Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ဝက်ခန့်တွင် ၁၁ ဒဿမ ၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အစိုးရက ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ သို့သော် အဆိုပါနှုန်းသည် ပထမနှစ် လေးပုံ တစ်ပုံခန့်တွင် ရှိခဲ့သော ၁၁ ဒဿမ ၉ ရာခိုင်နှုန်း အောက်တွင်ပင် ရှိနေသည်ကို တွေ့ရသည်။

တရုတ်အစိုးရသည် နိုင်ငံတွင်း ဖြစ်ပေါ်လျက် ရှိသော အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြွေးမြီများကို လျှော့ချလျက် ရှိသည်။ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း ကာလအတွင်း ဘေဂျင်းအစိုးရ၏ စီးပွားရေး နှိုးဆွသည့် အစီအစဉ်ကို အထောက်အကူ ပေးသည့် အနေဖြင့် နိုင်ငံဘဏ်ပိုင်များက ငွေကြေး အမြောက်အမြား ထုတ်ချေးခဲ့ပြီးနောက် ရရန် ရှိသည့် ကြွေးမြီပမာဏမှာ လွန်စွာ မြင့်တက်ခဲ့သည်။ သို့အတွက်ကြောင့် အဆိုပါ ကြွေးမြီ ပြဿနာ လျော့ပါးရေးအတွက် ဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ အစွမ်းကုန် နပန်းလုံးလျက် ရှိသည်။

အဆိုပါ စီးပွားရေးနှိုးဆွမှု အစီအစဉ် ဂယက် ရိုက်ခတ်မှုများ၊ ကြွေးမြီ လျှော့ချရေး အစီအစဉ်များကြောင့် စီးပွားရေး တိုးတက်မှုနှုန်းမှာ နှေးကွေးလျက် ရှိသည်ဟု ကျွမ်းကျင်သူ များက ထောက်ပြသည်။ အကယ်၍ တရုတ်ကသာ သံမဏိနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ပစ္စည်းများ၊ အခြားသော နိုင်ငံခြား ကုန်ပစ္စည်းများ တင်သွင်းမှုကို ဖြတ်တောက်လိုက်ပါက စီးပွားရေး တိုးတက်မှုနှုန်း လျော့ကျကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင်လည်း ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ယခု နောက်ဆုံး ထုတ်ပြန်လိုက်သော ဘေဂျင်း အစိုးရ၏ စာရင်းဇယားများအရ တရုတ်သည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး ဂျပန်နိုင်ငံကို ကျော်တက်နိုင်မည့် အနေအထားသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုမှာ မေလတွင် ၃ ဒဿမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇွန်လတွင် ၂ ဒဿမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည် ဟု တရုတ် အမျိုးသား စာရင်းစစ်ဗျူရို (NBS) ၏ ထုတ်ပြန်ချက်အရ သိရသည်။ တရုတ် အစိုးရက ငွေကြေး ဖောင်းပွမှုနှုန်း တစ်နှစ်တွင် ၃ ရာခိုင်နှုန်း လျော့ကျရမည်ဟု သတ်မှတ် ထားရှိမှုကိုပင် ကျော်လွန်သွားခြင်း ဖြစ်သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, By Jim Della - Giacoma, 15th July 2010

မြန်မာနိုင်ငံ၏ စစ်အစိုးရကို အထီးကျန် ပစ်ပယ်ထားရန် နောက်ထပ် ကြိုးပမ်းမှုများသည် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ယခုကဲ့သို့ မပြည့်စုံသော အားနည်းချက်များ ရှိသော အခြေအနေများထံမှ မြန်မာနိုင်ငံကို ပြန်လည် စုစည်းပေးနိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လုပ်ဆောင်သင့်လှပေသည်။

မြန်မာနိုင်ငံတွင် ယခု နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ပေ။

နှစ်ပေါင်း နှစ်ဆယ်ခန့် ငြိမ်သက်နေခဲ့သော တိုင်းပြည်တွင် ယခုကဲ့သို့ ပြီးပြည်စုံခြင်း မရှိသည့် ရွေးကောက်ပွဲသည် ပင်လျှင် မရှိသည်ထက် စာလျှင် မဆိုးဟု ဆိုရချေမည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မည်သူ့ထံတွင် အာဏာရှိသည် ဆိုသည်ကို မေ့ထားလျက် ပြောင်းလဲလာမည့် အခြေအနေကို အခွင့်အရေး ယူသင့်လှပေသည်။

အများက အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ စစ်အစိုးရကို ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံး၊ အရိုင်းစိုင်းဆုံး အစိုးရ အဖြစ် ယုံကြည်ထားသည်။ မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးစေရန် စေခိုင်းမှုများသည် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်သည်။ အစိုးရမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်ရက်စက်စက် နှိပ်ကွပ်မှုများကို မှန်မှန် ပြုလုပ်ဆဲ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက အာဏာရှင် အစိုးရသည် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံး အကြိမ် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာက အာရုံ ကျခဲ့ကြပြီး၊ သံသယများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ပြည်လုံး အနိုင်ရခဲ့သော်လည်း အစိုးရက လက်ခံခဲ့ခြင်း မရှိသည့်အပြင် ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။

ယခုနှစ် မတ်လကပင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူမ၏ သပိတ်မှောက်မှုကြောင့် အစိုးရကို ဆန့်ကျင်၍ ဆန္ဒမဲပေးမည့်  သူများသည် မည်သူဆိုစေ ရွေးချယ်စရာ နည်းသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲ အပြီးတွင် အားနည်းချက်များ ရှိနေသော အခြေခံ ဥပဒေသည် အသက်ဝင်လာမည် ဖြစ်သည်။ သို့သော် အခြေခံ ဥပဒေသည် နိုင်ငံရေး အဖွဲ့အစည်း အသစ်များကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ သမ္မတ အုပ်ချုပ်သော စနစ် ရှိလာမည် ဖြစ်ပြီး၊ ပါလီမန် နှစ်ရပ်နှင့် ဒေသဆိုင်ရာ အစိုးရ ၁၄ ခုလည်း ရှိလာမည် ဖြစ်သည်။ နေရာ အတော်များများကို စစ်အစိုးရနှင့် နီးစပ်သူများကသာ ယူကြမည် ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ အတွက် ကျယ်ပြန့်သော အသွင်သဏ္ဍာန် ပြောင်းလဲမှုကြီး ဖြစ်ပြီး၊ တိုင်းပြည် အနာဂတ်အတွက် သွားရမည့် လမ်းကြောင်းတွင် ပြောင်းလဲသွားမည့် အခွင့်အလမ်းပင် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ နှင့်အတူ မျိုးဆက်သစ် ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုနှင့်အတူ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မောင်အေးတို့သည် အနားယူခြင်း (သို့မဟုတ်) ဂုဏ်ထူးဆောင် နေရာများတွင်သာ ယူခြင်းတို့ ဖြစ်လာမည် ဖြစ်သည်။ အမှန်တကယ်ပင် ဤပြောင်းလဲမှုများသည် အကောင်းအတွက် အလိုအလျောက် ခြေလှမ်းတစ်လှမ်း ဖြစ်ရုံမက၊ အလွန်တရာ အရေးကြီးသော ပြောင်းလဲမှု ဖြစ်မည်။

ဝေဖန်သူများက ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် ဘာမျှအကျိုး ရှိမည် မဟုတ်၊ မှားယွင်းသော မူဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့ကြသည်။ အချို့ကလည်း ပြည့်စုံသော အခြေအနေများ မရှိပဲ ရွေးကောက်ပွဲ မလုပ်သင့်ဟု ဆိုသည်။ ၎င်းတို့က ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရနှင့် သူမိသားစု အချို့ အပါအဝင် NLD ကို မဲပေးခဲ့သလိုမျိုး ယခုတစ်ကြိမ်တွင် ၎င်းတို့၏ မဲများကို လွတ်လွတ်လပ်လပ် ပေးခွင့်ရလိမ့်မည် မဟုတ်ဟု ဆိုသည်။

အထက်ပါ ငြင်းချက် ထုတ်မှုများသည် ဖိနှိပ်မှုများကြောင့် အပြောင်းအလဲ ဖြစ်စေရန် အစိုးရအား ဆန့်ကျင် ဆန္ဒမဲပေးလိုက်မည် ဟု အားခဲထားသော သာမန် ပြည်သူများ၏ ရဲဝံ့သော စိတ်ဓာတ်ကို မထေမဲ့မြင် ပြုရာ ရောက်ပေသည်။

Timor-Leste နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားကြည့်လိုက်ပါ။ ရာပေါင်း ထောင်ပေါင်း များစွာသော တစ်ဦးချင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒမဲကို သတ္တိရှိရှိ မပေးခဲ့လျှင် ယနေ့ လွတ်လပ်သော နိုင်ငံအဖြစ် ရှိမနေနိုင်ပါ။ ကြောက်ရွံ့စိတ်များနှင့် မဲများကို လိုရာ ဖြစ်စေရန် ထိန်းချုပ်ခြင်းများ အတွက် ဖြစ်နိုင်မှုကို လျှော့မတွက်သင့်သလို ဆန္ဒမဲပေးမည့် ပြည်သူများ၏ ရဲရင့်မှုနှင့် ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်း တွက်ချက်ရလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဘာမျှမဟုတ်ဟု ဆိုခဲ့လျှင်တောင်၊ ၎င်းသည် လူသိအောင် ကြေညာသော စတန့် တမျိုးပင်ဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများသည် ပြည့်စုံသော ယခုလို အခြေအနေမှာပင် အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ရန် ဆုံးဖြတ်ထားသင့်ပေသည်။

ရာစုနှစ် တဝက်နီးပါးမျှ အာဏာရှင် အုပ်စိုးမှုမှ တဖြည်းဖြည်း ပြောင်းလဲမှု ဖြစ်စဉ်တွင် နှေးကွေးမှုများ၊ ရပ်တန့်နေမှုများနှင့် မပြည့်စုံမှုများ ရှိနေမည် ဖြစ်သည်။ မည်သည့်နေရာတွင်မဆို မပြည့်စုံသော လိုအပ်ချက်များ ရှိသော ရွေးကောက်ပွဲသည် ထိုအသွင် ကူးပြောင်းရေး ဖြစ်စဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ အချို့ပါတီများသည် အနာဂတ် ဥပဒေ အဆိုပြုမှုများ၊ ဥပဒေ မူကြမ်းများကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။ ထိုခြေလှမ်းများသည် ဒီမိုကရေစီ အတွက် အဓိက ခြေလှမ်းများပင် ဖြစ်ရာ၊ လွန်ခဲ့သော တစ်နှစ်က ထိုကဲ့သို့ တွေးဆခွင့်၊ ဆွေးနွေးခွင့် မရှိနိုင်ခဲ့ပေ။

မကြာသေးမီက မြန်မာနှင့် မြောက်ကိုရီးယားကြား ဆက်နွယ်မှု နှင့်ပတ်သက်၍ စွပ်စွဲမှု အသစ်များ ထွက်ပေါ်လာရာ မြန်မာနိုင်ငံသည် နျူကလီယာနှင့် ဒုံးကျည် နည်းပညာများကို အာသာငမ်းငမ်း ရှိနေနိုင်သည်ဟု ဆိုခြင်းကြောင့် နိုင်ငံတကာ မြန်မာနိုင်ငံကို ပစ်ပယ်ရေး အတွက် အသစ်တဖန် ကြိုးစားနေကြပြန်ပြီ ဖြစ်သည်။ သို့သော် အင်အားကြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယနှင့် တရုတ်တို့ ရှိနေခြင်းနှင့် အာဆီယံ နိုင်ငံများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသည် အထီးကျန် ဖြစ်ရန် အလှမ်းဝေးနေသေးသည်။

အရေးယူ ပိတ်ဆို့မှုများကလည်း နှစ်ပေါင်း များစွာကြာသည့်တိုင် ၎င်း၏ ရည်မှန်းချက်များ ပြည့်မြောက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အလုပ်မဖြစ်သော အရေးယူ ပိတ်ဆို့မှု လမ်းစဉ်ကို ပြန်လိုက်နေမည့် အစား နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံ ပြန်လည် စုစည်းရေးကို ကြိုးပမ်းသင့်လှပေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရွေးကောက်ပွဲ သတင်းများကို ပြောင်းလဲမှု အတွက် ပြတင်းတံခါး သဖွယ် အသုံးပြုနိုင်သည်။

သေချာအောင် ပြောရလျှင် အစိုးရက လမ်းကြောင်း ပြောင်းတော့မည် မဟုတ်ဘဲ ရွေးကောက်ပွဲကတော့ ရှေ့ဆက်သွားလိမ့်မည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲတွင် အခွင့်အရေးများ ရှိနေဆဲ ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးနောက် အစိုးရသစ် တစ်ခု ထွက်ပေါ်လာသော အခါ၊ နိုင်ငံတကာ အနေဖြင့် ရွေးကောက်ပွဲ၏ တရားမျှတခြင်း မရှိပုံကို ဝေဖန်သင့်သော်လည်း ပြောင်းလဲမှု၏ အရေးပါပုံကို မျက်ကွယ်ပြုထားခြင်း မပြုသင့်ပေ။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th July 2010

မြန်မာစစ်ဖက် အုပ်ချုပ်သူ အစိုးရကို အားပေး ထောက်ခံနေသည့် အင်အားကြီးမား များပြားလှသော အဖွဲ့အစည်း လှုပ်ရှားမှုကြီးကို ဖျက်သိမ်းလိုက်ပြီး ၎င်းအဖွဲ့၏ ပိုင်ဆိုင်မှုများကို နိုင်ငံရေးပါတီသို့ လွှဲပြောင်းပေးခဲ့သည်ဟု ၎င်းပါတီမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားခဲ့သည်။

အထက်ပါ လုပ်ဆောင်မှုသည် လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ စိုးမိုး ချယ်လှယ်မှုကို သေချာအောင် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများကို သဲကြီးမဲကြီး စော်ကား တိုက်ခိုက်ခဲ့ခြင်း အတွက် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း၏ လှုပ်ရှားမှုများ အပေါ် ပြစ်တင် ရှုတ်ချမှုများ ရှိခဲ့သည်။

ယခု  USDP  ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသစ်ကို စစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စစ်ဗိုလ်ချုပ်များ ရေးဆွဲခဲ့သော အခြေခံ ဥပဒေ အရ လွတ်တော်နေရာ ၂၅ % ကိုစစ်တပ် အတွက် ဖယ်ထားသော်လည်း စစ်သားများနှင့် အရပ်ဖက် ဝန်ထမ်းများအား သာမန် အရပ်သားများ ကဲ့သို့ ပါဝင် လှုပ်ရှားခြင်းကို တားမြစ်ထားသည်။

သို့သော်လည်း ယခုနှစ် အစောပိုင်းက စစ်ဗိုလ်ကြီး ရာထူး ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြား ဝန်ကြီး အဆင့် ၂၆ ဦး တို့သည် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်များ အဖြစ် ပါတီသစ်ကို မှတ်ပုံတင်ခဲ့ကြသည်။

အစိုးရ မီဒီယာက လတ်တလော သတင်းများ ကြေညာရာတွင် ဝန်ကြီးချုပ်၏ စစ်ဖက်ရာထူးကို ဖော်ပြခြင်း ရပ်ဆိုင်းခဲ့သည်။

ယခုလ အစောပိုင်းတွင် အာဏာပိုင်များက ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း၏ လှုပ်ရှားမှုကို ဖျက်သိမ်းရန် ခွင့်ပြုခဲ့သည် ဟု  USDA  ပြောရေးဆိုခွင့် ရှိသူ သူရမြင့်ဦးက ပြောကြားခဲ့သည်။

"ခုချိန်က စပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း ရှိတော့မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နိုင်ငံရေးပါတီ အဖြစ်နဲ့ ရှေ့ဆက်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

"ဗဟို ကော်မတီရဲ့ ဆုံးဖြတ်ချက် အရ အသင်းကြီးရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို နိုင်ငံရေးပါတီထံ တရားဝင် လွှဲပြောင်းပေးလိုက်ပါပြီ" ဟု ၎င်းက ပြောကြားသည်။

တိုင်းပြည်၏ အသိရခက် လျှို့ဝှက်တတ်သော အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကဲ့သို့သော ငွေကြေးနှင့် အာဏာ ကြွယ်ဝသူ ထောက်ခံသူများက ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းကို ကျောထောက် နောက်ခံပြု ပံ့ပိုးပေးခဲ့ကြခြင်း ဖြစ်သည်။

USDA အသင်းက အဖွဲ့ဝင် ၂၄ သန်း  ရှိသည်ဟု ကြေညာခဲ့သော်လည်း ၎င်းတို့ အများစုမှာ မဝင်မနေရ စုဆောင်း ခံရသူများသာ ဖြစ်သည်။

၂၀၀၇ တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နှင်းခြင်း၊ ၂၀၀၃ တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်ခြင်း စသော ဖြစ်ရပ်များတွင် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များက ကြံရာပါ အဖြစ် ပါဝင်ခဲ့ကြသည်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသစ် USDP သို့ လက်လွှဲပေးသော ပိုင်ဆိုင်မှု အများစုမှာ နိုင်ငံပိုင် ပစ္စည်းများ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဥပဒေ အရ တရားမဝင်ဟု အစိုးရအား ဝေဖန်သူများက ဆိုသည်။

USDP အသင်းကမူ လွဲပြောင်းမှုများမှာ ၎င်းတို့ပိုင် ပစ္စည်းများ ဖြစ်သည်ဟု ခုခံငြင်းဆိုသည်။

၁၉၉၀ ခုနှစ်က ကျင်းပခဲ့သော နောက်ဆုံး ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။

လာမည့် ရွေးကောက်ပွဲများကို NLD က သပိတ် မှောက်ထားပြီး အခြား အတိုက်အခံ ပါတီများမှာ မှတ်ပုံတင်ရာတွင် အခက်အခဲများ ရှိနေသည်ဟု သိရှိရသည်။

USDP ပါတီ အင်အား ကြီးထွားနေခြင်းကို လွှတ်တော်တွင် စစ်တပ်နှင့် သူ့တပည့်များသာ လွှမ်းမိုး ခြယ်လှယ်မည့် သဘော သက်ရောက်သည်ဟု အကဲခတ် လေ့လာသူတို့က မှတ်ချက်ပေးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VNS News, 14th July 2010

မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန် ဈေးကွက်သို့ ဗီယက်နမ်တို့ ဝင်ရောက်မည့် အစီအစဉ်ကို မြန်မာ အစိုးရက သဘောတူ ကတိပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက ဟိုချီမင်း မြို့တော်တွင် ယမန်နေ့က ပြောကြားသည်။

လူဦးရေ ၅၆ သန်း ရှိသော မြန်မာနိုင်ငံသည် လူသုံးကုန် ပစ္စည်းများအတွက် ကြီးမားသော ဈေးကွက် တစ်ခု ဖြစ်၍ ပြည်တွင်း ထုတ်လုပ်မှုမှာ ဈေးကွက် ဝယ်လိုအား၏ ၁၃ % သာ ပြည့်မီသည်ဟု ချူကောင်ဖန်က ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာနှင့် ဧပြီလက ရန်ကုန်တွင် ပြုလုပ်ခဲ့သော ဗီယက်နမ် ကုန်စည်ပြပွဲ နှစ်ခုလုံးမှာ အလွန် အောင်မြင်ခဲ့ပြီး နှစ်ရက်အတွင်း အားလုံး ရောင်းချခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

အရည်အသွေး၊ အတိုင်းအတာ၊ သင့်တင့်သော ဈေးနှုန်းတို့ကြောင့် ဗီယက်နမ် ထုတ်ကုန်များကို မြန်မာသွင်းကုန် လုပ်ငန်းရှင် မြောက်မြားစွာက တင်သွင်းရန် လိုလားနေကြသည် ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် ရေ၊ မြေ၊ သစ်တော၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်သတ္တုနှင့် ရေပြင် သယံဇာတ စသော သဘာဝ သယံဇာတများ ပေါများစွာ ရှိနေပြီး ပတ္တမြားဆိုလျှင် ကမ္ဘာတွင် အကောင်းဆုံး ဖြစ်ကြောင်းနှင့် သို့သော် အများစုမှာ ယခုတိုင် ထုတ်ယူနိုင်ခြင်း မရှိသေးဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်သစ်ကို လျင်မြန်စွာ အသားကျနိုင်၍ စွမ်းရည် ကျွမ်းကျင်မှု မြင့်သော လူသားရင်းမြစ်များလည်း ရှိနေကာ အင်္ဂလိပ်စကားကိုလည်း အများစု ပြောဆို နိုင်ကြသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသို့ စီးပွားရေး ခရီးစဉ်များ သွားရောက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လေ့လာရန် ဗီယက်နမ် ကုမ္ပဏီများကို ၎င်းက တိုက်တွန်းလိုက်ပြီး ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်း အပါအဝင် ကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည်ဟု ၎င်းက ဖြည့်စွက်သည်။

ဟိုချီမင်း မြို့တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေး စင်တာမှ ညွှန်ကြားရေးမှူး တုမင်သီယဉ်ကလည်း အထက်ပါ အချက်များကို သဘောတူခဲ့ပြီး ဗီယက်နမ် လုပ်ငန်းရှင်များ အတွက် မြန်မာနိုင်ငံတွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် အချိန်ကောင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကဏ္ဍများစွာ အနက်မှ သတ္တု တူးဖော်ခြင်း၊ သစ်တော သယံဇာတ ထုတ်ယူခြင်း လယ်ယာ စိုက်ပျိုးရေး၊ ငါးမွေးမြူ ထုတ်လုပ်ခြင်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ခရီးသွား လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက် ဝန်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ နိုင်ကြလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကလည်း လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သံနှင့်သံမဏိ၊ ပလစ်စတစ် ထုတ်ကုန်များ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် အခြားကဏ္ဍများတွင် ကြီးမားသော ဝယ်လိုအား ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

စိန်ခေါ်မှုများ

သို့ရာတွင် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်လျှင် ရှုပ်ထွေးသော သွင်းကုန် လိုင်စင် လုပ်ထုံးလုပ်နည်းများ၊ ငွေပေးချေမှု အခက်အခဲများ စသော အခက်အခဲ ဒုက္ခများစွာ ရှိလိမ့်မည်ဟု ချူကောင်မွန်က ဝန်ခံ ပြောကြားသည်။

မြန်မာနိုင်ငံ အပေါ် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ ချမှတ်ထားသော အရေးယူမှုများကြောင့် ငွေပေး၊ ငွေယူ ကိစ္စတွင် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု ၎င်းက ရှင်းပြသည်။

သို့သော်လည်း ပြဿနာကို ကွေ့ပတ် ရှောင်ရှားရန် အတွက် ဗီယက်နမ် ကုမ္ပဏီများသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံရုံးနှင့် စက်မှု ကုန်သွယ်ရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်ပြီး သတ်မှတ်ထားသော ဘဏ်များ မှတဆင့် ငွေကြေးကိစ္စကို ဆောင်ရွက်ရမည်ဟု ၎င်းက အကြံပြုသည်။

ဗီယက်နမ် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီး လာမည့် ရွေးကောက်ပွဲပြီးချိန်တွင် ဘဏ်ဝန်ဆောင်မှု စတင်ရန် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် ထိုအချိန်တွင် ငွေပေးငွေယူ လမ်းကြောင်း ချောမွေ့သွားမည် ဖြစ်၍ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အကြား ကုန်သွယ်မှုသည် ယခင်နှစ်က အမေရိကန် ဒေါ်လာ ၇၄ သန်းမျှသာ ရှိခဲ့သောကြောင့် အခြားနိုင်ငံများထက် နိမ့်ကျနေသည်ဟု စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဗူငေါ်ထရမ်က ဆိုသည်။

ယခုနှစ်ဝက်တွင် ဗီယက်နမ် ပို့ကုန် တန်ဖိုး ဒေါ်လာ ၁၆ သန်း နှင့်အတူ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၅၈ သန်းသို့ ရောက်ရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ ဗီယက်နမ်သို့ အဓိက ပို့ကုန်များမှာ သစ်နှင့် သစ်တော ထွက်ကုန်၊ သဘာဝ ရာဘာနှင့် ပင်လယ်စာများ ဖြစ်သည်။ ဗီယက်နမ်မှ သံမဏိထွက်ကုန်၊ ဘိလပ်မြေ၊ အသင့် စားသောက်ကုန်၊ ပလပ်စတစ်၊ ဆေးဝါးများ၊ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များကို မြန်မာသို့ ပြန်လည် တင်ပို့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အသင်း၏ အဆိုအရ ယခုနှစ် မြန်မာနိုင်ငံ၌ ဒေါ်လာ ၁ ဘီလျံ နီးပါး ရင်းနှီး မြှုပ်နှံရန် ဗီယက်နမ် ကုမ္ပဏီများက ကတိပြုထားသည်ဟု သိရှိရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th July 2010

မြောက်ကိုးရီးယားသည် ၎င်း၏ ပြည်သူများအတွက် လိုအပ်နေသော အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အများစုကို ဖြည့်ဆည်းရန် ပျက်ကွက်နေသည် ဟု  Amnesty International  က သတိပေး ပြောကြားလိုက်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ စုံစမ်းမှုတွင် လည်ပတ်ရုံမျှသာ ဖွင့်ထားသော ဆေးရုံများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး နှိမ့်ကျမှုများ၊ တိုင်းပြည် အနှံ့ အာဟာရ ချို့တဲ့မှုကြောင့် ဆိုးဝါးလာသော ရောဂါ ပြန့်ပွားမှုများကို တွေ့ရှိခဲ့သည်။

ပြည်သူ အများစုမှာ ဆေးကုသခပေးရန်ပင် မတတ်နိုင်ကြဟု မြောက်ကိုးရီးယား ပြည်သူများနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ပြောကြားမှုကို ကိုးကား၍ အစီရင်ခံစာ ကဖော်ပြသည်။

ပြုံးယမ်းသည် လူတစ်ဦးချင်း ကျန်းမာရေး စောင့်ရှောက်မှု အတွက် တစ်နှစ်လျှင် ၁ ဒေါ်လာပင် သုံးစွဲခြင်းမရှိဟု  WHO   ကိန်းဂဏန်းများက ညွှန်ပြနေသည်။

Amnesty ၏ "မြောက်ကိုးရီးယားမှ ပြိုလဲတော့မည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်'' အစီရင်ခံစာသည် ၂၀၀၄ မှ ၂၀၀၉ အတွင်း တိုင်းပြည်ကို စွန့်ခွာလာသော မြောက်ကိုးရီးယား လူမျိုး ၄၀ ကျော်နှင့် အင်တာဗျူးများကို  အခြေခံထားခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားများနှင့် အတူ လုပ်ကိုင်နေသော ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များကိုလည်း တိုင်ပင်ခဲ့သည်ဟု သိရသည်။

အစာရေစာ ပြတ်လတ် ငတ်မွတ်မှု

ပြုံးယမ်းက ၎င်း၏ ပြည်သူများ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်ဟု ပြောကြားခဲ့သော်လည်း သက်သေများကမူ လွန်ခဲ့သော နှစ်၂၀ အတွင်း ဝန်ဆောင်မှု အားလုံး အတွက် အခကြေးငွေ ပေးခဲ့ရသည်ဟု Amnesty သို့ ပြောကြားသည်။

"လူတွေက သူတို့မှာသာ ပိုက်ဆံ မရှိဘူးဆိုရင် ဆေးရုံကို သွားဖို့ မစဉ်းစားတော့ပါဘူး၊ ပိုက်ဆံပေးရမယ် ဆိုတာ လူတိုင်း သိနေတာပဲ'' ဟု မြောက်ပိုင်း ဟန်ဂျောင်းပြည်နယ်မှ အသက် ၂၀ အရွယ် မိန်းကလေး တစ်ဦးက ဆိုသည်။

၂၀၀၈တွင် မြောက်ကိုးရီးယားကို စွန့်ခွာခဲ့သော အမျိုးသမီး တစ်ဦးက "ပိုက်ဆံ မရှိရင်တော့ အသက်သာ အသေခံပေတော့'' ဟု ပြောကြားသည်။

နောက်တစ်ယောက်ကလည်း "ဆေးရုံတွေမှာ ဆေးမရှိပါဘူး၊ တကယ်လို့ တစ်စုံတစ်ယောက်က ဆေးကုသ ခံတော့မယ်ဆိုရင် ဆရာဝန်တွေ လိုတဲ့ ဆေးတွေကို ဈေးမှာ သွားဝယ်ရပါတယ်'' ဟု ပြောဆိုသည်။

ဆေးကုသဆောင်များ၏ ညစ်ပတ်မှု၊ ဆေးဝါး အလွန်အမင်း ချို့တဲ့မှုများသည် အသက်ပေါင်း များစွာကို ခြိမ်းခြောက်နေသည် ဟု Amnesty ကသတိပေးခဲ့ပြီး ပြည်သူများသည် ဆေးကုသ စရိတ်အတွက် စီးကရက်၊ စားသောက်ကုန်နှင့် အရက် တို့ကို ပုံမှန်ရောင်းဝယ် ကုန်သွယ်ကြရသည်ဟု ဆိုသည်။

အသက် ၅၆ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးကလည်း "သူမ၏ အူအတက်ရောင် ဝေဒနာကို မေ့ဆေးမပါဘဲ ခွဲစိတ်ခဲ့သည်'' ဟု ထုတ်ဖော် ပြောကြားသည်။ "ခွဲစိတ်မှုက တစ်နာရီနဲ့ ၁၀ မိနစ်လောက် ကြာပါတယ်၊ နာလွန်းလို့ သေပြီလို့တောင် ထင်ခဲ့တာရှင့်။ ခြေထောက်တွေ၊ လက်တွေကို မရုန်းနိုင်အောင် ကြိုးနဲ့ တုပ်ထားကြတာပါ'' ဟု သူမက ဆိုသည်။

၁၉၉၀ ခုနှစ်များ အတွင်း လူပေါင်း တစ်သန်းခန့် အထိ သေဆုံးခဲ့ရသော ငတ်မွတ်မှု ကပ်ဘေး၏ နောက်ဆက်တွဲ အဖြစ် မြောက်ကိုးရီးယားတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာ ကယ်ဆယ် ထောက်ပံ့မှုများကို မှီခိုနေရသည်။

၂၀၀၉ ခုနှစ် အတွင်း မိုက်မိုက်မဲမဲ ငွေတန်ဖိုး ပြင်ဆင်ခဲ့ခြင်းကြောင့် တစ်ညအတွင်း ဆန်ဈေး ၂ ဆ တက်သွားကာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း ပြည်နယ် တစ်ခုထဲမှာပင် အစာငတ် သေဆုံးသူ ထောင်ချီ၍ ရှိခဲ့သည်ဟု NGO တစ်ခုကို ကိုးကားကာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုးရီးယားသည် အဆုတ် တီဘီရောဂါ ပြန့်ပွားမှုကို နှိမ်နှင်းနေရဆဲ ဖြစ်ပြီး ပြည်လုံးကျွတ် အာဟာရ ချို့တဲ့မှုကြောင့် ပိုမိုဆိုးဝါးလာသည်ဟု Amnesty ကပြောကြားသည်။

"မြောက်ကိုးရီးယား ပြည်သူတွေဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ကယ်ဆယ် ထောက်ပံ့မှုကို အရေးတကြီး လိုအပ်နေပါတယ်'' ဟု Amnesty ၏ အာရှပစိဖိတ် ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး  Catherine Baber ကဆိုသည်။

"ဒါဟာ သေရေးရှင်ရေး ကိစ္စဖြစ်တဲ့ အတွက် အလှူရှင်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေး ဘောလုံး တစ်လုံးလို အသုံးပြုလို့ မရပါဘူး'' ဟု သူမက သတိပေးသည်။

မြောက်ကိုးရီးယားသည် နိုင်ငံရေးအရ အပယ်ခံ ဘဝရောက်အောင် သူ့ကိုယ်သူ ပြုလုပ်ခဲ့သည်။ ၎င်း၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်သည့် နိုင်ငံတကာ ဆွေးနွေးပွဲများမှ နုတ်ထွက်သွားခဲ့သည်။

ပြုံးယမ်းက နျူကလီယာနှင့် ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်က ပိတ်ဆို့ အရေးယူမှုကို ထပ်မံ တင်းကျပ်လိုက်သည်။

မြောက်ကိုးရီးယားသည် ပြီးခဲ့သော မတ်လ ကလည်း တောင်ကိုးရီးယား စစ်သင်္ဘောကို အလစ် တိုက်ခိုက်ခဲ့သဖြင့် ရေတပ်သား ၄၆ ဦး သေဆုံးကာ သင်္ဘော နစ်မြုပ်သွားခဲ့သောကြောင့် ဆိုးလ်နှင့် ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်းထားသည်။

အထက်ပါ ဖြစ်ရပ်တွင် မြောက်ကိုးရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းကို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က ဖော်ထုတ်နိုင်ခဲ့သော်လည်း ပြုံးယမ်းက မျက်နှာပြောင်တိုက် ငြင်းဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် စစ်ဘက် အရာရှိများ ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုရုံး (UNC) နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြီးဆုံးသွားကြောင်း တောင်ကိုရီးယား အခြေစိုက် Yonhap သတင်းဌာနက ဆိုသည်။ အဆိုပါဆွေးနွေးပွဲသည် မတ်လ ၂၆ ရက်နေ့ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် အပြစ် ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် ပထမဆုံး ဖြစ်သည်။

တစ်နာရီခွဲ ကြာမျှ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ ရလဒ်များကို မကြာမီ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း UNC မှ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ဆိုသည်။ ယခု တွေ့ဆုံ ဆွေးနွေးမှုသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ရန် ရည်ရွယ်၍ ယခု ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မူလက ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သဘော တူထားမှုကို ပြုံးယမ်း အစိုးရက ရွှေ့ဆိုင်းလိုက်ပြီးနောက် ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်ရန် ပြန်လည် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ တင်းမာလာခဲ့သည်။ သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အဆိုအရ အဆိုပါ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို၏ တိုက်ခိုက်မှု ခံရသောကြောင့် နစ်မြုပ် ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ ချိုနန် ကိစ္စတွင် မိမိတို့၌ တာဝန် မရှိကြောင်း ပြုံးယမ်းအစိုးရက ငြင်းပယ် ပြောဆိုထားပြီး မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခွင့် ပေးရန် အဆိုပြုထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) သည် ဇူလိုင်လ ၁၀ ရက် နေ့တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု အပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

KUNA သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်အဖြစ် တာဝန် ယူဖူးခဲ့သူ ဦးဝင်းထိန်သည် ၁၄ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီး အကျဉ်းချခြင်း ခံရပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တစ်ခုက ဆိုသည်။

"ဒီနေ့ မနက်ပဲ ဦးဝင်းထိန် အကျဉ်းထောင်ကနေ လွတ်မြောက်လာတာပါ" ဟု မြန်မာ နိုင်ငံရေး အကျဉ်းသားများ အကူအညီ အထောက်အပံ့ ပေးရေး အဖွဲ့ (AAPP) မှ တွဲဖက် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။ သူ၏မိသားစုဝင်များအဆိုအရ ဦးဝင်းထိန်သည် ရန်ကုန်မြို့သို့ မရောက်ရှိသေးကြောင်း သိရသည်။ ယခုအခါ အသက် ၆၉ နှစ် အရွယ် ရှိပြီ ဖြစ်သော ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင် ထူထောင်ချိန်တွင် ပါတီသို့ ဝင်ရောက်ခဲ့သည်။

ဦးဝင်းထိန်သည် ၁၉၇၀ ပြည့်နှစ်များတွင် မြန်မာ့ တပ်မတော်၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က ဦးဝင်းထိန်သည် နိုင်ငံတော် လုပ်ကြံမှုဖြင့် ကြိုးပေးခံရသူ ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် ပတ်သက်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ရာထူးမှ ထုတ်ဖယ်ခံရခြင်း ဖြစ်သည်။ ဦးဝင်းထိန်သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလ နောက်ပိုင်း အနည်းဆုံး သုံးကြိမ်ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ် မတိုင်မီ ကာလအတွင်း ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံရပြီး ၁၉၉၆ ခုနှစ်တွင် နိုင်ငံခြား သတင်းဌာနများသို့ သတင်းအမှားများ ဖြန့်ဝေမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

၂၀၀၈ ခုနှစ်တွင် ၎င်းအား ကသာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော်လည်း ချက်ခြင်း ဆိုသလိုပင် ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

Irrawaddy သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဇူလိုင် လကုန်ပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံသို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အူချွန်း လာရောက် လည်ပတ်ရန် ရှိကြောင်း စုံစမ်း သိရှိရသည်။ ၎င်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် ဒေသတွင်း လုံခြုံရေး ဖိုရမ်သို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

Kyodo သတင်းဌာန အဆိုအရ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အူချွန်း၏ မြန်မာ ခရီးစဉ်နှင့် ပတ်သက်၍ သတင်း အချက်အလက် အနည်းငယ်သာ သိရှိ ရသေးသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း DVB သတင်းဌာနက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှု ရှိပြီး မြန်မာသည် မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီယာ လက်နက် ထုတ်လုပ် တပ်ဆင်ရန် ကြိုးပမ်းလျက် ရှိသည်ဟု ထုတ်ဖော်ခဲ့သည့် နောက်ပိုင်း မစ္စတာ ပတ်အူချွန်း၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက နျူကလီယာ စွပ်စွဲချက်များ အားလုံးကို မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့ပြီး မြောက်ကိုရီးယားနှင့် နွေးထွေးမှု ရှိသော ဆက်ဆံရေး တစ်ရပ် ရရှိအောင် လုပ်ကိုင်ထားသည်။ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ်အတွင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပတ်ကီယွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီးချိန် နောက်ပိုင်း မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား ပညာရှင်များ ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။ မြောက်ကိုရီးယားမှ အဓိက စစ်လက်နက်များ မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် လျှို့ဝှက် မှတ်တမ်းများနှင့် သက်သေများကို DVB က ထုတ်ဖော်ခဲ့သည်။

ရန်ကုန်မြို့ အနီးရှိ သီလဝါ ဆိပ်ကမ်းသို့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ကုန်တင်သင်္ဘော များစွာ ဆိုက်ကပ်ခဲ့သည်။ အဆိုပါ မြောက်ကိုရီးယား သင်္ဘောများ အနက် ပြီးခဲ့သည့် ဧပြီလက ဆိုက်ကပ်ခဲ့သော သင်္ဘောသည် မြောက်ကိုရီးယားလုပ် ဒုံးကျည်များ၊ ရေဒါစနစ်များကို တင်ဆောင်လာခဲ့ကြောင်း၊ ယင်း လက်နက် ပစ္စည်းများကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ စစ်အခြေစိုက် စခန်းများ ရှိရာသို့ တင်ပို့လျက် ရှိသည်ကို တွေ့ရကြောင်း DVB သတင်းဌာနက သတင်းပေး ဖော်ပြခဲ့ဖူးသည်။ မြန်မာအစိုးရကမူ အဆိုပါ သင်္ဘောသည် အလှည့်ကျ တင်ပို့နေသော ဆန်များကို တင်ဆောင်လာခြင်း ဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့သည် ၂၀၀၆ ခုနှစ်အတွင်း မြောက်ကိုရီးယား နိုင်ငံက နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြုံးယမ်း အစိုးရအား နိုင်ငံတကာတွင် အထီးကျန် ဖြစ်အောင် ကြိုးစား လုပ်ကိုင်လျက် ရှိသည်။  ၂၀၀၉ ခုနှစ်၊ မေလတွင် နောက်ထပ် နျူကလီယာဗုံး စမ်းသပ်မှု ပြုလုပ်ခဲ့ပြန်ရာ ကုလသမဂ္ဂကလည်း ပိုမို တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သုံးသပ် လေ့လာသူများက မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံကို "ခက်ထန် ကြမ်းတမ်းသော နိုင်ငံများ" အဖြစ် သတ်မှတ် ခေါ်ဆိုပြီး အဆိုပါ နှစ်နိုင်ငံ မဟာမိတ် ဖွဲ့မှုကြောင့် မတည်မငြိမ်မှုများ ဖြစ်လာရန် အလားအလာ ရှိသည်ဟု ခန့်မှန်းကြသည်။

မြောက်ကိုရီးယားသည် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ အဆင့်မြင့် အရာရှိကြီးများ စေလွှတ်မှု မပြုလုပ်သည်မှာ ၂ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော ဒေသတွင်း ဖိုရမ်သို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်နိမ့် အရာရှိ တစ်ဦးကိုသာ စေလွှတ်ခဲ့သည်။ (မှတ်ချက်။ ထိုဒေသတွင်း ဖိုရမ် ကျင်းပချိန်သည် မြောက်ကိုရီးယား နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသည်။)

အဆိုပါ ဖိုရမ်သည် အာဆီယံ ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်သော အရေးကိစ္စများ ဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အပြင် တရုတ်၊ မြောက်ကိုရီးယားနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံ တက်ရောက်မည် ဖြစ်သည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံ အစိုးရများအတွက် အရင်းအမြစ်များ တည်ဆောက်ပေးရေး ဟူသည်မှာ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ လုပ်ငန်းစဉ်များ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ အစိုးရဟု ဆိုရာတွင် အာဏာရှင် အစိုးရနှင့် စစ်အစိုးရများ သည်ပင် အကျုံးဝင်သည်။ UNDP ၏ အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် Inner City Press က UNDP Administrator ဖြစ်သူ Helen Clark ကို မေးခွန်းအချို့ မေးမြန်းဖြစ်သည်။

"ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs) ကို ယခု အချိန်တွင် လုပ်ဆောင်ရန် လွယ်ကူမှု မရှိ၊ အကြောင်းမှာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကြောင်းအချက် (Political Factors) များက UNDP ၏ လုပ်ဆောင်နိုင်သော ကိစ္စများကို ကန့်သတ် ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်" ဟူသော အဆိုကို ရှင်းလင်းပေးပါရန် ICP က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မစ္စ Clark က ထိုကိစ္စမှာ မြန်မာနိုင်ငံတွင်း UNDP ၏ ကန့်သတ်ချက်များကြောင့် မဟုတ်ဘဲ နိုင်ငံရေးနှင့် အကူအညီ ပေးသည့် အလှူရှင်များကြောင့်သာ ဖြစ်သည်ဟု ဦးစွာ ရှင်းပြသည်။ အထူးသဖြင့် ပိတ်ဆို့ အရေးယူမှုကို မစ္စ Clark က ညွှန်းဆို လိုဟန် ရှိသည်။ မြောက်ကိုရီးယား အပါအဝင် မြန်မာနိုင်ငံသည် လူတစ်ဦးချင်းစီ အတွက် ဖွံ့ဖြိုးရေး အကူအညီ အနည်းဆုံး ရရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သူမက မြန်မာနိုင်ငံတွင် နိုင်ငံရေး ဟူသည် ရှုပ်ထွေးသော အကြောင်းအရာ တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

"ဟုတ်ပါတယ်။ သန်းရွှေ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ပယ်ပျက်အောင် လုပ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ အချိတ်အဆက် ရှိတဲ့သူတွေ အနိုင်ရအောင် ခွင်ဆင်ထားတယ်။ ဒီလို အစိုးရမျိုးရဲ့ အရည်အသွေးတွေ၊ အရင်းအမြစ်တွေ ကောင်းမွန်အောင် UNDP က တည်ဆောက်ပေးရမှာလား" ဟု ဆိုသည်။

ဤနေရာတွင် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Lyall Grant က "ပိတ်ဆို့ အရေးယူမှုတွေ ဆိုတာက အစိုးရကိုပဲ ပစ်မှတ်ထားတာ" ဟု ဝင်ပြောသည်။ သံအမတ်ကြီးက မြန်မာ(Myanmar) ဟု မခေါ်ဆိုဘဲ ဘားမား (Burma) ဟု ခေါ်ဆိုသွားသည်။

သံအမတ်ကြီး Lyall Grant ၏ မှတ်ချက်ပေးမှု အပြီးတွင် ကုလသမဂ္ဂ ကလေး သူငယ်များနှင့် စစ်ရေး ပဋိပက္ခ ဆိုင်ရာ သံတမန် Radhika Coomaraswamy က မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေချိန်တွင် ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေး လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

ထို့ကြောင့် Inner City Press သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအား မြန်မာအစိုးရက အဘယ့်ကြောင့် ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းများ အားလုံး ရပ်ဆိုင်းခဲ့သနည်းဟု မေးဖြစ်ခဲ့သည်။ ထိုအခါ မြန်မာ သံအမတ်ကြီးက မိမိတို့ အစိုးရသည် မစ္စ Radhika Coomaraswamy တို့ အဖွဲ့နှင့် အနီးကပ် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံကို ကလေးစစ်သား စုဆောင်းနေသော နိုင်ငံများ စာရင်းမှ ပယ်ဖျက် ပေးစေလိုကြောင်း အာမခံ ပြောဆိုသည်။ ဤကိစ္စကိုရော UNDP က အထောက်အပံ့ ပေးမည်လော ဟု မေးစရာ ဖြစ်လာပြန်သည်။

ထို့ကြောင့် မစ္စ Helen Clark ကို ကလေးစစ်သား ၂၀ ရာခိုင်နှုန်းခန့် အသုံးပြုလျက် ရှိသော ဆိုမာလီယာ နိုင်ငံမှ UNDP ၏ လုံခြုံရေး အခန်းကဏ္ဍနှင့် ပတ်သက်၍ ICP က မေးမြန်း ကြည့်သည်။ "ကျွန်မတို့ စစ်သားတွေကို လေ့ကျင့်ပေးတာမျိုး မလုပ်ပါဘူး" ဟု သူမက ပြန်ဖြေသည်။ "အဲလို နေရာမျိုးမှာ ကျွန်မတို့ မရှိပါဘူး" ဟုလည်း ဆက်လက် ဆိုသည်။

UNDP သည် ဆိုမာလီယာ နိုင်ငံတွင် လုံခြုံရေး သင်တန်းများ အတွက် ရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ရန်ပုံငွေ မည်၍ မည်မျှ အသုံးပြုမည် ဟူသော ကိစ္စမှာ အငြင်းပွားဖွယ်ရာ ဖြစ်လျက် ရှိသည်။ ဤနေရာတွင် ICP အနေဖြင့် အလျဉ်းသင့်သောကြောင့် စဉ်းစားစရာ အချို့ကို ဖော်ပြလိုသည်။

UNDP က မြောက်ကိုရီးယား နိုင်ငံအတွက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ပြန်လည် စတင်လိုက်ချိန်တွင် မစ္စတာ Vijay Thapa အား နိုင်ငံတကာ ဘဏ္ဍာရေး အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ မေးစရာ ရှိသည်မှာ မစ္စတာ Vijay Thapa ကို ၂၀၀၃ ခုနှစ် ကတည်းက မြောက်ကိုရီးယားတွင် ဘဏ္ဍာရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့စေရာ ၎င်းအား ထိုရာထူးကို ပေးအပ်ခြင်းသည် အကျိုးစီးပွား ပြဿနာတစ်ရပ် မဟုတ်ပါလော။ ထို့ပြင် အဆိုပါ ဖြစ်ရပ်သည် မြောက်ကိုရီးယား၌ ငွေစက္ကူတု ပြုလုပ်သည့် ပြဿနာ မပေါ်ခင် လေးနှစ်အလိုက မဟုတ်ပါလော။

မစ္စတာ Vijay Thapa သည် အမေရိကန် ဒေါ်လာအတု လုပ်သည့် အမှုလိုက်နေသည့် အမေရိကန် ရှေ့နေနှင့် တွေ့ဆုံ ဆွေးနွေးရန် ငြင်းပယ်ခဲ့သည့် မြောက်ကိုရီးယားမှ UNDP ဝန်ထမ်းများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သို့ဆိုလျှင် မစ္စတာ Vijay Thapa ကို နိုင်ငံတကာ ဘဏ္ဍာရေး အရာရှိအဖြစ် ခန့်အပ်မှုသည် မြောက်ကိုရီးယား အစိုးရ၏ တောင်းဆိုချက် တစ်ရပ်လော၊ UNDP က အရင်းအမြစ်များ ပိုမို ပြုစု ပျိုးထောင် ပေးလိုသောကြောင့်လော ဟု မေးစရာ ဖြစ်နေသည်။

Matthew Russell Lee ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.