Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး သုံးစွဲမှုပုံစံသည် ယခုအခါ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ဇွန်လ ၂၃ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ ဖွံဖြိုးပြီး နိုင်ငံများတွင် ကိုကင်းနှင့် ဘိန်းဖြူ ဝယ်လိုအား ကျဆင်းလျက် ရှိသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မြင့်တက်ဆဲပင် ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ မူယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့ (UNODC) က နှစ်စဉ် ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံနှင့် ပီရူးနိုင်ငံတို့တွင် ဘိန်းနှင့် ကိုကင်း ထုတ်လုပ်မှုမှာ မြင့်တက်လာသည်ကို တွေ့ရသော်လည်း ကမ္ဘာပေါ်တွင် ဘိန်းဖြူ အများဆုံး ထုတ်လုပ်သည့် နိုင်ငံများ ဖြစ်သော အာဖဂန် နစ္စတန်နှင့် ကိုလံဘီယာတို့ကို မမီသေးပေ။

ကမ္ဘာ့ဘိန်းထုတ်လုပ်မှု၏ ၈၉ ရာခိုင်နှုန်း ရှိသော အာဖဂန် နစ္စတန်နိုင်ငံသည် ယခုအချိန်အထိ ထုတ်လုပ်မှု မြင့်မားနေဆဲ ဖြစ်သည်။ သို့သော် ဘိန်းစိုက်ပျိုးမှု အဓိက ပြုလုပ်ရာ ဒေသများတွင် မှိုရောဂါ ကျရောက်မှုကြောင့် လေးပုံတစ်ပုံခန့် ကျဆင်းသွားဖွယ် ရှိသည်ဟု UNODC ၏ အစီရင်ခံစာက ဆိုသည်။ ဘိန်းစိုက်ပျိုးမှု ကျဆင်းလာရသည့် အဓိက အကြောင်းအရင်းမှာ အမေရိကန် သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့၏ အကြမ်းဖက် သူပုန်များ တန်ပြန် ထိုးစစ်ဆင်ရေး မဟာဗျူဟာကြောင့် ဖြစ်သည်။

ထို့အတူ ကိုလံဘီယာတွင်လည်း ဘိန်းဖြူ တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်မြှင့်ပြီး ဆက်လက် လုပ်ကိုင်လျက် ရှိရာ ကိုကင်း ထုတ်လုပ်မှုများလည်း ဆက်လက် ကျဆင်းမည့် အနေအထားတွင် ရှိသည်။ ကိုလံဘီယာသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုကင်း စိုက်ပျိုးမှု ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ သို့သော် ပီရူးနိုင်ငံ၏ ကိုကာ စိုက်ပျိုး ထုတ်လုပ်မှုမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်ဆခန့် မြင့်တက်လာသည်ဟု အစီရင်ခံစာက မှတ်ချက် ပြုသည်။

ကိုကင်းနှင့် ဘိန်းဖြူ သုံးစွဲမှုမှာ ကျဆင်းလာပြီး အခြားသော စိတ်ကြွဆေးများနှင့် စပ်ဆေးများ အသုံးပြုမှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မြင့်တက်လာသည်ကို ထူးထူးခြားခြား တွေ့မြင် ရသည်ဟု ဆိုသည်။ ဘိန်းပါသော ဆေးဝါးများနှင့် ကိုကင်းကို ရောစပ် အသုံးပြုမှုများ မြင့်တက် လာသည်ဟု မှတ်ချက်ပေးသည်။

"လူတွေက ဘိန်းဖြူကို အသုံး မပြုကြတော့ဘူး။ ဒါပေမဲ့ သူတို့က စွဲလွယ်စေတတ်တဲ့ စပ်ဆေးတွေကို ပြောင်းလဲ အသုံးပြုလာကြတယ်" ဟု UNODC မှ အကြီးအကဲ Antonio Maria Costa က ပြောသည်။

ပို၍ စိုးရိမ်စရာ ကောင်းသည့် အချက်မှာ အရှေ့အာရှနှင့် အာဖရိက ဒေသတွင် ကိုကင်းနှင့် ဘိန်းဖြူ ဝယ်လိုအား မြင့်တက်နေသည့် အချက်ပင် ဖြစ်သည်။ အနောက် နိုင်ငံများတွင် ဘိန်းဖြူနှင့် ကိုကင်း ဝယ်လိုအားမှာ ကျဆင်းလျက် ရှိနေချိန်တွင် အာရှဒေသမှ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မြင့်တက်လာခြင်း ဖြစ်သည်။

"အကျိုးဆက် အနေနဲ့ကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပြည်သူ့ ကျန်းမာရေး ပြဿနာတွေ ပိုများလာနိုင်တယ် ဆိုတာပါပဲ" ဟု ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia News, 23rd June 2010

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲများ အတွက် ဆောင်ပုဒ်မှာ "ဒုတိယ ၁၉၉၀ နောက်တစ်ကြိမ် ပြန်မဖြစ်ရေး" ပင် ဖြစ်သည်။ ဤအချက်ကြောင့်ပင် လမ်းညွှန်မြေပုံ ဆိုသည့် အရာကို စစ်ဖက် အုပ်ချုပ်သူများက အကောင်အထည် ဖေါ်ခဲ့ကြခြင်း ဖြစ်ပြီး ဆိုင်ကလုန်းကြောင့် တိုင်းပြည် ဒုက္ခရောက် နေချိန်မျိုးတွင် ၂၀၀၈ အခြေခံဥပဒေကို ၉၄ % ထောက်ခံ အတည်ပြုသည်ဟု မတော်မတရား လိမ်ညာခဲ့ခြင်းကို ယုံကြည်သူ မြန်မာ (သို့) နိုင်ငံခြားသား တစ်ဦးတစ်လေမျှ မရှိပါ။ NCGUB မှ ဝန်ကြီး ဦးတင့်ဆွေက Asia News နှင့် အင်တာဗျူးတွင် အောက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲများတွင် NLD ပါတီ အနိုင်ရရှိသော်လည်း အစိုးရက လုံးဝ အသိအမှတ် မပြုခဲ့သည့် နောက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သွားသူများဖြင့် NCGUB အုပ်စုကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဦးတင့်ဆွေသည် ၁၉၉၀ တွင် အိန္ဒိယသို့ ထွက်ပြေးလာပြီး ၁၉၉၁ ဒီဇင်ဘာမှ စ၍ နယူးဒေလီတွင် နေထိုင်ကာ သူ၏ မိခင်နိုင်ငံ လွတ်မြောက်ရေးနှင့် လူ့အခွင့်အရေး ကိစ္စများ အတွက် တိုက်ပွဲဝင်ခဲ့သည်။ တပ်မတော် အစိုးရသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကို သက်တမ်းတိုးရန် အတွက် စီစဉ် ဆောင်ရွက်ခဲ့ကြောင်းနှင့် သူမအား ဆက်လက် ဖမ်းဆီးထားရန် ရယ်ရွှင်ဖွယ်ရာ အကြောင်းပြချက်ကို ပေးခဲ့သည့် အမေရိကန် ရေကူးသမားကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ ဤမျှတင် မကသေးပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရည်ညွှန်းသည့် အပြစ်ဒဏ် ကျခံနေရသူများ ရွေးကောက်ပွဲတွင် မပါဝင်ရ ဟူသော စာပိုဒ် ပါဝင်သည့် ရွေးကောက်ပွဲ ဥပဒေကို ဆက်လက် ထုတ်ပြန်ခဲ့သည်ဟု ၎င်းက အလေးအနက် ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနကလည်း မြန်မာ ရွေးကောက်ပွဲ ကိစ္စ အပေါ် ကြားဝင် ဆောင်ရွက်ခဲ့ပြီး လာမည့် မဲရွေးပွဲများသည် နိုင်ငံတကာ အဆင့် စံညွှန်းများနှင့် အကျုံးမဝင်ဟု ကြေညာခဲ့သည်။ မြန်မာနိုင်ငံကို ယခင်အမည် Burma ဟု သုံးစွဲ ရည်ညွှန်းလိုက်သည်။ အမေရိကန် အဖွဲ့အစည်းက "ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများသည် လွတ်လပ်၊ မျှတမှု ရှိမည် မဟုတ်" ဟု ယုံကြည်နေသည်။

၁၉၉၀ ခုနှစ်က ပါတီများသည် မှတ်ပုံတင်ရန် တိုက်တွန်း အားပေးခံရပြီး မက်လုံးများလည်း ရှိခဲ့သည့် အတွက် မည်သူမျှ မဲအများစု အသာဖြင့် အနိုင်မရနိုင်ကြောင်း၊ ယခုအချိန်တွင်မူ NLD အောင်ပွဲခံသွားမည်ကို သတိကြီးစွာ ထားနေသည့် စစ်ဖက် အုပ်ချုပ်သူများသည် နိုင်ငံရေး အကျဉ်းသားများကို ဖယ်ထုတ်ခဲ့သလို ရွေးကောက်ပွဲဝင်ရန် အတွက် များပြားသော ငွေပမာဏကို တောင်းဆိုခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် ပါတီ ၂၃၅ ခု ရှိခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင်မူ ၄၂ ပါတီခန့်သာ ရှိတော့ကြောင်း စသဖြင့် ဦးတင့်ဆွေက ပြောကြားခဲ့သည်။

စစ်ဖက် အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ကိုယ်တိုင် ပါဝင် ယှဉ်ပြိုင်သည့် အတွက် စစ်ဖက်၊ ရဲဖက်နှင့် နယ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် လက်ရှိ ဝန်ကြီးချုပ် ဦးဆောင်သည့် စစ်အစိုးရ တိုက်ရိုက် လက်အောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးကြရမည် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ "လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဆိုတာရှိမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဘက်တော်သား ကိုယ်စားလှယ်တွေကိုလည်း ဖယ်ထုတ်ထားပြီးပါပြီ" ဟု ၎င်းက ဆိုသည်။

"ဗမာ နိုင်ငံရေး လှုပ်ရှားသူတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို အားမဖြည့်ပေးနိုင်ပါဘူး။ ဒါက ဆိုးတဲ့ အချက်တစ်ခုပါ။ ကြောက်စရာ၊ လက်မခံနိုင်စရာ၊ မနှစ်မြို့စရာ မြန်မာ ပြည်တွင်းရေးရာတွေကို ပြည်ပနိုင်ငံတွေက ဆက်ပြီး ဆွေးနွေးကြဦးမှာပါ။ အနာဂတ် လွှတ်တော်ထဲမှာ အလားအလာ ရှိတဲ့ ပါတီသစ်တွေ ရှိလာဖို့ နိုင်ငံတကာ အစိုးရတွေက ကြိုးစားနေပေမယ့် ကိုးကားလောက်စရာ လက်ခံနိုင်ဖွယ် မရှိတာက NLD ကြောင့်ပါ။ အခု တရားဝင် ဖျက်သိမ်းထားတယ် ဆိုပေမယ့်ပေါ့လေ" ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဦးတင့်ဆွေသည် အဆိုးမြင်သမား တစ်ယောက် မဟုတ်ပါ။ "ဒီမိုကရေစီ မျိုးစေ့က ၁၉၉၀ ကတည်းက အပင်ပေါက်ခဲ့တာပါ" ဟု ပြောကြားခဲ့သော ၎င်းက ဆက်လက်၍ "အဲဒီတုန်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး ဌာနရဲ့ ခန့်မှန်းချက်တွေက လွဲချော်ခဲ့တယ်လေ။ စစ်ပွဲတိုင်း နိုင်တဲ့ စစ်ဗိုလ်ချုပ်ဆိုတာ မရှိပါဘူး" ဟု သုံးသပ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Tribune, 26th June 2010

မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကို ပထမဆုံး ရေးသားသည့် အတ္ထုပ္ပတ္တိကို ဘန်ကောက်ရှိ ထိုင်းနိုင်ငံ ပြည်ပ သတင်းထောက်များ ကလပ်တွင် ဂျူလိုင် ၁ ရက်နေ့၌ စတင် ဖြန့်ချိမည် ဖြစ်သည်။

Than Shwe: Unmasking Burma's Tyrant "မြန်မာ့ အာဏာရှင်၏ မျက်နှာဖုံးကို ခွာကြည့်ခြင်း" ဟု ခေါင်းစဉ် နာမည် ပေးထားသော အတ္ထုပ္ပတ္တိ စာအုပ်ကို Christian Solidarity Worldwisde CSW  မှ အရှေ့အာရှ ဌာနခွဲ ခေါင်းဆောင် Benedict Rogers က ရေးသားပြီး Silkworm Books က ထုတ်ဝေသည်။ ချက်နိုင်ငံ သမ္မတဟောင်း Yaelav Havel က အမှာစာ ရေးသားထားသည်။

ကမ္ဘာ့ အရက်စက်ဆုံး အာဏာရှင်များထဲမှ တစ်ဦးနှင့် သူ၏ အုပ်ချုပ်မှု အောက်တွင် ဒုက္ခ ခါးစည်းခံနေရသည့် မြန်မာ ပြည်သူလူထု၏ အကြောင်းကို ယခု စာအုပ်က တင်ဆက်ထားသည်။

Benedict Rogers က မြန်မာနိုင်ငံ တဝှမ်းနှင့် နယ်စပ်ဒေသများသို့ သူ၏ ခရီးလှည့်လည်မှုများ အပါအဝင် မြန်မာ အာဏာရှင်များ၊ နိုင်ငံခြား သံတမန်များနှင့် အင်တာဗျူးများ အပေါ် အခြေခံကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘဝကောက်ကြောင်းကို လေ့လာ သုံးသပ်ထားပြီး ၎င်း လုပ်ဆောင်နေသော နျူကလီယာ အစီအစဉ်၊ မြောက်ကိုရီးယားနှင့် ဆက်နွယ်မှု၊ တရုတ်နိုင်ငံမှ လက်နက် ရောင်းချမှုများ၊ နေပြည်တော် မြို့တော်သစ်၊ ၎င်း၏ စိတ်ဓာတ် စစ်ဆင်ရေး ကျွမ်းကျင်မှု၊ ဗေဒင်ယတြာ အပေါ် ယုံကြည်မှုနှင့် ၎င်း၏ အစိုးရက လူသားများ အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ အကြောင်းကို တင်ပြထားသည်။

မြန်မာနိုင်ငံ အကြောင်းကို သိရှိလိုသူတိုင်း အတွက် တန်ဖိုးရှိသည့် စာအုပ်တစ်အုပ် ဖြစ်သည်ဟု ဝေဖန် သုံးသပ်လိုက်သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး အရာရှိဟောင်း ယိုဇီုယိုကိုတာ ဖြစ်သည်။

သြစတြေးလျ Macquarie University မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Sean Turnell ကလည်း "ယခု လမ်းခုလတ် စာအုပ်တွင် Benedict Rogers သည် အရာရာ ချို့ယွင်းနေသော မြန်မာ စစ်အုပ်ချုပ်ရေး စနစ်၏ မမြင်သာသော အမှောင်ခြမ်းကို မီးထွန်းပြထားသလို စေ့စပ် သေချာစွာ သုတေသန ပြုထားမှု၊ ခွန်အား ရှိသော အရေးအသား၊ မခံချင်စဖွယ် ဝေဖန် သရော်ထားမှုတို့ကြောင့်၊ တရားမမျှတသည့် အာဏာရှင် စနစ်အောက်မှ မပြီးနိုင် မစီးနိုင် ရုန်းကန်နေရသော အရှေ့တောင်အာရှ မြန်မာနိုင်ငံအကြောင်းကို စိတ်ဝင်စားသူ အားလုံး၏ စာအုပ်စင်တွင် နေရာယူမည့် စာအုပ်တစ်အုပ် ဖြစ်သည်" ဟု ချီးမွှမ်းလိုက်သည်။

ဘန်ကောက် ပြည်ပ သတင်းထောက်များ ကလပ်တွင် စာအုပ်စတင် ဖြန့်ချိမှု၏ နောက်ဆက်တွဲ အဖြစ် ဇူလိုင် ၁၄ ရက်တွင် ယူကေ ပါလီမန်၌ အောက်လွှတ်တော် ဥက္ကဌ ပါလီမန် အမတ် John Bercow ကမကထပြု ဦးဆောင်သည့် ဆွေးနွေးပွဲ တစ်ခု ကျင်းပဦးမည်ဖြစ်သည်။

CSW နှင့်အတူ ၂၀၀၄ တွင် ထိုင်း-မြန်မာ နယ်စပ်သို့ လည်းကောင်း၊ ၂၀၀၇ တွင် အိန္ဒိယ-မြန်မာ နယ်စပ်သို့ လည်းကောင်း ခရီးသွားခဲ့သည့် John Bercow သည် ၂၀၀၉ တွင် အောက်လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ "Benedict Rogers ထက်ပိုပြီး မြန်မာပြည်သူတွေရဲ့ အခက်အခဲနဲ့ နီးစပ်တဲ့သူ၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ အကြာကြီးနေပြီး တိုင်းပြည် အကြောင်း အသေးစိတ် လေ့လာထားတဲ့သူ အများကြီး မရှိနိုင်ပါဘူး" ဟု John Bercow က ဆိုသည်။

"ဒီစာအုပ်ဟာ လူသားမျိုးနွယ် အပေါ်မှာ ရာဇဝတ်မှု များစွာ ကျူးလွန်ထားတဲ့ လူတစ်ယောက်နဲ့ ပတ်သက်လို့ အရမ်းကို အရေးပါတဲ့ လေ့လာမှု တစ်ခုပါ။ ကြောက်စရာကောင်းသလောက် အသိဥာဏ် ပွင့်လင်းစေတဲ့ စာအုပ်တစ်အုပ်ပေါ့" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"မြန်မာနိုင်ငံက ရက်စက်တဲ့ အာဏာရှင် အစိုးရနဲ့ သူတို့ ပြည်သူတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အကြောင်းကို နောက်တစ်ကြိမ် မီးမောင်းထိုးပြဖို့ ရည်ရွယ်ပြီး ဒီစာအုပ်ကို ရေးခဲ့တာပါ။ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ မြန်မာ အစိုးရရဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ဖို့ အတွက် စဉ်းစားနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အံ့သြတုန်လှုပ်သွားစေတဲ့ ပါဝင် လုပ်ဆောင်မှု တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေတယ်" ဟု Benedict Rogers က ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asiandynamics.ku.dk, 16th June 2010

၂၀၁၀ ခုနှစ်သည် ဆယ်စု ၂ စု အတွင်း မြန်မာနိုင်ငံ၏ အရေးကြီးဆုံးနှစ် တစ်နှစ်အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုရန် ပြင်ဆင်နေသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ SPDC က စီစဉ်နေသော အထွေထွေ ရွေးကောက်ပွဲများသည် နောက်လာမည့် မျိုးဆက်အတွက် နိုင်ငံရေး မြေယာ အခင်းအကျင်း တစ်ခုကို ကောင်းစွာ ဖြစ်ပေါ်စေနိုင်လိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲများက ဖန်တီးပေးလိုက်သော စိန်ခေါ်မှုများကို မည်သို့ တုန့်ပြန်မည် ဆိုသည့် အပေါ်တွင် အတိုက်အခံများ အုပ်စု ကွဲသွားကြသည်။ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်း မြောက်မြားစွာ အတွက်မူ တခုထဲသော နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်နေသဖြင့် လျစ်လျူရှု၍ မရနိုင်ဟု ယူဆထားကြသည်။ အဆိုပါ တိုင်းရင်းသား အဖွဲ့အစည်းများသည် ရွေးကောက်ပွဲများ အပေါ် အရှည်သဖြင့် ရှုမြင် သုံးသပ်ခဲ့ကြကာ၊ ၎င်းတို့ ပါဝင် ယှဉ်မည့် ရွေးကောက်ပွဲများကို လျစ်လျူရှုခြင်း၊ ပယ်ချခြင်း မပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလျက် ရှိသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖွဲ့ပေါင်းစုံနှင့် ပါတီများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ ရှုပ်ထွေးနေသည်။ ရွေးကောက်ပွဲများနှင့်တကွ အစိုးရ စနစ်သစ် တစ်ခုကို မိတ်ဆက်ခြင်းသည် တိုင်းရင်းသား အင်အားစု အားလုံးအား ၎င်းတို့၏ နိုင်ငံရေး အနေအထား နေရာကို ရယူကြရန် အတင်း ဖိအားပေးမည့် အချိန် အတိုင်းအတာ တစ်ခုကို ဖန်တီးပေးနေသည်။ ၂၀၀၉ - ၂၀၁၀ အတွင်း တင်းမာမှုများ တဖြည်းဖြည်း မြင့်တက်လာခြင်းသည် နိုင်ငံရေးပါတီများ၊ အပစ်ရပ်နှင့် အပစ်မရပ် အဖွဲ့များ၊ ဘာသာရေး သင်းပင်း အဖွဲ့အစည်းများနှင့် လူထု လူတန်းစား အဖွဲ့အစည်း ပေါင်းစုံကို သက်ရောက်မှု ရှိခဲ့သည်။ ညီတူမျှတူ ဝေဖန် သုံးသပ်ရမည် ဆိုပါက ၂၀၁၀ ရွေးကောက်ပွဲ၏ မမျှော်လင့်နိုင်သော အကျိုးဆက်များမှာ နိုင်ငံရေး တစ်ခုထဲ သာမကပဲ လူသားချင်း စာနာ ထောက်ထားမှုနှင့် စီးပွားရေး ရေခံ၊ မြေခံ အတွက် အရေးပေါ် အကျိုးဆက်များလည်း ရှိလာနိုင်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု ပြဿနာနှင့် ပတ်သက်၍ အထင်ရှားဆုံး လတ်တလော တိုးတက်မှုများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တိုးမရ၊ ဆုတ်မရ အခြေအနေနှင့် တုန့်ပြန်ရန် ဖြစ်နိုင်ချေ အလားအလာများ အပေါ် အနီးကပ်၊ အသေးစိတ် ဆန်းစစ်ရန် ယခု ဆွေးနွေးပွဲက ရည်ရွယ်ထားသည်။

ယခု ဆွေးနွေးပွဲကို အဓိက ကဏ္ဍ ၄ ခုဖြင့် တည်ဆောက် ဖွဲ့စည်းထားပြီး တစ်ခုချင်းစီတွင် သီးသန့် ဦးစားပေး ဆွေးနွေးမည့် အကြောင်းအရာများ ရှိနေသော်လည်း တချိန်တည်းတွင်ပင် အဓိက မေးခွန်းများဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားသည် မကြာမီအတွင်း တိုးတက် ဖွံ့ဖြိုးလာမည်ဟု မျှော်လင့်ပါသလား။ တိုင်းရင်းသား ပြဿနာအပေါ် မည်သို့ သက်ရောက်နိုင်သနည်း။ တိုင်းရင်းသား အုပ်စုများ၏ တောင်းဆိုချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အခွင့်အလမ်းနှင့် အထူးသဖြင့် သက်ဆိုင်သော အဆိုပါ တိုးတက် ဖြစ်ပေါ်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက မည်သို့ တုန့်ပြန်နိုင်သနည်း စသော မေးခွန်းများနှင့်လည်း အားလုံး ဆက်စပ် ပတ်သက်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 24th June 2010

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ တဟုန်ထိုး ကြီးထွားလာသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူ တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားလိုက်ပြီး အထူးသဖြင့် မြန်မာအစိုးရ၏ ရှားရှားပါးပါး ရွေးကောက်ပွဲ မကျင်းပမီ ဖိအားပေးမှုကို ခံနေရသည့် လက်နက်ကိုင် သူပုန်များ အခြေစိုက်ရာ ဒေသများတွင် ဖြစ်ပွားနေသည်ဟု သိရှိရသည်။

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော မီသိုင်း အင်ဖက်တာမင်း ဆေးပြား အရေအတွက်မှာ ၂၀၀၈ ခုနှစ်တွင် ဆေးပြား ၁ သန်းမှ ပြီးခဲ့သော ၂၀၀၉ တွင် ဆေးပြား ၂၃ သန်း အထိ မြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာဌာန UNODC ဌာနေ ကိုယ်စားလှယ် Gary Lewis က ပြောကြားသည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု သိသာ ထင်ရှားစွာ ထောင်တက်သွားခြင်းကိုလည်း တွေ့ကြုံခဲ့ရပြီး ယမန်နှစ်က တရားမဝင် ဘိန်းစိုက်ပျိုး ဧက ၇၈၃၀၀ (၃၁၇၀၀ ဟက်တာ) ရှိခဲ့ရာ ၂၀၀၆ ခုနှစ်ကထက် ထက်ဝက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မြန်မာ၊ ထိုင်း၊ လာအို ၃ ပွင့်ဆိုင် ရွှေတြိဂံတွင် ကမ္ဘာ့ ဘိန်းထွက်ရှိမှု၏ ထက်ဝက်နီးပါး ထုတ်လုပ်ခဲ့ဖူးသော ၁၉၉၀ ခုနှစ်များ နောက်ပိုင်းမှ အဆင့်များနှင့် နှိုင်းယှဉ်လျှင် အလွန် သေးငယ်သော အချိုးမျှသာ ရှိသေးသည်။

"ဒီပြဿနာ အထုံးကို ဖြည်နေရတဲ့ ကျွန်တော်တို့ဟာ စွန့်စားရတဲ့ အနေအထားမှာ ရှိနေပါတယ်" ဟု Gary Lewis က ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားသည်။ "နာတာရှည် မွဲတေမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်း မြောက်များစွာနဲ့ လက်နက်ကိုင် သူပုန်တွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို မီးထိုးပေးနေတယ်လို့ ယူဆရပါတယ်။ ဘိန်းစိုက်ပျိုးမှုနဲ့ မီသိုင်း အင်ဖက်တာမင်း စုပုံ ထုတ်လုပ်မှု နှစ်ခုစလုံးဟာ ရှမ်းပြည်နယ်မှာပဲ စုပြုံနေပြီး ငွေကြေး၊ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ လဲလှယ်ကြတဲ့ ချိတ်ဆက် တစ်ခုအဖြစ် အသုံးတော်ခံနေပါတယ်" ဟု Lewis က ပြောဆိုသည်။

ဆယ်စု ၂ စုအတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲများ နီးလာသည်နှင့်အမျှ အန္တရာယ် အငွေ့အသက်များ တိုးပွားလာသည့် ကြားမှ အချို့ တိုင်းရင်းသား အုပ်စုများမှာ မူးယစ်ဆေးဝါးဖြင့် ဝင်ငွေ ရှာဖွေနေကြသည်ဟု ယုံကြည်ရသည်။ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင်များသည် နိုင်ငံ အရှေ့ပိုင်း နယ်ခြားတလျှောက်တွင် မြန်မာ အစိုးရနှင့် ဆက်လက် တိုက်ခိုက်လျက် ရှိပြီး ၎င်းတို့သည် လျစ်လျူရှုခံ၊ အဖိနှိပ်ခံ သားကောင်များ ဖြစ်သည်ဟု စွပ်စွဲထားသည်။

ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများ မတိုင်မီတွင် မြန်မာ စစ်ဖက် အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုများကို ခြေဖနောင့် အောက်သို့ သွတ်သွင်းရန် ကြိုးစားသည့် အနေဖြင့် ၎င်းတို့ ဆယ်စုနှစ်ပေါင်း များစွာ ကြိုးစားခဲ့ဖူးသည့် တိုင်းရင်းသား လူမျိုးစုများ နှိပ်ကွပ်ရေး စီမံချက်ကို အရှိန်မြင့် သံပတ်တင်း လုပ်ဆောင်နေသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်စေရန် ထိရောက်စွာ တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေများကြောင့် လာမည့် ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ဝေဖန် ဆန်းစစ်သူများက ထုတ်ပြန် ကြေညာထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 25th June 2010

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယားအား ဒေသတွင်း တင်းမာမှုကို ပိုမို ဖြစ်စေမည့် လှုပ်ရှားမှုများမှ ရှောင်ကြဉ်ရန် သတိပေးလိုက်သည်။ ယခုအခါ ပြုံးယမ်းသည် နောက်ထပ် ဒုံးကျည် စမ်းသပ်မှုများ အတွက် ပြင်ဆင်လျက် ရှိကြောင်း စိုးရိမ်ရလျက် ရှိသောကြောင့် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားရာတွင် ယခုအခါ မြောက်ကိုရီးယားတို့သည် ၎င်း၏ အနောက်ဖက်ကမ်း တလျှောက် သင်္ဘောများ ကိုးရက် မထွက်ရန် သတင်း ထုတ်ပြန်ထားသည်ကို သိရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ သတိပေး ထုတ်ပြန်ချက် နောက်ပိုင်းတွင် ဒုံးကျည် စမ်းသပ်မှု ပြုလုပ်လေ့ ရှိကြောင်း ယခင်က ရှိခဲ့ဖူးသည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားရာတွင် ယခု သတိပေး တားမြစ်ချက်သည် မြောက်ကိုရီးယားတို့၏ ပုံမှန် လက်နက်ကြီး လေ့ကျင့်မှုနှင့် ဆက်စပ်နိုင်ကြောင်း ဆိုသည်။

သို့သော် ဆိုးလ်က ပြောကြားရာတွင် ပြုံးယမ်း အနေဖြင့် တာတိုပစ် ဒုံးကျည် စမ်းသပ်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြောက်ကိုရီးယားကို နောက်ထပ် တစ်ခေါက် ဒုံးကျည် စမ်းသပ်တာကို မတွေ့လိုတော့ပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က AFP သို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၁၀ ဇန်နဝါရီလကလည်း ယခုကဲ့သို့ သင်္ဘောများ မထွက်ရ သတိပေးချက် ထုတ်ပြန် အပြီးတွင် လက်နက်ကြီး လေ့ကျင့်မှုများ အနောက်ဖက် ကမ်းခြေတွင် ပြုလုပ်ခဲ့သည်။

၂၀၀၉ ခု မေလကလည်း ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်အပြီး ဒုံးကျည် ပစ်ခတ်မှုနှင့် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

တင်းမာမှုများ

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် မတ်လ ၂၆ ရက် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အပြီးတွင် တင်းမာမှု ပိုမို တိုးပွားလာခဲ့ပြီး၊ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ကလည်း နစ်မြုပ်မှုမှာ မြောက်ကိုရီးယား ရေငုပ်သင်္ဘော တော်ပီဒိုကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။

"ကျွန်တော်တို့ အနေနဲ့ မြောက်ကိုရီးယားကို ဒေသတွင်း တင်းမာမှု ပိုမို တိုးပွားစေမည့် နောက်ထပ် ရန်စသည့် လုပ်ရပ်မျိုး ရှောင်ကြဉ်ရန် အားပေးကြရပါမယ်" ဟု Crowely က ဆိုသည်။

"အခုအချိန်ဟာ ရန်စတဲ့ အလေ့အထကို ရပ်ဆိုင်းပြီး အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး တိုးတက်မယ့် ခြေလှမ်းတွေ လှမ်းဖို့ အချိန် ရောက်ပါပြီ" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

ယခု အမေရိကန်၏ နောက်ဆုံး သတိပေးမှုမှာ ကိုရီးယား စစ်ပွဲ စတင်မှု နှစ်ခြောက်ဆယ်ပြည့်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားတို့သည် ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ အပစ်အခတ် ရပ်သွားပြီး စစ်ပွဲ ပြီးကတည်းက နှစ်ခြမ်း ကွဲသွားခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, By Robert Kelley, 22nd June 2010

(Robert Kelley သည် မကြာသေးမီကမှ IAEA ဒါရိုက်တာ အဖြစ်မှ အနားယူခဲ့သူ ဖြစ်ပြီး၊ နျူကလီယာ မပြန့်ပွားရေး ကိစ္စများတွင် နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံ ရှိခဲ့သည်။)

ဝါရှင်တန် ဒီစီတွင် ကျင်းပခဲ့သော သမ္မတ Obama ၏ နျူကလီယာ လုံခြုံရေး ထိပ်သီး အစည်းအဝေး ပြီးစီး၍ နှစ်လပင် မကြာသော အချိန်တွင် မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များ နှင့်ပတ်သက်သော စာရွက်စာတမ်းများ မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံသည် ဖိနှိပ်မှုနှုန်း အမြင့်ဆုံးရှိသော နိုင်ငံဖြစ်ပြီး ဒုက္ခများစွာ ပေးသော နိုင်ငံတစ်ခု ဖြစ်သည်။

အဆိုပါ အထောက်အထားများကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က "Burma's Nuclear Ambitions" ဆိုသည့် သတင်းမှတ်တမ်းကား အနေဖြင့် တင်ဆက်ခဲ့ရာ တစ်ခုခု ပြုလုပ်ရန် လိုအပ်ကြောင်း အချက်ပေးလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် အတွက် ကြိုးစားနေသည် ဟူသော ကောဟဟာလမှာ အချိန် အတော်ကြာကပင် ထွက်ရှိခဲ့ပြီး ဖြစ်သော်လည်း ယခု မှတ်တမ်းကားတွင် မကြာသေးမီက မြန်မာနိုင်ငံမှ ထွက်ပြေးလာသူထံမှ ရရှိသော ဓာတ်ပုံများ၊ အထောက်အထားများနှင့် စစ်တပ် အတွင်းမှ အမြင်များ ပါဝင်ရာ၊ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်သော သံသယများကို ရှင်းလင်းသွားစေခဲ့သည်။ အထောက်အထားများတွင် ယူရေနီယမ် ဓာတ်ပေါင်းကို သန့်စင်သော ဓာတုနည်းများ ပြုလုပ်သည့် စက်ကိရိယာများလည်း ပါဝင်သည်။ မြန်မာနိုင်ငံ၏ လျှို့ဝှက်သော အစီအစဉ်များကို စုပေါင်း အနှစ်ချုပ်သော်၊ ၎င်းတို့တွင် ရည်မှန်းချက် ရှိကား ရှိသည်။ တစ်ခါသုံး နျူကလီယာ လက်နက် အတွက် ဖြစ်ပေသည်။

အဆိုပါ သတင်းကားကို မထုတ်လွှင့်မီ DVB သည် နိုင်ငံတကာမှ စစ်တပ် လိုဏ်ခေါင်း အတွေ့အကြုံရှိသူများ၊ ဒုံးကျည်နှင့် နျူကလီယာ ထုတ်လုပ်သူများနှင့် လက်နက် စစ်ဆေးသူများ ပါဝင်သော ပညာရှင်များကို ဖိတ်ခေါ်၍ ရရှိထားသော သတင်း အချက်အလက်များကို အကဲဖြတ်စေခဲ့သည်။ အထောက်အထားများတွင် ဂြိုလ်တု ဓာတ်ပုံများ၊ Blueprints များ၊ ရောင်စုံ ဓာတ်ပုံများ၊ အတွင်းလူများ၏ ငွေစာရင်းများ၊ အသေးစိတ် ဘတ်ဂျတ်များ အလွန်များပြားစွာ ပါဝင်လာရာ ကျွန်တော့အမြင်တွင် မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်၍ များစွာ ကိုက်ညီ မှန်ကန်သည်ဟု သဘောတူရပေမည်။

ကျွန်တော့်အနေဖြင့် Los Alamos သုံးသပ်သူဟောင်း တစ်ဦးအနေဖြင့် လည်းကောင်း၊ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) ဒါရိုက်တာ ဟောင်းတစ်ဦး အနေဖြင့်လည်းကောင်း၊ အဆိုပါ စွပ်စွဲမှုမျိုး နှစ်ပေါင်း (၃၀) ခန့် စုံစမ်း စစ်ဆေးခဲ့ဖူးသည်။ သတင်း အချက်များကို သေချာစွာ သုံးသပ်ပြီးနောက် ကျွန်တော့် အနေဖြင့် မြန်မာနိုင်ငံ၏ နျူကလီယာ နည်းပညာများ အတွက် ကြိုးပမ်းမှုများသည် ၎င်း၏ IAEA နှင့် သဘောတူညီထားမှု ဘောင်များကို ကျော်နေပြီ ဖြစ်ကြောင်း သုံးသပ်ရသည်။

ကျွန်တော်သည် အထက်ပါ အထောက်အထားများကို အခြေခံ၍ "Nuclear Activities in Burma" ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစ်စောင် ရေးသားခဲ့ရာ၊ အထောက်အထားများနှင့် ပတ်သက်၍ ရှင်းလင်းပြခဲ့ပြီး၊ မြန်မာနိုင်ငံသည် နျူကလီယာ ပြန့်ပွားရေးနှင့် ပတ်သက်၍ နိုင်ငံတကာ သဘောတူညီချက် အချက်ကို ဖောက်ဖျက်ဖွယ် ရှိကြောင်း နိဂုံးချုပ် သုံးသပ်ခဲ့သည်။

သို့သော် IAEA သည် မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးရေးနှင့် ပတ်သက်၍ အကန့်အသတ်များ ရှိနေသည်။ အသုံးမဝင်သော IAEA သဘောတူညီချက် နှစ်ခု ပြင်ဆင်ခြင်း မပြုနိုင်ခြင်းနှင့် Additional Protocol ဟူသော IAEA သဘောတူညီချက်ကို မစတင်နိုင်ခြင်း ဖြစ်သည်။ Additional Protocol အရသာ IAEA အနေဖြင့် အင်အားကြီး နိုင်ငံများက မြန်မာနိုင်ငံကို မေးခွန်း ထုတ်ပိုင်ခွင့်နှင့် တိုင်းပြည်တွင် ဝင်ရောက် စစ်ဆေးရန် တောင်းဆိုပိုင်ခွင့် ရှိမည် ဖြစ်သည်။

Additional Protocol သည် ယခင် IAEA ညွှန်ကြားရေးမှူးချုပ်ဟောင်းနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Mohamed EL Baradei တို့၏ ဦးစားပေး အစီအစဉ် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် မေလက Chad နိုင်ငံသည် Additional Protocol ကို လက်မှတ်ရေးထိုးသည် ၁၀၀ မြောက်နိုင်ငံ ဖြစ်ပြီး အီရန်နှင့် ဆီးရီးယား အပါအဝင် နိုင်ငံအချို့ လက်မှတ်ထိုးရန် ကျန်နေသေးသည်။ မြန်မာနိုင်ငံကလည်း ခေတ်နောက်ကျနေပြီ ဖြစ်သော Small Quantities Protocol သဘော တူညီချက်ကို အသုံးပြုပြီး ၎င်းအား မေးခွန်းထုတ်ခြင်းနှင့် စစ်ဆေးရန် ကိစ္စတို့ကို ကာကွယ်လျက် ရှိသည်။ Small Quantities Protocol အရ နျူကလီယာ ပစ္စည်း အနည်းငယ်သာ ရှိသော တိုင်းပြည်များနှင့် IAEA မှ စစ်ဆေးချက်အရ နျူကလီယာ ဆက်စပ်ပစ္စည်း၊ အဆောက်အဦးများ မရှိသူများကို ကင်းလွတ်ခွင့် ပေးထားသည်။ ယခု DVB မှ တင်ဆက်မှုများအရ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက်များ အတွက် ကြိုးစားနေသည့် ကိစ္စကြောင့် မြန်မာနိုင်ငံအား Small Quantities Protocol ကို အသုံးပြု၍ မရသော တိုင်းပြည် အမျိုးအစားတွင် ထည့်သွင်းရန် လိုအပ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ခေတ်မမီတော့သော Protocol များ ကိုင်ဆောင်၍ IAEA ၏ တောင်းဆိုမှုများကို ငြင်းဆန်နိုင်လိမ့်မည်ဟု ယုံကြည်နေပုံ ရသည်။ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်နှင့် ပတ်သက်သော စွပ်စွဲမှုများသည် အရေးကြီးပြီး ဒုက္ခ ပေးနိုင်သောကြောင့် IAEA နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ ပူးပေါင်း ပါဝင်လာအောင် ရှိသမျှ အားကုန်သုံးပြီး ကြိုးပမ်းကြရမည် ဖြစ်သည်။ အစ ပထမအနေဖြင့် IAEA သည် မြန်မာနိုင်ငံ နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်၍ ပညာရှင်များ သွားရောက်ခြင်း၊ အာမခံခြင်းများ၊ ပစ္စည်း ဝယ်ယူမှုများနှင့် အကူအညီများကို လုံးဝ ဖြတ်တောက်ရန် ဖြစ်ပြီး၊ နျူကလီယာ မပြန့်ပွားရေး စာချုပ် မချုပ်သော နိုင်ငံများ၊ Additional Protocol ကို သဘောမတူသော နိုင်ငံများကိုလည်း အကူအညီ ဖြတ်တောက်ရမည် ဖြစ်သည်။

IAEA အနေဖြင့် မြန်မာနိုင်ငံသို့ ရှင်းရှင်းလင်းလင်း သတင်းစကား ပါးထားရမည့် အချက်မှာ IAEA အနေဖြင့် ယခု အရေးကိစ္စအား အရေးတကြီး ကိစ္စဟု ယူဆကြောင်း၊ ၎င်း၏ အစပျိုးနေပြီဖြစ်သော နျူကလီယာ အစီအစဉ်များအတွက် နိုင်ငံတကာ၏ စောင့်ကြည့်မှုတွင် လုံးဝ ပူးပေါင်း ပါဝင်မှု မရှိပါက သည်းခံလိမ့်မည် မဟုတ်ကြောင်း ဖြစ်သည်။ ၂၀၀၈ - ၂၀၀၉  ခုနှစ်တွင် ပေးသော အမေရိကန် ဒေါ်လော ၁.၃ သန်းသော အကူအညီတွင် ဆေးဝါးများ၊ လူသားချင်း စာနာသော အကူအညီများ အတွက်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နျူကလီယာ ပညာရှင်များ လေ့ကျင့် သင်ကြားရေး အတွက်လည်း ပါဝင်ရာ IAEA ၏ ရည်ရွယ်ချက်နှင့် လုံးဝ ကိုက်ညီမှု မရှိပေ။

မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်သော သတင်း အချက်အလက် အသစ်များအရ ကမ္ဘာတစ်ဝှမ်းမှ အစိုးရများနှင့် ပညာရှင်များ လိုအပ်လျက် ရှိသည်။ IAEA မှလည်း တရားဝင် မေးမြန်းခြင်း မရှိသေးသော်လည်း၊ မြန်မာ အစိုးရကမူ ငြင်းဆိုလျက် ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်း လုပ်ကိုင်မှု မှတ်တမ်းများကို ကြည့်ပါက ၎င်းအား တရားဝင် မေးမြန်းခဲ့ပါက မည်သို့ ဖြေဆိုလိမ့်မည် ဆိုသည်ကို ခန့်မှန်း သိရှိနိုင်သည်။

DVB ၏ ယခု သတင်းလွှင့်ထုတ်မှုမှာ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များကို မီးမောင်း ထိုးလိုက်သလို ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းမှ နျူကလီယာ အစီအစဉ်များ၊ ဒုံးကျည် နည်းပညာနှင့် အခြား အမြောက်အများ သေစေနိုင်သော လက်နက်များနှင့် ပတ်သက်၍ သိရှိသူများ ရှိပါက ထုတ်ဖော်ရန် ဖိတ်ခေါ်လိုက်သလို ဖြစ်နေပေသည်။ ယခု ဗိုလ်မှူး စိုင်းသိန်းဝင်းကဲ့သို့ လူများ ပေါ်ထွက်လာဖွယ် ရှိပေသည်။ အမှန်ကို သိသော လူများ ရှိနေသည်။ သို့သော် ကမ္ဘာကို ထုတ်ပြောရဲသည့် သတ္တိလေး အနည်းငယ် မွေးဖို့သာ လိုသည်။

တိုင်းပြည် အတော်များများသည် ကမ္ဘာကြီးက စောင့်ကြည့်နေသည့် ကြားမှ နျူကလီယာ ပြန့်ပွားရေး လုပ်ကိုင်နေကြသည်။ ပါကစ္စတန်မှ A Q Khan network သည် နျူကလီယာ လက်နက် နည်းပညာ ရောင်းချပြီး ကမ္ဘာက သိသော်လည်း၊ မတို့မထိနိုင်သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်းက နျူကလီယာ လက်နက် အတွက် ကြိုးပမ်းနေသည်ဟု သံသယ ရှိခဲ့ရာ ယခု အထောက်အထားများအရ ပိုမို ထင်ရှားလာသည်။ ကမ္ဘာကြီး အနေဖြင့် နျူကလီယာ ရောင်းဝယ်နေသော အဖွဲ့များထံမှ တင်ပို့မှုများကို ထိန်းချုပ်ပြီး မြန်မာနိုင်ငံသို့ မရောင်းချနိုင်အောင် ဝိုင်းဝန်း လုပ်ဆောင်ပြီး၊ IAEA ၏ ဆောင်ရွက်မှုများ ခိုင်မာအောင် လုပ်ဆောင်ပေးကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဖိနှိပ် ချုပ်ချယ်မှု အများဆုံးနှင့် အလျှို့ဝှက်ဆုံး နိုင်ငံ တစ်ခု ဖြစ်သည်။ ၎င်းတွင် သဘာဝ ဓာတ်ငွေ့နှင့် ရေနံ ကဲ့သို့သော သဘာဝ ချမ်းသာကြွယ်ဝမှု များစွာရှိရာ၊ ငွေမာ ဒေါ်လာ ဘီလီယံနှင့် ချီ၍ ဝင်ရန် ရှိပေသည်။ ထိုငွေဖြင့် မြောက်ကိုရီးယားနှင့် အခြားနိုင်ငံများမှာ နျူကလီယာ နည်းပညာများ ဝယ်ယူနိုင်သည်။ ပြီးခဲ့သောလက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မြောက်ကိုရီးယား၏ နျူကလီယာ နည်းပညာ တင်ပို့မှုများ နှင့်ပတ်သက်၍ ပညာရှင် ၇ ဦး ပါဝင်သော အဖွဲ့၏ ၄၇ မျက်နှာပါသော အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုများ ရှိကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက် အတွက် ကြိုးပမ်းမှုများကို နိုင်ငံတကာက အရေးတယူ ချက်ချင်း တုန့်ပြန်ရန် လိုအပ်လျက် ရှိသည်။ အာဏာရှင် နောက်ထပ် တစ်ဦးအား ကမ္ဘာပေါ်တွင် ပါဝါ အရှိဆုံး လက်နက် ပိုင်ဆိုင်ရန် မည်သည့်နည်းနှင့်မျှ ခွင့်မပြုသင့်ပေ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, By Naw Norean, 25th June 2010

ထိုင်းနိုင်ငံ နယ်စပ်တွင် အကူအညီ ပေးနေသော ထင်ရှားသည့် အုပ်စုအပေါ် ငွေကြေး ထောက်ပံ့မှု လျှော့ချရန် လျှို့ဝှက် လုပ်ဆောင်နေခြင်းသည် နယ်စပ်တလျှောက်ရှိ မြန်မာ ဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့မှု လျော့ခြင်းပင် ဖြစ်သည်။

ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် ၁၄၀၀၀၀ ခန့် အတွက် အရေးကြီးသော အစားအသောက် တစ်မျိုး ဖြစ်သည့် ပဲဝါလေး ဈေးနှုန်းသည် နှစ်ဆ တက်သွားခဲ့ရာ လာမည့် သြဂုတ်လမှ စ၍ ထောက်ပံ့မှု ဖြတ်တောက်တော့မည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပေသည်။ ထိုင်းမြန်မာ နယ်စပ် အဖွဲ့ကြီး (TBBC) က ပြောကြားရာတွင် ယခု ကိစ္စမှာ ယာယီသာ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း TBBC အနေဖြင့် ယခုနှစ် ငွေကြေး ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂.၅ သန်း လိုအပ်လျက် ရှိနေသေးသည်။

"ငွေလဲလှယ်နှုန်းက အကြီးအကျယ် ကျဆင်းသွားပါတယ်။ ဒါကြောင့် ဈေးတက်သွားရတာပါ။ ဒါပေမယ့် အချို့ အလှူရှင်တွေက ငွေကြေး ပိုမို တိုးပြီး လှူကြပေမယ့်၊ တချို့က လျော့ချလိုက်ကြတယ်" ဟု TBBC မှ ဒုတိယ ဒါရိုက်တာ Sally Thompson က ပြောသည်။

ဒုက္ခသည် စခန်းများတွင် အဓိက အစားအသောက် သုံးမျိုးအနက် တစ်ခု ဖြစ်သော ပဲဝါလေး ပြတ်လပ်သွားခြင်းသည် နေ့စဉ် လိုအပ်သော စွမ်းအင် ကယ်လိုရီ ၂၀၀၀ အောက်သို့ ရောက်ရှိသွားစေသည်ဟု Thompson က ပြောသည်။

"ရေတိုအနေနဲ့တော့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး ကျဆင်းလာမယ်လို့ မမျှော်လင့်သေးပါဘူး။ ဒါပေမယ့် ကျန်းမာရေး အေဂျင်စီတွေက တဆင့်တော့ အသေအချာ စောင့်ကြည့်နေပါတယ်" ဟု ၎င်းက ပြောသည်။

ဒုက္ခသည်များသည် နေ့စဉ် ဒုက္ခသည် စခန်းများသို့ တဖွဲဖွဲ ရောက်ရှိလာနေဆဲ ဖြစ်ပြီး၊ အများစုမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်မှ ဖြစ်သည်။ ကရင်ပြည်နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) သည် မြန်မာ အစိုးရကို ဆန့်ကျင် တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီ ဖြစ်သည်။

Thompson က ပြောကြားရာတွင် "ထိုင်းအာဏာပိုင်တွေ အနေနဲ့ ဒုက္ခသည်တွေကို ထိုင်းမြေပေါ်မှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။ TBBC အနေဖြင့်လည်း ဒုက္ခသည်များ၏ အခြေအနေကို သိ၍ လှူဒါန်းမည့် အလှူရှင်များ ပေါ်ပေါက်လာရေး နည်းလမ်းများ ရှာဖွေသွားရဦးမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒုက္ခသည်များမှာ ဆက်လက် ရှိနေနိုင်သေးသောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ Tha Song Yan နယ်ရှိ မဲလ ဒုက္ခသည် စခန်းတွင် နေထိုင်သူ Jipsy ဆိုသူက ပြောကြားရာတွင် စားနပ်ရိက္ခာ အကူအညီများ ဖြတ်တောက်ခြင်းဖြင့် အလုပ်အကိုင် မရှိသော ဒုက္ခသည်များ အခက်အခဲ တွေ့နိုင်ကြောင်း ဆိုသည်။

"ဒီမှာတော့ ပဲအစား ဂျုံကိုပဲ ပေးမယ်ဆိုရင်လည်း ဂျုံကိုပဲ စားရတော့မှာပေါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက် စားရမှာပဲ။ ဒါပေမယ့် ဘာမှမပေးဘူးဆိုရင်တော့၊ အချို့လူတွေ အတွက် အခက်အခဲ ဖြစ်စေမှာ အမှန်ပဲ" ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အဖြစ်မျိုးကို ၂၀၀၇ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်း ကြုံစဉ်က ဖြစ်ခဲ့ဖူးပြီး TBBC ကို ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းရန် အတင်းအကြပ် လုပ်ခဲ့ဖူးသည်။ TBBC သည် ထိုင်းမြန်မာ နယ်စပ်တွင် ၁၉၈၄ ကတည်းက ပုံစံမျိုးစုံနှင့် လှုပ်ရှားနေခဲ့သူ ဖြစ်သည်။ ယခုနှစ်အတွက် အစားအသောက် ခွဲတမ်းသည် သြဂုတ်လတွင် စတင်မည် ဖြစ်ရာ ဒုက္ခသည် စခန်းများတွင်တော့ အံ့သြ တုန်လှုပ်ကြဦးမည် ဖြစ်ကြောင်း Thompson က ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.