Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတွင်း ဖြစ်ပေါ်လျက် ရှိသော အဂတိ လိုက်စားမှုများနှင့် အလွဲ သုံးစားမှုများကို တိုက်ဖျက်သည့် အနေဖြင့် တရုတ်အစိုးရ အရာရှိကြီးများနှင့် နိုင်ငံပိုင် ကုမ္ပဏီများမှ အရာရှိကြီးများ အနေဖြင့် ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှုများ အားလုံးကို ထုတ်ဖော် အသိပေးရမည် ဖြစ်ကြောင်း ဘေဂျင်း ကွန်မြူနစ် အစိုးရက ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်သည်။

အရာရှိကြီးများ အနေဖြင့် မိမိတို့ မိသားစုဝင်များ၊ သားသမီးများတို့နှင့် သက်ဆိုင်သော ပိုင်ဆိုင်မှုများကို ပြသရန် လိုအပ်သည်ဟု ဘေဂျင်း အစိုးရက ထုတ်ပြန်သော ဥပဒေ စည်းမျဉ်းသစ် တစ်ရပ်က ဆိုသည်။ ယခု ထုတ်ပြန်သော ဥပဒေသည် ပြီးခဲ့သည့် ဧပြီလအတွင်း ကွန်မြူနစ် ပါတီဝင် စီနီယာ အရာရှိကြီးများ အတွက် ထုတ်ပြန်သော စည်းမျည်းနှင့် တူညီကြောင်း China Daily သတင်းစာက ရေးသားသည်။ သို့သော် အလယ်အလတ် အဆင့်အတန်း ရှိသော အရာရှိများနှင့် အထက်ပိုင်းအတွက် ဖြည့်စွက်ထားသည်ဟု ဆိုသည်။

ကွန်မြူနစ် ပါတီဝင် မဟုတ်သူများနှင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေသူများ အနေဖြင့်လည်း ပိုင်ဆိုင်မှု ပြသရန် လိုအပ်သည်။ တရုတ်နိုင်ငံတွင် အစိုးရ အရာရှိကြီးများ အဂတိ လိုက်စားသည်ဟု အခြေခံ လူတန်းစားများက ထုတ်ဖော် အသိပေးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် နိုင်ငံရေး မတည်မငြိမ်မှုဆီသို့ ဦးတည်သွားနိုင်သည် ဟူသော အချက်ကို ကွန်မြူနစ် ခေါင်းဆောင်ပိုင်းက နားလည် သဘောပေါက်ခဲ့သောကြောင့် ယခုလို ဥပဒေ စည်းမျဉ်း စည်းကမ်းသစ် တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း Xinhua သတင်းက ဆိုသည်။

တရုတ် ဗဟိုအစိုးရ၏ ဝက်ဆိုက်ဘ်ပေါ်တွင် တရားဝင် ထုတ်ပြန်ထားသော အဆိုပါ ဥပဒေအရ အရာရှိကြီးများ အနေဖြင့် အိမ်ထောင်ရေး အပြောင်းအလဲ ပြုလုပ်မှု အပါအဝင် ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံထားမှု၊ မိသားစုဝင်များ၏ စီးပွားရေး လုပ်ဆောင်မှု အစရှိသည့် အသေးစိတ် အချက်အလက်များကို အသိပေး ဖော်ပြရမည် ဖြစ်သည်။

ထို့ပြင် အရာရှိများ၏ မိသားစုဝင် သို့မဟုတ် သားသမီးတို့ ပြည်ပတွင် နေထိုင်ခြင်းရှိ၊ မရှိ၊ သားသမီးများ နိုင်ငံခြားသားများနှင့် ထိမ်းမြား လက်ထပ်ထားခြင်းရှိ၊ မရှိ (နိုင်ငံခြားသား ဟူသည် ဟောင်ကောင်၊ ထိုင်ဝမ်မှ နိုင်ငံသားများပါ ပါဝင်သည်) အစရှိသည် တို့ကိုလည်း အသိပေး ဖော်ပြရမည်ဟု ဆိုသည်။

ယင်းသို့ ပြုလုပ်ရန် ပျက်ကွက်သူများကို အပြစ်ပေးရာတွင် တရားဝင် လူသိရှင်ကြား ပြစ်တင် ဝေဖန်မှုမှသည် အလုပ်မှ ထုတ်ပယ်သည် အထိ ပါဝင်သည်။ တရုတ်နိုင်ငံ၏ လာဘ်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် ရှုပ်ထွေးလေ့ ရှိသည်။ သို့သော် လာဘ်စားမှု ကျူးလွန်သူများကို အပြစ်ပေးရာ၌ တစ်ခါတစ်ရံ လွန်စွာ ပြင်းထန်လေ့ ရှိသည်။ လွန်ခဲ့သည့် သုံးနှစ်တာ ကာလက ဆေးဝါးအတု ပြုလုပ်မှု တစ်ခုကို လာဘ်ပေး လာဘ်ယူပြီး ဖုံးကွယ်ခဲ့သော တရုတ် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အေဂျင်စီမှ ဒါရိုက်တာ တစ်ဦးကို ကွန်မြူနစ် အစိုးရက ကွပ်မျက်ခဲ့ဖူးသည်ကို တွေ့ရသည်။

တရုတ်ရေးရာ လေ့လာ သုံးသပ်သူများက တရုတ်နိုင်ငံတွင် လာဘ်ပေး လာဘ်ယူမှုမှာ အရိုးစွဲနေပြီ ဖြစ်ပြီး ယခုလို စည်းမျဉ်း စည်းကမ်းဖြင့် ဖြေရှင်း၍ ရမည် မဟုတ်ကြောင်း ပြောဆိုကြသည်။ အချို့ကမူ လွတ်လပ်သော အဖွဲ့အစည်းများက ဝင်ရောက်ပြီး လာဘ်စားမှုကို တိုက်ဖျက်ပေးရန် လိုအပ်သည်ဟု တိုက်တွန်းကြသည်။

"အရာရှိကြီးတွေ တော်တော် များများမှာ သားသမီးတွေ ရှိကြတယ်၊ ဆွေမျိုးသားချင်းတွေ၊ မောင်နှမတွေလည်း ရှိကြတယ်။ သူတို့တတွေက ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဝင်ရောက် ရင်းနှီး မြှုပ်နှံထားကြတာ။ ဒါမျိုးက အမြဲတမ်း ဖြစ်နေကျပဲ။ အဲဒါတွေကို အစီရင်ခံ အသိပေးဖို့ ဘယ်လို လုပ်မှာလဲ။ တကယ်လို့ သူတို့ ထုတ်ဖော် အသိပေးတယ် ဆိုရင်တောင်မှ အဲဒါတွေက လက်ရှိ ထုတ်ပြန်လိုက်တဲ့ ဥပေဒေအရ တရားဝင် ဖြစ်နေတာလေ" ဟု တရုတ် နိုင်ငံရေးနှင့် ဥပဒေ တက္ကသိုလ်၏ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အင်စတီကျုမှ ပါမောက္ခ Yang Yang က ပြောသည်။

အစိုးရက လာဘ်စားမှု တိုက်ဖျက်ရေးတွေ လုပ်နေသည် ဟူသော အချက်ကို ထုတ်ဖော် ပြသလိုသည့် သဘောသာ ဖြစ်ကြောင်း မစ္စတာ Yang Yang က ပြောသည်။ သို့သော် ယခု ဥပဒေ စည်းမျဉ်း စည်းကမ်းသစ်ကြောင့် ကန့်သတ်မှု ပါသော ထိရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ "တကယ်လို့ ဥပဒေအရ ပိုင်ဆိုင်မှုတွေကို အစီရင်ခံစာမှာ ဖြည့်စွက် ရေးသားရပြီပဲ ထားပါတော့။ ဘယ်သူမှ အဲဒီ ကြေညာချက်တွေကို စစ်ဆေးမှာ မဟုတ်ဘူး။ အဲဒါတွေကို ရိုးရိုးသားသားနဲ့ ဖြည့်စွက်မယ့်သူ ဆိုတာလည်း အင်မတန် ရှားပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုရုံးနှင့် တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရက ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုကို ပြုံးယမ်း အစိုးရက စီမံအုပ်ချုပ်ရေး ကိစ္စ ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ပြီး အဆိုပါ ကိစ္စ ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမို တင်းမာလာသည်။

တွေ့ဆုံ ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲထားသော Panmunjom ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးမှုမျိုး ဖြစ်ပေါ်လာရန် ယခု ဆွေးနွေးမှုကို ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ညွှန်ကြားမှုရုံး အဆိုအရ မြောက်ကိုရီးယားက ဆွေးနွေးမှုကို ရွှေ့ဆိုင်း လိုက်သော်လည်း မည်သည့် နေ့ရက်တွင် ပြုလုပ်နိုင်သည် ဟူသော ကိစ္စကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဟု ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ ဆိုးရွားသွားသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး ရပ်ဆိုင်းမှုကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားနှင့် ရှိထားသော အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ထားသည်။

ကုလ လုံခြုံရေး ကောင်စီ၏ ကြေညာချက်တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယား၏ လုပ်ဆောင်မှုများကို ချီးမွမ်း ရေးသားထားသည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံအပေါ် ပြစ်တင် ရှုတ်ချထားခြင်း မရှိပေ။ သတင်းထောက်များ အဆိုအရ လုံခြုံရေးကောင်စီ ကြေညာချက်သည် တရုတ်နိုင်ငံ၏ ထောက်ပံ့မှု ရရှိရေး အလို့ငှာ ထုတ်ပြန်သည့် သဘောမျိုး ဖြစ်ကြောင်း သိရသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Independent, 12th July 2010

အနှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် ကျင်းပရန် ကတိပေးထားသော်လည်း ရက် မသတ်မှတ် ရသေးသည့် အထွေထွေ ရွေးကောက်ပွဲများ၏ အကြိုကာလတွင် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ ယူနီဖောင်းဝတ် အစိုးရ ဝန်ကြီးများအား စစ်တပ်မှ နုတ်ထွက်ရန် အမိန့်ပေးခဲ့ခြင်းဖြင့် အန္တရာယ် များသော အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့သည်။

အစိုးရ အာဘော် New Light of Myanmar သတင်းစာ ရှေ့မျက်နှာဖုံးတွင် နေရာ ယူထားသော အဆိုပါ ဗိုလ်ချုပ်များသည် ငါးပုဇွန် အအေးခန်း စက်ရုံများ၊ ရေလှောင်တမံများကို စစ်ဆေးနေဆဲ နိုင်ငံကို အုပ်ချုပ်နေဆဲ ဖြစ်၍ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်နှင့် ဆင်တူသော အရာပင် အလှမ်း ဝေးလွန်းနေဆဲ ဖြစ်သည်။

သို့သော်လည်း တွေ့ရသည့် မြင်ကွင်းမှာမူ ပြောင်းလဲသွားလိမ့်မည်။ ဝန်ကြီးများသည် မြန်မာ့ရိုးရာ လုံချည်ကို ဝတ်ဆင်ကြလိမ့်မည်။ ၎င်းတို့အတွက် အရေးကြီးသည်မှာ စစ်အုပ်ချုပ်ရေး နှစ် ၅၀ သက်တမ်းရှိ နိုင်ငံတစ်ခုတွင် စစ်တပ်၏ အထူးအခွင့်အရေး၊ အဆင့်အတန်း၊ လေးစားမှုများကိုမူ ဆက်လက် ခံစားနိုင်တော့မည် မဟုတ်ခြင်းပင် ဖြစ်သည်။

ဤနေရာတွင် ပြဿနာ ရှိနေသည်ဟု ပြည်ပြေး မြန်မာ သတင်းဝက်ဘ်ဆိုက် ဧရာဝတီက မှန်းဆထားသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ လက်အောက် ငယ်သားများထဲမှ ပုန်ကန်နိုင်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဧရာဝတီက ယခင် အပတ်က အခိုင်အမာ ပြောကြားခဲ့သည်။ "သူ့ရဲ့ အစိုးရ အဖွဲ့ဝန်ကြီးတွေ ကြားမှာ မကျေနပ်တဲ့ လက္ခဏာတွေ ကြီးထွားနေပါတယ်။ သူတို့ရဲ့ ဘော့စ်က သစ္စာ ဖောက်တာကို ခံရတယ်လို့ ယူဆနေကြတယ်" ဟု ဆိုသည်။

"ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မြန်မာနိုင်ငံမှာတော့ စစ်ယူနီဖောင်း ဆိုတာ အာဏာရဲ့ သင်္ကေတပါပဲ။ ဒါကို ဝတ်ထားသူက မဝတ်တဲ့သူထက် အမြဲတမ်း ပိုဦးစားပေးခံရမယ်။ လေးစားခံရမယ်။ တခြားသူတွေရဲ့ ပူးပေါင်း ကူညီမှုကို အလွယ်တကူ မျှော်လင့်နိုင်မယ်၊ ဒီအခွင့်ထူးတွေကို ရုတ်တရက် သူတို့ ဆုံးရှုံးရတော့မယ်လေ" ဟု သတင်းဌာနက မှတ်ချက်ပေးသည်။

စစ်တပ်မှ နုတ်ထွက်ခြင်းဖြင့် အဆိုပါ ဝန်ကြီးများသည် လွှတ်တော်သစ်တွင် နေရာ ဖယ်ထားသော စစ်တပ်ဝေစု ၂၅ % တွင် မပါဝင်တော့ဟု ဆိုလိုရာ ရောက်သည်။ "အခုတော့ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်ရတော့မယ်။ တပ်ချုပ်ကြီးက နောက်ကွယ်ကနေ ညစ်တီးညစ်ပတ် နည်းလမ်းတွေနဲ့ သူတို့ကို မပံ့ပိုးပေးဘူး ဆိုရင် သူတို့ ရှုံးမှာ သေချာပါတယ်။ ဒါဆိုရင် သူတို့ တစ်ခါတည်း မြောင်းထဲ ရောက်သွားပြီပေါ့" ဟု ဧရာဝတီ ဆောင်းပါးရှင် ဗမာကြီးက ထောက်ပြသည်။

မြန်မာ လူဦးရေ သန်း ၅၀ ကို ၁၈ နှစ် အုပ်ချုပ်ခဲ့သော ပြည်ပ စာနယ်ဇင်းများက ကင်ဂျုံအီးနှင့် ရောဘတ် မူဂါဘီ ပြီးလျှင် ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်ဟု သတ်မှတ်ခြင်း ခံရသော အသက် ၇၇ နှစ်ရှိ စစ်သားအိုသည် ၎င်း၏ စစ်အာဏာရှင် စနစ်ကို အရာဖက် အုပ်ချုပ်ရေးစနစ် အဖြစ် အမည်ပြောင်းရန် ကြိုးစားလျက် ရှိရာတွင် အဓိက စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

ပိတ်ကားထက်မှ ဆင်း၍ အာဏာကို ဆက်လက် ချုပ်ကိုင်ရန် ကြိုးစားနေသော ဗိုလ်ချုပ်မှူးကြီးမှာ ခက်ခဲသော စမ်းသပ်မှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ဗိုလ်ချုပ်မှူးကြီး၏ အမိန့်ဖြင့် မြေးများ ထောင်ကျကာ ၎င်းကိုယ်တိုင် အင်းလျားကန်စောင်း စံအိမ်တွင် သော့ခတ်ခံ ဘဝဖြင့် ဘဝကို အဆုံးသတ်သွားခဲ့ရသော ဗိုလ်ချုပ်မှူးကြီး၏ နောက်ဆုံး ဆရာ ဦးနေဝင်း (အာဏာရှင် ၁၉၆၂-၁၉၈၈) ကဲ့သို့ မကြုံရလေအောင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တိုင်းပြည်မှ သူ ပြောင်ယူထားသော သန်းထောင်ချီသော ပိုက်ဆံများကို သုံးဖြုန်းရင်း ဘဝလက်ကျန် နေ့ရက်များကို မည်သို့ နေထိုင်သွားမည်နည်း။

"Burma တိန့်ရှောက်ဖိန်" ဟု တရုတ်က ချီးကျူးခဲ့ပြီး နောက်ပိုင်းတွင် လွတ်မြောက်ရန် အလားအလာ မရှိ၊ နေအိမ် အကျယ်ချုပ် ကျခံနေရသော စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ကံကြမ္မာမျိုး မကြုံရလေအောင် မည်သို့ ရှောင်ရှားမည်နည်း။

လာမည့် အပတ် လန်ဒန်တွင် ဖြန့်ချီမည့် "Than Shwe: Unmasking Burma's Tyrant မြန်မာ့ အာဏာရှင်၏ မျက်နှာဖုံးကို ခွာကြည့်ခြင်း" အမည်ရှိ ပထမဆုံး အတ္ထုပတ္တိ စာအုပ်ကို ရေးသားသူ Benedict Rogers က "ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာပြီး ၂ နှစ် ကြာသည် အထိ ကျင်းပမည့် ရက်ကို မသတ်မှတ်သေးခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ ၎င်း၏ လုံခြုံမှု အပေါ် ရုတ်တရက် စိုးရိမ်ပူပန် လာသောကြောင့် ဖြစ်သည်" ဟု ပြောကြားသည်။

"သူ့အနေနဲ့ နောက်ကွယ်ကနေ အာဏာကို ချုပ်ကိုင်နိုင်ဖို့ အတွက် အားလုံးကို အပိုင် ချည်ပြီးသား ဆိုတာကို သေချာအောင် လုပ်ချင်တာပါ။ ဘဲတွေ အားလုံး ခြံထဲကို သေချာ သွင်းပြီးတဲ့ အထိ ရွေးကောက်ပွဲ ရက်ကို မသတ်မှတ်သေးဘဲ စောင့်နေတာပေါ့။ သူက အမတ်လောင်းတွေကိုလည်း မဲဆွယ်ချိန် မပေးချင်ဘူးလေ" ဟု သုံးသပ်ပြသူ Benedict Rogers သည် Christian Solidarity Worldwide မှ လူ့အခွင့်အရေး ထောက်ခံ လှုပ်ရှားသူ ဖြစ်သည်။

မြန်မာနိုင်ငံ မြို့တော်ကို ရန်ကုန်မှ မြန်မာပြည် အလယ်ပိုင်း ပူပြင်းသော၊ ငှက်ဖျားပေါသော၊ ငလျင်ကြော မလွတ်သော၊ ကျတ်တီးကုန်း ဒေသသို့ ပြောင်းရွှေ့ခဲ့ခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ သက်တမ်း တလျှောက် လျှို့ဝှက်သော၊ သံသယကြီးသော အတွေးဖြင့် ချမှတ်ခဲ့သည့် အဆိုးဝါးဆုံး ဆုံးဖြတ်ချက် တစ်ခု ဖြစ်၍ အကောင်း၊ အဆိုး တစ်ခုခု ဖြစ်နိုင်သလို ၎င်းကို အမြဲတမ်း မမေ့နိုင်မည့် ကိစ္စတစ်ခု ဖြစ်သည်။

တပ်မတော်၏ စစ်ရုံး ဌာနချုပ်ကို ရန်ကုန်မှ ရွှေ့ပြောင်းမည့် အကြံဥာဏ်သည် နှစ်အတန်ကြာကပင် သတင်း ပြန့်နေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ် ထိန်းသိမ်းခံရစဉ် ၁၉၉၄ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးနှင့် အချည်းနှီး တွေ့ဆုံမှုများ ပြုလုပ်ခဲ့ချိန်၌ ဗိုလ်ချုပ်မှူးကြီးက သူမအား ထုတ်ပြောခဲ့ဖွယ် ရှိသည်။ နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တော်လှန် ပုန်ကန်မှု များစွာနှင့် ရင်ဆိုင်နေရသော တပ်မတော် အတွက် ရန်ကုန်သည် တောင်ဘက် ကျလွန်းသောကြောင့် နိုင်ငံ၏ အလယ်ဗဟိုတွင် အခြေပြုရန် မဟာဗျူဟာအရ တွေးခေါ်ခဲ့ခြင်း ဖြစ်ပုံရသည်။

သို့ရာတွင် ပြင်ပသို့ သတင်း မပေါက်ကြားစေဘဲ ပိုမို ကြီးမားသော အစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီးက ချမှတ်ခဲ့သည်။ "အတိအကျ ပြောရရင် ၂၀၀၅ နိုဝင်ဘာ ၆ ရက် မနက် ၆း၃၇ မှာပါ။ ငါတို့သွားပြီဟေ့ လို့ အော်နေတဲ့ အစိုးရ ဝန်ထမ်း ရာပေါင်း များစွာဟာ ထရပ်ကားတွေနဲ့ ရန်ကုန်ကနေ ထွက်ခွာသွားကြပါတယ်။ နောက် ၅ ရက် ကြာတဲ့အခါ တပ်ရင်း ၁၁ ရင်း၊ ဝန်ကြီးဌာန ၁၁ ခုကို တင်ဆောင်ထားတဲ့ စစ်ထရပ်ကား ၁၁၀၀ ဟာ ဒုတိယအသုတ် အနေနဲ့ ရန်ကုန်က ထွက်ခွာခဲ့ပါတယ်။ နိုင်ငံရဲ့ မြို့တော်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ ဗေဒင် ယတြာတွေရဲ့ လွှမ်းမိုးမှုကြောင့်ပါ။ ဒီနေ့ ဒီရက် ဒီအချိန်မှာ ပြောင်းမယ် ဆိုတာကို ဗိုလ်ချုပ်မှူးကြီးက အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ၂ ရက် လောက်ပဲ ကြိုအသိပေးခဲ့တာပါ" ဟု Benedict Rogers က ရေးသားထားသည်။

ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြိုက် ရှေးခေတ် ပဒေသရာဇ်တို့၏ ရုပ်ထုကြီးများဖြင့် ထင်ရှားသော၊ ဘုရင်တို့ စံပျော်ရာဟု အဓိပ္ပာယ် ထွက်သော နေပြည်တော်သည် ၎င်းအတွက် သမိုင်းဝင် နေရာတစ်ခု ဖြစ်လာဖွယ် ရှိသည်။ "ရောက်ဖူးသမျှထဲမှာ အဆိုးဆုံး နေရာတစ်ခုပါ။ ကန္တာရဆူး တောထဲမှာ အဆောက်အအုံတွေကို ဟိုတစ်စု၊ ဒီတစ်ခု တည်ထားတယ်။ ဒါပေမယ့် ပြန့်တယ်ဆိုရုံ၊ အဆောက်အဦး တစ်ခုနဲ့ တစ်ခု ၃ ကီလိုမီတာလောက်ပဲ ဝေးတယ်။ ပစ်မှတ်တွေ ပြန့်ကျဲနေတော့ ဗုံးထိဖို့ မလွယ်ဘူးလို့ပဲ တစ်ယောက်ယောက်က ထင်ကြေးပေးနိုင်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ယခင် ဗြိတိန် သံအမတ်ကြီး Mark Conning က ပြောဆိုသည်။ "သူက ဘုရင် ဆိုပေမယ့် အရာရာကို ကြောက်နေရတယ်လေ။ ဒီမှာ သူ့အတွက် လုံခြုံလိမ့်မယ်လို့ ထင်ပုံ ရပါတယ်" ဟု ဒေသခံ တစ်ဦးက နိုင်ငံခြား သတင်းထောက် တစ်ဦးကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် တစ်ခါက ပြောခဲ့ဖူးသော ကြောက်ရွံ့ခြင်းနှင့် ပတ်သက်သည့် သဘောတရားကို နေပြည်တော်က ပြယုဂ်အဖြစ် ထင်ဟပ်နေသည်။ "ဒါဟာ အာဏာ မဟုတ်ပါဘူး။ အကျင့်ပျက်သွားတာပါ။ ဒါပေမယ့် ကြောက်စရာ ကောင်းတယ်။ အာဏာ ဆုံးရှုံးမှာကို ကြောက်တဲ့စိတ်ဟာ အာဏာ ချုပ်ကိုင်ထားတဲ့ လူတွေကို အကျင့်ပျက်စေပါတယ်။ အာဏာ ကြာပွတ်ကို ကြောက်ရွံ့စိတ်ဟာလည်း ဒီအာဏာ အောက်မှာ နေရသူတွေကို အကျင့်ပျက် သွားစေပါတယ်။ ကြောက်ရွံ့ခြင်းဟာ လူကို တဖြည်းဖြည်း ပိတ်ဆို့ မွန်းကျပ်စေပြီး၊ အမှန်နဲ့အမှား စဉ်းစား နားလည်နိုင်မှု အားလုံးကို ဖျက်ဆီးလိုက်ပါတယ်" ဟု သူမ ပထမအကြိမ် အကျယ်ချုပ် ကျစဉ် ၁၉၉၀ တွင် ရေးသားခဲ့သည်။

ကြောက်ရွံ့ခြင်း လွှမ်းမိုးသော စနစ်တစ်ခုက သာလျှင် ဗိုလ်ချုပ်မှူးကြီးလို လူမျိုးကို ထိပ်ဆုံး ရောက်စေနိုင်သည်။ အကြောင်းမှာ သူ့ဘဝ သက်တမ်းတလျှောက် အဖိနှိပ်ခံ ဘဝဖြင့်သာ ကြီးပြင်းခဲ့ပြီး အောင်မြင်ရန် မျှော်လင့်ချက်၊ ရည်မှန်းချက် မရှိသည့် အားလျော်စွာ အပြစ်တင်၍ မရသော ရွက်ကြမ်းရေကြို အဆင့် လူသာမန် တစ်ယောက်သာ ဖြစ်နေ၍ ဖြစ်သည်။ သူသည် ထိပ်ဆုံးသို့ ရုတ်တရက် မရောက်ခင်အထိ ကြောက်ရွံ့မှုကို မလှုံ့ဆော်နိုင်သူ တစ်ဦးသာ ဖြစ်ခဲ့ပြီး ယခုအချိန်တွင်မူ သူ၏ တိုင်းပြည်ကို သူ့အာဏာ လက်အောက်တွင် နှစ် ၂၀ ခန့် ချုပ်ကိုင်ထားခဲ့ပြီ ဖြစ်သည်။

၎င်းနှင့် ဆက်ဆံဖူးသော သူများ၏ မှတ်ချက်များမှာ တစ်ပုံစံတည်း ဖြစ်ပြီး မြှောက်ပင့်ထားခြင်း မရှိဘဲ "ပုပု၊ ဝဝ နဲ့ အသံသြဇာ မရှိပါဘူး" ဟု တစ်ယောက်က ဆိုသည်။ နောက်တစ်ယောက်က "ကြည့်ရတာ ပျင်းရိပျင်းတွဲကြီးပါဗျာ" ဟု ပြောသည်။ အချို့ကလည်း "ထင်ရှားတဲ့ ဥပဓိရုပ် မရှိဘူး" ၊ "ကျွန်တော်တို့ ခေါင်းဆောင်က အတော့်ကို ပညာနည်းတဲ့ လူပါ" ၊ "ထက်မြက် သွက်လက်တဲ့ စစ်သားတွေ အများကြီး ရှိပေမယ့် အဲဒီထဲမှာ သူမပါဘူး" ၊ "ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက်ပါ" စသဖြင့် အမျိုးမျိုး သုံးသပ်ကြသည်။ ကမ္ဘာဘဏ် အရာရှိဟောင်း တစ်ဦး၏ မှတ်ချက်မှာ အနီးစပ်ဆုံး ချီးမွမ်းခံရခြင်း ဖြစ်သည်။ "မြေခွေးအိုကြီး တစ်ကောင်နဲ့ တူတဲ့လူပါ" တဲ့။

၁၉၃၃ တွင် မြန်မာပြည် အလယ်ပိုင်း ကျောက်ဆည်၌ မွေးဖွားခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရှေ့တန်း စစ်မြေပြင် အောင်မြင်မှု စွမ်းဆောင်ချက်များ မရှိသော်လည်း တိတ်တိတ် ဆိတ်ဆိတ်ဖြင့် ရာထူး တက်လာခဲ့သည်မှာ ၁၉၈၈ ဇူလိုင်လ၌ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည့် အချိန်အထိပင် ဖြစ်သည်။ ထိုအချိန်သည် ခေတ်သစ် သမိုင်းတွင် အကြီးမားဆုံး လူထု တော်လှန်ရေး ကာလအတွင်း ဖြစ်၍ တပ်မတော် အတွက် အန္တရာယ် အကြီးဆုံး ကာလ ဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်း စစ်တပ်က အာဏာ သိမ်းခဲ့သည်မှာ ယခု အချိန်ထိ ဖြစ်သည်။

၁၉၉၀ တွင် သူသည် ဟိုမရောက် ဒီမရောက် မရေရာသူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင် ဂေါက်သီးပြိုင်ပွဲ တစ်ခုတွင် လက်အောက် ဗိုလ်ချုပ်များအား ပစ္စတိုဖြင့် ထုတ်ချိန်ကာ ရူးသွပ်သွားခဲ့ပြီးနောက် ရာထူးမှ လုံးဝ နုတ်ထွက်သွားခဲ့သည်။ ထို့နောက်တွင် စစ်တိုင်းမှူး အတွေ့အကြုံ မရှိသော၊ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် လက်ခံနိုင်မည့် အခွင့်အရေး မရှိသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်နှင့် ဗိုလ်ချုပ်ကြီးသန်းရွှေတို့ အကြား ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်သည်လည်း စစ်အသိုင်းအဝိုင်းမှ လွှင့်ပစ်ခြင်း ခံရကာ ဘဝ ဇာတ်သိမ်းကို စောင့်နေရသူ ဖြစ်နေလေပြီ။ "မြန်မာနိုင်ငံက ထောက်လှမ်းရေး အကြီးအကဲတိုင်းဟာ မရှုမလှ ဇာတ်သိမ်းရတာ ချည်းပါပဲ" ဟု သံအမတ်ဟောင်း တစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သာမန် အရည်အသွေးသည် သူ့အပေါ် အနောက်နိုင်ငံတို့ အမြင်ကို သက်ရောက်မှု ဖြစ်စေခဲ့သည်။ သူ့အား အလွယ်တကူ လျှော့တွက်ခဲ့ကြသည်။ "သူသည် အချိန်ကို ကောင်းစွာ အသုံးချ ကစားတတ်သူ ဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအား များလာသည့် အချိန်တွင် ဟန့်တားရန် အတွက် အလျှော့ပေးသည် ဆိုရုံမျှ ကမ်းလှမ်းကာ ၎င်း၏ စွမ်းရည်ကို ပြတတ်သည်။ ထို့နောက် ဖိအား လျော့သွားသည့် အချိန်တွင် ၎င်းပေးထားသော ကတိများကို တိတ်တဆိတ် ဖျက်သိမ်း နောက်ဆုတ်သွားတတ်သည်" ဟု Benedict Rogers က ထောက်ပြသည်။

တစ်ချိန်တည်းတွင် ၎င်း၏ အရင် ခေါင်းဆောင် ဦးနေဝင်း ချမှတ်ခဲ့သော လမ်းကြောင်းကို ဆက်၍ လျှောက်သည်။ တပ်မတော်၏ အရွယ်အစားကို ကြီးမားစွာ တိုးချဲ့ခြင်း ဖြစ်သည်။ ယခုအခါ စစ်တပ်ထဲတွင် ကလေးသူငယ် စစ်သား ထောင်ပေါင်းများစွာ ပါဝင် အမှုထမ်းနေပြီး ကရင်နှင့် အခြား တိုင်းရင်းသားများ အပေါ်တွင်လည်း အစု အပြုံလိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်သော အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေသည်။

၂၀၀၀ မှ ၂၀၀၈ အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးအရာရှိ အဖြစ် တာဝန်ယူခဲ့သူ Sergio Pinheiro က ၂၀၀၉ ခုနှစ်တွင် "မြန်မာ စစ်တပ်သည် လွန်ခဲ့သည့် ၁၅ နှစ် အတွင်း ကျေးရွာပေါင်း ၃၃၀၀ ကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး တိုင်းရင်းသား အုပ်စုများကို သိမ်းသွင်းရန် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေသည်" ဟု ရေးသားခဲ့သည်။ တစ်ချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာ အရပ်ဖက် ပြည်သူများကို မျှော်လင့်ခြင်း ကင်းမဲ့မှုနှင့် ဆင်းရဲခြင်း တွင်းနက်တွင် ပစ်ထားခဲ့သည်။ စစ်အုပ်ချုပ်ရေး ဆက်လက် တည်မြဲရန် ရည်ရွယ်သော ၎င်းတွန်းအား ပေးနေသည့် ပြုပြင် ပြောင်းလဲမှုသည် မည်သူကိုမျှ တပတ်ရိုက်နိုင်မည် မဟုတ်ပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် ၎င်းနှင့် ထိုက်တန်သော ပေးဆပ်မှုများဖြင့် ကျဆုံးမည့် အချိန်မှာ အနှေးနှင့် အမြန် မဝေးတော့ဟု မှန်းဆလျှင် မှားမည် မထင်ပါ။ ဤဇာတ်ညွှန်းသည် ၎င်း ခပ်ပြင်းပြင်း ကန်ထုတ်ခဲ့သော ၎င်း၏ လက်အောက် ငယ်သားများထံမှ ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်ရောက်လျှင် တပ်မတော်သည် ၎င်းအား ဘုရားထူး၊ အရိုသေခံ ဘဝဖြင့် လုံးဝ ထားလိမ့်မည် မဟုတ်ချေ။ ထိုအခါတွင် လူမှုဘဝ သက်သာသော ရန်ကုန်မှ မဲဇာရောက် အပူဒဏ် ခံရေသော နေပြည်တော်ရောက် အရပ်ဖက် ဝန်ထမ်းများကလည်း သက်ဆိုင်သော နေရာမှ ပါဝင် ကပြကြလိမ့်မည်။ ထို့အပြင် ၂၀၀၇ ခုနှစ်က ၎င်း မိုက်မဲစွာ အပေါ်စီးမှ နေကာ၊ နှစ်သိမ့် လိုက်လျောရန် ငြင်းဆန်ခဲ့သော ဘုန်းကြီးများမှာလည်း ကဏ္ဍတစ်ခုမှ ပါဝင်ကြလိမ့်မည်။

သို့သော်လည်း ၎င်း၏ အဆုံးစွန် ကျဆုံးခန်းသို့ ရောက်နေသည့် တိုင်အောင် ၎င်း၏ နေရာကို သိသိသာသာ ပိုမို ကောင်းမွန်သော တစ်စုံတစ်ယောက်က အစားထိုး နေရာ ယူလိမ့်မည်ဟု ခန့်မှန်းရန် အတွက် သင်သည် အလွန် ရဲဝံ့သော အကောင်းမြင် သမား တစ်ယောက် ဖြစ်ရန် လိုအပ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, 13th July 2010

ထိုင်း-မြန်မာ ကူးသန်း ရောင်းဝယ်ရေး အတွက် အဓိကကျသော ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားအား မြန်မာ အာဏာပိုင်များက အင်္ဂါနေ့ အထိ ပိတ်ထားလိုက်သည်။ မြန်မာနိုင်ငံမှ သော်လည်းကောင်၊ နိုင်ငံတွင်းသို့ သော်လည်းကောင်း ပစ္စည်းများ ရောင်းဝယ်ခြင်းကို ခွင့်မပြုပါ။ အကြောင်းရင်းမှာ သံလွင်မြစ်တွင် မြစ်ကမ်း တိုက်စားမှု အတွက် ထိုင်းနိုင်ငံ၏ မြေထိန်းနံရံ ဆောက်လုပ်မှု စီမံကိန်းကို သပိတ်မှောက်သည့် အနေဖြင့် ပိတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

တာဝန်ရှိသူများက တံတားကို မည်သည့် အချိန်တွင် ပြန်ဖွင့်ရမည် ဆိုသည်ကို မသိသေးကြောင်း ပြောသည်။ တံတား ပိတ်ထားမှုကြောင့် နှစ်ဖက်စလုံးတွင် စီးပွားရေး အရ များစွာ နစ်နာလျက် ရှိသည်။

"မြန်မာအစိုးရ တာဝန်ရှိသူတွေက တံတားပေါ်မှာ ခြေလျင် လျှောက်သူကိုသာ ခွင့်ပြုတယ်'' ဟု အဆိုပါ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် တာဝန်ကျသူ ထိုင်း အကောက်ခွန် တာဝန်ရှိ ပုဂ္ဂိုလ်က ပြောသည်။ "သူတို့က ဘာပစ္စည်းမှ သယ်ခွင့်မပြုဘူး။ ဘာကြောင့်မှန်း အခုထိ မသိသေးဘူး'' ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း သတင်းဋ္ဌာန၏ အဆိုအရ မြန်မာ အာဏာပိုင်များက ထိုင်းနိုင်ငံ၏ မြစ်ကမ်း တိုက်စားမှု ကာကွယ်ရေး အတွက် တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်လျက် ရှိကြောင်း၊ ထိုစီမံကိန်းကြောင့် ရေစီးကြောင်း ပြောင်းသွားပြီး၊ မြန်မာနိုင်ငံဖက်ရှိ မြစ်မှာ တိမ်ကော သွားနေကြောင်း ကန့်ကွက်သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Earth Rights International, 13th July 2010

Earth Rights International သည် ဇူလိုင်လ (၅)ရက်နေ့က ပဲရစ်မြို့တွင် Total၊ Chevron နှင့် PTTEP တို့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဘဏ္ဍာရေး ဆိုင်ရာ လျှို့ဝှက်မှုများနှင့် နျူကလီယာ ပြန့်ပွားရေး တို့အတွက် မည်သို့ ပါဝင်နေသည် ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် နာမည်ဆိုး ရှိပြီး ဖိနှိပ်သော အာဏာရှင် အစိုးရ၏ တစ်ခုတည်းသော အကြီးဆုံး ဝင်ငွေရသည့် ရတနာ သဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ပြင်သစ်မှ Total၊ အမေရိကန်မှ Chevron နှင့် ထိုင်းနိုင်ငံမှ PTTEP တို့သည် ၁၉၉၈ ခုနှစ်မှ စ၍ ဒေါ်လာ (၉) ဘီလီယံခန့် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် စီမံကိန်းကြီး တစ်ခုလုံး ဝင်ငွေ၏ တစ်ဝက်ကျော်ကျော် ဒေါ်လာ (၅) ဘီလီယံသည် စစ်အစိုးရ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားကြောင်း အထောက်အထားများနှင့် ထိုကုမ္ပဏီများက စစ်အစိုးရသို့ ပေးငွေများအပေါ် ထုတ်ဖော်ရန် ငြင်းဆိုမှုများကို ဖော်ပြထားသည်။ အစီရင်ခံစာတွင် စွပ်စွဲထားရာ၌ အဆိုပါ ငွေများသည် ပဒေသရာဇ် ဆန်ဆန် အုပ်ချုပ်သော အစိုးရအား အာဏာ ဆက်လက် ထိန်းသိမ်းထားနိုင်ရန်နှင့် မြောက်ကိုးရီးယားနှင့် ပေါင်း၍ ဈေးကြီးသော နျူကလီယာ လက်နက်နှင့် အခြား တရားမဝင် လက်နက်များ ရောင်းဝယ် လာစေနိုင်သဖြင့် ပြည်တွင်းရော ဒေသတွင်းမှာပါ လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် Earth Rights International က အတည်ပြု ပြောကြားထားရာတွင် သဘာဝဓါတ်ငွေ့များမှ ရသော ငွေများကို နိုင်ငံရပ်ခြားရှိ ပုဂ္ဂလိကဘဏ်များတွင် စာရင်းဖွင့် ထားရှိပြီး၊ နျူကလီယာနှင့် ဒုံးကျည်လက်နက် စသည့် တရားမဝင် ကိစ္စများတွင် အလွယ်တကူ အသုံးပြုနိုင်ရန် ပြုလုပ်ထားသည် ဆိုသည်။ ၂၀၀၉ ခုနှစ်ကလည်း Earth Rights International က စင်ကာပူရှိ ဘဏ်နှစ်ခုတွင် မြန်မာဗိုလ်ချုပ်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝ ဓါတ်ငွေ့များမှ ညစ်ပတ်စွာရရှိထားသော ငွေများ အပ်နှံထားသည်ဟု ဖော်ပြခဲ့ဖူးသည်။ ထိုဘဏ်များမှာ စင်ကာပူမှ Overseas China Banking Corporation (OCBC) နှင့် DBS အုပ်စုများ ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း၊ အဆိုပါ ဘဏ်များက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

အစီရင်ခံစာတွင် လက်ရှိ ဖြစ်နေသော ရတနာ ဓါတ်ငွေ့ စီမံကိန်းနှင့် ဆက်နွယ်ပြီး ဖြစ်နေသော စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ထားသည်။ ယခုနှစ် ဖေဖော်ဝါရီလက ပိုက်လိုင်း ဧရိယာတွင် မွန်ရွာသားနှစ်ဦးအား ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းကိုလည်း အတည်ပြုထားသည်။ အစီရင်ခံစာတွင် Total နှင့် Chevron တို့၏ အဆိုပါ ချိုးဖောက်မှု အတွက် တာဝန်ရှိပုံနှင့် ၎င်းတို့၏ မိခင် တိုင်းပြည်များတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို သရုပ်ခွဲ၍ ဖော်ပြထားသည်။

Earth Rights International သည် ယခင်က Unocal ကော်ပိုရေးရှင်း ( ယခု Chevron) အား အဆိုပါ ပိုက်လိုင်းဒေသတွင် လူသတ်မှု၊ အဓမ္မကျင့်မှု၊ ညှင်းပန်း နှိပ်စက်မှုနှင့် အဓမ္မ လုပ်အား ပေးစေမှုများတွင် ပါဝင် ပတ်သက်မှု အတွက် တရားစွဲခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ်က Chevron မဝယ်ယူမီက Unocal သည် ကျေအေးမှု အတွက် မြန်မာအစိုးရ ဥပဒေ အကျိုးဆောင်အား လာဘ်ပေးခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 13th July 2010

ရွေးကောက်ပွဲ မတိုင်မီ အစိုးရ ဆန့်ကျင်သူများအား စစ်အစိုးရ၏ ချေမှုန်းမှုများကြောင့် ထောင်ပေါင်းများစွာသော မြန်မာများ ထွက်ပြေးလျက် ရှိသဖြင့် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဝေးလံသော နေရာမှ သြစတြေးလျ စသည့် နိုင်ငံများသည် ထွက်ပြေးလာရသော ဒုက္ခသည်များအား နွေးထွေးစွာ ကြိုဆိုလျက် ရှိသည်။ 

လူ့အခွင့်အရေး အုပ်စုများက ပြောကြားရာတွင် ရွေးကောက်ပွဲ မတိုင်မီ မြန်မာအစိုးရ၏ တိုင်းရင်းသားများ အပေါ် နှိပ်ကွပ်မှုများကြောင့် ထောင်ပေါင်းများစွာသော သူများအား ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

ထိုအထဲတွင် မွတ်ဆလင် အများဆုံး ဖြစ်သည်။ သို့သော် မလေးရှား လူ့အခွင့်အရေး အဖွဲ့ ဖြစ်သော Suaram မှ ဒုက္ခသည် ညှိနှိုင်းရေးမှူး Temme Lee က ပြောကြားရာတွင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူများတွင် ကချင်၊ ကရင် နှင့် ချင်းတိုင်းရင်းသားများလည်း ပါဝင်ကြောင်း ပြောခဲ့သည်။

သူမက ပြောကြားရာတွင် မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား အဖွဲ့အစည်းများအား အစိုးရ၏ နယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းရန် တောင်းဆိုလျက် ရှိပြီး၊ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ အဖြစ် အပြန်အလှန်အားဖြင့် ပြန်ပေးမည်ဟု ဆိုသည်။

ထွက်ပြေးလာသူများတွင် အသက် (၁၇) နှစ်ရှိ Hamid bin Hatin လည်း ပါဝင်သည်။ သူအား မြန်မာစစ်တပ်က သူ့အိမ်ရှိရာ ရခိုင်ပြည်နယ်မှ ဝေးရာနေရာတွင် အလုပ်ကြမ်းလုပ်ရန် စေခိုင်းခဲ့သည်ဟု ဆိုသည်။

၎င်းသည် ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံသို့ လာရောက်ကရန် ပွဲစားအား ဒေါ်လာ (၁၀၀၀) ခန့် ပေးခဲ့ရသည် ဟုဆိုသည်။ မလေးရှားတွင် ၎င်းသည် ထောင်ထဲရှိ သမံတလင်းပေါ်တွင်သာ နှစ်လခန့် အိပ်နေရပြီး၊ အရိုက်လည်း ခံရသည်ဟု ဆိုသည်။

"ကျွန်တော် မြန်မာပြည်က ထွက်ပြေးလာရတဲ့ အကြောင်းကတော့ မြန်မာ စစ်တပ်ဟာ လူငယ် လူရွယ်တွေကို ဇွတ်အတင်း တပ်ထဲသွင်းနေတယ်။ တပ်ထဲ ဝင်မိရင် သေတဲ့အထိပဲ။ မိဘဆွေမျိုးတွေနဲ့လည်း အဆက်အသွယ် ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ရော ကျွန်တော့် မိဘတွေရော စိုးရိမ်လာပြီး ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာ'' ဟု ၎င်းက ပြောသည်။

မြန်မာများသည် ထောင်နှင့် တူသော တရားမဝင် ဝင်ရောက်လာသူများ အားထားသော စခန်းများတွင် ကျပ်ကျပ်တည်းတည်း ထည့်သွင်းထားခြင်း ခံရသည်။ ထိုအထဲတွင် သြစတြေးလျရှိ Christmas ကျွန်းရှိစခန်းတွင် အာဖဂန် နစ္စတန်နှင့် သီရိလင်္ကာ လူမျိုးများ ပြီးလျှင် မြန်မာလူမျိုးများသည် တတိယ အများဆုံး ဖြစ်သည်။

မလေးရှား၊ အင်ဒိုနီးရှား နှင့် သြစတြေးလျ နိုင်ငံများတွင် တရားမဝင် ဝင်ရောက်လာသော လူများကို ထိန်းချုပ်ရန် ကြိုးစားမှု အသစ်များ ပြုလုပ်ခဲ့ရာ ရလဒ်အဖြစ် မလေးရှားနှင့် အင်ဒိုနီးရှားရှိ စခန်းများတွင် ဒုက္ခသည်များ သိသိသာသာ တိုးလာသည်ကို တွေ့ရသည်။

Lee ကဲ့သို့သော ဒုက္ခသည်များကို အကာအကွယ် ပေးနေသူများက ပြောကြားရာတွင် ယခုအချိန်သည် ရွှေ့ပြောင်းလာသူများကို မည်သို့ စောင့်ရှောက်မည်နည်း ဟုသာ ပြန်လည် သုံးသပ်ရန် အချိန် ဖြစ်ကြောင်း ဆိုခဲ့သည်။

"ခိုလှုံခွင့် တောင်းသူတွေဟာ ဖမ်းဆီးထားတဲ့ စခန်းတွေမှာပဲ လပေါင်းများစွာ ကုန်ဆုံးနေရတယ်။ သြစတြေးလျ အစိုးရကလည်း မလေးရှား အစိုးရပြောသလို လုံခြုံရေး ကိစ္စကိုပဲ အလေးပေး ပြောနေတာကတော့ သိပ်တော့ အဓိပ္ပာယ် မရှိလှဘူး။ ခိုလှုံခွင့် တောင်းသူနဲ့ ဒုက္ခသည်တွေကို အကာအကွယ် ပေးမယ် ဆိုတဲ့ ကိစ္စတွေကိုတော့ မပြောကြဘူး။ ဒီကိစ္စဟာ ပြဿနာရှင့်'' Lee က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီကြီး သုံးခုသည် နောင် ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် နေရာ ရရှိရေးအတွက် မဟာမိတ် ဖွဲ့ရန် အဆိုပြု ဆွေးနွေးခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက "ဒီမိုကရက်တစ် ပါတီတွေ အချင်းချင်း ယှဉ်ပြိုင်မှာ မဟုတ်သလို ဆန့်ကျင်ကြမှာလည်း မဟုတ်ပါဘူး" ဟု ပြောသည်။ NDF ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) မှ အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

NDF နှင့် မဟာမိတ် ဖွဲ့မည့် ပါတီများတွင် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) နှင့် ဒီမိုကရေစီ ပါတီတို့ ပါဝင်ပြီး အဆိုပါ ပါတီများမှာ အတိုက်အခံ မဟုတ်သကဲ့သို့ အစိုးရ လိုလားသူများလည်း မဟုတ်ပေ။ ၎င်းတို့ကို တတိယ အင်အားစု (Third Force) ဟု နိုင်ငံရေး လောကတွင် သတ်မှတ် ပြောဆိုလျက် ရှိကြသည်။ ထို့အတူ ရှမ်းအမျိုးသားများ ဒီမိုကရေစီ ပါတီ (SNDP)၊ ရခိုင်ပြည်နယ် တိုးတက်ရေး ပါတီနှင့် အခြား မွန်နှင့် ချင်းပါတီများလည်း အလားတူ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားကြကြောင်း သိရသည်။

"လွှတ်တော်မှာ ကွာဟတာတွေ၊ ထပ်နေတာတွေ အစရှိတာတွေ မဖြစ်ဖို့ တစ်ပါတီနဲ့ တစ်ပါတီ စေ့စပ် ညှိနှိုင်းသွားဖို့ အတွက် ကျွန်တော်တို့ သဘော တူညီမှု ရရှိထားပါပြီ။ ဒါပေမဲ့ ဥပဒေအရ ကျွန်တော်တို့ အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အဖြစ်နဲ့ပဲ လုပ်လို့ ရမှာပါ" ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူအနည်းစုကသာ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။ မြန်မာ စစ်အစိုးရ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိပေ။ လွှတ်တော် အမတ် နေရာ လေးပုံတစ်ပုံမှာလည်း စစ်တပ်အတွက်သာ ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီပေါင်း ၃၈ ခုခန့်မှာ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။ USDP သည် အစိုးရ ကျောထောက် နောက်ခံ ပေးမှု ရရှိထားရာ ရွေးကောက်ပွဲတွင် မလွဲမသွေ အနိုင်ယူလိမ့်မည်ဟု လေ့လာသူ အများစုက ပြောဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) မှ ဦးဖြိုးမင်းသိန်းက ပါလီမန် လွှတ်တော်သစ်တွင် ဖြစ်ပေါ်လာမည့် အရေးကိစ္စများကို အားလုံး အတူတကွ လက်တွဲပြီး အဖြေရှာနိုင်ပါက လွန်စွာ ကောင်းမွန်မည် ဖြစ်သည်ဟု ဆိုသည်။

"ရွေးကောက်ပွဲ ကော်မရှင်နဲ့ အဆက်အသွယ် လုပ်ထားဖို့လည်း ကျွန်တော်တို့တတွေ ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြောဖို့ လိုလာရင် ကျွန်တော်တို့တတွေ အချင်းချင်း ညှိနှိုင်းပြီးမှ တစ်သံတည်း ဖြစ်အောင် ပြောသွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဇွန်လတွင် ပါတီအဖြစ် ထူထောင်ခွင့် ပြုခဲ့သည်။ အမေရိကန် အစိုးရက NDF ကို ထူထောင်ခွင့် ပြုသည့် ကိစ္စ ရှိသော်ငြားလည်း ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိသေးကြောင်း သဘောထား ထုတ်ပြန်ထားသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 13th July 2010

မြန်မာနိုင်ငံတွင် ယခုနှစ် နှစ်ဝက်တွင် ဆန်တင်ပို့မှုမှာ တန် ၂၇၆၁၈၀ သာ ရှိပြီး လွန်ခဲ့သော နှစ်နှစ်၌ ယခုလို အချိန်မျိုးထက် စာလျှင် များစွာ လျော့နည်းကြောင်း အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိန်းဂဏန်း အချက်အလက်များအရ သိရှိရသည်။

အစိုးရ၏ ဗဟို စာရင်းအင်းဌာန (CSO)၊ မြန်မာပြည်တွင် ဖွင့်လှစ်ထားသော Swiss ပိုင် ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့ (SGS) နှင့် UMFCCI တို့၏ ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ် နှစ်ဝက်တွင် တန် ၇၅၀၁၀၀ တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ယခုလိုအချိန်တွင် ၄၃၂၀၀၀ တန် တင်ပို့နိုင်ခဲ့သည်ဟု သိရှိရသည်။

ယခုနှစ်တွင် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဝယ်လိုအား ကျဆင်းခဲ့ပြီး၊ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံနှင့် ဒုတိယ အများဆုံး တင်ပို့သူ ဗီယက်နမ်တို့တွင် ဆန်ဈေး ဇောက်ထိုး ကျခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှု ကျဆင်းရခြင်း အတွက် ကုန်သည် အချို့က အုပ်ချုပ်ပုံ စနစ်ကို အပြစ်တင်ခဲ့ကြသည်။

"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်၊ ကျွန်တော်တို့မှာ လှောင်ထားတဲ့ဆန် အများကြီး ရှိပါတယ်။ ဒါပေမယ့် ပြဿနာ တချို့ ရှိပါတယ်။ အဲဒီအထဲမှာ ဆန်တင်ပို့လို့ အကောင်းဆုံး အချိန်မှာ ဘာကြောင့်မှန်း မသိဘဲ export လိုင်စင်က ကြာနေတယ်။ ဒါက ဒီနှစ် ပထမ ခြောက်လကို ပြောတာပါ" ဟု အမည် မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၁.၀၉ သန်းနှင့် ၂၀၀၈ ခုနှစ်တွင် ဆန်တန်ချိန် ၅၄၇၆၀၀ တင်ပို့နိုင်ခဲ့သောကြောင့် CSO ၏ အချက်အလက်များအရ သိရှိရသည်။

၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၈.၅၇ သန်းနှင့် ဗီယက်နမ်သည် တန် ၆ သန်း အသီးသီး တင်ပို့နိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ စစ်အစိုးရသည် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု မှားယွင်းစွာ အုပ်ချုပ်လာခဲ့ပြီးနောက်၊ ယခုအခါ ဆန်စပါး ကဏ္ဍကို ပြန်လည် အားကောင်းလာအောင် ကြိုးစားနေသည်။ လွန်ခဲ့သော နှစ်ပေါင်း များစွာက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်း ဆန်တင်ပို့သော နိုင်ငံ ဖြစ်ခဲ့ပြီး၊ အကောင်းဆုံးနှစ်အဖြစ် ၁၉၃၄ ခုနှစ်က ဆန်တန်ချိန် ၃.၄ သန်း တင်ပို့နိုင်ခဲ့သည်။

ယခုနှစ် အစောပိုင်းက အစိုးရ အာဏာပိုင်များသည် ဆန်နှင့် ပတ်သက်သော အဖွဲ့များကို စုပေါင်းလျက် မြန်မာ့ဆန်စပါး ထုတ်လုပ်ရေးအဖွဲ့ (Myanmar Rice Industry Association) ဖွဲ့စည်း တည်ထောင်စေခဲ့သည်။ အဆိုပါ အဖွဲ့တွင် လွတ်လပ်သော စီးပွားရေး ပညာရှင်များနှင့် နည်းပညာရှင်များ စုစည်းထားသော ဥာဏ်ကြီးရှင်အဖွဲ့ (Think Tank) လည်း ပါဝင်သည်။

အဆိုပါ အဖွဲ့သည် မတူသော ချဉ်းကပ်နည်းဖြင့် စတင်ခဲ့ပြီး၊ ဥပမာအားဖြင့် အတိုးနည်းသော ချေးငွေများ ထုတ်ပေးခြင်း၊ အရည်အသွေး ကောင်းသော မျိုးစေ့များ ထုတ်ပေးခြင်း စသည်များ ပြုလုပ်ခဲ့သည်။ သို့သော် ဝေဖန်သူ တစ်ချို့က အဆိုပါ အဖွဲ့သည် အဓိက ဆန်စပါး ဒေသကြီး ဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင်သာ အာရုံကျနေကြောင်း၊ တိုင်းပြည်တွင် အခြားနေရာ များစွာ ရှိသေးကြောင်း ဆိုသည်။

"ဒီဘဏ္ဍာရေးနှစ်မှာ ဆန်တင်ပို့မှု တိုးတက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမယ့် ဆန်ဈေးကွက်မှာ ဆန်ဈေးနှုန်းက မက်လောက်စရာ မရှိတော့၊ ကျွန်တော်တို့ ဆန်တင်ပို့မှုကို အတင်း မလုပ်လိုပါဘူး" ဟု MRIA ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.