Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များသည် အမေရိကန်နှင့် ပြင်သစ် ရေနံ ကုမ္ပဏီကြီးများ ဖြစ်သော Chevron နှင့် Total တို့မှ ရရှိသော ဘဏ္ဍာငွေများဖြင့် နျူကလီယာ လက်နက် ထုတ်လုပ်ရန် တရားမဝင် ကြိုးပမ်းလျက် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက ဇူလိုင်လ ၃ ရက်နေ့တွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်သည်။

Chevron နှင့် Total တို့သည် ထိုင်းနိုင်ငံမှ PTTEP စွမ်းအင် ကုမ္ပဏီနှင့်အတူ မြန်မာနိုင်ငံရှိ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက် ရှိသောကြောင့် စစ်အစိုးရ ခေါင်းဆောင်များ အနေဖြင့် ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရရှိနေကြောင်း ပြင်သစ် အခြေစိုက် EarthRights International အဖွဲ့(ERI)က ယင်းကုမ္ပဏီများမှ ရရှိသည့် သတင်း အချက်အလက်များကို အခြေခံကာ အစီရင်ခံစာ ရေးသားသည်။

ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းသည့် နေရာတွင် ဖြစ်ပေါ်လျက် ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မ လုပ်သားစေခိုင်းမှုများ၊ ပစ်မှတ်ထား သတ်ဖြတ်မှုများ အစရှိသည့် လုပ်ရပ်များတွင် အဆိုပါ စွမ်းအင် ကုမ္ပဏီများလည်း ကြံရာပါအဖြစ် ပါဝင်နေသည်ဟု ERI က သတ်မှတ် ပြောဆိုသည်။

Chevron၊ Total နှင့် PTTEP တို့သည် ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့သော ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ အမေရိကန် ဒေါ်လာ ၉ ဘီလီယံခန့် ရရှိခဲ့ကြပြီ ဖြစ်ကြောင်း၊ အဆိုပါ ငွေကြေးများ၏ ထက်ဝက်ကျော်ခန့်မှာ မြန်မာ စစ်အစိုးရထံသို့ မလွဲမသွေ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

"အဲဒီ ကုမ္ပဏီတွေဟာ ကမ္ဘာပေါ်မှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ နျူကလီယာ ခြိမ်းခြောက်မှုကြီးအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေ ပေးနေတာပါ" ဟု ဆိုသည်။

အဆိုပါ စွမ်းအင် ကုမ္ပဏီများက ဖန်တီးပေးနေသော ရန်ပုံငွေများသည် မြန်မာ အာဏာရှင် စစ်အစိုးရအနေဖြင့် အာဏာ ဆက်လက် တည်မြဲရေးအတွက် အထောက်အပံ့ ပေးနေကြောင်း၊ ထိုမျှ မကသေးဘဲ လွန်စွာ ငွေကုန် ကြေးကျများပြီး တရားမဝင်သော နျူကလီယာ အစီအစဉ်များနှင့် လက်နက်များ တပ်ဆင်နိုင်အောင်လည်း လုပ်ဆောင်ပေးလျက် ရှိကြောင်း ERI က ဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယာ အစီအစဉ်များနှင့် အဏုမြူဗုံးများ တပ်ဆင်ရန် ကြိုးပမ်းလျက် ရှိသည်ဟု နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က သတင်း ပေးပို့ချက် တစ်ရပ် ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ်မကင်း ဖြစ်ရပါကြောင်း အမေရိကန် ပြည်ထောင်စုက သဘောထား ထုတ်ပြန်ထားသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကမ္ဘာ တစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် မိန်းကလေးများ အခွင့်အရေး မြှင့်တင်နိုင်ရေးအတွက် ကုလသမဂ္ဂက အေဂျင်စီတစ်ခု ဖွဲ့စည်း ထူထောင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အေဂျင်စီ ဖွဲ့စည်း ထူထောင်နိုင်ရေးနှင့် ပတ်သက်ပြီး လေးနှစ်တာမျှ စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မဲပေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများနှင့် မိန်းကလေးများ အခွင့်အရေးအတွက် ဖွဲ့စည်းမည့် အေဂျင်စီ နာမည်မှာ UN Entity for Gender Equility and the Empowerment of Women (UNEGEEW) ဖြစ်ပြီး ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့ ဟုလည်း သတ်မှတ် ခေါ်ဆိုနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယင်းအဖွဲ့သည် လာမည့် နှစ်ဆန်းပိုင်း ကာလတွင် စတင် လည်ပတ် လုပ်ကိုင်မည် ဖြစ်ပြီး အမျိုးသမီးများနှင့် ပတ်သက်သော အရေးကိစ္စကြီးများကို လက်ရှိ ကုလသမဂ္ဂ အဖွဲ့လေးခုနှင့် တစ်ပေါင်းတည်း လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု သိရသည်။

"ဒီ ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့ဟာ လက်ရှိ ကုလက ဆောင်ရွက်နေတဲ့ အလုပ်တွေ ဖြစ်တဲ့ လိင်ခွဲခြားမှု ပပျောက်ရေး၊ အမျိုးသမီး အခွင့်အရေးများ ပေါ်ထွန်းရေး စတာတွေကို မြှင့်တင် ဆောင်ရွက်သွားမှာပါ" ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ပြောသည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူး Asha Rose Migiro က ယခု အထွေထွေ ညီလာခံ၌ အမျိုးသမီးများ အဖွဲ့အတွက် မဲပေး ဆုံးဖြတ်မှုသည် သမိုင်းဝင် ဖြစ်ရပ်ဟု သတ်မှတ်နိုင်ကြောင်း ပြောကြားသည်။

ယင်းအဖွဲ့သစ်သည် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မား တိုးတက်ရေးအတွက် တစ်ခုတည်းသော တွန်းအား ဖြစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အမျိုးသမီးအဖွဲ့ အကြီးအကဲ ရာထူးကို အထွေထွေအတွင်းရေးမှူး အောက်တွင် ထားရှိမည် ဖြစ်သည်။ ယခုကဲ့သို့ ကုလ အမျိုးသမီးအဖွဲ့ ထူထောင်ရန် လေးနှစ်ကြာမျှ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရခြင်းမှာ အနောက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ကုလ သံတမန်များက ဆိုသည်။

UN Press Release ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 5th July 2010

တောင်ကိုရီးယား အစိုးရရုံးများအား ဆိုးလ်မြို့တော် အပြင်ဘက်သို့ ပြောင်းရွှေ့ အခြေစိုက်ခြင်းကို ရပ်ဆိုင်းရန် လွှတ်တော် အတည်ပြုချက် ရယူရာတွင် အောင်မြင်မှု မရခဲ့ခြင်းကြောင့် တောင်ကိုရီးယား ဝန်ကြီးချုပ်က နုတ်ထွက်ရန် ကမ်းလှမ်းလိုက်သည်ဟု ၎င်း၏ ဆက်ဆံရေးရုံးမှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ချွန်အမ်ချမ်းက ယင်းသို့ နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်း၏ ကမ်းလှမ်းမှုကို သမ္မတ လီမြောင်ဘက်က လက်ခံခဲ့ခြင်း မရှိဟုလည်း ဆိုသည်။

ချွန်၏ နုတ်ထွက်ရန် ကမ်းလှမ်းမှုသည် လွှတ်တော် အတည်ပြုချက် မရရှိခြင်းကြောင့် ဖြစ်ပြီး ယင်းသို့ မအောင်မြင်ခြင်းသည် လီမြောင်ဘက် အစိုးရ အတွက် အဓိက အနှောင့်အယှက် တစ်ခု ဖြစ်၍ ၎င်း၏ ပါတီ သြဇာ ကျဆင်းလာသည့် လက္ခဏာ ဖြစ်သည်။

ချိုနန်ကိစ္စ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ လူထု ဆန္ဒခံယူပွဲဟု အကဲခတ်များက ရှုမြင်ထားကြသည့် ပြည်တွင်း ရွေးကောက်ပွဲများတွင် သမ္မတ၏ Grand National ပါတီမှာ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရသည်။

မတ်လ ၂၆ ရက်က အငြင်းပွား ရေပြင်တွင် ချိုနန်သင်္ဘော နစ်မြုပ်ခဲ့စဉ် ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။

ချိုနန်ကို တိုပီဒိုဖြင့် ပစ်ခတ် နစ်မြုပ်ခဲ့သည် ဟူသော စွပ်စွဲချက်များကို မြောက်ကိုရီးယားက ခါးခါးသီးသီး ဘူးကွယ် ငြင်းဆိုခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 5th July 2010

တိုင်းပြည်အား အရေးပေါ် အခြေအနေ ကြေညာထားမှုအား ပြန်လည် ရုတ်သိမ်းရန်နှင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်များအပေါ် အကြမ်းဖက်မှုဖြင့် တရားစွဲထားခြင်းများကို ရပ်ဆိုင်းရန် ထိုင်းအစိုးရအား တောင်းဆိုလိုက်သည်။

International Crisis Group (ICG) က ပြောကြားရာတွင် ဆန္ဒပြသူများက မကျေနပ်မှုများကို တရားဝင် ထုတ်ဖော်လျက် ရှိရာမှ မြေအောက်အသွင် ဖြစ်ရန်နှင့် တရားမဝင် ရက်စက် ကြမ်းကြုတ်သော လှုပ်ရှားမှု အသွင်ဖြစ်ရန် ပြုလုပ်ခံကြရကြောင်း ဆိုသည်။

မေလ ၁၉ ရက် သွေးစွန်းသော စစ်တပ် နှိမ်နင်းမှုများ အပြီးတွင် ထိုင်းနိုင်ငံ၌ တရားဥပဒေ စိုးမိုးမှုကို ပြန်လည် ရရှိခဲ့သည်။ လတ်တလော ကာလတွင်လည်း အခြေအနေကို ဖြေရှင်းလျက် ရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က BBC သို့ ပြောကြားခဲ့သည်။

နှစ်လတာ ဆန္ဒပြမှုများကြောင့် ဘန်ကောက်၏ စီးပွားရေး ဗဟိုဌာနများ ရပ်ဆိုင်းသွားခဲ့ပြီး လူ ၁၉ ဦး သေဆုံးကာ လူ ၂၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။ အဓိကရုဏ်း ကာလ၌ အရေးပေါ် ဥပဒေအရ နှိမ်နင်းရေး အာဏာအား ရဲနှင့် စစ်တပ် လက်ထဲသို့ ထည့်ခဲ့သဖြင့် လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရသည်။

အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော ရှပ်နီခေါင်းဆောင်များမှာ ထောင်ထဲတွင် ရှိနေပြီး၊ သေဒဏ် ချမှတ်ခံရနိုင်သော အမှုများဖြင့် တရားစွဲထားသည်။

ပြန်လည် ပေါင်းစည်းရေး

အရေးပေါ် အခြေအနေ ကြေညာထားမှုမှာ မြို့တော် အပါအဝင် ပြည်နယ် ၂၄ ခုတွင် သတ်မှတ်ထားပြီး၊ လာမည့် ဇူလိုင်လ ၇ ရက်နေ့တွင် သက်တမ်း ကုန်မည် ဖြစ်သည်။

BBC ၏ Alastair Leithead နှင့် အင်တာဗျူးတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်က ပြောကြားရာတွင် ယခုအပတ်တွင် အချို့ ပြည်နယ်များတွင် အရေးပေါ် အခြေအနေကို ပြန်လည် ရုတ်သိမ်းပေးမည်ဟု ဆိုသည်။

ဝန်ကြီးချုပ်သည် ဆန္ဒပြမှုများ ဖြစ်ပေါ်ရခြင်း၊ ဖြိုခွင်းရေး အတွက် စစ်တပ် အသုံးပြုရခြင်း၊ ဈေးဝယ်စင်တာကြီးအား မည်သို့ မီးရှို့ခဲ့သည် စသည်များကို စုံစမ်း စစ်ဆေးရန် ကော်မရှင် ဖွဲ့စည်းခဲ့သည်။

အခြား အစိုးရ ခန့်ထားသော အဖွဲ့များကလည်း ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများ မည်သို့ စတင်နိုင်မည် ဆိုသည်နှင့် မီဒီယာကို ပြန်လည် ပြုပြင်ရေးများကို စဉ်းစားကြမည် ဖြစ်သည်။

"ကျွန်တော်တို့ တဖက်သတ် မလုပ်ပါဘူး။ လူတိုင်းကို လက်လှမ်းမီအောင် ကြိုးစားပြီး၊ အုပ်စုအားလုံးက မတရား လုပ်ခံရတယ်လို့ ထင်မြင်နေတာကို ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ" ဟု Mr. Abhisit က BBC သို့ ပြောကြားခဲ့သည်။

"ပဋိပက္ခ ဖြစ်လာစေတဲ့ အချက်တွေကို သေသေချာချာ စစ်ဆေးပြီး၊ တဖက်သတ် အမြင်စောင်းနေတာတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ငန်းစဉ်တစ်ခု လုပ်သွားပါမယ်" ဟု ၎င်းက ပြောသည်။

တိုင်းပြည်၏ အရေးပေါ် အခြေအနေ ကြေညာထားမှုအား ပြန်လည် ရုတ်သိမ်းရန်နှင့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ မကျေနပ်မှုများကို တရားဝင် ထုတ်ဖော်နေမှုအား ဥပဒေ ပြင်ပ ကြမ်းတမ်းသော လှုပ်ရှားမှု အသွင်ဖြစ်စေရန် ပြုလုပ်ခဲ့ခြင်းများ အတွက် ICG ၏ ပဋိပက္ခ ကာကွယ် တားဆီးရေး ပညာရှင်များ၏ Think Tank အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် အတိုက်အခံ မီဒီယာများအား ပိတ်ပင်ထားမှုအား အဆုံးသတ်ရန် တောင်းဆိုထားသည်။

ရှပ်နီ လှုပ်ရှားမှုများကို ထောက်ခံပြီး ဝန်ကြီးချုပ်အား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့သော လူထုအဖွဲ့များ၏ ရေဒီယိုနှင့် T.V ဌာနများကို အစိုးရမှ ပိတ်ထားခဲ့သည်။

ထို့အပြင် ICG သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အပါအဝင် ဆန္ဒပြ ခေါင်းဆောင်များအား အကြမ်းဖက်မှုဖြင့် တရားစွဲထားခြင်းများကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ သက်ဆင်သည် အာဏာရှိစဉ်က အကျင့်ပျက် ခြစားမှုကြောင့် ထောင်ချခံရမည် စိုးသောကြောင့် ထိုင်းနိုင်ငံ ပြည်ပတွင် တိမ်းရှောင်နေသည်။

Mr. Abhisit က ပြောကြားရာတွင် စီးပွားရေးအရ ညီမျှမှု မရှိဟု အထင်မှားနေမှုများနှင့် ဆန္ဒပြမှုကို ဖြစ်စေမည့် အခြားကိစ္စများကို သိနိုင်ရန် မီဒီယာများ၌ ပြည်သူများ၏ ဆွေးနွေးမှုများ ပိုမို ခွင့်ပြုရေး အတွက် ရည်ရွယ်ထားသည်ဟု ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ အဓိက အချက်တွေ ဖြည့်ဆည်းပေးပြီးပြီလို့ ထင်ပါတယ်။ ရှေ့ဆက် သွားနေပါတယ်။ ထိုင်း ပြည်သူတွေကလည်း တိုင်းပြည် တတ်နိုင်သမျှ တိုးတက်ဖို့ အလိုရှိ လိမ့်မယ်လို့လည်း ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 5th July 2010

သီရိလင်္ကာ နိုင်ငံသည် လူ့အခွင့်အရေး ကိစ္စများ တိုးတက်အောင် ဆောင်ရွက်ရန် ငြင်းဆန်မှုကြောင့် ၎င်းနိုင်ငံ၏ ကုန်သွယ်ရေး အကျိုးအမြတ်များကို ထိန်းချုပ်ထားမည်ဟု ဥရောပသမဂ္ဂ က တနင်္လာနေ့တွင် ပြောကြားသည်။

နှိပ်စက် ညှင်းပန်းမှုများ၊ ကလေးသူငယ် အခွင့်အရေးများနှင့် အရပ်ဖက်နှင့် နိုင်ငံရေး အခွင့်အရေးများ စသည့် ကိစ္စများနှင့် ပတ်သက်သည့် ကုလသမဂ္ဂ သဘောတူညီချက် ၃ ခုကို ဥပဒေ ပြဌာန်းလိုက်နာရန် သီရိလင်္ကာ နိုင်ငံအား အီးယူက ဖေဖော်ဝါရီမှ စ၍ ၆လ အချိန် ပေးခဲ့သော်လည်း အဆိုပါ တောင်အာရှနိုင်ငံက လုပ်ဆောင်ခဲ့ခြင်း မရှိပါ။

ရိုးသားသော ရည်ရွယ်ချက်ဖြင့် ကမ်းလှမ်းခဲ့ခြင်းကို လက်မခံသည့် သီရိလင်္ကာ၏ ဆုံးဖြတ်ချက်ကို စိတ်မကောင်း ဖြစ်မိကြောင်း၊ သို့သော်လည်း ဆွေးနွေးပွဲများသို့ သီရိလင်္ကာ ပြန်လည် တက်ရောက်နိုင်ရန် တံခါးဖွင့်ထားကြောင်း "ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကော်မတီ အကြီးအအကဲ Catherine Ashton က ပြောကြားခဲ့သည်။

သီရိလင်္ကာ ရေထွက် ကုန်ပစ္စည်းများနှင့် အထည်အလိပ် ထွက်ကုန်များကို သြဂုတ် ၁၅ ရက်မှ စ၍ အခွန် နှုန်းထားသစ်များ ကောက်ခံတော့မည် ဖြစ်သည်။

အထူး ဦးစားပေး အခွင့်အရေးများ ဆုံးရှုံးမှုကြောင့် ငွေကြေး ထိခိုက်နစ်နာမှု မည်မျှ ရှိမည်ကို အီးယူ အရာရှိများက ခန့်မှန်းချက် မပေးခဲ့ကြပါ။

၂၀၀၈ ခုနှစ် အတွင်း အီးယူသို့ သီရိလင်္ကာ၏ ပို့ကုန် တန်ဖိုး စုစုပေါင်း ယူရိုငွေ ၁.၂၄ ဘီလီယံ (ဒေါ်လာ ၁.၅၅ ဘီလီယံ) ခန့် ရှိခဲ့သည်။

ကိုလံဘိုမြို့တော်တွင် သီရိလင်္ကာ ပြန်ကြားရေးဝန်ကြီး ဘီဟီလီယာ ရမ်ဘတ်ဝယ်လာ ကအီးယူ၏ ဆောင်ရွက်ချက်ကို ကန့်ကွက်လိုက်ပြီး တစ်နှစ်ပတ်လုံး ဆုံးရှုံးမှု ပမာဏ ယူရို ၈၅ သန်း (ဒေါ်လာ ၁၀၇ သန်း) ခန့် ရှိမည်ဟု ပြောကြားလိုက်သည်။ အီးယူက တင်ပြထားသော အခြေအနေများကို မိမိတို့ အစိုးရက လက်ခံမည် မဟုတ်ဟုလည်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

၂၀၀၉ မေလတွင် ပြီးဆုံးခဲ့သော ပြည်တွင်းစစ် နောက်ဆုံး အဆင့်တွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ညှင်းပန်းမှုများကို စုံစမ်းစစ်ဆေးမှု မရှိခြင်းကြောင့် သီရိလင်္ကာ အစိုးရ ရင်ဆိုင်နေရသော နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုများ ကြီးထွားလာခြင်းတွင် ယခု အီးယူ ဆုံးဖြတ်ချက်သည် နောက်ဆုံး သာဓကပင် ဖြစ်သည်။ နိုင်ငံမြောက်ပိုင်းတွင် တမီးလ် လူမျိုးများအတွက် သီးခြား ပြည်နယ် ရရှိရန် ၂၅ နှစ်ခန့် တိုက်ပွဲဝင်ခဲ့သော "ကျား'' သူပုန်များကို အစိုးရ တပ်ဖွဲ့များက ဝိုင်းပတ် ပိတ်ဆို့ ကြိတ်ချေပစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇီကျန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုင်းရင်းသား လူမျိုးနွယ်စု ပဋိပက္ခအပေါ် တရုတ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုအပေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့ (AI) က ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ပြီး စိန်ခေါ်လိုက်သည်။

ဝီဂါ တိုင်းရင်းသား မျိုးနွယ်စုများ အများစု နေထိုင်ရာ ဇီကျန်းပြည်နယ်၊ အူရမ်ကီမြို့တွင် ဖြစ်ပွားသော အဆိုပါ လူမျိုးရေး ပဋိပက္ခ၌ အများဆုံး သေဆုံးခဲ့သူများမှာ ဟန်တရုတ် လူမျိုးများ ဖြစ်သည်ဟု တရုတ် အစိုးရက ပြောဆိုခဲ့သည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များ အဆိုအရ တရုတ်ရဲတပ်ဖွဲ့သည် မလိုလားအပ်သော အင်အားများ အသုံးပြုကာ ဝီဂါ တိုင်းရင်းသား မျိုးနွယ်စုများအပေါ် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အူရမ်ကီမြို့တွင် တပ်ဆင်ထားသော စီစီတီဗီ လုံခြုံရေး ကင်မရာ ပေါင်းများစွာမှ မှတ်တမ်းများ ပြန့်နှံ့သွားပြီးနောက် လူ့အခွင့်အရေး အုပ်စုများက ယင်းသို့ တရုတ်အစိုးရအပေါ် ပြစ်တင် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကင်မရာများတွင် အဓိကရုဏ်း အန္တရာယ် အကာအကွယ်များ ပါရှိပြီး အူရမ်ကီမြို့ အနှံ့ (ဘတ်စ် ကားဂိတ်၊ ဘူတာရုံ၊ စာသင်ကျောင်းနှင့် စူပါမားကတ်ကြီးများ အပါအဝင်) တပ်ဆင် ထားခဲ့သည်။

ယင်း ဝီဂါလူမျိုးရေး အရေးအခင်းမှာ ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး အရေးအခင်း တစ်ခု ဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ခဲ့သည်။ အဓိကရုဏ်း ကာလအတွင်း အူရမ်ကီမြိုကတွင် တရုတ် အထူးလုံခြုံရေး တပ်ဖွဲ့ဝင် ပေါင်းများစွာကို ဘေဂျင်း အစိုးရက ဖြန့်ကြက်ထားခဲ့သည်။

အာရှ အလယ်ပိုင်း ဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော အဆိုပါ ဇီကျန်းပြည်နယ်သည် အရင်းအမြစ် ပေါကြွယ်ဝသော ဒေသကြီး တစ်ခု ဖြစ်ကာ ဝီဂါလူမျိုးစု စုစုပေါင်း ရှစ်သန်းခန့် နေထိုင်သည်။ ဇီကျန်းပြည်နယ် ဒေသခံ အများစုမှာ ဟန်တရုတ် လူမျိုးပေါင်း မြောက်မြားစွာ ဝင်ရောက် အခြေချ နေထိုင်မှုကြောင့် စိတ်ဒုက္ခ ရောက်ခဲ့ကြပြီး တရုတ်အစိုးရ၏ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများကိုလည်း ပိုမို ခံစားလာခဲ့ကြသည်။

အဆိုပါ အရေးအခင်း ပြီးနောက် တရုတ်ပြည်မှ ထွက်ပြေးလာသော ဝီဂါ လူမျိုးများထံမှ ဖြစ်ရပ်မှန် ထွက်ဆိုမှုများစွာကို လက်ခံ ရရှိထားပြီ ဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့က ဆိုသည်။

ဆန္ဒပြသူ အများစုမှာ တရုတ် လုံခြုံရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ အချို့မှာ နောက်ကျောမှ သေနတ် ပစ်ခတ်ခံရပြီး အကာအကွယ် ပေးမှုလည်း မရရှိခဲ့ကြောင်း ပြည်ပြေး ဝီဂါများက ပြောဆိုသည်။

လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့၏ အစီရင်ခံစာအရ အရေးအခင်းတွင် လူပေါင်း ၁၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ရာနှင့်ချီသော ဝီဂါလူမျိုးများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရက ထုတ်ပြန်သော တရားဝင် စာရင်းများအရ ဝီဂါ လူမျိုးရေး ပဋိပက္ခတွင် လူပေါင်း ၁၉၈ ဦးကို ဖမ်းဆီး အပြစ်ပေးခဲ့ပြီး ၉ ဦး သတ်ဖြတ်ခြင်း ခံရကာ ၂၆ ဦးအား သေဒဏ် အပြစ်ပေးခဲ့ကြောင်း သိရသည်။

ဝီဂါလူမျိုးရေး ပဋိပက္ခတွင် ပါဝင်ခဲ့သူများ အားလုံး လူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ သိရှိနိုင်ရန် လွတ်လပ်ပြီး ဘက်လိုက်မှု မရှိသော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က တရုတ်အစိုးရကို တိုက်တွန်းထားသည်။

"တရုတ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိဖို့ လိုတဲ့ ကိစ္စတွေ၊ မေးစရာတွေ အများကြီး ကျန်ရှိနေပါတယ်။ လူ ဘယ်နှစ်ယောက် တကယ် သေဆုံးခဲ့တယ်၊ ဘယ်သူတွေ သတ်လို့ သေခဲ့တယ်၊ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့် ဖြစ်တယ် စတာတွေကို သိဖို့ လိုပါတယ်" ဟု လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ Catherine Baber က ပြောကြားသည်။

အရေးအခင်း ပြီးသည်မှာ တစ်နှစ်ခန့် ကြာပြီဖြစ်သည့်တိုင် ယနေ့အချိန်ထိ အူရမ်ကီမြို့တွင် လုံခြုံရေး တင်းကြပ်ထားဆဲပင် ဖြစ်သည်။ မြို့တော်၏ အရေးပါ အချက်အချာ ကျသော နေရာ ဒေသများတွင် လုံခြုံရေး ကင်မရာ ပေါင်းများစွာ တပ်ဆင်ထားသည်။ တရုတ် အစိုးရ အာဘော် Xinjing Economic Daily သတင်းစာက "ဒေသခံ ပြည်သူများ ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားခြင်း ဖြစ်သည်" ဟု ရေးသားသည်။

ပဋိပက္ခ ပြီးဆုံးသည့် အချိန်ကတည်းက ရဲတပ်ဖွဲ့ဝင်သစ် ၅၀၀၀ ခန့် ဖြည့်စွက်ထားသည်။ အူရမ်ကီ ရဲချုပ် Wang Mingsham က အလားတူ အရေးပေါ် အခြေအနေမျိုး ထပ်မံ ထွက်ပေါ်လာပါက အလွယ်တကူ ဖြေရှင်းနိုင်ရန် ယင်းသို့ တပ်ဖွဲ့ဝင်သစ်များဖြင့် အင်အား ဖြည့်ထားခြင်း ဖြစ်သည်ဟု ပြောသည်။ ဇီကျန်းပြည်နယ်တွင် များစွာသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော အကြမ်းဖက် အုပ်စုများကို ဖြိုခွင်းနိုင်ခဲ့ပြီ ဖြစ်သည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် စစ်တပ်နှင့် မီဒီယာများ ဆက်ဆံထိတွေ့မှု ပြုရေးနှင့် ပတ်သက်သော ဥပဒေသစ်များ ပြဋ္ဌာန်းရန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က အမိန့် ထုတ်ပြန်လိုက်သည်။ မကြာသေးမီက Rolling Stones မဂ္ဂဇင်းတွင် အာဖဂန် နစ္စတန်မှ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး Stanley McChrystal က အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုများကို ကိုးကား ဖော်ပြများ ပါရှိလာသောကြောင့် ရာထူးမှ နုတ်ထွက်မှု ဖြစ်ပေါ်လာပြီးနောက် ယင်းသို့ မီဒီယာများနှင့် သက်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းရန် အမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး Stanley နှင့် သူ၏ လက်ထောက်များက အမေရိကန် အစိုးရ အရာရှိကြီး များအပေါ် ပြစ်တင် ဝေဖန်မှုများကို Rolling Stones မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ပင်တဂွန်မှ အခရာ ကျသော အရပ်ဘက်နှင့် စစ်ဘက် ဝန်ထမ်းများသို့ ပေးပို့သော မှတ်တမ်းတွင် မစ္စတာ ရောဘတ်ဂိတ်စ်က "လက်ရှိ ဖြစ်ရပ်သည် ပေါ့တီးပေါ့ဆ နိုင်လွန်းသော လုပ်ရပ်ဖြစ်သည်" ဟု ပြစ်တင် ဝေဖန်ထားသည်။

အမေရိကန် အစိုးရ အရာရှိများ အဆိုအရ အဆိုပါ ဥပဒေသစ်များဖြင့် တင်းကြပ်မည့် အစီအစဉ်သည် ဗိုလ်ချုပ်ကြီး Stanley ကိစ္စ မဖြစ်ခင်ကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ကိစ္စသည် ပင်တဂွန်မှ အရာရှိကြီးများအား ရေငုံ နှုတ်ပိတ် နေစေလိုသောကြောင့် မဟုတ်ပါကြောင်း ဖြည့်စွက် ပြောဆိုသည်။

စာမျက်နှာ သုံးမျက်နှာ ရှိသော မှတ်တမ်း ရေးသားရာတွင် မစ္စတာ ရောဘတ်ဂိတ်က စစ်ဘက်နှင့် မီဒီယာ ဆက်ဆံရေးနှင့် ပတ်သက်၍ "ကာကွယ်ရေး ဝန်ကြီးဌာနသည် မီဒီယာများနှင့် ထိတွေ့ ဆက်ဆံရာ၌ ပေါ့ပေါ့တန်တန် သဘောမျိုး များပြားလာသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် စိုးရိမ်ပူပန်မိသည်" ဟု ဆိုသည်။ သို့ဆိုပါက စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား မီဒီယာများနှင့် ပြောဆိုဆက်ဆံမှုကို လုံးလုံးလျားလျား ပိတ်ပင်တော့မည် ဟူသည့် သဘောမျိုးသို့ သက်ရောက်နေပြီလော ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အမေရိကန် ဒုတိယ ကာကွယ်ရေး ဝန်ကြီး Douglas Wilson က "ကျွန်တော်တို့ ဌာနမှာ မီဒီယာတွေနဲ့ စည်းဘောင်ကျော်တဲ့ အထိ ထိတွေ့ ဆက်ဆံနေတဲ့သူတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ ပေးတဲ့ သတင်း အချက်အလက်တွေက လွဲမှားနေတာကို တွေ့ရပါတယ်။ တကယ် သိတဲ့လူ၊ တကယ် တာဝန်ရှိတဲ့သူတွေက အတည် မပြုသေးတဲ့ သတင်းမျိုးတွေကို ဖြန့်ဝေနေတာမျိုးပါ" ဟုဆိုသည်။

မစ္စတာ ရောဘတ်ဂိတ်စ်ကမူ "လျှို့ဝှက် သတင်း အချက်အလက်တွေ ပေါက်ကြားတယ် ဆိုတာ ဥပဒေကို ဆန့်ကျင်တာပါပဲ။ ခွင့်လွှတ်လို့ မရပါဘူး။ အဲလို သတင်း အချက်အလက်တွေ ပေါက်ကြားအောင် လုပ်တဲ့ သူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူခြင်း ခံရမှာပါ" ဟု ဖြည့်စွက် ပြောဆိုသည်။

သို့သော် ပင်တဂွန် ပြန်ကြားရေး အရာရှိ Geoff Morrell က မစ္စတာ ရောဘတ်ဂိတ်စ်သည် မီဒီယာများနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပွင့်လင်းစွာ ထိတွေ့ ဆက်ဆံမှုမျိုးကို လက်ခံထားဆဲပင် ဖြစ်ကြောင်း ပြောကြားသည်။

"ဒီအမိန့်က ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနကို ပိုပြီး စည်းမျဉ်းစည်းကမ်း ရှိတဲ့ အဖွဲ့အစည်း ဖြစ်လာဖို့ ဒီဇိုင်းဆင်ထားတာပါ" ဟု မစ္စတာ Morrell က ပြောသည်။ "အမေရိကန် တပ်ဖွဲ့ဝင်တွေ အနေနဲ့ သတင်းထောက်တွေနဲ့ ထိတွေဆက်ဆံမှု မပြုရဘူးဆိုတဲ့ သဘောမျိုး လုံးဝ မဟုတ်ပါဘူး" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ မကြာသေးခင်က Rolling Stones မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိလာသော ဆောင်းပါ၌ ဗိုလ်ချုပ်ကြီး Stanley က သမ္မတ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘီဒန်၊ အမျိုးသား လုံခြုံရေးအကြံပေး ဂျိမ်းစ်ဂျုံး၊ အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားလ်အီကန်ဘယ်ရီတို့ကို ပြစ်တင် ဝေဖန် သရော်သည့် ပြောဆိုမှုများအား ထည့်သွင်း ဖော်ပြခဲ့သည်။

အဆိုပါ မဂ္ဂဇင်း ထွက်ရှိပြီး မကြာမီမှာပင် ဗိုလ်ချုပ်ကြီးက ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယခုအခါ ဗိုလ်ချုပ်ကြီး Stanley တာဝန်ယူရသော အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ တပ်ရင်းမှူး ရာထူးကို ဗိုလ်ချုပ်ကြီး David Petraeus က ဝင်ရောက် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များသည် တာလီဘန် စစ်သွေးကြွများကို ချေမှုန်း တိုက်ခိုက်လျက် ရှိသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.