Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup.com, 24th July 2010

ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံမှ သွင်းကုန်များကို ငြင်းပယ်ရန် သဘောတူညီချက် အရ ဗီယက်နမ် နိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ ဆန်များ ဝယ်ယူမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆန်ပို့ကုန် ယခုနှစ် ကျဆင်းသွားကြောင်း သတင်းများ ထွက်ပေါ်နေသည့် ကြားမှ ဘင်္ဂလားဒေ့ရှ်သို့ ဗီယက်နမ် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ သွားရောက်စဉ် အထက်ပါ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် အရေးပေါ် ဆန်သိုလှောင် ထားရှိမှု လျှော့နည်းလာခြင်းကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားသည့် အနေဖြင့် အိန္ဒိယထံမှ ဆန်ဝယ်ယူမှုကိုလည်း တိုးမြှင့်ခဲ့သည်။

နိုင်ငံပိုင် ဗီယက်နမ် တောင်ပိုင်း စားနပ်ရိက္ခာ ကော်ပိုရေးရှင်း ထံမှ မက်ထရစ် တန်ချိန် ၁၀၀,၀၀၀ ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်က သဘောတူခဲ့သည်ဟု ဒက်ကား မီဒီယာက ယခု အပတ် သတင်း ထုတ်ပြန်သည်။

ပို့ဆောင်မှု စရိတ် အပို ကုန်ကျသည့်ကြားမှ မြန်မာ့ဆန်ကို ကျော်၍ ဗီယက်နမ်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည် ဆိုခြင်းကို မသိရသေးပါ။

မြန်မာ့ ဆန်ပို့ကုန်သည် ယခုနှစ် ပထမ ခြောက်လပတ် အတွင်း ကျဆင်းသွားခဲ့ပြီး ၂၀၀၉ ပထမ နှစ်ဝက်က တင်ပို့ခဲ့သည်။ ပမာဏ၏ သုံးပုံတစ်ပုံသာ တင်ပို့နိုင်ခဲ့သည်ဟု မြန်မာ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းက ယခုလ ထုတ်ပြန်သော ကိန်းဂဏန်းများ အရ သိရှိရသည်။

မြန်မာနိုင်ငံသည် ယခု ဇန်နဝါရီမှ ဇွန်လ အထိ ဆန်တန်ချိန် ၂၇၆,၁၈၀ သာ တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူ ကာလက ဆန်တန်ချိန် ၇၅၀၁၀၀ တင်ပို့နိုင်ခဲ့သည်ဟု အသင်းက ထုတ်ပြန်ခဲ့သည်။

အံ့သြစရာ ကောင်းသည်မှာ ဗီယက်နမ်သည် မြန်မာနှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို လတ်တလောကပင် တိုးမြင့်ခဲ့ခြင်းပင် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 25th July 2010 ပုဂ္ဂ

ထိုင်းနိုင်ငံ အစိုးရသည် မြန်မာနှင့် နယ်စပ် ချင်းရိုင်ရှိ ကြန့်ကြာနေသော အထူး စီးပွားရေးဇုန် ထူထောင်မှုကို အပြီးသတ်ရန် တိုက်တွန်းခြင်း ခံနေရသည်။

အစိုးရ အရာရှိများ၊ ခရီးသွား လုပ်ငန်းနှင့် စက်မှုလုပ်ငန်းမှ ကိုယ်စားလှယ်များသည် ချင်းရိုင် ခရိုင် မယ်ဆိုင်တွင် ယခင် အပတ်က စုဝေးခဲ့ကြပြီး စိမံကိန်း ပြန်လည် စတင်ရန် ဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် မြောက်ပိုင်း နယ်စပ် ပြည်နယ်များ အတွက် ၂၀၁၀-၂၀၁၂ ဖွံ့ဖြိုးရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အနီးတဝိုက် ပြည်နယ်များ ဖြစ်သော ဖရေ၊ နန်နှင့် ဖေယို ပြည်နယ်များတွင် ကူးသန်း ရောင်းဝယ်မှုနှင့် ကုန်သွယ်ရေးကို တွန်းအားပေး လှုံ့ဆော်ရန် မျှော်လင့်ထားသည့် အထူး စီးပွားရေး ဇုန်ကို ဖန်တီးရန် အဆိုပါ အုပ်စုက အစိုးရအား တိုက်တွန်းခဲ့သည်။

ချင်းရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဗီရွန်းကမ်ပီရိုက "အစိုးရ အနေဖြင့် မြောက်ပိုင်း ပြည်နယ်များတွင် လှုပ်ရှားနေကြသည့် အစိုးရ ဆန့်ကျင်ရေး ရှပ်နီများနှင့် ပတ်သက်၍ အလွန်အကျွံ စိုးရိမ် ပူပန်နေခြင်းထက် လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများ တည်ဆောက်ခြင်း အပေါ်တွင်သာ အာရုံစိုက်သင့်သည်'' ဟု ပြောကြားလိုက်သည်။

"ဘယ်ပြည်နယ်က အဝါလဲ၊ ဘယ်ပြည်နယ်က အနီလဲလို့ စဉ်းစားနေတာကို အစိုးရ အနေနဲ့ ရပ်ဖို့ အချိန် ရောက်ပါပြီ'' ဟု ၎င်းက ဆိုသည်။

"ဒေသခံ ပြည်သူတွေ လိုအပ်သမျှ၊ တောင်းဆိုသမျှကို အစိုးရက အမြန်ဆုံး လုပ်ပေးသင့်ပါတယ်။ လူတိုင်း မျှတတဲ့ အခွင့်အရေး ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီကိစ္စက ပြန်လည် ပေါင်းစည်းရေး အတွက် လမ်းတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် ယူဆပါတယ်'' ဟု ဗီရွန်းက ပြောဆိုသည်။

"စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ စွမ်းဆောင်မှုတွေဟာ နိုင်ငံရေး တည်ငြိမ်မှုပေါ်မှာ မူတည်ပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ချင်းရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌက ဒေသတွင်း အခြား ပြည်နယ်များမှ လုပ်ငန်းရှင်များအား ၎င်းတို့၏ မျှော်လင့်ချက်များကို ခရီးသွား စီးပွားရေး လုပ်ငန်း တစ်ခုတည်းပေါ်တွင် မှီခိုခြင်း မပြုကြရန် သတိပေးလိုက်သည်။

ပြည်တွင်း နိုင်ငံရေး ပြဿနာများက ခရီးသွား စီးပွားရေး လုပ်ငန်းကို ရိုက်ချခဲ့ချိန်တွင် ကုန်သွယ်ရေး ကဏ္ဍမှာမူ ကြီးမားစွာ လွတ်မြောက်ခွင့် ရရှိခဲ့သည်ဟု ၎င်းက မှတ်ချက်ပေးသည်။

အထူး စီးပွားရေးဇုန် ထူထောင် ပြီးစီး လည်ပတ်သည်နှင့် တပြိုင်နက် ချင်းရိုင်သည် ထိုင်း၊ တရုတ်၊ လာအိုနှင့် မြန်မာတို့ ဖွဲ့စည်းထားသော မဟာမဲခေါင် အထက်ပိုင်း ဒေသခွဲ အတွင်းရှိ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များ အောက်မှ "စီးပွားရေး စတုဂံ နယ်မြေ" သို့ အဓိက ကုန်သွယ်ရေး ဝင်ပေါက် ဖြစ်လာပါလိမ့်မည်။

ချင်းရိုင်သည် မြောက်ပိုင်း ဒေသတွင် ပို့ကုန် မဏ္ဍိုင် ဖြစ်နေသည့် တိုင်အောင် ဗီရွန်းက "ထိုင်းနိုင်ငံ အနေဖြင့် အထူး စီးပွားရေး ဇုန် ထူထောင်မှု နှောင့်နှေးနေပါက စီးပွားရေး အခွင့်အလမ်းများ ဆုံးရှုံးလိမ့်မည်'' ဟု ပြောကြားခဲ့သည်။

"လာအိုက ဆဗန်နာခက် ပြည်နယ်နဲ့ မြန်မာနိုင်ငံ တာချီလိတ် နယ်စပ်မြို့မှာ အထူး စီးပွားရေးဇုန်တွေ ထူထောင်ခဲ့တာ နှစ် တော်တော် ကြာခဲ့ပေမဲ့ ထိုင်းနိုင်ငံကတော့ ဘာမှ မလုပ်ခဲ့ပါဘူး" ဟု ဗီရွန်းက ဆိုသည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား မြန်မာနိုင်ငံသို့ လာမည့် လတွင် သွားရန် စီစဉ် ထားသော်လည်း ယခု ဆိုင်းငံ့ထားကြောင်း သိရှိရသည်။

ဗီရွန်းက ၎င်းအနေဖြင့် ဝန်ကြီးချုပ် အဘီဆစ်ကို မြန်မာခေါင်းဆောင်များနှင့် နယ်စပ် ကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးစေလိုသည်ဟု ပြောဆိုခဲ့သည်။

"စီးပွားရေး စတုဂံ နယ်မြေထဲက အိမ်နီးချင်းတွေက ကျွန်တော်တို့ထက် တပန်းသာနေပါတယ်။ အခုအချိန်က ထိုင်းအစိုးရ အနေနဲ့ သူရဲ့ စွမ်းဆောင်ရည်ကို ပြဖို့ အခွင့်ကောင်း ဖြစ်ပါလိမ့်မယ်'' ဟု ဗီရွန်းက သုံးသပ်လိုက်သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 24th July 2010

မြောက်ကိုးရီးယားသည် ယခုအပတ် အမေရိကန်-တောင်ကိုးရီးယား စစ်တပ် ပူးတွဲ စစ်ရေးပြပွဲကို တုန့်ပြန်သော အားဖြင့် မှတ်လောက် သားလောက်အောင် နျူကလီယာ အသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြုံးယမ်း အနေဖြင့် လက်တုန့်ပြန်သော အရေးကြီးသည့် စစ်ပွဲ တစ်ခုအား အချိန်မရွေး ပြုလုပ်နိုင်ကြောင်း၊ အစိုးရပိုင် ကိုးရီးယား ဗဟို သတင်း အေဂျင်စီ် (KCNA) က ပြောကြားခဲ့သည်။

ဝါရှင်တန်နှင့် ဆိုးလ်ကမူ ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ မြောက်ကိုးရီးယား၏ ကျူးကျော် ရန်လိုမှု တားဆီးရန် ဖြစ်သည်ဟုပြောသည်။

မတ်လသည် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်ပြီးကတည်းက ကိုးရီးယား နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာခြင်း ဖြစ်သည်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုက သင်္ဘောနစ်မြုပ်မှုမှာ မြောက်ကိုးရီးယား တော်ပီဒိုကြောင့် ဟု ပြောကြားခဲ့သော်လည်း၊ ပြုံးယမ်းကမူ ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

ဆိုးလ်ရှိ BBC သတင်းထောက် John Sudworth က ပြောကြားရာတွင် ထိုကဲ့သို့သော သတိပေးမှုမျိုးကို မြောက်ကိုးရီးယားက ယခုမှ ပထမအကြိမ် မဟုတ်ကြောင်း ဆိုသည်။

ထို့ကြောင့် အဆိုပါ သတိပေးမှုကို မြောက်ကိုးရီးယား၏ လုပ်ရိုးလုပ်စဉ် မိမိကိုယ်မိမိ ကာကွယ်ရန် သံတမန် ရေးအရ အန္တရာယ်ကြီးသော မူဝါဒ တစ်ခုသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်သော်လည်း ယခု တင်းမာမှု ပိုမိုလာခြင်းမှာမူ ဒေသတွင်း အစိုးရများအတွက် စိုးရိမ်မှု ဖြစ်စေကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

စကားလုံး စစ်ပွဲ

မြောက်ကိုးရီးယား၏ ပါဝါရှိသော အမျိုးသား ကာကွယ်ရေး ကော်မရှင်က ပြောကြားရာတွင် ယခု စစ်တပ် သရုပ်ပြပွဲများသည် ဘာမျှမဟုတ် ဆိုသော်လည်း၊ မြောက်ကိုးရီးယားအား လက်နက် အင်အား ပြပြီး ရပ်တန့်ရန် ရန်စခြင်း ဖြစ်သည်ဟု KCNA က သတင်း ထုတ်ပြန်သည်။

"DPRK စစ်တပ်နှင့် ပြည်သူများသည် လိုအပ်ပါက အချိန်မရွေး နျူကလီယာ လက်နက် အသုံးပြု၍ ကိုယ်ပိုင်ဟန်ဖြင့် အရေးကြီးသော လက်တုန့်ပြန် စစ်ပွဲတစ်ခု စတင်နိုင်သည်။ စစ်ဖြစ်ရန် အခြေအနေသို့ တမင် တွန်းပို့နေသော အမေရိကန် ရေတပ်နှင့် တောင်ကိုးရီးယား ရုပ်သေး တပ်ဖွဲ့များကို တုန့်ပြန်ရန် လိုသည်'' ဟု KCNA က ဖော်ပြထားသည်။

အပြန်အလှန်အားဖြင့် အိမ်ဖြူတော် ကလည်း မိမိတို့သည် မြောက်ကိုးရီးယားနှင့် စကားလုံး စစ်ပွဲ ပြုလုပ်ရန် စိတ်မဝင်စားကြောင်း ပြောခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် PJ Crowley က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြုံးယမ်းထံမှ ရန်စသော စကားလုံးများ နည်းပြီး အပြုသဘော ဆောင်သော လှုပ်ရှားမှုများကို ပိုမို အလိုရှိကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့က ဗီယက်နမ် တွင် ကျင်းပသော အာရှဒေသတွင်း လုံခြုံရေး ဆိုင်ရာ ဖိုရမ်တွင် မြောက်ကိုးရီးယားက စစ်တပ် သရုပ်ပြပွဲကို ကိုယ်ထိလက်ရောက် တုန့်ပြန်မှု ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

အာဆီယံ ဒေသတွင်း ဖိုရမ်၌ မြောက်ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ယခု စစ်တပ် သရုပ်ပြပွဲသည် ၁၉ ရာစုက အမြောက်တင် ရွက်သင်္ဘော ဆက်ဆံရေး (gunboat diplomacy) ၏ ဥပမာသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒါဟာ ကိုးရီးယား ကျွန်းဆွယ်ကို တင်မက အာရှဒေသ တစ်ခုလုံးကိုပါ ခြိမ်းခြောက်တဲ့ လုပ်ရပ် ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

အာဆီယံ ဖိုရမ်တွင် ကိုးရီးယား နှစ်နိုင်ငံ၏ ပဋိပက္ခက လွှမ်းမိုးခဲ့သည်။

စစ်ရေး လေ့ကျင့်မှု သရုပ်ပြပွဲကို တနင်္ဂနွေနေ့တွင် စတင်မည် ဖြစ်ရာ လေယာဉ်တင် သင်္ဘော USS George Washington နှင့် အခြား သင်္ဘောနှင့် ရေငုပ်သင်္ဘော အစင်း(၂၀)၊ တိုက်လေယာဉ် အစီး (၁၀၀) နှင့် စစ်သား (၈၀၀၀) ပါဝင်မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို တရုတ်က ဝေဖန်ခဲ့သည်။ ဒေသတွင်း တင်းမာမှုကို ပိုမို ဆိုးရွားစေမည့် လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။

သို့သော် ဂျပန်နိုင်ငံသည် စစ်တပ်မှ လေ့လာသူ လေးဦးအား စစ်ရေး လေ့ကျင့် သရုပ်ပြပွဲသို့ စေလွှတ်ခဲ့ရာ၊ အဆိုပါ အစီအစဉ်ကို ထောက်ခံကြောင်း ရှင်းလင်းသည့် ပြသမှု တစ်ခု ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က အမေရိကန်က မြောက်ကိုးရီးယားကို အရေးယူမှု အသစ်များ ချမှတ်ကြောင်း ကြေညာခဲ့ရာ၊ နျူကလီယာ ပြန့်ပွားရေးကို ရပ်တန့်ရန်နှင့် ဇိမ်ခံ ပစ္စည်းများ တင်သွင်းခြင်းကို ရပ်တန့်ရန် ရည်ရွယ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.