Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) သည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပါတီ အမှတ်တံဆိပ် ဖြစ်သော ခမောက်ပုံနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း NLD မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ NDF သည် NLD ပါတီဝင်ဟောင်းများ ဖွဲ့စည်း ထူထောင်ထားသည့် ပါတီသစ် တစ်ခု ဖြစ်ပြီး ပါတီ အမှတ်တံဆိပ်အဖြစ် ခမောက်ပုံကို အသုံးပြုခြင်းကြောင့် NLD နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

NLD သည် ၁၉၉၀ ပြည့်နှစ်၊ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ အနိုင် ရရှိစဉ် ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီ၏ သင်္ကတအဖြစ် အသုံးပြုခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများကလည်း စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ရာ၌ မြန်မာ လယ်သမားတို့ ဝတ်ဆင်သော ခမောက်ကို ဆောင်းခဲ့ကြရာ ယင်းခမောက်သည် NLD ၏ မူပိုင် အမှတ်အသား တစ်ခု ဖြစ်ခဲ့သည်။

စစ်အစိုးရက ယခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပေး ထားသည့်တိုင် NLD ပါတီက ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် ကန့်သတ် ပိတ်ပင်ထားသည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် NLD သည် ယခုအခါ တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

သို့သော် NLD ပါတီ၏ ဆုံးဖြတ်ချက် သဘောထားနှင့် တိုက်ဆိုင်မှု မရှိသော ပါတီဝင် အချို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီး NDF ပါတီကို ထူထောင်ကာ ခမောက်ပုံကို ပါတီ အမှတ်တံဆိပ်အဖြစ် သတ်မှတ်လိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့သည်။

"အဲဒီ ဝါးခမောက်ပုံကို အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ NLD က ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်စာ ပေးပေို့မှာပါ" ဟု NLD ပါတီမှ စီနီယာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ကျင်းပမည့်နေ့ သတ်မှတ် ဖော်ပြခြင်း မရှိသည့်တိုင် အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ ကြာမျှ အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်အောင် ဖန်တီးမှု တစ်ခုပင် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူအများစုက ရှုမြင်ကြသည်။

သို့သော် NLD မှခွဲထွက်ပြီး NDF ပါတီကို ထူထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်သော ဦးခင်မောင်ဆွေက ခမောက်ကိစ္စနှင့် ပတ်သက်၍ NLD ပါတီဝင်များ၏ ပြောဆို ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။

"ဒီအမှတ် တံဆိပ်က NLD နဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ NLD ဟာ ခမောက် တံဆိပ်အတွက် မူပိုင်ခွင့် လျှောက်ထားတာ မရှိခဲ့ပါဘူး" ဟု ဦးခင်မောင်ဆွေက ဆိုသည်။ ယခု NDF ၏ အမှတ်တံဆိပ် ဖြစ်သော ဝါးခမောက်ပုံသည် NLD ပါတီ၏ ဝါးခမောက်ပုံနှင့် ကွဲပြား ခြားနားကြောင်း၊ NDF ၏ ဝါးခမောက် အပေါ်ဘက်တွင် ကြယ်ပွင့် နှစ်ပွင့် ပါရှိကြောင်း ဖြည့်စွက် ပြောဆိုသည်။ "ခမောက် နှစ်ခုက လုံးဝ မတူပါဘူး" ဟုလည်း ၎င်းကပင် ဆက်လက် ပြောဆို လိုက်သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Huffington Post, 29th June 2010

မြန်မာ အစိုးရသည် ကမ္ဘာ့ အရက်စက်ဆုံး အစိုးရများထဲတွင် ပါဝင်နေပြီး ဝမ်းနည်းဖွယ်ရာမှာ ၎င်းနိုင်ငံအပေါ် ကောင်းစွာ နားလည်ရန်လည်း မလွယ်ကူလှခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး စသော ကိစ္စရပ်များနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် နီးကပ်စွာ ဆက်ဆံနေပြီး တာလီဘန်ခေတ် အာဖဂန်နစ္စတန် နိုင်ငံနီးပါး အထီးကျန်စွာ နေထိုင်သည်။ ၎င်းနိုင်ငံ၏ လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများမှာလည်း ကျယ်ပြန့်၊ ကြီးထွားလာသည်။ မြန်မာအစိုးရသည် ကမ္ဘာ့ အဆိုးဝါးဆုံး ပုံရိပ်တစ်ခုပင် ဖြစ်သည်။ ၎င်းနှင့် ရင်းနီးသော မိတ်ဆွေလည်း အလွန်နည်းပါးကာ ၎င်း၏ မဟာမိတ် ဒေသတွင်း အင်အားကြီး တရုတ်နှင့် အိန္ဒိယသည်ပင် ကိုယ်ပေါင်းစိတ်ခွာ ဆက်ဆံကြခြင်းကြောင့် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေး သဘောထားများကို ဖမ်းဆုပ်နိုင်ခြင်း မရှိကြပါ။

၂၀၀၇ ခုနှစ် အတွင်း လူထုလှုပ်ရှားမှု အမြင့်ဆုံးကို ရောက်ရှိစေခဲ့သော၊ သံဃာတော်များ ဦးဆောင်သည့် အကြမ်း မဖက်သော ရွှေဝါရောင် တော်လှန်ရေး မအောင်မြင်မှုကြောင့် ဖိနှိပ် အုပ်စိုးမှု အဆုံးသတ် သွားစေရေး အလှမ်းဝေးနေသေးသော်လည်း ၁၉၈၈ ကျောင်းသား လှုပ်ရှားမှုများ၏ နောက်ဆက်တွဲ "ဆက်ရန်'' လှုပ်ရှားမှုများမှာ ကျန်ရှိနေဆဲ ဖြစ်သည်။ ရဲရင့်သော လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူများက ၎င်းတို့၏ ဘဝနှင့် ရင်းကာ နေ့စဉ် ပြည်တွင်းနှင့် ပြည်ပသို့ သတင်း အချက်အလက်များ ပေးပို့နေကြခြင်းမှာ ဇာခန်းစီးနောက်ကွယ်မှ ကြောက်မက်ဖွယ် အဖြစ်မှန်များကို ကမ္ဘာ့ပြည်သူများထံ တင်ပြနိုင်ရန် မျှော်လင့်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ အစိုးရသည် ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် စီစဉ်နေသည်။ (သံသယ များသည့် ဗိုလ်ချုပ်ကြီးများ၏ ကိန်းဂဏန်း၊ ဗေဒင်ယတြာ၊ သဘာဝလွန် အတတ်ဆန်းများ အပေါ် အစွဲကြီးမှုနှင့် ကိုက်ညီသည့်၊ ၁၀.၁၀.၁၀ ဖြစ်စေမည့် အောက်တိုဘာ ၁၀ရက် ဖြစ်ဖွယ် ရှိသည်ဟု မှန်းဆနေကြသည်)။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် နေရာ ၈၁ % အနိုင် ရရှိခဲ့သော NLD ပါတီ၏ ခေါင်းဆောင်၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခု အချိန်အထိ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်ပြီး ရွေးကောက်ပွဲတွင် မပါနိုင်အောင် အစိုးရက တားဆီးထားသည်။ ဤသည်ကို ကန့်ကွက်သည့် အနေဖြင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည်။ လွတ်လပ်စွာ ပြောဆို၊ ဖွဲ့စည်း၊ လှုပ်ရှားခွင့်ပြုသော ပွင့်လင်းသည့် လူ့အဖွဲ့အစည်း၌ပင် ဖြစ်နိုင်ခဲသည့် စွမ်းဆောင်မှု ဖြစ်သော၊ လာမည့် ၃ လ အတွင်း အတိုက်အခံ အင်အားစု တစ်စု စည်းရုံး ဖွဲ့စည်းရေးကို မြန်မာ ဒီမိုကရေစီသမားများ လုပ်ဆောင်နိုင်ခြင်း မရှိပါက လွတ်လပ်သော ဒီမိုကရေစီ မြန်မာနိုင်ငံ အတွက် သဘော ကွဲလွဲချက်၊ မျှော်လင့်ချက်များကို တင်ပြ လုပ်ဆောင်နိုင်ရေး ဟူသော အပြုသဘော ဆောင်သော အဓိပ္ပာယ်မှာ ပြည်သူ့တို့အတွက် အလွန် နည်းပါးသွားလိမ့်မည် ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲတွင် အစိုးရကသာ အနိုင်ရပြီး ၎င်းတို့၏ အာဏာကို တောင့်တင်း ခိုင်မာအောင် ပြုလုပ်လိမ့်မည်ဟု သမာရိုးကျ ရှုမြင်ရန်သာ ရှိတော့သည်။ ဤသည်မှာ ရက်စက် ကြမ်းကြုတ်မှုနှင့် အာဏာမှာ အတူတူပင် ဖြစ်သည်ဟု အများစု၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မှားယွင်းစွာ ယုံကြည်မှု အပေါ်တွင် အခြေခံသော အန္တရာယ် ကြီးမားသည့် ယူဆမှုတစ်ခု ဖြစ်သည်။ စစ်ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက်ပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ ပြိုင်ဘက်များ ရွေးကောက်ပွဲတွင် မပါနိုင်အောင် ရိုက်နှက်၊ သတ်ဖြတ်၊ ထောင်ချ၊ အနိုင်ကျင့်မှုများ ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကြံအဖန် လုပ်ထားသော နေရာများတွင် ရလဒ်များမှာ တရားဝင် လိမ့်မည် မဟုတ်ပါ။ သို့ဖြစ်ရာ ရွေးကောက်ပွဲသည် အစိုးရ၏ အာဏာကို ခိုင်မာအောင် လုပ်ပေးမည် မဟုတ်ပါ။ အစိုးရတွင် အာဏာ အစစ်အမှန် ရှိသည်ဟု လိမ်ညာနေမှုကိုသာ ထင်ရှား ခိုင်မာအောင် ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။

နိုင်ငံရေးအရ တရားဝင်မှု ဆိုသည်မှာ ခြိမ်းခြောက်နေသော ပြိုင်ဘက် အင်အားစုများကို ဖယ်ရှားထားကာ ရပ်တည်နေရဆဲ အနေအထား တစ်ရပ် ဟု ဆိုပါက နားလည်လွယ်ပါလိမ့်မည်။ အကယ်၍သာ မြန်မာ စစ်ဖက်အစိုးရက လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်သော ရွေးကောက်ပွဲများကို ခွင့်ပြုလိုက်ပါက ၎င်းတို့ ရှုံးနိမ့်သွားမည် ဖြစ်သည်။ ကြီးမားသော ကြံစည်မှု ဟုဆိုရမည့် ရွေးကောက်ပွဲများသည် လှည့်စားမှု တစ်ခုထက် မပိုပါ၊ ကြီးထွားလာသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကန့်ကွက်မှုကို ၎င်းတို့ တရားဝင်ကြောင်း ပြသကာ လှည့်စား ဖြေဖျောက်ရန် ရည်ရွယ် ရေးဆွဲထားခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤ မြန်မာ အာဏာရှင်များသည် ကမ္ဘာပေါ်ရှိ ၎င်းတို့နှင့် အဆင့်တူ မျိုးတူ၊ အာဏာရှင်များထက်ပင် ပို၍ အမှန်တရားမှ ဖယ်ထုတ် စဉ်းစားရမည့်သူများ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် အစိုးရ၏ ဆန္ဒ အသာရမှု များပြားမည့် လက္ခဏာ ရှိနေသည်။ စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ဆန္ဒမဲ ၁၀ % ကျော် အသာ ရရှိရေးမှာ ဖြစ်နိုင်ခဲလှသည်။ အမျိုးသား ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရပါတီ (သို့) အစိုးရက ၇၀ % ကျော် အနိုင် ရရှိသည် ဆိုပါက အကြံအဖန် လုပ်ခြင်း သို့မဟုတ် မဲလိမ်ခြင်း ကျူးလွန်ထားသည်ဟု ရည်ညွှန်းခြင်းပင် ဖြစ်သည်။

ဒီမိုကရေစီ ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာ -

(၁) အကောင်းဆုံး လူမှု ရွေးချယ်မှုကို ဆန်းစစ်ရန်

(၂) ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ အာဏာကို တရားဝင် အပ်နှင်းရန်  -   ဖြစ်ပါသည်။

အကယ်၍သာ ရွေးကောက် တင်မြှောက်မှု လုပ်ငန်းစဉ်ကို ကြိုးကိုင် ခြယ်လှယ်ခံရပါက အထက်ပါ ရည်ရွယ်ချက်များ တစ်ခုမှ ဖြစ်လာမည် မဟုတ်ပါ။ ရလဒ်မှာလည်း အဓိပ္ပာယ် ရှိမည် မဟုတ်ပါ။ ဤအချက်ကို နားလည်ပါက တရားဝင် ခွင့်ပြုသော မီဒီယာ အကဲခတ်များက ဤရယ်ရွှင်ဖွယ် ရွေးကောက်ပွဲကို တစ်စုံတစ်ခု ဖြစ်အောင် ပြုလုပ်ပေးလိမ့်မည် ဟု စဉ်းစားခြင်းမှာ စိတ်ပျက်စရာ ကောင်းသော်လည်း စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အဆိုးဆုံး အမူအကျင့်များဖြင့် ၎င်းတို့၏ ပြည်သူများကို ဖိနှိပ်နိုင်နေဆဲ ဟူသော ရင်နာဖွယ် တင်ပြမှုများမှာမူ ကမ္ဘာသို့ ပြန့်နှံ့သွားမည် ဖြစ်သည်။

မြန်မာ လူမျိုးတို့၏ ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သံဃာတော်များ အပေါ် ရက်စက်မှုများကြောင့် မြန်မာ အစိုးရမှာ ပြည်သူတို့အပေါ် စိတ်ဓာတ်ရေးရာ လွှမ်းမိုးရေး နောက်ဆုံး ကြိုးပမ်းမှုများကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။ အဓိပ္ပာယ်မဲ့သော လာမည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ နိုင်ငံရေး အရ တရားဝင်ရေး နောက်ဆုံး ကောက်ရိုးမျှင် အငွေ့ပျံသွားသည့် အထောက်အထားပင် ဖြစ်သည်။ ပျက်စီး ယိုယွင်းနေသည့် စနစ်တစ်ခု၏ နောက်ဆုံးထွက်သက် ဖြစ်သော မလွဲမရှောင်သာ အောင်ပွဲကို အနည်းဆုံး အနေဖြင့် အသိအမှတ်ပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ရှိနေသည်။ စိတ်မကောင်းစရာမှာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ တစ်ကိုယ်တည်း ဆင်းသွားရန် ရည်ရွယ်ထားခြင်း မရှိ ဟုပြသခဲ့ကြခြင်း ဖြစ်သည်။ နာကျင်မှု ဒုက္ခများကို တတ်နိုင်သမျှ ဝေးဝေးပြန့်အောင် ၎င်းတို့က ကြဲဖြန့်နေသည်။ သို့သော်လည်း ၎င်းတို့၏ ရက်စက်မှုတိုင်းက ၎င်းတို့ကို ဆန့်ကျင် ခုခံမည့် ပြည်သူတို့၏ ဆန္ဒကို စုစည်းပေးသလို ဖြစ်နေသည်။ ယခုအခါ စစ်အစိုးရက ၎င်းတို့၏ သက်တမ်းကို ထပ်မံ ဆွဲဆန့်ရန် ကြိုးစားသည့် ရွေးကောက်ပွဲများကို ၎င်းတို့၏ အစ နိဒါန်းဟု သာမက ၎င်းတို့ ကျဆုံးခြင်း၏ အစဟုလည်း ရှုမြင်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.chosun.com, 5th July 2010

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တောင်ကိုရီးယား စစ်သင်္ဘော Cheonan နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအား တိုက်ရိုက် လက်ညှိုးထိုး ပြောကြားမှုများအား သိသာစွာ ပိတ်ဆို့ အကာအကွယ် ပေးလျက် ရှိသည်။

လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယား အပေါ် ၎င်း၏ တော်ပီဒို တိုက်ခိုက်မှု အတွက် မည်သို့ ကိုင်တွယ်ရမည် ဆိုသည်ကို အခြေအတင် ဆွေးနွေးလျက် ရှိသည်။ တရုတ်နိုင်ငံက စွပ်စွဲမှုသည် ပြင်းထန်သည်ဟု မှတ်ယူပြီး၊ သာမန် မဟုတ်သော ဖြစ်ရပ်တစ်ခု အဖြစ်သာ ညွှန်းဆိုလိုဟန် ရှိသည်။

ကုလသမဂ္ဂရှိ တောင်ကိုရီးယား မစ်ရှင်၏ အဆိုအရ၊ လုံခြုံရေးကောင်စီတွင် ကြာသပတေးနေ့က အခြေအနေမှာ မျှော်လင့်သည်ထက် ပို၍ တင်းမာလျက် ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ သစ္စာအရှိဆုံး မဟာမိတ် ဖြစ်ပြီး၊ ဗီတိုအာဏာ ရှိသော လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ရာ၊ မြောက်ကိုရီးယားနှင့် ခိုင်မာစွာ ပြောဆိုရန် ကြိုးစားမှုများကို ကန့်ကွက်လျက် ရှိသည်။

ကုလသမဂ္ဂရှိ မြောက်ကိုရီးယား မစ်ရှင်က သာမန် မဟုတ်သော ဖြစ်ရပ် (Incident) ဟူသော စကားလုံးကိုသာ တွင်တွင် သုံးလျက် ရှိသည်။ တောင်ကိုရီးယားနှင့် တရုတ်တို့သည် စကားလုံး အသုံးအနှုန်းပေါ်တွင် လွန်ဆွဲလျက် ရှိပြီး၊ တရုတ်ကလည်း အဆိုပါ အဖြစ်အပျက်ကို အရေး မပါအောင် ကြိုးစားလျက် ရှိသည်။

သင်္ဘော နစ်မြုပ်မှု ကိစ္စအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်မှာ တစ်လခန့် ရှိပြီ ဖြစ်သော်လည်း လုံခြုံရေးကောင်စီ၌ ယခုတိုင်အောင် မည်သည်ကိုမျှ လုပ်မပေးနိုင်သေးပေ။ တောင်နှင့်မြောက် ကိုရီးယား တို့သည် အဆိုပါ ကိစ္စကို သီးခြားစီ ရှင်းလင်းချက် ပေးခဲ့ပြီး ဖြစ်သည်။

တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ် နှစ်ဦးဖြစ်သော အမေရိကန်နှင့် ဂျပန်တို့သည် မြောက်ကိုရီးယားအား ရှင်းရှင်းလင်းလင်း ဝန်ခံစေလိုပြီး၊ သင်္ဘော နစ်မြုပ်မှုမှာ တိုက်ခိုက်မှု ရပ်ဆိုင်းရန် သဘော တူညီချက်ကို ချိုးဖောက်ပြီး၊ ရန်စသော လုပ်ရပ်အဖြစ် ဖော်ပြခဲ့ကြသည်။ မြောက်ကိုရီးယား၏ မဟာမိတ်များ ဖြစ်သော တရုတ်နှင့် ရုရှားတို့ကမူ ထိုကိစ္စကို အကာအကွယ် ပေးလျက် ရှိပြီး၊ ထပ်မံ စုံစမ်း စစ်ဆေးရန်နှင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိကြရန် တိုက်တွန်းလျက် ရှိသည်။

သို့ရာတွင် ညှိနှိုင်း၍ အဖြေထွက်ခဲ့သည့်တိုင်၊ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်သည် ထိထိရောက်ရောက် ရှိလိမ့်မည် မဟုတ်ဟု မျှော်လင့်ရသည်။

ကုလသမဂ္ဂရှိ တောင်ကိုရီးယား သံတမန်က ပြောကြားရာတွင် ကုလသမဂ္ဂထက် စာလျှင် G-8 ခေါင်းဆောင်များကပင် ပြင်းထန်သော ကြေညာချက် ထုတ်ရန် ဖြစ်နိုင်ခဲ့ကြောင်း၊ တရုတ်က G-8 အဖွဲ့ဝင် မဟုတ်၍သာ ဖြစ်ကြောင်း ဆိုသည်။ "လုံခြုံရေး ကောင်စီမှာကတော့ ခြားနားပါတယ်။ တရုတ်နဲ့ ရုရှားက အမြဲတမ်း အဖွဲ့ဝင် အနေနဲ့ မြောက်ကိုရီးယား ဖက်က ရပ်တည်နေပါတယ်" ဟု ၎င်းက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်သော G-8 ခေါင်းဆောင်များ၏ ပူးတွဲ ကြေညာချက်တွင် လူ ၄၆ ဦး သေဆုံးသော မတ်လ ၂၆ ရက် သင်္ဘော နစ်မြုပ်မှုအား ဆိုးရွားသော လုပ်ရပ်အဖြစ် လက်မခံနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့မှ မြောက်ကိုရီးယားအား တာဝန်ရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ အဆိုပါ တိုက်ခိုက်မှုအား မိမိတို့ ရှုတ်ချကြောင်း ဆိုသည်။

ဝေဖန် သုံးသပ်သူများက ခန့်မှန်းရာတွင် တရုတ်သည် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှု ထိန်းသိမ်းရေးကို အဓိက စိုးရိမ်နေပုံ ရကြောင်း ဆိုသည်။

ဆိုးလ်ကမူ တရုတ်နိုင်ငံ တဖြည်းဖြည်း ပြောင်းလာအောင် သံတမန် နည်းလမ်းဖြင့် ကြိုးစားလျက် ရှိပြီး၊ နိုင်ငံတကာ အဆင့်နှင့် ညီသော တာဝန်ယူမှု တစ်ခုတော့ ရှိရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယား အနေဖြင့် ထိုသို့ ထပ်မံ မကျူးလွန်ရေး အတွက် နိုင်ငံတကာမှ ပြင်းထန်စွာ အရေးယူမှု ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ အကောင်းဖက်ကရော၊ အဆိုးဖက်ကရော မမြင်သေးပါဘူး။ လာမယ့် အပတ် ညှိနှိုင်း ဆွေးနွေးမှု ဆက်လုပ်တဲ့အခါ ဘယ်သူ့ လွှမ်းမိုးမှုမှ မရှိစေရပါဘူး။ ညှိနှိုင်းမှု အောင်မြင်မှာပါ" ဟု ကုလသမဂ္ဂ သံတမန်က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ မှစ၍ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ နေရာတွင် မက္ကဆီကို သံအမတ် Claude Heller အစား နိုင်ဂျီးရီးယား သံအမတ် Joy Oywu က အလှည့်ကျ တာဝန်ယူသွားမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.