Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ၏ ကမ်းလှမ်းချက် ဖြစ်သော နယ်စပ် ဒေသစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အမှတ် ၉၀၇ တပ်မှူး ဗိုလ်ချုပ် Na Kham Mwe က ပယ်ချခဲ့ခြင်းကြောင့် မြန်မာစစ်တပ်နှင့် DKBA အကြား တင်းမာမှုများ ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။ သတင်း ပေးပို့ချက်များအရ ယခုအခါ မြန်မာစစ်တပ်က နယ်စပ် ဒေသစောင့်တပ် အသွင် ကူးပြောင်းရေးအပေါ် သဘောထားချင်း တိုက်ဆိုင်မှု မရှိသော DKBA တပ်ဖွဲ့ကို ထိုးစစ် ဆင်ရန် ဝလေး(Walay) ကျေးရွာအနီးသို့ အမြှောက်တပ် ပြောင်းရွှေ့ ခြေကုပ်ယူရန် စီစဉ်လျက် ရှိသည်။

ကရင် အမျိုးသား သမဂ္ဂ (KNU) ဒုတိယ ဥက္ကဋ္ဌ David Thakrabaw က ထိုင်းနယ်စပ် ဒေသသို့ ဒုက္ခသည် ၆၀၀ ခန့် ပြောင်းရွှေ့ ထွက်ပြေးသွားခဲ့ကြောင်း DVB သတင်းဌာနသို့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။ KNU ၏ အဖွဲ့ခွဲတစ်ခု ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ငြိမ်းချမ်းရေး ကောင်စီ အဆိုအရ အမျိုးသမီးများနှင့် ကလေးငယ် ဒုက္ခသည် ၃၀၀ ခန့် ဝလေးကျေးရွာမှ ထိုင်းနိုင်ငံ နယ်စပ် ဒေသဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

ထိုင်းနယ်စပ်မြို့ ဖြစ်သော မဲဆောက်တွင် နေထိုင်သော ကရင် တိုင်းရင်းသား တစ်ဦးက "Thay Baw Bo ကျေးရွာက ရွာသား ၁၅၀ လောက်နဲ့ Mae Kae ကျေးရွာမှ ရွာသား ၃၀၀ လောက် နယ်စပ်ဘက်ကို ထွက်ပြေးလာကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ အစိုးရက DKBA ဗိုလ်ချုပ် Na Kham Mwe ကို ဖမ်းဆီးဖို့ ကြိုးစားနေလို့ပါ" ဟု ပြောကြားသည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီက ယခုအခါ မတူညီသော ကရင် လက်နက်ကိုင် အုပ်စုများသည် မြန်မာ စစ်အစိုးရ၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် စုစည်း ညီညွတ်လျက် ရှိကြောင်း ပြောဆိုသည်။ ကရင် ရွာသားများကလည်း မြန်မာ စစ်တပ်၏ ထိုးစစ်ကို ခုခံရာတွင် အကူအညီ ပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်ဟု ဆိုသည်။

DKBA အဖွဲ့ကသာ မြန်မာ စစ်တပ်ကို ခုခံ တိုက်ခိုက်မည် ဆိုပါက KNU ကလည်း DKBA ဘက်မှ ကျောထောက်နောက်ခံ ပေးသွားမည် ဖြစ်ကြောင်း David Thackrabaw က အတည်ပြု ပြောဆိုသည်။ ထို့ပြင် မြန်မာ စစ်အစိုးရက ပဏာမ သဘောတူညီချက် ဖြစ်သော DKBA အား ကရင်ပြည်နယ် တစ်ခုလုံးကို အုပ်ချုပ်ခွင့်ပေးမည် ဟူသော ကိစ္စအား ဖျက်သိမ်း ပစ်လိုက်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

သို့သော် DKBA တပ်ဖွဲ့အတွင်း စစ်အစိုးရကို လိုလားသူနှင့် ဆန့်ကျင်သူ အုပ်စု ပမာဏ မည်၍ မည်မျှ ရှိသည် ဟူသည်ကို အတိအကျ မသိရသေးကြောင်း၊ မြန်မာစစ်တပ်က ၎င်းတို့ကို လိုလား ထောက်ခံသူ DKBA အုပ်စုများနှင့် ပူးပေါင်းပြီး တိုက်ခိုက် ထိုးစစ်ဆင်လာဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။

KNLA  ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး Ner Dah က လတ်တလော အနေအထားတွင် KNLA ၏ အရေးကိစ္စနှင့် ပတ်သက်၍ သုံးသပ်ချက် ပြောဆိုရင် အချိန် စောလွန်းသေးကြောင်း ပြောဆိုသည်။ "လက်ရှိ အချိန်မှာ အားလုံးက အရမ်းကို ရှုပ်ထွေးနေပါတယ်" ဟု ၎င်းက ပြောသည်။ သို့အတွက်ကြောင့် KNLA ၏ မဟာဗျူဟာ သတင်း အချက်အလက်နှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ရန် ဝန်လေးနေသည်ဟု ဆိုသည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီက ကျန်းမာရေးနှင့် လူသားချင်း စာနာ ထောက်ထားသော အကူအညီများ ရရှိရန် အရေးပေါ် လိုအပ်လျက် ရှိသည်ဟု သတင်း ထုတ်ပြန်သည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အနောက်ကမ္ဘာ အနေဖြင့် မြန်မာနိုင်ငံ နျူကလီယာ ထုတ်လုပ်ရန် ကြိုးပမ်းမှု ရှိ၊ မရှိ ဟူသော ကိစ္စအပေါ် စိုးရိမ် ပူပန်နေနိုင်သည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံ၊ Bodhgaya မြို့သို့ ဆိုက်ရောက်ပြီ ဖြစ်သောကြောင့် အိန္ဒိယ အစိုးရကလည်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှု အပါအဝင် အိန္ဒိယနိုင်ငံ စိုးရိမ် ပူပန်နေသည့် ကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်ရန် ပြုလုပ်တော့မည် ဖြစ်သည်။

အာရှဒေသ၏ အနာဂတ် ပထဝီ နိုင်ငံရေး အခင်းအကျင်းကို ပြောပါက မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယတို့ ပါဝင် နေရာယူမှု အများဆုံး ဖြစ်သော ဒေသတွင် ပြိုင်ဘက် မရှိသော အနေအထားကို လက်ကိုင် ရရှိထားသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်နေသည်။ ယခု ကိစ္စသည် တရုတ်နှင့် အိန္ဒိယ တို့အတွက် ဒေသတွင်း ရပ်တည် နေထိုင်ရေးအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သို့ မည်ပုံ လေ့လာ သင်ယူကြသည် ဟူသော အချက်ကို ပေါ်လွင်စေမည့် စမ်းသပ်ချက် တစ်ရပ်ပင် ဖြစ်သည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ပခရီးစဉ် အမြောက်အမြား သွားလေ့ မရှိခဲ့ပေ။ သို့သော် အိန္ဒိယခရီးစဉ်မှာ ခြွင်းချက်တစ်ခု ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည့် နေ့ရက်မှ လွဲ၍ ကျန်ရက် အနည်းငယ်တွင် Hyderabad နှင့် Jamshedpur မြို့များတွင် ဘာသာရေး လေ့လာမှု ခရီးစဉ်အဖြစ် နေထိုင် လည်ပတ်မည် ဖြစ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေခြင်းပင် ဖြစ်သည်။ ယခင် ကာလက ဆိုပါက အိန္ဒိယ အနေဖြင့် နှစ်နိုင်ငံ အတွက် ပြောဆိုမည့် သဘောထား နှစ်ရပ်အပေါ် မည်သို့ ချိန်ညှိရမည် ဟူသော ကိစ္စအတွက် သောက ရောက်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် မိမိကိုယ်မိမိ ယုံကြည်ချက် အသစ်တစ်ခု ရရှိထားသော ယနေ့ အိန္ဒိယနိုင်ငံက မြန်မာနှင့် ဗြိတိန်အတွက် ထူးခြားကွဲပြားသည့် သဘောထား နှစ်ရပ်ကို ခင်းကျင်း ပြလိမ့်မည် ဖြစ်သည်။

အိန္ဒိယက ဗြိတိန်နှင့် စီးပွားရေး၊ ကာကွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နားလည် သဘောတူမှု ပြုလုပ်ရေး အစရှိသည်တို့ကို ပိုမို လုပ်ကိုင်ပြီး ၎င်း၏ မဟာဗျူဟာ မိတ်သင်္ဂဟ ပြုမှုကို အင်အား ကောင်းမွန်အောင် လုပ်ကိုင်လိုသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယ၏ မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုမှာ လုံခြုံရေး၊ အိမ်နီးချင်းကောင်း ဖြစ်ရေးနှင့် ပါဝါနိုင်ငံရေး ချိန်ခွင်လျှာ မျှရေး အစရှိသည့် အခြေခံ အကျိုးစီးပွားများ အားလုံးနှင့် ပတ်သက်လျက် ရှိသည်။

ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်မှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ နှစ်စဉ် အပြန်အလှန် အလည်အပတ် ခရီးစဉ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ပြီးခဲ့သည် ၂၀၀၉ ခုနှစ်တွင် အိန္ဒိယ ဒုတိယ သမ္မတ Hami Ansari မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိန္ဒိယသို့ သွားရောက် လည်ပတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ် ကုန်ပိုင်းတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိရာ အိန္ဒိယ နိုင်ငံကလည်း အကူအညီ ပေးလိုသည့် သဘောတွင် ရှိသည်။ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းစနစ် ပြီးဆုံးသွားပါက မီဇိုရမ် ပြည်နယ်သို့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံသို့ ဆက်သွယ်နိုင်မည့် Rhitiddin နှင့် Rhi Falam လမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကို ထုတ်ပြန် ကြေညာလိမ့်မည် ဖြစ်သည်။ ဖြစ်နိုင်ခြေ ရှိသော နောက်ထပ် အဆင့် တစ်ခုမှာ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း ပူးပေါင်း ဆောင်ရွက်ရန် ကြေညာခြင်းပင် ဖြစ်လိမ့်မည်။

The Times of India သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UPI, 23rd July 2010

မြန်မာနိုင်ငံ စစ်အစိုးရ အပေါ် အရေးယူမှုများ သက်တမ်း တိုးခဲ့မှုမှာ ၎င်း၏ လူ့အခွင့်အရေး လုပ်ဆောင်မှုများကြောင့် အံ့သြစရာ မဖြစ်ရကြောင်း အမေရိကန် ဆီနိတ်တာ Dianne Finstein က ပြောကြားခဲ့သည်။

အမေရိကန် ဆီးနိတ်သည် Feinstein ၊  D-Calit နှင့် Milch McConnell တို့ စပွန်ဆာဖြင့် ရေးဆွဲသော ဥပဒေကို အတည်ပြုပေးခဲ့သည်။ အဆိုပါ ဥပဒေတွင် မြန်မာ စစ်အစိုးရ အပေါ် အရေးယူမှု သက်တမ်း တိုးရန် ဖြစ်သည်။

ဆီးနိတ်သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်နေမှုများနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး ဖြစ်ပေါ်မှုကို ကန့်သတ်မှုများ ပြုလုပ်နေမှုများကြောင့် အရေးယူမှုများကို သက်တမ်းတိုးရန် မဲပေးခဲ့သည်။ အမေရိကန် အောက်လွှတ်တော်က အဆိုပါ ကိစ္စကို လေဖြင့် ဆုံးဖြတ်ခွင့် ပြုခဲ့သည်။

အဆိုပါ အရေးယူမှုတွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းရန် ပိတ်ပင်ထားပြီး၊ စစ်အစိုးရကို ဗီဇာ ကန့်သတ်မှုများ ပြုလုပ်ထားသည်။

"ယခု ပြုလုပ်မှုသည် မြန်မာ စစ်အစိုးရအား ၎င်းတို့၏ တရားမဝင်သော အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေဖြင့် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒပြင်းပြမှုများကို ဖိနှိပ်၍ မရနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်ပါသည်" ဟု ကယ်လီဖိုးနီးယား ဒီမိုကရက် အမတ်က ကြေညာချက်တွင် ဖြော်ပထားသည်။

Feinstein သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆီးနိတ် အမျိုးသမီး လုပ်ငန်း ကော်မတီ ပူးတွဲ ဥက္ကဋ္ဌ ဖြစ်သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားမှုကြောင့် မြန်မာနိုင်ငံကို အားလုံးက စောင့်ကြည့်လျက် ရှိသည်။

မတရား ဖမ်းဆီးမှုများ အတွက် ကုလသမဂ္ဂ လုပ်ငန်း အဖွဲ့ကလည်း သူမအား ထိန်းသိမ်းထားမှုမှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

Bangkok Post, 27th July 2010

မြန်မာနိုင်ငံက နယ်စပ် ဖြတ်ကျော်မှုအား ဆက်လက် ပိတ်ထားရန် ပြောခဲ့ပြီးနောက် သောကြာနေ့က ထိုင်းနှင့်မြန်မာ တို့သည် မဲဆောက်တွင် နယ်စပ် ပြန်လည် ဖွင်လှစ်ရေး အတွက် ဆက်လက် စကားပြောကြသည်။

ကူးသန်း ရောင်းဝယ်ရေး၊ ဒုဝန်ကြီး Alongkorn Ponlaboot က ထိုင်း အရပ်ဖက် ဝန်ထမ်းများနှင့် စီးပွားရေး သမားများ ပါဝင်သော အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်နှင့် မဲဆောက် တစ်ဖက်ကမ်း မြဝတီတွင် ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံက Ban Tha At တွင် သောင်ရင်းမြစ်အား ကမ်းပါးနံရံ တည်ဆောက်မှုကြောင့် နယ်စပ် စစ်ဆေးရေး စခန်းကို ဇူလိုင်က ၁၈ ရက်နေ့က စ၍ ပိတ်ထားခဲ့သည်။

ထိုသို့ တည်ဆောက်မှုသည် နယ်စပ်မျဉ်းကို ထိခိုက်မှု ရှိကြောင်း ပြောသည်။ အဆိုပါ လုပ်ငန်းကို ဆန့်ကျင်မှု ကိုးခုကို သီးခြားစီ ပြုလုပ်ခဲ့သည်။

ယမန်နေ့က ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို သောင်ရင်းမြစ် ကိစ္စနှင့် နှစ်နိုင်ငံ စီးပွားရေး ကိစ္စကို သီးခြားခွဲ၍ မြင်စေရန် မျှော်လင့်လျက် ရှိသည်။

နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံက နယ်စပ်ကို ဆက်လက်၍ ပိတ်ထားဦးမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု Alongkorn က ပြောသည်။

နှစ်နိုင်ငံသည် သောကြာနေ့က တွေ့ဆုံပြီး၊ ယခုကိစ္စကို နှစ်နိုင်ငံ ပူးတွဲ နယ်ခြား ကော်မတီတွင် ဆွေးနွေးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကချင်ပြည်နယ် နောချမ်းခ (Ngawchanka) မြစ်တွင် လျှပ်စစ်ဓာတ်အား ၁၀၅၅ မီဂါဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ် စက်ရုံတစ်ခု တည်ဆောက်ရန် မြန်မာနှင့် တရုတ် နိုင်ငံတို့မှ နိုင်ငံပိုင် ကုမ္ပဏီကြီးများ သဘော တူညီချက် စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများက ဆိုသည်။

မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်တွင် ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပ ပြုလုပ်သော အဆိုပါ သဘော တူညီချက် လက်မှတ် ရေးထိုးခြင်း အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းနှင့် Yunnan Provincial Investment Group Co.,Ltd မှ ဥက္ကဋ္ဌ မစ္စတာ Bao Minghu တို့ တက်ရောက် ကြကြောင်း New Light of Myanmar သတင်းစာက ရေးသားသည်။

အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံမှ YPIC International Energy Cooperation & Development Co., Ltd နှင့် မြန်မာနိုင်ငံမှ International Group of Entrepreneurs Company တို့က နော်ချမ်းခ မြစ်ပေါ်တွင် အဆင့် ၅ ဆင့်ဖြင့် အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်သည်။

နော်ချမ်းခ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားများကို အိမ်နီးချင်း တရုတ်နိုင်ငံ တောင်ပိုင်း၊ ယူနန်ပြည်နယ်သို့ ပေးပို့ ရောင်းချမည်ဟု မျှော်လင့်ရသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စွမ်းအင် လိုအပ်ချက် မြင့်မားနေမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် နျူကလီယာ ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ရန် ဗီယက်နမ်နိုင်ငံက အရှေ့တောင် အာရှနိုင်ငံများကို တိုက်တွန်းလိုက်သည်။

ဗီယက်နမ်နိုင်ငံ၊ ဒလတ်မြို့တွင် ကျင်းပ ပြုလုပ်သော စွမ်းအင် မူဝါဒဆိုင်ရာ အာဆီယံ နိုင်ငံများ ဆွေးနွေးပွဲ၌ ဗီယက်နမ်နိုင်ငံက ယင်းသို့ အဆိုပြု တိုက်တွန်းခြင်း ဖြစ်သည်။

ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ဆက်လက် အင်အား ကြီးထွားလာသည့် အလျောက် စွမ်းအင် လုံခြုံရေးနှင့် တည်ငြိမ်ရေး အစရှိသည် တို့မှာလည်း အလွန်အမင်း မြင့်တက်လာသည်။ သို့အတွက်ကြောင့် နျူကလီယာ စွမ်းအင် အသုံးပြုရေးကို အသုံးတည့်မည့် ရွေးချယ်စရာ တစ်ခုအဖြစ် ရှုမြင်လာကြခြင်း ဖြစ်သည်။

ယနေ့ အရှေ့တောင် အာရှ ဒေသတွင် နျူကလီယာ ဓာတ်အား လည်ပတ် ထုတ်လုပ်သည့် စက်ရုံ တစ်ခုမျှ မရှိသေးပေ။ သို့သော် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ ရှိသည့်အနက် ရှစ်နိုင်ငံတွင် မိမိတို့ ဘာသာ ရင်းနှီးမြှုပ်နှံမှုဖြင့် နျူကလီယာ စွမ်းအင် ထုတ်လုပ်မည့် အစီအစဉ်များ ရှိသည်။

လုံခြုံစိတ်ချရမှု ရှိရေး

အဆိုပါ နျူကလီယာ အစီအစဉ်များကို ဒေသတွင်း တစ်ခုလုံး ချဉ်းကပ်မှု သဘောမျိုးဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဗီယက်နမ်နိုင်ငံက အကြံပြုထားသည်။

သို့သော် ယင်းအစီအစဉ်များကြောင့် နျူကလီယာ ပြန့်ပွားမှုများ ဖြစ်ပေါ်မည့် အလားအလာများ ထွက်ပေါ်လာနိုင်ပြီး လုံခြုံစိတ်ချရမှု အတွက်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

အရှေ့တောင် အာရှဒေသသည် ကမ္ဘာပေါ်တွင် စီးပွားရေး ကြီးထွားမှု အမြန်ဆုံး ဒေသများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သို့အတွက်ကြောင့် ဒေသတွင်း နိုင်ငံ အများစုမှာ အချိန်ပိုင်း အလိုက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရမှုများ ပြုလုပ်နေကြရသည်။

အချို့သော နိုင်ငံများမှာ မဲခေါင်မြစ် တစ်လျှောက် ဧရာမ ဆည်တမံကြီးများ တည်ဆောက်ကာ ရေအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် အဆိုပါ ဆည်တမံများ တည်ဆောက်မှုသည် မြစ်ရေကြောင်း စီးဆင်းမှုနှင့် မြစ်တွင်း နေထိုင် ကျက်စားသော ငါးမျိုးစိတ်များကို အလွန်အမင်း ထိခိုက်စေသည်ဟု ဒေသခံများ၏ ပြစ်တင် ရှုတ်ချမှုများနှင့် ရင်ဆိုင်နေကြရသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများကမူ ဆိုလာစွမ်းအင် ကဲ့သို့သော ပြန်ဖြည့်မြဲ စွမ်းအင်များ အသုံးပြုရန် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ သို့သော် စွမ်းအင် ပမာဏ အမြောက်အမြား ရရှိရေးအတွက် အလားအလာမှာ နျူကလီယာ စွမ်းအင် အသုံးပြုရေးပင် ဖြစ်နေသည်။ ရုရှားနိုင်ငံက အရှေ့တောင် အာရှ ဒေသတွင် နျူကလီယာ ဓာတ်အားစက်ရုံများ တည်ဆောက်ရာတွင် အကူအညီ ပေးမည်ဟု ကမ်းလှမ်းထားမှုမှာ အသုံးဝင်ကောင်း အသုံးဝင်လာမည် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်သည် ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖိနှိပ် ချုပ်ခြယ်မှု အများဆုံး ပြုလုပ်သည့် မြန်မာနိုင်ငံတို့ မဟာဗျူဟာ ချစ်ကြည် ရင်းနှီးမှု တိုးပွားလာခြင်းကို ဖော်ကျူးလိုက်ခြင်းပင် ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ ခရီး သွားလာမှု အလွန် နည်းပါးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အိန္ဒိယ အစိုးရက ကော်ဇောနီ ခင်းကျင်းကာ ကြိုဆို ဧည့်ခံမှုသည် အိန္ဒိယ ဒီမိုကရေစီ အရည်အသွေး ဖောက်ပြန်မှု တစ်ခုဖြစ်ပြီး မြန်မာ စစ်အစိုးရအပေါ် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကို သွယ်ဝိုက် ဖော်ပြရာ ရောက်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငါးရက်တာ ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံပြီး စီးပွားရေးနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ စာချုပ်များကိုလည်း ချုပ်ဆိုမည်ဟု ခန့်မှန်းရသည်။

အိန္ဒိယသည် တစ်ချိန် တစ်ခါက မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မမှိတ်မသုံ ထောက်ခံသော နိုင်ငံ ဖြစ်ခဲ့သော်လည်း လုံခြုံရေး၊ စွမ်းအင် လောင်စာ ဖူလုံရေး၊ မဟာဗျူဟာ ဆိုင်ရာ ဦးစားပေးမှုများ ပြုလုပ်ရေး အစရှိသည်တို့နှင့် ရင်ဆိုင် လာရသောကြောင့်
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးတို့ကို ဘေးချိတ်ကာ ၁၉၉၀ ပြည့် နှစ်လယ်လောက်မှ စ၍ မြန်မာ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် အိန္ဒိယသည် နှစ်နိုင်ငံ ထိစပ်နေသော နယ်နိမိတ် ဒေသတွင် ထကြွ သောင်းကျန်းလျက် ရှိသော ခွဲထွက်ရေး သူပုန်များကို နှိမ်နင်းရာ၌ မြန်မာ စစ်အစိုးရ၏ အကူအညီကို လိုအပ်လျက် ရှိသည်။ ထိုမျှမကသေး၊ မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရရှိရေး အတွက် ကြိုးပမ်းလျက် ရှိသလို အာရှဒေသ မဟာဗျူဟာ နေရာ ရရှိရေးအတွက် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံ သြဇာ လွှမ်းမိုးမှု ရရှိသွားမည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

"အိန္ဒိယနဲ့ မြန်မာ နယ်ပယ် အသီးသီးအတွက် စေ့စပ် ညှိနှိုင်းမှုတွေ တိုးချဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

"အရှေ့မြောက် ဒေသမှာ ခေါင်းထောင်လာတဲ့ ခွဲထွက်ရေး သူပုန်တွေကို နှိမ်နင်းရာမှာ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တစ်ရပ် ပြုလုပ်ထားဖို့နဲ့ တရုတ်နိုင်ငံရဲ့ အာရှဒေသတွင်း သြဇာ ကြီးထွားမှုကို ချိန်ခွင်လျှာမျှဖို့ စတဲ့ ကိစ္စတွေဟာ အိန္ဒိယနိုင်ငံ အတွက် အင်မတန် အရေးကြီးပါတယ်" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားသည်။

ဥရောပ သမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ၊ ခရီး သွားလာခွင့် ပိတ်ပင်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက် ရှိသော်လည်း အိန္ဒိယ၊ တရုတ်၊ ထိုင်း အစရှိသော အိမ်နီးချင်း နိုင်ငံများ၏ ထောက်ပံ့ပေးမှုကြောင့် မြန်မာ စစ်အစိုးရမှာ များစွာ သက်သာရာ ရရှိနေသည်။ စီးပွားရေး ပိတ်ဆို့မှု အစီအမံများမှာလည်း မြန်မာ အစိုးရအပေါ် အကျိုး သက်ရောက်မှု မရှိလှပေ။

နှစ်ပေါင်း ၅၀ နီးပါး တင်းကြပ် ဖိနှိပ်လွန်းသော မူဝါဒဖြင့် အုပ်ချုပ်ခဲ့သည့် မြန်မာ စစ်အစိုးရသည် ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပေးမည်ဟု ကတိပေးထားသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် အဆိုပါ ရွေးကောက်ပွဲကို အနောက်နိုင်ငံများက အတုအယောင်မျှသာ ဖြစ်သည်ဟု ရှုတ်ချ ပြစ်တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) က ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ်မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ အရ NLD အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ဖမ်းဆီး အကျဉ်းချ ခံထားရသူ အဖွဲ့ဝင်များကို ထုတ်ပယ် ရမည် ဖြစ်၍ပင် ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြောရဆိုရ ခက်ခဲသော မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် လာရောက် လည်ပတ်စဉ် အတွင်း အိန္ဒိယ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားသော အမှာစကားများ ပြောဆိုမည်ဟု မျှော်လင့်မိကြောင်း အမေရိကန် ပြည်ထောင်စုက ဇူလိုင်လ ၂၄ ရက်နေ့တွင် သဘောထား ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ခရီးစဉ်အတွင်း တစ်ချိန် တစ်ခါက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မမှိတ်မသုန် ထောက်ခံခဲ့ဖူးသော အိန္ဒိယနိုင်ငံ၏ ထိပ်သီး ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံမည် ဖြစ်သည်။

"အိန္ဒိယနဲ့ အခြားနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံဟာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေတယ် ဆိုတဲ့ အချက်ကို ပေါ်လွင်အောင် ပြောဆိုပေးဖို့ ကျွန်တော်တို့ အားပေး တိုက်တွန်းလိုပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က ပြောကြားသည်။ မြန်မာ (Myanmar) ဟု မခေါ်ဆိုဘဲ ယခင်နာမည် ဖြစ်သော ဘားမား (Burma) ဟု ၎င်းက သုံးစွဲ ပြောဆိုသည်။

မြန်မာ အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်သော နိုင်ငံများတွင် တိုက်ရိုက် ပြောဆို ဆက်သွယ်ရန် တာဝန်ကိုယ်စီ ရှိသလို မြန်မာနိုင်ငံ၏ တာဝန် ယူမှုများနှင့် ပတ်သက်ပြီး ဖိအားပေးရန်လည်း တာဝန်ရှိကြသည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားကြောင်း မစ္စတာ Philip Crowley က ပြောသည်။

"အဲဒီ တာဝန် ယူမှုတွေမှာ နျူကလီယာ ပြန့်ပွားမှု ကာကွယ်ပေးရေးလည်း ပါဝင်ပါတယ်။ ဒါမှမဟုတ် မြန်မာ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အတိုက်အခံတွေနဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေနဲ့ အပြုသဘော ဆောင်တဲ့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဖို့ တဲ့တိုး ပြောဖို့လည်း ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အကြမ်း မဖက်သော ငြိမ်းချမ်းရေး ပုဂ္ဂိုလ်ကြီး မဟတ္တမ ဂန္ဓီ၏ တိုင်းပြည် ဖြစ်သော အိန္ဒိယက မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကော်ဇောနီခင်း ကြိုဆိုရန် စီစဉ်ခြင်းအပေါ် လူ့အခွင့်အရေး စောင့်ကြည့်သော အုပ်စုများက ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြသည်။

သို့သော် နိုင်ငံရေး လေ့လာခွဲခြမ်းသူ အချို့က အိန္ဒိယသည် အပြန်အလှန် အိမ်နီးချင်း ဆက်ဆံရေးတွင် တရုတ်နိုင်ငံအပေါ် မဟာဗျူဟာ နေရာ လက်လျှော့ ပေးလိုက်ရမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ကြီးထွားနေသော အာရှ စီးပွားရေး အင်အားများက အငမ်းမရ ဖြစ်နေသော ရေနံနှင့် လောင်စာ စွမ်းအင် ရင်းမြစ်များ မြန်မာနိုင်ငံတွင် ပေါကြွယ်ဝစွာ ရှိနေခြင်းကြောင့် လည်းကောင်း မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု အကဲဖြတ်သည်။

အိန္ဒိယနှင့် ဆက်ဆံရေး ကြီးမားနေသော အမေရိကန် ပြည်ထောင်စုသည် ယမန်နှစ်က စ၍ မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး မူဝါဒသစ် တစ်ရပ်ကို စတင် ကျင့်သုံးခဲ့သည်။ အကြောင်းမှာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော အထီးကျန် ဖြစ်စေရေး မူဝါဒက အလုပ် မဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ် ဗီယက်နမ် နိုင်ငံတွင် ကျင်းပ ပြုလုပ်သော ဒေသတွင်း ဖိုရမ်၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရ အရာရှိကြီးများနှင့် အဆက်အသွယ် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း မစ္စတာ Philip Crowley က ဆိုသည်။

ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများကို လူသိရှင်ကြား ထုတ်ဖော် ရှုတ်ချပြီး စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးကာ တိုင်းရင်းသား လူနည်းစုများ အပေါ် တိုက်ခိုက်နေမှုများ ရပ်တန့်ရန်သာ တိုက်တွန်းခဲ့သည်။

Channel News Asia မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Peninsular Qatar, 27th July 2010

အရှေ့တောင် အာရှတွင် တရုတ်နိုင်ငံ၏ အာဏာ သြဇာ ကြီးထွားလာမှု ဖြစ်ရပ် နောက်ခံကို ဆန့်ကျင်၍ အိန္ဒိယနှင့် မြန်မာ တို့သည် အကြမ်းဖက် နှိမ်နင်းရေး၊ စီးပွားရေး၊ စွမ်းအင်၊ စီးပွားရေးနှင့် အခြေခံ အဆောက်အဦး အပါအဝင် ကဏ္ဍများစွာတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ရန် သဘော တူညီချက် အတော် များများကို ယနေ့ လက်မှတ် ရေးထိုးရန် မျှော်လင့်ထားကြသည်။

အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ရောက်ရှိနေသော မြန်မာ စစ်ဖက် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗုဒ္ဓဂါယာ မဟာဗောဓိ ဘုရားကျောင်းတွင် ရှိခိုး ပူဇော်ရန် အတွက် ဘီယား ပြည်နယ် ဂါယာတွင် တစ်ရက်ကြာ ရပ်နားပြီးနောက် အိန္ဒိယနိုင်ငံ မြို့တော်သို့ တနင်္လာနေ့တွင် ခြေချခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကြိုဆိုရန် အိန္ဒိယနိုင်ငံက ကော်ဇောနီ ဖြန့်ခင်းခဲ့ပြီး ရာရှ်ရာပတီ ဘဟာဗင်တွင် ဧည့်ခံ ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်၍ နိုင်ငံတော် ခရီးစဉ် အဖြစ် ကြိုဆိုကာ ဂုဏ်ပြု ညစာ စားပွဲဖြင့် ဧည့်ခံခဲ့သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် အသက် ၇၇ နှစ် အရွယ် မြန်မာ အစိုးရ ခေါင်းဆောင် နှင့်အတူ နှစ်နိုင်ငံ ကိစ္စရပ် အတော်များများ အပေါ်တွင် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

အကြမ်းဖက် တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသည် ဆွေးနွေးပွဲ အစီအစဉ် ထိပ်ဆုံးတွင် ပါဝင်သည်။ အိန္ဒိယ ထောက်လှမ်းရေး သတင်းရပ်ကွက် အဆိုအရ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များမှ သူပုန်များသည် မြန်မာ အစိုးရဖက်မှ နှိမ်နင်း ဖြိုခွဲခဲ့ပြီးသည့် တိုင်အောင် အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက် ခိုနားလျက် ရှိနေသည်ဟု သိရှိရသည်။

နိုင်ငံ ဖြတ်ကျော် မှုခင်း၊ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှု၊ ငွေမည်း ခဝါချမှု၊ လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ မှောင်ခို ကုန်သွယ်မှု တို့ကို တိုက်ဖျက်ရန် အတွက် ရာဇဝတ်မှု ဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် တရားဝင် အကူအညီ ပေးရေး သဘော တူညီချက်ကို လက်မှတ်ရေးထိုးရန် နှစ်နိုင်ငံ စီစဉ်ထားကြသည်ဟု သတင်း ရပ်ကွက်က ဆိုသည်။

ထို့အပြင် စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် အခြေခံ အဆောက်အဦး ကဏ္ဍများတွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်။ သဘောတူ စာချုပ်များကို နှစ်နိုင်ငံ ကိုယ်စားလှယ် အဆင့် ဆွေးနွေးမှုများ အပြီးတွင် လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင် တရုတ် လွှမ်းမိုးမှု ကြီးထွားလာခြင်းကို သုံးသပ်ရာတွင် မန္တလေး၊ တမူး စသော ကုန်သွယ်ရေး အချက်အချာ နေရာများတွင် တရုတ်လူမျိုးများ နေထိုင်မှု ကြီးထွားလာပြီး အဆိုပါ ဒေသများတွင် ယခင်က နေထိုင်ခဲ့ကြသော တမီးလ် လူမျိုးများ လျော့နည်းလာခြင်း နှင့်ပတ်သက်ပြီး စိုးရိမ် ပူပန်မှုကို အိန္ဒိယက ထုတ်ဖော် ပြောဆိုမည့် အလားအလာ ရှိသည်။

နှစ်နိုင်ငံအကြား ၁၆၄၅ ကီလိုမီတာ ရှည်သော နယ်စပ် တလျှောက်တွင် လျှပ်စစ် စွမ်းအင်၊ ကားလမ်း၊ ရထားလမ်းနှင့် နယ်စပ် ဖြတ်ကျော် ဆက်သွယ်ရေး စီမံကိန်းများ တိုးတက်ရေး အတွက် အာမခံနှင့် ချေးငွေ အစီအစဉ်များကို အိန္ဒိယက ကြေညာမည့် အလားအလာ ရှိသည်။ ရထားလမ်း ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ ချေးငွေ အစီအစဉ်မှာ ဆောင်ရွက်သည့် အဆင့်သို့ ရောက်နေပြီဟု သတင်းများ အရ သိရှိရသည်။

မြန်မာ ဓာတ်ငွေ့နှင့် စွမ်းအင် ကဏ္ဍများတွင် အိန္ဒိယက ဒေါ်လာ ၁ ဘီလျံကျော်ကျော် ရင်းနှီးမြှုပ်နှံမှုကိုလည်း ထုတ်ဖော် ကြေညာမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံပိုင် ရေနံ ကုမ္ပဏီများ ဖြစ်သော ONGC Videsh နှင့် GAIL တို့သည် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ တင်ပို့ ရောင်းချမည့် ကုမ္ပဏီ အုပ်စုတွင် ပါဝင်သည့် အနေဖြင့် မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ စီမံကိန်း နှစ်ခုတွင် ၃၀ % ခန့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 26th July 2010

ထိုင်းနိုင်ငံ တပ်စ် ပြည်နယ် မဲဆောက် ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ကို ပိတ်ရန် မြန်မာနိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးသည် ထိုင်း ဒုတိယ ကုန်သွယ်ရေး ဝန်ကြီး အလွန် ခွန်မွန်လာဘွတ်ထံ ယနေ့ သွားရောက် တွေ့ဆုံမည် ဖြစ်သည်။

ဘန်ကောက်မှ သံအမတ်ကြီး ဦးအောင်သိန်းနှင့် မြန်မာ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်တို့သည် မစ္စတာ အလွန်ခွန်နှင့် ဆွေးနွေးရန် မဲဆောက်သို့ မနေ့က ထွက်ခွာသွားသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် မဲဆောက် ခရိုင်ရုံးတွင် တွေ့ဆုံကာ နယ်စပ် ကုန်သွယ်ရေး ပိတ်ထားခြင်း၏ သက်ရောက်မှုကို ဆွေးနွေးကြမည် ဖြစ်သည်။

၎င်းတို့သည် မဲဆောက်ရှိ မွိုင်မြစ် (သောင်ရင်းမြစ်) ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် ကွန်ကရစ် တာဘောင် တည်ဆောက်နေမှုကို ပူးတွဲ စစ်ဆေးကြမည် ဖြစ်ပြီး ၎င်းကိစ္စသည် မြန်မာဘက်မှ နယ်စပ် ပိတ်လိုက်ခြင်း၏ အကြောင်းရင်း ဖြစ်သည်။

သဘာဝ နယ်နမိတ် မျဉ်းသဖွယ် ဖြစ်နေသည့် မွိုင်မြစ် (သောင်ရင်းမြစ်) တွင် တာဘောင် တည်ဆောက်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် မြန်မာနိုင်ငံက မဲဆောက်-မြဝတီ နယ်စပ် စစ်ဆေးရေးဂိတ်၏ မြန်မာဖက်ခြမ်းကို ဇူလိုင် ၁၈ ရက်တွင် ပိတ်ခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်များ အကြား ဆွေးနွေးမှုများသည် နယ်စပ် ပြဿနာများ အပေါ် နားလည် သဘော တူညီမှု ပိုမို ရရှိစေခဲ့သည်ဟု ဗိုလ်မှူးကြီး ဝင်းမောင်က ပြောကြားခဲ့ပြီး မကြာမီ သတင်းကောင်းများ ကြားရလိမ့်မည်ဟု ၎င်းက ဆိုသည်။

မစ္စတာ အလွန်ခွန်နှင့် ဦးဝင်းမောင်တို့သည် နယ်စပ် ပိတ်ထားမှုနှင့် လတ်တလော တင်းမာမှုတို့ အပေါ် အစောပိုင်းက ဆွေးနွေးခဲ့ကြသေးသည်ဟု သတင်းရပ်ကွက် တစ်ခုက ဆိုသည်။

သောင်ရင်းမြစ် တစ်လျှောက်ရှိ လှေဆိပ်များ အပါအဝင် မဲဆောက်နှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းမှ DRBA အခြေစိုက် စခန်းများကိုပါ မြန်မာ အစိုးရ တပ်ဖွဲ့များက လတ်တလော ထိန်းချုပ်ရန် ကြိုးစားလာခြင်းကြောင့် တင်းမာမှုများ ကြီးထွားလာခဲ့သည်။ အထက်ပါ မြန်မာ စစ်တပ်၏ လှုပ်ရှားမှုကြောင့် ကရင် တိုင်းရင်းသား ၄၀၀ ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။

မြန်မာ အစိုးရက ၎င်း၏ ယခင် မဟာမိတ် DKBA ကို ၎င်း၏ လက်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် တာဝန်ယူ စေလိုသော်လည်း အဆိုပါ ကမ်းလှမ်းမှုကို ကရင်တို့က ပယ်ချလိုက်သည်ဟု သိရှိရသည်။

မြန်မာ စစ်တပ်က DKBA လက်ထဲမှ ကူးတို့ လှေဆိပ် ၂၀ ခန့်ကို ရယူ ထိန်းချုပ်ခဲ့ကာ နှစ်နိုင်ငံ အကြား လူများ၊ ပစ္စည်းများ ဖြတ်သန်းမှုကို ပိတ်ပင်လိုက်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။ ကူးတို့ဆိပ်များကို ဖြတ်သန်း သယ်ဆောင်နေသည့် ကုန်စည်များကို အစောပိုင်းတွင် DKBA က အခွန်ကောက်ယူ နေခဲ့ခြင်း ဖြစ်သည်။ မြန်မာ စစ်တပ်က ၎င်းတို့သည် ကူးတို့ဆိပ်တွင် အခွန်ကောက်မှုကို ထိန်းချုပ်လိုခြင်းသာ ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။

မြန်မာ အစိုးရက နယ်စပ်ကို ပိတ်လိုက်ခြင်းမှာ တာဘောင် တည်ဆောက်မှုကြောင့်သာ မဟုတ်ဘဲ နယ်စပ် ကုန်သွယ်ရေးကိုပါ ထိန်းချုပ်လိုခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းလုံခြုံရေး အရာရှိ တစ်ဦးက မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Telegraph, By Nishit Dholabhai and Archis Mohan, 21st July 2010

ထောက်လှမ်းရေး အေဂျင်စီများသည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသား စီးပွားရေးသမားများ တိုးပွားလာမှုကို စိုးရိမ်လျက် ရှိကြောင်းကို မြန်မာ အစိုးရ ခေါင်းဆောင် အိန္ဒိယနိုင်ငံသို့ မလာမီ ပြောကြားလာသည်။

အဆိုပါ စိုးရိမ်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အိန္ဒိယတို့ ဆွေးနွေးသည့် အခါ ထည့်သွင်း ဆွေးနွေးရန် မျှော်လင့်ပြီး၊ အိန္ဒိယ ရင်းနှီး မြှုပ်နှံမှုကြီးများကို ဖိတ်ခေါ်ရန် မျှော်လင့်နေသည်။

တရုတ်ကုန်သည်များသည် နယ်စပ်တွင် သာမက ကုန်းတွင်းပိုင်းတွင်ပါ ကြီးထွား သြဇာ လွှမ်းမိုးလာမှုကို အရေးကြီးသော အချက် တစ်ခုအဖြစ် သတိပေးလာရပြီး၊ ၎င်းတို့၏ နယ်ပယ် ချဲ့ထွင်မှုမှာTamils များ၏ ကုန်ကျစရိတ်ဖြင့် ချဲ့ထွင်လာခြင်း ဖြစ်သည်။ အဆိုပါ လမ်းကြောင်းကို မန္တလေးနှင့် တမူးကြားရှိ ကုန်သွယ်မှု အဓိက လမ်းကြောင်းတွင် သတိပြုမိလာသည်။ "ထောက်လှမ်းရေး အစီရင်ခံစာက နောက်ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်၏ ကိုလိုနီ ဖြစ်သွားလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ပါသည်'' ဟု ပြည်ထဲရေး ဋ္ဌာနမှ တာဝန်ရှိသူက  The Telegraph  သို့ ပြောကြားခဲ့သည်။

အဆိုပါ ဒေသ တမီးလ် မိသားစုများ ရောက်ရှိနေသည်မှာ ရာစုနှစ် တစ်ခု ကျော်ပြီ ဖြစ်သည်။ "အကောင်းဆုံး အိန္ဒိယ တောင်ပိုင်း အစားအစာကို မိုရေးမှာသာ ရနိုင်တယ်လို့ ကျွန်တော်တို့ ရယ်စရာ ပြောလေ့ ရှိပါတယ်'' ဟု Imphal Free Press မှ အယ်ဒီတာ Pradip Phanjoubam က ပြောသည်။ ယခုအခါ တရုတ် ကုန်သည်များသည် တမီးလ် ပြိုင်ဖက်များကို ဖယ်၍ နေရာယူလာကြပြီး၊ တမီးလ်များသည် မိုရေးသို့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း နေရာ ရှာနေကြရပြီ ဖြစ်သည်။

အိန္ဒိယတွင် နောက်ထပ် စိုးရိမ်ဖွယ် အကြောင်းကလည်း ရှိနေပြန်သည်။ တိဗက်-အိန္ဒိယ-မြန်မာ သုံးပွင့်ဆိုင် ဆုံသည့် နေရာအနီးရှိ Arunachal Praclesh ၏ Kibitho ရွာများတွင် ရှိသော ဒေသခံ သတင်းများအရ တရုတ် တိုင်းရင်းသား ဟန်လူမျိုး လူဦးရေသည် ၎င်းတို့ဒေသတွင် လွန်ခဲ့သော နှစ်များအတွင်း နှစ်ဆ တိုးလာခဲ့သည်ဟု ဆိုသည်။

Beijing ၏ မူဝါဒ အရ တိဗက်လူမျိုးများ နေထိုင်ရာ ဒေသများသို့ ဟန်လူမျိုးများ ဝင်ရောက် နေထိုင်ရန် အားပေးလျက်ရှိသောကြောင့်  ၂၀၀၈ ခုနှစ်က တိဗက်တွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါ အကျိုးဆက် အရ Arunachal တွင် ဟန်လူမျိုးများ ဝင်ရောက်လာခြင်း ဖြစ်သည်။ တိဗက် ခေါင်းဆောင် Dalai Lama အား အဆိုပါ အဓိကရုဏ်းအတွက် စီမံပေးသူ အဖြစ် စွပ်စွဲခဲ့သော်လည်း၊ Dalai Lama က ဟန်လူမျိုးများ ရွှေ့ပြောင်း ဝင်ရောက်လာမှုမှာ အကြောင်းရင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်က Xinijiang တွင် ဖြစ်ပွားသော Uighur မငြိမ်သက်မှု အရေးအခင်းတွင်လည်း ဟန်လူမျိုးများ ဝင်ရောက် အခြေချခြင်းကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် နယူးဒေလီ အတွက် မဟာဗျူဟာ အရ အရေးကြီးသည်။ မဏိပူရနှင့် အရှေ့မြောက်ရှိ အခြား ပြည်နယ်များမှ စစ်သွေးကြွများသည် မြောက်ပိုင်း တောထဲတွင် နေစရာ ရှာ၍ နေထိုင်ကြသည်။ ၎င်းတို့သည် လက်နက် ရောင်းဝယ်ရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရန် မြန်မာနိုင်ငံကို လမ်းကြောင်း အဖြစ် အသုံးပြုကြသည်။

ဗိုလ်ချုပ်ကြီး Shew သည် လာမည့်အပတ် မြန်မာနှင့် တွေ့ဆုံရာတွင် ကောင်းခြင်းများ သယ်ဆောင်လာနိုင်မည် ဖြစ်ပြီး၊ ရေအားလျှပ်စစ်၊ စွမ်းအင် ဆာလောင်နေသော အိန္ဒိယ အတွက် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အဓိက ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

အသက် (၇၇) နှစ်ရှိ မြန်မာ ခေါင်းဆောင်သည် စီးပွားရေး မဟုတ်ဘဲ ဘာသာရေးဖြင့် အိန္ဒိယ ပြည်သူများ၏ အသည်းနှလုံးကို သိမ်းပိုက်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြောက်ကိုးရီးယား၏ ကင်ဂျုံအီနှင့် ဇင်ဘာဘွေ၏ ရောဘတ်မူဂါဘေ တို့နောက်တွင် ကမ္ဘာပေါ်တွင် တတိယ အဆိုးဝါးဆုံး အာဏာရှင် အဖြစ် Foreign Policy မဂ္ဂဇင်းက သတ်မှတ်ထားပြီး၊ ၎င်း၏ အိန္ဒိယ ခရီးစဉ်ကို ဗုဒ္ဓဂါယာသို့ စတင် သွားရောက်ခြင်းဖြင့် စတင်မည် ဖြစ်သည်။

၎င်းသည် ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှ အာနန္ဒာ ဘုရားအား ထိန်းသိမ်းရေးအတွက် အိန္ဒိယ၏ အကူအညီ တောင်းခံမည် ဖြစ်သည်။ အာနန္ဒာ ဘုရားသည် အိန္ဒိယ Bengal ရှိ ဘုရားများ၏ ဗိသုကာ လက်ရာနှင့် ဆင်တူပြီး၊ နှစ်ပေါင်း (၉၀၀) ကျော် ရှိနေပြီ ဖြစ်ရာ ထိန်းသိမ်းရေးအတွက် အိန္ဒိယ ရှေးဟောင်း သုတေသန တိုင်းတာမှု  Archaeological Survey of India  ကို အလိုရှိနေသည်။

သန်းရွှေသည် ၎င်း၏ ၂၅ ရက်မှ ၂၉ ရက် ခရီးစဉ် အတွင်း သမ္မတ Pratibha Patil နှင့်လည်းကောင်း၊ ဝန်ကြီးချုပ် Manmohan Singh နှင့်လည်းကောင်း၊ အခြား ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားသည်။ ၎င်း၏ စီးပွားရေးနှင့် ပတ်သက်သော တွေ့ဆုံမှုများတွင် Ratan Tata ကဲ့သို့သော အင်အားကြီး လုပ်ငန်းများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ Tata နှင့် မော်တော်ယာဉ် စက်ရုံ ထူထောင်ရန် အစီအစဉ် ရှိသည်။ မြန်မာနိုင်ငံသည် ဂျစ်ကားသာ ထုတ်လုပ်လျက် ရှိရာ ထရပ်ကားနှင့် အခြားကားများ အတွက် ဈေးကွက်ကြီး ရှိနေသည်။ ထို့အပြင် ဟိုင်ဒရာဘတ်ရှိ သတင်း အချက်အလက် နည်းပညာ၊ ဆေးဝါး ကုမ္ပဏီများသို့ သွားရောက်ရန်လည်း စီစဉ်ထားသည်။

သန်းရွှေ၏ ခရီးစဉ် အပေါ် အိန္ဒိယ အနေဖြင့် အိမ်နီးချင်းများအား မည်သို့ပင် ဖြစ်နေစေကာမူ လက်တွေ့ကျသော ဆက်ဆံရေး ပြုလုပ်ရန် နိုင်ငံခြားမူဝါဒ အတွက် စိတ်ဓာတ် ပြင်းထန်လျက် ရှိခြင်း၏ လက္ခဏာ အဖြစ် ရှုမြင်ကြရမည် ဖြစ်သည်။ နယးဒေလီသည် မြန်မာနိုင်ငံနှင့် စတင် မဆက်ဆံမီက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။ "မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်'' ဟု ထိပ်တန်း နိုင်ငံခြားရေး ဋ္ဌာန အရာထမ်း တစ်ဦးက ပြောသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ပိုမို နီးကပ်သော မဟာဗျူဟာနှင့် စီးပွာရေး ဆက်ဆံရေး များအတွက် လုပ်ကိုင်လျက် ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၄ ခုနှစ် အစောပိုင်းက အိန္ဒိယသို့ လာရောက် လည်ပတ်ခဲ့သည်။ နောင်နှစ်နှစ် ကြာသောအခါ သမ္မတ A.P.J.Abdul Kalam သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ နံပါတ် (၂) ခေါင်းဆောင် မောင်အေးသည် ၂၀၀၈ ခုနှစ်က အိန္ဒိယသို့ လာရောက်ခဲ့သည်။ မနှစ်က ဒုတိယ သမ္မတ Hamid Ansari ရော စစ်ဦးစီးချုပ်ပါ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ယခုနှစ် အစောပိုင်းက နိုင်ငံခြားရေး ဝန်ကြီး Nirupama Rao နှင့် ပြည်ထဲရေး ဝန်ကြီး G.K.Pillai တို့လည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ဒေါ်လာ(၁) ဘီလျံကျော် (Rs ၄,၇၀၀ crore) ရှိသည်။ သို့သော် အိန္ဒိယသည် မြန်မာနိုင်ငံတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ မရှိပါ။ တစ်ခုတည်းသော လုပ်ငန်းမှာ Essart အုပ်စုမှ ၂၀၀၇ ခုနှစ်ကတည်းက Rs ၅၃၅ crore ရင်းနှီးမြှုပ်နှံသည့် ကုလားတန်မြစ် ပရောဂျက် ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ကုလားတန်မြစ်အား မီဇိုရမ် အထိ အချိန်မရွေး သွားနိုင်အောင် ပြုလုပ်မည် ဖြစ်ရာ ၂၀၁၃တွင် စတင် အသုံးပြုနိုင်မည်  ဖြစ်သည်။ အဆိုပါ စီမံကိန်းကြောင့် ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်းနှင့် Khulna ဆိပ်ကမ်းများ တိုးတက်လာပြီး၊ အိန္ဒိယ အရှေ့မြောက်သို့ အစားအသောက်များ တင်ပို့နိုင်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 23rd July 2010

မြောက်ကိုးရီးယား စစ်တပ်မှ အရာရှိများနှင့် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကွပ်ကဲမှု အဖွဲ့တို့သည် ပြုံးယမ်းအား အပြစ်တင်ထားသော တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ သောကြာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် မတ်လ မြောက်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုးရီးယား ရေငုပ်သင်္ဘောမှ ပစ်ခတ်သော တော်ပီဒိုကြောင့်ဟု နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က မေလက သုံးသပ်ခဲ့သည်။ သို့သော် မြောက်ကိုးရီးယားက ငြင်းဆန်ခဲ့ပြီး၊ ၎င်းအား ဒဏ်ခတ်ခဲ့လျှင် စစ်ခင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ တိုအရေးကိစ္စသည် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ဖြစ်စေပြီး မြောက်ကိုးရီးယားကို ၎င်း၏ နျူကလီယာ အစီအစဉ်များ ကိစ္စဆွေးနွေးရန် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်ခေါ်ရန် ကြိုးပမ်းမှုတွင် ပိုမို ရှုပ်ထွေးစေသည်။

ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့သည် ကိုးရီးယား စစ်ပွဲပြီးဆုံးရန် အပစ်အခတ် ရပ်စဲရေးကို ကြီးကြပ် ကွပ်ကဲသော အဖွဲ့ ဖြစ်သည်။ ယခု မြောက်ကိုးရီးယား စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့တို့ ကိုးရီးယားနှစ်နိုင်ငံ နယ်စပ် စစ်တပ် ကင်းမဲ့ဇုန်ရှိ Panmunjom တွင်တွေ့ဆုံရာတွင် သတင်း ကြေညာချက် ထုတ်ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ပထမအကြိမ် တွေ့ဆုံစဉ် မည်သည့် တိုးတက်မှုမျှ မရရှိခဲ့ပဲ မြောက်ကိုးရီးယားက ၎င်းတို့ကိုယ်တိုင် သင်္ဘော နစ်မြုပ်မှုအား စစ်ဆေးခွင့်ကို ပြန်လည် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ ကွပ်ကဲရေးအဖွဲ့က ပြောကြားရာတွင် ကြာသပတေးနေ့က ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် နှစ်ဖက် စလုံးသည် ဗိုလ်ချုပ်အဆင့် တွေ့ဆုံမှုများအတွက် ရက်၊ အကြောင်းအရာနှင့် ဆက်ဆံရေးများ အသေးစိတ်ကို ဆွေးနွေးမည်ဟု ဆိုသည်။

ယခု အစည်းအဝေးနှင့် တစ်ချိန်တည်းမှာပင် တောင်ကိုးရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုးရီးယားနှင့် တရုတ်တို့က ဆန့်ကျင်နေသည့် ကြားမှ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် ပြင်ဆင်နေသည်။

ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့ အထိ ပြုလုပ်မည် ဖြစ်ရာ အမေရိကန်နှင့် တောင်ကိုးရီးယား စစ်သား (၈၀၀၀) ခန့်နှင့် အတူ သင်္ဘောနှင့် ရေငုပ်သင်္ဘော အစီး (၂၀)၊ တိုက်လေယာဉ် အစီး (၂၀၀)၊ လေယာဉ်တင် သင်္ဘော USS ဂျော့ဝါရှင်တန်နှင့် အမေရိကန် လေတပ် F-22 တိုက်လေယာဉ်များ ပါဝင်မည် ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုမှာ မြောက်ကိုးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ပြုံးယမ်းက စွပ်စွဲခဲ့သည်။ ဝါရှင်တန်နှင့် ဆိုးလ်တို့ကမူ ယခု လေ့ကျင့်မှုမှာ ကာကွယ်ရေးအတွက် သက်သက်သာ ဖြစ်ပြီး၊ မြောက်ကိုးရီးယားကို ကျူးကျော်ရန် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်သည် ကိုးရီးယား စစ်ပွဲ၏ အမွေအဖြစ် တောင်ကိုးရီးယားတွင် စစ်သား (၂၈၅၀၀) တပ်စွဲထားသည်။ ကိုးရီးယား စစ်ပွဲသည် ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ အပစ်အခတ် ရပ်ရန် သဘော တူညီချက်ဖြင့်သာ ရပ်ဆိုင်းသွားခဲ့ရာ၊ ဥပဒေကြောင်းအရ ကြည့်လျှင် စစ်ပွဲမှာ မပြီးဆုံးသေးဟု ဆိုနိုင်သည်။