်ဖွယ် မရှိသော ရန်စမှု'' ဟု သတ်မှတ်လိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် တုန့်ပြန် ဆောင်ရွက်သင့်သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကိုးရီးယား ပြည်သူ့ တပ်မတော်ဟု ခေါ်သော မြောက်ကိုးရီးယား စစ်တပ်၏ ဦးစီးချုပ်က "မီးကုန်ယမ်းကုန် တိုက်ခိုက်သွားရန် အစီအစဉ်သစ်များ ပြုလုပ်နေသည်" ဟု ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

ယခု ဆောင်ရွက်မှုအရ တောင်-မြောက် ကိုးရီးယား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အတွက် စစ်ရေး အာမခံချက် ပေးထားသည့် အစီအစဉ် အားလုံးကို ရုတ်သိမ်းဖွယ် ရှိနေသည်။

ပင်လယ်ဝါရှိ မြောက်ကိုးရီးယား ထိန်းချုပ်ထားသော ဘက်မှ စစ်ရေး အနားသတ်မျဉ်း အတွင်း ဝင်ရောက်မှု မှန်သမျှကို ချက်ခြင်း တုန့်ပြန် တိုက်ခိုက်သွားမည် ဟုလည်း မြောက်ကိုးရီးယား စစ်တပ် KPA က ပြောကြားကြောင်း KNCA သတင်းဋ္ဌာနက ထုတ်လွှင့်သွားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 28th May 2010

တောင်ကိုးရီးယားသည် တရုတ်နိုင်ငံအား ၎င်း၏ မဟာမိတ်နိုင်ငံ အပေါ် ပိုမို ဖိအားပေးရန် လိုလားလျက် ရှိနေသည်။

တရုတ်နိုင်ငံသည် မတ်လက တောင်ကိုးရီးယား စစ်သင်္ဘောအား နစ်မြှုပ်ပစ်ခဲ့သူ မည်သူကိုမဆို  အကာအကွယ် ပေးလိမ့်မည် မဟုတ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားလိုက်သည်။

"တရုတ်နိုင်ငံအနေနဲ့ ကိုးရီးယား ကျွန်းဆွယ်မှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးတာ မှန်သမျှကို ကန့်ကွက် ရှုတ်ချပါတယ်'' ဟု ဝမ်ကျားပေါင်က ဆိုးလ်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား နိုင်ငံက ၎င်း၏ စစ်သင်္ဘော Cheonan အား တော်ပီဒိုဖြင့် နစ်မြှုပ်ပစ်ခြင်း အတွက် မြောက်ကိုးရီးယားအား အပြစ်တင်ထားသည်။

Bejing မှာလည်း မြောက်ကိုးရီးယားဖက်မှ ရပ်တည်ခြင်း မပြုရန် ဖိအားပေး ခံနေရသော်လည်း ယခုအချိန် အထိ လွတ်လပ်သော စစ်ဆေး တွေ့ရှိချက်များကို လက်ခံခြင်း မရှိသေးပေ။

"ကျွန်တော်တို့ အနေနဲ့ နိုင်ငံ တစ်ခုချင်းစီရဲ့ မေးမြန်းမှု တုန့်ပြန်မှုတွေ အပေါ်မှာ လေးစားပါတယ်။ ဒါပေမဲ့ အခု အဖြစ်အပျက်ရဲ့ အမှားနဲ့အမှန်ကို သေချာစွာ ချင့်ချိန်ပြီးမှ တရုတ် အစိုးရ အနေနဲ့ ဘယ်က ရပ်မလဲဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်'' ဟု ဝမ်က ပြောခဲ့သည်။

ယခင်က Bejing သည် အားလုံးအား ခေါင်းအေးအေးထားကြရန် ပြောဆိုခဲ့ပါသည်။

ဆိုးလ်ရှိ BBC သတင်းထောက် John Sudworth က ပြောကြားရာတွင် ယခု အထိ Bejing ၏ မဟာမိတ် အပေါ် ရှုတ်ချရန် ငြင်းပယ်နေမှုမှာ တောင်ကိုးရီးယားနှင့် သမ္မတ Lee Myung-bak ကို စိတ် အနှောင့်အယှက် ဖြစ်စေသည်ဟု ဆိုသည်။

BBC သတင်းထောက်က ပြောကြားရာတွင် တောင်ကိုးရီးယားရှိ အချို့လူများက ဝမ်ကျားပေါင်၏ မှတ်ချက်မှာ Bejing ရှိ အာဏာပိုင်များ၏ ရပ်တည်ချက် ဖြည်းဖြည်း ညင်သာစွာ ပြောင်းလဲလာသည့် လက္ခဏာ ဖြစ်သည်ဟု ဆိုသည်။

တောင်ကိုးရီးယား သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ဆိုးလ် အနေဖြင့် သင်္ဘော နစ်မြုပ်မှု အတွက် မြောက်ကိုးရီးယား၏ တာဝန်ရှိမှု အပေါ် သံတမန်ရေးအရ ကြိုးပမ်းမှုများ အပေါ် အာရုံစူးစိုက် လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။

သောကြာနေ့က ပြုလုပ်သော ရှားရှားပါးပါး သတင်းစာ ရှင်းလင်းပွဲတွင် သက်သေ အထောက်အထားများမှာ ဆင်လုံးများသာ ဖြစ်ကြောင်း မြောက်ကိုးရီးယားက တောင်ကိုးရီးယားအား စွပ်စွဲခဲ့သည်။ ထို့နောက် ကိုးရီးယား ကျွန်းဆွယ်တွင် အလွန်တရာ အရေးကြီးသော အခြေအနေ တစ်ရပ်ကို ဖန်တီးနေပြီး အချိန်မရွေး စစ်ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

တောက်ကိုးရီးယားက ပြောကြားရာတွင် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့သည် သင်္ဘောအား မြောက်ကိုးရီးယားက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မငြင်းနိုင်သော သက်သေအား ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စုံစမ်း စစ်ဆေးသူများက ပြောကြားရာတွင် မြောက်ကိုးရီးယား အက္ခရာများနှင့် တူသော စာများပါသော တော်ပီဒို အပိုင်းအစများကို ရေအောက် ကြမ်းပြင်တွင် တွေ့ရသည်ဟု ဆိုသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် အရေးယူရန် ကြိုးစားနေခြင်းများ ပါဝင်သော လုပ်ဆောင်ချက်များကို တောင်ကိုးရီးယားက ထုတ်ပြန်ခဲ့သည်။

ပြုံးယမ်းသည် အဆိုပါ စွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆန်ခဲ့ပြီး၊ တောင်ကိုးရီးယားနှင့် ရေတပ်ချင်း မတော်တဆ အငြင်းပွားမှုများ ကာကွယ်ရန် ရည်ရွယ်သော သဘောတူညီချက်ကို ထိန်းသိမ်းရန်သာ ပြောခဲ့သည်။

တောင်ကိုးရီးယား ရေတပ်သည် အငြင်းပွားနေသော ပင်လယ်ဝါ နယ်စပ်မျဉ်းကို ကျူးကျော်လာပါက ချက်ချင်း တိုက်ခိုက်မည် ဖြစ်ကြောင်း မြောက်ကိုးရီးယားက သတိပေးခဲ့သည်။ အဆိုပါ ပင်လယ်ဝါ နယ်စပ်မျဉ်းတွင် ၁၉၉၉ နှင့် ၂၀၀၂ ခုနှစ်တို့၌ ရေတပ်တိုက်ပွဲ ကြီးမားစွာ ဖြစ်ခဲ့သေးသည်။

မြောက်ကိုးရီးယားက တောင်ကိုးရီးယားနှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်မည် ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည့်အပြင် တောင်ကိုးရီးယား သင်္ဘောများ၊ လေယာဉ်များကို ၎င်း၏ ပိုင်နက်တွင် မလာရန်လည်း တားဆီးခဲ့သည်။

သောကြာနေ့က ပြုံးယမ်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မြောက်ကိုးရီးယား မူဝါဒ ရေးရာ အကြီးအကဲ ဗိုလ်ချုပ် Pak Rimsu က တောင်ကိုးရီးယားသည် ၎င်းတို့၏ ရေပိုင်နက်ကို ဖြတ်သွားပြီး ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် သင်္ဘောနစ်မြုပ်မှုအတွက် မြောက်ကိုးရီးယားကို အပြစ်တင်ခြင်းမှာ စစ်ဖြစ်စေလိုကြောင်း ပြောင်ကြေညာ လိုက်သကဲ့သို့ ဖြစ်ပြီး၊ ကိုးရီးယားချင်း ဆက်နွယ်မှု အတွင်း စစ်ဖြစ်ရန် အခြေအနေသို့ တွန်းပို့သော ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ကိုယ့်သေတွင်း ကိုယ်တူးသည့် လုပ်ရပ်ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျပန်ကလည်း မြောက်ကိုးရီးယား အပေါ် အရေးယူမှုများ ပိုမို တင်းကြပ်သွားမည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ အနေဖြင့် ယခင်က တစ်ဦးချင်းသည် မြောက်ကိုးရီးယားသို့ ကြေညာခြင်း မရှိဘဲ ငွေ ယန်းသန်းပေါင်း (၁၀)သန်း (ပေါင် ၁၁၀၀၀၀) လွှဲပေးနိုင်သော်လည်း ယခုအခါ ယန်း (၃) သန်း (ပေါင် ၇၅၀၀၀) သာ လွှဲပေးခွင့် ပြုမည်ဟု ဆိုသည်။

တိုကျိုရှိ ပါလီမန်ကလည်း ၂၀၀၉ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်နှင့်အညီ မြောက်ကိုးရီးယား မြောက်ကိုးရီးယား လက်နက်များနှင့် နျူကလီယာ နည်းပညာများ တင်ဆောင်လာသည်ဟု သံသယ ရှိသော သင်္ဘောများကို ဂျပန် ကမ်းခြေစောင့်တပ်က စစ်ဆေး ပိုင်ခွင့်ပေးသော ဥပဒေ တစ်ရပ်ကို ခွင့်ပြုခဲ့သည်။

ဂျပန် ပြည်သူ့လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ၏ ပြောကြားချက်ကို AP သတင်းဋ္ဌာနက ကိုးကား ဖော်ပြရာတွင် ၎င်းက တာဝန်ရှိသူများအား ဂျပန်နိုင်ငံတွင် နေထိုင်လျက် ရှိသော မြောက်ကိုးရီးယား လူမျိုး တစ်သန်းခန့် အပေါ် ပိုမို စေ့စေ့စပ်စပ် စောင့်ကြည့်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တောင်နှင့် မြောက်ကိုးရီးယားတို့သည် ၁၉၅၃ ခုနှစ် ကိုးရီးယား ပဋိပက္ခ၊ ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ ပြီးဆုံးပြီးကတည်းက စစ်မဖြစ်ဘဲ ငြိမ်သက်နေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကုလသမဂ္ဂက ထုတ်ပြန်လိုက်သော သတင်း ပေးပို့ချက် တစ်ရပ်အရ မြောက်ကိုရီးယားသည် ကုမ္ပဏီများကို အသုံးပြုကာ နျူကလီယာနှင့် ဒုံးကျည် နည်းပညာများကို တင်ပို့ ရောင်းချလျက် ရှိကြောင်း၊ အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံတို့ကို အကူအညီ ပေးခဲ့ကြောင်း သိရသည်။ အနောက်တိုင်း သံတမန်များ၏ ပြောကြားချက်ကို ကိုးကားပြီး ကုလ သမဂ္ဂက အဆိုပါ သတင်း ပေးပို့ချက်သစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ သတင်းပေးပို့ချက်ကို ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယားလက်နက်တင်ပို့မှုများနှင့် စပ်လျဉ်း၍ အသေးစိတ် ဖော်ပြ ရေးသားထားသည်ဟု အမည်မဖော်လိုသူ သံတမန် တစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားသည်။

"အစီရင်ခံစာထဲမှာ ပါတဲ့ အသေးစိတ် အချက်အလက်တွေက အရမ်း အံ့အားသင့်စရာ ကောင်းလောက်အောင်တော့ မဟုတ်ပါဘူး။ အခြေခံကျကျ ပြောရရင် မြောက်ကိုရီးယားဟာ နျူကလီယာနဲ့ ဒုံးကျည် နည်းပညာတွေကို ဟန်ပြ ကုမ္ပဏီတွေ၊ ကြားပွဲစားတွေကို အသုံးချပြီး တင်ပို့ ရောင်းချခဲ့တယ် ဆိုတာကို အစီရင်ခံစာ တစ်ရပ်အနေနဲ့ ထုတ်ပြန်ခဲ့တာပါပဲ" ဟု ၎င်းက ဆိုသည်။

"အဓိက ပြောချင်တဲ့ အချက်ကတော့ မြောက်ကိုရီးယားဟာ အီရန်၊ ဆီးရီးယားနဲ့ မြန်မာကို အဲဒီလို ပုံစံမျိုးနဲ့ ကူညီ ထောက်ပံ့ခဲ့တယ် ဆိုတာပါ" ဟုလည်း ဆက်လက် ပြောသွားသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်သော သက်သေ အထောက်အထားများမှာ ပဏာမ သဘောလောက်သာ ဖြစ်ပြီး နောက်ထပ် အသေးစိတ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်ဟု ဆိုသည်။

အနောက်တိုင်း သံတမန်များနှင့် ထောက်လှမ်းရေး အရာရှိများက မြောက်ကိုရီးယားသည် ကန့်သတ် ပိတ်ပင်ထားသော နည်းပညာများကို အီရန်သို့ တင်ပို့ခဲ့သည်ဟု ကာလ ကြာရှည်စွာ သံသယ ဖြစ်ခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုနှင့် သူ၏ မဟာမိတ် နိုင်ငံများကလည်း မြောက်ကိုရီးယားသည် အရပ်ဘက်သုံး အဏုမြူ စွမ်းအင် အစီအစဉ်ကို ဟန်ပြ ပြုလုပ်ကာ နျူကလီယာ လက်နက်များ တီထွင်နေသည်ဟု သံသယ ဝင်လျက် ရှိသည်။

အီရန် အစိုးရက အဆိုပါ စွပ်စွဲချက်များမှာ မဟုတ်မမှန်ကြောင်း ငြင်းပယ်ပြီး မိမိတို့၏ နျူကလီယာ ဆိုင်ရာ ရည်မှန်းချက်များသည် ငြိမ်းချမ်းမှု ရှိကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန်သာ ဖြစ်ကြောင်း အာမခံ ပြောဆိုသည်။

အနောက်ကမ္ဘာမှ သူလျှိုများကလည်း မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာကို ရယူရန် စိတ်ဝင်စားလျက် ရှိသည်ဟု သံသယ ဖြစ်လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် အစ္စရေးက ဆီးရီးယား နျူကလီယာ ဓာတ်ပေါင်းဖို တစ်ခုကို ဗုံးဖောက်ခွဲပစ်ခဲ့သည်။ အနောက်ကမ္ဘာမှ အရာရှိများ အဆိုအရ ဆီးရီးယား၏ နျူကလီယာ ဓာတ်ပေါင်းဖိုသည် မြောက်ကိုရီးယား ဒီဇိုင်းကို အခြေခံထားခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဆီးရီးယားက မိမိတို့သည် နျူကလီယာ လက်နက်များကို လျှို့ဝှက်စွာ တီထွင် စမ်းသပ်မှုများ မပြုလုပ်ခဲ့ကြောင်း ငြင်းပယ် ပြောဆိုသည်။

အဆိုပါ မြောက်ကိုရီးယား ဆိုင်ရာ အစီရင်ခံစာသည် ယခုအခါ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များထံသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ တောင်ကိုရီးယား ရေတပ် စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ပြစ်တင် ပြောဆိုမှုများ အပေါ် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သည့် အဖွဲ့ ဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် ယင်းအစီရင်ခံစာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တောင်ကိုရီးယား စစ်သင်္ဘော တိုက်ခိုက် ခံရမှုတွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် နျူကလီယာ ကိရိယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သောကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုကို ခံထားရသည်။ အဆိုပါ ပိတ်ဆို့ အရေးယူမှုအရ ကွန်မြူနစ် မြောက်ကိုရီးယား အနေဖြင့် နျူကလီယာနှင့် ဒုံးကျည်များ ရောင်းဝယ်မှုများ ပြုလုပ်ခွင့် မရှိပေ။

အီရန်နိုင်ငံသည်လည်း ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို လျှော့ချရန် ငြင်းပယ်ခဲ့သောကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုကို သုံးကြိမ်တိတိ ခံခဲ့ရသည်။ အနောက်ကမ္ဘာက အီရန်သည် အဏုမြူဗုံး ထုတ်လုပ်ရန် ကြိုးစားလျက် ရှိသည်ဟူသော စွပ်စွဲ ပြောဆိုခဲ့သော်လည်း တီဟီရန် အစိုးရက မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။ မိမိတို့၏ နျူကလီယာ အစီအစဉ်များသည် ငြိမ်းချမ်းရေးကို လုံးလုံးလျားလျား ဦးတည်ပါကြောင်း ပြောဆိုထားသည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရေတပ် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်ကိုရီးယားသို့ သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စတာ ဝမ်ကျားပေါင်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် တွေ့ဆုံ ဆွေးနွေးရာ၌ အဆိုပါ သင်္ဘော နစ်မြုပ်သည့် ကိစ္စကို အဓိက ဦးတည် ပြောဆိုဖွယ် ရှိသည်။ နိုင်ငံတကာမှ စုံစမ်း စစ်ဆေးရေး အဖွဲ့များကလည်း တောင်ကိုရီးယား သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်း ပြစ်တင် ပြောဆိုသည်။ သို့သော် တရုတ် နိုင်ငံက မဟာမိတ် နိုင်ငံဟောင်း ဖြစ်သော မြောက်ကိုရီးယားအပေါ် ဝေဖန်သုံးသပ်မှုများ ပြုလုပ်ရန် ငြင်းပယ်နေဆဲပင် ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အစွမ်းကုန် မြင့်တက်လာမည် ဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Xinsen ၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။ မည်သို့ပင် ဖြစ်စေ တရုတ်နိုင်ငံသည် အဆိုပါ တောင်-မြောက် နှစ်နိုင်ငံ တင်းမာမှုကြောင့် မအီမသာဖြစ်သည့် အနေအထားသို့ ရောက်ရှိနေကြောင်း ဆိုးလ်အခြေစိုက် BBC သတင်းထောက်က ပြောကြားသည်။

မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန် ပြောဆိုနေသည့် စကားဝိုင်းသို့ တရုတ်နိုင်ငံက ဝင်ရောက်ခြင်း မပြုဘဲ နေခြင်းကြောင့် တောင်ကိုရီးယား အစိုးရလည်း စိတ်ပျက်လျက် ရှိသည်။

တရုတ် နိုင်ငံအနေဖြင့် ယခုလို မည်သည့် သုံးသပ်ချက် တစ်စုံတရာမျှ မပြုလုပ်ဘဲ ခြံစည်းရိုး ခွထိုင်နေပုံမျိုး မပြုလုပ်ရန် တိုက်တွန်း ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။ တရုတ်သည် စစ်အေးခတ် ကာလအတွင်း မြောက်ကိုရီးယား၏ မဟာမိတ်ဟောင်းတစ်ဦး ဖြစ်ခဲ့သည်။ စစ်အေးခတ်မှ မိတ်ဘက်ဟောင်း တစ်ဦး၏ အခန်းကဏ္ဍနှင့် ဂလိုဘယ် စူပါ ပါဝါတစ်ဦး၏ အခန်းကဏ္ဍတို့ ကွာခြားပုံကို သတိပြုသင့်ကြောင်း တရုတ်နိုင်ငံကို ဝေဖန် ပြောဆိုလျက် ရှိသည်။

အခြားသော သတင်း ပေးပို့ချက်များအရ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ယခု ခရီးစဉ်အတွင်း တောင်ကိုရီးယား၏ အနေအထားကို အနီးကပ် လေ့လာ ကြည့်ရှုမည် ဖြစ်ပြီး တောင်ကိုရီးယား၏ မကျေနပ်ချက်များ၊ ဒေါသများ ပြေပျောက်စေမည့် စကားလုံးများ ရွေးချယ် အသုံးချကာ ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဆိုးလ် အခြေစိုက် BBC သတင်းထောက်က တရုတ်နိုင်ငံ၏ ဦးစားပေးမှုမှာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ဖြစ်ရာ တရုတ်အနေဖြင့် အိမ်နီးချင်း မြောက်ကိုရီးယား ဒေါသ ထွက်စေမည့် အရေးကိစ္စများအပေါ် ရေငုံနှုတ်ပိတ် ပြုလုပ်နေမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

ဤအတောအတွင်းမှာပင် ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား အပေါ် ပိုမို တင်းကြပ်သည့် ပိတ်ဆို့ အရေးယူမှုများ ချမှတ်လိုက်ကြောင်း ထုတ်ဖော် ကြေညာသည်။ ဂျန်နိုင်ငံမှ မြောက်ကိုရီးယားသို့ တစ်ဦးချင်း ငွေလွဲပေးပို့ခွင့် ပြုသည့် ပမာဏကို ယန်း ၁၀ သန်း မှ ယန်း ၃ သန်းအထိ လျှော့ချလိုက်ကြောင်း ဂျပန် အစိုးရက ဆိုသည်။

ဂျပန် ပါလီမန်ကလည်း မြောက်ကိုရီးယား လက်နက်များ သယ်ဆောင်လာသည်ဟု ယူဆရသော သင်္ဘောများကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့များ အနေဖြင့် စုံစမ်း စစ်ဆေးနိုင်မည့် ဥပဒေမူကြမ်း တစ်ရပ်ကို သဘောတူခွင့် ပြုလိုက်သည်။ အဆိုပါ ဥပဒေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ၂၀၀၉ ခုနှစ် ဆုံးဖြတ်ချက်အတိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဂျပန် ပြည်သူ့လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲကလည်း နိုင်ငံတွင်း နေထိုင်သော မြောက်ကိုရီးယား လူမျိုးအချို့ကို အနီးကပ် စောင့်ကြည့် လေ့လာရန် ထောက်လှမ်းရေး အရာရှိများအား အမိန့်ပေးထားကြောင်း AP သတင်းဌာနက ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သည့် အထိမ်းအမှတ် အခမ်းအနားကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက မေလ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ၁၀၀ ကျော် တက်ရောက်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ မေလ ၂၇ ရက်နေ့တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းရွေးကောက်ပွဲတွင် NLD အနိုင် ရရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ထိန်းချုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်းများစွာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

ယခု စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်သော်လည်း ၎င်း၏ ရွေးကောက်ပွဲ ဥပဒေများမှာ မျှတမှု မရှိသောကြောင့် NLD ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဥပဒေများအရ NLD အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရမည် ဖြစ်သည်။ သို့အတွက်ကြောင့် NLD က ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးနေ့ ဖြစ်သော မေလ ၆ ရက် အထိ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဟု ငြင်းပယ်နေခဲ့သည်။ ယခုအခါ NLD သည် မှတ်ပုံတင်ခြင်း မရှိသောကြောင့် တရားဝင်ပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

ယခု ၉၀ ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်နှစ် အခမ်းအနားတွင် ပါတီဝင်ဟောင်းများက ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများအတွက် ပညာရေး အထောက်အပံ့များ ပေးအပ်သွားမည်ဟု ကတိကဝတ်များ ပြုခဲ့သည်။ ထို့ပြင် ၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရရှိခဲ့မှုကို ဂုဏ်ပြုသောအားဖြင့် ဦးတင်ဦး၏ နေအိမ် ခြံဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

မြန်မာစစ်အစိုးရက မတ်လတွင် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူ မည်သူမဆို နိုင်ငံရေး ပါတီဝင်အဖြစ် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။ အဆိုပါ ဥပဒေကို မလိုက်နာသော နိုင်ငံရေး ပါတီများသည် ပယ်ဖျက်ခံရမည် ဖြစ်သည်။

သို့သော် ယခုအခါ NLD ပါတီဝင်ဟောင်း အချို့က အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ဟူသော အမည်ဖြစ့် နိုင်ငံရေး ပါတီသစ် တစ်ရပ် ထူထောင်ကာ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။ ယင်းသို့ နိုင်ငံရေး ပါတီသစ် ထူထောင်ရခြင်းမှာ NLD ပါတီအတွင်း သက်ကြီးပိုင်း ခေါင်းဆောင်များနှင့် သက်ငယ်ပိုင်း အဖွဲ့ဝင်တို့ အကြား ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိစ္စနှင့် ပတ်သက်၍ သဘောထား ကွဲလွဲခဲ့သောကြောင့် ဖြစ်သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.