Transparency Myanmar

transparency.myanmar@gmail.com

ထောင်ပေါင်းများစွာသော မြန်မာပြည်သူများ အကူအညီများ အလွန်အမင်း လိုအပ်နေမှုအတွက် နိုင်ငံတကာမှ အထောက်အပံ့များ ဆက်လက်ရရှိနိုင်ရန် ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ ပုဂ္ဂိုလ်များက ဂျနီဗာမြို့တွင်ကြိုးပမ်းလျက် ရှိသည်။

ဆိုင်ကလုန်းနာဂစ်ဒဏ်သင့်သော မြန်မာဒုက္ခသည်များအတွက် နိုင်ငံတကာက စေတနာရှင်များမှ အကူအညီငွေ သန်းငါးရာပေးမည်ဟု ကတိက ဝတ်ပြုထားသော်လည်း ယနေ့အချိန်အထိ အဆိုပါ ငွေပမာဏအထိ ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ အရာကြီးများက ပြောသည်။

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းနာဂစ် တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း တစ်သိန်းလေးသောင်း (၁၄၀၀၀၀) သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။ နာဂစ်ကြောင့် သစ်ပင်ပေါင်းများစွာ လဲကျပြီး၊ စာသင်ကျောင်းများ၊ နေအိမ်များလည်း ပြားပြားဝပ်ဘဝသို့ ရောက်ရှိခဲ့သည်။ ထိုမျှမကသေးဘဲ လူသန်းပေါင်းများစွာမှာ အလုပ်အကိုင်နှင့် ဝင်ငွေမဲ့ သွားခဲ့ရသည်။

နာဂစ်တိုက်ခိုက်ပြီး အချိန်ကတည်းက ဖြစ်နိုင်ခြေရှိသော အလုပ်များစွာကို လုပ်ကိုင် ပေးနိုင်ခဲ့သော်လည်း ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များစွာ ကျန်ရှိနေဆဲပင်ဖြစ်သည်။ ကုလသမဂ္ဂ၏ Resident & Humanitarian မှ Coordiantor ဖြစ်သူ Bishow Parajuli က နာဂစ်ဒဏ် သင့်ခဲ့ဒုက္ခသည်ပေါင်း များစွာမှာ အစာရေစာပြတ်လပ်မှု၊ အာဟာရချို့တဲ့မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှု အစရှိသည်တို့ကို ခါးသီးစွာ ခံစားနေကြရကြောင်း ပြောကြားသည်။ အိမ်ထောင်စု တစ်သိန်း(၁၀၀၀၀၀) ခန့်၊ သို့မဟုတ် လူပေါင်း ငါးသိန်းခန့်မှာ လုံခြုံစိတ်ချမှု ပြည့်ဝသော နေထိုင်စရာများ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒုက္ခသည် ငါးသိန်းခန့်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နှစ်နှစ်တာ ကာလတွင် ယာယီ အမိုးအကာအောက်၌သာ ဆက်လက်နေထိုင်နေခဲ့ရသည်ဟု Bishow Parajuli ကပြောကြားသည်။

"အဲဒီလူတွေဟာ သူတို့ရဲ့ ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံက အပိုင်းအစတွေကို ကောက်ယူပြီး ယာယီတဲလေးတွေထိုးပြီး နေနေရတာပါ။ တချို့ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးတဲ့ ယာယီရွက်ဖျင်တဲ့တွေနဲ့ နေထိုင်ကြရပါတယ်" ဟု ၎င်းကဆိုသည်။

"ပြောရရင်သူတို့ဟာ ယာယီအမိုးအကာအောက်မှာ ကွန်းခိုနေကြရတာပါ။ တဲဆိုတဲ့ အဆင့်မှာ နေရတာတောင် မဟုတ်ပါဘူး။ တာပလင်စ၊ ဝါး၊ သစ်တိုသစ်စ စတာတွေနဲ့လုပ်ထားတဲ့ အမိုးအကာ အောက်မှာ နေရတာပါ" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာပြည်သူ ဒုက္ခသည်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အရေးကြီးသော နေထိုင်စရာ လိုအပ်ချက်များအတွက် အကူအညီအနည်းငယ်မျှသာ ရရှိခဲ့သည်ဟု လည်းဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သုံးနှစ်တာ ပြန်လည်နာလန်ထူရေး အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၆၉၁ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက အဆိုပြုခဲ့သည်။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းမှ ပြည်သူများသာ အသက်ရှင် နေထိုင်ရေးအတွက် ရုန်းကန်နေရခြင်းမဟုတ် အခြားသော ဒေသများတွင်လည်း အစာရေစာ မျှတစွာရရှိရေးအတွက် နပန်းလုံးနေရသူများစွာ ရှိနေသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံသည် စားနပ်ရိက္ခာပိုလျှံပြီး စိုက်ပျိုးရေး ကဏ္ဍတွင် အလားအလာကောင်းများစွာ ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။ သို့သော် အဓိကရင်ဆိုင်နေရသော ပြဿနာမှာ ဝေးလံခေါင်သီသော နေရာဒေသများသို့ စားနပ်ရိက္ခာများ ထိထိရောက်ရောက် တင်ပို့နိုင်ရေးပင် ဖြစ်သည်ဟု WFP ကဆိုသည်။

အဆိုပါ အကဲဖြတ်သုံးသပ်ချက်ကို WFP နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) တို့က ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

WFP မှ Country Director and Representative ဖြစ်သူ Chris Kaye က သုတေသန ပြုလုပ်ချက်များအရ မြန်မာလူဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက် အောက်သို့ ရောက်ရှိနေသည်ကို တွေ့ရကြောင်း ပြောကြားသည်။ သဘောတရားမှာ လူသန်းပေါင်းများစွာသည် အစာရေစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်-မြောက် ကိုရီးယားနယ်စပ်ဒေသ တစ်လျှောက်တွင် ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံရေး လှုပ်ရှားသူများက ချိုနန်စစ်သင်္ဘော နစ်မြုပ်အောင် တော်ပီတိုဖြင့် ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား အစိုးရအား ပြစ်တင်ရှုတ်ချသည့် ဝါဒဖြန့် လက်ကမ်းစာများ ဖြန့်ကြဲခဲ့ကြကြောင်း သိရသည်။

တောင်ကိုရီးယားတွင် နေထိုင်လျက်ရှိသော မြောက်ကိုရီးယား ပြည်ပြေးများနှင့် မြောက်ကိုရီးယား ဆန့်ကျင်သူ တောင်ကိုရီးယားများက လုံခြုံရေးတပ်ဖွဲများ တင်းကြပ်ထားရာ နယ်စပ်ဒေသဘက်သို့ မိုးပျံလေပူပေါင်းများမှ တစ်ဆင့် ကင်ဂျုံအီဦးဆောင်သော ပြုံယမ်း ကွန်မြူနစ်အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်စာများ ဇွန်လ ၂၁ ရက်နေ့တွင် ဖြန့်ကြဲခဲ့ကြသည်။

ထို့အတူ အဆိုပါ မိုးပျံလေပူပေါင်းများဖြင့် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေကြဲချခဲ့ကြကြောင်း၊ လက်ကမ်းစာစောင်တွင် ကိုရီးယားစစ်ပွဲ စတင်ဖြစ်ပွားစေခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင် ကင်အီဆွန်း (လက်ရှိခေါင်းဆောင်ကင်ဂျုံအီလ်၏ဖခင်) အား ပြစ်တင်ဝေဖန်မှုများ၊ ကင်ဂျုံအီလ်ဦးအစိုးရ ဦးဆောင်လုပ်ကိုင်ခဲ့သော ငွေကြေးပြုပြင် ပြောင်းလဲမှု အလွဲအမှားများနှင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၄၆ ဦး သေဆုံးခဲ့ရမှုအပေါ် ပြစ်တင်ရှုတ်ချမှုများ ရေးသားထားသည်။

မကြာသေးခင်က မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားဘက်မှ ပြုလုပ်လျက်ရှိသော ဝါဒဖြန့်ယန္တရား (အသံချဲ့စက်များအပါအဝင်) အားလုံးကို အလုံးစုံတိုက်ခိုက်ဖျက် ဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုလို ဝါဒဖြန့် လက်ကမ်းစာစောင်များ မြောက်ကိုရီးယားဘက်သို့ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

ဝါဒဖြန့်မှုများ လုပ်ကိုင်သောအုပ်စုသည် မူလက လက်ကမ်းစာစောင် ခြောက်သန်းခန့်ကို မိုးပျံလေပူပေါင်း ၁၀၀ ခန့်ဖြင့် ဖြန့်ဝေရန် စီစဉ်ခဲ့ကြသော်လည်း နယ်စပ်ဒေသတွင် လေတိုက်ခိုက်မှု အနေအထား စိတ်တိုင်းကျ မဖြစ်ခဲ့သောကြောင့် လက်ကမ်းစာစောင် ၅၄၀၀၀၀ ခန့်သာ ဖြန့်ဝေနိုင်ခဲ့ကြောင်း စီစဉ်သူများကပြောဆိုသည်။ အဆိုပါ လေပူပေါင်းများ မြောက်ကိုရီးယားဘက်သို့ အမှန်တကယ် ကျရောက်ခြင်းရှိ၊ မရှိဟူသော သတင်းကို အတိအကျမသိရှိရသေးပေ။ ယခု ဇွန်လကုန်ပိုင်းတွင် နောက်ထပ် လေပူပေါင်းများ စေလွှတ်ပြီး ဝါဒဖြန့်ချိရန် စီစဉ်ထားသည်ဟု သိရသည်။

"လက်ကမ်းစာစောင်တွေပေါ်မှာ အမှန်တရားတွေ ထုတ်ဖော်ရေးသားပြီး ကင်ဂျုံအီလ် အစိုးရကို ကျွန်တော်တို့ အပြစ်ပေးချင်တယ်" ဟု National Action Campaign မှ ဥက္ကဌ ဖြစ်ပြီး ဝါဒဖြန့်အုပ်စုများနှင့် ပူးပေါင်းပါဝင်ခဲ့သူ ကပြောသည်။

ဝါဒဖြန့်အုပ်စုများထဲတွင် မြောက်ကိုရီးယား၏ ပြန်ပေးဆွဲမှုခံရသော ဂျပန်လူမျိုးများ ကယ်ဆယ်ရေးဆိုင်ရာ အမျိုးသားအဖွဲ့ (NARJK) မှ အဖွဲ့ဝင်များလည်း ပါဝင်သည်။ အဆိုပါ အဖွဲ့သည် ၁၉၇၀-၈၀ ပြည့်နှစ်များအတွင်း မြောက်ကိုရီးယား အေးဂျင့်များ အဓမ္မခေါ်ဆောင်မှုကို ခံခဲ့ရသော ဂျပန်လူမျိုးများ၏ မိသားစုဝင်များကို ထောက်ပံ့ပေးနေသည့် အဖွဲ့လည်းဖြစ်သည်။

မြောက်ကိုရီးယား အေးဂျင့်များ၏ အဓမ္မခေါ်ဆောင်ခြင်း ခံခဲ့ရသော ဂျပန်လူမျိုးများ ဆက်သွယ်နိုင်မည့် လိပ်စာနှင့် သတင်းအချက်အလက်များ ဝါဒဖြန့် လက်ကမ်းစာစောင် များတွင် ထည့်သွင်းဖော်ပြခဲ့ကြကြောင်း သိရသည်။

တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ပြန်ပေးဆွဲခံရသော ဂျပန်လူမျိုးများအတွက် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းများရှိပြီး ယင်းအဖွဲ့အစည်းများနှင့် ပတ်သက်သော သတင်း အချက်အလက်များကိုလည်း ထည့်သွင်းထားကြောင်း ဝါဒဖြန့်အုပ်စုများထံမှ စုံစမ်းသိရှိရသည်။

"မြောက်ကိုရီးယားအစိုးရက ကမ္ဘာတစ်လွှားက လူတွေပြန်ပေးဆွဲထားတယ် ဆိုတဲ့ကိစ္စကို မြောက်ကိုရီးယား ပြည်သူတွေ မသိကြပါဘူး" ဟု NARJK အုပ်စုမှ ဥက္ကဌဖြစ်သူ Tsutomu Nishioka က ပြောဆိုသည်။

မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံသား ၁၃ ဦးကို ပြန်ပေးဆွဲထားကြောင်း ဝန်ခံပြောဆိုထားပြီး ထိုအထဲမှ ငါးဦးကို ဂျပန်နိုင်ငံသို့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သည်။ ကျန်ရှိသော ရှစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်သည်ဟု ဆိုသည်။ မြောက်ကိုရီးယား နိုင်ငံထဲတွင် သေဆုံးသွားသော အဆိုပါ ဂျပန်ရှစ်ဦး၏ သေဆုံးမှု သက်သေအထောက်အထား ကို ဂျပန်နိုင်ငံက တောင်းဆိုထားပြီး အခြားသော သံသယဖြစ်ဖွယ် ပြန်ပေးဆွဲမှုများကို အမှုဖွင့် စစ်ဆေးရန်ပြင်ဆင်လျက်ရှိသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ၂၀၀၄ ခုနှစ်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဝါဒဖြန့်ချိ ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်အတွင်း ကျင်းပခဲ့သော ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အလွန်ကာလ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကြောင့် ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် မတ်လအတွင်း ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ဖြင့်
တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားဘက်က ဝါဒဖြန့် ထိုးနှက်တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည်။

ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်
မြောက်ကိုရီးယားကို ထိထိရောက်ရောက် အရေးယူပေးပါရန် တောင်ကိုရီးယားက အဆိုပြု တောင်းဆိုထားသည်။ ယင်းဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက နယ်စပ်ဒေသ တစ်လျှောက်တွင် အသံချဲ့စက် ၁၁ လုံး တပ်ဆင်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများကို စတင်ခဲ့သည်။

သို့သော်ယခုအချိန်တွင် လက်ကမ်းစာစောင်များ လေပူပေါင်းဖြင့် ဖြန့်ဝေနေချိန်ဖြစ်၍ အသံချဲ့စက်ဖြင့် ဝါဒဖြန့်မှုကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။ တောင်ကိုရီးယား ဦးဆောင်သော နိုင်ငံပေါင်းစုံပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားသည်
အဓိက တာဝန်ရှိသူဖြစ်သည်ဟု နိဂုံးချုပ် သုံးသပ်တင်ပြခဲ့သည်။

သို့သော်မြောက်ကိုရီးယားက အဆိုပါကိစ္စ မိမိတို့တွင် တာဝန်မရှိဟု ငြင်းပယ်ပြီး တောင်ကိုရီးယားကို စစ်ရေးဖြင့် တုံ့ပြန်မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။

AP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် စစ်အစိုးရက ယခုနှစ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု လျော့နည်းမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုအစိုးရက ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ဖော်ပြေဆိုသည်။

"ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမည်မဟုတ်ဘဲ နိုင်ငံတကာတွင် တရားဝင်အသိအမှတ်ပြု ခံရမှုလည်းလျော့နည်း နေမည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်သည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အင်တာနက် အွန်လိုင်းရှိ Twitter ၏ Micro-Blogging ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ မြန်မာနိုင်ငံ၏ လက်ရှိ တရားဝင်နာမည်ဖြစ်သော Myanmar ဟူသောအသုံးအနှုန်းကိုအသုံးမပြုဘဲ Burma ဟု ခေါ်ဝေါ်သုံးစွဲသည်။

ယခုလစောပိုင်းကာလတွင် အမေရိကန်ဆီနိတ်တာ ဂျင်ဝက်ဘ်က မြန်မာနိုင်ငံတွင် ယခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၌ ရွေးကောက်ပွဲ ကျင်းပလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲတွင် အတိုက်အခံများ ပါဝင်ခွင့်မရရှိအောင် ကန့်သတ်ပိတ်ပင်ထားမှုများ ရှိသော်လည်း ရွေးကောက်ပွဲကို အထောက်အပံ့ပြုရန် တိုက်တွန်းကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် နျူကလီးယားအစီအစဉ် အကောင်အထည် ဖော်လျက်ရှိသည်ဟူသော စွပ်စွဲချက်များကြောင့် မြန်မာခရီးစဉ်ကို ဖျက်သိမ်းလိုက်သည့်တိုင် မစ္စတာ ဂျင်ဝက်ဘ်သည် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာစစ်အစိုးရအကြား စေ့စပ်ညှိနှိုင်းရေးကို ဦးဆောင် လုပ်ကိုင်နေဆဲဖြစ်သည်။

မြန်မာစစ်အစိုးရက သတ်မှတ်ရက် အတိအကျ မကြေညာသေးသော်လည်း ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် နှစ်ပေါင်း ၂၀ အတွင်းပထမဆုံး ဖြစ်လာမည် ဖြစ်သည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က မြန်မာစစ်အစိုးရနှင့် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့သည်။ သို့သော်၂၀၁၀ ရွေးကောက်ပွဲအတွက် အမေရိကန်အစိုးရက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အကြောင်းမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ၌ ပါဝင်ခွင့်မရရှိအောင် စစ်အစိုးရက ကန့်သတ် ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီ မှာလည်း စစ်အစိုးရ၏ တင်းကြပ်သော ရွေးကောက်ပွဲဥပဒေကို မကျေနပ်သောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ရာ ယခုဆိုလျှင် တရားဝင်ပါတီအဖြစ်မှ ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် စစ်အစိုးရ၏ သြဇာအာဏာကို သက်တမ်းရှည်ရန် ဒီဇိုင်းဆင်ထားခြင်း ဖြစ်သည်ဟု ဆီနိတ်တာ မစ္စတာဂျင်ဝက်ဘ်က နားလည် လက်ခံထားသော်လည်း ယင်းရွေးကောက်ပွဲကြောင့် အနိမ့်ဆုံးအဆင့်အားဖြင့်  အနာဂတ်ကာလတွင် အတိုက်အခံများ လွှတ်တော်၌ နေရာရယူလာနိုင်ရန် အဆင့်တစ်ခုဖြစ်ကြောင်း ပြောဆိုထားသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua သတင်းပေးပို့ချက်အရ တရုတ်ဗဟိုဘဏ်သည် နိုင်ငံငွေကြေး လဲလှယ်မှုနှုန်းထားကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး ဈေးကွက်ပေါက် ဈေးအလိုက် နိုင်ငံတကာ ငွေကြေးနှင့် လဲလှယ်နိုင်အောင် လုပ်ဆောင်သွားမည်ဟု ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်ကြောင့် တရုတ်ငွေကြေး လဲလှယ်မှုနှုန်း အားနည်းချက်ရှိနေသည့်အပေါ် နိုင်ငံတကာက ပြစ်တင်ပြောဆိုမှုများ လျော့ကျသွားနိုင်သည်။ တရုတ်ငွေကြေး လဲလှယ်မှု နှုန်းထားများ အားနည်းချက်ရှိခြင်းကြောင့် အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေး ပြုလုပ်ရာတွင် ကုန်သွယ်ရေး မမျှတမှုများ ဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်လျက် ရှိခဲ့သည်။

တရုတ်နိုင်ငံပြည်တွင်းနှင့် ပြည်ပရှိ ငွေကြေးဈေးကွက်ဖွံ့ဖြိုးမှု ၊ ပြည်တွင်း ငွေပေးချေမှု လက်ကျန်အနေအထား နှင့် လက်ရှိစီးပွားရေး အခြေအနေကို ကြည့်ကာ ဗဟိုဘဏ်က ယင်းသို့ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်မှ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြသည်။

"ရမ်မီဘီ(RMB)ဟုလည်း တရုတ်နိုင်ငံတွင်း ခေါ်ဆိုသော ငွေကြေးလဲလှယ်မှုနှုန်းများ တည်ငြိမ်မှုသည် စီးပွားရေးအကျပ်အတည်းများ လျော့ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်နာလန်ထူမှုကို အကူအညီပေးနိုင်သလို၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမျှခြေ ပြန်လည်ထိန်းညှိမှုအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း သရုပ်ပေါ်စေသည်" ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ဒါရိုက်တာ Dominique Strauss-Kahn က တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ကြေညာချက် စာတမ်းတစ်စောင် ထုတ်ပြန်ပြီး "ကြိုဆိုထိုက်သော တိုးတက်မှုတစ်ရပ်" ဟု ဖော်ပြသည်။

"ခိုင်မာမှုရှိသော တရုတ်ငွေကြေး လဲလှယ်မှုနှုန်းသည် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ငွေကြေးဆိုင်ရာ အပြန်အလှန်အကဲဖြတ်မှု လုပ်ငန်းစဉ်နှင့် တစ်ထပ်တည်း ကျမည်ဖြစ်ပြီး ထိုကိစ္စကို ကနေဒါနိုင်ငံ၊ တော်နေးတိုးမြို့တွင် လာမည့်ရက်သတ္တပတ်၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၌ တင်သွင်း ဆွေးနွေးမည်ဖြစ်သည်။ ခိုင်မာသော တရုတ် ငွေကြေး လဲလှယ်မှုနှုန်းရှိအောင် ပြုလုပ်ခြင်းကြောင့် တရုတ်အိမ်ထောင်စု တစ်စုချင်းစီ ဝင်ငွေလည်း မြင့်တက်လာမည်ဖြစ်သလို စက်မှုလုပ်ငန်းများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံလာအောင် မက်လုံးပေးရာလည်း ရောက်သည်" ဟု မစ္စတာ Dominique Strauss Kahn က IMF ၏ ကြေညာချက်တွင် ချီးကျူးပြောဆိုသည်။

လာမည့် ရက်သတ္တပတ်အတွင်း ကနေဒါနိုင်ငံတွင် ကျင်းပမည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ဂျီ-၂၀ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများ၊ အဓိကကုန်သွယ်ရေး အင်အားကြီးနိုင်ငံများမှ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပြီး ကုန်သွယ်ရေးကိစ္စများနှင့် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာများကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သည်။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအချို့ဖြစ်သော အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တရုတ်အနေဖြင့် တရုတ်ငွေကြေးကို ဈေးကွက်ပေါက်ဈေးအလိုက် နိုင်ငံတကာငွေကြေးနှင့် လဲလှယ်ခွင့်ပြုပေးရန် အစောပိုင်းကာလက တိုက်တွန်း ပြောဆိုထားသည်။
Xinhua သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကနေဒါနိုင်ငံ၊ တော်နေးတိုးမြို့တွင် လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တရုတ်ဗဟိုဘဏ်က နိုင်ငံသုံးငွေကြေးကို ဈေးကွက်ပေါက်ဈေးအလိုက် နိုင်ငံခြား ငွေကြေးများနှင့် လဲလှယ်ခွင့်ပြုမည်ဟူသော သတင်းကို အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ကြိုဆိုလိုက်သည်။

"တရုတ်နိုင်ငံ ငွေကြေးလဲလှယ်မှု နှုန်းထားကို ပြုပြင်ပြောင်းလဲလွယ်အောင် ပြုလုပ်ပေးမည် ဟူသော ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်သည် ချီးကျူးထိုက်သော လုပ်ရပ်တစ်ခုဖြစ်သည်" ဟု ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ အိုဘားမားကဆိုသည်။

ယင်းသို့ ပြုပြင်ပြောင်းလဲလွယ်အောင် ပြုလုပ်ပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပ အစရှိသည် တို့နှင့် ဖြစ်ပေါ်နေသော ကုန်သွယ်ရေး လိုငွေပြမှုကို မျှခြေညှိပေးနိုင်လိမ့်မည်ဟု အစိုးရ အရာရှိများက မျှော်လင့်ထားသည်။

"အဲဒီတရုတ်ငွေကြေးလဲလှယ်မှု နှုန်းထားကိစ္စနဲ့ အခြားသော အရေးကိစ္စတွေကို ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲမှာ ကျွန်တော်ဆွေးနွေးသွားဖို့ရှိပါတယ်" ဟု အိုဘားမားက ဆိုသည်။

CNN သတင်းဌာန၏ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 22nd June 2010

မြန်မာနိုင်ငံမှ အများစု ပါဝင်သော တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ အပေါ် ထိုင်းအစိုးရ၏ နှိမ်နင်းမှုသည် လူ့အခွင့်အရေးဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို အားပေးသလို ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံမှ လူ့အခွင့်အရေးအုပ်စုက ပြောကြားလိုက်သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း HDRF က "နိုင်ငံသား စိစစ်ရေး အစီအစဉ်တွင် ပါဝင်ရန် ပျက်ကွက်သည့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရန် ရည်စူးနေသည်" ဟု ပြောကြားသည်။

ဖေဖော်ဝါရီလ နောက်ဆုံး သတ်မှတ်ထားသည့် စီစစ်ရေး လုပ်ငန်းစဉ်ကို ပျက်ကွက်ခဲ့ကြသည့် ရွှေ့ပြောင်းလုပ်သား ၃၀၀,၀၀၀ ခန့်ကို နှိမ်နင်းရေး အတွက် အထူးဌာန တစ်ခုကို ယခုလအတွင်း ထိုင်းအစိုးရက ဖွဲ့စည်းခဲ့သည်ဟု HDRF က ဆိုသည်။

လူ့အခွင့်အရေး ရှေ့နေ တစ်ဦးဖြစ်သည့် ဆူမ်ချိုင်းဟွန်လောသည် HDRF ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားသည်။ မှတ်ပုံတင် စီစစ်ရေး အစီအစဉ်က တားဆီးရန် ရည်ရွယ်ခဲ့သော လာဘ်ယူမှုနှင့် ရာဇဝတ်မှုခင်း ကျူးလွန်မှုများကို ယခု ဖြိုခွဲမှုနှင့် ဈေးပေါသော ရွှေ့ပြောင်းလုပ်သားများအား တောင်းဆိုမှု မြင့်မားလာခြင်းတို့က တွန်းအားပေးသလို ဖြစ်လိမ့်မည်ဟု ၎င်းက ပြောကြားသည်။ နိုင်ငံသား စီစစ် မှတ်ပုံတင်ခြင်း လုပ်ငန်း အတွက် သတ်မှတ်ထားသော နောက်ဆုံးရက်ကို သက်တမ်း တိုးပေးသင့်သည်ဟုလည်း ၎င်းက ဆိုသည်။

"ထိုင်းအစိုးရ အနေနဲ့ ဒီတရားမဝင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ စီစစ်ရေး အစီအစဉ်ကို "ဖွင့်" ပေးပြီး၊ သူတို့ကို ထိုင်းနိုင်ငံရဲ့ တရားဝင် လုပ်သားတွေ ဖြစ်လာအောင် ခွင့်ပြုရပါမယ်။ ဒါမှသာ လုပ်ပိုင်ခွင့် အာဏာရှိသူတွေရဲ့ ကိုယ်ကျိုးရှာ ခေါင်းပုံဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကနေ သူတို့ လွတ်မြောက်နိုင်မှာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်သည် ရွှေ့ပြောင်းလုပ်သားများအား တရားဝင် အကာအကွယ်နှင့် ကောင်းမွန်သော လူထုဝန်ဆောင်မှုများ ပေးရန် အတွက် ထိုင်းအစိုးရ၏ ကြိုးပမ်းမှု တစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ၂ သန်းကျော် ရှိနေပြီး ၎င်းတို့အနက် အများစုမှာ တရားမဝင် (သို့) မှန်ကန်သော အထောက်အထားများ မရှိကြပါ။ ထို့အပြင် ၎င်းတို့၏ ၈၀% ကျော်မှာ မြန်မာနိုင်ငံမှ လာရောက်ကြခြင်း ဖြစ်သည်။

၎င်းတို့ ရရှိနိုင်သော ပညာရေးနှင့် ကျင်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှာ အလွန် နည်းပါးလှသလို အလုပ်ရှင် လူသစ်များ၏ အမြတ်ထုတ်မှုကို မကြာခဏ ခံကြရသော်လည်း တရားဝင် လျော်ကြေး ရရှိမှု နည်းပါးသည်။

စီစစ်ရေး လုပ်ငန်းစဉ်တွင် တရားဝင် ရွှေ့ပြောင်း ရောက်ရှိလာသူများသာ ပါဝင်ခွင့် ရကြသည်။ မြန်မာနိုင်ငံမှ ၈၀၀,၀၀၀ ခန့်သာ ယာယီ နိုင်ငံကူးလက်မှတ် ရရှိကြချိန်တွင် မှတ်ပုံမတင်နိုင်သူ တစ်သန်းခန့် ရှိသည်ဟု ခန့်မှန်းထားကြပြီး၊ ၎င်းတို့မှာ ဖမ်းဆီးခံ၊ နှင်ထုတ်ခံကြရသည်ဟု သိရှိရသည်။

အထက်ပါ စီစစ်ရေး အစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံမှ အလုပ်လုပ်ခွင့်ပါမစ် ထုတ်မပေးမှီ ၎င်းတို့မိခင် အစိုးရထံမှ အသိအမှတ်ပြု ယာယီ နိုင်ငံကူးလက်မှတ် ရရှိရန် လိုအပ်သည်။

သို့သော်လည်း မြန်မာ စစ်ဖက် အစိုးရသည် ရိုဟင်ဂျာ ကဲ့သို့သော လူမျိုးစုများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မရှိဟု ဆုမ်ချိုင်းက ပြောကြားသည်။

"နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်ကို မလုပ်ဆောင်နိုင်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ အရမ်းကို များလွန်းပါတယ်။ သူတို့ဟာ မြန်မာ အာဏာပိုင်တွေဆီက ယာယီ နိုင်ငံကူးလက်မှတ် မရတဲ့အတွက် ထိုင်းအာဏာရှင်တွေဆီက အလုပ်လုပ်ခွင့် ပါမစ်လည်း ရမှာ မဟုတ်ပါဘူး။ နိုင်ငံမဲ့ လူသားတွေ ဖြစ်လာမယ့် ဒီအုပ်စု အတွက် ထိုင်းနိုင်ငံက ဘာလုပ်ပေးမလဲဆိုတဲ့ မေးခွန်းကြီး တစ်ခု ရှိနေပါပြီ။ ထိုင်းအစိုးရဆီက တိကျတဲ့ အဖြေမရတဲ့အတွက် မကြာသေးခင်ကပဲ ကျွန်တော်တို့ ဒီကိစ္စကို ဖော်ထုတ်ခဲ့ကြတာပါ" ဟု ဆုမ်ချိုင်းက ရှင်းပြသည်။

မြန်မာ ရွှေ့ပြောင်းလုပ်သား မြောက်မြားစွာသည် မြန်မာ အာဏာပိုင်များ၏ မတရား နှိပ်စက်မှုကို ကြောက်ရွံ့သောကြောင့် မှတ်ပုံတင် စီစစ်ရန် ငြင်းဆန်ခဲ့ကြသည်ဟု ၎င်းက ပြောကြားသည်။

မြန်မာ လုပ်သားများစွာမှာ နိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ်တွင် ကြားဝင် အကျိုးဆောင် ပေးသည့် ကြားပွဲစားများ၏ ပွဲခကို မတတ်နိုင်ခြင်း၊ လုပ်ငန်းစဉ် အတွက် လိုအပ်ချက်များကို နားလည် သဘောပေါက်မှု မရှိခြင်း စသည်တို့ကို တွေ့မြင်နေရသည်ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများ အပေါ်တွင် "ဈေးပေါသော ကာယလုပ်သား ရင်းမြစ်" အဖြစ် မှီခိုနေသည်။ အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေပြီး၊ အိမ်အကူလုပ်သား အဖြစ် လုပ်ကိုင်နေသူများလည်း ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

PTI, 22nd June 2010

မြန်မာနိုင်ငံမှ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပါကစ္စတန် ပြည်သူ့ပါတီက လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော ၎င်းတို့၏ ဝန်ကြီးချုပ် အမှတ်တရ စတင် ချီးမြှင့်သော ဒီမိုကရေစီ အတွက် Benazir Bhutto Shaheed ဆုကို ပထမဆုံး ချီးမြှင့်ခံရသူ ဖြစ်လာသည်။

အဆိုပါ ဆုကို အာဏာရ PPP ပါတီက မနေ့က ကျရောက်သော Bhutto ၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် စတင်ချီးမြှင့်ခြင်း ဖြစ်သည်။

အဆိုပါ ဆုသည် သူတို့၏ဘဝ တလျှောက်လုံး ဒီမိုကရေစီ အတွက် လူ့အခွင့်အရေး အတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေး အတွက်၊ လူမှုရေး ကိစ္စများ အတွက် ရုန်းကန် တိုက်ပွဲ ဝင်လာရမှုကို ဦးညွှတ် အလေးပြုသည့် သဘောဆောင်သည်။

တရားဝင် ထုတ်ပြန် ကြေညာချက်အရ ဆုရွေးချယ်ခံရသူသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူအများကို လှူဒါန်းမှုနှင့် အမျိုးသမီးများကို ပိုမို လုပ်ပိုင်ခွင့်ပေးရေး ကိစ္စရပ်များ လေးခုနှင့် ဘောင်ဝင်သူများအား PPP ဥက္ကဌနှင့် သမ္မတ Asif Ali Zardari ဥက္ကဌ အဖြစ် ဆောင်ရွက်သော ကော်မတီက ရွေးချယ်ခြင်း ဖြစ်သည်။

ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော်ငြားလည်း မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကို စိန်ခေါ်နိုင်မှု အတွက် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

York Dispatch, By The Associated Press, 23rd June 2010

ရွေးကောက်ပွဲ အတွက် အဖွဲ့ဝင် အသစ်များ ရှာဖွေနေသော နိုင်ငံရေး ပါတီများအား ၎င်းတို့ အစုအဝေးများ ပြုလုပ်စဉ်တွင် ကြွေးကြော်ခြင်း မပြုရန်၊ ချီတက်ခြင်း မပြုရန်နှင့် တိုင်းပြည်ကို သိက္ခာကျစေမည့် စကားများ မပြောရန် ဗုဒ္ဓဟူးနေ့က အစိုးရက သတိပေးခဲ့သည်။

အထက်ပါ စည်းမျဉ်းများမှာ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော ၁၄ ချက်ပါ စည်းမျဉ်းများတွင် အပါအဝင် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပါတီများသည် ရက်ပေါင်း ၄၀ အတွင်း အနည်းဆုံး ပါတီဝင် ၁၀၀၀ ဖြင့် မှတ်ပုံတင်ကြရမည် ဖြစ်သည်။

ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ ခန့် အတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်ပြီး ဝေဖန် သုံးသပ်သူများက ယခု ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ ခန့် အုပ်ချုပ်လာသည့် စစ်တပ် အုပ်ချုပ်ရေးကို ပိုမို ခိုင်မာအောင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်မည်ဟု ဝေဖန်ခဲ့ကြသည်။ အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခြင်း မပြုသေးပေ။

ယခုအချိန်အထိ နိုင်ငံရေးပါတီ အသစ် ၃၃ ခုအား ခွင့်ပြုခဲ့ပြီးဖြစ်ကာ ပါတီအဟောင်း ၅ ခုက ပြန်လည် မှတ်ပုံတင်ခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တကမ္ဘာလုံးက တောင်းဆိုမှုမှာမူ အောင်မြင်မှု မရရှိခဲ့ပေ။

ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲ ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်မှာ ရွေးကောက်ပွဲတွင် မပါဝင်နိုင်ပေ။ သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် အဆိုပါ ဥပဒေအား တရားမျှတမှု မရှိ၊ ဒီမိုကရေစီနည်းမကျဟု ဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထို့ကြောင့် ပါတီသည် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီး၊ သတ်မှတ်ရက် မေလ ၆ ရက် နောက်ပိုင်းတွင် ပါတီအဖြစ် ရပ်တည်ခွင့် ရပ်ဆိုင်းသွားခဲ့သည်။

နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသော စည်းမျဉ်း ဥပဒေအရ ပါတီများသည် ၎င်းတို့၏ ဌာနချုပ် ပြင်ပတွင် စုဝေးလိုပါက ရွေးကောက်ပွဲ ကော်မရှင်တွင် တစ်ပတ် ကြိုတင် လျှောက်ထားကြရမည် ဖြစ်ပြီး ကန့်သတ်ချက် အချို့ကိုလည်း လိုက်နာကြရမည်ဟု ဆိုသည်။

အဆိုပါ ညွှန်ကြားချက်တွင် အစည်းအဝေး မစမီသော်လည်းကောင်း၊ ပြီးဆုံးချိန်တွင် လည်းကောင်း အလံများ ကိုင်ဆောင်၍ ချီတက်ခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်းများကို တားမြစ်ထားသည်။

မြန်မာ့အလင်းနှင့် အခြား သတင်းစာများတွင် ဖော်ပြထားသော ညွှန်ကြားချက်များအရ နိုင်ငံတော်ကို ထိခိုက်စေမည့် စကားများ ပြောခြင်း၊ ပုံနှိပ်ခြင်း၊ ဖြန့်ဝေခြင်းများ မပြုရန် တားမြစ်ထားသည်။

ပါတီများသည် အစိုးရ ရုံးများ၊ စက်ရုံများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အဦးများ အနီးတွင် အနှောင့်အယှက် မဖြစ်စေရေး ရှောင်ကြဉ်ရမည် ဖြစ်ပြီး၊ စုဝေးရာတွင် လိုအပ်သော လုံခြုံရေးများ ထည့်သွင်းရေး အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက စီစဉ်ပေးမည် ဖြစ်ပြီး၊ ဥပဒေများ မချိုးဖောက်စေရန် စောင့်ကြည့်မည် ဖြစ်သည်။

ပါတီများ အဖွဲ့ဝင် အင်အား အပြည့် ရရှိချိန်တွင်၊ မဲဆွယ် စည်းရုံးရေး အတွက် သီးခြား စည်းမျဉ်းများ ကြေညာဦးမည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 22nd June 2010

အာဖရိက ဆယ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စု ၂စု အတွင်း ဆင်းရဲမွဲတေမှုနှုန်းကို ထက်ဝက် လျှော့ချနိုင်ခဲ့သော်လည်း ဆာဟာရ ခြောက်နိုင်ငံတွင် ကလေး သေဆုံးမှုနှုန်း မြင့်တက်ခဲ့သည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ အစီရင်ခံဏာတွင် ဖော်ပြထားသည်။

၁၉၉၀ နောက်ပိုင်း ဆင်းရဲမွဲတေမှုနှုန်းကို ထက်ဝက် လျော့ချနိုင်ခဲ့သော နိုင်ငံများတွင် လူသိများသော အီသီယိုးပီးယား၊ အီဂျစ်တို့နှင့်အတူ အကျပ်အတည်းမှ ရုန်းထွက်ခဲ့သည့် အင်ဂိုလာကဲ့သို့ နိုင်ငံများ ပါဝင်သည်ဟု ဆိုသည်။ သို့သော်လည်း နိုင်ဂျီးရီးယားနှင့် ဇင်ဘာဘွေတွင် အလွန်အမင်း ဆင်းရဲမွဲတေနေသော လူဦးရေအချိုး မြင့်မားလာသည်ဟုလည်း သိရှိရသည်။

အာဖရိကတိုက် ဆာဟာရ ဒေသသည် ကမ္ဘာတွင် အသက် ၅ နှစ်အောက် ကလေးငယ်များ သေဆုံးမှုနှုန်း မြင့်မားနေသည့် တစ်ခုတည်းသော ဒေသဖြစ်၍ ကင်မရွန်း၊ ဗဟို အာဖရိက ရီပတ်ဗလစ်၊ ချပ်ဒ်၊ ကွန်ဂို၊ ကင်ညာနှင့် ဇမ်ဘီယာ နိုင်ငံများ ပါဝင်သည်။ ကိုယ်ဝန်ဆောင် မွေးဖွားမှု ၁၀၀၀ တွင် ကလေး ၁၀၀ သေဆုံးသည့်နှုန်းထက် မြင့်မားသော ကမ္ဘာ့နိုင်ငံ ၃၆ နိုင်ငံတွင် ၃၄ နိုင်ငံမှာ အာဖရိက ဆာဟာရဒေသမှ ဖြစ်ပြီး ကျန် ၂ နိုင်ငံမှာ အာဖဂန် နစ္စတန်နှင့် မြန်မာနိုင်ငံ ဖြစ်သည်။

Bill and Melinda Gates Foundation ၏ တစိတ်တပိုင်း ပါဝင် ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာ သောကြာနေ့ကပင် ကနေဒါတွင် စတင်ခဲ့သော G-8 နှင့် G-20 နိုင်ငံများ ထိပ်သီးညီလာခံနှင့် တိုက်ဆိုင်နေခဲ့သည်။

ထောင်စုနှစ် ပန်းတိုင်များနှင့် ဆက်စပ်သော အဓိက သတင်းမှာ ပြောင်းလဲ တိုးတက်မှုများ ဖြစ်နိုင်ချေ ရှိသည်ဆိုသော အချက် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

နိုင်ငံတစ်နိုင်ငံ တိုးတက် ပြောင်းလဲရေး အတွက် အထောက်အကူပေးသည့် အခြေအနေများတွင် "ပွင့်လင်းသော ကုန်သွယ်ရေး မူဝါဒများ၊ နည်းပညာကို ဖွင့်လှစ် ကြိုဆိုမှုများ၊ ဆင်းရဲမှုလျှော့ချရန် အဆက်မပြတ် ခေါင်းဆောင်မှုကဏ္ဍ၊ ပြည်သူလူထုက တာဝန်ယူနိုင်သော ကဏ္ဍအဖြစ် ပြုပြင်ပြောင်းလဲခြင်း" စသည်တို့ ပါဝင်သည်ဟု အစီရင်ခံစာတွင် တင်ပြထားသည်။

၂၀၀၀ ခုနှစ်တွင် ကမ္ဘာ့ခေါင်းဆောင် ၁၈၉ ဦးက ဆုံးဖြတ် ချမှတ်ခဲ့သော ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များတွင် "အစွန်းရောက် မွဲတေမှု ထက်ဝက် လျှော့ချရေး၊ ကလေးများ အားလုံးအတွက် တပြေးညီ မူလတန်း ပညာရေး သင်ကြားပေးရေး၊ မိခင်နှင့်ကလေး သေဆုံးမှုနှုန်း လျော့ချရေး၊ HIV/AIDS ပျံ့နှံ့မှု တားဆီး တိုက်ဖျက်ရေး၊ သန့်ရှင်းသော ရေနှင့် အခြေခံ သန့်ရှင်းရေးစနစ် မရရှိနိုင်သော ပြည်သူလူထု အမျိုးအစား ထက်ဝက်လျော့ချရေး" စသည်တို့ ပါဝင်ပြီး ၂၀၁၅ နောက်ဆုံးထား၍ ဆောင်ရွက်ရန် ရည်မှန်းခဲ့ကြသည်။

အစာရေစာ ငတ်မွတ်မှု ခံစားနေရသူ လူဦးရေ ထက်ဝက် လျော့ချရေး ရည်မှန်းချက်နှင့် ယခု ပြောင်းလဲ တိုးတက်မှု ရှုတ်ထွေးနေသည်ဟု အင်္ဂါနေ့ အစီရင်ခံစာက ဆိုသည်။ အဟာရ ချို့တဲ့မှု လျှော့ချရေးတွင် တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည့် နိုင်ငံမှာ ထက်ဝက်မျှသာ ရှိသေးသည်ဟု သိရှိရသည်။ တိုးတက်မှုမှာလည်း ကြီးမားစွာ ကွဲပြားနေသည်။ ၁၉၉၀ မှ ၂၀၀၄ အတွင်း ဂါနာတွင် အစာရေစာ ငတ်မွတ်သူ နှစ်ဆတိုးကာ ၇၆% သို့ ရောက်ရှိသွားခဲ့သည်ကို တွေ့ရသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မတိုင်မှီ ယခုလ အစောပိုင်းတွင် ကုလသမဂ္ဂက နိုင်ငံများအကြား ကြီးမားစွာ ကွာဟမှု အချို့ကို ဆန်းစစ်ရန် ကြိုးစားခဲ့ရာ နိုက်ဂျီးရီးယား၏ ပျမ်းမျှ လူ့ဘဝ သက်တမ်း ၄၈ နှစ် ရှိချိန်တွင် အာဂျင်တီးနား၌ ၇၅ နှစ်ရှိကြောင်းနှင့် ကိုယ်ဝန်ဆောင် မွေးဖွားစဉ် မိခင် သေဆုံးမှုနှုန်းမှာ အိုင်ဗရီကို့စ်က ဘရာဇီးထက် ၈ ဆ များပြားကြောင်း တွေ့ရှိခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Relief Web, By JICA, 22nd June 2010

ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း လေးဆယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန် အပါအဝင် နိုင်ငံအနှံ့ရှိ ပျက်စီးမှုများ အတွက် အရေးပေါ် ပစ္စည်းများ မြန်မာနိုင်ငံသို့ ပို့ပေးလျက် ရှိသည်။

မိုးသည်းထန်မှုကြောင့် လူပေါင်း ၅၆ ဦးခန့် သေဆုံးပြီး၊ ၆၀၀၀ ကျော် ဒဏ်ရာရခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်လျက် အိမ်ထောင်စု ၅ သိန်းခန့် ထိခိုက် ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် အပတ် အတွင်း ရန်ကုန်တွင် ၂၄ နာရီ အတွင်း မိုးရေချိန် ၁၃ လက်မ ရွာသွန်းခဲ့ပြီး၊ လမ်းများ တံတားများ ပျက်စီးကာ၊ လယ်မြေများ ရေမြုပ်ပြီး၊ တိရစ္ဆာန်များ သေကြေ ပျက်စီးခဲ့သည်။

JICA သည် မိုးကာတဲများ၊ ရေသန့်စင်စက်များ၊ ရေလှောင်ကန်များနှင့် မီးစက်များကို ၎င်း၏ ဒေသတွင်း ထောက်ပံ့ရေး ပစ္စည်းများ သိုလှောင်သည့် စင်္ကာပူ နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

JICA သည် ဂျပန် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး (JDR) စနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ အစိုးရ အေဂျင်စီများ၊ NGO များနှင့် အခြား အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သည်။ JICA သည် ကမ္ဘာပေါ်တွင် မည်သည့် နေရာမဆို သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးပါက ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခြင်း၊ ဆရာဝန်များ၊ သူနာပြုများနှင့် အရေးပေါ် ပစ္စည်းများ ပေးပို့ခြင်းများ ပြုလုပ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.