Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ အနောက်ဘက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ လွယ်ကူစွာ စီးဆင်းနိုင်ရေးနှင့် ဈေးကွက်လမ်းကြောင်း ပိုမို ပွင့်လင်းနိုင်ရေးအတွက် Kanchanaburi ပြည်နယ် နှင့် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ထားဝယ် ဆိပ်ကမ်းမြို့အကြား လမ်းဆက်သွယ် ဖောက်လုပ်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း Satun ပြည်နယ်ရှိ Pak Bara ပင်လယ်နက် ဆိပ်ကမ်းသည် အခြားသော ဒေသတွင်း ရေနက် ဆိပ်ကမ်းများနှင့် ယှဉ်ပြိုင်ပါက ဖွံ့ဖြိုး တိုးတက်နိုင်သည့် အနေအထား မရှိသဖြင့် ကုန်းတွင်း သယ်ယူ ပို့ဆောင်ရေး လမ်းဖောက်လုပ်ရန် လိုအပ်လျက် ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

သို့သော် Pak Bara ပြည်နယ်တွင် နေထိုင်သော ဒေသခံ လူ့အဖွဲ့အစည်းများက ကုန်းတွင်းလမ်း ဖောက်လုပ်ရေး စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်လာမည်ကို စိုးရိမ် ပူပန်ကြကြောင်း၊ သို့အတွက်ကြောင့် Pak Bara သည် ပြည်တွင်းဆိပ်ကမ်း တစ်ခု အဆင့်အဖြစ် ဆက်လက် တည်ရှိနေခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီး Putthipong Punnakan က ပြောကြားသည်။

ထားဝယ်နှင့် Kachanaburi ပြည်နယ် ဆက်သွယ်မည့် အဝေးပြေးလမ်းသည် ကီလိုမီတာ ၁၈၀ မှ ၁၉၀ အထိ ရှည်လျားမည် ဖြစ်ပြီး လမ်းဖောက်လုပ်ရန် ထိုင်းပို့ဆောင်ရေး ဝန်ကြီးဌာနက လေ့လာတိုင်းထွာမှုများ ပြုလုပ်မည်ဖြစ်သည်။ ထားဝယ်နှင့် Kachanaburi ပြည်နယ် လမ်းချိတ်ဆက်မည့် လမ်းသည် ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိလိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ ထားဝယ် ရေနက်ဆိပ်ကမ်းမြို့ကို အနောက်ဘက်နှင့် အရှေ့ဘက် ဈေးကွက်များ အဓိက ကုန်သွယ်ရာ ဆိပ်ကမ်းမြို့ တစ်ခုအဖြစ် အသုံးချလိုသည်ကို တွေ့ရှိရ၍ ဖြစ်ကြောင်း မစ္စတာ Putthipong Punnakan က ပြောကြားသည်။

ယခုအခါ တည်ဆောက်ဆဲ ဖြစ်သော ထားဝယ် ရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ အနောက်တောင်ဘက်တွင် တည်ရှိပြီး ၂၀၁၃ ခုနှစ်တွင် အပြီးသတ်လိမ့်မည်ဟု ခန့်မှန်းရသည်။ အဆိုပါ ထားဝယ်-ကချနာဘူရီ လမ်းမသည် ကီလိုမီတာ ၁၃၆၀ ရှည်လျားသော အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ ကွန်ယက်နှင့်လည်း ချိတ်ဆက်မည် ဖြစ်သည်။ ထိုလမ်းမ ကွန်ယက်သည် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ စတင်ကာ မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံမြို့ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်သွယ်ပေးမည်ဟု သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းသည် တည်ဆောက်မှု ပြီးစီးသွားပါက ဥရောပနှင့် အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် တောင်အာရှ၊ အိန္ဒိယ သမုဒ္ဒရာနှင့် မုတ္တမ ပင်လယ်ဒေသတို့ အသွားအပြန် သွားသည့် သင်္ဘောများအတွက် တစ်နှစ်လျှင် ကွန်တိန်နာ သုံးသိန်းခန့် အတင်၊ အချ လုပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ထို့ပြင် ယင်း ထားဝယ် ဆိပ်ကမ်းသည် အရှေ့-အနောက် စီးပွားရေး စင်္ကြံ ဖန်တီး ဖြစ်ပေါ်ရေးအတွက် မဟာဗျူဟာ ကျသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ထို စီပွားရေး စင်္ကြံလမ်းသည် ဗီယက်နမ်နိုင်ငံ Danang မြို့မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ ဆက်သွယ်မည် ဖြစ်ပြီး တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်းသည် ဟိုချီမင်းမှ ထားဝယ်သို့ ဆက်သွယ်မည် ဖြစ်သည်။ တောင် မြောက် စီးပွားရေး စင်္ကြံသည် တရုတ်ပြည် ကူမင်းမြို့မှ ဘန်ကောက်သို့ ဆက်သွယ်မည် ဖြစ်သည်။ တောင်-မြောက် စကြံင်္လမ်းသည် ရက်ပေါင်း ၁၆ ရက်မှ ၁၈ ရက်အထိ ကြာမြင့်သော တရုတ်ပြည် တောင်ပိုင်းမှ မုတ္တမ ပင်လယ်ဒေသသို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို တိုတောင်းစေမည် ဖြစ်ပြီး ရေကြောင်းပိတ်ဆို့မှု များပြားသော မလက္ကာ ရေလက်ကြားကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။

Bangkok Post မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 The Washington Times, By Ashish Kumar Sen, 21st June 2010

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ၎င်းတို့ ပါဝင်ခွင့် မရသော စစ်အစိုးရ၏ ယခုနှစ် ရွေးကောက်ပွဲ အစီအစဉ်များကို Obama အစိုးရက လက်မခံဘဲ ပယ်ချစေလိုကြသည်ဟု ဆိုသည်။

The Washington Times နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင်များ အပြန်အလှန် ပေးပို့ကြသော e-mail  အင်တာဗျူးများတွင် NLD အနေဖြင့် Obama အစိုးရအား မြန်မာ စစ်အစိုးရကို အတိုက်အခံ မပါသော ရွေးကောက်ပွဲအား တရားမဝင် လက်မခံကြောင်း ပြောစေလိုသည်ဟု သိရှိရသည်။

အမေရိကန်သည် ၎င်း၏ မူဝါဒအား ပြန်လည် သုံးသပ်ခဲ့ပြီးနောက် Obama အစိုးရသည် အပယ်ခံ မြန်မာ စစ်အစိုးရအား ဆက်ဆံရေးနှင့် အရေးယူမှုများ ပါဝင်သော မူဝါဒ ကျင့်သုံးရန် ရွေးချယ်ခဲ့သည်။

NLD တည်ထောင်စဉ်က ပါဝင်ခဲ့သူ ဦးဝင်းတင်က Obama အစိုးရနှင့် စစ်အစိုးရ တိုက်ရိုက် ဆက်ဆံရေးကို NLD အနေဖြင့် ကြိုဆိုကြောင်း၊ သို့သော် ပိုမို သြဇာ ရှိပြီး၊ ယုံကြည်ရသော မူဝါဒ ပိုမို လိုအပ်ကြောင်း မိမိ ယုံကြည်သည်ဟု ပြောသည်။

ဦးဝင်းတင်သည် နိုင်ငံရေး အကျဉ်းသား အဖြစ် ၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နေခဲ့ရသူ ဖြစ်သည်။

"လာမည့် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက မဆန့်ကျင်မချင်း စစ်အစိုးရကတော့ NLD နဲ့၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်မှာ မဟုတ်ပါဘူး" ဟု ဦးဝင်းတင်က ပြောသည်။

မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများတွင် ပါဝင်ခွင့် မပြုရန် ထည့်သွင်းထားသော ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ Human Rights Watch ၏ အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ပါတီများသည် ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာရမည် ဖြစ်ပြီး အခြေခံ ဥပဒေအရ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် လေးပုံတစ်ပုံသော နေရာအား စစ်တပ်မှ ရွေးချယ် တင်မြှောက်ရန် မလိုဘဲ ရရှိမည် ဖြစ်သည်။

ဥပဒေက NLD ကို ၎င်း၏ ခေါင်းဆောင်များကို ထုတ်ပစ်မည်လော။ မှတ်ပုံ မတင်မည်လောဟု ရွေးရခက်စေခဲ့သည်။ NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ပြန်လည် မှတ်ပုံတင်ခြင်း မပြုခဲ့ခြင်းကြောင့် မေလ ၇ ရက်နေ့က ပါတီအဖြစ်မှ တရားဝင် ရပ်ဆိုင်းသွားခဲ့သည်။

အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ကြေညာခြင်း မပြုသေးသော်လည်း၊ အစိုးရ၏ ဂဏန်းများ အပေါ် အစွဲအလမ်းများကြောင့် ၁၀-၁၀-၂၀၁၀ တွင် ကျင်းပမည်ဟု အများက မျှော်လင့်နေကြသည်။

NLD ၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်များသည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအား တရားဝင်စေရန် နည်းလမ်းတစ်ခု ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောခဲ့သည်။

"ကျွန်တော်ကတော့ Obama အစိုးရကို မြန်မာနိုင်ငံ အစိုးရကို အပြင်းထန်ဆုံး ဖိအားတွေနဲ့ ဆက်ဆံစေချင်တယ်" ဟု ဦးတင်ဦးက ပြောသည်။

NLD (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ညိုအုန်းမြင့်က ထိုင်းနိုင်ငံမှ ပြောကြားရာတွင် စစ်အစိုးရ၏ ဦးစားပေး အစီအစဉ်မှာ နိုင်ငံတကာမှ ရှုတ်ချနေသည့် ကြားမှ အလားအလာ ရှိသော အတိုက်အခံများကို ရွေးကောက်ပွဲမှ ဖယ်ထုတ်ရေး ဖြစ်ကြောင်း ဆိုသည်။

၎င်းက Obama အစိုးရအပေါ် မြန်မာနိုင်ငံအား စိတ်ဝင်စားမှု အနည်းငယ်သာ ရှိခြင်း အတွက် စွပ်စွဲ ပြောဆိုခဲ့သည်။ "မြန်မာနိုင်ငံ ကိစ္စဟာ သိပ်ရှုပ်ထွေးလွန်းတော့ အမေရိကန်က ဘယ်နိုင်ငံရေးသမားမှ ဦးဆောင်မှု မပြုလိုကြဘူး" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကဲ့သို့သော အရေးကြီးသူများ မပါဝင်နိုင်အောင် ပြုလုပ်ထားသော ရွေးကောက်ပွဲ ဥပဒေ အပေါ် Obama အစိုးရက အကြီးအကျယ် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင်များက Obama အစိုးရအား ဗိုလ်ချုပ်များကို ငွေကြေးနှင့် ဘဏ်ဆိုင်ရာ အရေးယူမှုများ ပိုမို အားထည့် ဆောင်ရွက်ရန်နှင့် ကုလသမဂ္ဂအား စစ်အစိုးရ၏ လူသားချင်း မစာနာသော ရာဇဝတ်မှုများအား စုံစမ်း စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။

"ကျွန်တော့်အနေနဲ့ စစ်အစိုးရရဲ့ ရက်စက်မှုတွေကို ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး နှိပ်စက်ခဲ့ပုံတွေကို ကိုယ်တွေ့ ခံစားခဲ့ရပြီးပါပြီ" ဟု ဝါရှင်တန်ရှိ U.S Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင်က ပြောကြားခဲ့သည်။

အောင်ဒင်သည် ၁၉၈၈ အရေးအခင်းတွင် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဧပြီလတွင် အဖမ်းခံရပြီး ထောင်လေးနှစ်ကျခံ ခဲ့ရသည်။ ၎င်းပြန်လွတ်ပြီးနောက် စစ်ထောက်လှမ်းရေးနှင့် ဒေသ အာဏာပိုင်များက ညသန်းခေါင် တံခါးခေါက်ခြင်း၊ ခြေချုပ်ထားခြင်း စသည့် ဒုက္ခများကို ခံစားခဲ့ရသည်။

အောင်ဒင်က ပြောကြားရာတွင် အကယ်၍ NLD သာ ရွေးကောက်ပွဲ ဝင်ခဲ့လျှင် စစ်တပ်က တရားဝင်ရန် ကြိုးစားမှုကို အထောက်အကူ ပြုသလို ဖြစ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဝမ်းနည်းတာက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သွေးခွဲခံခဲ့ရပါတယ်။ ဥရောပ သမဂ္ဂက တချို့ ဒီမိုကရေစီ နိုင်ငံတွေတောင် ရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ အားလုံး ပါဝင်မှု၊ ဒီမိုကရေစီကျမှု ရှိမှာ မဟုတ်ဘူးလို့ သိနေလျက်နဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ သိမ်းသွင်းခံနေရတယ်" ဟု ၎င်းက ပြောသည်။ "ကျွန်တော် လိုချင်တဲ့ အဓိက အရာကတော့ မြန်မာနိုင်ငံ ကိစ္စအပေါ် အားကောင်းတဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုပါပဲ" ဟု အောင်ဒင်က ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အကယ်၍ ယခုလက်ရှိ နိုင်ငံရေး တိုးတက်မှုကို အမေရိကန်က လက်ခံခဲ့လျှင်၊ မည်သူမျှ အောင်မြင်မှု မရနိုင်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့သည်ဟု ညိုအုန်းမြင့်က ပြောသည်။

"ဝါရှင်တန် အနေနဲ့ လမ်းညွှန်မြေပုံ ရှိသင့်တယ်။ ဒါမှသာ ပါတီတွေ အားလုံး သူတို့ အနာဂတ်တွေ လှပနေမှာပါ" ဟု ညိုအုန်းမြင့်က ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Guardian.co.uk, By Ben Doherty, 21st June 2010

ယခုနှစ် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကတိပေးလိုက်ခြင်းဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါးများ အလုံးအရင်းလိုက် ရောင်းဝယ်မှုများ ဖြစ်စေခဲ့သည်။ အကြောင်းမှာ လက်နက်ကိုင် သူပုန်များသည် ရွေးကောက်ပွဲ မတိုင်မီ အစိုးရက တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့်၊ ၎င်းတို့၏ ဟီးရိုးအင်းများနှင့် အင်ဖက်တမင်းများကို လက်နက်များ ဝယ်ယူရန် ရောင်းချကြရခြင်းကြောင့် ဖြစ်သည်။

လူသိများသော 'ဝ' ကဲ့သို့သော သူပုန်များသည် ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ ဘဏ္ဍာငွေ အတွက် နယ်စပ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခဲ့ကြသည်။ ထိုမှတဆင့် ၎င်းတို့သည် တစ်ကမ္ဘာလုံးသို့ ဖြန့်ခဲ့ကြသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ထိုင်း၊ မြန်မာနှင့် လာအို နယ်စပ် ရွှေတြိဂံ နယ်မြေသည် တစ်ကမ္ဘာလုံး အသုံးပြုသော ဟီးရိုးအင်း၏ တစ်ဝက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ယနေ့ အာဖဂန်နစ္စတန်သည် ထိုထက် ပိုမို ထုတ်လုပ်နေပြီ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ရာဇာများသည် အင်ဖက်တမင်းနှင့် မက်သာဖက်တမင်း ဆေးပြားများကို ပြောင်းလဲ ထုတ်လုပ်လျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ဆေးပြား ထုတ်လုပ်ရန် သေးငယ်သော နေရာတွင် ဖွက်၍ ပြုလုပ်နိုင်သောကြောင့် ဖြစ်ပြီး၊ ဘိန်းစိုက်ပျိုးသကဲ့သို့ နေရာများစွာ မလိုအပ်ပေ။

ယခုအခါ မြန်မာနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အားနည်းချက်များ ရှိနေသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် ထိပ်တိုက် တွေ့နေပြီ ဖြစ်သည်။ မြန်မာ အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကတိပေးထားပြီး အောက်တိုဘာခန့်တွင် ဖြစ်မည်ဟု ခန့်မှန်းရပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အနည်းငယ်ကသာ လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု မျှော်လင့်နေကြသည်။ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီတွင် တိုင်းရင်းသား လက်နက်ကိုင်များအား နယ်ခြား စောင့်တပ် အသွင် ပြောင်းခိုင်းပြီး အစိုးရ လက်အောက် သွတ်သွင်းရန် ဇွတ်အတင်း ကြိုးစားလျက် ရှိသည်။

'ဝ' တပ်အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် သတ်မှတ်ထားသော ရက်မှ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့်၊ 'ဝ' ခေါင်းဆောင်များသည် အစိုရ တပ်ဖွဲ့များက ၎င်းတို့အား တိုက်ခိုက်လာမည်ကို ပိုမို စိုးရိမ်လာကြသည်။ ထိုင်းစစ်တပ်၏ Pha Muang မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့၊ အကြီးအကဲ ဗိုလ်မှူးကြီး Peeranate Gatetem က ပြောကြားရာတွင် ပြီးခဲ့သည့် လများအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ သိသိသာသာ တိုးလာခဲ့ကြောင်း၊ 'ဝ' များမှာ တိုက်ပွဲ အတွက် ပြင်ဆင်နေကြောင်း ပြောသည်။

"ဒီနှစ်ကတော့ အင်ဖက်တမင်း အများဆုံး ဖြစ်လိမ့်မယ်" ဟု Peeranate က ပြောသည်။ "မနှစ်က ကျွန်တော်တို့ ဆေးပြား ၁.၂ သန်း ဖမ်းမိပါတယ်။ အခုနှစ် ခြောက်လပဲ ရှိသေးတယ်။ ဆေးပြား ၅ သန်း ဖမ်းမိပြီးပြီ" ဟု ၎င်းက ဆိုသည်။ ယခု ဖမ်းမိသော ပမာဏသည် နယ်စပ်မှ ဖြတ်၍ သယ်ဆောင်သွားသော မူးယစ်ဆေးဝါး၏ ၁ % - ၂ % သာ ရှိမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

"အင်ဖက်တမင်း ရောင်းဝယ်ရေးက သိပ်ကို ကြီးနေပါပြီ။ ကျွန်တော်တို့ မှန်းထားတယ်။ ဒီနှစ် ဆေးပြား သန်း ၃၀၀ ကနေ ၄၀၀ လောက်အထိ ထွက်မယ်လို့ ထင်တယ်။ ဒါပေမယ့် အတိအကျတော့ မသိနိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်းမှ လာသော သတင်းများအရ ဆေးပြား ထုတ်လုပ်မှုများမှာ ၂၄ နာရီ ပတ်လုံး ထုတ်လုပ်လျက် ရှိကြောင်း၊ ဆောက်လုပ်ဆဲ စက်ရုံများလည်း ရှိကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလက ဆေးပြား ၁.၂ သန်း သယ်ဆောင်လာသော ကုန်သည် ၁၅ ဦး ဖမ်းမိခဲ့ကြောင်း၊ ယူနီဖောင်း အပြည့်အစုံ ဝတ်ထားသော 'ဝ' စစ်သား ၃၀ မှာလည်း လေးလံသော ပစ္စည်းများ သယ်ဆောင်၍ တောထဲ ဝင်သွားသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ရုံးကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုးတက်လာခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်ကို ထုတ်ဖော်ခဲ့သည်။ "တိုင်းရင်းသား အဖွဲ့တွေဟာ ဗဟို အစိုးရရဲ့ ခြိမ်းခြောက်လာမှုကြောင့် သူတို့ ဆက်လက် ရှင်သန်ရေးနဲ့ သူတို့နယ်မြေ ဆက်လက် ထိန်းချုပ်ထားနိုင်ရေး အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကို ပိုလုပ်လာရပါတယ်" ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် Gary Lewis က ပြောသည်။

'ဝ' များသည် ရလာသော ငွေများဖြင့် တရုတ်ထံမှ ဒုံးကျည်များနှင့် AK – 47 များ ဝယ်ယူ၍ စစ်ပွဲ အတွက် ပြင်ဆင်နေကြောင်း ဗိုလ်မှူးကြီး Peeranate က ဆိုသည်။

"ဗမာ အစိုးရကလည်း 'ဝ' ကို လက်နက် ဖျက်သိမ်းပြီး အစိုးရ လက်အောက်မှ နေစေချင်တယ်။ 'ဝ' ကလဲ သဘောမတူဘူး။ သူတို့ စစ်တိုက်ဖို့ ပြင်နေကြတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးတွေ ပိုရောင်းပြီး အစိုးရကို တိုက်ဖို့ လက်နက် ဝယ်နေတယ်" ဟု ၎င်းက ပြောသည်။

The Guardian က 'ဝ' စစ်သားတစ်ဦးအား ထိုင်းစစ်တပ် စခန်းနှင့် 'ဝ' စခန်းကြားလမ်း တစ်နေရာတွင် စကားပြောကြရာ မြန်မာ စစ်တပ်က မကောင်းကြောင်း၊ သေနတ်ဖြင့် လာပစ်ကြောင်း၊ သေနတ်ပစ်သည့် အမူအယာဖြင့် စကားပြန်မှ တဆင့် ပြောသည်။

'ဝ' များသည် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆိုခဲ့သောကြောင့်ဟု ဆိုသည်။ "ကျွန်တော်တို့ နယ်မြေကို ကာကွယ်ရပါမယ်။ ကျွန်တော်တို့ 'ဝ' ပြည်သူတွေ အတွက် တိုက်ပွဲဝင် ရပါဦးမယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ 'ဝ' စစ်သားက မူးယစ်ဆေးဝါး အကြောင်း ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး "ကျွန်တော်တို့ ဘဝတွေက ကြမ်းပါတယ်။ ကျွန်တော်တို့အတွက် ကျွန်တော်တို့ လူတွေကို ကျွေးဖို့ ငွေ တစ်နည်းနည်းနဲ့ ရှာလို့ ရဖို့ လိုပါတယ်။ အသက်ရှင်ဖို့ လိုအပ်တယ်လေ" ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်က 'ဝ' မူးယစ်ဆေးဝါးများအား ရောင်းဝယ်ခဲ့ဖူးသူ၊ ယခု ထိုင်းစစ်တပ် အတွက် လျှို့ဝှက် သတင်းပေး ဆောင်ရွက်နေသူက ပြောကြားရာတွင် 'ဝ' များသည် အစိုးရ တပ်များက တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် လက်နက် ဝယ်ရန် မူးယစ်ဆေးဝါးများ ရောင်းရကြောင်း ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 21st June 2010

ငွေကြေး ကန့်သတ်မှုကို ပြုပြင် ပြောင်းလဲရန် တရုတ် အာဏာပိုင်များက ကတိပေးခဲ့ပြီးနောက် တနင်္လာနေ့တွင် တရုတ် ယွမ်ငွေသည် ၅ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ၎င်းတို့၏ ငွေလဲနှုန်း ထိန်းချုပ်မှုများ အပေါ် ပြစ်တင် ဝေဖန်မှုများ ပပျောက်သွားစေရန် ဘီဂျင်းက ဆုံးဖြတ်ခဲ့ခြင်း ဟုတ်ပုံမရဟု လေ့လာသူများက ဆိုသည်။

တရုတ်နိုင်ငံက ထိုသို့ ပိုမို ပျော့ပြောင်းမှုကို ပြသရန် စနေနေ့က ကတိပေးခဲ့ခြင်းသည် ယခု သီတင်းပတ်ကုန် ကနေဒါတွင် ကျင်းပသည့် G-20 ထိပ်သီး ညီလာခံတွင် "ဘီဂျင်းသည် ၎င်း၏ ကိန်းသေ ငွေလဲနှုန်းဖြင့် လှည့်ဖြားကာ ကုန်သွယ်ရေး အမြတ်ထုတ်မှု ပြုလုပ်နေသည်" ဟု ဝါရှင်တန်က စွပ်စွဲလာမည်ကို ရှောင်ရှားရန် အတွက် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသည်။

သို့ရာတွင် တနင်္လာနေ့တွင် ဗဟိုဘဏ်သည် ဗဟိုစံနှုန်းကို ချုပ်ကိုင်လိုက်ပြီး သောကြာနေ့ကအထိ မပြောင်းလဲခဲ့သော တရားဝင် ကုန်သွယ်ရေး စည်းဝိုင်း ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၆.၈၂၇၅ ယွမ်တွင် ထိန်းထားလိုက်သည်။

သို့သော်လည်း ယွမ်ငွေလဲနှုန်းသည် ၆.၈ ယွမ် (၁ ဒေါ်လာနှုန်း) တွင် တန့်နေမှုကို ဆက်တိုက် ဖောက်ထွက်ကာ တနင်္လာနေ့တွင် ၆.၇၉၆၉ ယွမ်သို့ ရောက်ရှိခဲ့သည်ဟု Dow Jones သတင်းများအရ သိရှိရသည်။

ဤသည်မှာ ၂၀၀၅ ခုနှစ် ဇူလိုင်တွင် အာဏာပိုင်များက ငွေလဲနှုန်း အရှင်ထားခြင်းကို ထိန်းချုပ်သည့် အနေဖြင့် ယွမ်နှင့် ဒေါ်လာကို နှုန်းသေ ချည်ထားခဲ့ချိန် နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဘီဂျင်း၏ တင်းကြပ်သော ကုန်သွယ်ရေး စည်းဝိုင်းအတွင်းတွင် ရှိနေဆဲဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ ကတိပြုပေးမှုသည် အဓိက ငွေတန်ဖိုး ပြောင်းလဲ သတ်မှတ်သည့် လက္ခဏာ မဟုတ်ဟု အကဲခတ်များက ဆိုသည်။

"ယွမ်ငွေ တန်ဖိုးတက်တဲ့ အပေါ်မှာ ခြေထောက်မကျွံအောင် ဆွဲနှုတ်နေတာပါ။ ဒါ့ကြောင့် G-20 ဆွေးနွေးပွဲမှာ ပစ်မှတ်ဖြစ်နေတာကို လက်ဦးမှုယူ ရှောင်ရှားတဲ့ သိသိသာသာ ကြိုးပမ်းမှု တစ်ခုပါ" ဟု ဟောင်ကောင် Chinese University မှ တရုတ် အကဲခတ် Willy Lam က ပြောကြားလိုက်သည်။

"အခု တန်ဖိုးတက်မှုဟာ အရမ်းကို နည်းပါလိမ့်မယ်။ လာမယ့် ၁၂ လ အတွင်း အများဆုံး ၅% ပဲ ရှိမှာပါ။ ဒါ့ကြောင့် မျှော်လင့်ချက် မထားတာ အကောင်းဆုံးပါ" ဟု ၎င်းက ဆိုသည်။

တရုတ် စီးပွားရေး ဖွံ့ဖြိုးမှု၏ ကျောရိုး ဖြစ်သော ထုတ်ကုန်-သွင်းကုန် ကုမ္ပဏီများကို ကမ္ဘာ့ငွေကြေး အကျပ်အတည်းမှ အကာအကွယ်ပေးရန် လက်ရှိ ကျင့်သုံးနေသော ငွေလဲနှုန်းသေ ချည်နှောင်မှုကို မချမှတ်မီ ၂၀၀၅ ဇူလိုင်လတွင် တရုတ် အစိုးရက ယွမ်ငွေ တန်ဖိုးကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အလုပ်အကိုင် ရှားပါးချိန်တွင် ယွမ်ငွေ တန်ဖိုးကို ၄၀ % ခန့်အထိ လျော့ချ သတ်မှတ်ခဲ့ခြင်းကြောင့် တရုတ်ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မမျှတသည့် ကုန်သွယ်ရေး အကျိုးအမြတ်များ ရရှိခဲ့သည်ဟု အမေရိကန် အောက်လွှတ်တော်မှ ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။

သမ္မတ ဟူကျင်းတောင်နှင့် ဘားရက် အိုဘားမားတို့ အခြား ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံကြမည့် G-20 ဆွေးနွေးပွဲတွင် ယွမ်ငွေလဲနှုန်း ကိစ္စကို ဆွေးနွေးမည် မဟုတ်ဟု ဘီဂျင်းက စနေနေ့ မရောက်မီအထိ တောင့်ခံနေခဲ့သည်။ သို့သော်လည်း ပြုပြင် ပြောင်းလဲရေး အတွက် အမေရိကန်၏ တောင်းဆိုမှုများမှာ အကျယ်လောင်ဆုံး ဖြစ်လာခဲ့သည်။

စနေနေ့က ထုန်ပြန်သော ဝါးတားတား စကားလုံးများ သုံးစွဲထားသည့် ကြေညာချက်တွင် ဗဟိုဘဏ်က "ယွမ်ငွေ လဲနှုန်း၏ ပြောင်းလွယ် ပြင်လွယ် ရှိမှုကို ခိုင်မာ အားကောင်းစေမည်" ဟု ဖော်ပြထားသည်။

သို့သော်လည်း ဗဟိုဘဏ်က တနင်္လာနေ့တွင် နောက်ဆက်တွဲ ကြေညာရာ၌ ငွေကြေးတန်ဖိုး ကြီးမားစွာ ပြောင်းလဲမှု ရှိမည် မဟုတ်ဟု ဆိုလိုက်သည်။ ပြင်ဆင် သတ်မှတ်မှုလည်း မရှိခဲ့ပါ။ ဘီဂျင်း၏ မြဲမြံသော ခြေကုတ်အတွက် လျို့ဝှက်သင်္ကေတ "ယွမ် တည်ငြိမ်ရေး" မှာ ကျန်ရှိနေဦးမည် ဖြစ်သည်။

"တရုတ်က သူ့ရဲ့ "ညင်သာစွာ ကူးပြောင်းရေး" မူဝါဒကို အလျော့ပေးမယ့် လက္ခဏာ မရှိပါဘူး" ဟု ဟောင်ကောင် Royal Bank of Scotland မှ စီးပွားရေး ပညာရှင် Ben Simpfendorfer က ပြောကြားသည်။

လာမည့် ၁၂ လ အတွင်း ယွမ်တန်ဖိုးတက်မှု ၃ % မျှသာ ရှိမည်ဟု Simpfendorfer က မျှော်မှန်းလျက် ရှိပြီး ဤအချက်ကြောင့်ပင် တရုတ်နိုင်ငံ အပေါ် အမေရိကန်၏ အသစ်တဖန် စိတ်မရှည်မှုနှင့် ဖိအားများကို ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်ဟု ၎င်းက သုံးသပ်သည်။

"ယွမ်ငွေ လှုပ်သာလှည့်သာ ပိုမိုလာတာကို တရုတ်အပေါ် ဝေဖန်သူ တချို့က ကြိုဆိုခဲ့ကြပေမယ့် ကြီးကြီးမားမား ပြင်ဆင်မှုကို တောင်းဆိုနေသူတွေ အတွက်တော့ ကျေနပ်စရာ မရှိဘူး ဆိုတာ ထင်ရှားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"ကြီးမားသော အပြောင်းအလဲ လုပ်ရန် တရုတ်နိုင်ငံက မစဉ်းစားခြင်းကြောင့် စိတ်ပျက်မိကြောင်း" ကို အမေရိကန် အထက်လွှတ်တော် အမတ် Chuck Schumer က တနင်္ဂနွေနေ့တွင် ထုတ်ဖော် ပြောကြားမှုနှင့်အတူ အငြင်းပွားမှု များစွာ ပေါ်ထွက်လာခဲ့သည်။

စီးပွားရေးဆိုင်ရာ အောက်လွှတ်တော် ကော်မတီ ဒုတိယ ဥက္ကဌ Schumer က "အစကတည်းက ကျွန်တော်တို့ သံသယ ရှိနေတဲ့ အချက်ကို သက်သေ ထူလိုက်တာပါပဲ" ဟု ၎င်း၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဥပဒေ ပြဋ္ဌာန်းပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ရှေ့ဆက် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ဟု ၎င်းက ဆက်လက် ပြောကြားကာ တရုတ်နိုင်ငံအား ၎င်း၏ ငွေကြေးမူဝါဒ အတွက် အရေးယူ အပြစ်ပေးရန် ရည်ရွယ်ထားကြောင်း ပြသခဲ့သည်။

ကွန်ဂရက်အမတ်များက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ရန် ခြိမ်းခြောက်ခြင်း၊ G-20 အစည်းအဝေးတွင် အရေးယူရန် တွန်းအားပေးခြင်းတို့နှင့်အတူ အမေရိကန် - တရုတ် ဆက်ဆံရေးတွင် လက်ရှိ ငွေကြေး ပြဿနာမှာ မပြေနိုင်သော အဖုအထုံး တစ်ခု ဖြစ်နေသည်။

ပြင်းထန်စွာ ထိုးနှက်မည့် အရေးယူမှုများ မပြုလုပ်မှီ ဆိုင်းငံ့နေသည့် အနေအထားတွင် ဟောင်ကောင် စီးပွားရေး ပညာရှင် Willy Lam က "မကြာသေးမီ ဧပြီလက သမ္မတ ဟူကျင်းတောင်၏ အမေရိကန် ခရီးစဉ် မတိုင်မီတွင် ဖြစ်နိုင်ချေ ရှိသော အကဲခတ်သည့် ကိစ္စများ မဖြစ်ပွားခင် ဗဟိုဘဏ်က ငွေတန်ဖိုးကို ကြိုတင်၍ တိုးမြှင့် ပြောင်းလဲမှု လုပ်ပြဖူးသည့် သမိုင်းမှတ်တမ်း ရှိခဲ့သည်" ဟု ထောက်ပြလိုက်သည်။

ကမ္ဘာ့ တတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ (တရုတ်) ၏ စီးပွားရေးသည် ယခုနှစ် ပထမ လေးလပတ် အတွင်း ၁၁.၉ % လျှင်မြန်စွာ မြင့်တက်ခဲ့ပြီး တရုတ်ထုတ်ကုန်များ၏ ဝယ်လိုအား ပြန်တက်လာသည့် တိုင်အောင် ၎င်း၏ ငွေကြေးဆိုင်ရာ မူဝါဒကို ဘီဂျင်းက ကာကွယ်နေဆဲ ဖြစ်သည်။

ရုတ်တရက် ကြီးကြီးမားမား ပြောင်းလဲ ပြင်ဆင်မှုသည် နိုင်ငံရေးနှင့် စီးပွားရေးအရ အထိနာတတ်သောကြောင့် ဘီဂျင်းက ၎င်း၏ ထုတ်ကုန် လုပ်ငန်း ကုမ္ပဏီများကို တဖြည်းဖြည်းချင်း ပြင်ဆင်ရန် အချိန်ပေးလိုခြင်း ဖြစ်သည်ဟု ဘီဂျင်း ဆင်းဟွာ ယူနီဗာစီတီမှ စီးပွားရေး ပညာရှင် Patrick Chovanac က သုံးသပ် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Washinton Post, By Fred Hiatt, 21th June 2010

"အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းမယ့် ဘယ်လိုလှုပ်ရှားမှုမဆို ကြာရှည်ပြီး ခက်ခဲဖို့ များပါတယ်" ဟု ပြည်သူ့ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တစ်ခါက ရေးခဲ့ဖူးသည်။ "မျှော်လင့်ချက်နဲ့ အကောင်း မြင်ချင်တဲ့စိတ်ကို ချုပ်တည်းလို့ မရပေမယ့် ပြောင်းလဲချင်တဲ့ အတိုက်အခံတွေဟာ ရက်ရက်စက်စက် မကောင်းကြံ ခံရနိုင်တယ်လို့ စိတ်ထဲမှာ လေးလံပူပန်နေတယ်" ဟု သူမက ဆိုခဲ့သည်။

အထက်ပါ စိတ်ထင့်မှုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့စဉ်က သူမ၏ အသက် ၄၄ နှစ် ပြည့်ခဲ့ပြီး မြန်မာနိုင်ငံသည်လည်း အနှစ် ၄၀ အာဏာရှင်စနစ် လက်အောက်မှ ရုန်းထွက်လုဆဲဆဲ အချိန် ဖြစ်သည်။ ယခု အချိန်တွင် သူမသည် လုံးဝ အထီးကျန်လုနီးနီး နေအိမ် အကျယ်ချုပ် ဘဝတွင် အသက် ၆၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်၍ ဒီမိုကရေစီ လုပ်ငန်းစဉ်သည် ထင်သည်ထက် ပိုမို ကြာမြင့်ခဲ့ပြီး အတိုက်အခံများသည်လည်း သူမ မျှော်လင့်ခဲ့သည်ထက် ပို၍ ရက်စက် ကြမ်းတမ်းမှုများနှင့် ရင်ဆိုင်နေရသည်ဟု ပြောလျှင် လွန်မည် မထင်ပါ။

၁၉၄၇ အသက် ၃၂ နှစ်တွင် လုပ်ကြံခံခဲ့ရသည့် အမျိုးသား လွတ်လပ်ရေး ခေါင်းဆောင်၏ သမီးသည် မကျန်းမာသော မိခင်ကို ပြုစုရန် ဗြိတိန်မှ ရန်ကုန်သို့ ပြန်လာခဲ့ပြီးနောက် "ဒီမိုကရေစီကို ရှာဖွေရာတွင်" အမည်ရှိ ဆောင်းပါးတွင် ထိုသို့ သတိပေး ရေးသားခဲ့ခြင်း ဖြစ်သည်။ သူမသည် အောက်စဖို့ ပညာတတ်၊ တိဘက် ဗုဒ္ဓဘာသာဝင် ဗြိတိသျှ အမျိုးသားနှင့် လက်ထက်ခဲ့ပြီး သားနှစ်ယောက် ရရှိခဲ့သည်။ သူမတွင် နိုင်ငံကို ခေါင်းဆောင်ရန် အစီအစဉ် မရှိခဲ့ပါ။ သူမသည် တစ်ချိန်ချိန်တွင် မြန်မာပြည်သို့ ပြန်ရန် ရည်ရွယ်ချက် ရှိသော်လည်း လူထု စာကြည့်တိုက်များ တသီတတန်း ထူထောင်ရန်နှင့် ကျောင်းသားများ အတွက် ပညာသင်ဆု စကောလားရှစ် အစီအစဉ်များ ဟောပြော စည်းရုံးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၍ နိုင်ငံရေး လောကသို့ ဝင်ရန် မဟုတ်ပါ။

သို့သော်လည်း ဘီဂျင်း တီယန်မင် ရင်ပြင် အရေးအခင်း မပေါ်ပေါက်မီ မြန်မာ ကျောင်းသားများ ခေါင်းဆောင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုများက ၁၉၈၈ အတွင်း တစ်နိုင်ငံလုံး ကူးစက် လောင်ကျွမ်းခဲ့ပြီး သူမအား ပြောင်းလဲစေကာ ခေါင်းဆောင် အဖြစ် စာရင်းဝင်စေခဲ့သည်။ သူမ၏ တည်ကြည်မှု၊ သိက္ခာရှိမှု၊ ရဲရင့်မှုတို့ကြောင့် သူမ၏ နိုင်ငံသည် စုစည်း ညီညွတ် လာခဲ့ပြီးနောက်၊ တန်းစီနေသော ပစ်မိန့်ရ စစ်သားများဆီသို့ ဦးတည်ကာ တစ်ဦးထဲ လမ်းလျှောက် ချီတက် သွားခဲ့ချိန်တွင် အလွန်ပင် လူသိများ ကျော်ကြားသွားခဲ့သည်။ ထိုစဉ်က စစ်ဖက် အရာရှိက နောက်ဆုံး အချိန်မှ ကပ်၍ ပစ်မိန့်ကို ပယ်ဖျက်ခဲ့သည်။

တိုင်းပြည်ကို ဆင်းရဲတွင်းသို့ နစ်စေခဲ့သည့် စစ်ဗိုလ်ချုပ်များသည် သူမ၏ ထင်ရှား ကျော်ကြားမှုကို စိတ်ရှုပ်ထွေးလာကြသည်။ သူမကို ကွန်မြူနစ်၊ စီအိုင်အေ သူလျို၊ သွေးမစစ် ကလေးများ၏ မိခင် စသဖြင့် စစ်ခေါင်းဆောင်များက သိက္ခာချ စွပ်စွဲခဲ့ကြသည်။ ထို့နောက်တွင် သူမအား ရန်ကုန်မြို့ အင်းလျားကန်စောင်း နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။ ၁၉၉၀ တွင် စစ်ဗိုလ်ချုပ်များသည် "ပြည်သူ့ သဘောထား" ကို မစောကြောမိဘဲ လွတ်လပ်သည့် ရွေးကောက်ပွဲများကို ခွင့်ပြုခဲ့ရာ သူမ ခေါင်းဆောင်သည့် NLD ပါတီက "မိုးလုံးပြည့်" အနိုင်ရရှိခဲ့သည်။

မြန်မာ့ ဒီမိုကရေစီသည် ထိုစဉ်က အမြင့်ဆုံး ရေချိန် အမှတ်သို့ ရောက်ခဲ့သည်ဟု ဆိုရမည်။ သို့သော် အရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များကို စစ်ဗိုလ်ချုပ်များက နေရာ ဖယ်မပေးခဲ့ပါ။ ပြည်သူလူထု သန်း ၅၀ ကို မလှုပ်နိုင်အောင် နှောင်ကြိုးတံထားသော စစ်ဖက် အစိုးရ၏ ရက်စက်မှုများကို ယှဉ်နိုင်မည့်သူမှာ မြောက်ကိုရီးယားသာ ရှိသည်။ ယခု နောက်ဆုံး ထွက်ပေါ်လာသော အထောက်အထားများက မြန်မာ စစ်ဗိုလ်ချုပ်များသည် မြောက်ကိုရီးယား၊ အီရန်တို့နှင့် ပူးပေါင်း ဆောင်ရွက်ကာ နျူကလီးယား လက်နက် ထုတ်နိုင်အောင် ကြိုးစားနေသည်ကို ညွှန်ပြနေသည်။

စစ်ခေါင်းဆောင်များသည် ယခုတိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ရှုပ်ထွေးနေဆဲ ဖြစ်သည်။ ပြီးခဲ့သော ၂၁ နှစ် ကာလအတွင်း သူတို့သည် သူမအား ၁၅ နှစ်ခန့် သော့ခတ်ထားခဲ့ကြသည်။ ၁၉၉၉ တွင် ဗြိတိန်၌ သူမ၏ ခင်ပွန်း ကင်ဆာရောဂါဖြင့် ကွယ်လွန်စဉ်က သူမ မသွားရောက်နိုင်ခဲ့ခြင်းမှာ မြန်မာ အစိုးရက "သူမ မြန်မာပြည်သို့ ပြန်လာနိုင်ကြောင်း" အာမခံခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် သူမ၏ သားနှစ်ယောက်ကိုလည်း လာခွင့်မပြုပါ။ ၂၀၀၃ တွင် သူမအား ခေတ္တ လွှတ်ပေးခဲ့ချိန်၌ သူမ သွားလေရာ ဒေသတိုင်းတွင် သူမ၏ ရေပန်းစား ကျော်ကြားမှုကို အတည်ပြုနိုင်မည့် ဂုဏ်ယူ ဝမ်းမြောက်ဖွယ် တုန့်ပြန်မှုများ ပေါ်ထွက်လာခြင်းကြောင့် စစ်ဗိုလ်ချုပ်များက လူဆိုး၊ လူရမ်းကားများ စေလွှတ် တုန့်ပြန်ခဲ့ရာ နိုင်ငံ အနောက်ပိုင်း ဒီပဲယင်းမြို့ အနီးတွင် သူမအား လုပ်ကြံ သတ်ဖြတ်လုနီးပါး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သူမအား နောက်တစ်ကြိမ် သော့ခတ် ထိန်းသိမ်းခဲ့သည်။

အထက်ပါ အကြောင်းအရာ အားလုံးက သူမ မဖြစ်ချင်ခဲ့သော "စံနမူနာ ခေါင်းဆောင်၊ နိုဘယ်ဆုရှင်၊ လွတ်မြောက်မှုနှင့် ဂရုဏာ၏ သင်္ကေတ" အဖြစ် ရောက်ရှိအောင် သူမအား ပြောင်းလဲပေးခဲ့ကြခြင်း ဖြစ်သည်။ အထက်ပါ တာဝန်များကြောင့် သူမသည် နိုင်ငံရေးသမား တစ်ယောက် ဖြစ်လာခဲ့သည်။ ပါတီကို ခေါင်းဆောင်နေရသည်။ သူမ လွန်ခဲ့သော ၂၁ နှစ်က ရေးသားခဲ့သော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို စေ့စပ်ညှိနှိုင်းနေရသည်။ သို့သော်လည်း တစ်ဖက်က စစ်ခေါင်းဆောင်များက သူမနှင့် NLD ပါတီကို ဖယ်ထုတ်ရန် အပြည့်အဝ ရည်ရွယ် ရေးဆွဲထားသည့် ရွေးကောက်ပွဲ ဥပဒေ၏ အောက်တွင် ယခုနှစ် နှောင်းပိုင်း၌ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေသည်။

ကမ္ဘာတဝှမ်းရှိ အစိုးရများ နည်းတူ အိမ်ဖြူတော်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု သဝဏ်လွှာကို ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း သမ္မတ အိုဘားမား၏ တွေ့ဆုံ ဆွေးနွေးရေး အစပျိုး ကြိုးပမ်းမှုများကို မြန်မာ အစိုးရက မသိကျိုးကျွံပြုခဲ့သည်။ ဒီမိုကရေစီ အရေးအတွက် အိုဘားမား၏ ထပ်မံ ကတိပေးထားမှုသည် မြန်မာ အာဏာရှင်များအား ဖိအားပေးရန် မြန်မာ အိမ်နီးချင်းများအား စည်းရုံးရာတွင် အောင်မြင်မှု ရခဲ့ခြင်း မရှိသည့်အပြင် အိုဘားမား အစိုးရ၌ အစားထိုးရန် ဒုတိယ အစီအစဉ် ယခုအထိ ရှိပုံ မရသေးပါ။

"အခြေခံ လူ့အခွင့်အရေးတွေ တည်ရှိခွင့်ကို ပိတ်ပင်ထားတဲ့စနစ် အတွင်းမှာ ကြောက်ရွံ့ခြင်းဟာ နေ့စဉ် အလုပ်တာဝန် တစ်ခုလို ဖြစ်လာနေပါတယ်" ဟု လွန်ခဲ့သော အနှစ် ၂၀ ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့ဖူးသည်။ "ဘဝပေး အသိယောင်ယောင်၊ တစ်ခါတစ်ရံ အမြော်အမြင် ရှိသယောင် ဟန်ဆောင်ထားသည့်၊ တစိမ့်စိမ့် ပျံ့နှံ့လာသည့် ကြောက်ရွံ့မှုသည် မွေးရာပါ လူ့သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုကို ထိန်းသိမ်းရာတွင် အထောက်အကူ ပြုသော ရဲရင့်သော စိတ်ကို မိုက်မဲခြင်း၊ ဆင်ခြင်တုံတရား မရှိခြင်း၊ အရေးမပါ (သို့) အလဟာသဖြစ်ခြင်း၊ အသေးအဖွဲဟု ယူဆခြင်း အဖြစ်သို့ ရောက်အောင် နေ့စဉ် ပြစ်တင် ရှုတ်ချနေသည်" ဟု သူမက အသေးစိတ် ရေးသားခဲ့သည်။

ယနေ့ မြန်မာနိုင်ငံတွင် အတိုက်အခံနှင့် ဒီမိုကရေစီ လှုပ်ရှားသူ ၂၀၀၀ ကျော်မှာ အကျဉ်းထောင်များတွင် ရှိနေပြီး၊ စက်ဆုပ်ဖွယ် အခြေအနေများတွင်လည်း မကြာခဏ ဖမ်းဆီးထားလေ့ ရှိသည်။ အကယ်၍ သူမသာ အများပြည်သူသို့ စကားပြောခွင့် ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်လည်း သူမ၏ မွေးနေ့ကို သူတို့အတွက် ကောင်းစွာ အချိန်ပေးမည် ဖြစ်ပြီး စိတ်ကူးယဉ်ဖို့ပင် ခက်ခဲ့သော လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေသော မိမိတို့ အများစု၏ သေးငယ်သော်လည်း ရဲရင့်သည့် နေ့စဉ် တာဝန်များကို ကောင်းစွာ ဂုဏ်ပြု ရည်ညွှန်းမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.