Transparency Myanmar

transparency.myanmar@gmail.com

ဇွန်လ ၈ ရက်နေ့က နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များ ခဏတာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး အိမ်နီးချင်း နှစ်နိုင်ငံ ပဋိပက္ခ ဖြစ်ခဲ့ကြကြောင်း ကမ္ဘောဒီးယား အာဏာပိုင်တို့က ပြောကြားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုမှာ ကမ္ဘောဒီးယား အနောက်မြောက်ပိုင်း နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်ချိန် ခြောက်မိနစ်သာ ကြာမြင့်ကာ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Chhum Socheat က AFP သတင်းဌာနသို့ ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံ၏ ရှေးဟောင်း ဘုရားကျောင်း ဖြစ်သော Preah Vihear နှင့် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာ နယ်မြေဒေသတွင် နှစ်ဘက်နိုင်ငံမှ တပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် ယင်းသို့ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ Preah Vihear ဘုရားကျောင်းသည် နှစ်နိုင်ငံ နယ်မြေ ပိုင်ဆိုင်ရေးဆိုင်ရာ အငြင်းပွားမှုများ၏ ပင်မ အကြောင်းအရင်းတစ်ခု ဖြစ်သည်။

"နားလည်မှု လွဲခဲ့ကြတာပါ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီနေရာဟာ တရားမဝင် သစ်မှောင်ခိုကူးမှုတွေ လုပ်တဲ့ဒေသ ဖြစ်နေလို့ပါ" ဟု ၎င်းက ဆိုသည်။ နှစ်ဘက် စစ်တပ်အကြား အဆက်အသွယ် ရရှိသွားပြီးနောက် အပစ်အခတ် ရပ်စဲသွားသည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံသည် အမျိုးသားရေး တင်းမာမှုများနှင့် စစ်ရေး လိပ်ခဲတည်းလည်း ဖြစ်မှုတို့ကြောင့် ၂၀၀၈ ခုနှစ်မှ စကာ ဘေးကျပ်နံကျပ် ဖြစ်နေသည်။ ထိုနှစ်တွင် ယူနက်စကိုက Preah Vihear ဘုရားကျောင်းကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ထည့်သွင်းလိုက်ချိန်တွင် ယင်းသို့ ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်း ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ စီးပွားရေး အတိုင်ပင်ခံ အရာရှိ အဖြစ် ခန့်အပ်လိုက်ရာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားခဲ့သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

TNI Publication, 8th June 2010

မြန်မာနိုင်ငံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မျိုးဆက်သစ်များ အတွက် အလွန် သိသာ ထင်ရှားသော နိုင်ငံရေး အသွင်ပြောင်းလဲမှု တစ်ခုအဖြစ် ကိုယ်စားပြု နေသည်။ မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို ၂၀၁၀ တွင် ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများကို "လူတိုင်းသိသော မပိမရိ လှည့်ဖြားမှု" အဖြစ် နိုင်ငံတကာက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီကလည်း ပါဝင်ခြင်း မပြုရန် ငြင်းဆိုခဲ့ကြကာ ရွေးကောက်ပွဲ ဥပဒေသည် "တရားခြင်း မရှိ၊ မျှတခြင်း မရှိ" ဟု ဝေဖန် ပြစ်တင်လိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ ရွေးကောက်ပွဲ ဥပဒေတွင် အလွန်အမင်း ထင်ရှားသည့် အပြစ်၊ အနာအဆာများ ရှိနေသော်လည်း လက်ရှိ မျိုးဆက်အတွက်မူ အလွန် အရေးပါသော နိုင်ငံရေး အသွင်ပြောင်းမှု အဖြစ် ကိုယ်စားပြုနေသည်။ ခေါင်းဆောင်သစ်များနှင့် နိုင်ငံရေး မြေယာရှုခင်း အသစ် ပေါ်ထွက်လာမည်။ ပြောင်းလဲရေးကို တွန်းအားပေးနိုင်မည့် အခွင့်အလမ်းများ တိုးပွားလာမည်။ ထိုနည်းတူစွာ စိန်ခေါ်မှု အသစ်များလည်း ရှိလာလိမ့်မည် ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား အရေးကိစ္စတွင်လည်း တင်းမာမှုနှင့် အကြမ်းဖက် ဖြစ်ရပ်များ ဆက်လက် ဖြစ်ပွားစေခြင်း (သို့) ပြဿနာ ရင်းမြစ်များကို ဆွေးနွေးရန် အတွက် နေရာပေါ်လာခြင်း စသည့် အရေးပါသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ ယခု ဆောင်းပါးတွင် လတ်တလော ပိုမို အရေးပါလာသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ အပေါ် ခြုံငုံသုံးသပ်ချက်ကို တင်ပြထားသကဲ့သို့ ရွေးကောက်ပွဲ အကြိုကာလ 'နိုင်ငံရေး အရွေ့' ကို ဆွေးနွေးထားပြီး အလားအလာ ရှိသော ရွေးကောက်ပွဲ အလွန် ဇာတ်ညွှန်းဇာတ်ကွက် အချို့ကိုလည်း တင်ပြထားသည်။

သုံးသပ်ချက် နှင့် အကြံပြုချက်များ

(၁)     နိုင်ငံရေးပါတီများ အကြား မတူညီ ခြားနားသည့် လှုပ်ရှားခွင့် နယ်ပယ်ရှိနေခြင်း၊ အခြေခံ လွတ်လပ်ခွင့်များကို ကာလရှည်ကြာ ပိတ်ပင်ထားခဲ့ခြင်း၊ ပြင်းထန် တင်းကြပ်လွန်းသည့် ရွေးကောက်ပွဲ ဥပဒေအချို့ ပြဋ္ဌာန်းခဲ့ခြင်းတို့ကြောင့် လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်မှု (သို့) မျှတမှု ရှိမည် မဟုတ်ပါ။

(၂)     အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြစ်တင် ဝေဖန်ရာ၌ ပြုပြင်ပြောင်းလဲရေးကို အဆိုပြုနေသည့် ရွေးကောက်ပွဲဝင် အမတ်လောင်းများကို မပုတ်ခတ်ရေးမှာ အလွန် အရေးကြီးသည်။ အာဏာရှင် လွှတ်တော် အဖွဲ့အစည်း အတွင်းမှ သန္ဓေတည်စ အတိုက်အခံတို့၏ အသံသည် ချိုးနှိမ် ခံရခြင်းထက် စာလျှင် ပိုမို ရဲရင့်ရလိမ့်မည် ဖြစ်သည်။

(၃)     တိုင်းရင်းသား အုပ်စုများ၏ သင့်တင့် မျှတသော နိုင်ငံရေး အခွင့်အရေးနှင့် ပါဝင်ခွင့် အတွက် တောင်းဆိုမှုများ အပေါ်တွင် လည်းကောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားများ၏ တော်လှန်မှုနှင့် ကာလရှည်ကြာ ပြဿနာ အပေါ်တွင် လည်းကောင်း အစိုးရက မည်သို့မည်ပုံ တုန့်ပြန်မည် ဆိုသည့် အချက်ပေါ်တွင် မူတည်၍ ရွေးကောက်ပွဲများကို ဆုံးဖြတ်ရမည် ဖြစ်သည်။

(၄)     အကယ်၍သာ အနောက်နိုင်ငံများက ၎င်းတို့၏ ဆန္ဒအတိုင်း မြန်မာနိုင်ငံကို ဦးတည်ချက် ပုံစံ ပြောင်းစေရေး အတွက် နောက်တက်လာမည့် အစိုးရသစ်နှင့် တွေ့ဆုံ ညှိနှိုင်းရန် ပျက်ကွက်ခဲ့ပါက ကြီးမားသော အခွင့်အလမ်း ဆုံးရှုံးမှု ဖြစ်ပေါ်လာဖွယ် ရှိသည်။

(၅)     သတ်မှတ်ချက် 'စံ' များသည် သေချာမှု ရှိရမည့် အပြင် လက်တွေ့ကျပြီး မှန်ကန်ရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ စနစ်ကို ဦးတည်သော စစ်မှန်သည့် ပြုပြင် ပြောင်းလဲမှုများကို အားပေး ထောက်ခံရန် ယခင်က ကတိပေးထားခဲ့သည့် အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Times, By Song Shengxia, 7th June 2010

မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်သော ခန့်မှန်းချက်များသည် သောကြာနေ့က မီဒီယာ သတင်း ထုတ်လွှင့်ချက် အပြီးတွင် ပြန်လည် ထွက်ပေါ်လာသည်။ အဆိုပါ သတင်းထုတ်လွှင့်ချက်တွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယာ အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

သို့သော် တရုတ်လူမျိုး ခွဲခြမ်း စိတ်ဖြာ လေ့လာသူတစ်ဦးက စုံစမ်း စစ်ဆေးသော သတင်း အရင်းအမြစ်၏ ယုံကြည် စိတ်ချရမှု အပေါ် မေးခွန်းထုတ်ထားပြီး၊ ယခု သတင်းမှာ အမေရိကန်တို့က အရှေ့တောင်အာရှတွင် ၎င်း၏ အခန်းကဏ္ဍအား ပြန်လည် လေးစားလာရေးနှင့် ပတ်သက်သော အကျိုးစီးပွားနှင့် သက်ဆိုင်နေကြောင်း ပြောဆိုထားသည်။

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော စစ်တပ် အရာရှိဟောင်း သယ်ဆောင်လာသော များပြားလှသော စာရွက်စာတမ်းများနှင့် ဓာတ်ပုံများအရ မြန်မာနိုင်ငံသည် ယူရေနီယံကို စမ်းသပ်လျက် ရှိပြီး၊ ဓာတ်ပေါင်းဖို ဆောက်လုပ်ရန် သို့မဟုတ် သန့်စင် စက်ရုံ ဆောက်လုပ်ရန် ကြိုးပမ်းနေသည်ဟု ပြသနေသည်ဟု ဆိုသည်။

DVB က ပြောကြားရာတွင် ၎င်း၏ အစီရင်ခံစာသည် ငါးနှစ်ခန့် စုံစမ်းမှုများကို အခြေခံထားပြီး၊ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယာ နည်းပညာနှင့် အတတ်ပညာများကို တက်ကြွစွာ သင်ယူလျက် ရှိသည်ကို ညွှန်ပြနေသည်ဟု ဆိုသည်။

DVB က ဆက်လက် ပြောကြားရာတွင် မြန်မာ စစ်တပ်မှ ထွက်ပြေးလာသော ရုရှားတွင် ဒုံးကျည် ပညာသင်ကြားခဲ့သော အင်ဂျင်နီယာ စိုင်းသိန်းဝင်း ယူဆောင်လာသော စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို IAEA ဒါရိုက်တာဟောင်း ဖြစ်သူ အမေရိကန် နျူကလီယာ သိပ္ပံပညာရှင် Robert Kelly က စစ်ဆေးခဲ့သည်ဟု ဆိုသည်။

စိုင်းသိန်းဝင်းက ပြောကြားရာတွင် ၎င်းသည် ဒုံးကျည်အတွက် နမူနာ အစိတ်အပိုင်း ထုတ်လုပ်ရန်နှင့် နျူကလီယာ အစီအစဉ်များ တာဝန်ယူရသော နျူကလီယာ တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့ရကြောင်း ပြောခဲ့သည်။

အစီရင်ခံစာအရ ဂျာမနီနှင့် အဆက်အသွယ် ရှိသော စင်္ကာပူ ကုမ္ပဏီ နှစ်ခုသည် မြန်မာ အစိုးရ၏ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနသို့ စက်ပစ္စည်း မြောက်မြားစွာ ရောင်းချခဲ့သည်။ အဆိုပါ ဦးစီးဌာနသည် အနုမြူ စွမ်းအင် ဦးစီးဌာနနှင့် ပတ်သက်လျက် ရှိပြီး၊ စစ်တပ်အတွက် အမြောက်အမြား ပျက်စီးစေသော လက်နက်များကို နာမည်ခံ၍ ဝယ်ပေးရဟန် ရှိသည်။

သို့သော် အဆိုပါ စက်ပစ္စည်းများတွင် ဒုံးကျည်နှင့် နျူကလီယာ အတွက် လိုအပ်သော နည်းပညာ အဆင့်မြင့် ပစ္စည်းများ ပါဝင်ခြင်း မရှိပေ။

အဆိုပါ သတင်း ထွက်ပေါ်လာမှုကြောင့် အမေရိကန် ဆီနိတ်တာ Jim Webb သည် ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့သည်။

ယခု သတင်းများအရ ၎င်းမြန်မာနိုင်ငံသို့ သွားမည် ဆိုပါက မိုက်မဲရာ ကျလိမ့်မည် ဖြစ်ပြီး လိုချင်သော ရလဒ်နှင့် ဆန့်ကျင်ဘက်များသာ ထွက်ပေါ်ရန် ရှိကြောင်း Webb က ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ အကြီးတန်း မြန်မာ အစိုးရ တာဝန်ရှိသူ တစ်ဦးက AFP သို့ ပြောကြားရာတွင် စွပ်စွဲမှုများမှာ အသေးစိတ် အချက်အလက်များ ပါဝင်ခြင်း မရှိဘဲ၊ အခြေအမြစ် မရှိကြောင်း ပြောဆိုခဲ့သည်။

Guangxi Academy of Social Sciences မှ အရှေ့တောင်အာရှ သုတေသနပြုသူ Sun Xiaoying က Global Times သို့ ပြောကြားရာတွင် မြန်မာ စစ်တပ်မှ ထွက်ပြေးလာသူ တစ်ဦးထံမှ အတည်မပြုနိုင်သော အချက်များ အပေါ် အခြေခံသော စွပ်စွဲချက်များ အပေါ် သူမ အနေဖြင့် သံသယ ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နျူကလီယာ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းလော၊ နျူကလီယာ လက်နက် အတွက် ကြိုးပမ်းခြင်းလော ဆိုသည်ကို သေချာစွာ ခွဲခြား ကြည့်သင့်ကြောင်း သူမက ပြောခဲ့သည်။

မြန်မာနိုင်ငံသည် IAEA နှင့် ၁၉၉၅ ခုနှစ်တွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး၊ နိုင်ငံတကာ တရားဝင် သဘောတူညီချက်အရ နျူကလီယာ လက်နက် မထုတ်လုပ်ရန် သဘောတူညီခဲ့သည်။

သို့သော် လွန်ခဲ့သော တစ်နှစ်က မြောက်ကိုရီးယား ကုန်တင်သင်္ဘော Kang Nan I သည် ထုတ်ဖော် ကြေညာခြင်း မရှိသော ကုန်ပစ္စည်းများ တင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်လာရာ အမေရိကန် ရေတပ်၏ ခြေရာခံမိသွားမှုကြောင့် လာလမ်း ပြန်လှည့်သွားခဲ့ရသည့် ဖြစ်ရပ် နောက်ပိုင်း မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်သော ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူများက အဆိုပါ သင်္ဘောတွင် နျူကလီယာနှင့် မပတ်သက်သော လက်နက်များ၊ အမြောက်အမြား ပါဝင်မည်ဟု သံသယရှိသော်လည်း တောင်ကိုရီးယား ထောက်လှမ်းရေးကမူ သင်္ဘောသည် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များနှင့် ဆက်စပ်နေကြောင်းနှင့် စကပ်ဒုံးကျည်များလည်း သယ်ဆောင်လာနိုင်သည်ဟု AP သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနှင့် မြောက်ကိုရီးယားကမူ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့်လက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ မြောက်ကိုရီးယားသည် နျူကလီယာနှင့် ဒုံးကျည် နည်းပညာများကို တင်ပို့ရာတွင် နာမည်ခံ ကုမ္ပဏီများကို အသုံးပြုပြီး အီရန်၊ ဆီးရီးယားနှင့် မြန်မာတို့ကို အကူအညီပေးလျက် ရှိကြောင်း ဖော်ပြထားသည်။

Yunnan Academy of Social Sciences မှ အရှေ့တောင်အာရှရေးရာ ပညာရှင် He Shengda က ပြောကြားရာတွင် မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရေးနှင့် ပတ်သက်ပုံ မရကြောင်း ပြောကြားခဲ့သည်။

မြန်မာ အာဏာပိုင်များ အနေဖြင့် အရေးတကြီး လုပ်ဆောင်ရမည့် အချက်များမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံရေးအရ တည်ငြိမ်မှု ရရှိရေး ဖြစ်ကြောင်း၊ ယခုနှစ်တွင် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပလိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ၎င်းက ပြောသည်။

Shanghai Institute for International Studies မှ သုတေသန ပြုလုပ်သူ Jin Liangxiang က Time Weekly သို့ ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ကို ရှေ့တန်းတင်၍ အရှေ့တောင်အာရှတွင် ၎င်း၏ ကဏ္ဍ ပြန်လည်အရေးပါအောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ အရှေ့တောင် အာရှမှာ ယနေ့ထိ နျူကလီယာ ကင်းမဲ့ဒေသ ဖြစ်လျက် ရှိသေးကြောင်း ပြောကြားခဲ့သည်။

"ဒေသတွင်း သူ့ရဲ့ ရပ်တည်မှု အရေးပါလာဖို့ အတွက် အမေရိကန် ပြည်ထောင်စုဟာ စွပ်စွဲထားတဲ့ မြန်မာရဲ့ နျူကလီယာ ရည်မှန်းချက်တွေကို အသုံးပြုပြီး ဒေသတွင်း သူ့ရဲ့ မဟာမိတ်တွေ ကြောက်အောင် ခြောက်လှန့်စေမှာပါ" ဟု ၎င်းက ပြောသည်။

မဟာဗျူဟာအရ မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာမှတဆင့် သယ်ယူပို့ဆောင်ရေး၏ ဗဟိုချက်မ ဖြစ်လေရာ အမေရိကန်က တရုတ်ကို မြန်မာနိုင်ငံ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်စေရန် ကြိုးစားဖန်တီးနေခြင်း ဖြစ်ပေသည်။

Reuters က မှတ်ချက်ပေးရာတွင် အကယ်၍ မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များသာ မှန်ကန်ခဲ့ပါက ဝါရှင်တန်၏ မဟာမိတ်များ ဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ဒေသတွင်း မဟာဗျူဟာ အနေအထား ပြောင်းသွားလိမ့်မည် ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

Shanghi Institute for International Studies မှ တောင်အာရှ လေ့လာရေး ဒါရိုက်တာ Zhao Gancheng က သတိပေးရာတွင် မြန်မာနိုင်ငံ အနေဖြင့် ပြင်ပ ဖိအားများ အဆက်မပြတ် ပေးနေမှုကို သိရှိ ခံစားသည့်ကြားမှ နျူကလီယာ လက်နက် အတွက် ကြိုးစားပါက အန္တရာယ်ကြီးကြောင်း သတိပေးခဲ့သည်။

မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက် ဖွံ့ဖြိုးရေး ကြိုးစားမှုသည် ဥပဒေကို ဆန့်ကျင်ကြောင်း သိလျက်နှင့် အနောက်နိုင်ငံများသည် ယခုလက်ရှိ ချဉ်းကပ်မှုများကို ဆက်လက် ပြုလုပ်မည် ဆိုပါက ရှေ့ဆက်ဖြစ်မည့် အဖြစ်အပျက်များကို နားလည်နိုင်ပြီ ဖြစ်ပါသည်ဟု Zhao ဟု ပြောသည်။

ထိုအကြောင်းအချက်များကြောင့် အာဆီယံက သော်လည်းကောင်း၊ မြန်မာ၏ အကြီးဆုံး အလှူရှင် တရုတ်က သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက် ရည်မှန်းချက်များကို စွန့်လွှတ်ရန် နားချနိုင်လိမ့်မည် မဟုတ်ပေ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IRIN News, 8th June 2010

လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေး ဖိနှိပ် ချုပ်ချယ်မှုများ အပါအဝင် ဆင်းရဲ မွဲတေမှုများကြောင့် မြန်မာနိုင်ငံတွင်းမှ စွန့်ခွာ ထွက်ပြေးလာသော အိုးမဲ့အိမ်မဲ့များအတွက် ထိုင်းမြန်မာ နယ်ခြား တစ်လျှောက် ဆောက်လုပ်ပေးထားသော ဒါဇင်နှင့် ချီသော ဒုက္ခသည် စခန်းများတွင် အမ်ပိုင့် စခန်းလည်း ပါဝင်သည်။ အဆိုပါ စခန်းတွင် လူပေါင်း ၂၇,၀၀၀ ခန့် လက်ခံထားသည်ဟု ကရင် ဒုက္ခသည် ကော်မတီ၏ အဆိုအရ သိရသည်။ ထိုင်းဥပဒေအရ အိုးမဲ့အိမ်မဲ့များအား ဒုက္ခသည် စခန်းမှ ထွက်ခွာခြင်းကို တားမြစ်ထားသော်လည်း နေ့စားအလုပ် အတွက် ဒုက္ခသည်များ သွားလာခွင့်ကို အာဏာပိုင်များက မကြာခဏ ခွင့်ပြုပေးခဲ့သည်။

ရခိုင်တိုင်းရင်းသား မောင်ဝင်း (အမည်မှန် မဟုတ်) အသက် ၃၆ နှစ်က စခန်းပြင်ပတွင် ဖမ်းဆီးခြင်း ခံရသော ၎င်း၏ဖြစ်ရပ်ကို IRIN သတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

"အနီးအနားမှာ အလုပ်ရှာဖို့ နေ့ခင်းပိုင်းတွေမှာ အများဆုံး ကျွန်တော် စခန်းကနေ ထွက်ပါတယ်။ နေ့စားအလုပ် အတွက် အလုပ်ကြမ်းသမားတွေကို မနက် ၄ နာရီလောက်မှာ လာခေါ်လေ့ ရှိတဲ့နေရာကို ရောက်အောင် မနက်အစောကြီး စခန်းက ထွက်ပြီး ၅ ကီလိုမီတာလောက် လမ်းလျှောက်သွားရတယ်။ ညနေ ၅ နာရီဆိုရင် စခန်းကို ပြန်ပါတယ်။

ကျွန်တော် တစ်ရက်ကို ဘတ် ၈၀ (၂.၅၀ အမေရိကန်ဒေါ်လာ) ရတယ်။ ထိုင်း အလုပ်သမားတွေကတော့ ဒီထက် ၂ ဆ ပိုရတယ်။ ကျွန်တော်တို့ကတော့ ဈေးပေါတယ်။ ဘာအခွင့်အရေးမှ မရှိဘူး။ ဒါပေမယ့် ပိုက်ဆံရဖို့က ဒီတစ်နည်းပဲ ရှိပါတယ်။ အလုပ်မရှိရင် ကျွန်တော်တို့ကို ပေးတဲ့ စားစရာ ခွဲတမ်းလေးနဲ့ အသက်ရှင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် အလုပ်ရှာဖို့ စခန်းကနေ ထွက်တဲ့သူ ပိုများလာပြီး၊ နေ့စား အလုပ်ရဖို့ အခွင့်အရေး ပိုနည်းလာပါတယ်။ ရာနဲ့ချီတဲ့ လူတွေဟာ နေ့တိုင်း စခန်းအပြင်ဘက် ထွက်ပြီး အလုပ်ရှာနေကြတဲ့အခါမှ အနီးအနားမှာ အလုပ်မရှိတော့ဘူး။ ဒါကြောင့် ဝေးဝေး ပိုသွားပြီး အလုပ်ရှာရတယ်။

စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ဖို့ တစ်ပတ်ကို တစ်ကြိမ် အမ်ဖန်းကို သွားရပါတယ်။ နောက်ဆုံးတစ်ခေါက် အမ်ဖန်းကို သွားဖို့ လုပ်နေတုန်း လမ်းဘေး စစ်ဆေးရေးဂိတ်မှာ စခန်းအပြင်ကို ထွက်မှုနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။

ထောင်ထဲမှာ အစောင့်တွေက သူတို့အတွက် အုတ်ခဲသယ်ခိုင်းတယ်။ မိန်းမကလည်း ကျွန်တော့်ကို စားစရာ ပို့ပေးဖို့ ရဲကို ပိုက်ဆံပေးရတယ်။ ဒီတော့ ရှိတာလေးတွေ ချရောင်းရတာပေါ့။

ကျွန်တော် မြန်မာပြည်ကနေ ၁၉၉၀ မှာ ထွက်ပြေးခဲ့တာပါ။ ကျွန်တော်တို့ ဒေသခံ ရခိုင် ခေါင်းဆောင် တစ်ယောက်ကို ထောင်ထဲမှာ သေဒဏ်ပေးပြီးတဲ့နောက် ကျွန်တော်တို့ ဆန္ဒပြခဲ့သေးတယ်။ ဒီနောက်တော့ ရခိုင်မှာ နေဖို့ အန္တရာယ် သိပ်များလာလို့ ထွက်ပြေးခဲ့တာပါ။

၁၉၉၀ ကနေ ၁၉၉၄ အထိ မဲလစခန်းမှာ ဦးလေးနဲ့အတူ နေခဲ့တယ်။ ဒီနောက်တော့ မဲဆောက်က စက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီအချိန်တုန်းက ရဲတွေ အနှောင့်အယှက်ပေးတာ ခံရပေမယ့် အဖမ်းမခံရအောင် ရှောင်နိုင်ခဲ့တယ်။ ၂၀၀၅ ကျတော့ မဲဆောက်မှာ ကျွန်တော့် မိန်းမနဲ့ တွေ့ပြီး အိမ်ထောင်ကျတယ်။

အခုအချိန်မှာတော့ နိုင်ငံသား စိစစ်ရေး အစီအစဉ်သစ်ကြောင့် စက်ရုံမှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီမှာ အလုပ်လုပ်ခွင့်ရချင်ရင် မြန်မာအစိုးရဆီမှာ မှတ်ပုံတင်ရမယ်လို့ ပြောပါတယ်။

တကယ်တမ်းကျတော့ ဒီကိစ္စက မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် စခန်း အနီးအနားမှာပဲ အလုပ်လုပ်ဖို့ ကြိုးစားရုံပဲ ရှိပါတော့တယ်။ အလုပ်ရနိုင်မယ် ဆိုရင်ပေါ့လေ။"

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးဟောင်းတစ်ဦး ပေးသော သတင်း အချက်အလက်များအပေါ် အခြေခံ၍ ရေးသားထားသော အစီရင်ခံစာ တစ်ရပ်အရ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် နျူကလီယာ လက်နက် တီထွင် ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။

နျူကလီယာ နည်းပညာ ကျွမ်းကျင်သူ ပညာရှင်များက မြန်မာ စစ်အစိုးရ၏ နျူကလီယာ အစီအစဉ်သည် ရှေးကျလွန်းပြီး ညံ့ဖျင်းလွန်းကြောင်း ပြောကြားသည်။

ယင်းအစီရင်ခံချက်ကို ပြည်ပြေးမီဒီယာ အုပ်စု ဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က တာဝန်ပေး လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ် အောင်မြင်မှု မရရှိသေးသည့်တိုင် မြန်မာ စစ်အစိုးရတွင် နျူကလီယာ ဦးတည်ချက် ရှိသည် ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်ဟု အဆိုပါ အစီရင်ခံချက်က ဆိုသည်။

"နိဂုံးချုပ် ပြောလိုသည်မှာ ယင်းနည်းပညာသည် နျူကလီယာ လက်နက် တီထွင် ထုတ်လုပ်ရန် အတွက်သာ ဖြစ်ပြီး အရပ်ဘက်သုံး သို့မဟုတ် နျူကလီယာ စွမ်းအား ထုတ်လုပ်ရေးအတွက် အသုံးပြုရန် မဟုတ်ပေ" ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) တွင် နျူကလီယာ စစ်ဆေးသူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော Robert Kelley က အစီရင်ခံစာတွင် ပါဝင်သော ပစ္စည်း ကိရိယာ ဓာတ်ပုံများကို အသေအချာ ဆန်းစစ် ကြည့်ရှုပြီးကြောင်း ဆိုသည်။

ယင်းစက်ပစ္စည်း ကိရိယာများသည် ယူရေနီယံ သန့်စင်ရာတွင် လိုအပ်မည့် ဓာတုပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ယူရေနီယံ သတ္တုနှင့် သန့်စင်မှုအတွက် လိုအပ်သော ယူရေနီယံ ဟီဇာဖလိုရိုက် ဒြပ်ပေါင်း ထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။

"လက်နက်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေတော့ အသေအချာ မတွေ့ရပါဘူး" ဟု မစ္စတာ Robert Kelley က ပြောသည်။ "အစိတ်အပိုင်းတွေကို ကြည့်ရတာ ရှေ့ပြေးပုံစံငယ်လိုမျိုးတွေ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။

DVB ၏ ဒုတိယ ဒါရိုက်တာ ဦးခင်မောင်ဝင်းက "ဒီလေ့လာ တွေ့ရှိချက်တွေအရ စက်ရုံတွေက စတင်လည်ပတ်ရုံတင် ရှိပါသေးတယ်။ စစ်အစိုးရအနေနဲ့ နျူကလီယာ လက်နက် ထုတ်လုပ်ဖို့ အများကြီး လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ နည်းပညာတွေက ရှေးရိုးဆန်လွန်းပြီး
ညံ့ဖျင်းလွန်းလို့ပဲ ဖြစ်ပါတယ်" ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခန်းတွင် ပြောကြားသည်။

"ဒါပေမဲ့ သူတို့ဟာ နျူကလီယာ ပန်းတိုင်ကို ရောက်အောင် လုပ်ဆောင်နေကြပါတယ်" ဟု `၎င်းက ဆက်လက် ပြောဆိုသည်။ အဆိုပါ သတင်း ထွက်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော အမေရိကန် ဆီနိတ်တာ Jim Webb က ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

မစ္စတာ Jim Webb က အဆိုပါ သတင်း ခြေခြေမြစ်မြစ်ရှိ၊ မရှိ ဟူသော ကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောဆိုသည်။ မည်သို့ပင်ဆိုစေ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲသည်ဟု ပြောကြားထားသည်။ မြောက်ကိုရီးယားမှ လက်နက်များ တင်ဆောင်လာသည့် သင်္ဘောနှင့် ပတ်သက်၍ မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကို ညွှန်းဆိုကာ ယင်းသို့ စွပ်စွဲ ပြောဆိုခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ လက်နက်ထိန်းချုပ်ရေး ဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ John R Bolton ဆိုသူက "မြန်မာ နျူကလီယာ အစီအစဉ် ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ပူပန်သောက ရောက်နေခဲ့တာ အချိန် ကြာပါပြီ" ဟု ပြောကြားသည်။

Washington Times သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 8th June 2010

မြောက်ကိုရီးယား နယ်စပ် အစောင့်သည် ပြီးခဲ့သည့် အပတ်က နှစ်နိုင်ငံ နယ်စပ်အနီးတွင် လူသုံးဦးအား ပစ်သတ်ခဲ့ကြောင်း တရုတ်က ပြောကြားခဲ့သည်။

စတုတ္တမြောက် ပုဂ္ဂိုလ်မှာ ဖြစ်ပွားရာဒေသ အရှေ့မြောက် နယ်စပ်မြို့ Dandong အနီးတွင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းပေးပို့မှုအရ သိရှိရသည်။

တရုတ်သည် မြောက်ကိုရီးယားသို့ လုပ်ရိုးလုပ်စဉ် ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

အဆိုပါ နှစ်နိုင်ငံသည် ရင်းနှီးသော မဟာမိတ်များ ဖြစ်သည်ဟု ယူဆရပြီး Beijing သည် ၎င်း၏ အစွန့်ပစ်ခံနိုင်ငံ အပေါ် လူသိရှင်ကြား ဝေဖန်မှုများ ပြုလုပ်ခဲပါသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Qin Gang က Beijing ရှိ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ၌ Liaoning နယ်ရှိ Dandong မြို့တွင် နေထိုင်သူ လေးဦးသည် အရောင်းအဝယ် ပြုလုပ်ရန် နယ်စပ်သို့ ဖြတ်သည်ဟု သံသယရှိသဖြင့် သေနတ်ဖြင့် ပစ်ခံရကြောင်း ပြောကြားခဲ့သည်။

"တရုတ်အနေနဲ့ အရေးကြီးတဲ့ အဖြစ်အပျက်ဟု ခံယူပြီး DPRK ကို ဝမ်းနည်းကြောင်း ဖော်ပြမှု ချက်ချင်း ထုတ်ဖော်ခဲ့ပါတယ်" ဟု ၎င်းက မြောက်ကိုရီးယား၏ အမည် အပြည့်အစုံ DPRK ကို အသုံးပြု၍ ပြောကြားခဲ့သည်။

အဆိုပါ အမှုကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း Mr. Qin က ပြောကြားခဲ့သော်လည်း၊ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။ အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ ပြုံးယမ်းမှ မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။

တရားမဝင် ကုန်သည်များသည် နှစ်နိုင်ငံ နယ်စပ်ကို ပုံမှန် ဖြတ်ကျော်လေ့ရှိပြီး၊ မှောင်ခို ပစ္စည်းများကို ဆင်းရဲသော မြောက်ကိုရီးယားသို့ တင်သွင်း ရောင်းချကြသည်။

တရုတ်သည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး မြောက်ကိုရီးယား အပေါ် သြဇာလွှမ်းမိုးမှု ရှိသည်ဟု မှတ်ယူနိုင်သည်။

ယခုအခါ မတ်လကမူ ၄၆ ဦး သေဆုံးသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုက အဆိုပါ နစ်မြုပ်မှု အတွက် မြောက်ကိုရိးယားကို အပြစ်တင်ခဲ့ သော်လည်း၊ တရုတ်က ၎င်း၏ မဟာမိတ်အပေါ် ဖိအားပေးရန် ငြင်းဆန်ဆဲ ဖြစ်ပြီး၊ ကိုရီးယား နှစ်နိုင်ငံအား အေးအေးဆေးဆေး ဖြေရှင်းရန်သာ ပြောခဲ့သည်။

ပြီးခဲ့သည့်လက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် တရုတ်နိုင်ငံသို့ စီးပွားရေးနှင့် နိုင်ငံရေး အကူအညီ အတွက် သွားရောက်ခဲ့သည်ဟု သတင်းများက ဆိုသည်။

တရုတ်သည် မြောက်ကိုရီးယား၏ စီးပွားရေးအရ ရှင်သန်ရန် ရုန်းကန်မှုတွင် အရေးပါသော နေရာမှ ပါဝင်ပြီး၊ ပြုံးယမ်းအား စားနပ်ရိက္ခာများ၊ လောင်စာဆီများနှင့် လိုအပ်မှုများသော နေရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းများ ဖြည့်ဆည်းပေးသည်။

Beijing သည် မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်များ အတွက် ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ပါဝင်သူ တစ်ဦး ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲမှာ ၂၀၀၃ ခုနှစ်မှ စခဲ့သော်လည်း တိုးတက်မှုများ သိပ်မရှိခဲ့ပေ။

၂၀၀၉ ခုနှစ်က မြောက်ကိုရီးယားသည် တရုတ်နှင့် နယ်စပ်တွင် အမေရိကန် သတင်းစာဆရာ နှစ်ဦးအား မြောက်ကိုရီးယားသို့ တရားမဝင် ဝင်ရောက်သည်ဟု စွပ်စွဲလျက် ဖမ်းဆီးခဲ့သည်။

သတင်းစာဆရာ နှစ်ဦးဖြစ်သော Laura Ling နှင့် Euna Lee တို့က ၎င်းတို့သည် တရုတ်နိုင်ငံဘက်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း ပြောခဲ့သော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ်စီ အပြစ်ပေးခံခဲ့ရသည်။ သို့သော် ၎င်းတို့သည် အဖမ်းခံရပြီး လေးလအကြာတွင် အမေရိကန် သမ္မတဟောင်း Bill Clinton ခေါင်းဆောင်သော သံတမန် မစ်ရှင်ကြောင့် ပြန်လွတ်လာခဲ့ကြသည်။

Robert Park ဆိုသူ အမေရိကန် လူမျိုးတစ်ဦးမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာက ရေခဲနေသော မြစ်ကို ဖြတ်ပြီး မြောက်ကိုရီးယား နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းကြောင့် အဖမ်းခံရပြီး၊ ၎င်းမှာ ဖေဖော်ဝါရီလက ပြန်လွှတ်ပေးခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

http://www.surveymonkey.com/s/37RQDXM

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တစ်ရပ်ကို လျှို့ဝှက်စွာ လုပ်ကိုင် ဆောင်ရွက်နေသည် ဟူသော စွပ်စွဲချက်များ ပါသော သုံးသပ်ချက် အစီရင်ခံစာသည် မှန်ကန်မှု မရှိကြောင်း စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်သည်။ သို့သော် နျူကလီယာ ကျွမ်းကျင်သူများက စစ်အာဏာရှင်စနစ် အုပ်ချုပ်သော မြန်မာနိုင်ငံသည် နျူကလီယာဆိုင်ရာ ပစ္စည်းများ ဝယ်ယူလျက်ရှိသော သံသယဖြစ်ဖွယ် အထောက်အထားများ တွေ့ရှိရကြောင်း ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင် ဇွန်လ ၆ ရက်နေ့က ရှန်ဂရီလာ ဒိုင်ယာလော့ခ် အမည်ဖြင့် ပြုလုပ်သော လုံခြုံရေး ညီလာခံ၌ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံတွင် နျူကလီယာ အစီစဉ်တစ်ရပ် တိတ်တဆိတ် အကောင်အထည် ဖော်နေသည် ဟူသော သတင်း ပေးပို့ချက်များသည် မှန်ကန်မှု မရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

"အဲဒီ သတင်း ပေးပို့ချက်ဟာ ကျွန်တော်တို့ နိုင်ငံကို လုပ်ကြံ စွပ်စွဲမှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က နျူကလီယာ ဗုံးတွေ ဘယ်လို ထုတ်လုပ်ရတယ် ဆိုတာကို သိရင်တောင်မှ ကျွန်တော်တို့မှာ အခြေခံ အဆောက်အအုံနဲ့ နည်းပညာတွေ လိုအပ်ပါမယ်" ဟု သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိလာသော သတင်း ပေးပို့ချက်များအရ မြောက်ကိုရီးယားသည် မြန်မာနိုင်ငံတွင် နျူကလီယာ တီထွင် ထုတ်လုပ်နိုင်ရန် အကူအညီ ပေးလျက် ရှိသည်ဟု သိရသည်။

"တချို့ လူ့အသိုင်းအဝိုင်းတွေနဲ့ အဖွဲ့အစည်းတွေက ကျွန်တော်တို့ နိုင်ငံကို ပုံစံတစ်ခုထဲ ဝင်အောင် သွတ်သွင်းကြပါတယ်" ဟု သံအမတ်ကြီးက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (Democratic Voice of Burma)က အစီရင်ခံချက် တစ်ရပ်ကို ထုတ်လွှင့်ခဲ့သည်။ ယင်း အစီရင်ခံချက်တွင် မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တစ်ရပ်ကို လျှို့ဝှက်စွာ လုပ်ကိုင် ဆောင်ရွက်နေကြောင်း၊ နျူကလီယာဗုံး တီထွင်ရန် ဦးတည်ချက် ရှိကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူ စစ်ဘက် အရာရှိ တစ်ဦးသည် အဆိုပါ အစီအစဉ်တွင် ပါဝင် ပတ်သက်ခဲ့ပြီး ၎င်းက နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော အရေးကြီးသော စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို ထုတ်ယူလာခြင်း ဖြစ်သည်။ ဓာတ်ပုံများမှာ ယူရေနီယံ စမ်းသပ် ထုတ်လုပ်မှုများနှင့် နျူကလီယာ ဓာတ်ပေါင်းဖို စက်ရုံ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကို ရိုက်ကူးထားပုံများ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် တပ်ဆင်နိုင်သည့် အဆင့်နှင့် အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း အစီရင်ခံချက်က ဆိုသည်။

အဆိုပါ နျူကလီယာ သတင်း ပေးပို့ချက်ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသူ အမေရိကန် ဆီနိတ်တာ Jim Webb က ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာများကို မြန်မာနိုင်ငံက ရယူနေသည့် ကိစ္စနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ် ပူပန်မိကြောင်း၊ ယင်းကိစ္စသည် အမေရိကန် ပြည်ထောင်စု မဟာမိတ်များကို ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း ဝါရှင်တန် အစိုးရ၏ သဘောထားကို ထုတ်ဖော် ပြောဆိုထားသည်။

အဆိုပါ နျူကလီယာ စွပ်စွဲ ပြောဆိုချက်များကြောင့် စိုးရိမ် ပူပန်မှုများနှင့် မေးခွန်း မြောက်မြားစွာကို ဖြစ်ပေါ်စေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။

မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ နိုင်ငံတကာ အင်စတီကျု (IISS) မှ Senior Fellow တစ်ဦး ဖြစ်သူ Mark Fitzpatrick က မြန်မာနိုင်ငံနှင့် ပတ်သက်သော နောက်ဆုံး ဖြစ်ရပ်များကို လုံခြုံရေး ကွန်ဖရင့်၏ တံခါးပိတ် ဆွေးနွေးမှု အချိန်၌ ဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားသည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံက လုံးလုံးလျားလျား မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် မြန်မာနိုင်ငံသည် ခေတ်မီ ဆန်းပြား ရှုပ်ထွေးသော စက်ပစ္စည်းများ ဝယ်ယူ တင်သွင်းခဲ့ကြောင်း၊ ယင်း စက်ပစ္စည်းများသည် ဒုံးကျည် အစိတ်အပိုင်းများ သို့မဟုတ် နျူကလီယာ စွမ်းအင်များ သို့မဟုတ် နျူကလီယာ လက်နက်များ တီထွင် ထုတ်လုပ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

"မေးရမယ့် မေးခွန်းတစ်ခုက အဲဒီ စက်ပစ္စည်းတွေ ဝယ်ယူရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ ဆိုတာပါ" ဟုလည်း ဆက်လက် ပြောသည်။

အဆိုပါ လုံခြုံရေး ဖိုရမ်သို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အေးမြင့် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံအမတ်ကြီး ဦးဝင်းမြင့်ကို မေးမြန်းရာ ကွန်ဖရင့် ကျင်းပချိန်နှင့် မြန်မာနိုင်ငံသို့ တရုတ် ဝန်ကြီးချုပ် လာရောက် လည်ပတ်ချိန်နှင့် တစ်ချိန်တည်း ဖြစ်နေသောကြောင့် ကာကွယ်ရေး ဒုတိယ ဝန်ကြီး အနေနှင့် ကွန်ဖရင့် တက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဖြေကြားသည်။

Asiaone ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 7th June 2010

မြောက်ကိုရီးယား နိုင်ငံတွင် ရှားရှားပါးပါး ခေါ်ယူသော ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွင် ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနက ပြောကြားသည်။

ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့သော ခေါင်းဆောင်ကြီး ကင်ဂျုံအီသည် ယခုအကြိမ်တွင် တက်ရောက်ခဲ့သည်ဟု KCNA သတင်းဌာနက ဆိုသည်။

ချိုယောင်ရင်ကို ကင်ယုံအီ၏ နေရာတွင် အစားထိုးကာ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ရာထူးသည် ကွန်မြူနစ် နိုင်ငံ၏ စီးပွားရေး မူဝါဒ အတွက် တာဝန်ရှိသော ရာထူး ဖြစ်သည်။

ခေါင်းဆောင်ကြီး "ကင်" ၏ ယောက်ဖ တော်စပ်သူ ချန်ဆောင်သိပ် ကိုလည်း အမျိုးသား ကာကွယ်ရေး ကော်မရှင်တွင် သြဇာ ကြီးမားသော စစ်ဖက် ရာထူးသို့ ရာထူး တိုးမြှင့်ပေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့သည်။

ချိန်ဆောင်သိပ်သည် ခေါင်းဆောင်ကြီး "ကင်" ၏ အငယ်ဆုံးသား ကင်ဂျုံအန် နှင့် သက်ဆိုင်သော အာဏာအမွေ ဆက်ခံမှုကို ထောက်ခံသူ ဖြစ်သည်ဟု ယူဆရသည်။

 အာဏာဆက်ခံမှုလမ်းစ

ပြည်သူ့လွှတ်တော် ညီလာခံဟု ခေါ်ဝေါ်သော လွှတ်တော် အစည်းအဝေးမှာ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပလေ့ ရှိသည်။

မေလ ၁၈ ရက်က ကျင်းပခဲ့သော လွှတ်တော် အထူး အစည်းအဝေးသည် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် အတွက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု KCNA က ထုတ်ပြန်သည်။

ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပေါလစ်ဗျူရိုက ချိုယုံရင်အား ဝန်ကြီးချုပ် အဖြစ် အဆိုပြုခဲ့သည်ဟု သိရှိရသည်။

ယခု ဝန်ကြီးချုပ် နေရာကို အစားထိုးခြင်းသည် ယခင်နှစ်က မအောင်မြင်ခဲ့သော ငွေတန်ဖိုး ပြောင်းလဲ သတ်မှတ်မှုနှင့် ဆက်စပ်နေသည်ဟု အချို့သတင်းများက ဆိုသည်။

ချန်ဆောင်သိပ်၏ ရာထူး တိုးမြှင့်မှုကိုမူ ကင်ဂျုံအီက အဆိုပြုခဲ့ခြင်း ဖြစ်သည်ဟု သတင်းဌာနက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံး စစ်ရေး ကော်မတီ ဖြစ်သော အမျိုးသား ကာကွယ်ရေး ကော်မရှင်တွင် အဖွဲ့ဝင် ဖြစ်ခဲ့သော ချန်ဆောင်သိပ်သည် ယခု ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည် ဖြစ်သည်။

ချန်ဆောင်သိပ်သည် ခေါင်းဆောင်ကြီးကင်၏ အယုံကြည်ရဆုံး မဟာမိတ်များထဲမှ တစ်ဦး ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

ချန်ဆောင်သိပ်၏ ရာထူး တိုးမြှင့်မှုသည် ခေါင်းဆောင်ကြီးကင်က ၎င်း၏ သားအား ချောမွေ့စွာ အာဏာလွှဲပြောင်း ပေးနိုင်ရန်အတွက် အရေးကြီးသော နေရာတွင် စိတ်ချရသူကို တာဝန်ပေးခြင်းသာ ဖြစ်သည်ဟု အချို့က ရှုမြင်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက် ရှိသော စွမ်းအင် တူးဖော်ရေး စီမံကိန်းကြီးများကို အပြီးသတ် အကောင်အထည် ဖော်ရန်နှင့် နှစ် ၆၀ သက်တမ်းရှိ ခိုင်မာသော နှစ်နိုင်ငံ ဆက်ဆံမှု အင်အား တိုးတက် ကောင်းမွန်လာရေးကို ဆက်လက် အကောင်အထည် ဖော်ရန် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တရုတ် ဝန်ကြီးချုပ်အဖြစ် ပထမဆုံး လာရောက် လည်ပတ်ခဲ့သူ မစ္စတာ ဝမ်ကျားပေါင်နှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့သည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး၊ ဆက်သွယ်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေး နှင့် အကူအညီ ပေးရေး ဆိုင်ရာ သဘော တူညီချက်များကို မစ္စတာ ဝမ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြုလုပ်နိုင်ခဲ့သည်။

မစ္စတာ ဝမ်ကျားပေါင်နှင့် မြန်မာ ပြည်တွင်းရေးနှင့် ပတ်သက်၍ အကျဉ်းချုံး ဆွေးနွေးမှု ပြုစဉ် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်က မြန်မာ အစိုးရသည် နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ ဒီမိုကရေစီ ရွေးကောက်ပွဲများကိုလည်း ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးသည် နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းသွားရန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာစစ်တပ်က နယ်စပ်ဒေသရှိ တရားမဝင် လက်နက် ထုတ်လုပ်ရေး စက်ရုံကို စစ်အင်အား သုံးပြီး ဖြိုပြီး တိုင်းရင်းသား လက်နက် ကိုင်အုပ်စုနှင့် စစ်မက် ဖြစ်ပွားခဲ့ရာ ထိုဒေသတွင် နေထိုင်သော ပြည်သူ သုံးသောင်းခန့် တရုတ်ပြည်ထဲသို့ ဒုက္ခသည်များအဖြစ် ဝင်ပြေးခဲ့ရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ဝန်ကြီးချုပ် နှစ်ဦးသည် သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းနှင့် ဒေါ်လာ ၁ ဒဿမ ၀၄ ဘီလီယံ တန်ဖိုးရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းကို သဘော တူညီခဲ့ကြသည်။ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်း ဆောက်လုပ်မှုကို ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် စတင် လုပ်ကိုင်ခဲ့သည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခုကို မျဉ်းပြိုင်ပုံစံဖြင့် သွယ်တန်းခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ နယ်စပ်မြို့ ဖြစ်သော ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ ဝင်ရောက်မည် ဖြစ်သည်။ ရေနံ ပိုက်လိုင်းမှာ ယူနန်ပြည်နယ်၊ မြို့တော် ကူမင်းတွင် အဆုံးသတ်မည် ဖြစ်ပြီး ကီလိုမီတာ ၂၈၀၆ ရှည်လျားမည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှာ Guizhou နှင့် Guangxi မြို့များသို့ ဆက်လက် သွယ်တန်းမည် ဖြစ်သည်။

ထို ရေနံပိုက်လိုင်းသည် တရုတ်ပြည်၏ ရေနံ တင်သွင်းမှု လမ်းကြောင်းကို လုံးလုံးလျားလျား ပြောင်းလဲပစ်မည် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။ တရုတ်သည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ဒေသများမှ ဝယ်ယူသော ရေနံများကို ပြည်တွင်းသို့ တင်ပို့ရာ၌ ပင်လယ်ဓားပြ အန္တရာယ် များပြားသော မလက္ကာ ရေလက်ကြားကို ရှောင်ရှားနိုင်ရေး အတွက် အဆိုပါ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

ယင်း စွမ်းအင်ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းများသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေကြောင်း China Institute of Contemporary International Relations မှ သုတေသန ပညာရှင် Song Qingrun က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရင်းအနှီးနှင့် နည်းပညာ အခက်အခဲများကြောင့် ထုတ်ဖော် အသုံးမပြု ရသေးသော စွမ်းအင် သယံဇာတ ရင်းမြစ် မြောက်မြားစွာ ရှိသည်။ စွမ်းအင် စီမံကိန်းများသည် အလုပ်အကိုင် အခွင့်အလမ်းပေါင်း မြောက်မြားစွာကို ဖြစ်ပေါ် ဖန်တီးပေးနိုင်သလို ဒေသခံများ အနေဖြင့်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အထောက်အပံ့များ ရရှိစေနိုင်ကြောင်း Song Qingrun က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော တရုတ် စီမံကိန်းများ အားလုံးသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

China Daily သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.