Transparency Myanmar

transparency.myanmar@gmail.com

APP, 30th June 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယ၊ မြန်မာတို့နှင့် ရေပြင်နယ်နမိတ် အငြင်းပွားမှုများကြောင့် ဘင်္ဂလားပင်လယ်အောင်တွင် ရေနံနှင့်ဓာတ်ငွေ့ ရှာဖွေမည့် အစီအစဉ်များကို ၄ နှစ်ခန့် ရပ်နားထားခဲ့ ရသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒစ်ပူးမိုနီက ပြောကြားကြောင်း သိရှိရသည်။

လာမည့် ၄ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့် ဓာတ်ငွေ့များကို ဘင်္ဂလားဒေ့ရှ်က ထုတ်ယူတော့မည်ဟု သူမက ဗုဒ္ဓဟူးနေ့တွင် ပါလီမန်၌ ပြောကြားလိုက်သည်။

ရေနံ၊ ဓာတ်ငွေ့ ရှာဖွေခွင့်ကို ခြိမ်းခြောက်နေသော မြန်မာ၊ အိန္ဒိယတို့နှင့် ရေပြင်ပိုင်နက် အငြင်းပွားမှုကို နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းမှု (သို့) နိုင်ငံတကာ တရားရုံးတွင် ဆုံးဖြတ်မှုတို့ဖြင့် ဖြေရှင်းသွားမည်ဟု သူမက ဆိုသည်။

ရေပြင် နယ်နိမိတ် ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ပါလီမန်တွင် တသီးပုဂ္ဂလ အမတ် ဖာဇလာအဇင်း၏ မေးမြန်းမှုကို ဝန်ကြီး ဒေါက်တာ မိုနီက "အိမ်စောင့် အစိုးရရဲ့ တာဝန်ယူမှုနဲ့ ရေပြင် နယ်နမိတ် ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တိုးတက် အောင်မြင်မှုတွေ ရရှိထားပြီး ရှေ့ဆက်နေပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။

အိန္ဒိယ၊ မြန်မာတို့နှင့် ရေပြင် အငြင်းပွားမှုကို စာရင်းရှင်းရန် တရားရုံးတွင် ဆုံးဖြတ်ရေးကိုလည်း အာဝါမီ ညွှန့်ပေါင်း အစိုးရက ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောကြားသည်။

အစိုးရသည် နိုင်ငံတကာ တရားရုံးတွင် လျှောက်ထားခြင်း၊ လုပ်ငန်းအပြင် အိမ်နီးချင်း နှစ်နိုင်ငံနှင့် အခင်အမင် မပျက်စေရေး အတွက် နှစ်နိုင်ငံ ဆွေးနွေးပွဲများကိုလည်း ဆက်လက် ပြုလုပ်နေသည်ဟု ဝန်ကြီးက ဆိုသည်။

"ကျွန်မတို့မှာ အကန့်အသတ်နဲ့ သယံဇာတ ရင်းမြစ်တွေ ရှိနေတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေက တဆင့် ဖြေရှင်းပြီး လာမယ့် ၃၊ ၄ နှစ် အတွင်းမှာ ဘင်္ဂလား ပင်လယ်အော်က ကျွန်မတို့ရဲ့ သယံဇာတတွေကို ထုတ်ယူနိုင်လိမ့်မယ်လို့ အပြည့်အဝ မျှော်လင့်ထားပါတယ်" ဟု ဒေါက်တာ ဒစ်ပူးမိုနီက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inewp.com, By Linyx, 28th June 2010

မြန်မာနိုင်ငံတွင် ယခုနှစ် ကျင်းပတော့မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို အများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရ အတွက် ပြင်ဆင်ထားသော ရွေးကောက်ပွဲအဖြစ် မြင်နေကြသည်။ သို့သော် အချို့က ၁၉၉၀ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ရလဒ်နှင့်မတူ ကွဲပြားခြားနားစွာ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေကြသူများလည်း ရှိနေသည်။

မြန်မာနိုင်ငံသည် တစ်ချိန်က စီးပွားရေး အားကောင်းသော အာရှကျား လေးကောင် ဖြစ်သည့် စင်္ကာပူ၊ တောင်ကိုရီးယား၊ တိုင်ဝမ်နှင့် ဟောင်ကောင် တို့ကဲ့သို့ အလားအလာကောင်းသော နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် အရှုပ်ထုပ်ကြီး ဖြစ်နေသည်။ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခြင်းအား ကြောက်ရွံ့လာရေး အတွက် လက်နက်သဖွယ် အသုံးပြုခြင်း၊ လူကုန်ကူးခြင်း၊ အဓမ္မ လုပ်အားပေးစေခြင်းနှင့် အစိုးရ ကိုယ်တိုင် အကျင့်ပျက် ခြစားခြင်းများကို တိုင်းပြည်နေရာအနှံ့ ထိန်းမနိုင် သိမ်းမရ တွေ့မြင်နေရသည်။ တိုင်းပြည်၏ စီးပွားရေးမှာလည်း စစ်တပ်၏ မူဝါဒများဖြင့် ဆိုးဝါးစွာ မှားယွင်း ကိုင်တွယ်မှုကြောင့် မြန်မာနိုင်ငံသား ၄၉ သန်း၏ အခြေအနေမှာ အဆိုးဆုံးသို့ ရောက်ရှိနေရသည်။

လက်ရှိ မြန်မာ အစိုးရတွင် အောက်ခြေမှ ထိပ်ပိုင်းအထိ လက်ရှိရော အငြိမ်းစား စစ်တပ် အရာရှိများဖြင့် ပြည့်နေသည်။ မကြာသေးမီက လက်ရှိ စစ်တပ် ခေါင်းဆောင်များသည် ဘယ်ညာ ပြောင်း၍ အစိုးရ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူကာ ၂၀၁၀ ရွေးကောက်ပွဲတွင် အရပ်သား အဖြစ် ပါဝင် ယှဉ်ပြိုင်ရန် ပြုလုပ်ခဲ့ကြသည်။ အခြေခံ ဥပဒေအရ ပါလီမန်အသစ်၏ လေးပုံတစ်ပုံကို စစ်တပ် အရာရှိများအတွက် ပေးထားရပြီးဖြစ်ရာ၊ ယခု အငြိမ်းစားယူထားသော စစ်ခေါင်းဆောင်များသည် ကျန်လေးပုံသုံးပုံသော ပါလီမန် အမတ်နေရာများတွင် ပါဝင် ယှဉ်ပြိုင်ပြီး လက်ရှိ စစ်အစိုးရကို ပိုမို အားကောင်းအောင် ပြုလုပ်ပေးကြမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်နေကြသော နိုင်ငံရေး ပါတီသစ်များ၏ လှုပ်ရှားမှုများကို အကဲခတ်ပြီး အချို့က မျှော်လင့်ကြသည်မှာ စစ်တပ်အား ၎င်းတို့ ပါလီမန်တွင် ရထားသော ၂၅ % သော နေရာမှလွဲ၍ ကျန်နေရာများ မရရှိနိုင်ရေးအတွက် မဲဆန္ဒပေးမည့် သူများကို အငြိမ်းစား ယူထားသော စစ်တပ် အရာရှိများအား မဲမပေးအောင် ပါတီသစ်များက တားဆီးနိုင်ရေးပင် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မွေးဖွားသော မြန်မာ တစ်ဦး ဖြစ်သူ သန့်ကလည်း သံသယရှိသူများတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး ၎င်းက "အစီအစဉ်ကတော့ အားလုံး ကောင်းပါတယ်။ ဒါပေမယ့် ဒီလို စစ်တပ်က အရှုံးကို လွယ်လွယ် လက်ခံလိမ့်မယ်လို့ ခင်ဗျားထင်သလား။ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ကျွန်မတို့ ပြည်သူတွေ သွားရမယ့် ဒီမိုကရေစီ လမ်းကြောင်းက နာကျင်စရာတွေ ပြည့်နှက်နေပါလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ အခု ရွေးကောက်ပွဲကလည်း ကျွန်တော်တို့အတွက် ဆူးတောကြီး တစ်ခု ဖြတ်ရဦးမှာပေါ" ဟု ပြောပြခဲ့သည်။

နိုဘယ်ဆုရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထင်ရှားသော ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့က သူမ၏ ၆၅ နှစ်မြောက် မွေးနေ့ကို နေအိမ် အကျယ်ချုပ်ဖြင့် ဖြတ်သန်းခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အခြား လှုပ်ရှားသူများ၊ ပါတီများနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာခဲ့သည်။ သို့သော် နာမည်ကြီး NLD မပါဝင်သော်မှ ရွေးကောက်ပွဲတွင် စိတ်အားထက်သန်စွာ ပါဝင် ယှဉ်ပြိုင်မည့် အခြားပါတီများ ရှိနေသေးသည်။ NLD ပါတီအတွင်းမှာပင် ရွေးကောက်ပွဲ မပါဝင်ရေး အငြင်းပွားမှုများ ရှိလာသည်။

အကယ်၍ NLD က ရွေးကောက်ပွဲကို သပိတ် မမှောက်ခဲ့လျှင်တောင်၊ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရမည် မဟုတ်ပေ။

အခြားနိုင်ငံများ အဖွဲ့အစည်းများက မြန်မာ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်၊ ဥပဒေအား ပြင်ဆင်ရန်နှင့် လူ့အခွင့်အရေးကို လေးစားရန် တောင်းပန်ခဲ့၊ တောင်းဆိုခဲ့ကြသည်။ အစိုးရ၏ တုန့်ပြန်မှုမှာ ဗလာသက်သက်သာ ဖြစ်သည်။ ထို့ကြောင့် အနောက်နိုင်ငံ အများစုသည် မြန်မာ အစိုးရအား ဖိအားပေးရန် ရည်ရွယ်လျက် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခဲ့သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း၊ ၂၀၁၀ မကုန်မီ ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်မှာလည်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.people.com.cn, 30th June 2010

ပြီးခဲ့သည့် မတ်လတွင် ကုန်ဆုံးသော ၂၀၀၉-၁၀ ဘဏ္ဍာနှစ်တွင် မြန်မာ-စင်္ကာပူ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန် ဒေါ်လာ ၁.၈၆ ဘီလီယံ ရှိခဲ့ကြောင်း၊ မြန်မာ အစိုးရ ဗဟိုစာရင်းအင်း အဖွဲ့ (CSO) မှ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရသည်။

မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၇၁ သန်းဖိုး တင်ပို့ခဲ့ပြီး၊ စင်္ကာပူနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁.၁၉၈ ဘီလီယံဖိုး တင်သွင်းခဲ့ရာ၊ မြန်မာနိုင်ငံအဖို့ ကုန်သွယ်ရေးလိုငွေ အမေရိကန် ဒေါ်လာ ၄ သန်း ပြခဲ့သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်ပို့သူများ စာရင်းတွင် စင်္ကာပူသည် နံပါတ် ငါးနေရာမှ နံပါတ်နှစ် နေရာသို့ ရောက်ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံကို ဖယ်၍ ပထမနေရာ ယူထားသည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၈-၀၉ တွင် နံပါတ်သုံး နေရာသို့ ကျသွားသည်။

စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဓာတ်မြေသြဇာနှင့် သံမဏိပစ္စည်းများ တင်ပို့ခဲ့သည်။

၂၀၀၈-၀၉ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန် ဒေါ်လာ ၁.၉၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ မြန်မာသည် စင်္ကာပူသို့ အမေရိကန် ဒေါ်လာ ၈၅၈.၉၅ သန်းဖိုး တင်ပို့ခဲ့သည်။ စင်္ကာပူနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလီယံဖိုး တင်သွင်းခဲ့ရာ၊ ကုန်သွယ်ရေး လိုငွေ အမေရိကန် ဒေါ်လာ ၁၉၈.၉၆ သန်း ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် အဓိကအားဖြင့် အာရှနိုင်ငံများနှင့်သာ ဖြစ်ပြီး၊ စုစုပေါင်း၏ ၉၀ % ရှိသည်။ အခြား ASEAN အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၅၁.၃ % ရှိသည်။ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှု ၄.၈ % သာရှိပြီး၊ အမေရိကနိုင်ငံများနှင့် ၁.၅ % သာ ရှိသည်။

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်မှာ သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက် ပစ္စည်းများ ဖြစ်ပြီး၊ အဓိက သွင်းကုန်ပစ္စည်းများမှာ စက်ပစ္စည်းများ၊ ရေနံစိမ်း၊ စားသုံးဆီ၊ ဆေးဝါးပစ္စည်းများ၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် လူသုံးကုန် ပစ္စည်းများ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 30th June 2010

အရှေ့တောင် အာရှ မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများ၏ လူ့အခွင့်အရေး နှိပ်စက် ညှင်းပန်းမှုများကြောင့် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်မှုကို တစ်နှစ် သက်တမ်းတိုးရန် အရေးပါသော အမေရိကန် ဆီးနိတ် ကော်မတီက ဗုဒ္ဓဟူးနေ့တွင် တခဲနက် မဲပေး ဆုံးဖြတ်လိုက်သည်။

၂၀၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သော ဥပဒေအရ နှစ်စဉ် လုပ်ဆောင်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ၂၂ မဲ/ ၁ မဲဖြင့် မဲပေး ထောက်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်ကို အထက် လွှတ်တော် တစ်ခုလုံးနှင့် အောက်လွှတ်တော်တို့ထံမှ အတည်ပြုချက် ရရှိရန် လိုအပ်သေးသည်။

မြန်မာ ပြည်သူများအပေါ် အလွန်အကျွံ ဖိနှိပ် ချုပ်ချယ်မှုများ ရပ်ဆိုင်းရန်နှင့် နိုင်ငံ လူအခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာစေရန် အတွက် မြန်မာ အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများဖြင့် လိုအပ်သော ဖိအားပေးခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေး ကော်မတီ ဥက္ကဌ ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ် Max Baucus က ပြောကြားသည်။

မြန်မာ စစ်ဖက် အစိုးရက ၎င်း၏ ပြည်သူများ အပေါ် နှိပ်စက် ညှင်းပန်းမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေသမျှ ကာလပတ်လုံး အမေရိကန် ပြည်ထောင်စုသည် မြန်မာ ပြည်သူများ အတွက် ရပ်တည်ကာ လူ့အခွင့်အရေးများကို အားပေး ထောက်ခံရန် ကုန်သွယ်ဘက် မိတ်ဆွေများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ရှေ့ရှုသည့် လုပ်ငန်းများနှင့် နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှုကို ကူညီ တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု အမေရိကန် သမ္မတက မသတ်မှတ်သေးသ၍ မြန်မာမှ သွင်းကုန်များကို ပိတ်ပင်ရန် အတွက် "မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ ၂၀၀၃" ကို ပြဋ္ဌာန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UNODC Report, 28th June 2010

ကမ္ဘာတဝှမ်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်သော စာရင်းဇယားများကို စုဆောင်းနေသည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ဋ္ဌာန UNODC က မူးယစ်ဆေးဝါး ထုတ်လုပ်နှင့် သုံးစွဲမှုဆိုင်ရာ နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုသည် ကမ္ဘာတဝှမ်း မငြိမ်သက်မှုများနှင့် အကျင့်ပျက် လာဘ်စားမှုများ၏ အဓိက အကြောင်းရင်း ဖြစ်သလို မူးယစ်ဆေး သုံးစွဲမှုသည် ပြည်သူတို့၏ အဓိက ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်သည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် ယခုတိုင် အများဆုံး ကျယ်ပြန့်စွာ အသုံးပြုနေကြဆဲဖြစ်သော ဆေးခြောက်ကို အရက်လောက် ဆိုးဝါးခြင်း မရှိဟု ယူဆနေကြသည်။ ရိုးရာ ယဉ်ကျေးမှု အများစုက ခွင့်မပြုသော်လည်း ကမ္ဘာတဝှမ်း ဆေးခြောက် သုံးစွဲသူ သန်း ၁၆၀ ခန့် ရှိနေပြီး ယခင်နှစ်က ရာခိုင်နှုန်း အနည်းငယ်သာ ကျဆင်းခဲ့သည်။

ဆေးခြောက်သုံးသူ အများစု နေထိုင်ကြသော ကျေးလက်ဒေသများမှာ ဆေးခြောက်ပင် အလေ့ကျ ပေါက်၍ ဥပဒေ အရ တင်းကြပ်မှုများ ထိရောက်စွာ မကျင့်သုံးနိုင်သော နေရာများ ဖြစ်သည်။ သို့သော်လည်း မြို့ပြဒေသများစွာတွင်မူ ဆေးခြောက်သည် ရာဇဝတ်ဂိုဏ်းများနှင့် အချို့ အကြမ်းဖက်အုပ်စုများ အတွက် အဓိက ဝင်ငွေ ရင်းမြစ်တစ်ခု ဖြစ်နေသည်။ ကိုကင်းနှင့် ဟီးရိုးအင်း ကဲ့သို့ အမြတ်အစွန်း မများသလို၊ ပမာဏ ဖောင်းပွမှုကြောင့် ရောင်းဝယ်ရေး ခက်ခဲသော်လည်း ကြီးမားသော ဈေးကွက် ရှိနေခြင်းကြောင့် အဓိက ခြိမ်းခြောက်မှု အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

ဆေးခြောက်ကို လူသားတို့ သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၅၀၀၀ ခန့် ကြာခဲ့ပါပြီ။ ကနဦး၌ ဆေးဝါး ကုသရေး အတွက် သုံးစွဲခဲ့ရာမှ အစားအသောက် ဟင်းလျာနှင့် ဘာသာရေး အခမ်းအနားများတွင်ပါ သုံးစွဲလာခဲ့ကြသည်။ အကြောင်းမှာ ထုတ်လုပ်မှု စရိတ် ကြီးမြင့်သည့် ရှေးဟောင်း ဆေးတစ်ခု ဖြစ်သည့် ဘိန်းလောက် မပြင်းဘဲ အလွယ်တကူလည်း ရရှိနိုင်သောကြောင့် ဖြစ်သည်။ (ကမ္ဘာ အနှံ့အပြား အထူးသဖြင့် ဗဟို အာရှဒေသတွင် အလေ့ကျ ပေါက်သည်)။ လူ့အဖွဲ့အစည်းများနှင့် အစိုးရများသည် ၎င်းဆိုးကျိုးကို လျစ်လျူရှုခဲ့ကြပြီး အရက်ယမကာ ကသာ လူထု အတွက် အန္တရာယ် ပိုကြီးသည်ဟု ယူဆခဲ့ကြသည်။ အဆိုပါ လက်ခံ ယုံကြည်မှုမှာ ယခင် ရာစုနှစ် အတွင်း ပြောင်းလဲသွားခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ ဆေးခြောက်သည် ထင်ရှားသည့် အရာဝတ္ထု တစ်ခု အဖြစ် ရပ်တည်နိုင်ဆဲ ဖြစ်သည်။ အထူးသဖြင့် THC (သင့်အား ရင်ခုန် ပျော်ရွှင်စေသည့် အဓိက ပါဝင်ပစ္စည်း) ပမာဏ မြင့်မားလာအောင် အဆီအနှစ် ထုတ်လာကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် လွန်ခဲ့သော နှစ် ၃၀ ကျော်က ဆေးခြောက်ထက် THC ပါဝင်မှု ၃ဆကျော် မြင့်မားလာသည်။ အာဖကန် တောင်သူများ အတွက်မူ ဘိန်းဖြူ ထုတ်လုပ်သည့် ပေါ်ပီပင်ထက် ဆေးခြေက် စိုက်ပျိုးခြင်းက ပိုမိုလွယ်ကူ၍ စရိတ်သက်သာ သလို နေတိုးတပ်ဖွဲ့နှင့် အာဖကန် မူးယစ်အဖွဲ့များ၏ သတိပြုမိခြင်းကိုလည်း ရှောင်ရှားနိုင်သည်။ ဆေးခြောက် စိုက်ပျိုးမှုသည် ပေါ်ပီပင်လောက် မမြတ်စွန်းသော်လည်း ဂျုံထက် ပို၍ အမြတ်ရနေဆဲ ဖြစ်သည်။ ဟီးရိုးအင်းနှင့် နှိုင်းယှဉ်လျှင် ငွေ အရနည်းသည့် ဆေးခြောက်ကြောင့် အမှန်တကယ် ထိခိုက်သူများမှာ မူးယစ်ဆေးဝါး ဂိုဏ်းများ ဖြစ်နေသည်။ ထို့အတွက် ၎င်းတို့၏ တာလီဘန် မဟာမိတ်များ အတွက်လည်း ဝင်ငွေ နည်းသွားစေသည်။

ထို့ကြောင့် စက်မှု ထွန်းကားသော နိုင်ငံများ၌ နေအိမ်တွင် ဆေးခြောက် စိုက်ပျိုးမှု ရေပန်းစားလာသည့် အခိုက် ကျေးလက် နိုင်ငံများ၌ ပြင်ပစိုက်ပျိုးမှု ပိုများလာကာ သယ်ဆောင် ရောင်းဝယ်မှု လွယ်ကူစေရန် ပိုမို ပြုပြင် ထုတ်လုပ်လာကြခြင်း ဖြစ်သည်။ ဆေးခြောက်သည် တိုက်မှ ရာဇဝတ် ဂိုဏ်းများ အတွက် ဝင်ငွေရင်းမြစ် အဖြစ် ကြီးထွားလာခဲ့သည်။

ကမ္ဘာပေါ်တွင် လက်ရှိ ကုတ်ကင်း၊ ဟီးရိုးအင်းနှင့် အခြားဆေးပြားများ သုံးစွဲသူ အရေအတွက် သန်း ၃၀ ခန့် ရှိနေသည်။ အဆိုပါ မူးယစ်ဆေးများ အမြတ်စွန်း များပြားရခြင်းမှာ တန်ဖိုး ကြီးမြင့်သောကြောင့် ဖြစ်သည်။

အာဖကန်နစ္စတန်မှ အကြမ်းဖက်မှုများစွာကို ရန်ပုံငွေ ထောက်ပံ့နေသည့် ဟီးရိုးအင်း ထုတ်လုပ်မှု ၆၀ % ကို အနီးအနားမှ အနောက်ဥရောပ၊ ရုရှားနှင့် တရုတ် ဈေးကွက်များက သုံးစွဲလျက် ရှိသည်။ သေးငယ်သော်လည်း အရေးကြီးသည့် ဈေးကွက်များမှာ ပါရှန် ပင်လယ်ကွေ့ နိုင်ငံများနှင့် မြောက် အမေရိကတိုက် ဖြစ်သည့် ဟီးရိုးအင်း အဖြစ် မသန့်စင် ရသေးသည့် ဘိန်းသည် ပို၍ ဈေးပေါသောကြောင့် ဘိန်းစွဲသူ သန်းပေါင်းများစွာ ရှိနေသည့် ပါကစ္စတန် နိုင်ငံကို ဖြတ်သန်းကာ အာဖကန် ထွက် ကျန်ဟီးရိုးအင်း ၄၀ % ကို ခိုးထုတ်ကြသည်။ အီရန်နှင့် တူရကီက မူးယစ် ကုန်သည်များကို ထိထိရောက်ရောက် ကြားဖြတ် နှိမ်နှင်း လာနိုင်သောကြောင့် ပါကစ္စတန်ကို မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း အဖြစ် ရွေးချယ်လာကြခြင်း ဖြစ်သည်။

အာဖကန်နစ္စတန်သည် ကမ္ဘာ့ ဟီးရိုးအင်း ၈၉ % ကို ထုတ်လုပ်နေသော်လည်း လတ်တလော ဘိန်းခင်းများကို ဖျက်ဆီးနေသည့် Poppy blight ပင်ဖျက်ရောဂါကြောင့် ၁၀ % (သို့) ထို့ထက် ပို၍ ကျဆင်းမည့် လက္ခဏာ ရှိသည်။ သို့သော် မြန်မာနိုင်ငံ ရွှေတြိဂံဒေသမှ အစဉ်အလာ အကြီးစား ထုတ်လုပ်သူများ၊ မက္ကဆီကိုနှင့် ကိုလံဘီယာ မှ ထုတ်လုပ်သူ လက်သစ်များထံမှ ဟီးရိုးအင်း ပိုမို ထွက်ရှိလာသည်။

မူးယစ်ဆေး နောက်တစ်မျိုး ဖြစ်သည့် ကုတ်ကင်းမှာမူ တောင် အမေရိကတိုက် ကိုလံဘီယာ၊ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံများမှ အဓိက ဆက်လက် ထွက်ရှိနေပြီး ၄၂ % ရောင်းချရသည့် အကြီးဆုံး ဈေးကွက်မှာ မြောက်အမေရိကတိုက် ဖြစ်သည်။ သို့သော် ဥရောပ ကလည်း အားကျမခံ ၃၉ % ခန့် အားပေးလျက် ရှိသည်။ အမှန်တကယ်မှာ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း မြောက်အမေရိက မှ ကိုကင်း သုံးစွဲသူ ထက်ဝက်ခန့် ကျဆင်းသွားချိန်တွင် ဥရောပနှင့် အခြားဈေးကွက်များ၌ သုံးစွဲသူ တိုးမြင့်လာခြင်း ဖြစ်သည်။

ဥရောပ ဈေးကွက် ကြီးထွားလာခြင်းကြောင့်၊ ငွေလိုသည့် အစ္စလာမ် အကြမ်းဖက် အုပ်စုများက စောင့်ကြပ်ပေးသောာာ ဆာဟာရ သဲကန္တာရနှင့် အနောက်အာဖရိကကို ဖြတ်သန်းသည့် မူးယစ် မှောင်ခို လမ်းကြောင်းများကို ကုတ်ကင်းဂိုဏ်းများက ထူထောင်လာကြပါသည်။ အကယ်၍ အနောက် အာရိကသည် အကျင့်ပျက် လာဘ်စားမှုများ ပြောပလောက်အောင် မရှိခဲ့လျှင်လည်း ယခု အချိန်တွင်မူ ကုတ်ကင်းနှင့် ကိုကင်းမှ ရသော ပိုက်ဆံများကြောင့် ပေါ်ပေါက်လာနေရပြီ ဖြစ်သည်။

ကိုကင်းစွဲသူ ၅.၃ သန်း ရှိသော မြောက်အမေရိကတိုက်၏ ထက်ဝက်နီးပါး လိုက်လာသော လက်တင် အမေရိက ဒေသမှာ နောက်ထပ် ကြီးထွားလာသည့် ကိုကင်း ဈေးကွက် တစ်ခုဖြစ်သည်။ ကိုကင်းကို အဆန်းတကြယ် ဖြစ်နေသေးသော အရှေ့အာရှနှင့် ပါရှန် ပင်လယ်ကွေ့ ဒေသမှာလည်း ကြီးထွားလာသော ဈေးကွက်များ ဖြစ်သည်။

မီသိုင်း အင်ဖက်တာမင်းနှင့် အက်စတာဆီ စသော အဆန်းတကျယ် ဖော်စပ်ထားသည့် လူလုပ် မူးယစ်ဆေးပြားများ အတွက်မှာမူ အကြီးမားဆုံး ဖွံ့ထွားလာသည့် ဈေးကွက်ကြီး ရှိနေသည်။ အဆိုပါ ဓါတ်ခွဲခန်း မူးယစ်ဆေးပြား ထုတ်လုပ်မှုမှာ ယခင်နှစ်က ၂၀ % မြင့်တက်လာခဲ့သည်။ ၎င်းဆေးပြားများသည် သူပုန်များနှင့် အကြမ်းဖက် အုပ်စုများအား ရန်ပုံငွေ ရှာပေးမှု နည်းပါးသေးသော်လည်း အနောက်နိုင်ငံရောက် အာရပ် ရွှေ့ပြောင်းသူ အချို့က ၎င်းဆေးပြားများကို တွေ့ရှိသွားကာ ၎င်းတို့၏ အမြတ်အစွန်း အချို့ကို အစ္စလာမ် အကြမ်းဖက် အဖွဲ့အစည်းများထံ ပေးပို့နေသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.people.com, 30th June 2010

မြန်မာ-အိန္ဒိယ ၂ နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း အမေရိကန် ဒေါ်လာ ၁.၁၉ ဘီလီယံ အထိ ရောက် ရှိခဲ့ခြင်းကြောင့် ယခင်နှစ် ကထက် ၂၆.၁ % မြင့်တက်လာကာ ထိုင်း၊ တရုတ်၊ စင်ကာပူ တို့၏ နောက်တွင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက် အဖြစ် ရပ်တည်နေသည်ဟု ဗုဒ္ဓဟူးနေ့က ရရှိသော နောက်ဆုံး တရားဝင် ကိန်းဂဏန်းများ အရ သိရှိရသည်။

စုစုပေါင်း ကုန်သွယ်မှု တန်ဘိုး အနက် အိန္ဒိယသို့ မြန်မာ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့ပြီး အိန္ဒိယထံမှ ဒေါ်လာ ၁၉၄ သန်းဖိုး ပြန်လည် တင်သွင်းခဲ့သည်ဟု ဗဟို စာရင်းအင်း အဖွဲ့က ဆိုသည်။

၂၀၀၈-၂၀၀၉ တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ဒေါ်လာ ၉၄၃ သန်း အထိ စာရင်းဝင် မှတ်ပုံတင်ခဲ့ပြီး၊ မြန်မာမှ အိန္ဒိယသို့ ပို့ကုန် တန်ဘိုး ဒေါ်လာ ၁၄၄သန်း နှင့် အိန္ဒိယထံမှ ဒေါ်လာ ၇၉၇သန်း ဖိုး ပြန်လည် တင်သွင်းခဲ့သည်ဟု သိရသည်။

မြန်မာမှ အိန္ဒိယသို့ လယ်ယာ ထွက်ကုန်နှင့် သစ်တော ထွက်ကုန်များ တင်ပို့ကာ အိန္ဒိယထံမှ ဆေးနှင့် ဆေးဝါးပစ္စည်းများ အဓိက ပြန်လည်တင်သွင်းသည်။

မြန်မာအစိုးရက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ၁၉၈၈ မှစ၍ တံခါးဖွင့်ပေးခဲ့ရာ မြန်မာနိုင်ငံတွင်း အိန္ဒိယ၏ ရင်းနှီး မြုပ်နှံမှုမှာ ၂၀၁၀ မတ်လတွင် အမေရိကန် ဒေါ်လာ ၁၈၉သန်း သို့ ရောက်ရှိခဲ့ရာတွင် ၂၀၀၇ စက်တင်ဘာက ဒေါ်လာ ၁၃၇ သန်းမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍသို့ စီးဝင်ခဲ့သည် ဟု စာရင်းဇယားများက ညွှန်ပြနေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.