Transparency Myanmar

transparency.myanmar@gmail.com

ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီများက အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်နိုင်သော အဆင့်မြင့် နည်းပညာ ပစ္စည်များ တင်ပို့ ရောင်းချနေမှုများကို ဟန့်တားနိုင်ရေး အတွက် နိုင်ငံတကာ လမ်းညွှန်ချက် တစ်ရပ် သတ်မှတ် ပြဋ္ဌာန်းရန် ပြင်သစ်နှင့် နယ်သာလန် နိုင်ငံတို့က တိုက်တွန်းလိုက်သည်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen က အင်တာနက်ကို ကမ္ဘာလုံး ဆိုင်ရာ ဖိုရမ် တစ်ခုအဖြစ် ဆက်လက် တည်ရှိ နေစေရေးအတွက် ခိုင်မာသော ဆောင်ရွက်ချက်များ မဖြစ်မနေ ရှိထားရမည် ဖြစ်ကြောင်း ပြောကြားပြီး အီရန်သည် အစိုးရ ဆန့်ကျင်ရေး ဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားသည့် နိုင်ငံတစ်ခု အဖြစ် သတ်မှတ် ဖော်ပြသည်။

"နိုင်ငံရေးအရ အစိုးရ ဆန့်ကျင်ရေး သမားတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးတဲ့ အတိုင်း နည်းပညာအရ အစိုးရ ဆန့်ကျင်တဲ့ Cyber ကျွမ်းကျင်သူတွေကိုလည်း ကျွန်တော်တို့ တတွေ ထောက်ပံ့ပေးရပါမယ်" ဟု ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner က အမေရိကန် ပြည်ထောင်စုနှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း ၂၀ တက်ရောက်သော ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

ပြင်သစ်နှင့် နယ်သာလန် နှစ်နိုင်ငံသည် ဒီမိုကရေစီ ထွန်းကားမှုကို အဟန့်အတား ဖြစ်အောင် ပြုလုပ်နိုင်မည့် အင်တာနက် နည်းပညာများ ရောင်းချနေသည့် ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များ ထုတ်ဖော်နိုင်ရန် ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြင်သစ်၌ ကျင်းပရန် စီစဉ်လျက် ရှိသည်။

ယခု ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ နာမည်ကျော် Google ကော်ပိုရေးရှင်း နှင့် Microsoft ကော်ပိုရေးရှင်းတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲသည် အင်တာနက် ပေါ်တွင် လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ရရှိနိုင်ရေးအတွက် ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ ဖြစ်သည်။

အင်တာနက် ဆင်ဆာ တည်းဖြတ်မှုနှင့် ပတ်သက်လာပါက အများအားဖြင့် အီရန်နှင့် တရုတ်နိုင်ငံတို့ကို အာရုံစိုက် ပြောဆို ဆွေးနွေးကြသည်က များသည်။ ဂျာမနီ နည်းပညာ ကုမ္ပဏီကြီး ဖြစ်သော Siemens နှင့် ဖင်လန် တယ်လီကွန်း ကုမ္ပဏီ ဖြစ်သော နိုကီယာ (Nokia) တို့သည် အီရန် နိုင်ငံ အစိုးရ အနေဖြင့် အစိုးရ အတိုက်အခံများကို ဖိနှိပ်မှုများ ပြုလုပ်နိုင်ရေးအတွက် နည်းပညာ အကူအညီများ ပံ့ပိုးပေးလျက် ရှိကြောင်း ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် Shirin Ebadi စွပ်စွဲ ပြောဆိုသည်။ သို့သော် အဆိုပါ Siemens နှင့် Nokia တို့က စွပ်စွဲ ပြောဆိုချက်များ မဟုတ် မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။

အင်တာနက် ဝက်ဘ်ဆိုက်များနှင့် လူမှုရေး ကွန်ယက် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်ပင် ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen က သတိပေး ပြောကြားသည်။

ပြင်သစ် ဆက်သွယ်ရေး ပစ္စည်းနှင့် တယ်လီဖုန်းများ ရောင်းချသည့် ကုမ္ပဏီ Alcatel သည် မြန်မာနိုင်ငံသို့ နည်းပညာ ပစ္စည်းများ ရောင်းချလျက် ရှိကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) မှ Jean-Francois Julliard က စွပ်စွဲ ပြောဆိုသည်။

ထို့ပြင် Cisco ကုမ္ပဏီကြီး သည်လည်း တရုတ်ပြည်သို့ Encoder များ၊ ဆော့ဖ်ဝဲများ ရောင်းချလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

"ဒါတင် မကပါဘူး။ သတင်း အချက်အလက်နဲ့ အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့ မော်ရိုကိုနဲ့ တူနီရှား နိုင်ငံတို့မှာ အစု ရှယ်ယာ ဝင်ထားတဲ့  France Telecom ကုမ္ပဏီရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မေးစရာတွေ ရှိလာပါတယ်" ဟု Julliard က ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော နိုထွက်ပစ္စည်း ကုန်ကြမ်းများတွင် အဆိပ်အတောက် ဖြစ်စေသည့် မယ်လမင်း ဓာတုပစ္စည်း တစ်မျိုး ရောစပ် ပါဝင်နေသည်ကို တရုတ် အစားအစာနှင့် ဆေးဝါး လုံခြုံရေး အရာရှိများက စစ်ဆေး တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာန အဆိုအရ တရုတ် အစားအစာ အရည်အသွေး စစ်ဆေးရေး အဖွဲ့က Qinghai ပြည်နယ်ရှိ နို့ထွက်ပစ္စည်း စက်ရုံမှ ကုန်ကြမ်း ပစ္စည်းများကို ယူဆောင် စစ်ဆေးခဲ့ကြောင်း၊ နို့မှုန့် နမူနာများကို အကြိမ် ၅၀၀ အထိ စစ်ဆေးကြည့်ရာ ဓာတုပစ္စည်းများ ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မယ်လမင်း ပါသော နို့မှုန့်များ အသုံးပြုမှုကြောင့် ကလေးငယ် ခြောက်ဦး သေဆုံးပြီး သုံးသိန်း(၃၀၀၀၀၀) ခန့် နာမကျန်း ဖြစ်ခဲ့ရသည်။ ယခု မယ်လမင်း ဓာတုပစ္စည်း ပါဝင်သော နို့ထွက် ကုန်ကြမ်းပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သော ပြည်နယ်သည် ယခင် ပထမဆုံးအကြိမ် ဖမ်းဆီး ရမိခဲ့သည့် ဂန်ဆုပြည်နယ်နှင့် ကပ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် အရည်အသွေး ပြည့်ဝမှု မရှိသော ထုတ်လုပ်ပြီး နို့မှုန့် ၁၂ တန်ကိုလည်း ဖမ်းဆီး ရမိခဲ့ပြီး နို့ထွက်ပစ္စည်း စက်ရုံ ပိုင်ရှင်နှင့် မန်နေဂျာကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ တရုတ်ရဲများ၏ အဆိုအရ ၂၀၀၈ ခုနှစ် နို့မှုန့် ပြဿနာ ဖြစ်ပေါ်စေခဲ့သည့် ဟီဘေး ပြည်နယ်မှ ဝယ်ယူသည့် အရည်အသွေး မပြည့်မီသော နို့ထွက် ကုန်ကြမ်းပစ္စည်း ၃၈ တန်ကိုလည်း ဖမ်းမိလိုက်သည်။

သဘောတရားမှာ တရုတ် ကုန်သည်များသည် ၂၀၀၈ ခုနှစ်အတွင်း ဖျက်ဆီး ပစ်ခဲ့ရမည့် နို့မှုန့်နှင့် နို့ထွက် ကုန်ကြမ်းပစ္စည်းများအား ကုန်သည်များက ပြန်လည် ရောင်းချရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဂန်ဆုပြည်နယ် အစားအစာ အရည်အသွေး စစ်ဆေးရေး ဗျူရို၏ အကြီးအကဲ Wang Zhongxi က ပြောကြားသည်။

မယ်လမင်းဟူသည် ပလတ်စတစ်၊ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတို့ ပြုလုပ်ရာတွင် အသုံးပြုရသည့် ဓာတုပစ္စည်း တစ်မျိုး ဖြစ်သည်။

၂၀၀၈ ခုနှစ်က တရုတ် နို့ထွက်ပစ္စည်း ထုတ်လုပ် ရောင်းချရေး ကုမ္ပဏီ ၂၂ ခုမှ ထွက်ကုန်များတွင် မယ်လမင်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ် မယ်လမင်း နို့မှုန့် ဖြစ်ရပ်ကြောင့် စားသုံးသူများနှင့် ကလေးမိဘများ အကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း တရုတ်နိုင်ငံ၏ အစားအစာ လုံခြုံမှုနှင့် ပတ်သက်၍ များစွာ နာမည် ပျက်ခဲ့ရသည်။

ယင်း ဖြစ်ရပ်အတွက် တာဝန်ရှိသူ လူပေါင်း ၂၀ အား ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ အနက်မှ အဓိက တာဝန်ရှိသူ ၂ ဦးအား တရုတ် အစိုးရက ကွပ်မျက်ခဲ့သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UPI, 9th July 2010

ရေနံတွင်းတူး ကန်ထရိုက်တာ Transocean ၏ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဥပဒေ၊ စည်းကမ်းနှင့် အညီ ဆက်လက် လုပ်ကိုင်နေသည်ဟု ကုမ္ပဏီက ကြေညာချက်တွင် ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံတွင် မလျော်ကန်သော အပြုအမူများ ပြုလုပ်နေသည်ဟု Transocean ကို လူအခွင့်အရေး အဖွဲ့များက စွပ်စွဲလျက် ရှိသည်။ မြန်မာ အစိုးရ အတွက် ငွေကြး ခဝါချ ပေးနေသည့် ရေနံဓာတ်ငွေ့တွင်း စီမံကိန်းများတွင် အဆိုပါ ကုမ္ပဏီ ဆက်နွယ်နေသည်ဟု New York Times သတင်းတွင် ပါရှိသည်။

သတင်းစာ အပေါ် မှတ်ချက်ပေးရန် Transocean က ငြင်းဆိုလိုက်သော်လည်း မြန်မာနိုင်ငံတွင် ဥပဒေ စည်းကမ်းနှင့်အညီ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ကြေညာချက်မှ တဆင့် ပြောကြားခဲ့သည်။

ကုမ္ပဏီက အမေရိကန် ထိန်းချုပ်သူများအား ၂၀၀၉ ခုနှစ်တွင် အီရန် စွမ်းအင်ကဏ္ဍ၌ ပါဝင် ပတ်သက်ခဲ့သေးကြောင်း ပြောကြားခဲ့သည်။ အီရန် စွမ်းအင် ကဏ္ဍတွင် စီးပွားရေး လုပ်ကိုင်နေသည့် ကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်းမည့် စီမံချက်ကို အမေရိကန် သမ္မတ အိုဘားမားက ယခင် အပတ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ပြင်သစ် စွမ်းအင် ဘီလူးကြီး Total နှင့် ၎င်း၏ မိတ်ဖက် အမေရိကန် စွမ်းအင် လူသန်ကြီး Chevron တို့သည်လည်း မြန်မာနိုင်ငံတွင် အဓမ္မ အခိုင်းခံ လုပ်သားများ အသုံးပြုနေကြောင်း၊ မြန်မာ စစ်ဖက် အစိုးရကို ကဏ္ဍငွေ ရှာပေးနေကြောင်း စသည့် ၎င်းတို့အပေါ် စွပ်စွဲချက်များကို ခုခံ ကာကွယ်နေရသည်။

တနင်္လာနေ့က ထုတ်ပြန်သော Earth Rights International အစီရင်ခံစာတွင် Total နှင့် Chevron သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ပြုလုပ်နေသည်ဟု အပြစ်တင်ထားသည်။ ၎င်းကုမ္ပဏီများသည် လူသတ်မှုများနှင့် ဆက်နွယ်နေသည့် စစ်သားများကို အသုံးပြုနေကြောင်း၊ ပိုက်လိုင်း လည်ပတ်မှု ချောမွေ့စေရန် အဓမ္မ အခိုင်းခံ လုပ်သားများကို အသုံးပြုနေကြောင်း လူ့အခွင့်အရေး အုပ်စုက စွပ်စွဲထားသည်။ ၎င်းစွပ်စွဲချက်များကို Total က ငြင်းဆိုထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 9th July 2010

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ယခင် ပါတီဝင်ဟောင်းများအား လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံရေး ပါတီသစ် ဖွဲ့စည်း ခွင့်ပြုလိုက်ပြီဟု နိုင်ငံပိုင် သတင်းဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။

NLD ဟောင်း နိုင်ငံရေးသမားများသည် ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ကျင်းပမည့် နှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ဖွဲ့စည်းခွင့် ရသွားပြီဟု နိုင်ငံပိုင် ရုပ်သံ၊ ရေဒီယို၊ ကြေညာချက်အရ သိရသည်။

NLD သည် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် ဖိအား ပေးထားသည့် ဥပဒေအရ မေလ ၆ ရက်အမီ မှတ်ပုံတင်ခွင့်ကို ငြင်းဆန်ခဲ့ပြီး၊ နှစ် ၅၀ စစ်အုပ်ချုပ်ရေးကို တရားဝင်အောင် လှည့်ဖြားထားသော အတုအယောင်ဟု ဝေဖန်သူများက သုံးသပ်သည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Reuters, 9th July 2010

မြန်မာနိုင်ငံတွင် တိုင်းရင်းသား အုပ်စုများ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့လျှင် ဖြစ်လာနိုင်သည့် အကြမ်းဖက် တုန့်ပြန်မှုများသည် စွမ်းအင်ကဏ္ဍနှင့် အခြား စီမံကိန်းများတွင် ဒေါ်လာ ဘီလီယံများစွာ ထည့်ဝင်ထားသော တရုတ်ကုမ္ပဏီများ အတွက် အလွန်တရာ အန္တရာယ် ကြီးမားကြောင်း NGO အကြီးအကဲ တစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။

ဗမာ မဟုတ်သော တိုင်းရင်းသားများ နေထိုင်သော ဒေသများတွင် နှစ်ပေါင်းများစွာ လက်နက် ကိုင်ဆောင်မှုများရှိနေရာ အဆိုပါ ဒေသများတွင် အန္တရာယ် ပိုကြီးကြောင်း ကမ္ဘောဒီးယား အခြေစိုက် Center for Peace and Conflict Studies မှ ဒါရိုက်တာ Emma Leslie က ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီနှင့် မြန်မာ ဗဟို အစိုးရကြား ဇာတ်လမ်းတွင် ၎င်းတို့ဒေသ အကျိုးစီးပွား ဘာမျှ ရရှိခြင်း မရှိ၍ အဆိုပါ တိုင်းရင်းသားများက စိတ်မကျေမနပ် ဖြစ်ကြသည်။

Beijing သည် ယခင်က မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ခဲ့သည်။ တရုတ် ကုမ္ပဏီများသည် တရုတ်၏ ကုန်းတွင်းပိတ် အနောက်တောင် ယူနန်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရန် ဆိပ်ကမ်းနှင့် ပိုက်လိုင်းများ ဆောက်လုပ်လျက် ရှိသည်။ ထို့အပြင် အခြား ပရောဂျက်များတွင်လည်း ပါဝင်လျက် ရှိသည်။

တရုတ်သည် ၎င်း၏ အိမ်နီးချင်း အပယ်ခံ မြန်မာနိုင်ငံကို သံတမန်ရေးအရ အကာအကွယ်များ ပေးထားသော်လည်း မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကိစ္စရပ်များကြောင့် အနောက်နိုင်ငံ၏ ဖိအားပေးခံနေရသည်။ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများကိုလည်း မြန်မာနိုင်ငံတွင် သဘောမတူမှုများ ရှိနေသည်။

တရုတ် ကုမ္ပဏီများသည် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လျစ်လျူရှုခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောခဲ့ကြပြီး၊ တရုတ်၏ စီမံကိန်း နယ်မြေနှင့် မလွတ်သော လူများကို မြန်မာ စစ်တပ်က အတင်း ရွှေ့ပြောင်းခိုင်းသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက ကချင်ပြည်နယ်တွင် အများသဘော မတူသည့် တရုတ် ရေအားလျှပ်စစ် စီမံကိန်း နေရာတွင် ဗုံးများ ကွဲခဲ့သည်။

"တရုတ်မြန်မာ နယ်စပ်တလျှောက်က တိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာ သူတို့ကို မတရားသဖြင့် အနိုင်ကျင့်နေတယ်လို့ ယုံကြည်နေကြလို့ အဲဒီ ဒေသတွေက တရုတ် ရင်းနှီး မြှုပ်နှံမှုတွေ အတွက် အမှန်တကယ် အန္တရာယ် များပါတယ်" ဟု Leslie က တရုတ် နိုင်ငံခြား သတင်းထောက်များ အသင်းသို့ ပြောကြားခဲ့သည်။ "အဲဒီအတွက် ပြခဲ့တဲ့ ဥပမာတွေလည်း ရှိပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်းမှာ ဗုံးကွဲတာဟာ အချက်ပေး သံချောင်း ခေါက်တာပါပဲ။ ဒီရင်းနှီး မြှုပ်နှံမှုကြောင့် သူတို့ ဘာအကျိုး ခံစားခွင့်မှ မရခဲ့ဘူးလို့ နယ်မြေခံတွေက ယုံကြည်နေကြတယ်" ဟု ၎င်းက ဆိုသည်။

ဒေသဖွံ့ဖြိုးရေး အတွက် မည်သို့ ဆောင်ရွက်မည် ဆိုသည်ကို ဒေသခံများသို့ သတင်းအချက် မပေးခဲ့ခြင်းမှာလည်း စိတ်ဆိုးစေသည့် လောင်စာပင် ဖြစ်ကြောင်း Leslie က ပြောသည်။

"ကချင်ပြည်နယ်မှာ မြစ်နှစ်ခု ဆုံတဲ့ မြစ်ဆုံဆိုတဲ့ ဒေသတစ်ခု ရှိပါတယ်။ အလွန်တရာ ကျော်ကြားပြီး၊ ကချင်တွေ ဂုဏ်ယူတဲ့ နေရာ၊ မိသားစုတွေ အပျော်ခရီး အပန်းဖြေ ထွက်တဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ မကြာခင် ရေအားလျှပ်စစ် ရေကာတာ တစ်ခု လာတော့မယ်။ ဘယ်တုန်းက စတာလဲ။ ဘယ်လိုဖြစ်တာလဲ။ ဒီအပေါ်က ဘယ်သူတွေ အကျိုးအမြတ် ရမှာလဲ ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။ လူတွေ အားလုံး သိတာက တရုတ်က ငွေကြေး ပါဝင်တယ် ဆိုတာပဲ" ဟု Leslie က ဖြည့်စွက် ပြောပြသည်။

"အစိုးရကို လက်တုန့်ပြန်ဖို့ မလွယ်ကူတဲ့ အခြေအနေမှာ၊ ဖြစ်နိုင်တာက အပြင်က လာရင်းနှီး မြှုပ်နှံမှုကို ဒုက္ခပေးနိုင်တယ်လေ" ဟု ၎င်းက ရှင်းပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 9th July 2010

ဝါရှင်တန်က မြောက်ကိုရီးယား အပေါ် အပြစ်တင်လျက် ရှိသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုကို ဆွေးနွေးရန် အတွက် လာမည့် အပတ်တွင် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် မြောက်ကိုရီးယားက သောကြာနေ့တွင် အဆိုပြုလိုက်သည်။

မြောက်ကိုရီးယားကို တိုက်ရိုက် အပြစ်တင်ခြင်း မရှိသော "ချိုနန် နစ်မြုပ်မှုအား ပြစ်တင် ရှုတ်ချသည့် ကြေညာချက်" ကို ကုလ လုံခြုံရေး ကောင်စီက သောကြာနေ့တွင် အတည်မပြုမှီ အထက်ပါ အဆိုပြုချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မေလ အတွင်းက ထုတ်ပြန်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာတွင် "ကိုရီးယား အငြင်းပွားရေပြင်၌ ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးရသည့် သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။ မြောက်ကိုရီးယားက ၎င်းအပေါ် စွပ်စွဲမှုများကို ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး ၎င်းအပေါ် အရေးယူခြင်းသည် စစ်ပွဲကို အစပျိုးခြင်းသာ ဖြစ်သည်ဟု သတိပေးခဲ့သည်။"

ပြီးခဲ့သော လကုန်ပိုင်းတွင် ၁၉၅၃ ကိုရီးယား စစ်ပွဲပြီးဆုံးသည့် အပစ်ရပ် သဘောတူညီချက်ကို ကြီးကြပ်ရသည့် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကော်မတီက စစ်သင်္ဘော နစ်မြုပ်မှုကို ဆွေးနွေးရန် မြောက်ကိုရီးယားနှင့် ဗိုလ်ချုပ်ကြီးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရေးကို အဆိုပြုခဲ့သည်။ သို့ရာတွင် ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီး ကိုရီးယား နှစ်နိုင်ငံကြား ကိစ္စများကို ကုလသမဂ္ဂ နာမည်သုံး၍ ကြားဝင် စွပ်ဖက်ခြင်း မပြုရန် ဝါရှင်တန်ကို တိုက်တွန်းခဲ့သည်။

သို့သော်လည်း မြောက်ကိုရီးယားက သောကြာနေ့တွင် ၎င်း၏ အနေအထားကို ပြောင်းပြန် ပြောင်းလဲလိုက်ပြီး ဗိုလ်ချုပ်ကြီး အဆင့် ဆွေးနွေးပွဲများ အတွက် ပြင်ဆင်ရန် နယ်စပ်ကျေးရွာ ပန်မွန်ဂျုံတွင် လာမည့် အင်္ဂါနေ့၌ အမေရိကန်နှင့် ဗိုလ်မှူးကြီး အဆင့်အကြား ညှိနှိုင်း တွေ့ဆုံမှုများ ပြုလုပ်ရန် အဆိုပြုခဲ့သည်။

ယခု အဆိုပြုချက်သည် ချိုနန်ကိစ္စ နောက်ကွယ်မှ အမှန်တရားကို အရှိအတိုင်း၊ သိပ္ပံနည်းကျ၊ မျှတသော နည်းလမ်းများဖြင့် စုံစမ်းလိုသည့် မြောက်ကိုရီးယား တပ်မတော်နှင့် ပြည်သူတို့၏ မပြောင်းလဲသော သဘောထား ဖြစ်သည်ဟု ဆိုးလ်မှ အမေရိကန် စစ်ဌာနချုပ်သို့ ပေးပို့သော အဆိုပြုလွှာတွင် မြောက်ကိုရီးယား စစ်တပ်က ပြောကြားထားကြောင်း KCNA သတင်းဌာန၏ အဆိုအရ သိရသည်။

ကိုရီးယား နှစ်နိုင်ငံကြား တိုက်ရိုက် စစ်ဖက် ဆွေးနွေးပွဲများ ပြုလုပ်ရန် ပြုံးယမ်း၏ တောင်းဆိုမှုကို တောင်ကိုရီးယားက ပယ်ချခဲ့ခြင်းကြောင့် အထက်ပါ အဆိုပြုချက်ကို မြောက်ကိုရီးယားက ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ဆိုးလ် အမေရိကန် စစ်ဌာနချုပ်ထံ တောင်းဆိုမှုများ အပေါ် ပြန်လည် တုန့်ပြန်မှုနှင့် ပတ်သက်၍ သောကြာနေ့ ညပိုင်းအထိ အဖြေ မသိရသေးပါ။

ကိုရီးယား စစ်ပွဲ၏ အမွေအဖြစ် တောင်ကိုရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ တပ်စွဲထားသည်။

တောင်ကိုရီးယားက သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် ကုန်သွယ်ရေး တင်းကြပ်ခြင်း၊ အာဏာရှင် အစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ဆွဲခေါ် တိုင်ကြားခြင်း အပါအဝင် အရေးယူ ဒဏ်ခတ်မှု အချို့ ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားသည် လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ပြစ်တင် ရှုတ်ချစေလိုသည့် ဆန္ဒရှိသည်။ သို့သော် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံက မြောက်ကိုရီးယား အပေါ် အရေးယူမှု အချီသစ် ချမှတ်ခြင်း၊ သင်္ဘော နစ်မြုပ်မှု အပေါ် တိုက်ခိုက် အပြစ်တင်ခြင်း တို့ကို ဆန့်ကျင် ကန့်ကွက်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 9th July 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Abhisit Vejjajiva သည် လာမည့် လတွင် မြန်မာနိုင်ငံသို့ ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

"တစ်ရက်၊ ဒါမှမဟုတ် နှစ်ရက် ခရီးစဉ်အတွက် အစီအစဉ်တွေ ပြုလုပ်နေပါပြီ" ဟု Abhisit က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

Abhisit က ၎င်း၏ သြဂုတ် လဆန်းပိုင်း ခရီးစဉ်တွင် မည်သူများနှင့် တွေ့ဆုံမည် ဆိုသည်ကိုမူ အတိအလင်း ပြောကြားခြင်း မရှိပါ။ သို့သော် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ရှင်းလင်း ပြောကြားရန် ပြည်ပ ခရီးများ စတင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့သည်။ သို့သော် အမေရိကန် ရေကူးသမား ဝင်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးသို့ တင်ပို့နေချိန် ဖြစ်သောကြောင့်၊ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း ၁၅ နှစ်ခန့် အထိန်းသိမ်း ခံထားရပြီး၊ အဆိုပါ အမှုကို သူမ၏ နေအိမ် အကျယ်ချုပ် တိုးမြှင့်ရေး အတွက် အာဏာပိုင်များက အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်အောင် တားဆီးထားသည်။ အများစုက ရွေးကောက်ပွဲသည် ဗိုလ်ချုပ်များ၏ အာဏာ အမြစ်တွယ်ရေး အတွက် ပြုလုပ်ထားသော အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြသည်။

AFP နှင့် ယခုအပတ် အင်တာဗျူးတွင် ထိုင်းခေါင်းဆောင်က ပြောကြားရာတွင် ၎င်းအနေနှင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်မှုကို မြင်လိုကြောင်း၊ သို့သော် ယခုအထိ မသေချာ မရေရာမှုများ ရှိနေဆဲ ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အခြား အာဆီယံ အိမ်နီးချင်းများနှင့်အတူ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှုကို ခံရသည်။

အနောက်နိုင်ငံ မဟာမိတ်များ၏ မြန်မာနိုင်ငံ အပေါ် ပိုမို တင်းကြပ်စွာ ကိုင်တွယ်ရန် ဖိအားပေးနေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ Abhisit က "ကျွန်တော်တို့မှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ မဖြစ်နိုင်ပါဘူး" ဟု ဆိုသည်။

"ဘေးမှာ ရှိတဲ့သူနဲ့ အဝေးကြီးမှာ နေတဲ့သူတွေ အတွက် ရည်မှန်းချက်တွေ မတူနိုင်ပါဘူး။ ပြဿနာက စဉ်းစားပုံ မတူတော့တာပါပဲ" ဟု ၎င်းက ဆိုသည်။

"ဒီတော့ တစ်ယောက်ကို တစ်ယောက် ဝေဖန်နေမဲ့အစား၊ လမ်းကြောင်းခြင်း မတူပေမယ့်လည်း ရည်မှန်းချက်တူရင် တစ်ဦးကို တစ်ဦး ဖေးမသွားနိုင်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် နေထိုင်သူ တို့အတွက် လွတ်လပ်မှု ဟူသော ကိစ္စမှာ ရေကန်အသင့် ကြာအသင့်ပင် ဖြစ်သည်။ သို့အတွက်ကြောင့် ဖမ်းဆီး အကျဉ်းချခံရခြင်း၊ သို့မဟုတ် မိမိ ပြုလုပ်လိုသော အရေးကိစ္စများ ကန့်သတ် ပိတ်ပင်ခံရခြင်း အစရှိသည်တို့ မဖြစ်မချင်း လွတ်လပ်မှု၏ တန်ဖိုးကို ကောင်းစွာ နားလည် သဘောပေါက်မည် မဟုတ်ပေ။

အသေအချာ စဉ်းစားကြည့်ပါ။ အကယ်၍ သင်သည် မိမိနိုင်ငံမှ မောင်းထုတ်ခံရပြီး ပြည်ပြေး ဘဝဖြင့် နေထိုင်ခဲ့ရသည်၊ ဆယ်စုနှစ် လေးခုလောက် ကိုယ့်နိုင်ငံ ကိုယ်ပြန်၍ မရသော အဖြစ်မျိုးနှင့် ကြုံနေရသူ ဖြစ်သည်၊ ဤသို့ မဟုတ်ပါက သင်သည် မိမိ နိုင်ငံတွင်းမှာ နေထိုင်ခွင့်တော့ ရထားပါသည်။ သို့သော် နှစ်ပေါင်း ၁၄ နှစ်တာမျှ နေအိမ် အကျယ်ချုပ်ကို ပုံစံ အမျိုးမျိုးဖြင့် ယနေ့ အချိန်အထိ ကျခံနေရသည် ဆိုပါက မည်သို့ ဖြစ်မည်နည်း။

ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာ့ အသိုင်းအဝိုင်းတွင် ဖော်ပြပါ ဖြစ်ရပ်များနှင့် လက်ရှိ ကြုံတွေ့နေရသူ နှစ်ဦး ရှိသည်။ တစ်ဦးမှာ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား ဖြစ်ပြီး နောက်တစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူတို့ နှစ်ဦးတွင် တူညီသည့် အရာများ ရှိကြသည်။

ဒလိုင်းလားမားသည် တိဘက် ပြည်သူများအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများအတွက် ဒီမိုကရေစီ တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ နှစ်ဦးစလုံး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်များ ဖြစ်ကြပြီး အမေရိကန် ပြည်ထောင်စုက ချီးမြှင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံ ရရှိခဲ့ကြသည်။ နှစ်ဦးစလုံး အကြမ်းမဖက် လှုပ်ရှားမှုကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။ ဒလိုင်းလားမားက ၁၉၈၉ ခုနှစ်တွင် ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။

သူတို့ နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ နှစ်ဦးစလုံးသည် မိမိပြည်သူများ၏ လွတ်လပ်မှုနှင့် မိမိတိုင်းပြည်တွင်း ဒီမိုကရေစီ ထွန်းကားနိုင်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

ဒလိုင်းလားမားသည် ၁၉၅၁ ခုနှစ်တွင် တိဘက်ပြည်ကို ကိုင်တွယ် ထိန်းချုပ်လိုသော တရုတ်စစ်တပ်၏ ဖိအားပေးမှုကို စတင်ခံခဲ့ရသည်။ ၁၉၅၉ ခုနှစ် တိဘက် အရေးတော်ပုံ ရှုံးနိမ့်သောအခါ တိဘက်ပြည်မှ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှ စကာ အိန္ဒိယရှိ ဓမ္မ သာလာတွင် အခြေချ နေထိုင်ခဲ့ရသည်။

ထို့နောက် ဒလိုင်းလားမားသည် အဝေးရောက် တိဘက် အစိုးရ တစ်ရပ်ကို ဖွဲ့စည်း ထူထောင်သည်။ လတ်တလော ကာလအတွင်း တရုတ် သတင်းစာ ဆရာများနှင့် တွေ့ဆုံရာတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားက "ကြောက်ရွံ့မှု၊ ဖိနှိပ်မှု စတဲ့ ပုံစံနဲ့ အကြမ်းဖက်မှု ပြုလုပ်ပြီး လူတွေရဲ့ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေက်ရွံ့မှုက သံသယစိတ်နဲ့ စိုးရိမ်စိတ်တွေကို ဖြစ်ပေါ်စေပြီး ချစ်ကြည် ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေ ဖြစ်မလာအောင် ပိတ်ဆို့ ဟန့်တားတတ်တဲ့ သဘော ရှိလို့ပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ သမူဟ မျှရေးတို့လည်း ဖြစ်မလာနိုင်ပါဘူး" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နာမကျန်း ဖြစ်နေသည့် သူမ၏ မိခင်ကြီးကို ပြုစု စောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာရာမှ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ ၁၉၈၈ ခုနှစ် မြန်မာ တစ်နိုင်ငံလုံး ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ခဲ့သည်။ ထို့နောက် သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပင်မ အစိတ်အပိုင်း တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အောင်ပွဲရခဲ့သည်။ အသစ် ဖွဲ့စည်းမည့် အစိုးရ အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် ဖြစ်ရန် သေချာခဲ့သည်။ သို့သော် မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လုံးဝ အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးခြင်းလည်း မရှိခဲ့သည်မှာ ယနေ့ အချိန်ထိပင် ဖြစ်သည်။ ဒေါ်စုကြည်မှာလည်း ယနေ့တိုင်အောင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံခွင့် ရရန် မဆိုထားနှင့်။ တယ်လီဖုန်း သို့မဟုတ် အီးမေးလ်ပင် အသုံးပြုခွင့် မရှိပေ။ "အခုလို အထီးကျန် ဖြစ်နေတာ ကျွန်မအတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အဆုံးအမကြောင့် ဖြစ်မယ် ထင်တယ်" ဟု သူမက ပြောဖူးသည်။

ယခု ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ဒလိုင်းလားမားမှာ အသက် ၇၅ နှစ်သို့ ရောက်ရှိခဲ့ပြီး ကျန်ခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၆၅ နှစ်ထဲသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ အစိုးရများ အတွက်မူ သူတို့နှစ်ဦးမှာ အတိုက်အခံများ ဖြစ်ပြီး ပြည်သူလူထု အတွက်မူ ကယ်တင်ရှင်နှစ်ဦး ဖြစ်သည်။ ကမ္ဘာ့ပြည်သူများ အတွက်မူ သူတို့ နှစ်ဦးမှာ ဖိနှိပ် ချုပ်ခြယ်မှုများကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်သူများ ဖြစ်သည်။

မျက်မှောက်ခေတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်းလားမားတို့သည် သတ္တိရှိမှု၊ ရဲဝံ့မှု၊ အနစ်နာခံမှု၊ ဒူပေဒါပေ ခံမှု၊ အကြမ်းမဖက်မှု၊ လူသားဆန်မှု တို့ကို ကိုယ်စားပြုသူများပင် ဖြစ်သည်။ ဆိုရလျှင် နှစ်ဦးစလုံးသည် လွတ်လပ်မှုကို လိုလားသော ပြည်သူများ၏ ဆန္ဒကို ဖော်ကျူးသည့် သင်္ကေတများပင် ဖြစ်သည်။

One India မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.