Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 12th June 2010

မြန်မာ အစိုးရသည် သောကြာနေ့က ၎င်းအနေဖြင့် နျူကလီယာဗုံး ပြုလုပ်ရန် ရည်ရွယ်ချက် မရှိကြောင်း သောကြာနေ့က ပြောကြားလိုက်ပြီး၊ အနောက်နိုင်ငံများက မြောက်ကိုရီးယားနှင့် နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မှုများကို ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် အစီအစဉ်များ စတင်လျက် ရှိကြောင်း သတင်းများအရ အမေရိကန်က ပြုံးယမ်းနှင့် စစ်ရေးအရ ဆက်ဆံမှုများ တိုးတက်လာခြင်းအား စိုးရိမ် ပူပန်မျှုများ ရှိလာသည်ဟု ဆိုသည့်နောက်တွင် မြန်မာ အစိုးရက အထက်ပါ အတိုင်းဖြင့် ငြင်းဆိုမှုများ ထွက်ပေးလာခြင်း ဖြစ်သည်။

နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သော သတင်း ကြေညာချက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းများမှာ အခြေအမြစ် မရှိသော စွပ်စွဲချက်များသာ ဖြစ်ပြီး နိုင်ငံရေးအရ ဆွဲဆောင်ထားခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်က ဆက်လက် ပြောကြားရာတွင် မကြာသေးမီက နျူကလီယာ စွပ်စွဲချက်များသည် ယခု နှစ်မကုန်မီ ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ပေါ်လာနိုင်သည့် အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံကြား ဆွေးနွေးပွဲ အသစ်တဖန် ဖြစ်ပေါ်မှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်သော ရည်ရွယ်ချက် ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်နှင့် အညီ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့် ကြေညာချက်များကို အမြဲတမ်း လေးစားလိုက်နာသည့် နိုင်ငံ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲချက်များသည် ယခုနှစ် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီရေး ကြိုးစားနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး လုပ်ငန်းစဉ်များ အင်အားချိနဲ့အောင် ပြုလုပ်ရန် ရည်ရွယ်ပုံရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ မှတ်ချက်ပေးရခြင်းမှာ မကြာသေးမီက နော်ဝေး အခြေစိုက် သတင်းဌာန ဖြစ်သော ဒီမိုကရက်တစ် မြန်မာအသံ (DVB) မှ သတင်းကားတွင် မြန်မာနိုင်ငံသည် နျူကလီယာ ဗုံးလုပ်ရန် ကြိုးစားနေသည်ဟု စွပ်စွဲထားသောကြောင့် ဖြစ်သည်။

DVB ၏ သတင်းကားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ စစ်တပ် အရာရှိဟောင်းနှင့် နှစ်ပေါင်း များစွာ စုဆောင်းထားသော ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ဖော်ပြထားသည်။ ထို့အပြင် ထောင်ပေါင်းများစွာသော ဓာတ်ပုံများ၊ အခြား ထွက်ပြေးလာသူများက ယူဆောင်လာသော အစိုးရ၏ နျူကလီယာ အစီအစဉ်များနှင့် မြောက်ကိုရီးယား၏ အကူအညီဖြင့်ဟု စွပ်စွဲထားသော လျှို့ဝှက် မြေအောက် ဥမင်လိုဏ်များ ကိစ္စအား ဖော်ထုတ်ထားသော သက်သေ အထောက်အထားများကို ဖော်ပြထားသည်။

နှစ်ပေါင်းကြာအောင် စုံစမ်း စစ်ဆေးမှုများတွင် မြန်မာနိုင်ငံ၏ နျူကလီယာ တပ်ရင်းတွင် ဒုတပ်ရင်းမှူး ဖြစ်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ယူဆောင်လာသော ရာပေါင်းများစွာသော ဖိုင်များနှင့် အခြား အထောက်အထားများ ပါဝင်သည်။

"သူတို့ဟာ တကယ်ပဲ နျူကလီယာဗုံး ပြုလုပ်လိုပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပါ" ဟု ၎င်းက ပြောခဲ့သည်ဟု ကိုးကား ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကြောင့် အမေရိကန် ဆီနိတ်တာ Jim Webb သည် ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အား ဖျက်သိမ်းခဲ့ပြီး၊ အဆိုပါ လုပ်ရပ်သည် မိုက်မဲရာ ကျပြီး၊ ဆိုးဝါးသော အခြေအနေများကိုသာ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ရှိချက်များတွင် မြန်မာ အစိုးရသည် နျူကလီယာ အစီအစဉ်များ တိုးတက်ရေး အတွက် မြောက်ကိုရီးယားနှင့် ဆက်စပ်လုပ်ကိုင်နေကြောင်း ဖြစ်နိုင်သည့် စွပ်စွဲချက် အသစ်များ ပါဝင်ကြောင်း Webb က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် လွန်ခဲ့သော ဇွန်လက မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသော လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားမှုအား ချိုးဖောက်သည်ဟု စွပ်စွဲမှုများ ရှိလာခဲ့သည်။

ပြီးခဲ့သည့် မေလ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ သွားရောက်စဉ်က မြောက်ကိုရီးယားမှ လက်နက်များ တင်ပို့ထားသည်ဟု သံသယရှိသဖြင့် စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်။

သမ္မတ Obama အစိုးရသည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ အပေါ် အထီးကျန်ပြုမှုသည် အောင်မြင်မှုမရသဖြင့် စစ်အစိုးရ အုပ်ချုပ်သူများနှင့် ဆွေးနွေးရန် စတင်ပြုလုပ်ခဲ့သည်။

သို့သော် ဝါရှင်တန်သည် မြန်မာ အစိုးရ၏ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲ ပြင်ဆင်မှုများ အပေါ်နှင့် နျူကလီယာ အပေါ် စိုးရိမ်ရမှုများ တိုးတက်လာခြင်း အပေါ် ထိရောက်စွာ ဝေဖန်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယား အေးဂျင့်များသည် တောင်ကိုရီးယား သမ္မတ ချွန်ဒူးဒမ် မြန်မာနိုင်ငံသို့ လာရောက်စဉ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုကြောင့် မြန်မာနိုင်ငံနှင့် ပြုံးယမ်းတို့ ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။ အဆိုပါ လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၂၁ ဦး သေဆုံးခဲ့သည်။

သို့သော် နှစ်နိုင်ငံစလုံးအား အမေရိကန်က သီးခြား ကွဲထွက်နေသော အာဏာရှင်များ အဖြစ် တံဆိပ်ကပ်ခဲ့ရာ မကြာသေးမီနှစ်များ အတွင်းက နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ထူထောင်ရန် ကြိုးစားခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် ရှားရှားပါးပါး ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ၊ ဝေဖန်သူများက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မပြုနိုင်အောင် ဥပဒေဖြင့် တားဆီးထားသောကြောင့် အလိမ်အညာ ရွေးကောက်ပွဲဟု ဝေဖန်နေကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economics Newspaper, Asia, 10th June 2010

မြောက်ကိုရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆီးရီးယား နှင့် အခြား အလားအလာ ရှိသော နိုင်ငံများနှင့် ဆက်စပ်နေပုံ ရသော မရိုးသားသည့် နျူကလီယာနှင့် ဒုံးကျည် နည်းပညာ ကွန်ယက်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသည် ဟူသော သတင်းများမှာ မကြာခဏ ဆိုသလို ထွက်ပေါ်နေသည်။ အဆိုပါ ကိစ္စအားလုံးထဲတွင် ဒုံးကျည် နည်းပညာ ဆက်နွယ်မှုမှာ အထင်ရှားဆုံး ဖြစ်၍ မြောက်ကိုရီးယားက ဒုံးကျည် ရောင်းချပေးနေသော (သို့) ကိုယ်တိုင် တည်ဆောက်နိုင်အောင် ကူညီပေးနေသော မြန်မာနိုင်ငံ ကိစ္စလည်း ပါဝင်သည်။

သို့သော်လည်း မြန်မာနိုင်ငံ အတွက် အသေးစား သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ပေးရန် ၂၀၀၇ ခုနှစ်တွင် ရုရှားနှင့် မူအားဖြင့် သဘောတူညီချက် ရခဲ့ခြင်းကို ဘေးဖယ်ထားပါက မြန်မာအစိုးရ၏ နျူကလီယာ ရည်ရွယ်ချက်နှင့် ပတ်သက်သည့် ခိုင်မာသော အထောက်အထားများ နည်းပါးနေသည်။ မည်သို့ပင်ဖြစ်စေ၊ မြန်မာစစ်တပ်မှ လတ်တလော ထွက်ပြေး ခိုလှုံလာခဲ့သော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ယူဆောင်လာသော အထောက်အထားများနှင့် ဓာတ်ပုံများအရ အကယ်၍ ယူရေနီယမ် သန့်စင်ခြင်းနှင့် ပုံတည်ဆောက်ခြင်းကို လုပ်ကိုင်နိုင်စွမ်း မရှိသေးသည့်တိုင် မြန်မာ အစိုးရ၏ ရည်ရွယ်ချက်ကို အတည်ပြုနိုင်မည့် လက္ခဏာ ရှိနေသည်။

စိုင်းသိန်းဝင်းသည် ၎င်းယူဆောင်လာသော အထောက်အထားများကို နော်ဝေ အခြေစိုက် DVB အသံလွှင့်ဌာနသို့ လွှဲပြောင်း ပေးခဲ့သည်။ အထက်ပါ အထောက်အထားများကို ကုလသမဂ္ဂ၏ နျူကလီယာ တာဝန်ခံ အဖွဲ့အစည်း ဖြစ်သော နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ၏ စစ်ဆေးရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ဖူးသော Robert Kelley က ခွဲခြမ်းစိတ်ဖြာ စစ်ဆေး ခဲ့သည်။ ၎င်း၏ ၂၇ မျက်နှာပါ အစီရင်ခံစာတွင် သတိပေးမှု မြောက်မြားစွာကို ဖော်ပြခဲ့ရာ၌ စိုင်းသိန်းဝင်းသည် ဒုံးကျည် ကျွမ်းကျင်သူသာ ဖြစ်၍ နျူကလီယာ ပညာရှင် မဟုတ်ကြောင်း၊ ၎င်းတင်ပြသော အချို့အချက်အလက်များသည် တစ်ဆင့်စကား ဖြစ်နေကြောင်း၊ အချို့ပုံစံများမှာ ပုံကြမ်းအဆင့်သာ ရှိကြောင်း၊ ဓာတ်ပုံများတွင် မြင်တွေ့ရသည့် ကိရိယာ အချို့သည် လိုအပ်ပါက အရပ်ဖက်သုံး အဖြစ် အသုံးပြုနိုင်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။ သို့သော်လည်း ဗုံးပြုလုပ်ရာတွင် မရှိမဖြစ် အဆင့်တစ်ခု ဖြစ်သော ယူရေနီယံ သတ္တုပြုလုပ်ရာတွင် အသုံးပြုသည့် အခြားကိရိယာများနှင့် ယူရေနီယမ် အဆင့်မြင့် သန့်စင်ရာတွင်သာ အသုံးပြုသည့် လေဆာဆိုင်ရာ စမ်းသပ်မှု လုပ်ငန်းများက သံသယများကို ကြီးထွားစေသည်။ ထို့ကြောင့်ပင်လျှင် အမှတ် (၁)  သိပ္ပံနှင့် နည်းပညာတပ်ရင်း ဟုခေါ်ဝေါ်သော မြန်မာ့ တပ်မတော် နျူကလီယာ တပ်ဖွဲ့နှင့် အရပ်ဖက် နျူကလီယာ ပညာရှင်များအကြား နီးကပ်စွာ ဆက်နွယ်နေခြင်း ဖြစ်သည်။

မစ္စတာ Kelley ၏ အစီရင်ခံစာတွင် နောက်ဆုံး သုံးသပ်ခဲ့သော အထောက်အထားများ အားလုံးက ယခု အစီအစဉ်သည် နျူကလီယာ လက်နက် ထုတ်လုပ်ရန်သာ ဖြစ်ပြီး အရပ်ဖက်သုံး (သို့) စွမ်းအင် အတွက် မဟုတ်ဟူသော ခိုင်လုံသည့် သုံးသပ်ချက်ကို ထွက်ပေါ်စေခဲ့သည်။ ဝါရှင်တန် အခြေစိုက် လွတ်လပ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် Institute for Science and International Security က ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော အစောပိုင်း အစီရင်ခံစာ တစ်ခုတွင် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သည့် ပြင်းထန်သော စွပ်စွဲချက်များသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်သည်ဟု တင်ပြခဲ့ဖူးသည်။ သို့သော်လည်း ဥပဒေက ခွင့်မပြုသော နျူကလီယာ အသုံးအဆောင် ကိရိယာများ ဝယ်ယူသူများ အဖြစ် လူသိများသော အီရန်၊ ပါကစ္စတန်၊ ဆီးရီးယားတို့နှင့် ခြားနားခြင်း မရှိသော မြန်မာနိုင်ငံအပေါ် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် စုံစမ်းမှု ပြုလုပ်သင့်သည်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံသည် IAEA နှင့် ပဋိဥာဉ် စည်းကမ်း အနည်းငယ်သာ သဘောတူထားသောကြောင့် ပုံမှန် စစ်ဆေးမှုများမှ လွတ်မြောက်နေခြင်း ဖြစ်သည်။ စစ်ဆေးစရာ အကြောင်းမရှိဟုလည်း အစိုးရက ယူဆထားခဲ့သည်။ ယခုအချိန်တွင်မူ စုံစမ်းသော မေးခွန်းများ အမေးခံရမည့် အလားအလာ ရှိနေပြီ။ IAEA သည် ယခင်ကပင် မြန်မာနှင့် ရုရှားကို သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း မပြုရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ ယခင် ဆိုဗီယက် နျူကလီယာ လက်နက် အစီအစဉ်နှင့် ပတ်သက်ခဲ့ဖူးသော Russian Nuclear Institute တွင် ၂၀၀၂ ခုနှစ်ခန့်ကပင် စ၍ မြန်မာ သိပ္ပံပညာရှင် ရာပေါင်းများစွာကို လေ့ကျင့် သင်တန်းပေးခဲ့သည်ဟု ရုရှားတွင် ဒုံးကျည် နည်းပညာ လေ့လာခဲ့သော စိုင်းသိန်းဝင်းက ပြောကြားသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်နေမှုနှင့် စပ်လျဉ်းသည့် ထိထိရောက်ရောက် သတင်းသစ်များကို စိုင်းသိန်းဝင်းက ပေးနိုင်ခြင်း မရှိသော်လည်း အနောက်နိုင်ငံ ထောက်လှမ်းရေး အေဂျင်စီများက မြန်မာနိုင်ငံတွင်းရှိ မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

၂၀၀၇ ခုနှစ်တွင် အစ္စရေးတို့၏ ဗုံးကြဲ ဖျက်ဆီးခြင်း ခံခဲ့ရသည့် ဆီးရီးယား လျှို့ဝှက် နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် မြောက်ကိုရီးယား ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လည်း လုပ်ငန်း ဆောင်ရွက်နေကြောင်း ၎င်းတို့က အစီရင်ခံစာ တင်ပြခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

9th June 2010

အီရန်နိုင်ငံ နျူကလီယာ အစီအစဉ်ကြောင့် အရေးယူ ပိတ်ဆို့မှု အစီအစဉ်သစ်များ ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ငွေကြေး ထိန်းချုပ်မှု ပိုမို တင်းကြပ်ရန်နှင့် လက်နက် ကုန်သွယ်မှု တားမြစ်ချက်တို့ အပါအဝင် စတုတ္ထအချီမြောက် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် ထောက်ခံ ၁၂ မဲ၊ ကန့်ကွက် ၂ မဲ၊ ပျက်ကွက် ၁ မဲ ဖြင့် လုံခြုံရေးကောင်စီတွင် မဲပေးခဲ့ကြသည်။

အီရန်နိုင်ငံက ယခုအချိန်အထိ အာခံတင်းမာ နေသောကြောင့် အမေရိကန် ပြည်ထောင်စုက အရေးယူမှု အစီအစဉ်ကို တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အီရန် သမ္မတ မက်ဒီနီဂျက်က "အကယ်၍ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါက နျူကလီယာ ဆွေးနွေးပွဲများ ရှေ့ဆက် ကျင်းပရန် သဘောတူမည် မဟုတ်" ဟု အစောပိုင်းက ပြောကြားခဲ့ဘူးသည်။

အီရန်သည် နျူကလီယာဗုံး ပြုလုပ်ရန် လျှို့ဝှက် ကြိုးစားနေသည်ဟု အမေရိကန်နှင့် မဟာမိတ်များက စိုးရိမ် ပူပန်နေသော်လည်း အီရန်ကမူ ၎င်း၏ နျူကလီယာ အစီအစဉ်သည် စွမ်းအင် အတွက် ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ်သည်ဟု ခုခံ ပြောကြားခဲ့သည်။

ယူရေနီယမ် သန့်စင်ရေး အစီအစဉ် အတွက် အီရန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ကြသည့် ဘရာဇီးနှင့် တူရကီတို့က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး၊ လက်ဘနွန်က မဲမပေးခဲ့ပါ။

အင်္ဂါနေ့က ရုရှား၊ တရုတ်တို့နှင့် စေ့စပ် ညှိနှိုင်းရာတွင် သဘောတူညီမှု ရခဲ့ပြီးနောက် ပိတ်ဆို့မှု အစီအစဉ်သစ်များ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အရေးယူ ပိတ်ဆို့မှု အစီအစဉ်သစ်တွင် စီးပွားရေး ကျဆင်းအောင် ပိတ်ဆို့မှုများနှင့် ရေနံ ရောင်းဝယ်မှု တားမြစ်ချက်တို့ မပါဝင်ဘဲ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဒုံးကျည်များ စသော လက်နက်ကြီးများ မဝယ်ယူနိုင်အောင် တားမြစ်မှု ပါဝင်သည်။

ထို့အပြင် အီရန်ဘဏ်များနှင့် ငွေကြေး ဆက်ဆံမှုများကို တင်းကြပ်လိုက်ပြီး ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာမှု တားမြစ်ခြင်းအရ ပစ်မှတ်ထားသော အီရန် လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် ကုမ္ပဏီများ၏ အရေအတွက်ကို တိုးချဲ့ သတ်မှတ်လိုက်သည်။

လုံခြုံရေးကောင်စီသည် ၎င်း၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ခဲ့ပြီ ဖြစ်၍ ယခုအချိန်တွင် အီရန် အနေဖြင့် ပါးနပ်စွာ စဉ်းစား ရွေးချယ်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး SuSan Rice က ပြောကြားကာ မဲခွဲ ဆုံးဖြတ်မှုကို ချီးကျူးလိုက်သည်။

သို့သော်လည်း တူရကီနှင့် ဘရာဇီး နှစ်နိုင်ငံစလုံးက ၎င်းတို့ ကြားဝင် ညှိနှိုင်းပေးခဲ့သော အီရန်နှင့် ဆွေးနွေးမှုများမှာ အချိန် လုံလောက်စွာ မရခဲ့ဟု ပြောကြားကာ ကန့်ကွက်ခဲ့ကြသည်။

"ဒီကိစ္စမှာ အရေးယူတဲ့ အစီအစဉ်တွေဟာ ထိရောက်တဲ့ နည်းလမ်းလို့ မထင်ပါဘူး။ ဒါတွေကြောင့် အီရန် ပြည်သူတွေသာ ထိခိုက် ခံစားရဖို့ အလားအလာ များနေပါတယ်။ ဒါတွေဟာ စည်းရုံး သိမ်းသွင်းဖို့ အတွက် ဆွေးနွေးမှု မလုပ်ချင်တဲ့ လူတွေရဲ့ လက်ထဲက ဖဲချပ်တွေပါ" ဟု ကုလသမဂ္ဂဆိုင်ရာ ဘရာဇီး သံအမတ် မာရီယာ လွီဇာ ရီဆိုင်ရို ဗီယော့တီက ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ တူရကီ ကိုယ်စားလှယ် အာတူဂရူးအာပါကန်က တူရကီ - ဘရာဇီးတို့၏ ညှိနှိုင်းမှုသည် အီရန် နျူကလီယာ အစီအစဉ် အပေါ် တကယ့် အခြေအနေသစ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခု အရေးယူ ပိတ်ဆို့မှုများကြောင့် ဆိုးကျိုး သက်ရောက်မှု ဖြစ်ပေါ်လာမည်ကို တူရကီက အလွန် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဗဟို စာရင်းစစ်အဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ယခုနှစ် ပထမ နှစ်လပိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၃၇ သန်း ရရှိခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း သုံးခုတွင် ဝင်ရောက် လုပ်ကိုင်လာသောကြောင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပမာဏ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ သို့သော် အသေးစိတ်ကိုမူ ဖော်ပြမှု မပြုပေ။

မလေးရှား ရင်းနှီး မြှုပ်နှံမှုကြောင့် မြန်မာနိုင်ငံ၏ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၃၁၄ ဒဿမ ၈၅ သန်းအထိ ရောက်ရှိလာသည်ဟု ကိန်းဂဏန်းများက ဆိုသည်။

၂၀၀၉-၁၀ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ယူအေအီး(UAE) နိုင်ငံများက ဒေါ်လာ ၄၁ သန်း (ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု)၊ ထိုင်းနိုင်ငံက ဒေါ်လာ၁၅ ဒဿမ ၂၅ သန်း (ဟိုတယ်နှင့် ခရီး သွားလာရေး)၊ တရုတ်နိုင်ငံက ဒေါ်လာ၁၅ သန်း (သတ္တု တူးဖော်ရေး) နှင့် ဟောင်ကောင်က ဒေါ်လာ ၆ သန်း (ကုန်ထုတ်လုပ်ရေး) တို့ စသည်ဖြင့် အသီးသီး ပါဝင်ကြသည်။

ပြီးခဲ့သည့် ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ၉၈၄ ဒဿမ ၉၉၆ သန်းအထိ ရောက်ရှိခဲ့သည်။ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ် ရင်းနှီးမြှုပ်နှံမှု ပမာဏ (၁၇၂ ဒဿမ ၇၂သန်း) ထက် ခြောက်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာအစိုးရ ထုတ်ပြန်သော တရားဝင် စာရင်းဇယားများအရ နိုင်ငံခြား ကန်ထရိုက် ချုပ်ဆို ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၁၉၈၈ ခုနှစ် စီးပွားရေးတံခါး ဖွင့်လှစ်လိုက်သည့် အချိန်မှ စ၍ ယခုနှစ် ဖေဖော်ဝါရီလအထိ ၁၆ ဒဿမ ၀၅ ဘီလီယံ ဒေါ်လာ ဖြစ်သည်။ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားလုံးမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် ထိုင်းနိုင်ငံက ဒေါ်လာ ၇ ဒဿမ ၄၂၂ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရှိသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄၇ ရာခိုင်နှုန်းခန့် ဖြစ်သည်ဟု စာရင်းဇယားများအရ သိရသည်။

မြန်မာအစိုးရက စီးပွားရေး အခန်းကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းတို့မှာ လျှပ်စစ်စွမ်းအား၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ ရောင်းဝယ်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တု တူးဖော်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည်တို့ ဖြစ်သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု ထင်မြင်မိကြောင်း အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်က ပြောကြားသည်။ အတိုက်အခံ အင်အားစုများ ပါဝင်ခွင့် မရရှိအောင် စစ်အစိုးရက ပြုလုပ်ထားသည့်တိုင် ရွေးကောက်ပွဲကို ထောက်ပံ့မှုပေးကြရန် ၎င်းက တိုက်တွန်းသည်။

မစ္စတာ ဂျင်ဝက်ဘ်သည် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာစစ်အစိုးရ စေ့စပ် ညှိနှိုင်းမှုအတွက် အရေးကြီးသော သံတမန် တစ်ဦး ဖြစ်သည်။ မကြာသေးခင်က မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အထောက်အပံ့ဖြင့် နျူကလီယာ လက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာရာ မစ္စတာ ဂျင်ဝက်ဘ်က မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။

မြန်မာ စစ်အစိုးရက တိကျသော ရက်သတ်မှတ် ပေးခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်လျက် ရှိသည်။

"ကျွန်တော် ကြားတာကတော့ လာမယ့် ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၀ (၁၀၊၁၀၊၁၀) မှာ ရွေးကောက်ပွဲ ကျင်းပမယ်တဲ့" ဟု သမ္မတ ဘားရက်အိုဘားမား၏ ဒီမိုကရက်တစ် ပါတီဝင် မစ္စတာ ဂျင်ဝက်ဘ်က Asia Society သို့ ပြောကြားသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုကို ကနဦး စတင် ပြုလုပ်ခဲ့သည်။ သို့သော် လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ခွင့် မရအောင် ဥပဒေဖြင့် ဖိအားပေးမှု အပေါ် စိုးရိမ် ပူပန်ကြောင်း အမေရိကန် အစိုးရက ဆိုသည်။

ယခု မြန်မာ ရွေးကောက်ပွဲသည် စစ်အစိုးရ အာဏာ ပိုမို ခိုင်မြဲစေရန် ဒီဇိုင်း ရေးဆွဲထားခြင်း ဖြစ်သည် ဟူသော အချက်ကို မစ္စတာ ဂျင်ဝက်ဘ်က နားလည် သဘောပေါက်သည်။ သို့သော် ယင်းရွေးကောက်ပွဲကြောင့် အနည်းဆုံး အတိုက်အခံပါတီ အချို့ လွှတ်တော်တွင် နေရာ ရယူနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"အရှေ့အာရှနဲ့ အရှေ့တောင် အာရှဒေသမှာ အချိန်ယူပြီးမှ အနာဂတ်ကို တည်ဆောက် ယူရတယ်"  ဟု မစ္စတာ ဂျင်ဝက်ဘ်က ဆိုသည်။ "တရုတ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ် ဆိုတာ ဘယ်တုန်းကလဲ၊ ဗီယက်နမ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ် ဆိုတာရော ဘယ်တုန်းကပါလဲ" ဟု ၎င်းက မေးခွန်းထုတ်သည်။

"အဲလို မေးတာက သူတို့နဲ့ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘူးဆိုတဲ့ သဘော မဟုတ်သလို ကျွန်တော်တို့ အနေနဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် မကြိုးစားဘူးဆိုတဲ့ သဘောလည်း မဟုတ်ပါဘူး" ဟုလည်း ဆိုလိုက်သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.