Transparency Myanmar

transparency.myanmar@gmail.com

ယခင် ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသော ဗီယက်နမ်နိုင်ငံ စစ်တပ်ကို ခေတ်မီသော တပ်မတော်အဖြစ် အရည်အသွေး မြှင့်တင်ပေးရန် အကူအညီ ပေးသွားမည်ဟု ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက သဘော တူညီလိုက်ပြီ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် အလည်အပတ် ရောက်ရှိခိုက် ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက ယင်းသို့ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင် အာရှနိုင်ငံ (အာဆီယံ) အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဗီယက်နမ်သည် နိုင်ငံ ကာကွယ်ရေး စစ်တပ်ကို ခေတ်မီအောင် တဖြည်းဖြည်းချင်း လုပ်ဆောင်လျက် ရှိရာ လတ်တလော အနေအထားတွင် ပြင်သစ်နိုင်ငံမှ ရေဒါစနစ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဝယ်ယူထားကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး Herve Morin က ပြောဆိုသည်။

"ဗီယက်နမ် နိုင်ငံ စစ်တပ် ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရာမှာ ပြင်သစ်နိုင်ငံ အနေနဲ့ တက်တက်ကြွကြွ ပါဝင်ပေးဖို့ အခိုင်အမာ တောင်းဆိုခဲ့တာပါ" ဟု မစ္စတာ Herve Morin ၏ ပြောကြားချက်ကို ကိုးကားပြီး VietnamNet သတင်းစာက ရေးသား ဖော်ပြသည်။

"ဗီယက်နမ်နဲ့ တောင်းဆိုမှုတွေ အားလုံးကို ဖြည့်ဆည်းပေးဖို့ ပြင်သစ်နိုင်ငံက ဆန္ဒ အပြည့်အဝ ရှိပါတယ်" ဟုလည်း ပါရှိသည်။

ဇူလိုင်လ ၂၆ ရက် ဗီယက်နမ် နိုင်ငံသို့ မစ္စတာ Herve Morin ရောက်ရှိလာမှုသည် ၁၉၅၄ ခုနှစ် Dien Bien Phu တွင် ဗီယက်နမ်တို့က ပြင်သစ်တပ်များ လက်နက်ချ ဆုတ်ခွာသွားအောင် ခုခံ တိုက်ခိုက်မှု ပြုလုပ် ပြနိုင်ခဲ့ချိန် နောက်ပိုင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး တစ်ဦး၏ ပထမဆုံး ခရီးစဉ် ဖြစ်သွားခဲ့သည်။

ယခု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရေတပ်၊ ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်း ဆောင်ရွက်ရေး ကိုလည်း ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း၊ မကြာမီ ကာလအတွင်း ဗီယက်နမ် စစ်ဘက် အရာရှိများအား ပြင်သစ်က သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း မစ္စတာ Herve Morin က ဆိုသည်။

ဗီယက်နမ် နိုင်ငံသည် ယခုလို ပြင်သစ်နိုင်ငံမှ စစ်ရေး အကူအညီများ တောင်းဆိုပြီး စစ်လက်နက် ပစ္စည်းများ ဝယ်ယူမှု မပြုလုပ်မီ အချိန်က ယခင် ကွန်မြူနစ် မဟာမိတ် ဖြစ်ခဲ့သော ရုရှားနိုင်ငံမှ စစ်လက်နက်များ အဓိက ဝယ်ယူခဲ့သည်။ ရုရှားသည် ဗီယက်နမ် စစ်တပ် လက်နက် တပ်ဆင်ရေးအတွက် အဓိက ထောက်ပံ့ပေးသော နိုင်ငံ ဖြစ်ခဲ့သည်။

ဗီယက်နမ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘော ခြောက်စင်း နှင့် Su-30MK2 အမျိုးအစား ဂျက် တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူရန် အော်ဒါ လုပ်ခဲ့သည်။ ထို့အတူ ဗီယက်နမ်သည် လတ်တလော နှစ်များအတွင်း ယခင်တစ်ချိန်က ရန်သူတော် ဖြစ်ခဲ့ဖူးသော အမေရိကန် ပြည်ထောင်စုနှင့်လည်း စစ်ရေး အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ယင်းသို့ ပူးပေါင်း ဆောင်ရွက်ရာ၌ နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများ အပြန်အလှန် လည်ပတ်မှု၊ အမေရိကန် ရေတပ် သင်္ဘောများ လာရောက်ပြီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် လက်ခံကြိုဆိုမှု အစရှိသည်တို့ ပါဝင်သည်။

ဗီယက်နမ် စစ်ပွဲသည် မြောက်ပိုင်း ကွန်မြူနစ် တပ်ဖွဲ့များက တောင်ပိုင်း ဒေသရှိ အမေရိကန် ကျောထောက်နောက်ခံ ပေးမှုကို ရယူထားသော မြို့တော်အား သိမ်းပိုက်ပြီး တိုင်းပြည် ညီညွတ်ရေး ရယူလိုက်ချိန် ၁၉၇၅ ခုနှစ်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။  

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် တရုတ်နိုင်ငံမှ North Petro-Chem Corporation Limited (NPCC) တို့ သဘောတူ စာချုပ် တစ်ရပ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်း သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်တွင် နှစ်နိုင်ငံ အရာရှိကြီးများက ဇူလိုင်လ ၂၇ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

"ယင်းစာချုပ်အရ မြန်မာနိုင်ငံရှိ ကုန်းတွင်း လုပ်ကွက် အမှတ် PSC-F (ငလှိုင်တွင်း ဒေသ-Ngahlaingdwin Area) တွင် နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု သဘောဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ရှာဖွေ တူးဖော် ထုတ်လုပ်မည် ဖြစ်သည်" ဟု သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ကုန်းတွင်း သဘာဝဓာတ်ငွေ့နှင့် ရေနံထွက်ရှိရာ နေရာ ၁၉ ခုနှင့် ကမ်းလွန် ဒေသရှိ အဓိက နေရာကြီး ၃ ခုတွင် သဘာဝ ဓာတ်ငွေ့ ကုဗလက်မ ၉၀ ထရီလီယံ နှင့် ရေနံစည်ပေါင်းံ ၃ ဒဿမ ၂ ဘီလီယံခန့် ကျန်ရှိနေကြောင်း အစိုးရနှင့် လုပ်ငန်းဆိုင်ရာ အရာရှိများက ဆိုသည်။

အနောက် နိုင်ငံများက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသော်လည်း မြန်မာ စစ်အစိုးရက စွမ်းအင် အခန်းကဏ္ဍကို အသုံးပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ထားသည်။

သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ် အစရှိသော နိုင်ငံများမှ ကုမ္ပဏီများက မြန်မာနိုင်ငံတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရန် အစိုးရနှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံသည် ၂၀၀၈-၀၉ (ဧပြီ-မတ်လ) ဘဏ္ဍာရေး နှစ်အတွင်း ပြည်ပသို့ သဘာဝ ဓာတ်ငွေ့ ဒေါ်လာ ၂ ဒဿမ ၃၈ ဘီလီယံဖိုး တင်ပို့ ရောင်းချနိုင်ခဲ့သည်။ အဓိက တင်ပို့သည့် နိုင်ငံမှာ အိမ်နီးချင်းထိုင်း ဖြစ်သည်။ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၂ ဒဿမ ၅၃ ဘီလီယံဖိုး တင်ပို့ ရောင်းချခဲ့သည်။

လောင်စာ ဆာလောင်လျက် ရှိသော အိမ်နီးချင်း တရုတ်နိုင်ငံ ကလည်း မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန် ပင်လယ်ပြင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင်း နှစ်ခုမှ သဘာဝ ဓာတ်ငွေ့များကို တရုတ်ပြည်သို့ ပိုက်လိုင်း သွယ်တန်းပြီး ဝယ်ယူ တင်ပို့ရန် ကြိုးပမ်းလျက် ရှိသည်။ ယခုအခါ အဆိုပါ ပိုက်လိုင်း စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည်။

လာမည့် ၂၀၁၃ ခုနှစ်တွင် အဆိုပါ ပိုက်လိုင်း သွယ်တန်းမှု ပြီးဆုံးသွားပါက တရုတ်သည် မြန်မာ့ သဘာဝဓာတ်ငွေ့ အများဆုံး ဝယ်ယူသည့် နိုင်ငံ ဖြစ်လာဖွယ် ရှိသည်။ Alibaba.com ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော ပင်မ စွမ်းအင် စီမံကိန်းကြီးများကို သတ်မှတ်ထားသည့် အချိန်တွင် အဆုံးသတ်ရန်နှင့် ဆယ်စုနှစ်ခြောက်ခု သက်တမ်းရှိ ခိုင်မာသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သန္နိဋ္ဌာန်ပြု ပြောဆိုလိုက်သည်။

တရုတ် ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် နှစ်ပေါင်း ၁၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်တွင် မစ္စတာ ဝမ်ကျားပေါင်နှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့သည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး၊ ဆက်သွယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရေး၊ အကူအညီ အထောက်အပံ့များ ပေးအပ်ရေး အစရှိသည့် သဘော တူညီချက်များကို ကြေညာခဲ့ကြသည်။

မြန်မာ ပြည်တွင်းရေးနှင့် ပတ်သက်၍ မစ္စတာ ဝမ်ကျားပေါင်ကို ပြောဆိုရာတွင် ဦးသိန်းစိန်က မိမိတို့ အစိုးရသည် နိုင်ငံရေး လမ်းပြမြေပုံနှင့် အညီ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများကို တဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခုနှစ်အတွင်း ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် စီစဉ်ထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်အောင် ဆက်လက် ထိန်းသိမ်း သွားကြမည်ဟုလည်း နှစ်နိုင်ငံ ခေါင်းဆောင်များ ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာစစ်တပ်က တရုတ်နယ်စပ် ဒေသအနီးရှိ တရားမဝင် လက်နက်စက်ရုံကို ဝင်ရောက် စီးနင်း ဖျက်ဆီးပြီး ရက်အတန်ကြာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ရာ တရုတ်ပြည် ဘက်သို့ ဒုက္ခသည် သုံးသောင်းခန့် ဝင်ရောက် ထွက်ပြေးခဲ့ကြရသည်။

သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ပြီးနောက် နှစ်နိုင်ငံ ဝန်ကြီးချုပ် နှစ်ဦးသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို တရားဝင် ဖွင့်လှစ်ပေးခဲ့ကြသည်။ တရုတ်နှင် မြန်မာ နှစ်နိုင်ငံသည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းနှင့် ဒေါ်လာ ၁ ဒဿမ ၀၄ ဘီလီယံ တန်ဖိုးရှိ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် သဘော တူညီမှု ရရှိခဲ့ကြပြီး ပိုက်လိုင်း သွယ်တန်း တည်ဆောက်မှုကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သည်။ ပိုက်လိုင်း နှစ်ခုကို ယှဉ်လျက် သွယ်တန်းမည် ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီ နယ်စပ်မြို့သို့ ဝင်ရောက်မည်ဟု သိရသည်။

ရေနံ ပိုက်လိုင်းမှာ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် အဆုံးသတ်မည် ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို ဂွမ်ဇီပြည်နယ်၊ ကွမ်ကျိုးသို့ ဆက်လက် သွယ်တန်းမည် ဖြစ်ကာ ၂၈၀၆ လီလိုမီတာ ရှည်လျားမည် ဖြစ်သည်။

ရေနံ ပိုက်လိုင်း သွယ်တန်းမှုကြောင့် တရုတ်နိုင်ငံသို့ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကတို့မှ တင်ပို့သော ရေနံ တင်သွင်းမှု လမ်းကြောင်းပုံစံ ပြောင်းလဲသွားမည်ဟု လေ့လာ သုံးသပ်သူတို့က ဆိုသည်။ တရုတ်က ပင်လယ်ဓားပြ ပေါများသော မလက္ကာ ရေလက်ကြားမှ တစ်ဆင့် ရေနံ တင်ပို့မှုကို ရှောင်ရှားရန် ယင်းသို့ ပိုက်လိုင်း သွယ်တန်းရန် စီစဉ်ခြင်း ဖြစ်သည်။

China Institute of Contemporary International Relations မှ သုတေသန ပညာရှင် Song Qingrun က ယင်းပိုက်လိုင်း သွယ်တန်းမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးကြောင်း သုံးသပ်သည်။ မြန်မာနိုင်ငံတွင် အရင်းအနှီးနှင့် နည်းပညာ အခက်အခဲကြောင့် ထုတ်ယူ အသုံးမပြု ရသေးသော လောင်စာ စွမ်းအင်ရင်းမြစ် အမြောက်အမြား ရှိသည်။

စွမ်းအင် စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ထွက်ပေါ်လာနိုင်သလို ဒေသခံများ အတွက်လည်း ရေနံနှင့် သဘောဝ ဓာတ်ငွေ့များ ရရှိစေနိုင်သည်ဟု Song Qingrun က ဆိုသည်။

"မြန်မာ နိုင်ငံထဲမှာ လုပ်နေတဲ့ တရုတ်နိုင်ငံရဲ့ အဓိက စီမံကိန်းကြီးတွေ အားလုံးကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် ကန့်သတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အားလုံးဟာ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တရုတ်နိုင်ငံသည် ထိုင်းနှင့် စင်ကာပူတို့ ပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည်။ မြန်မာ-တရုတ် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ တန်ဖိုး ရှိခဲ့သည်။

Asian Energy Blogspot ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 28th July 2010

တပ်ခ် ပြည်နယ် မဲဆောက်ရှိ နယ်စပ် စစ်ဆေးရေးဂိတ်ကို မြန်မာ နိုင်ငံဖက်က ပိတ်ထားခြင်းနှင့် ပတ်သက်၍ ယခု သီတင်းပတ် အစောပိုင်းက စေ့စပ် ညှိနှိုင်းမှုများ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ဒုတိယ အကြိမ် နှစ်နိုင်ငံ အစည်းအဝေးကို သောကြာနေ့တွင် ထပ်မံ ကျင်းပမည် ဖြစ်သည်။

အကယ်၍ ယခုလ ကျော်သည့် တိုင်အောင် နယ်စပ်ကို ဆက်၍ ပိတ်ထားပါက မဲဆောက်ရှိ နယ်စပ် ကုန်သွယ်ရေး ကဏ္ဍ ဆုံးရှုံးမှုမှာ ဘတ်သန်း ၁၀၀၀ သို့ ရောက်ရှိသွားလိမ့်မည်ဟု မဲဆောက် ကုန်သည်ကြီးများ အသင်း၏ ခန့်မှန်းချက်အရ သိရှိရသည်။ ယခင် အပတ်မှ စ၍ တစ်ရက်လျှင် ဘတ်ငွေ ၈၈ သန်းနှုန်းဖြင့် ထိခိုက် နစ်နာနေသည်ဟု ဆိုသည်။

မွိုင်မြစ် (သောင်ရင်းမြစ်) တလျှောက် ထိုင်းနိုင်ငံဘက်မှ ကွန်ကရစ် ကမ်းပါးတာဘောင် တည်ဆောက်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် မြန်မာဘက်မှ နယ်စပ် ပိတ်ထားခြင်းကို ဆွေးနွေးရန် ဒုတိယ ကုန်သွယ်ရေး ဝန်ကြီး အလွန်ခွန်မွန်လာဘွတ် က ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သည်။

ထိုင်းဘက်မှ ကွန်ကရစ် ကမ်းပါး တည်ဆောက်မှုကြောင့် သောင်ရင်းမြစ် မြန်မာဘက်ခြမ်းတွင် ကမ်းပါး ရေတိုက်စားမှု ဖြစ်စေခဲ့သည်ဟု မြန်မာ အာဏာပိုင်များက ပြောကြားသည်။ ၎င်းတို့သည် ယခင်လမှ စ၍ နယ်စပ်ကို ၉ ကြိမ်ခန့် ယာယီ ပိတ်ခဲ့ပြီး ယခု တစ်ကြိမ်မှာ အကြာဆုံး ဖြစ်သည်။

သောကြာနေ့ အစည်းအဝေး အပြီးတွင် ပြဿနာကို ဖြေရှင်းနိုင်ကာ နယ်စပ် စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် လိုသည်ဟု တပ်ခ်ပြည်နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဘန်ဖို့ကိုကီယာဂျာဂွန်းက ပြောကြားလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Chosun Ilbo, 28th July 2010

မြောက်ကိုရီးယားသည် နျူကလီယာ ဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက် နေခဲ့သည့် အချိန် ၂၀၀၅ နိုဝင်ဘာလတွင် အာဖဂန် နစ္စတန် တာလီဘန်များထံ ဒုံးကျည်များ ရောင်းချပေးခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေးက အစီရင်ခံလိုက်သည်။

Wikileats ဝက်ဘ်ဆိုက်က လွှင့်တင်ထားသော "စစ်မှတ်တမ်း သတင်းများ" စာမျက်နှာမှ လျှို့ဝှက် အထောက်အထားများတွင် အထက်ပါ ထောက်လှမ်းရေး အစီရင်ခံစာ ပါဝင်သည်ဟု ဝါရှင်တန် ပို့စ်က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ အင်အားကြီး အာဖဂန် သူပုန် ခေါင်းဆောင်နှင့် အိုစမာ ဘင်လာဒင်၏ ဘဏ္ဍာရေး အရာရှိဟု ယူဆရသောသူ နှစ်ဦးတို့သည် မြောက်ကိုရီးယားထံမှ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များကို ၂၀၀၅ ခုနှစ်က ဝယ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

"၂၀၀၅ နိုဝင်ဘာ ၁၉ ရက်တွင် ဟက်စ်အစ္စလာမီ ပါတီခေါင်းဆောင် ဂူလ်ဘူဒင် ဟက်မက်တီရာ နှင့် အိုစမာ ဘင်လာဒင်၏ ဘဏ္ဍာရေး အရာရှိ ဒေါက်တာ အာမင်တို့ နှစ်ဦးသည် အီရန်မှ မြောက်ကိုရီးယားသို့ လေကြောင်းဖြင့် ထွက်ခွာခဲ့သည်" ဟု ထောက်လှမ်းရေး အစီရင်ခံစာပါ တင်ပြချက်အတိုင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားတွင် ၎င်းတို့ နှစ်ဦးသည် အဝေးထိန်း စနစ်သုံး ဒုံးကျည်များကို အမေရိကန် နှင့် မဟာမိတ်တို့၏ လေကြောင်းရန်ကို ကာကွယ်ရာတွင် အသုံးပြုရန် မြောက်ကိုရီးယား အစိုးရနှင့် သဘော တူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။

ဒုံးကျည် ပစ္စည်းများ တင်ပို့မှုကို ၂၀၀၆ ခုနှစ် အစောပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု မျှော်လင့်ရပြီး သဘော တူညီချက် စည်းကမ်းများကိုမူ ပုံနှိပ်ခဲ့ခြင်း မရှိဟု အစီရင်ခံစာတွင် တင်ပြထားသည်။

သဘော တူညီချက် ရရှိပြီး ၁၈ လ အကြာ ၂၀၀၇ တွင် အမေရိကန် CH-47 ချင်းနွတ် ရဟတ်ယာဉ် တစ်စင်း အာဖဂန် နစ္စတန် ဟယ်လမန်မြစ် အနီးတွင် ဒုံးကျည်ဖြင့် ပစ်ချခြင်း ခံခဲ့ရသည်။ ၎င်းလက်နက်သည် သူပုန်များ အသုံးပြုနေကျ ပဲ့ထိန်း ဒုံးကျည်ထက် အရွယ်အစား ပိုကြီးသည်ဟု အကဲဖြတ် ခဲ့ကြသည်။

"အကယ်၍ ၎င်းသတင်း မှန်ကန်ပါက မြောက်ကိုရီးယားက အမေရိကန်ကို ဆန့်ကျင်ရန် ကြိုးစားနေသည့် အတိုင်းအတာနှင့် အရေးယူမှုကြောင့် ချွတ်ခြုံကျ စီးပွားရေး အတွက် ငွေရှာဖွေမှုကို ညွှန်ပြနေသည်" ဟု ကျွမ်းကျင်သူ တစ်ဦးက သတင်းစာသို့ ပြောကြားသည်။

"တကယ်လို့သာ သူတို့ဟာ မြောက်ကိုရီးယား ငွေကြေး စီးဆင်းမှုကို ကူညီပေးတဲ့ ဖောက်သည်တွေ ဖြစ်နေတယ်ဆိုရင် လက်နက် ရောင်းချမှုဟာ အာဏာရှင် အစိုးရ အတွက် အရေးကြီးတဲ့ ဝင်ငွေ ရင်းမြစ် တစ်ခု ဖြစ်နေတယ်လို့ ဆိုရပါမယ်" ဟု ၎င်းက မှတ်ချက်ပေးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.radioaustralianews.net, 28th July 2010

မြန်မာနိုင်ငံအား ရထားလမ်းများနှင့် ကားလမ်းများ တည်ဆောက်ရန် ဘဏ္ဍာရေး အကူအညီ ပေးမည်ဟု အိန္ဒိယနိုင်ငံက ကတိပြုလိုက်သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အပါအဝင် အိန္ဒိယ ခေါင်းဆောင်များနှင့် မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း တရုတ်နိုင်ငံ လွှမ်းမိုးလာမှုကို နယူးဒေလီက ယှဉ်ပြိုင်သည့် အနေဖြင့် ယခု ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်နက်နှင့် မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် သိပ္ပံနည်းပညာ တယ်လီဖုန်း ဆက်သွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးတို့ အတွက် သဘော တူညီချက်များကို အိန္ဒိယနှင့် မြန်မာ အာဏာပိုင်များက လက်မှတ် ရေးထိုးခဲ့ကြသည်ဟု သိရှိရသည်။

မြန်မာ နိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ လမ်းဖောက်လုပ်ရန် အမေရိကန် ဒေါ်လာ သန်း ၆၀ နယူးဒေလီက ထောက်ပံ့မည်ဟု ပူးတွဲ ကြေညာချက်တွင် ဖော်ပြသည်။

ရထားလမ်း စီမံကိန်းများကို ငွေကြေး ထောက်ပံ့ရန် အတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ ချေးငွေ အစီအစဉ်ကိုလည်း အိန္ဒိယ EXIM ဘဏ်က တိုးချဲ့ ဆောင်ရွက်ပေးမည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.