Transparency Myanmar

transparency.myanmar@gmail.com

ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့သော ကိုရီးယား ကျွန်းဆွယ်အနီး ပင်လယ်ဝါ အတွင်းသို့ အမေရိကန် ရေတပ် လေယာဉ်တင် သင်္ဘော USS George Washington ကို လွှတ်ရန် အမေရိကန် အစိုးရက အတည်ပြုလိုက်ပြီ ဟူသော ကိစ္စမှာ မှန်ကန်မှု မရှိကြောင်း ဝါရှင်တန်က ငြင်းပယ်လိုက်သည်။

အမေရိကန် စစ်ဘက် အရာရှိနှစ်ဦး အဆိုအရ ကိုရီးယား အခြေစိုက် အမေရိကန် တပ်ဖွဲ့ အနေဖြင့် မကြာမီ ကာလအတွင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ ယခု အချိန်အထိ ကြေညာချက် မထုတ်ရသေးသောကြောင့် တရားဝင် ပြောဆိုမှု မလုပ်နိုင်ကြောင်း အဆိုပါ အရာရှိ နှစ်ဦးက ဆိုသည်။

သို့သော် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် Geoff Morrell က "ဘယ် လေယာဉ်တင် သင်္ဘော တစ်စီးတလေမှ အဲဒီကိုရီးယား ကျွန်းဆွယ်နားကို သွားမှာ မဟုတ်ပါဘူး" ဟု CNN သတင်းဌာနသို့ ပြောသည်။ မည်သို့ပင် ဆိုစေကာမူ အမေရိကန် စစ်ဘက် အရာရှိကြီးများသည် တပ်များ ဖြန့်ရန် ပြင်ဆင်လျက် ရှိကြသကဲ့သို့ ပင်တဂွန်က ကြေညာချက် တစ်ရပ် ထုတ်ပြန်လိမ့်မည်ဟုလည်း မျှော်လင့်နေကြသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က တောင်ကိုရီးယား ပင်လယ်ပြင် အတွင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော စေလွှတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ မသိရှိသေးကြောင်း ပြောကြားသည်။ အမေရိကန် စစ်တပ်နှင့် တောင်ကိုရီးယား စစ်တပ်တို့ စစ်ရေး ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး နောက်ထပ် တိုးမြှင့် လုပ်ဆောင်မှုများ ပြုလုပ်ရန်မှာ ဆွေးနွေး တိုင်ပင်လျက်ပင် ရှိသည်ဟု မစ္စတာ Robert Gates က ပြောသည်။ သို့သော် ဆုံးဖြတ်ချက် တစ်စုံတရာ မချမှတ်ရသေးဟု ၎င်းက ဆိုသည်။

ရေတပ် သင်္ဘောများ တောင်ကိုရီးယား ရေပိုင်နက်အတွင်း ဖြန့်ကျက်မှုမှာ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု အသွင်ဖြင့်သာ ထွက်ပေါ်လာမည် ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယား စစ်သင်္ဘောများ တောင်ကိုရီးယား ရေပိုင်နက်အတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ တောင်ကိုရီးယားပိုင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟူသော စွပ်စွဲမှုများကို တုံ့ပြန် ဆောင်ရွက်သွားရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ သန္နိဋ္ဌာန် ချမှတ်ထားသည်။

နှစ်နိုင်ငံ ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုတွင် မည်သည့် လေယာဉ်တင် သင်္ဘော အမျိုးအစား ပါဝင်မည် ဟူသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သို့သော် တောင်ကိုရီးယား ရေတပ်သင်္ဘော နှင့်အတူ အမေရိကန် ဖျက်သင်္ဘောနှင့် ရေငုပ်သင်္ဘောတို့က လိုက်လံ လေ့ကျင့်မှု ပြုမည်ဟု အမေရိကန် စစ်ဘက်အရာရှိများက ဆိုသည်။ အမေရိကန် စစ်သင်္ဘောများသည် အဆိုပါ အစီအစဉ်နှင့် ခွဲထွက်ပြီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ရှိသည်ဟု ယခင်က ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။

သို့သော် အဆိုပါ လေ့ကျင့်မှုသည် တောင်ကိုရီးယားအတွက် အကာအကွယ် ပေးမည်ဟု အမေရိကန် ပြည်ထောင်စုက ကတိပြုထားသည့် ကိစ္စနှင့် ပတ်သက်သည် ဟူသော အချက်ကို ထုတ်ဖော် ပြသရာ ရောက်သည်။ အမေရိကန် ရေတပ်သည် ပြီးခဲ့သည့် နှစ်အတွင်းက ကိုရီးယား ကျွန်းဆွယ်အနီး ပင်လယ်ဝါ အတွင်းသို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် လေယာဉ်တင် သင်္ဘောတစ်စင်း စေလွှတ်ခဲ့ဖူးသည်။

မြောက်ကိုရီးယားမှာမူ တောင်ကိုရီးယားပိုင် ချိုနန် စစ်သင်္ဘောကို တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုခံထားရသည်။ ချိုနန်သင်္ဘော နစ်မြုပ်မှုကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံကို အရေးယူပေးပါရန် တောင်ကိုရီးယား အစိုးရက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းထားကြောင်း သမ္မတ လီမြောင်ဘတ်က အတည်ပြု ပြောကြားသည်။

"မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့လုပ်ရပ် မှားယွင်းပါတယ် ဆိုတာကို ဝန်ခံလာအောင် သတ္တိမွေးပေးဖို့ ကိစ္စဟာ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်" ဟု တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က မေလ ၄ ရက်နေ့ စင်ကာပူနိုင်ငံတွင် ပြုလုပ်သော နိုင်ငံတကာ လုံခြုံရေး ကွန်ဖရင့်၌ ပြောကြားသည်။ "မြောက်ကိုရီးယား အနေနဲ့ အခုလို ပြစ်တင် ရှုတ်ချထိုက်တဲ့ အပြုအမူမျိုး ဘယ်တော့မှ မပြုလုပ်တော့ပါဘူး ဆိုတာ ဝန်ခံ ကတိပြုရပါမယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်သလို မြောက်ကိုရီးယားရဲ့ အကျိုးစီးပွား အတွက်လည်း ဖြစ်တယ်" ဟု မစ္စတာ လီမြောင်ဘတ်က ပြောသည်။

ချိုနန်သင်္ဘော နစ်မြုပ်မှုအတွက် လုံခြုံရေးကောင်စီ အနေဖြင့်မည်သို့ အရေးယူ ဆောင်ရွက်သင့်သည် ဟူသော အသေးစိတ်အချက်ကို တောင်ကိုရီးယားက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ တောင်ကိုရီးယား အစိုးရ အဆိုအရ ချိုနန်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လုံခြုံရေး ကောင်စီ အနေဖြင့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ဗီတိုအာဏာ သုံးခွင့်ရှိသော အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံ၏ အတည်ပြုချက် ရမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ တရုတ်သည် မြောက်ကိုရီးယား၏ နီးကပ်သော မိတ်ဆွေနိုင်ငံ ဖြစ်သည်။

တောင်ကိုရီးယားက ဦးဆောင်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက် ဖြစ်သော မြောက်ကိုရီးယား တော်ပီတိုကြောင့် ချိုနန်သင်္ဘော နစ်မြုပ်ရသည် ဟူသော ကိစ္စအပေါ် တရုတ်နိုင်ငံက ယနေ့အချိန်အထိ ထင်မြင် သုံးသပ်ချက် မပေးသေးပေ။

မေလ ၄ ရက်နေ့ ရက်စွဲဖြင့် လုံခြုံရေး ကောင်စီသို့ ပေးပို့သော စာတွင် တောင်ကိုရီးယား အစိုးရက "မြောက်ကိုရီးယား၏ စစ်ရေးအားဖြင့် ရန်စသည့် သဘောထားကို တုံ့ပြန် အရေးယူ ပေးစေလိုသည်" ဟု ရေးသားထားသည်။ လုံခြုံရေးကောင်စီ၏ အရေးယူ ဆောင်ရွက်ချက်သည် အနာဂတ် ကာလအတွင် အလားတူ တိုက်ခိုက်မှုများ မပြုလုပ်ရန် ကောင်းစွာ ဟန့်တားနိုင်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂ ဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး Park In Kook က ဖြည့်စွက် ပြောဆိုသည်။

ဤအတောအတွင်းမှာပင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က လုံခြုံရေး ကောင်စီက အဆိုပါ အရေးကိစ္စကို ဖြေရှင်းမှု မပြုလုပ်သေးသရွေ့ အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ဆိုင်းငံ့ထားဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

ယင်းသို့ နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှု ဆိုင်းငံ့ထားခြင်းသည် တရုတ်နိုင်ငံကို အမျက် မထွက်စေရန် ဖြစ်နိုင်ခြေ ရှိသည်ဟု တောင်ကိုရီးယား နိုင်ငံတွင် ထင်မြင် သုံးသပ်လျက် ရှိသည်။ လုံခြုံရေး ကောင်စီသည် ယခုအခါ အီင်္ရန်နိုင်ငံအပေါ် ပိုမိုတင်းကြပ်သည့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရေး၊ ဂါဇာဒေသတွင် အကူအညီ ပေးရေး ယာဉ်တန်းကို အစ္စရေးက စီးနင်း တိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုပြုရေး အစရှိသည် တို့အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိရာ မြောက်ကိုရီးယား အရေးကိစ္စမှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ဖွယ် ရှိသည်ဟု ကောင်စီ၏ သံတမန်များက ပြောကြားသည်။

တောင်ကိုရီးယားကလည်း လုံခြုံရေး ကောင်စီ အနေဖြင့် မြောက်ကိုရီးယား ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ် လာနိုင်ရေးအတွက် ၎င်း၏ မဟာမိတ် နိုင်ငံများကို စည်းရုံး သိမ်းသွင်းလျက် ရှိသည်။

စင်ကာပူနိုင်ငံတွင် ပြုလုပ်သော နိုင်ငံတကာ လုံခြုံရေး ဖိုရမ်တွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ချိုနန် စစ်သင်္ဘော နစ်မြုပ်အောင် လုပ်ခဲ့သော မြောက်ကိုရီးယား၏ လုပ်ရပ်သည် အထီးကျန်နေသူ တစ်ဦး၏ အပြုအမူထက် ရန်မူလိုသော ပုံစံမျိုး ဖြစ်နေသည် ဟူသော သဘောမျိုးဖြင့် ပြောဆိုခဲ့သည်။ "မြောက်ကိုရီးယားသည် ကျွန်ုပ်တို့ တောင်ကိုရီးယားကို အချိန်နှင့်အမျှ တိုက်ခိုက်ခဲ့သူ ဖြစ်သည်" ဟု မစ္စတာ လီမြောင်ဘတ်က ပြောသည်။

၁၉၈၃ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်သော တောင်ကိုရီးယား ကက်ဘိနက် အဖွဲ့ဝင်များကို မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့ရာ တောင်ကိုရီးယား အရာရှိကြီး ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ၁၉၈၇ ခုနှစ် ကိုရီးယား လေကြောင်းလိုင်းကို ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၁၁၅ ဦး သေဆုံးခဲ့ရကြောင်း မစ္စတာ လီမြောင်ဘတ်က မြောက်ကိုရီးယား၏ လုပ်ရပ်များကို ထောက်ပြ ပြောဆိုသည်။

New York Times သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား အနေဖြင့် တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှုအပေါ် တာဝန်ယူ ဖြေရှင်း လာစေရေးအတွက် အမေရိကန် ပြည်ထောင်စုက နောက်ထပ် ဖိအားပေး ဆောင်ရွက်မှုများ ပြုလုပ်ရန် အလေးအနက် စဉ်းစားလျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး Robert Gates က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ပြုလုပ်သော အာရှ လုံခြုံရေး ကွန်ဖရင့်၌ မစ္စတာ Gates က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။ "မည်သည့် အရေးယူ ဆောင်ရွက်ချက် တစ်ခုမျှ မပြုလုပ်ဘဲ နေခြင်းသည် ဆိုးဝါးသော အလေ့အထကိုသာ ဖြစ်ပေါ်စေမည်" ဟု မစ္စတာ Gates ပြောဆိုသည်။ သို့သော် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယားအပေါ် နောက်ထပ် ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခြင်း ရှိ၊မရှိ ဟူသော အချက်ကို ပြောဆိုခဲ့ခြင်း မရှိပေ။

တောင်ကိုီရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှုသည်နှင့် ပတ်သက်၍ မြောက်ကိုရီးယားက ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းပယ်နေမှုသည် ရယ်စရာ ကောင်းနေကြောင်း တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ပြောသည်။

လုံခြုံရေး ကွန်ဖရင့်တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မစ္စတာ Gates က တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နှင့် စစ်ရေးအရ ပူးပေါင်း လုပ်ကိုင်မှုများကို ပြန်လည် စတင်သင့်ကြောင်း တိုက်တွန်းသည်။

တရုတ်က အမေရိကန်နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဆိုင်းငံ့ထားခြင်းသည် အာရှဒေသ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသည်ဟု ၎င်းက ပြောသည်။

မတ်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ချိုနန် အမည်ရ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနောက်ပိုင်း ယနေ့အချိန်အထိ တောင်-မြောက်ကိုရီးယား ဆက်ဆံရေးမှာ လွန်စွာ တင်းမာလျက် ရှိသည်။

မြောက်ကိုရီးယားက အဆိုပါ ဖြစ်ရပ်သည် မိမိတို့နှင့် သက်ဆိုင်မှု မရှိကြောင်း အတန်တန် ငြင်းပယ်လျက် ရှိသော်လည်း နိုင်ငံတကာ စုံစမ်း လေ့လာရေးအဖွဲ့များ ဖော်ထုတ်သော သက်သေ အထောက်အထားများအရ မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မစ္စတာ Gates ကမူ ချိုနန်သင်္ဘော တိုက်ခိုက်ခံရမှုသည် မြောက်ကိုရီးယား၏ ရန်မူလိုသော သဘောထားနှင့် မိုက်ကန်းသော အပြုအမူကြောင့် ဖြစ်သည်ဟု ဆိုသည်။

"မြောက်ကိုရီးယားဟာ ရန်ပြုလိုတဲ့ အပြုအမူကို အမြန်ဆုံး ရပ်တန့်ပစ်ရပါမယ်။ ရန်မူတဲ့ သဘောမျိုး မဟုတ်တဲ့ ပုံစံနဲ့ သွားမယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြသရမှာ ဖြစ်ပါတယ်" ဟု မစ္စတာ Gates က သတိပေး ပြောကြားသည်။

တောင်ကိုရီးယား အစိုးရက ချိုနန်သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုရီးယားကို အရေးယူ ဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီ အနေဖြင့် မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်စေလိုသည် ဟူသော အချက်ကို တောင်ကိုရီးယားက အသေးစိတ် ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးသော်လည်း သံတမန်ရေးအရ ဖြေရှင်းရန် ကြိုးပမ်းမှုများ အားလုံးမှာ ယခုအခါ မြောက်ကိုရီးယား၏ အနီးကပ် မိတ်ဆွေ တရုတ်နိုင်ငံအပေါ် ကျရောက်နေသည်။

တရုတ်၏ ကျောထောက်နောက်ခံ ပေးမှု မပါဝင်ဘဲ မြောက်ကိုရီးယားအပေါ် အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းနေမှု အားလုံးသည် အောင်မြင်မှု ရှိမည် မဟုတ်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘော တူညီချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြောင်း မီဒီယာ သတင်း ပေးပို့ချက်များက ဆိုသည်။ မစ္စတာ ဝမ်ကျားပေါင် ကိုယ်တိုင်ကလည်း ယခု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဆင့်တစ်ခုသို့ တိုးမြှင့် ရောက်ရှိသွားသည်ဟု ဆိုသည်။

မိမိနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်တို့ နှစ်ဦးသည် မြန်မာ-တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ဖြစ်ပေါ်ရေးကို အကာအကွယ် ပေးရေးနှင့် ပတ်သက်ပြီး ကျယ်ပြန့်သော နားလည်မှု ရရှိခဲ့ကြသည်ဟု မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။

နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဆက်လက် အကောင်အထည် ဖော်ရန်အတွက် သိသာ ထင်ရှားသော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည် ဟု မစ္စတာဝမ်က မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြောသည်။

တရုတ်သည် အရှေ့တောင် အာရှနိုင်ငံတစ်ခု ဖြစ်သော မြန်မာနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမှု ပြုလုပ်သော နိုင်ငံ အနည်းငယ်တွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ သို့သော် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ယခုနှစ်များအတွင်း နယ်စပ်ဒေသ တစ်လျှောက် ဖြစ်ပွားခဲ့သော မတည်မငြိမ်မှုများကြောင့် ကတောက်ကဆ ဖြစ်ခဲ့ရသည်။

တောတောင် ထူထပ်ပြီး မြို့ပြနှင့် အလှမ်းဝေးကွာသော မြန်မာ-တရုတ် နယ်စပ် ဒေသ တစ်လျှောက်တွင် စစ်အစိုးရကို ဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက ခြေကုပ်ယူ ထိန်းချုပ်ထားရာ တရုတ်နိုင်ငံအတွက် နယ်စပ်ဒေသနှင့် ပတ်သက်၍ ရတက်မအေး ဖြစ်ခဲ့ရသည်။

အချို့သော နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ အဓိက လုပ်ဆောင်ပြီး တရုတ် နိုင်ငံအတွင်းသို့ တင်ပို့ ရောင်းချလျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း မြန်မာ စစ်တပ်က အင်အား အနည်းငယ်သာ ရှိသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစ်ခုကို စစ်ရေးဖြင့် နှိမ်နင်းခဲ့ရာ အဆိုပါ ဒေသတွင် နေထိုင်သူ ပြည်သူ ၃၇၀၀၀ ခန့် ဒုက္ခသည်အဖြစ် တရုတ်ပြည်ထဲသို့ ဝင်ရောက် ခိုလှုံခဲ့ကြရသည်။

ယခု တရုတ် ဝန်ကြီးချုပ်၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အစရှိသည်တို့တွင် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူ စာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့ကြောင်း Xinhua သတင်းဌာနက ဆိုသည်။

တရုတ်က မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့များ ပိုမို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်ဟု Xinhua သတင်းဌာနက ဆိုသော်လည်း အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပေ။

မစ္စတာ ဝမ်ကျားပေါင် မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိစဉ် အထက်ပါ သဘော တူညီချက်များကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်သည် နေပြည်တော်တွင် မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံ ပူးပေါင်းပြီး စွမ်းအင်နှင့် သယ်ယူ ပို့ဆောင်ရေး စီမံကိန်းများကို အကောင်အထည် ဖော်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားသင့်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံပိုင် စွမ်းအင် တူးဖော်ရေး အုပ်စု ဖြစ်သော CNCP က မြန်မာနိုင်ငံတွင် ရေနံ တူးဖော်ရေး ဆိပ်ကမ်းတစ်ခုကို ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင် အကောင်အထည် ဖော်ခဲ့သည်။ ယင်းစီမံကိန်းသည် တရုတ်ပြည်သို့ ရေနံ တင်ပို့ရာ၌ မဟာဗျူဟာအရ အားနည်းချက်ရှိပြီး ရေကြောင်း သွားလာရေးတွင် ရေလမ်းကြောင်းအရ ပိတ်ဆို့ ကျပ်ညပ်မှု ရှိသော မလက္ကာ ရေလက်ကြားကို ရှောင်ရှားရန် အဓိက ဦးတည်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရုတ် အစိုးရက အထိတ်တလန့်ဖြစ်မှုများ ရှိနေသည့်တိုင် တရုတ် မီဒီယာများ၏ သတင်း ပေးပို့ချက်အရ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တဖြည်းဖြည်းချင်း နီးကပ်လာကြောင်း သိရသည်။ နိုင်ငံရေး လေ့လာ အကဲခတ်သူများက ယခုနှစ် ရွေးကောက်ပွဲက တရုတ်-မြန်မာ နယ်စပ် ဒေသများတွင် တင်းမာမှုများ ပေါ်ပေါက်လာနိုင်သည်ဟု ခန့်မှန်း ပြောဆိုလျက် ရှိသည်။

မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲကို မည့်သည့် နေ့ရက်တွင် ကျင်းပမည် ဟူသော အချက်ကို မသိရှိရသေးသော်လည်း မြန်မာအစိုးရ အတိုက်အခံ အများစုက အဆိုပါ ရွေးကောက်ပွဲသည် စစ်တပ်အာဏာ သက်ဆိုးရှည်စေရန်သာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး အသွင်ဖြင့် ဟန်ဆောင် ပြောင်းလဲရန် ကြိုးပမ်းမှု တစ်ခုသာ ဖြစ်ကြောင်း ပြစ်တင် ဝေဖန်ကြသည်။

မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်သို့ ဝင်ရောက်ကာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်စေလိုသည်။

ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်အနေဖြင့် မြန်မာ ရွေးကောက်ပွဲ ကိစ္စကို ဆွေးနွေးမှု ပြုမည်၊ မပြုမည် ဟူသော အချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ သို့သော် ဘေဂျင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် ပြဿနာ ကင်းသော ရွေးကောက်ပွဲ တစ်ရပ်သာ ပေါ်ပေါက်စေလိုသည်ဟု ပြောဆိုသည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Saw Yan Naing, 5th June 2010

မြန်မာ အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်သည် စင်္ကာပူနိုင်ငံတွင် ဇွန်လ ၄ - ၆ ရက်ထိ ပြုလုပ်မည့် အာရှ ပစိဖိတ် လုံခြုံရေး ထိပ်သီး အစည်းအဝေးမှ ရှန်ဂရီလာ ဆွေးနွေးပွဲသို့ တက်ရောက်လိမ့်မည် မဟုတ်ကြောင်း သိရှိရသည်။

အဆိုပါ ထိပ်သီး အစည်းအဝေးသို့ ကာကွယ်ရေး ဝန်ကြီးများ၊ ပညာရှင်များနှင့် လုံခြုံရေးဆိုင်ရာ ပညာရှင်များ တက်ရောက်ပြီး အာရှ ပစိဖိတ် လုံခြုံရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ရာ၊ အမြောက်အမြား ပျက်စီးစေမည့် လက်နက်များ၊ ဇီဝလက်နက်များနှင့် လူသားချင်း စာနာခြင်း ဆိုင်ရာနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ကိစ္စများ ပါဝင်မည် ဖြစ်သည်။

ဗိုလ်ချုပ် အေးမြင့် မတက်ရောက်ခြင်း အကြောင်းရင်းမှာ သောကြာနေ့က ဒိုဟာ အခြေစိုက် Al Jazeera ရုပ်မြင်သံကြားဌာနက မှတ်တမ်းကား ထုတ်လွှင့်ပြီး မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များကို သက်သေ အထောက်အထားများဖြင့် ဖော်ထုတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လေ့လာသူများက မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များ ကိစ္စကို မေးခွန်းများ မေးလာနိုင်သဖြင့် ရှောင်ရှားသည့် အနေဖြင့် အစည်းအဝေး မတက်ရောက်ခြင်း ဖြစ်သည်ဟု ပြောကြားကြသည်။

"တစ်ယောက်ယောက်က တစ်ခုခု မေးလာခဲ့ရင်၊ သူ တစ်ခုခုတော့ ပြန်ဖြေရမယ်လေ။ ဒါကြောင့် မတက်တော့တာပေါ့" ဟု တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဦးချန်ထွန်းက ပြောသည်။

အဆိုပါ အစည်းအဝေးတွင် သောကြာနေ့က ဆွေးနွေးကြသည့် အကြောင်းအရာ တစ်ရပ်မှာ မတ်လ ၂၆ ရက်နေ့က နစ်မြုပ်သွားခဲ့သော တောင်ကိုရီးယား စစ်သင်္ဘော ကိစ္စ ဖြစ်သည်။

တောင်ကိုရီးယား သမ္မတ Lee Myung-bak သည် အဆိုပါ တိုက်ခိုက်မှု အတွက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တောင်းဆိုထားသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်သော မြန်မာ ပညာရှင်တစ်ဦး ဖြစ်သူ ဒေါက်တာ ဇာနည်၏ အဆိုအရ Lee Myung-bak က ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်စဉ် မြောက်ကိုရီးယား အေးဂျင့်များ၏ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ (၁၇) ဦး သေဆုံးရပုံကိုလည်း ပြန်လည် ဖော်ပြခဲ့သည်ဟု သိရှိရသည်။

သို့သော် မြောက်ကိုရီးယားက လက်ရှိ မြန်မာနိုင်ငံသို့ ပေးနေသော စစ်ရေး အကူအညီများ ကိစ္စကိုမူ Lee က ဖော်ပြခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ အရေးယူမှုကို ရှောင်၍ လက်တစ်လုံးခြားအဖြစ် ကြားခံကုမ္ပဏီများ၊ နိုင်ငံရပ်ခြားရှိ ရာဇဝတ်မှု ကွန်ရက်များကို အသုံးပြု၍ နျူကလီယာနှင့် နျူကလီယာ ထိပ်ဖူးတပ် ဒုံးကျည် နည်းပညာများ တင်ပို့ ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ၎င်း၏ သုတေသနပြုချက်များအရ ပြုံးယမ်းသည် ပိတ်ပင်ထားသော နျူကလီယာနှင့် ထိပ်ဖူးတပ် လက်နက် ရောင်းဝယ်မှုတွင် အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံတို့နှင့် ပတ်သက်နေကြောင်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, By Anne Gearan, 5th June 2010

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က တရုတ်နိုင်ငံအား အမှန်တရား အပေါ်တွင် အခြေခံသည့် ဆက်ဆံရေးများ အတွက် လတ်တလော ကိစ္စနှင့် ရေရှည်ကိစ္စ မေးခွန်းများ ထုတ်၍ စိန်ခေါ်ခဲ့သည်။ ပထမ မေးခွန်းမှာ အားလုံး ဆန့်ကျင်နေသော မြောက်ကိုရီးယား အပေါ် မည်သို့ တုန့်ပြန်မည်နည်း ဆိုသည့်ကိစ္စ ဖြစ်ပြီး၊ ရေရှည် အတွက် Beijing ၏ စစ်ရေး တိုးချဲ့မှုများသည် အမေရိကန်နှင့် ပိုမို ခိုင်ခံ့သော ဆက်ဆံရေးများ ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းခဲ့သည်။

အာရှနိုင်ငံများသည် တောင်ကိုရီးယား သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယား၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ ရင်ဆိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း စနေနေ့က အာရှ ပစိဖိတ် လုံခြုံရေး ညီလာခံတွင် ပြောကြားခဲ့သည်။

"ဘာမှမလုပ်ဘဲ နေခြင်းဟာ မှားယွင်းသော စံများကို ဖြစ်စေပါတယ်" ဟု Gates က ပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် တရုတ်နိုင်ငံအား မြောက်ကိုရီးယားအား နိုင်ငံတကာ၏ ရှုတ်ချမှုနှင့် ပြစ်ဒဏ်ပေးမှု အသစ်များ အပေါ် ထောက်ခံစေလိုသည်။

Gates သည် တောင်ကိုရီးယား နှင့်အတူ သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားတွင် အပြစ်ရှိကြောင်း ကောက်ချက်ချရန်နှင့် အရေးယူနိုင်ရန် ထောက်ခံရေး အတွက် ကမ္ဘာ့နိုင်ငံများအား စည်းရုံးလျက် ရှိသည်။ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူများသည် သင်္ဘော နစ်မြုပ်မှု အတွက် နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များကို လက်ကမ်းစာစောင်တွင် ရိုက်နှိပ်၍ ဖြန့်ဝေလျက် ရှိသည်။

မြောက်ကိုရီးယား၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ တရုတ်နိုင်ငံသည် သင်္ဘော နစ်မြုပ်မှု အတွက် မည်သည့် အပြစ်တင်မှုမျှ ပြုလုပ်ခြင်း မရှိသေးပေ။

လုံခြုံရေး ညီလာခံ နှစ်ရက်တာ ကာလအတွင်း Gates သည် တောင်ကိုရီးယား တာဝန်ရှိသူများနှင့် အကြိမ် အတော်မျာများ တွေ့ဆုံခဲ့ပြီး၊ စနေနေ့က တောင်ကိုရီးယား၊ ဂျပန်တို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ ဝါရှင်တန်သည် ပစိဖိတ် အတွင်း အမေရိကန်တို့၏ စစ်ပွဲများကြောင့် အမွေဆိုးများ ရရှိကြမည့် အဆိုပါ နှစ်နိုင်ငံအတွက် ခုခံ ကာကွယ်မှုများ ပြုလုပ်နိုင်ရန် စီမံလျက် ရှိသည်။

သုံးနိုင်ငံ ဆွေးနွေးပွဲတွင် Gates က နောက်ထပ် ရန်စလာနိုင်သည့် ကိစ္စများအတွက် တားဆီးနိုင်ရန် သုံးနိုင်ငံ စုစည်း ညီညွတ်သော တပ်ဦးတစ်ခု ရှိရမည် ဖြစ်ကြောင်း ထောက်ပြခဲ့သည်ဟု ပင်တဂွန်မှ သတင်း ထုတ်ပြန်ရေး အရာရှိ Geoff Morrell က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် သောကြာနေ့က သင်္ဘော နစ်မြုပ်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြခဲ့သည်။ လုံခြုံရေး ကောင်စီသည် ပြစ်ဒဏ် ချမှတ်နိုင်သည့် အာဏာ ရှိသည်။ တရုတ်နိုင်ငံသည် လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ ရှိသော ငါးနိုင်ငံတွင် ပါဝင်သော တစ်နိုင်ငံ ဖြစ်သည်။

တရုတ်နိုင်ငံသည် ကွန်မြူနစ် မြောက်ကိုရီးယား၏ အကြီးဆုံး နာယကကြီး ဖြစ်ပြီး အပယ်ခံ အစိုးရကို စီးပွားရေးနှင့် နိုင်ငံရေး အရ နွေးထွေးမှုများ ပေးခဲ့သည်။ ထို့ကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားသည် တရုတ်နိုင်ငံအား အဆိုပါ သြဇာ လွှမ်းမိုးမှုကို သုံး၍ မြောက်ကိုရီးယား အပေါ် ကြိုးကိုင်ရန် အလိုရှိနေကြသည်။

ယခု လုံခြုံရေး ညီလာခံတွင် Gates က တရုတ်က မြောက်ကိုရီးယားကို ပေးနေသော ငွေကြေးနှင့် သံတမန်ရေး ပံ့ပိုးမှုများနှင့် ပတ်သက်၍ ဖော်ပြခဲ့ခြင်း မရှိပါ။ သို့သော် ယခုကဲ့သို့ အန္တရာယ် ကြီးမားသော ရန်စမှုမျိုးကို ဒေသတွင်း နိုင်ငံများက ဝိုင်းဝန်းဖော်ထုတ်ကြရန် ပြောခဲ့သည်။

Gates က ထိုသို့ ပြောကြားခဲ့ အပြီးတွင် တင်းမာစွာ ပြန်လည် ပြောကြားမှုများ ရှိခဲ့ရာ တရုတ် ဗိုလ်ချုပ်က ဝါရှင်တန်သည် မြောက်ကိုရီးယား အပေါ်တွင်သာ တစ်ဖက်သတ် ဝေဖန်နေကြောင်း၊ ပြီးခဲ့သည့် အပတ်က အစ္စရေး ကွန်မင်ဒိုများသည် မြေထဲပင်လယ်တွင် အကူအညီပေးသော ပစ္စည်းများ တင်လာသော သင်္ဘောကို ဝင်ရောက် စီးနင်းသည့် ကိစ္စကိုမူ မည်သို့မျှ ပြောကြားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

"အဲဒီ အဖြစ်အပျက် နှစ်ခု အပေါ်မှာ အမေရိကန်ရဲ့ ခံယူချက်နှင့် မူဝါဒတို့ဟာ ကွာဟချက် ကြီးမားတာကို တွေ့ရပါလိမ့်မယ်" ဟု တရုတ် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှ ဗိုလ်ချုပ် Zhu Chenghu က ပြောကြားခဲ့သည်။

Gates က ပြောကြားရာတွင် တောင်ကိုရီးယား စစ်သင်္ဘောအား တိုက်ခိုက်မှုမှာ သတိပေးခြင်း မရှိဘဲ ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစ္စရေးကမူ အဆိုပါ သင်္ဘောကို ၎င်း၏ ရေပိုင်နက်သို့ ဝင်မလာရန် သတိပေးချက်များ ပေးထားခဲ့ကြောင်း ပြောခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မည်သူ့အမှား ဖြစ်သည်ကို မိမိ အကဲမဖြတ်လိုကြောင်း၊ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ကသာ ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း Gates က ပြောကြားခဲ့သည်။

တရုတ်ဗိုလ်ချုပ်က Gates အား တရုတ်အား သေရာပါ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော တိုင်ဝမ်အား အမေရိကန်က လက်နက် ရောင်းချခဲ့မှုကို ပြောကြားခဲ့ရာ၊ Gates က တရုတ် စစ်တပ်သည် အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေး ပြုလုပ်ရန် တုံ့ဆိုင်းနေကြောင်း ခိုင်မာစွာ ပြောကြားခဲ့သည်။

"ကျွန်တော်တို့က အမေရိကန်ကို လုပ်ဖော်ကိုင်ဖက် တစ်ဦးလို၊ သူငယ်ချင်း တစ်ဦးလို မှတ်ယူပါတယ်။ အမေရိကန်ကသာ ကျွန်တော်တို့ကို ရန်သူလို သဘောထားနေတာပါ" ဟု Zhu က ပြောသည်။

တရုတ်အနေဖြင့် Obama အစိုးရက တိုင်ဝမ်သို့ ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် စီစဉ်ပြီးနောက်ပိုင်း အမေရိကန်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများကို ရပ်ဆိုင်းထားမှုအား ပြန်လည် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် Gates က စိန်ခေါ်ခဲ့သည်။ အင်အားကြီး နှစ်နိုင်ငံ အနေဖြင့် တစ်ဦးနှင့် တစ်ဦး အထင်လွဲရန် မကြိုးစားသင့်ကြောင်း Gates က ပြောသည်။

Zhu က ပြောကြားရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလက စ၍ အချို့ အဆက်အသွယ်များ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း ပြောခဲ့ပြီး၊ မည်သည့် ကတိပေးမှုကိုမျှ မပြုခဲ့ချေ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Alberteinstein.strips4you.com, 2nd June 2010

အဲယ်လဘတ် အိုင်းစတိုင်း၏ စကားကို ကိုးကား၍ ပြောရမည် ဆိုပါက ရူးသွပ် မိုက်မဲခြင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အကြောင်းအရာ တစ်ခုတည်းကို ထပ်ကာထပ်ကာ ပြုလုပ်၍ ခြားနားသော ရလဒ်များကို မျှော်လင့်နေခြင်းဟု ဆိုသည်။ မမျှော်လင့်စွာပင် "ရူးသွပ် မိုက်မဲမှု အပေါ် အိုင်းစတိုင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်" သည် လွန်ခဲ့သည့် ၁၇ နှစ်ခန့် အတွင်း မြန်မာနိုင်ငံမှ စိတ်မချမ်းမြေ့ဖွယ် အနေအထားကို ကုလသမဂ္ဂက ကိုင်တွယ်ပုံနှင့် အံဝင်ခွင်ကျ တိုက်ဆိုင်နေသည်။

မြန်မာနိုင်ငံ၌ ၁၉၉၁ ခုနှစ်က ဥပဒေကြောင်းအရ ရွေးချယ် တင်မြှောက်သော အစိုးရကို မြန်မာ စစ်ဖက် အစိုးရက အသိအမှတ် ပြုရန် ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ကုလ အထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေး ကော်မရှင်တို့က မြန်မာ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများ ရပ်ဆိုင်းသွားစေရန် ရည်ရွယ်ကာ သီးခြား ဆုံးဖြတ်ချက် စုစုပေါင်း ၂၉ ခု ကို ထုတ်ပြန်ခဲ့သည်ကို စဉ်းစားကြည့်နိုင်သည်။ တစ်ဖက်ကို ကြည့်ပါက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် တစ်ခုခြင်းကို မြန်မာ ခေါင်းဆောင်ပိုင်းက လုံးဝ လျစ်လျူရှုခဲ့သည်ကို တွေ့ရသည်။

အထက်ပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအပြင် တိုင်းပြည်က လက်ခံ တင်မြှောက်ထားသည့် အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစေရန် ကြိုးပမ်းသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လွန်ခဲ့သည့် ၁၅ နှစ် အတွင်း ၁၂ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သည်။ စိတ်မကောင်းဖွယ်ရာမှာ မြန်မာ စစ်ဖက် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တိုင် အကျယ်ချုပ် ဖမ်းဆီးထားဆဲ ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗဲကလက်ဟာဗယ် နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ကုလလုံခြုံရေး ကောင်စီသို့ တင်ပြရန် အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာကို ရေးသားခဲ့သည်။ ၂၀၀၅ ဟာဗယ်/တူးတူး အစီရင်ခံစာသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်ဖက် အာဏာရှင်တို့၏ အကြောင်းကို ပြည့်စုံစွာ ဖော်ပြထားသည့် စွပ်စွဲချက် တစ်ခု ဖြစ်သည်။ မြန်မာ စစ်တပ်သည် ကလေးအရွယ် ယောက်ျားလေးများကို ဖမ်းဆီး ခေါ်ဆောင်ကာ အသက် ၁၁ နှစ် အရွယ်တွင် လက်နက် ကိုင်တွယ် အသုံးပြုနည်း လေ့ကျင့် သင်တန်းပေးနေသည်ဟု အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။ ယခု ပုံစံအတိုင်း စစ်တပ်ထဲသို့ အတင်းအကြပ် ခေါ်ယူထားသော ကလေးပေါင်း ၇၀,၀၀၀ နီးပါး ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဦးဆောင် ဟီးရိုးအင်း ထုတ်လုပ်သူ ဖြစ်သလို မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုတွင်လည်း ကြီးမားစွာ ပါဝင် ပတ်သက်နေသည်။

ထိန်းချုပ်မရ ပျံ့နှံ့နေသော မူးယစ်ဆေးနှင့် ကလေးသူငယ် အလွဲသုံးမှုများအပြင် ထောင်ပေါင်း များစွာသော မြန်မာ တိုင်းရင်းသား ကျေးရွာများကိုလည်း စစ်ဖက် အစိုးရက စနစ်တကျ ဖျက်ဆီးပစ်ခဲ့သည်။ မြန်မာ အစိုးရ၏ ရက်စက်မှုမှ လွတ်မြောက်ရန် အတွက် ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ ကျော် ဇာတိကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံ လူ့အခွင့်အရေးများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ နိုင်ငံရေး လွတ်လပ်ခွင့် (သို့) လွတ်လပ်စွာ ပြောဆိုခွင့်များ လုံးဝ မရှိပါ။ လူသတ်မှု၊ မုဒိန်းမှုနှင့် အဓမ္မ လုပ်သား ခေါ်ယူမှုများ နှင့်အတူ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ထုံးစံလိုပင် ရိုးနေပြီဟု ဆိုရမည်။

ဤမျှ မကသေးပါ။ HIV AIDS သည်လည်း တိုင်းပြည်တွင် အဓိက ပြဿနာကြီး ဖြစ်နေသည်။ အမှန်တကယ်အားဖြင့် အကျင့်ပျက် လာဘ်စားသော စစ်ဖက် အုပ်ချုပ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်အောင် ပြုလုပ်ရာတွင် အောင်မြင်သွားခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြားဝင် ဆောင်ရွက်ရန် အတွက် လိုအပ်သော သတ်မှတ်ချက် စံညွှန်းများ အားလုံးနှင့် ကိုက်ညီနေသည်ကို ၂၀၀၅ ခုနှစ် အစီရင်ခံစာအရ တွေ့ရှိခဲ့သည်။

သို့သော်လည်း ရုရှားနှင့် တရုတ် နှစ်နိုင်ငံသည် မြန်မာ အစိုးရကို အဓိက လက်နက် ထောက်ပံ့သူများ ဖြစ်နေခြင်းကြောင့် ဟာဗယ်/တူးတူး အစီရင်ခံစာကို ကုလသမဂ္ဂက သိသိသာသာ လျစ်လျူရှုခဲ့ခြင်းမှာ ငြင်းမရသည့် အမှန်တရားပင် ဖြစ်သည်။ အဆိုပါ ကုလလုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံက မြန်မာ အစိုးရထံမှ အနာဂတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိရန် အားကြိုးမာန်တက် ကြိုးစားနေကြခြင်းမှာ မြန်မာနိုင်ငံတွင် မက်လောက်စရာ ကြီးမားသော ဓာတ်ငွေ့ အရံသိုက်များ ရှိနေသောကြောင့် ဖြစ်သည်။

မြန်မာ့ စစ်တပ်သည် ၂၀၀၇ ခုနှစ်တွင် အပြစ်မဲ့ သံဃာတော်များအား သတ်ဖြတ်မှုကြောင့် နိုင်ငံတကာ သတင်း မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သံဃာတော်များက သည်းခံနိုင်ဖွယ် မရှိသော ပြည်တွင်း အခြေအနေများကို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သော်လည်း အစိုးရ ခေါင်းဆောင်ပိုင်းကမူ ၎င်းတို့အတွက် နေပြည်တော်ဟု ခေါ်သော ကြီးကျယ် ခမ်းနားသည့် ကုန်းတွင်းပိတ် မြို့တော်သစ်ကို ဆက်လက် အကောင်အထည် ဖော်ခဲ့သည်။ အထက်ပါ မြန်မာနိုင်ငံမှ ဝမ်းနည်းဖွယ် ဖြစ်ရပ်များကို ကုလသမဂ္ဂက အလျင်အမြန် တုန့်ပြန်သည့် အနေဖြင့် အထူး ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို ခန့်အပ်ကာ မြန်မာပြည်တွင်း အနေအထားကို တိုးတက်စေရန် စေလွှတ် ညှိနှိုင်းစေခဲ့သည်။ စစ်ဖက် အစိုးရနှင့် ဂမ်ဘာရီ အကြား တွေ့ဆုံမှု များစွာ ပြုလုပ်ခဲ့သော်လည်း (ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၏ အဆိုအရ) ထင်ရှား သိသာသော ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်း မရှိပါ။)

ယခုအခါ ကုလသမဂ္ဂ နှင့် မြန်မာ အစိုးရတို့၏ မစွံသော ဇာတ်လမ်းမှာ ပိုဆိုးလာသည့် ကြားမှ ရှေ့ဆက်လျက် ရှိသည်။ ၂၀၀၈ မေလတွင် မိုးဦး လေဦး ရေကြမ်း လေကြမ်း ဝင်ရောက်လာသော ဆိုက်ကလုန်း နာဂစ်စ်က နိုင်ငံကို များစွာ ဖျက်ဆီးပစ်ခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ခန့် ကြောက်ဖက်ဖွယ် သေဆုံးခဲ့ကြကာ သန်းနှင့်ချီသော ပြည်သူများ အစာငတ် ရေငတ် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက မုန်တိုင်းဒဏ်ခံ သားကောင်များ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် ကြိုးစားခဲ့သော်လည်း လူကြောက်တတ်သော မြန်မာ အစိုးရက နိုင်ငံခြား စစ်တပ်များ ဝင်ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့် ကယ်ဆယ်ရေး အကူအညီ အများစု ပြည်တွင်း ဝင်ရောက်ခွင့်ကို ငြင်းဆိုခဲ့သည်။

မြန်မာ အစိုးရက နိုင်ငံခြား ကယ်ဆယ်ရေး အစီအစဉ်များကို လက်ခံရန် အဆက်မပြတ် ငြင်းဆန်နေမှုကြောင့် နေပြည်တော်တွင် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ အစည်းအဝေး ပြုလုပ်ရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ တွေ့ဆုံပြီး အချိန် အနည်းငယ် အတွင်းမှာပင် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား ပျော့ပြောင်းမှု ရရှိရေးကို စွန့်လွှတ်လိုက်ရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးပြီး နာရီပေါင်း များစွာ အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် တစ်နှစ် ထပ်မံ၍ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားမည်ဟု မြန်မာ အစိုးရက ကြေညာခဲ့ခြင်းမှာ အမှန်တကယ်ပင် ဆန့်ကျင်ဘက် ပြောင်းပြန် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူမ လွတ်မြောက်ရေး အတွက် ကြိုးစားသည့် အနေဖြင့် အနည်းဆုံး သမိုင်းဝင် မအောင်မြင်သည့် တယ်လီဖုန်း ခေါ်ဆိုမှု တစ်ခုကိုမျှ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ပြုလုပ်တော့မည် မဟုတ်ပါ။

ထို့နောက်တွင် အစိုးရ အာဘော် သတင်းစာ New Light of Myanmar က မိမိတို့ နိုင်ငံ၏ ဆိုင်ကလုန်း မုန်တိုင်း အခက်အခဲ ကိစ္စများ ပြီးဆုံးသွားပြီဟု သုံးသပ် ရေးသားလိုက်ပြီး အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများပင် ဖြစ်သည်ဟု ၎င်းတို့က ကြေညာခဲ့သည်။ အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို ပြည်သူများ အားလုံးက ကျေနပ်ကြသည်ဟု ၎င်းတို့က ဆိုသည်။ ဆိုက်ကလုန်း အပြီး လူပေါင်း သန်းနှင့်ချီ၍ ငတ်မွတ်ကာ နေစရာမရှိ ဖြစ်နေခြင်းကို အစိုးရက ကာကွယ် အကြောင်းပြရာတွင် နိုင်ငံတကာ ကယ်ဆယ်ရေး အထောက်အပံ့များ မလိုအပ်ပါကြောင်း၊ ယခုအချိန်မှာ မိုးရာသီ ဖြစ်၍ ပေါများလှသော "ဖား" များကို ရိုက်၍ မြန်မာပြည်သူများ စားသောက်နိုင်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ လုပ်ငန်းစဉ် တစ်ခုပြီး တစ်ခု ဆောင်ရွက်ခဲ့သော်လည်း အကျင့်ပျက် ခြစားသော မြန်မာ ခေါင်းဆောင်ပိုင်းနှင့် ကုလသမဂ္ဂအကြား ယခင်အတိုင်း မစွံလှသော သံတမန် ထုတ်ဆီးတိုး ကစားပွဲ နှင့်အတူ မြန်မာနိုင်ငံ၏ ရက်စက် ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ခြင်း မရှိသေးပါ။ သံတမန်ရေးရာ တိုးတက် ပြောင်းလဲခြင်း မရှိမှု၏နောက်တွင် ရလဒ်မဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို တစ်ခုပြီးတစ်ခု၊ တစ်နှစ်ပြီး တစ်နှစ် ဆက်၍ ဆက်၍ ချမှတ်ခဲ့သော်လည်း နိုင်ငံတွင်း ကြီးမားလှသော ပြဿနာပေါင်း များစွာ အတွက် အပေါင်းလက္ခဏာ ဆောင်သော သိသာ ထင်ရှားသည့် အကျိုးရလဒ် တစ်ခုတလေပင် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။

သို့ဖြစ်ရာ ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်ကို "ရူးသွပ် မိုက်မဲမှု" ဟု အယ်လဘတ် အိုင်စတိုင်း၏ စကားအရ အဓိပ္ပာယ် ဖွင့်ဆိုရလိမ့်မည်။ ဤသည်မှာ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှ ကမ္ဘာ့ အဆိုးဆုံး အာဏာရှင်များ၏ ဆိုးသွမ်းမှုများ အပေါ် ကုလသမဂ္ဂ၏ တုန့်ပြန် ဆောင်ရွက်မှုကို အတိအကျ ဖွင့်ဆိုပြနိုင်သည့် တစ်ခုတည်းသော အမှန်အကန် စကားလုံးသာ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 6th June 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် အပြစ်ရှိသော မြောက်ကိုရီးယား အနေဖြင့် တန်ဖိုး တစ်ခု ပေးဆပ်ရမည်ဟု အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး၊ ပြုံးယမ်း အစိုးရထံမှ အလားအလာ ရှိသော ရန်စ ကျူးကျော်မှုများ အတွက်ကိုလည်း ဝါရှင်တန်နှင့် ၎င်း၏ အာရှ မဟာမိတ်များက အသင့် ပြင်ဆင်ထားသည်။

စုစည်း ညီညွတ်မှုကို ပြသသည့် အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးများသည် မြောက်ကိုရီးယား အပေါ် အရေးယူမည့် အစီအစဉ်များကို ဆွေးနွေးရန် စင်္ကာပူတွင် တွေ့ဆုံခဲ့ကြပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ချိုနန် နစ်မြုပ်မှုမှ အစပြုခဲ့သည့် ပြဿနာကို ကိုင်တွယ်ရန် ပြင်ဆင်လျက် ရှိသည်။

ဆက်လက် ဖော်ပြလာနိုင်သည့် ကျူးကျော် ရန်စမှုများကို ဟန့်တားရန် ညီညွတ်သော တပ်ဦး တစ်စုရှိရန် အလွန် အရေးကြီးသည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က ၎င်း၏ မဟာမိတ် ကာကွယ်ရေး ဝန်ကြီးများကို ပြောကြားခဲ့ကြောင်း Gates ၏ ပြန်ကြားရေး အတွင်းဝန် Geoff Morrell က သတင်းထောက်များအား ထုတ်ပြန်သည်။

တောင်ကိုရီးယား ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံး စေခဲ့သော မြောက်ကိုရီးယား၏ တိုပီဒို ပစ်ခတ်မှုကို အစည်းအဝေးတွင် ပြစ်တင် ရှုတ်ချခဲ့သကဲ့သို့ ဝါရှင်တန်နှင့် ဆိုးလ်က "စိတ်အေးအေး ထားကြရန်နှင့် စစ်ရေးအရ တုန့်ပြန်မည့် ဆွေးနွေးမှုမျိုးကို ရှောင်ရှားကြရန်" တောင်းဆိုခဲ့သည်။

သို့သော်လည်း မျှော်လင့် မထားသည့် ကိစ္စများကို လုပ်လေ့ရှိသည့် မြောက်ကိုရီးယား၏ အမူအကျင့်ကြောင့် ဖြစ်လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှု အတွက် အမေရိကန် ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များက ကြိုတင် ပြင်ဆင်ထားရလိမ့်မည်ဟု Morrell က ဆိုသည်။

"မြောက်ကိုရီးယားလို ခန့်မှန်းရ ခက်တဲ့ အစိုးရနဲ့ ဆက်ဆံမယ်ဆိုရင် စိုးရိမ် ပူပန်မှုကတော့ အမြဲ ရှိနေမှာပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား တိုပီဒိုကြောင့် ချိုနန် နစ်မြုပ်ခဲ့သည်ဟု နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့က ယခင်လက ကောက်ချက်ချခဲ့ခြင်း၊ တောင်ကိုရီးယားက ကုန်သွယ်ရေး ရပ်ဆိုင်း၍ တုန့်ပြန်ခြင်း၊ ကွန်မြူနစ် မြောက်ကိုရီးယားက တိုက်မည် ခိုက်မည်ဟု ခြိမ်းခြောက်နေခြင်း စသည်တို့ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ကုလသမဂ္ဂ သံတမန် နည်းလမ်း၊ တောင်ကိုရီးယားနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ခြင်း စသည့်တို့အပြင် မြောက်ကိုရီးယား အပေါ် အရေးယူနိုင်မည့် ရွေးချယ်စရာ အခြား နည်းလမ်းများကိုလည်း အမေရိကန် အစိုးရက စဉ်းစား ရှာဖွေနေသည် ဟု Robert Gates က စင်္ကာပူတွင် ကျင်းပသော လုံခြုံရေး ညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

မည်သည့် အစီအစဉ်များ ဖြစ်ဖွယ်ရှိသည် ဆိုသည်ကိုမူ Gates က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသော်လည်း နိုင်ငံတကာ၏ ပစ်ပယ်မှုကို ကြုံတွေ့ပြီးသား နိုင်ငံအပေါ် အရေးယူနိုင်မည့် နည်းလမ်း ရှာရခြင်းမှာ စိန်ခေါ်မှု တစ်ခု ဖြစ်သည်ကို အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက အသိအမှတ်ပြု ဝန်ခံသည်။

"အကျိုးဆက်ကတော့ ရှိလာမှာပါ။ ဒါပေမယ့် လုပ်နေကျ ပုံစံတွေနဲ့ကတော့ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး" ဟု Morrell က ဆိုသည်။

ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ကာကွယ်ရေး ဝန်ကြီးများနှင့် အစည်းအဝေးတွင် တောင်ကိုရီးယားက မြောက်ကိုရီးယား အပေါ် အပြစ်တင်သည့် အထောက်အထားများကို တင်ပြခဲ့ပြီး ယခုအချိန်ထိ မြောက်ကိုရီးယား အပေါ် အပြစ်မတင်ဘဲ ငြိမ်သက်နေသည့် ရုရှားနှင့် တရုတ်ကို ဖိအားပေးရန် ကြိုးစားလျက် ရှိသည်။

ရုရှားနှင့် တရုတ်ကို သိသိသာသာ ရည်ရွယ်သည့် မိန့်ခွန်း ပြောကြားသော သမ္မတ လီမြောင်ဘက်က "ယခု ကိစ္စတွင် မပတ်သက်ကြောင်း ပြုံးယမ်း၏ ငြင်းဆိုမှုသည် ရယ်ရွှင်ဖွယ် ကောင်းသည်" ဟု ရှုတ်ချခဲ့သော်လည်း မြောက်ကိုရီးယား အပေါ် ထပ်မံ အရေးယူရန် တောင်းဆိုမှုများကိုမူ ရပ်ဆိုင်းခဲ့သည်။

အဓိက စစ်အင်အား ပြသသည့် အနေဖြင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ဆိုးလ်နှင့် ဝါရှင်တန်က စဉ်းစား သုံးသပ်နေသည်ဟု အမေရိကန် အရာရှိများက ဆိုသည်။

သို့ရာတွင် ပူးတွဲ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှုများ လာမည့် အပတ်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းကို ဆိုင်းငံ့ ထားလိုက်ပြီး ယခု ဆိုင်းငံ့မှုကြောင့် ကုလသမဂ္ဂ သံတမန်ရေး နည်းလမ်းအရ ဆောင်ရွက်မှု အတွက် အချိန် ပိုရလိမ့်မည်ဟု Gates က ဆိုသည်။

ဆိုးလ်အနေဖြင့် ကုလသမဂ္ဂ ညီလာခံ ဆုံးဖြတ်ချက် ရရှိအောင် ကြိုးစားမည့်အစား လုံခြုံရေး ကောင်စီက ပြုံးယမ်း အပေါ် ကန့်ကွက်သည့် စာကို ရရှိအောင် ကြိုးစားရမည်ဟု Gates က ပြောကြားသည်။

"ယခုကဲ့သို့ သံတမန်ရေးရာ နည်းလမ်း ဗျူဟာများသည် မိမိတို့ ကြုံတွေ့ဖူးပြီးသား ပြုံးယမ်း၏ ကျူးကျော် ရန်စတတ်သော သဘာဝကို အမှတ်သည်းခြေ မရှိခြင်း မဟုတ်ကြောင်း၊ ရှေ့တွင် ဖြစ်လာနိုင်သည့် မြောက်ကိုရီးယားထံမှ ကျူးကျော် ရန်စမှုများ၊ မတည်ငြိမ်အောင် လှုံ့ဆော်မှုများနှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မှုများကို ပိုမို ဖြေရှင်းနိုင်စေရန်သာ ဖြစ်ကြောင်း" Gates က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယခု ပြဿနာ၏ အတိုင်းအဆနှင့် အချိုး ညီမျှသော လုံခြုံရေးကောင်စီ၏ တုန့်ပြန် ဆောင်ရွက်မှုကို တောင်းဆိုထားသည့် ပေးစာကို မက္ကဆီကန် သံအမတ်ကြီး Claude Heller ၏ လက်ထဲသို့ ပေးအပ်ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ပတ်အင်ကွတ်က ပြောကြားလိုက်သည်။

ယခုလအတွက် လုံခြုံရေးကောင်စီ သဘာပတိအဖြစ် ဆောင်ရွက်နေသူ Claude Heller က "အခြား လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များနှင့် တိုင်ပင်ညှိနှိုင်းမှုကို စတင်တော့မည်" ဟု ပြောကြားသည်။

ချိုနန်သင်္ဘောကို မြောက်ကိုရီးယားက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းသည် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ်၊ ကိုရီးယား စစ်ပွဲ ပြီးဆုံးခဲ့သည့် ၁၉၅၃ အပစ်ရပ် စာချုပ်၊ ၁၉၉၂ အပြန်အလှန် မကျူးကျော်ရေး စာချုပ်များကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပတ်အင်ကွတ်က ၎င်း၏ လုံခြုံရေး ကောင်စီထံ ပေးစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly.Business Roundup, 5th June 2010

တရုတ်နိုင်ငံ၏ အကြီးဆုံးနိုင်ငံပိုင် ဓာတ်အားလုပ်ငန်းများထဲမှ ကုမ္ပဏီ တစ်ခုသည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံးနှင့် ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရန် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ တရုတ် ဓာတ်အားပေး ကုမ္ပဏီ ဖြစ်သော ဘေဂျင်း အခြေစိုက် Guodian Corporation ကမူ စီမံကိန်းများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့အကြား ဗဟို စီးပွားရေး အုပ်ချုပ်မှု လမ်းကြောင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဆိုးဝါးစွာ ကြုံတွေ့နေရသဖြင့် အထက်ပါ ကြေညာချက် အကျဉ်းချုပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံ၏ ကျောက်မီးသွေး ရုပ်ကြွင်းများ အများဆုံး တည်ရှိရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံကို တည်ဆောက်မည့် အလားအလာ ရှိသည်။

"မြန်မာပြည် အလယ်ဗဟိုမှာ လျှပ်စစ်ဓာတ်အား ပြဿနာကို ဆိုးဆိုးဝါးဝါး တွေ့ကြုံနေရတာဟာ အံ့သြစရာ မရှိပါဘူး" ဟု ဘန်ကောက် စွမ်းအင်ကဏ္ဍ အတိုင်ပင်ခံ Collin Reynolds က ဆိုသည်။ "အစကတည်းက လုံလောက်မှု မရှိတဲ့ လျှပ်စစ်ဓာတ်အား ပို့လွှတ်၊ ဖြန့်ဖြူးမှု အပေါ်ကို နေပြည်တော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ဝန်ပိနေတာပါ" ဟု ၎င်းတို့ ပြောကြားသည်။

"တကယ်လို့ "Guodian" က ဓာတ်အားပေးစက်ရုံ အသစ်တွေ တည်ဆောက်မယ်ဆိုရင် ဓာတ်အား ပို့လွှတ်တဲ့ လိုင်းတွေကိုလည်း ခံနိုင်ဝန်ရှိအောင် အဆင့်မြှင့်ပေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း အကုန်လုံးဟာ ဘန်ကောက်ကိုတောင် မီးထွန်းနိုင်မှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

Guodian Corporation ၏ တရုတ်နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမှာ ၂၀၀၉ နှစ်ကုန်တွင် ၈၂,၀၀၀ မဂ္ဂါဝပ် ရှိခဲ့သည်။ အဆိုပါ ပမာဏသည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့၏ စုပေါင်း လျှပ်စစ် ထုတ်လုပ်နိုင်စွမ်းထက် ပိုများကြောင်း တွေ့ရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.