Transparency Myanmar

transparency.myanmar@gmail.com

ယခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရန် နယူးဇီလန် ပါလီမန် လွှတ်တော်က စစ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်သည်။

ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် နယူးဇီလန် ပါလီမန် အဖွဲ့ဝင်များ အားလုံးက အထက်ပါအတိုင်း တညီတညွတ်တည်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ "လာမည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရေးအတွက် သူမအား နိုင်ငံရေးနှင့် ဒီမိုကရေစီ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ပြန်လည် ပေးအပ်ရမည်" ဟု နယူးဇီလန် ပါလီမန်က မြန်မာ စစ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်သည်။

"၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေက ဒေါ်စုကြည်နဲ့ သူမရဲ့ ပါတီကို အာဏာ လုံးဝ လွှဲပြောင်းပေးခဲ့ခြင်း မရှိပါဘူး။ ဒေါ်စုကြည်ဟာ အဲဒီ ၉၀ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂၀ လောက် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။ အခု ဒီနှစ်ထဲမှာ စစ်အစိုးရက ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲဟာ ဒေါ်စုကြည်သာ ပါဝင်ခွင့် မရဘူးဆိုရင် အတုအယောင် သက်သက်သာ ဖြစ်မှာပါ" ဟု ပါလီမန် ဥက္ကဌ Maryan Street က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပြီး သူမရဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ မပေးဘူးဆိုရင် ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ယုံကြည် စိတ်ချရမှုရှိမှာ မဟုတ်ပါဘူး။ အဲဒီ အခွင့်အရေးတွေ ပေးမှသာ နိုင်ငံတကာရဲ့ ယုံကြည်မှု ရရှိမှာပါ" ဟု ၎င်းက ဆိုသည်။ "နယူးဇီလန် ပါလီမန်ဟာ တစ်ကမ္ဘာလုံးက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ ဆော်သြသွားမှာပါ" ဟုလည်း ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အကယ်၍ မြန်မာနှင့် ပြုလုပ်သော နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းမှုဖြင့် အကျပ်အတည်းများ ပြေလည်မှု မရှိပါက နိုင်ငံတကာ ဖိုရမ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကိစ္စကို ကို ထုတ်ဖော် ပြောဆိုမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစားအသောက်နှင့် သဘာဝ ဘေးအန္တရာယ်များ စီမံ ခန့်ခွဲရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Md Abdur Razzaque က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သည် အရင်းအမြစ်များ အကန့်အသတ် ရှိနေသည့်တိုင် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည်များကိုရော မှတ်ပုံမတင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည်များကိုပါ အထောက်အပံ့များ ပေးခဲ့ကြောင်း 'ရိုဟင်ဂျာ အကျပ်အတည်းနှင့် ဘင်္ဂလားဒေ့ရှ်အတွက် ထွက်ပေါက်'
ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဝန်ကြီး မစ္စတာ Md Abdur Razzaque က ပြောကြားသည်။

နိုင်ငံခြား အန်ဂျီအိုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက ဘင်္ဂလားဒေ့ရှ် အစိုးရသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ညှဉ်းပန်း နှိပ်စက်မှု ပြုလုပ်ပြီး ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိဟု စွပ်စွဲ ပြောဆိုနေမှုများကိုလည်း မစ္စတာ Abdur က ပြစ်တင် ဝေဖန်သည်။

"ကျွန်တော်တို့ အဲဒီ အန်ဂျီအိုတွေရဲ့ အထောက်အပံ့ကို လိုချင်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာ သွားပုတ်လေလွင့် ပြောဆိုနေတာမျိုးတွေကိုတော့ မလိုချင်ပါဘူး။ ဒီနိုင်ငံထဲမှာ တကယ်မဖြစ်တဲ့ ကိစ္စတွေကို တကယ် ဖြစ်နေတဲ့ သဘောနဲ့ ပြောဆိုနေတာတွေကို လုံးဝ မလိုချင်ပါဘူး" ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် အကျပ်အတည်းများ၊ ပြဿနာများ၏ သားကောင်သဖွယ် ဖြစ်နေပေရာ အနာဂတ် ကာလတွင် ရိုဟင်ဂျာ အရေးကိစ္စနှင့် ပတ်သက်ပြီး အစီရင်ခံစာများ၊ သုံးသပ်ချက်များ ပြုလုပ်ပါက လွဲမှားမှုများ မဖြစ်ပေါ်ရန် သတိထားသင့်သည်ဟု မစ္စတာ Abdur က နိုင်ငံခြား အန်ဂျီအိုများကို သတိပေး ပြောဆိုထားသည်။

ဒါကာ အခြေစိုက် Education, Research and Advocacy Center (CEREA) က ဦးဆောင်ပြီး National Press Club တွင် အဆိုပါ ရိုဟင်ဂျာ ကိစ္စကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ ရိုဟင်ဂျာ ကိစ္စ ဆွေးနွေးပွဲများကို ပြီးခဲ့သည့် တစ်နှစ်ခွဲခန့် လောက်ကတည်းက စတင်ကာ ပုံမှန် ပြုလုပ်ခဲ့ကြသည်

ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာ အစိုးရနှင့် အပြန်အလှန် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော အရေးကိစ္စ ဖြစ်ကြောင်း မစ္စတာ Abdur က ဆိုသည်။

"ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ ရလာတဲ့ မြန်မာ အစိုးရ လက်ထက်မှာ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

မှတ်ပုံတင် စာရင်း မဝင်သေးသူ ရိုဟင်ဂျာများကို စာရင်းသွင်းရန် နိုင်ငံတကာ အန်ဂျီအိုကြီးများက ဖိအားပေးလျက် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ တရားဝင် မှတ်ပုံတင်စာရင်း ပေးသွင်းတဲ့ ကိစ္စကို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနိုင်အောင် လုပ်သလို ဖြစ်နေလိမ့်မယ်" ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် UNHCR နှင့် အစိုးရတွင် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ရှိသည်။ ယင်းတို့သည် ကောက်ပဇားမြို့ရှိ Teknaf နှင့် Ukhia  ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိပြီး နေထိုင်စရာ၊ အစားအစာနှင့် ဆေးဝါး အစရှိသည်တို့ ရရှိနေသည်။ ယင်းစခန်းများ အပြင်ဘက်တွင် ဒုက္ခသည် သုံးသိန်းခန့် စုဝေး နေထိုင်လျက် ရှိသည်။ သို့သော် ၎င်းတို့မှာ မည်သည့် အကျိုး ခံစားခွင့်မှ မရရှိသေးပေ။

Express သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama ရာထူးမှ နုတ်ထွက်သွားပြီးနောက် အာဏာရ ဒီမိုကရက်တစ် ပါတီက ဘဏ္ဍာရေးဝန်ကြီး Naoto Kan ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်သည်။ ဂျပန် ပါလီမန် လွှတ်တော်တွင် ပြုလုပ်သော မျက်နှာစုံညီ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ရွေးကောက် တင်မြှောက်ပွဲ တစ်ရပ် ပြုလုပ်ပြီး မစ္စတာ Naoto Kan အား မစ္စတာ Yukio Hatoyama နေရာတွင် အစားထိုး တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

မစ္စတာ Kan သည် ဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် ကက်ဘိနက် အဖွဲ့သစ်ကို ဖွဲ့စည်းမည်ဟု မျှော်မှန်းရကြောင်း Yomiuri Shimbun သတင်းစာက ဆိုသည်။ ဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် နာရီပိုင်း အကြာတွင် မစ္စတာ Kan သည် ယခင် ဝန်ကြီးချုပ်ဟောင်း Yukio ထံမှ အမှာစာ တစ်စောင် လက်ခံရရှိခဲ့သည်။

"ကျေးဇူးပြုပြီး ဂျပန်-အမေရိကန် နှင့် ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို အထူး ဂရုစိုက်ပေးပါ" ဟု မစ္စတာ Yukio က အမှာစာတွင် ရေးသားထားသည်။ ဂျပန် ဝန်ကြီးချုပ်ဟောင်း Yukio သည် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဂျပန်ပြည်သူများနှင့် ဂျပန်နိုင်ငံ၏ အရင်းနှီးဆုံး မိတ်ဆွေ အမေရိကန် ပြည်ထောင်စုတို့၏ လိုအပ်ချက်များကို မျှတစွာ ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိခဲ့ပေ။

ယခု အသစ် တက်လာသော ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ Hatoyama လက်ထက်က ရှိနှင့်ပြီး ဖြစ်သည့် ပြဿနာများ ဖြစ်သော ဘဏ္ဍာရေး မပြေလည်မှု၊ ကြွေးမြီများ မြင့်တက်လာမှု တို့ကို မဖြစ်မနေ ဖြေရှင်းပေးရမည် ဖြစ်ပြီး အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းရေး ကိစ္စကိုလည်း ခေါင်းခံ ဖြေရှင်းရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။ ဂျပန် ပါလီမန် လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီက အမတ်နေရာ အများဆုံးကို ရယူထားသောကြောင့် မစ္စတာ Kan အနေဖြင့် ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် အသာတကြည် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ပြီးနောက် မိမိအနေဖြင့် ဂျပန်စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်းကို ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ဂျပန် နိုင်ငံရေး ကျွမ်းကျင်သူများက ဝန်ကြီးချုပ်သစ် အနေဖြင့် ကက်ဘိနက် အဖွဲ့သစ်ကို အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ လာမည့် ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလ မတိုင်မီ နိုင်ငံရေးအရ မတည်မငြိမ်မှု ဖြစ်ပေါ်နေသည့် ဒီမိုကရက်တစ် ပါတီအား တည်ငြိမ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သုံးသပ်သည်။ မေလ ၄ ရက်နေ့ ပါတီတွင်း မိန့်ခွန်းပြောရာ၌ မစ္စတာ Kan က "ဂျပန်-အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးကို ဂျပန် နိုင်ငံခြားရေး မူဝါဒ၏ ဗဟိုချက် အဖြစ် အာရုံစိုက်သွားမည် ဖြစ်ကြောင်း၊ အာရှဒေသတွင်း ဖွံ့ဖြိုးမှုကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း" ပြောကြားသည်။

Reuters သတင်းဌာနနှင့် Yomiuri Shimbun သတင်းစာမှ သတင်းတို့ကို ပူးပေါင်း ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AL Jazeera, 3rd June 2010

မြန်မာနိုင်ငံမှ အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်များသည် နျူကလီယာ လက်နက်များ ပြုလုပ်မည့် အစီအစဉ်ကို စတင်ခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့သည် တာဝေးပစ် ဒုံးပျံများကိုလည်း တည်ဆောက်ရန် ကြိုးစားနေကြသည်။

ယခုနှစ်ကုန် ကျင်းပမည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စနစ်သို့ ၎င်းတို့ ရှေ့ရှု ချီတက်နေသည်ဟု ကမ္ဘာက လက်ခံ ယုံကြည်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စုမှ တိုက်ခိုက်လာနိုင်မှုနှင့် ပြည်သူတို့၏ အုံကြွ တော်လှန်မှုတို့ကို ကြောက်ရွံ့နေခြင်းကြောင့် မြန်မာ စစ်ဗိုလ်ချုပ်များသည် နိုင်ငံ အနှံ့ ဗုံးခိုကျင်း ကွန်ယက်နှင့်အတူ မိမိကျင်း မိမိ တူးခဲ့ကြသည်။

၅ နှစ်ကျော် စုဆောင်းထားခဲ့သော ထိပ်တန်း လျှို့ဝှက် မှတ်တမ်းများနှင့်အတူ ထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းက မြန်မာ ခေါင်းဆောင်များသည် ဒုတိယ နျူကလီယာ မြောက်ကိုရီးယား ဖြစ်လာရန် မည်ကဲ့သို့ ကြိုးစားနေသည် ဆိုသည်ကို ဖော်ထုတ်လိုက်သည်။

အရေးကြီး ဖိုင်များနှင့် အခြား သတင်း အချက်အလက်များကို မြန်မာ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ခိုးထုတ်လာခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းသည် မြိုင်မြို့ အနီးမှ ထိပ်တန်း လျှို့ဝှက် စစ်ဖက် စက်ရုံတွင် ဒုတိယ တပ်ရင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံမှ မထွက်ခွာမီ မြန်မာ စစ်ဗိုလ်ချုပ်များ၏ နျူကလီယာ လက်နက် တည်ဆောက်မည့် လျှို့ဝှက် အစီအစဉ်နှင့် ပတ်သက်သော အသေးစိတ် သတင်း အချက်အလက် ဖိုင်ပေါင်း ထောင်နှင့် ချီ၍ ခိုးထုတ်ခဲ့ခြင်း ဖြစ်သည်။

စိုင်းသိန်းဝင်း၏ ထုတ်ဖော်မှုများကို စစ်ဆေးရန် အတွက် DVB က ၎င်းယူလာသော သတင်းဖိုင်များကို IAEA ဒါရိုက်တာဟောင်းနှင့် လော့စ်အယ်လာမိုစ့် မြောက်အမေရိကန် နျူကလီယာ ဆိုင်ရာ ထောက်လှမ်းရေး အရာရှိဟောင်း Bob Kelly ထံ ပြသစေခဲ့သည်။

ဖိုင်နှင့် ဓာတ်ပုံများကို Massachusetts Institute of Technology မှ စစ်ရေးသုတေသန သိပ္ပံ ပညာရှင် Geoff Forden အားလည်း ပြသခဲ့သည်။

မြန်မာနိုင်ငံသည် ၎င်း၏ ရည်ရွယ်ချက်များ အောင်မြင်ရန် အချိန်များစွာ ကြာဦးမည်ဟု ကျွမ်းကျင်သူများက သဘောတူကြသည်။

သို့သော်လည်း နိုင်ငံ ရည်မှန်းချက် ဖြစ်နေသောကြောင့် တချိန်ချိန်တွင် နျူကလီယာ လက်နက်များ ပိုင်ဆိုင်သွားလိမ့်မည်ဟု အများစုက ယုံကြည်နေသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ စစ်ရေး ရည်မှန်းချက်များကို ထိထိရောက်ရောက် စောင့်ကြည့် ကိုင်တွယ်သင့်နေပြီဟု ဆိုရမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Deutsche Presse, 3rd June 2010

ဥရောပ သမဂ္ဂ၏ အိမ်နီးချင်းများ ဖြစ်သော အိုက်စလန်မှသည် အာမေးနီးယား အထိ ပါဝင်သော နိုင်ငံများသည် မြန်မာအစိုးရ အပေါ် ကုန်သွယ်ရေးနှင့် ပြည်ဝင် ဗီဇာ ပိတ်ပင်ရေးကို ဆက်လက် ကျင့်သုံးမည့် အီးယူ အဖွဲ့၏ ဆုံးဖြတ်ချက်အား လက်မှတ် ရေးထိုးခဲ့ကြသည် ဟု အီးယူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ အစိုးရကို ဒီမိုကရေစီ စနစ်သို့ ဦးတည်စေရန် တွန်းအားပေးသည့် အနေဖြင့် ၂၀၀၆ ခုနှစ်တွင် အီးယူက အရေးယူ ပိတ်ဆို့မှုများကို ပထမဆုံး ချမှတ်ခဲ့သည်။ ပြီးခဲ့သော ဧပြီလတွင် အဆိုပါ အရေးယူ ပိတ်ဆို့မှုများကို တစ်နှစ် ထပ်မံ သက်တမ်း တိုးလိုက်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အနေအထား တိုးတက်မှု မရှိသကဲ့သို့ ဒီမိုကရေစီ လုပ်ငန်းစဉ်သို့ ရှေ့ရှုသည့် ကြီးကြီးမားမား တိုးတက် ပြောင်းလဲမှု ပျောက်ဆုံးနေသည် ဟု  ဝေဖန် ကန့်ကွက်ခဲ့သည်။

အယ်ဘေးနီးယား၊ အာမေးနီးယား၊ ဘော့စနီးယား၊ ခရိုအေးရှား၊ ဂျော်ဂျီယာ၊ အိုက်စလန်၊ လိုင်ချင်စတိန်း၊ မက်ဆီဒိုနီးယား၊ မော်လ်ဒိုဗာ၊ မွန်တီနီဂရိုး နှင့် နော်ဝေ စသော နိုင်ငံများက "မြန်မာ အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများ၏ ရည်ရွယ်ချက်များကို သဘောတူ ညီမျှကြသည်'' ဟု ကြေညာခဲ့ကြပြီး ၎င်းတို့ နိုင်ငံများ၏ အမျိုးသား မူဝါဒများနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြလိမ့်မည် ဟု အီးယူ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖော်ပြပါ အရေးယူ ပိတ်ဆို့မှုများတွင် ပါဝင်သည့် အစီအစဉ်များမှာ မြန်မာနိုင်ငံမှ သစ်နှင့် သတ္တု တင်သွင်းမှု တားမြစ်ခြင်း၊ လက်နက် တင်ပို့မှု တားမြစ်ခြင်း၊ စစ်အစိုးရ ဆက်စပ် ကုမ္ပဏီ ၁၂၀၀ နှင့် ငွေကြေး ဆက်နွယ်မှု တားမြစ်ခြင်း၊ စစ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပါဝင်သော လူ ၄၀၀ ခန့်ကို ပြည်ဝင် ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 3rd June 2010

အမေရိကန် ဆီနိတ်တာ Jim Webb သည် မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ကြာသပတေးနေ့က ဆိုင်းငံ့ထားလိုက်ပြီး မြန်မာစစ်ဖက် အစိုးရသည် မြောက်ကိုးရီးယားနှင့် ပူးပေါင်း၍ နျူကလီယာ အစီအစဉ်ကို တိုးတက် လုပ်ဆောင်နေသည်ဟု စွပ်စွဲချက် အသစ်များ ထွက်ပေါ်လာသောကြောင့် သွားရောက်ရန် အချိန်ကောင်း မဟုတ် ဟု ပြောကြားလိုက်သည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဆီနိတ်တာ Jim Webb ၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ယခု စွပ်စွဲချက်များကို အတည် မပြုရသေးသော်လည်း မြန်မာအစိုးရသည် ကုလသမဂ္ဂ လက်နက် ကုန်သွယ်မှု တားမြစ်ချက်ကို ချိုးဖောက်ကာ မြောက်ကိုးရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့သည့် အတွက် စိုးရိမ် ပူပန်မှုများ ရှိနေသည် ဟု ဖော်ပြထားသည်။

"ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးခင်မှာ မြန်မာနိုင်ငံကို သွားမယ် ဆိုရင် မိုက်မဲရာ ကျပါလိမ့်မယ်။ ဒီအချိန်မှာ သွားမယ်ဆိုရင် ဆန့်ကျင်ဘက် ရလဒ်တွေပဲ ရရှိဖို့ အလားအလာ များပါတယ်'' ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။ မူလက Jim Webb သည် ကြာသပတေးနေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရန် မျှော်လင့်ထားခဲ့သည်။

ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ် လွှတ်တော် အမတ် Jim Webb ၏ ခရီးစဉ် အပြီး နောက်ဆက်တွဲ သွားရောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သွားဖြစ်ခဲ့ပါက ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး အင်အားကြီး မဟာမိတ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေမည် ဖြစ်သည်။

Jim Webb သည် ယမန်နှစ်ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ကာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သကဲ့သို့ သူမ၏ ခြံဝင်း အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ထောင်ကျနေသော အမေရိကန် လူမျိုး John Yettaw ကို လွတ်မြောက်အောင် ပြုလုပ်ခဲ့သည်။

Jim Webb သည် ၎င်း၏ လတ်တလော အာရှ ခရီးစဉ်တွင် တောင်ကိုးရီးယားနှင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကလည်း ၎င်း၏ ယခင်လ ခရီးစဉ်တွင် မြောက်ကိုးရီးယားထံမှ လက်နက် ဝယ်ယူမှုကို တားမြစ်တားသည့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုကို လိုက်နာသင့်ကြောင်း မြန်မာ စစ်ဖက်အစိုးရအား သတိပေးခဲ့သည်။

နျူကလီယာ နည်းပညာများ ပါဝင်သည်ဟု အကဲခတ် အချို့က သံသယ ရှိနေသော မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယား လက်နက် ဝယ်ယူမှု အပေါ် စိုးရိမ်ပူပန်နေသည့် ဝါရှင်တန်၏ ပြင်းထန်သော နောက်ဆုံး သတိပေးချက်ဟု ယူဆဖွယ် ကြေညာချက်ကို အစိုးရ အဖွဲ့ ဝန်ကြီးများစွာနှင့် တွေ့ဆုံ အပြီးတွင် Jim Webb က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွင် မြောက်ကိုးရီးယား လက်နက် တင်ပို့မှု အားလုံးကို ပိတ်ပင်ထားခြင်း၊ မြောက်ကိုးရီးယား၏ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း ကုန်စည် သယ်ဆောင်မှုများကို စစ်ဆေးရန် ကောင်စီ အဖွဲ့ဝင် နိုင်ငံများအား အာဏာ အပ်နှင်းထားခြင်းနှင့် အရေးယူမှုကို ချိုးဖောက်သည့် ကုန်စည် ပို့ဆောင်မှုများကို လိုအပ်ပါက သိမ်းဆည်း ဖျက်ဆီးခွင့် ပေးထားခြင်း စသည့် အချက်များ ပါဝင်သည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာရန် မြန်မာခေါင်းဆောင်ပိုင်းက သဘောတူခဲ့သော်လည်း လတ်တလော ဖြစ်ရပ်များကြောင့် ၎င်းတို့၏ ကတိအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည် ဟု Campbell က ပြောကြားလိုက်သည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲများကို မည်သို့ ကျင်းပမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပါတီ အားလုံး အတွက် ယုံကြည်ထိုက်သော ဆွေးနွေးပွဲ ကျင်းပရေး အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက အလေးပေး တင်ပြခဲ့သည် ဟုလည်း Campbell က ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရသည် အတိုက်အခံများနှင့် လွတ်လပ်သော ကြားနေ အယူအဆရှိသူများကို တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ တစ်ဖက်သတ် ရှေ့တိုး ဆောင်ရွက်ခဲ့သည်။

"အခု အချိန် အထိ မြင်တွေ့ရသမျှကတော့ ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြု လက်ခံမှုကို ရမှာ မဟုတ်ဘူးလို့ ယုံကြည်ရမလို ဖြစ်နေတယ်'' ဟု Campbell က ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကိုလည်း သတ်မှတ်ခြင်း မရှိသေးပါ။

Campbell ၏ ယခု ခရီးစဉ်သည် ခြောက်လအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ဖျက်သိမ်းပြီး ရက်ပိုင်းမျှ အကြာတွင် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေသစ်သည် ဒီမိုကရေစီ မပြည့်ဝ ဟု NLD ပါတီက သတ်မှတ် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သဖြင့် အလိုအလျောက် ဖျက်သိမ်းရသည့် အခြေအနေကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ဖက် အစိုးရကို ပစ်မှတ်ထား၍ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့၏ လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်သော မှတ်တမ်းများနှင့် ဒီမိုကရေစီ နည်းကျ ရွေးချယ်သော အစိုးရကို အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့မှု တို့ကြောင့် ဖြစ်သည်။

 

 

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 2nd June 2010

တရုတ် ဝန်ကြီးချုပ်သည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်း အဓိက သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ပြီး နယ်စပ် တည်ငြိမ်ရေးနှင့် ပတ်သက်သည့် ခက်ခဲသော ပြဿနာကို အိမ်နီးချင်း မြန်မာ စစ်ဖက် အစိုးရ အကြီးအကဲနှင့် ကြာသပတေးနေ့တွင် ဆွေးနွေးခဲ့သည်။

၁၆ နှစ် အတွင်း တရုတ် ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံး မြန်မာ ခရီးစဉ်အဖြစ် လည်းကောင်း၊ ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ မကျင်းပမီ အချိန်ကိုက်၍ လည်းကောင်း ပေါ်ထွက်ခဲ့သည့် ၃ ရက်ကြာ ခရီးစဉ် အတွင်း ဝမ်ကျားပေါင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် "အဝေးမြို့တော် နေပြည်တော်" တွင် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံလုံးသည် ကိစ္စများစွာ အပေါ်တွင် တခဲနက် သဘောတူညီမှု ရရှိခဲ့ကြပြီး နောက်တစ်ဆင့် ရှေ့တိုးသည့် အနေဖြင့် အဓိက သဘောတူညီချက် မြောက်မြားစွာကို လက်မှတ် ရေးထိုးခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ယုက ဘီဂျင်းတွင် ပြောကြားလိုက်သည်။

ဂျန်ယုက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ၌ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ သိပ္ပံ နှင့် နည်းပညာဆိုင်ရာ သဘောတူညီမှု အတွဲပေါင်း များစွာကို နှစ်ဖက် လက်မှတ် ရေးထိုးခဲ့ကြသည့် ဆွေးနွေးပွဲများတွင် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်လည်း ပါဝင် တက်ရောက်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာ စစ်ဖက် အစိုးရ၏ အဓိက မဟာမိတ်နှင့် ကုန်သွယ်ဘက် ဖြစ်ပြီး အနောက်နိုင်ငံများက ပစ်ပယ်ထားသော မြန်မာနိုင်ငံမှ မက်လောက်စရာ သဘာဝ သယံဇာတများကို ထုတ်ယူရန် ဆန္ဒ ပြင်းပနေသော နိုင်ငံဖြစ်သည်။ ၂၀၀၉ နိုဝင်ဘာလတွင် တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ CNPC က မြန်မာပြည်ကို ဖြတ်သန်း၍ ပိုက်လိုင်း တည်ဆောက်မှုကို စတင်ခဲ့သည်။

သို့သော်လည်း မနှစ်က သြဂုတ်လတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စွန်နယ်ဖျား ဒေသ၌ အစိုးရ တပ်ဖွဲ့များနှင့် ကိုးကန့် လက်နက်ကိုင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပြေး ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်နိုင်ငံထဲ ဝင်ပြေးခဲ့ကြသဖြင့် အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားလု နီးပါး ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.