Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်တွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို လျှော့ချနိုင်ရေးအတွက်  မုတ္တမ ကမ်းလွန်ပင်လယ်၊ ရတနာ သဘာဝ ဓာတ်ငွေ့မြေမှ ဓာတ်ငွေ့များအား  ရန်ကုန်သို့ ပိုက်လိုင်းဖြင့် စတင် ဖွင့်လှစ် ပို့လွှတ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် မီဒီယာများ၏ ရေးသား ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ အဆိုအရ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးလွန်းသီက ရတနာ ဓာတ်ငွေ့မြေမှ သဘာဝ ဓာတ်ငွေ့အား ၂၄ လက်မ ရတနာ-ရန်ကုန် ကမ်းလွန် ပိုက်လိုင်းသစ် အတွင်းသို့ စတင် ပို့လွှတ်ရန် လက်ကိုင်ဘီး လှည့်ဖွင့်ပြီး ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ပိုက်လိုင်းသည် မြန်မာနိုင်ငံ၏ ဂုဏ်ယူစရာ ပြယုဒ်တစ်ခု ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးက ဆိုသည်။

ယင်း ရတနာ-ရန်ကုန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကုန်းတွင်းပိုင်း ပိုက်လိုင်းအရှည်မှာ ၁၃၆ ကီလိုမီတာ ရှိပြီး ကမ်းလွန် ပိုက်လိုင်း အရှည်မှာ ၁၅၁ ကီလိုမီတာ ရှိကာ ပြင်သစ် ရေနံကုမ္ပဏီ ဖြစ်သော Total နှင့်အတူ အမေရိကန် အခြေစိုက် Chevron Corporation နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတို့က ပူးပေါင်း လုပ်ကိုင် လည်ပတ်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ဖြစ်သော PTT ကလည်း Partner အဖြစ် ပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ အများစုမှာ ထိုင်းနိုင်ငံသို့ တိုက်ရိုက် တင်ပို့ ရောင်းချသည်။

အဆိုပါ စီမံကိန်းသည် မြန်မာ စစ်အစိုးရအား ငွေကြေးအရ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲပြောဆိုထားသည်။ ပြင်သစ်နှင့် အမေရိကန် စွမ်းအင် ကုမ္ပဏီ နှစ်ခုကိုလည်း အမေရိကန် ပြည်ထောင်စုနှင့် အနောက်ကမ္ဘာက ချမှတ်ထားသော မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒ ချိုးဖောက်သူများအဖြစ် သတ်မှတ် ပြောဆိုခဲ့ကြသည်။

Monstersandcritics မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့် နယ်စပ် ဖြတ်ကျော်ရသည့် နေရာများတွင် ဖြစ်ပေါ်နေသော ကြိုးနီစနစ်များ ပပျောက်ရေးနှင့် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးတို့ကို လုပ်ကိုင်နိုင်မှသာ အာဆီယံ ဒေသတွင်း 'ဘုံ' ဈေးကွက်တစ်ခု ပေါ်ပေါက်ရေး အတွက် ဆက်လက် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်များက ပြောကြားသည်။

ဒေသတွင်း အပြန်အလှန် ကုန်သွယ်ရေး နှင့် စီးပွားရေး ဖူလုံမှုများ မြှင့်တင်နေချိန်တွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချိတ်ဆက်မှုများ ကောင်းမွန်အောင် ပြုလုပ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်စက လျော့ကျစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းတို့က ဆိုသည်။

မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်း စသည့် ၁၀ နိုင်ငံ ပါဝင်သော အာဆီယံ အဖွဲ့သည် ၂၀၁၅ ခုနှစ်မှစ၍ ဒေသတွင်း တစ်ခုတည်းသော ဈေးကွက် ပေါ်ပေါက်လာရေးနှင့် လူပေါင်းသန်း ၆၀၀ အတွက် ကုန်ထုတ်လုပ်မှု အခြေပြုသော စီးပွားရေး ပေါ်ထွန်းရေးကို လက်တွဲ လုပ်ကိုင်လျက် ရှိသည်။

သို့သော် ယနေ့ အချိန်အထိ တည်ရှိနေသော ဗျူရိုကရက်တစ် ယန္တရားများနှင့် ကြိုးနီစနစ်များက ဒေသတွင်း ထုတ်ကုန်များ လွတ်လပ်စွာ ဝယ်ယူ ရောင်းချရေးကို များစွာ နှောင့်နှေး ထိခိုက်စေကြောင်း စီးပွားရေး ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများက နိုင်ငံတကာ ဖိုရမ်တွင် ပြောကြားသည်။

"အာဆီယံ ဒေသတွင်း အစိုးရတွေရဲ့ Supply-Chain စီးပွားရေးနဲ့ ပတ်သက်ပြီး တစ်ခုလုံးကို ခြုံငုံ လေ့လာတာမျိုး မရှိသေးပါဘူး။ နောက်ပြီး အာဆီယံဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်တဲ့ အုပ်စုတစ်ခု ဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ချဉ်းကပ်လေ့လာတဲ့ နိုင်ငံရေး အမြင်မျိုး မရှိသေးပါဘူး။ တကယ်လို့ ကျွန်တော်တို့ အနေနဲ့ အဲဒါမျိုးတွေကို သေသေချာချာ လုပ်နိုင်မယ်ဆိုရင် အာဆီယံက တကယ့်ကို တိုးတက်လာမှာပါ" ဟု စင်ကာပူ အခြေစိုက် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းတစ်ခု ဖြစ်သော UPS မှ ဒုတိယ ဥက္ကဋ္ဌ က ပြောသည်။

အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ ယင်းဖိုရမ်သို့ နိုင်ငံတကာမှ စီးပွားရေး ခေါင်းဆောင်များနှင့် ဒေသဆိုင်ရာ နိုင်ငံရေးသမားများ တက်ရောက်သည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်က အဆိုပါ ဆွေးနွေးပွဲမတိုင်မီ လေ့လာ သုံးသပ်ချက် တစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။ "စင်ကာပူသည် ကုန်သွယ်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့အောင် ဦးဆောင် လုပ်ပေးလျက် ရှိသော်လည်း အခြားသော အာဆီယံဒေသများတွင် သိသာထင်ရှားသော အဟန့်အတားများ ရှိနေဆဲ ဖြစ်သည်" ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ လေ့လာသုံးသပ်ချက်က ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 10th June 2010

ချိုနန် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန် ပျက်ကွက်ကြောင်း တွေ့ရှိရမည့် စစ်ဖက် ခေါင်းဆောင်များကို အရေးယူရန် တောင်ကိုရီးယား အစိုးရအား ဝိုင်း၍ အကြံပြုနေကြသည်။

သင်္ဘော တိုက်ခိုက်ခံရမှု၏ အသေးစိတ် အချက်များကို ဖုံးဖိ ကွယ်ဝှက်ခဲ့သည့် အတွက် တာဝန်ရှိသူ ၂၅ ဦးမှာ ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဟု အစိုးရ စစ်ဆေးရေး အရာရှိများက ပြောကြားလိုက်သည်။

မတ်လ ၂၆ ရက်က ချိုနန် နစ်မြုပ်မှုတွင် သင်္ဘောသား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရပြီး အဆိုပါ နစ်မြုပ်မှုသည် မြောက်ကိုရီးယား တိုပီဒိုကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးများက ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စကို လုံခြုံရေးကောင်စီတွင် စစ်ဆေးရန် ဆိုးလ်က တရားဝင် တင်ပြ တိုင်ကြားခဲ့သည်။

သင်္ဘော တိုက်ခိုက်ခြင်း မခံရမီ ရက်များအတွင်း မြောက်ကိုရီးယား ရေငုပ်သင်္ဘော လှုပ်ရှားမှု အစီရင်ခံစာ တက်လာခဲ့သော်လည်း ကြိုတင်သတိပေး ကာကွယ်မှု ပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်း အပါအဝင် စစ်တပ်၏ အဓိက မှားယွင်းမှုများစွာ တွေ့ရှိရသည်ဟု တောင်ကိုရီးယား စုံစမ်း စစ်ဆေးရေး ဘုတ်အဖွဲ့က ပြောကြားသည်။

ထို့အပြင် သင်္ဘော တိုက်ခိုက်ခံရသည့် အချိန်တွင် ထိပ်ပိုင်း တာဝန်ရှိပုဂ္ဂိုလ် အချို့ထံ သတင်းပို့ရာတွင် နှောင့်နှေးမှု ရှိခဲ့ပြီး စစ်တပ် ခေါင်းဆောင်များက ၎င်းတို့၏ ကနဦး အစီရင်ခံစာတွင် အချက်အလက် အချို့ကို ဖုံးဖိ ကွက်ဝှက်ခဲ့သည်။

ယခု အစီရင်ခံစာတွင် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ၊ အရပ်ဖက် ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦးနှင့် အခြား အဆင့်မြင့် အရာရှိကြီး ၂၂ ဦးကို ပြစ်တင် ဝေဖန်မှု ပြုလုပ်ထားသည်။

အမျိုးသား လုံခြုံရေးနှင့် ပတ်သက်သည့် ကြီးမားသော ဟာကွက်ကြီးတစ်ခုကို ချိုနန် နစ်မြုပ်မှုက ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ကာကွယ်ရေးဌာန အရာရှိတစ်ဦးက ယွန်ဟပ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

"စစ်တပ်ကို ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ အတွက် အကြီးစား အရေးယူ၊ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမဲ့ ကိစ္စကို ရှောင်လွှဲလို့ မရပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြောက်ကိုရီးယားက အဆိုပါ တိုက်ခိုက်မှု အတွက် တစုံတရာ တာဝန်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်းဖြစ်ရပ် အတွက် ကိုယ်တိုင် စစ်ဆေးမှု ပြုလုပ်နိုင်အောင် ပြုံယမ်းကို ကူညီပေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်း တောင်းဆိုသည့် စာတစ်စောင်ကို လုံခြုံရေး ကောင်စီ ဥက္ကဌထံ ပေးပို့ခဲ့ပြီး နောက်တစ်ရက် အကြာတွင် တောင်ကိုရီးယား စစ်ဖက်ကို ပြင်ဆင် ပြောင်းလဲရန် အလားအလာ ရှိသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ကိုယ်တိုင် စစ်ဆေးရန် တောင်းဆိုခြင်းကို တောင်ကိုရီးယားက ပယ်ချခဲ့သည်။

စစ်သင်္ဘော နစ်မြုပ်မှု ကိစ္စကြောင့် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုကို များစွာ မြင့်တက်စေခဲ့ပြီး ဆိုးလ်က နှစ်နိုင်ငံ ကုန်သွယ်ရေးကို ရပ်ဆိုင်းခဲ့သလို ပြုံးယမ်းကလည်း ဆက်ဆံရေး အားလုံး ဖြတ်တောက်ကာ တင်းတင်းမာမာ တုန့်ပြန်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 8th June 2010

ယခုနှစ် မတ်လက ဝ ဒေသ မြို့တော်မှ ထွက်ခွာသွားခဲ့ကြသည့် အစိုးရ ပညာရေးဌာန ဝန်ထမ်းများသည် ယခုအခါ ဝ တပ်ဖွဲ့နှင့် မြန်မာ အစိုးရ အကြား တင်းမာမှု လျော့ပါးလာသည့် အလားအလာများကြောင့် ပြန်လည် ရောက်ရှိလာကြပြီဟု ကြားသိရသည်။

နိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင်းမှ ဒေသအချို့ကို ထိန်းချုပ်ထားသော အင်အား ၃၀,၀၀၀ ရှိ အကြီးဆုံး အပစ်ရပ်အဖွဲ့ UWSA နှင့် အစိုးရ တပ်ဖွဲ့များ အကြား စစ်ပြင်ဆင်သည့် အလားအလာများ ထွက်ပေါ်ခဲ့ခြင်းကြောင်း ရှမ်းပြည်နယ် အရှေ့ဖျား ပန်ဆိုင်းမှ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်၏ ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အစိုးရက တောင်းဆိုမှုကို လက်သင့်ခံရန် UWSA ဝ တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။

သို့သော်လည်း မြန်မာ မူးယစ်ဆေးဝါး ဈေးကွက်၏ အဓိက ဇစ်မြစ် ဖြစ်သည့် နာမည်ပျက် ဝ ဒေသ၏ အခြေအနေ ငြိမ်သက်လာသည့် လက္ခဏာကြောင့် ယခုအခါ ကျောင်းဆရာ ကိုးဦး အပါအဝင် ပညာရေး ဝန်ထမ်း ၃၅ ဦးခန့် ပြန်လည် ရောက်ရှိလာသည်ဟု UWSA အရာရှိ တစ်ဦးက DVB သို့ ပြောကြားသည်။

"ကျန်းမာရေး ဝန်ထမ်းတွေကတော့ ပြန်မလာကြသေးဘူး။ သူတို့ရဲ့ ဆေးခန်းတွေက ထိန်းသိမ်း စောင့်ရှောက်မှု မရှိတော့ ပျက်စီး ယိုယွင်းနေပြီ။ သူတို့က ဘာမှ မပြောဘဲ ထွက်သွားကြတော့ ကြည့်ရှု စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးပေါ့" ဟု အဆိုပါ ဝ အရာရှိက ပြောကြားသည်။

သို့ရာတွင် ပန်ဆိုင်း၌ လုပ်ငန်း လည်ပတ်နေသော ဆေးရုံ ၄ ခုနှင့် ရွာနီးချုပ်စပ်တွင် ဆေးခန်းများစွာ ရှိနေပြီး UWSA တပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံမှ ဆရာဝန်များက ဖွင့်လှစ် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

UWSA နှင့် အထိန်းသိမ်းခံ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ၁၉၈၉ ခုနှစ်က အပစ်ရပ် သဘော တူညီချက် ရရှိပြီးနောက်ပိုင်း လေးနှစ်ခန့် အကြာတွင် စတင်ခဲ့သည့် ဝ ဒေသ ဖွံ့ဖြိုးရေး အစီအစဉ် အပါအဝင် ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ဆောင်နေသည့် NGO အဖွဲ့ အတော်များများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က လက်ရှိ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ရှမ်းပြည်နယ်သို့ လာရောက်ခဲ့ပြီး UWSA က တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ကာ ခံစစ် ပြင်ဆင်နေမှု အပေါ် မေးခွန်းထုတ်ခဲ့သော်လည်း ဝ တို့က ထိုင်း၊ လာအို နိုင်ငံများနှင့် နယ်ခြားတွင် လှုပ်ရှားနေသော အခြား လက်နက်ကိုင် အဖွဲ့များကို ကာကွယ်ရန် ပုံမှန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

တရုတ်နိုင်ငံကလည်း နှစ်နိုင်ငံ နယ်ခြားအနီး မြန်မာဖက်ခြမ်းတွင် လတ်တလော စစ်ငွေ့ သန်းနေခြင်းကြောင့် ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် ၎င်း၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ဆိုးကျိုးများ သက်ရောက်နိုင်သဖြင့် စိုးရိမ်ပူပန်မှု ကြီးထွားနေသည်။ မနှစ်က ကိုးကန့်စစ်တပ်နှင့် မြန်မာ အစိုးရ တပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၃၇,၀၀၀ ခန့် တရုတ်ပြည်တါင်း ဝင်ပြေးသွားခဲ့သည်။

မည်သည့် တိုက်ခိုက်မှုဖြစ်စေ၊ နှစ်နိုင်ငံ အကြား အဆင်ပြေနေသော နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ပြီးခဲ့သော မေလ အစောပိုင်းတွင် မြန်မာ နယ်စပ် အနီး၌ ဘီဂျင်းက တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် တပ်ခွဲထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး မဟာမိတ် နိုင်ငံဖြစ်သော်လည်း နယ်စပ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန် မြန်မာ အစိုးရကို သတိပေးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.people.com.cn, 13th June 2010

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးတက်လာရန် ကြိုးပမ်းသည့် အနေဖြင့် ယခုလတွင် တွေ့ဆုံကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ဟနွိုင်း ပြည်သူ့ကော်မတီမှ ဒုတိယ ဥက္ကဌ Nguyen Hug Toung ခေါင်းဆောင်သော အဖွဲ့ဝင် ၄၁ ဦး ပါဝင်သော ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့သည် UMFCCI မှ ကိုယ်စားလှယ်များနှင့် ဇွန်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel တွင် တွေ့ဆုံမည် ဖြစ်သည်။

ပူးပေါင်း ဆောင်ရွက်မှု အတွက် ဆွေးနွေးမည့် အကြောင်းအရာများမှာ ကုန်ထုတ်လုပ်မှုနှင့် ရောင်းချမှု၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ပန်းပုပစ္စည်းများ၊ အစားအသောက်များ၊ စက်မှုလုပ်ငန်း၊ လုံခြုံရေး၊ ပုံနှိပ်နှင့် စာရေးကိရိယာ၊ အိမ်ခြံမြေ ရင်းနှီး မြှုပ်နှံမှုများ၊ အကြံပေး ဝန်ဆောင်မှု လုပ်ငန်း၊ သတင်း အချက်အလက် နည်းပညာ၊ လျှပ်စစ်ပစ္စည်းများ၊ ပညာရေး၊ ရေနံစိမ်း၊ ဓာတုပစ္စည်း၊ ဘိလပ်မြေ စသည်များ ပါဝင်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

ဗီယက်နမ် အကောက်ခွန်၏ အဆိုအရ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၈.၆ % ကျဆင်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၉၉ သန်းသာ ရှိကြောင်း ဆိုသည်။ ကမ္ဘာ့ စီးပွားရေးကပ်ကြောင့် ဗီယက်နမ်သည် ကုန်သွယ်ရေး လိုငွေ ဒေါ်လာ ၃၁ သန်း ပြခဲ့သည်။

ယခုနှစ် ပထမ လေးလပတ် အပြီးတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ဒေါ်လာ ၃၅.၄ % သန်းသို့ ရောက်ခဲ့ပြီး အရင်နှစ်ကထက် စာလျှင်၂၄၇ % တိုးတက်လာခဲ့သည်။

တရားဝင်ကိန်း ဂဏန်းများအရ ယမန်နှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင် ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၂၃.၄ သန်း ရှိခဲ့သည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံ၏ ပို့ကုန် တင်ပို့သော စာရင်းတွင် နံပါတ် ၁၆ နေရာတွင် ရှိသည်။ မြန်မာနိုင်ငံသည် ဗီယက်နမ်သို့ အဓိကအားဖြင့် သစ်တောထွက် ပစ္စည်းများ၊ လယ်ယာထွက်ကုန်များ၊ ပင်လယ်စာများ၊ လျှပ်စစ် အပိုပစ္စည်းများ တင်ပို့သည်။ တဖန် ဗီယက်နမ်နိုင်ငံမှ သံချောင်း၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ၊ စက်မှုထုတ်ကုန်များ၊ ဓာတုပစ္စည်းများ၊ ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ပလပ်စတစ်၊ အလှကုန်များနှင့် အင်ဂျင်ဝိုင်များ တင်သွင်းသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 14th June 2010

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများသည် နှစ်ဦးနှစ်ဖက် ညှိထားသော အစီအစဉ်သစ်များကြောင့် တိုးတက်မှုများ ရရှိတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဗဟိုကျသော ပြည်နယ်များ ဖြစ်သော Kanchanaburi ၊ Ratchaburi ၊ Nakhon Pathom နှင့် Suphan Buri တို့မှ ကိုယ်စားလှယ် ၈၀ ခန့်သည် ရန်ကုန်နှင့် ထားဝယ်တွင် မေလ ၁၃ - ၁၈ ရက်များက ကျင်းပသော စီးပွားရေးဆိုင်ရာ ညှိနှိုင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းပွဲများသည် ထိုင်းနှင့်မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကြားတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမို ခိုင်မာစေရန် ရည်ရွယ်သည်။

အဆိုပါ ပြည်နယ် လေးခုမှ ကိုယ်စားလှယ်များတွင် ပြည်နယ် စက်မှုလုပ်ငန်း ကောင်စီမှ အဖွဲ့ဝင်များ၊ ကုန်သည်ကြီးများ အသင်းမှ အဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည်။

ထိုဒေသများမှ ထုတ်ကုန်များကို ပြသထားပြီး မြန်မာနိုင်ငံတွင် ထိုင်းထုတ်ကုန်များကို သိရှိလာအောင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားရာတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၅ - ၂၀၀၆ တွင် အမေရိကန် ဒေါ်လာ ၁.၅၉ ဘီလီယံ (ထိုင်းဘတ် ၅၁.၆ ဘီလီယံ) ရှိခဲ့ရာမှ နှစ်ဆတိုးကာ ၂၀၀၈ - ၂၀၀၉ တွင် ဒေါ်လာ ၃.၂ ဘီလီယံ ရှိလာခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး နယ်စပ် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး၊ စက်မှုကဏ္ဍ၌ ဒေါ်လာ ၇.၄၂ ဘီလီယံ ရင်းနှီး မြှုပ်နှံထားပြီး၊ ရင်းနှီး မြှုပ်နှံမှု အားလုံး၏ ၆၀ % ရှိသည်။

ဦးဝင်းမြင့်က ပြောကြားရာတွင် ယခု စီးပွားရေး အစီအစဉ်များ ညှိနှိုင်းမှုသည် နှစ်နိုင်ငံကြား ပိုမို ကောင်းမွန်သော စီးပွားရေး ဆက်ဆံမှုများ အတွက် အရေးကြီးသော အဆင့်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Kachanaburi မှ ထားဝယ် ရေနက်ဆိပ်ကမ်းသို့ ဖောက်လုပ်မည့် ၁၃၀ ကီလိုမီတာ ရှည်သော အဝေးပြေး လမ်းမကြီးသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ပေးလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

UMFCCI ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်အေးက စိုက်ပျိုးရေးထုတ် ကုန်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ အင်အားဖြစ်ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြားကို ဆွဲဆောင်နေကြောင်း ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, By Andrew Stevens, 9 June 2010

          ကျွန်တော်သည် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ဟိုချီမင်းမြို့သို့ နောက်ဆုံးရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ဟိုချီမင်းမြို့တော်သည် ဖုန်ထူ၏။ ဆူညံ၏။ အစီအစဉ်တကျမရှိ။ သုတ်သီးသုတ်ပျာနှင့် ဦးတည်ရာမရှိသလို ဖြစ်နေပေသည်။ မြို့တော်ကို ကြည့်ရသည်မှာ စွမ်းအား အပြည့်ရှိနေသော်လည်း ရည်မှန်းချက်ရှိပုံမရပေ။

          အာရှတွင် လွန်ခဲ့သော ဆယ်နှစ်နှင့် ယနေ့မပြောင်းလဲဘဲ အခြေအနေခြင်း တူညီသော မြို့တော်အနည်းငယ်သာ ရှိပေသည်။ (ရန်ကုန်နှင့် ကိုလန်ဘိုတို့မှာ ချွင်းချက်ထားလိုက်ပါစို)။ ဟိုချီမင်းမြို့တော်၏ ၂၀၁၀ အခြေအနေမှာ လျှင်မြန်စွာတိုးတက်လျက် ရှိနေပေသည်။ မြင်နေကျမြို့တော် အမှတ်အသားများ(Land Marks)မှာ နေဆဲဖြစ်သော်လည်း မြို့တော်ကြီးများ ကျယ်လာပြီး၊ အဆောက်အဦအမြင့်များ၊ မြို့ကို ချဲ့မှုများရှိလာပါသည်။

          လွန်ခဲ့သော ဆယ်နှစ်အတွင်း ၇% ခပ်မှန်မှန်တိုးတက်သည့်သဘောရှိပါသည်။ လမ်းများတွင် မော်တော်ဆိုင်ကယ်များဖြင့် ပိတ်နေသော်လည်း တိုယိုတာ၊ Kias နှင့် Fords ကားသစ်များကိုလည်း တွေ့နိုင်ပါသည်။ မြို့၏ အလယ်ဗဟိုသည် သန့်ရှင်းနေပြီး၊ လေထဲတွင်ရှိသော ဖုန်များမှာ အဆောက် အဦးဆောက်လုပ်သော နေရာမှဖြစ်ပြီး၊ လမ်းပေါ်မှဖုန်များမဟုတ်ပေ။(ကျွန်တော်၏ ဟော်တယ်အခန်း မှ အလုပ်ရှုပ်နေသော ဆိုင်းရုံမြစ်ကို ကျော်ကြည့်ပါက အထပ်မြင့်အဆောက်အဦး ဆောက်နေသော တာဝါကရိန်း နှစ်ဆယ်ထက်မနည်း တွေ့နေရပါသည်။)

          နာမည်ကြီး တံဆိပ်များ၏ စတိုးဆိုင်ကြီးများ ပေါ်လာနေကြပါသည်။ သို့သော် Mc Donald ကို မူမတွေ့ရသေး။

          ဗီယက်နမ်ကို စီးပွားရေးတံခါးဖွင့်ထားသည်ဟု ပြောရုံမျှဖြင့် မလုံလောက်ပေ။ အရှေ့တောင် အာရှအင်အားကြီးအဖြစ် ကြီးထွားလာနေသော ဗီယက်နမ်သည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အကြီးအကျယ်ဆွဲဆောင်နေပါသည်။

          အရှေ့အာရှ၏ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဟိုချီမင်းမြို့တွင် ပြုလုပ်ရန်ရွေးချယ်ရခြင်းမှာ ၎င်း၏ အမှန်တကယ် ပေါ်ထွက်လာနေသော ဈေးကွက်ကြောင့်ဖြစ်ပါသည်။ ဖိုရမ်အား စီမံခန့်ခွဲကြမှုများက ယခုအပတ်တွင် စီးပွားရေးသမား ၂၅၀-၃၀၀ ခန့်သာမျှော်မှန်းခဲ့ကြသော်လည်း ကမ္ဘာအနှံမှ စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ကျော်ရောက်ရှိလာပါသည်။

          အစိုးရကလည်း အားအပြည့်ထည့်ထားပြီးဖြစ်သည်။ ဝန်ကြီးချုပ် Nguyen Tan Dung ကို နေရာတကာတွင် အခွင့်အလမ်းများအတွက် စကားပြောနေသည်ကိုတွေ့ရပါသည်။ ၎င်းသည် ဗီယက် နမ်အား အာရှတွင် တရုတ်ပြီးလျှင် ကုန်ထုတ်လုပ်မှုအတွက် ရွေးချယ်သော နိုင်ငံဖြစ်စေလိုပါသည်။

          ယခုလောလောဆယ်တွင် ဗီယက်နမ်သည် ဈေးနိမ့်သော တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော အထည်အလိပ်များ၊ ပရိဘောဂများနှင့် ဖိနပ်များအတွက် ထုတ်လုပ်ပေးရာ နေရာတစ်ခုဖြစ်နေပါသည်။

          သို့သော် အချိန်က ပြောင်းလဲနေပါသည်။ Samsung နှင့် Connon တို့သည် ဗီယက်နမ်တွင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုအတွက် အခြေစိုက်ရန် ကြီးမားစွာ ရင်းနှီးမြှုပ်နှံနေကြပြီဖြစ် ပါသည်။ ဖို့ဒ်ကဲ့သို့သော အာရှတိုက်၏ ကားထုတ်လုပ်သူများကလည်း ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်လျက်ရှိနေပြီး၊ နိုင်ငံခြားသို့ တင်ပို့ရေးစဉ်းစားနေကြပြီဖြစ်ပါသည်။

          ကျွန်တော်သည် ဂျာမန်လုပ်ငန်းရှင် Tom Schneider နှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်းသည် ဟိုချီမင်းမြို့ တော် အပြင်ဖက်စက်မှုဇုန်တွင် သားရေစက်ရုံတည်ဆောက်ရန် ဒေါ်လာ ၁၂ သန်း စတင်ရင်းနှီးမြှုပ်နှံ နေပြီဖြစ်ပါသည်။

          အမှန်အတိုင်း ရိုးရိုးသားသားပြောရလျှင် Schneider သည် လွန်ခဲ့သော ၁၆ နှစ်ခန့်မှစ၍ အာရှ တိုက်တွင် စက်ရုံရှစ်ခုဆောက်ခဲ့ပါသည်။ ယခုဗီယက်နမ်တွင် စက်ရုံမြေနေရာရှာပြီး စက်ရုံဆောက်ခြင်း လုပ်သားများအား လေ့ကျင့်ပေးခြင်းများ အချိန် ၂၂ လသာကြာမြင့်ရာ ၎င်း၏အမြန်ဆုံးပရောဂျက် တစ်ခုဖြစ်သည်ဟု ပျော်ပျော်ကြီးပြောပါသည်။

          ယခုအခါသူသည် တစ်လလျှင် သားရေ ၈၀၀၀၀ ထုတ်လုပ်ပြီး၊ အဆိုပါ ပမာဏသည် ဖိနပ် အစုံ ၁.၅ သန်းထုတ်လုပ်ရန်လုံလောက်ပါသည်။ Timberland သည် ၎င်း၏ အကြီးဆုံးဖောက်သည် ဖြစ်ပါသည်။

          သို့သော် သားရေလုပ်ငန်းသည် ပတ်ဝန်ကျင်ညစ်ညမ်းမှုကိုဖြစ်စေသည်ဟု ၎င်းကထောက် ပြခဲ့ပါသည်။ ဗီယက်နမ်မှ စက်ရုံသည် တရုတ်မှ စက်ရုံထက်ပတ်ဝန်းကျင်ကို မထိခိုက်အောင် ပြုလုပ် ထားသဖြင့် Timberland မှ ချီးမြှင့်သော ပတ်ဝန်းကျင်အကာအကွယ်ပေးရေး စံများတွင် ဒုတိယငွေတံ ဆိပ်ဆု ရရှိခဲ့ပါသည်။

          သို့ဆိုလျှင် ဗီယက်နမ်သို့ အဘယ်ကြောင့် မရွှေ့လိုကြသနည်း။ ပို၍ဈေးပေါသည်။ လုပ်အားခသည် တရုတ်ပြည်၏ ၆၀% သာရှိသော်လည်း အကြီးတန်းစီမံခန့်ခွဲသူများမှာမူ ဈေးပိုကြီး နေပါသေးသည် Schneider က ပြောရာတွင် ဗီယက်နမ်တွင် ၎င်း၏ အဓိကဖောက်သည်များနှင့် နီး စပ်ခြင်း၊ အစိုးရမှဝင်ရောက် စွက်ဖက်မှုနည်းပါးခြင်း၊ အလုပ်ရုံနှင့်ပတ်ဝန်ကျင်ဆိုင်ရာ စံများနှင့် ကိုက် ညီခြင်းကို တွေ့ရကြောင်းပြောပါသည်။

          ရေရှည်တွင် ဗီယက်နမ်တွင် ၎င်း၏နယ်စပ်မှတစ်ဆင့် ကမ္ဘောဒီးယားနှင့် လာအိုမှ ဈေးပေါသော အလုပ်သမားများကို ချိတ်ဆက်မိနိုင်ကြောင်း ဆိုပါသည်။

          အကောင်းချည်းလည်းမဟုတ်ပါ။ သယ်ယူပို့ဆောင်ရေး အခြေအနေမှာ၊ Tom ၏ ဖော်ပြချက်အရ ၁၉၈၈ ခုနှစ်က တရုတ်ပြည်၏အခြေအနေနှင့် ဆင်တူဆဲဖြစ်ကြောင်း၊ ဥပဒေမှာလည်း အဓိပ္ပါယ်ဖွင့်ဆိုမှုများအတွက် တံခါးဖွင့်ထားဆဲဖြစ်ပြီး၊ ကြီးမားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအများ စုက စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတကာတရားရုံးများတွင် တရားရင်ဆိုင်နိုင်ရေးထည့်သွင်း ချုပ်ဆိုနိုင် ရန် ပြောဆိုလျက်ရှိပါသည်။

          နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက လာနေဆဲဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်က ဗီယက်နမ်သို့ ဒေါ်လာ ၇၀ ဘီလံယံလာရောက်ရင်းနှီးမြှုပ်နှံရန်ရှိခဲ့ရာ လွန်ခဲ့သော ငါးနှစ်ကျော်ကထက် သုံးဆကျော်ရှိခဲ့ပါ သည်။ ယမန်နှစ်က ဒေါ်လာ ၂၀ ဘီလီယံသာရှိခဲ့ရာ၊ ကမ္ဘာ့စီးပွားရေးကပ်ကြောင့် အံသြစရာမရှိလှပေ။

          ကျွန်တော်က ဗီယက်နမ်ဝန်ကြီးချုပ်အား ဗီယက်နမ်၏ စီးပွားရေးပုံစံကိုမည်သို့ ဖော်ပြနိုင်မည် လဲဟု မေးမြန်းခဲ့ပါသည်။

          ၎င်းက ပြန်လည်ဖြေကြားရာတွင် ဗီယက်နမ်သည် အရင်းရှင်စနစ်ကို လက်ခံသော ဆိုရှယ်လစ် နိုင်ငံဖြစ်ကြောင်း၊ ၎င်း၏ အဓိကစီမံကိန်းမှာ ဆင်းရဲသူများ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လက်ခံရေးဖြစ်ကြောင်းပြောပါသည်။

          တရုတ်နိုင်ငံကဲ့သို့ပင် ဗီယက်နမ်အစိုးရကလည်း ရေရှည်ကိုကြည့်သောအစိုးရဖြစ်ပါသည်။ တရုတ်ကဲ့သို့ပင် ၎င်း၏စီးပွားရေးရည်မှန်းချက်များအောင်မြင်နေပြီဟု ယူဆရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

News. Yahoo.com, 12 Jun 2010

          အီရန်နိုင်ငံသည် လာမည့်နှစ် မတ်လနောက်ဆုံးထား၍ ယူရေနီယံသန့်စင်သော စက်ရုံ သစ်တစ်ခု တည်ဆောက်သွားမည်ဟု အီရန်နျူကလီယာအကြီးအကဲက ပြောကြားလိုက်ခြင်းသည် ၎င်းနိုင်ငံအပေါ် တင်းကြပ်စွာအရေးယူရန် ကုလသမဂ္ဂက အတည်ပြုပြီးရက်အနည်းငယ်အကြာတွင် ပြန်လည်တုန့်ပြန်သည့် ပြောင်ကျကျအာခံသော ကြေညာချက်တစ်ခုပင်ဖြစ်သည်။

          အလီအက္ကဘာဆာလီဟီက အီရန် ပြက္ခဒိန်နှစ်ကုန်ပိုင်း မတ်လတွင် တည်ဆောက်မှုစတင် မည်ဟုပြောကြားကြောင်း အစိုးရ IRNA သတင်းဌာနက ထုတ်ပြန်ပါသည်။

          နျူကလီယာ ဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သော နျူကလီယာလောင်စာတောင့် များထုတ်လုပ်ရန် ယူရေနီယံသန့်စင်သော စက်ရုံသစ် ၁၀ ခုတည်ဆောက်မည့် အစီအစဉ်ကို အီရန်အစိုးရက အတည်ပြုခဲ့ပါသည်။

          အမေရိကန်နှင့် အခြားနိုင်ငံများက အီရန်သို့နျူကလီယာ နည်းပညာပြန့်ပွားမည်ကို စိုးရိမ်နေကြခြင်းမှာ ယူရေနီယံကို နျူကလီယာ လက်နက်ထိပ်ဖူး ပြုလုပ်ရန်အတွက် အသုံးပြုနိုင်သောကြောင့်ပင် ဖြစ်သည်။ အီရန်က အဆိုပါ ရည်ရွယ်ချက်မျိုးမရှိဟု ငြင်းဆိုခဲ့သည်။

          ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်၏ နျူကလီယာလှုပ်ရှားမှုများကို ထိန်းချုပ်ဖြတ် တောက်ရန်အတွက် ၄ ချီမြောက်အရေးယူမည့် ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

News.Yahoo.com, 12 Jun 2010

          တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မေလတွင် ယခင်နှစ်အစောပိုင်းကထက် ၂၇% မြင့်တက်ကာ ဒေါ်လာ ၈ ဘီလျံကျော်သွားပြီဟု တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စနေနေ့တွင် ပြောကြားလိုက်သည်။

          ပြည်ပ ပုဂ္ဂိလိက ကုပ္မဏီများသည် မေလအတွင်း ဒေါ်လာ ၈.၁၃၂ ဘီလျံရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် ပြီးခဲ့သောနှစ် အလားတူလကထက် ၂၇.၄၈% မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်ရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ယိုဂျီယန်းကပြောကြားခဲ့သည်။

          အထက်ပါကိန်းဂဏန်းကြောင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၈.၉၂၁ ဘီလျံ သို့ရောက်ရှိကာ ယခင်နှစ်ကထက် ၁၄.၃ မြင့်တက်ခဲ့ပါသည်။ ဧပြီလက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် လည်း ယခင်နှစ်အလားတူလကထက် ၂၄.၇% မြင့်တက်ခဲ့ခြင်းကြောင့် တရုတ်နှစ်လယ်ပိုင်း စီးပွားရေး အလားအလာများအပေါ် ယုံကြည်စိတ်ချမှု တိုးပွားစေသည့် လက္ခဏာများပေါ်ထွက်လာခြင်းဖြစ်သည်။

          အထက်ပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် စက်ရုံများသည်၊ အိမ်ခြံမြေလုပ်ငန်းများနှင့် အခြား ပိုင်ဆိုင်မှုလုပ်ငန်းများပါဝင်သော်လည်း စတော့ရှယ်ယာနှင့် အခြားငွေကြေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံခဲ့ကြခြင်းမရှိပါ။

          တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ကြိုးစားနေသည့်အချိန်တွင် လုပ်ခနည်း၍ ပတ်ဝန်းကျင်ညစ်ငြမ်းမှုများသော ထုတ်လုပ်ရေးစက်ရုံများအပေါ် ရန်ပုံငွေထောက်ပံ့မှုကိုလျော့ချဖြတ် တောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်အစိုးရ နျူကလီယာ အစီအစဉ်များ လုပ်ကိုင်လျက်ရှိသည်ဟူသော သတင်းမှန်ကန်မှု ရှိ၊ မရှိဟူသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စစ်အစိုးရ၏ လက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းချက်များသည် အရှေ့တောင်အာရှဒေသကို မတည်မငြိမ်ဖြစ်စေကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ပြောကြားသည်။

မြန်မာစစ်တပ်မှ တပ်ပြေး စီနီယာအရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး Al Jazeera ရုပ်သံသတင်းက ထုတ်လွှင့်ချက်အရ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယား၏ အကူအညီကို ရယူကာ နျူကလီးယားလက်နက်များ ထုတ်လုပ်ရန်နှင့် လျှို့ဝှက်မြေအောက် လှိုင်ခေါင်း တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အကြီးအကဲ Scot Marciel က အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုချက်များ အားလုံးကို စစ်ဆေးအကဲဖြတ်ဆဲပင် ဖြစ်ကြောင်းပြောကြားသည်။

"မြန်မာနဲ့ပတ်သက်တဲ့ အရေးကိစ္စ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေနိုင်မယ့် နျူကလီးယားအစီအစဉ် မြန်မာနိုင်ငံမှာ တကယ်ရှိလား၊ မရှိလားဆိုတာပါ။ နောက်တစ်ခုကတော့ မြန်မာစစ်အစိုးရရဲ့ စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်အသုံးချမှုပါပဲ" ဟု မစ္စတာ Scot marciel ကပြောသည်။

"အဲဒီိကိစ္စ နှစ်ရပ်လုံးကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်လေ့လာနေပါတယ်" ဟု ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Marciel ကဆိုသည်။ မြန်မာအစိုးရ၏ စီနီယာအရာရှိကြီးတစ်ဦးက နျူကလီယာနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသော စွပ်စွဲပြောဆိုချက်များမှာ အခြေအမြစ် လုံးဝမရှိပါကြောင်း AFP သတင်းဌာန သို့ပြောသည်။

မေလအတွင်း မြန်မာနိုင်ငံခရီးစဉ်တွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ်းဘဲလ်က မြောက်ကိုရီးယားမှ လက်နက်များ တင်ဆောင်လာသည်ဟု သံသယရှိသော သင်္ဘောများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုအပေါ် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် နျူကလီးယားအစီအစဉ် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် ဆီနိတ်တာ ဂျင်ဝက်ဘ်က မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။

Washington Times သတင်းစာမှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းဝန်ကြီးချုပ် အဘီဇစ်ဝိဇ္ဇာဝီရ အနေဖြင့် လတ်တလောဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခကို ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး နိုင်ငံတော်အရေးပေါ် အခြေအနေအမိန့်ကို အမြန်ဆုံးရုပ်သိမ်းရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အုပ်စု (AIR) က တိုက်တွန်း ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ဖြစ်ပွားခဲ့သော စစ်တပ်နှင့် ရှပ်နီ ဆန္ဒပြသူများအကြား ရုန်ရင်းဆန်ခတ် ဖြစ်မှုတွင် လူပေါင်း ၉၀ သေဆုံးခဲ့ရာ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးရန် တရားသူကြီးချုပ်ဟောင်း ပါဝင်သည့် ကော်မရှင်တစ်ရပ်အား ဝန်ကြီးချုပ်အဘီစစ်က ဖွဲ့စည်းပေးခဲ့သည်။

"ဘယ်စုံစမ်းစစ်ဆေးမှုမဆို ယုံကြည်စိတ်ချရမှု ရရှိရေးအတွက် လွတ်လပ်မှုရှိဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်" ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အုပ်စု ၏ အထွေထွေ အတွင်းရေးမှူး Claudio Cordone ကပြောကြားသည်။ အမှုအပေါ် စုံစမ်းစစ်ဆေးရာတွင် ဘက်နှစ်ဘက်စလုံးနှင့် လွတ်လွတ်ကင်းကင်းရှိစေရန် အရေးကြီးသည်ဟု ဆိုသည်။

"ဒီစုံစမ်းစစ်ဆေးမှုဟာ ဘက်လိုက်မှုလုံးဝမရှိဖို့ လိုအပ်ပါတယ်။ နှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲထားတာတွေကိုလည်း ဘက်လိုက်မှုမရှိစေဘဲ စုံစမ်းစစ်ဆေးရပါမယ်" ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အချက်အခြာကျသော နေရာများတွင် ရှပ်နီဆန္ဒပြအုပ်စုများ၏ သပိတ်စခန်းဖွင့် စတည်းချနေမှုအပေါ် ထိုင်းစစ်တပ်က မေလ ၁၉ ရက် နေ့တွင် ဖြိုခွင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၉၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်လုပ်ကိုင်နေသူ Kanit Nanakorn က ၎င်းအနေဖြင့် တာဝန်ယူမှုဟူသော အကြောင်းကိစ္စထက် တိကျမှန်ကန်သော အချက်အလက်များ ရယူရေးကို ဦးတည်ထားကြောင်း ပြောကြားသည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုကို လူ့အခွင့်အရေး ချိုးဖောက်သူများအပေါ် အပြစ်ပေး အရေးယူမှုဟူသော အမြင်ဖြင့် ပြုလုပ်သင့်သည်ဟု AIR က စာရေးသားပေးပို့ခဲ့သည်။ သတင်းမှတ်တမ်းများအရ ဘန်ကောက်နိုင်ငံရေး ယမ်းပုံမီးကျမှုတွင် ဆန္ဒပြအုပ်စုဘက်ရော စစ်တပ်ဘက်ကပါ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရက စစ်တပ်သည် အကြမ်းဖက်သမားများ ပါဝင်သည့် ဆန္ဒပြမှုကို နှိမ်နင်းရာတွင် မိမိကိုယ်ကိုယ်နှင့် မိမိရဲဘော်ရဲဘက်များ အကာအကွယ်ရှိရေးအတွက် လက်နက်ခဲယမ်းများ အသုံးပြုခွင့်ရှိကြောင်း ကာကွယ်ပြောဆိုထားသည်။

AFP သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်-မြောက်ကိုရီးယား နယ်စပ်ဒေသအနီးတွင် တပ်ဆင်ထားရှိသော တောင်ကိုရီးယား အသံချဲ့စက်များနှင့် ဝါဒဖြန့်ချိရေး ပစ္စည်းများအားလုံးကို အလုံးစုံ တိုက်ခိုက်ဖျက်ဆီးသွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားက မေလ ၁၁ ရက်နေ့တွင် အတိအလင်းပြောဆိုလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သည်ပင် မီးပင်လယ်အတွင်းသို့ ရောက်ရှိသွားနိုင်သည် ဟု မြောက်ကိုရီးယားက သတိပေးခြိမ်းခြောက်သည်။ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်တွင် ကာလကြာရှည်စွာ ပြုလုပ်ခဲ့သော ဝါဒဖြန့်ချိ စည်းရုံးလှုံ့ဆော်မှုများကို အဆုံးသတ်ခဲ့ကြသည်။

၂၀၀၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ကိုရီးယားထိပ်သီး ဆွေးနွေးပွဲကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ နွေးထွေးလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တောင်ကိုရီးယားက ပြီးခဲ့သည့် မေလမှစ၍ နယ်စပ်ဒေသတစ်လျှောက်တွင် ဒါဇင်နှင့်ချီသော ဝါဒဖြန့်အသံချဲ့စက်များကို တပ်ဆင်ပြီး ရေဒီယိုမှတစ်ဆင့် ဝါဒဖြန့်မှုများ ပြန်လည်ပြုလုပ်လာခဲ့သည်။

မတ်လတွင်ပင်လယ်ဝါအတွင်း နစ်မြုပ်ခဲ့သော ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားအပေါ် မကျေနပ်သောကြောင့် တောင်ကိုရီးယားဘက်က စိတ်ဓာတ်စစ်ဆင်ရေး သဘောမျိုးဖြင့် ယင်းဝါဒဖြန့်တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှု အသစ်များ ထပ်မံပြဋ္ဌာန်းပြီးနောက် အသံချဲ့စက်ဖြင့် ဝါဒဖြန့်ချိမှုကို ပြန်လည်စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Tae Yong က ပါလီမန်တွင်ပြောဆိုသည်။

မြောက်ကိုရီးယား တော်ပီတိုဒုံးကျည်ပစ်ခတ်မှုကြောင့် ချိုနန်စစ်သင်္ဘောနစ်မြုပ်မှုဖြစ်ပွားပြီး လူပေါင်း ၄၆ ဦးသေဆုံးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအနေဖြင့် မြောက်ကိုရီးယားအပေါ် အရေးယူအပြစ်ပေးပါရန် တောင်ကိုရီးယားက တရားဝင် တောင်းဆိုထားသည်။

နိုင်ငံပေါင်းစုံပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုများအရ ချိုနန် စစ်သင်္ဘောနစ်မြုပ်မှုအတွက် မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်း သိရသည်။ မြောက်ကိုရီးယားက အဆိုပါကိစ္စ မဟုတ်မမှန်ကြောင်း ငြင်းဆိုပြီး တောင်ကိုရီးယားက လက်တုံ့ပြန်မည်ဆိုပါက စစ်ခင်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား ပြည်သူ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် "တောင်ကိုရီးယား နယ်စပ်ဒေသရှိ ဝါဒဖြန့်ချိအသံချဲ့စက်များနှင့် ပစ္စည်းများအားလုံးကို စစ်ရေးဖြင့် တိုက်ခိုက်ဖျက်ဆီးသွားမည်။ အညှာအတာ ကင်းမဲ့သော တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားမြို့တော်၊ ဆိုးလ်သည်ပင် မီးပင်လယ်ဝေမည့် သဘောမျိုး ကြိုမြင်ရသည်" ဟု ပြင်းထန်စွာရေးသားထားသည်။

ယင်းကြေညာချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထပ်ဆင့် ကြေညာသွားသည်။ အစောပိုင်းကာလတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်က တောင်-မြောက် နှစ်နိုင်ငံကြားရှိ စစ်မဖြစ်ရဇုန်အတွင်း တောင်ကိုရီးယားဘက်က တပ်ဆင်ထားသော ဝါဒဖြန့်ချိရေး အစီအမံများကို ပစ်ခတ်တိုက်ခိုက် သွားမည်ဖြစ်သည်ဟု သတိပေးခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၊ ပူတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယား၏ လတ်တလော ခြိမ်းခြောက်မှုအပေါ် ထင်မြင်သုံးသပ်ချက်ပေးရန် မရှိသေးကြောင်း ပြောကြားသည်။

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့သည်။ သို့သော် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိပေ။ နောက်ပိုင်းကာလများတွင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို စစ်ရေးဖြင့် တိုက်ခိုက်ဖျက်ဆီးပစ်မည်ဟု အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သည်။

AP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေတန်ဖိုး ပြင်ဆင်သတ်မှတ်ရေးကို ဆက်လက် ငြင်းပယ်နေမည် ဆိုပါက ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု အမေရိကန် နိုင်ငံရေးသမားများက ခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်လိုက်သည်။

အမေရိကန်ဆီးနိတ်၏ ဘဏ္ဍာရေးကော်မတီတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အမတ်များက တရုတ်နိုင်ငံ၏ ယွမ်ငွေကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် စိတ်ရှည်သည်းခံနိုင်ခြင်း မရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Timothy Geithner ကို သတိပေး ပြောကြားသည်။

 ဘဏ္ဍာရေးဝန်ကြီး Timothy က တရုတ်နိုင်ငံ၏ အနေအထားသည် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် နှောင့်နှေးကြန့်ကြာစေကြောင်း ပြောကြားသည်။

တရုတ်အစိုးရက ကုန်သွယ်ရေး အမြတ်ထွက်ရေးအတွက် ယွမ်ငွေတန်ဖိုးကို အမေရိကန် ဒေါ်လာထက် နှိမ့်ချထားသည့် ကိစ္စကို အမေရိကန်ပြည်ထောင်စုက မကျေနပ်ကြောင်း ကာလကြာရှည်စွာ ပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် ယွမ်ငွေတန်ဖိုးကို ၄၀ ရာခိုင်နှုန်းအထိပင် လျှော့ချထားသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ အချို့ကပြောဆိုသည်။ ဒီမိုကရက်ပါတီအမတ် Charles Schumer က အကယ်၍ လိုအပ်ပါက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည်ဟု ယုံကြည်ကြောင်း ပြောသည်။

"အခုပြောနေတဲ့ကိစ္စက အမေရိကန် ပြည်တွင်းစီးပွားရေး အကာအကွယ်ပေးရေး မဟုတ်ပါဘူး။ လွတ်လပ်စွာကုန်သွယ်မှု စည်းမျည်းစည်းကမ်းတွေကို တရုတ်နိုင်ငံက မထီမဲ့မြင် လုပ်နေတဲ့ ကိစ္စပါ" ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံ၏ လုပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟန်ချက် မျှတအောင် ပြုလုပ်နိုင်ရေးအတွက် အဟန့်အတားဖြစ်စေကြောင်း ဘဏ္ဍာရေးဝန်ကြီး Timothy ကပြောဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ယွမ်ငွေတန်ဖိုးကို အမေရိကန်ဒေါ်လာနှင့် တပြေးတည်း သတ်မှတ်ခဲ့သည်။ အကြောင်းမှာ တရုတ်ကုန်တင်ပို့သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုအား ကျဆင်းနေသော ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှု အားကောင်းမောင်းသန် ဖြစ်ရေးပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ငွေကြေးတန်ဖိုး လျှော့ချသတ်မှတ်မှုကြောင့် အခြားသော အာရှနိုင်ငံများ အနေဖြင့် နိုင်ငံခြားငွေကြေး လဲလှယ်မှုဈေးကွက်အတွင်း အတိုင်းအတာတစ်ခုအထိ ဝင်ရောက် စွက်ဖက်ရန် အခြေအနေသို့ ရောက်ရှိသွားစေကြောင်း မစ္စတာ Timothy ကပြောသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.