Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 6th June 2010

      လူ့အသက်များ ဆုံးရှုံးခဲ့ရသော စစ်သင်္ဘော နစ်မြုပ်မှုကို "သည်းခံနိုင်ဖွယ် မရှိသော ကျူးကျော် ရန်စမှု" ဟု ခေါ်ဝေါ် သတ်မှတ်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည့် အတွက် တောင်ကိုရီးယားကို တူညီစွာ တုန့်ပြန်မည်ဟု မြောက်ကိုရီးယားက တနင်္ဂနွေနေ့တွင် ခြိမ်းခြောက်လိုက်သည်။

      မြောက်ကိုရီးယားကို အရေးယူ ပေးပါရန် တောင်ကိုရီးယားက လုံခြုံရေးကောင်စီထံ သောကြာနေ့တွင် တရားဝင် တောင်းဆိုခဲ့ပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သော ကွန်မြူနစ် မြောက်ကိုရီးယားသည် တောင်ကိုရီးယား စစ်သင်္ဘောကို တိုပီဒိုဖြင့် ပစ်ခတ် နစ်မြှုပ်ခဲ့သောကြောင့် ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု စွပ်စွဲလိုက်သည်။ မြောက်ကိုရီးယား၏ ကျူးကျော် တိုက်ခိုက်မှု မှတ်တမ်းများ ယခင်ကပင် ရှိခဲ့သော်လည်း ဆိုးလ်က ပြုံယမ်းအား ကိုရီးယား နှစ်နိုင်ငံကြား ရန်စမှုအတွက် လုံခြုံရေးကောင်စီထံ တိုင်ကြားခဲ့သည်မှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

      သင်္ဘောနစ်မြုပ်မှုတွင် မပတ်သက်ဟု ငြင်းဆိုထားသော မြောက်ကိုရီးယား၏ တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် "တောင်ကိုရီးယား၏ ဆောင်ရွက်ချက်သည် စစ်ရေး တင်းမာမှုကို ကြီးထွားစေပြီး နှစ်ခြမ်းကွဲ ကျွန်းဆွယ်ပေါ်တွင် စစ်ပွဲ စတင်ဖြစ်ပွားစေနိုင်သည်" ဟု ဖော်ပြခဲ့သည်။

      "ဒါဟာ သည်းခံနိုင်ဖွယ် မရှိတဲ့ နောက်ထပ် ရန်စမှု တစ်ခုပါ" ဟု မြောက်ကိုရီးယားနိုင်ငံမှ ပေါင်းစည်းရေး ကော်မတီက ပြောကြားသည်။

      နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်သော ကြေညာချက်သည် မတ်လ ၂၆ ရက် နစ်မြုပ်မှု အတွက် ကုလသမဂ္ဂက အရေးယူပေးရန် ဆိုးလ်၏ တောင်းဆိုမှု အပေါ် ပြုံယမ်း၏ ပထမဆုံး တုန့်ပြန်မှု ဖြစ်သည်။

      အကယ်၍ မြောက်ကိုရီးယား အပေါ် ဆန့်ကျင်ရန် စသည့် ဆောင်ရွက်ချက်များကို ရပ်ဆိုင်းခြင်း မရှိပါက မိမိတို့ စစ်တပ်က တောင်ကိုရီးယားကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မည်ဟု မြောက်ကိုရီးယား ကော်မတီက ပြောကြားခဲ့သော်လည်း မည်သို့ အရေးယူမည် ဆိုသည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

      လုံခြုံရေး ကောင်စီ အနေဖြင့်မူ "မြောက်ကိုရီးယား အပေါ် အရေးယူမှု အသစ်များ ပါဝင်၍ (သို့) မပါဝင်ဘဲနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ သီးခြား အရေးယူ ဆောင်ရွက်ရန် ခပ်ပျော့ပျော့ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း" စသဖြင့် ရွေးချယ်စရာ များစွာ ရှိနေသည်။

      ၂၀၀၆ နှင့် ၂၀၀၉ တွင် နှစ်ကြိမ်တိုင်တိုင် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့သော မြောက်ကိုရီးယား အပေါ် လုံခြုံရေးကောင်စီက ယခင်ကပင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။ အဆိုပါ အစီအစဉ်များတွင် အပေါ့စား လက်နက်ငယ်များနှင့် ဇိမ်ခံပစ္စည်းများမှ လွဲ၍ အခြားလက်နက် တင်သွင်း၊ တင်ပို့မှုများ၊ နျူကလီးယားနှင့် ပဲ့ထိန်းစနစ်သုံး ဒုံးကျည် ဆက်စပ် ပစ္စည်းများနှင့် နည်းပညာများ ရောင်းဝယ် ဖလှယ်မှုကို တားမြစ်ထားသည်။

      မြောက်ကိုရီးယား အပေါ် ချမှတ်ရန် အလားအလာရှိသော အရေးယူမှုများနှင့် ပတ်သက်၍ ကြားသိထားသော ကုလသံတမန်များက ပြောကြားရာတွင် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး မဟာမိတ် တရုတ်နိုင်ငံက အရေးယူ ပိတ်ဆို့မှု အသစ်များကို ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်းကြောင့် လုံခြုံရေးကောင်စီ သဘောထား ကြေညာချက် ထုတ်ပြန်ရန်သာ အလားအလာများသည်ဟု ဆိုသည်။ သံတမန်များက ၎င်းတို့၏ အမည်ကို ဖော်ပြရန်ကိုမူ ငြင်းဆိုခဲ့ကြသည်။

      သောကြာနေ့က ကုလသမဂ္ဂထံ တောင်းဆိုမှု မပြုလုပ်မီ နာရီပိုင်း အလို၊ စင်္ကာပူ၌ ကျင်းပသော ကာကွယ်ရေးဆိုင်ရာ ညီလာခံတွင် တောင်ကိုရီးယား ကွန်ဆာဗေးတစ် သမ္မတ လီမြောင်ဘက်က "ကမ္ဘာ့ငြိမ်းချမ်းရေးကို အနှောင့်အယှက် ပေးနေသည်" ဟု မြောက်ကိုရီးယား အပေါ် စွပ်စွဲ ထိုးနှက်သည့် မိန့်ခွန်းကို ပြောကြားလိုက်သည်။

      သမ္မတလီက "သင်္ဘော နစ်မြုပ်မှုသည် ပြစ်တင် ရှုတ်ချထိုက်သော လုပ်ဆောင်မှု တစ်ခု ဖြစ်ပြီး မြောက်ကိုရီးယား အနေဖြင့် တောင်ကိုရီးယားကို စော်ကားကာ ၎င်းတို့ လုပ်ချင်သလို လုပ်နိုင်သည်ဟု ဆက်လက် မမျှော်လင့်သင့်တော့" ဟု ပြောကြားခဲ့ပြီး "အကယ်၍ ဆက်လက် လုပ်ဆောင်ပါက ထိုက်တန်သော အကျိုးဆက်များကို ခံစားရလိမ့်မည်" ဟု ဆက်လက် ပြောဆိုခဲ့သည်။

      သို့သော်လည်း တနင်္ဂနွေနေ့က ပြောကြားသော သတိရဖွယ်နေ့ မိန့်ခွန်းတွင် သမ္မတလီက မြောက်ကိုရီးယား အပေါ် ပြစ်တင် ဝေဖန်မှုကို လေသံလျှော့ခဲ့ပြီး ငြိမ်းချမ်းရေး အတွက် လိုအပ်ချက်များကို အလေးပေး ပြောကြားခဲ့သည်။

      ဆိုးလ်မြို့ နိုင်ငံတော် သင်္ချိုင်းတွင် သမ္မတလီက မိန့်ခွန်း ပြောကြားရာတွင် "ကျွန်တော်တို့မှာ မအောင်မြင်သေးတဲ့ အိပ်မက်ရှိနေပါတယ်။ အမှန်တကယ်တော့ အခုအချိန်ထိ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုကို ခံစားနေရတဲ့ တပြည်ထဲသား မြောက်ကိုရီးယားတွေနဲ့အတူ လွတ်လပ်၊ ငြိမ်းချမ်း၊ ကြွယ်ဝစွာ နေထိုင်ကြတဲ့၊ ပေါင်းစည်း ညီညွတ်တဲ့ နိုင်ငံ ဖြစ်လာရမှာပါ" ဟု တောင်ကိုရီးယား၏ ဆန္ဒကို ထုတ်ဖော်လိုက်သည်။

      လီမြောင်ဘက်သည် မြောက်ကိုရီးယား အပေါ် သဘောထား တင်းမာသော ဆက်ဆံရေးကို ကျင့်သုံးခဲ့သလို၊ ဧကစာကျင့်သုံးသော မြောက်ကိုရီးယား အပေါ် ရန်လိုသော မူဝါဒကြောင့် သင်္ဘောနစ်မြုပ်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ၎င်းအပေါ် ဝေဖန်သူများက အငြင်းပွားခဲ့ကြသည်။ ၎င်း၏ ၅ နှစ် သမ္မတ သက်တမ်းအတွင်း ကြားကာလ ဆန္ဒခံယူပွဲ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည့် ပြည်တွင်း ရွေးကောက်ပွဲများကို ယခင်အပတ်က ပြုလုပ်ခဲ့ရာ လီ၏ ပါတီမှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.