Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစု ၃၂ ဦး ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ကရင်လူမျိုး မိသားစု ခြောက်ခုမှ ဒုက္ခသည် ၃၂ ဦး တတိယ နိုင်ငံတွင် အခြေချ နေထိုင်နိုင်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံ၌ ပထမဆုံး နေထိုင်ခွင့် ရမည့် ဒုက္ခသည်များ ဖြစ်လာမည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ ကရင်ဒုက္ခသည် ၃၂ ဦးမှာ ဂျပန်နိုင်ငံသို့ သွားရောက် ရတော့မည် ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ် ဒေသရှိ Mera ဒုက္ခသည် စခန်းတွင် ဂျပန်ဘာသာ စကားနှင့် ယဉ်ကျေးမှု လေ့လာရေး ၁ လ သင်တန်း တက်ရောက်နေကြသည်ဟု သိရသည်။

Mera ဒုက္ခသည် စခန်းမှ မြန်မာဒုက္ခသည် အယောက် ၅၀ အနက် အဆိုပါ ၃၂ ဦးက ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ရာ ၎င်းတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒုက္ခသည်များ ပြန်လည် အခြေချ နေထိုင်မှု အစီအစဉ်အရ ဂျပန်အစိုးရက မြန်မာ ဒုက္ခသည် စုစုပေါင်း အယောက် ၉၀ ကို သုံးနှစ် အတွင်း ခေါ်ယူရန် စီစဉ်လျက် ရှိသည်။

ယခု ပြန်လည် နေရာချထားမှု ကိစ္စသာ အဆင်ပြေ ချောမွေ့ခဲ့ပါက ဂျပန်အစိုးရ အနေဖြင့် နောက်ထပ် မြန်မာ ဒုက္ခသည်များကို ဆက်လက် ခေါ်ယူသွားရန် စဉ်းစားမည် ဖြစ်ကြောင်း အစိုးရ အရာရှိများက ဆိုသည်။

ယင်း ကရင် ဒုက္ခသည် ၃၂ ဦး ဂျပန်နိုင်ငံသို့ ရောက်ရှိပါက တိုကျိုမြို့တော်တွင် ခြောက်လတာမျှ နေထိုင်ပြီး ဂျပန်ဘာသာနှင့် ရိုးရာ အလေ့အထများကို ဆက်လက် လေ့လာ ဆည်းပူးခွင့် ပေးမည်ဟုလည်း ဆိုသည်။

၎င်းတို့ကို ဂျပန်နိုင်ငံ မည်သည့် ပြည်နယ်ဒေသတွင် အပြီးအပိုင် အခြေချ နေထိုင်ခွင့်ပေးမည် ဟူသော အချက်ကို မဆုံးဖြတ်ရသေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

Mera ဒုက္ခသည် စခန်းသည် ထိုင်းနိုင်ငံတွင် အကြီးဆုံးသော ဒုက္ခသည် စခန်း ဖြစ်ပြီး မြန်မာ နိုင်ငံမှ ဒုက္ခသည် စုစုပေါင်း ငါးသောင်းခန့် ခိုလှုံ နေထိုင်လျက် ရှိသည်။

Kyodo သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကရင်ပြည်နယ် အရှေ့ပိုင်း ဒေသရှိ ကျေးရွာများကို မြန်မာစစ်တပ်က တိုက်ခိုက်မှုများ အရှိန်မြှင့်တင် လုပ်ဆောင်လာပြီး နေအိမ်များကိုလည်း ဖျက်ဆီးပစ်ရာ လူပေါင်း ရာနှင့် ချီ၍ တောတွင်းသို့ ထွက်ပြေး တိမ်းရှောင် သွားကြရကြောင်း ကရင် ပြည်သူလူထုနှင့် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အုပ်စုများက သတင်းပေးပို့သည်။

၂၀၁၀ နှစ်ကုန်ပိုင်းတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပတော့မည် ဖြစ်ရာ ယခု တိုက်ခိုက်မှုသည် စစ်အစိုးရ၏ စစ်ဆင်ရေး စတင်မှု တစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်ဟု လူ့အခွင့်အရေး အုပ်စုများက စိုးရိမ်လျက် ရှိသည်။

မြန်မာစစ်တပ်က တိုက်ခိုက်မှုများကို ဇူလိုင် လဆန်းပိုင်းခန့်က ကရင်ပြည်နယ် မြောက်ပိုင်း ထိုင်းနယ်စပ် ဒေသတွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ကရင် အမျိုးသား ယူနီယံ (KNU) က သတင်း ပေးပို့သည်။ နောက်ပိုင်းတွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့များသည် ကျေးရွာများကို ဖျက်ဆီးပစ်ခဲ့ရာ လူပေါင်း ၉၀၀ ခန့် အနီးရှိ တောတွင်း ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

KNU အထွေထွေ အတွင်းရေးမှူး Zipporah Sein က ယခု မြန်မာစစ်တပ်၏ တိုက်ခိုက်မှုသည် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ခြိမ်းခြောက် ဖိအား ပေးသော စစ်ဆင်ရေးသစ် တစ်စိတ်တစ်ပိုင်း ဖြစ်မည်ဟု စိုးရိမ်မိကြောင်း ပြောကြားသည်။

"ရွေးကောက်ပွဲ နီးလာပြီ ဆိုတော့ စစ်ရေး ထိုးစစ်ဆင်မှုတွေ တိုးမြှင့်လာတာကို ကျွန်တော်တို့ သဘောပေါက်ပါတယ်။ မြန်မာစစ်တပ်က ဒါဒါးကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်ရုံတင် မကပါဘူး။ အခြား ကျေးရွာတွေကို တပ်ဖွဲ့တွေ စေလွှတ်ပြီး ရွာတွေကို ဖျက်ဆီးပစ်နေပါတယ်" ဟု Zipporah Sein က ပြောသည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာ စစ်တပ်က တပ်ဖွဲ့များ ကျေးရွာ နေအိမ်များကို ဖျက်ဆီး ပစ်လိုက်သောကြောင့် လူပေါင်း ၆၀၀ ခန့် ပြောင်းရွှေ့ ထွက်ပြေးခဲ့ကြရသည်။ ထိုင်းနယ်စပ် ဒေသ မဲဆောက် မြို့အနီး ကရင် တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် မြန်မာစစ်တပ် သာမက စစ်အစိုးရ လိုလားသော လက်နက်ကိုင် တပ်ဖွဲ့များပါ အင်အား တိုးမြှင့်ထားကြောင်း သတင်း ပေးပို့ချက်များက ဆိုသည်။

အဆိုပါ ဒေသများတွင် ရေအား လျှပ်စစ် စက်ရုံ တည်ဆောက်ရန် ရှိသည့် အတွက်ကြောင့် မြန်မာစစ်တပ်က ဒေသခံ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို အစီအစဉ် ဆွဲ၍ ရှင်းလင်းနေခြင်း ဖြစ်ဖွယ် ရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

Alternative ASEAN Network အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် Debbie Stothardt က ပြီးခဲ့သည့် ၁၈ လအတွင်း မြန်မာစစ်တပ်၏ ဖိနှိပ်ညှဉ်းပန်း နှိပ်စက်မှုများ တိုးမြင့်လာရာ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွင် အိုးပစ်အိမ်ပစ် ပြောင်းရွှေ့ ထွက်ပြေးရသူ ဦးရေ ၁၁၈၀၀၀ ခန့်အထိ ရောက်ရှိလာကြောင်း ပြောကြားသည်။

"စစ်အစိုးရက သူတို့ ဒီမိုကရေစီ စနစ် ပေါ်ထွန်းအောင် လုပ်မယ်၊ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ အစစအရာရာ ပိုမို ကောင်းမွန်လာမယ်လို့ ပြောတဲ့ အချိန်မှာပဲ တိုက်ခိုက် ထိုးစစ်ဆင်မှုတွေ ပိုလုပ်လာတာတို့၊ ရုတ်တရက် ထိုးစစ်ဆင်တာ တို့တွေ ရှိနေပါတယ်။ သူတို့ ကောင်းမယ်လို့ ပြောတာတွေဟာ ဒုက္ခသုက္ခ မျိုးစုံ ရောက်စေတာတွေ ချည်းပါပဲ" ဟု Debbie Stothardt က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို မည်သည့် နေ့ရက် အတိအကျတွင် ကျင်းပမည် ဟူသည်ကို စစ်အစိုးရက ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလ လောက်တွင် ကျင်းပဖွယ် ရှိသည်ဟုသာ ခန့်မှန်း ပြောဆိုလျက် ရှိကြသည်။

သို့သော် စစ်အစိုးရက ရွေးကောက်ပွဲ ကာလအတွင်း မဲပေးမှု၊ မဲဆွယ်မှုများ အားလုံးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် စီစဉ်ထားမှုကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ရွေးကောက်ပွဲ သပိတ်မှောက်ရန် ဆော်သြလျက် ရှိသည်။

မကြာသေးခင် ရက်သတ္တပတ် ဗီယက်နမ် နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဒေသတွင်း ဖိုရမ်၌ မြန်မာအစိုးရအား အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ကျင်းပရန် ရှိသော ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရေး၊ ယုံကြည်စိတ်ချမှု ရရှိရေး အစရှိသည် တို့အတွက် ဖိအားပေး ပြောဆိုကြခြင်း ဖြစ်သည်။

ထို့ပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်လည်း ဖိအားပေး ပြောဆိုခံခဲ့ရသည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th July 2010

မြန်မာ စစ်တပ်နှင့် DKBA တို့အကြားမှ နယ်ခြားစောင့် တပ်ဖွဲ့ အစီအစဉ်နှင့် ပတ်သက်သော ဆွေးနွေးမှုများ မအောင်မြင်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရွံ့ကြခြင်းကြောင့် ကရင်ကျေးရွာများတွင် နေထိုင်သူ ၇၀၀ ခန့် ထိုင်းနိုင်ငံသို့ တနင်္ဂနွေနေ့က ထွက်ပြေးသွားခဲ့ကြသည်ဟု သိရှိရသည်။

ယခု တစ်ပတ် အတွင်း မြန်မာ စစ်တပ်နှင့် DKBA တို့ တိုက်ခိုက်နိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာပြီးနောက် မြဝတီ မြို့နယ် အတွင်း အနည်းဆုံး ကျေးရွာ လေးရွာမှ ရွာသားများသည် ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ် ပေါ့ဖရားမြို့ဘက်သို့ ထွက်ပြေးခဲ့ကြသည်ဟု ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ကရင် သတင်း အချက်အလက် ဌာန KIC က ဆိုသည်။

မြန်မာ အစိုးရသည် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ထံမှ နယ်ခြားစောင့်တပ် ကိစ္စ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှုကို ဇူလိုင် ၂၁ ရက်နေ့တွင် ပယ်ချခဲ့သူ DKBA ထိပ်တန်း စစ်ဖက် အရာရှိ "ကိုမုတ်ဆိတ်ဟု လူသိများသူ" ဗိုလ်မှူးကြီး လာဖွယ်က ရွာသားများကို သတိပေးခဲ့ခြင်း ဖြစ်သည်ဟု KIC က ပြောကြားသည်။

ကရင် ဗုဒ္ဓဘာသာ လက်နက်ကိုင် တပ်ဖွဲ့ DKBA သည် ခရစ်ယာန် အများစု ပါဝင်သည့် KNU၊ KNLA အဖွဲ့ထံမှ ၁၉၉၅ တွင် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ဧပြီလမှ စ၍ နေပြည်တော်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းကြအောင် ဖိအားပေးရန် ကြိုးစားခဲ့သည်။ သို့သော် ယခု အချိန်အထိ NDAK ကချင်တပ်ဖွဲ့နှင့် ကရင်နီ တပ်ဖွဲ့ တစ်ဖွဲ့ကသာ အစိုးရ၏ အမိန့်ကို လိုက်နာရန် သဘောတူခဲ့ကြသည်။

ထွက်ပြေးသွားကြသူ အများစုမှာ မိန်းမများနှင့် ကလေးများ ဖြစ်ကြပြီး၊ ၎င်းတို့အား ထိုင်းအာဏာပိုင်များက ရေနှင့် အစားအစာများ ထောက်ပံ့ပေးခဲ့သည်ဟု နယ်စပ်မှ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ကရင် ဒုက္ခသည်များ အတွက် ဆောင်ရွက်ပေးနေသော NGO များကလည်း အဆိုပါ ရွာသားများကို အကူအညီ ပေးနေသည်ဟု သိရှိရသည်။

သို့သော်လည်း တနင်္လာနေ့ မနက်တွင် အချို့ရွာသားများ အိမ်သို့ ပြန်လာကြသည်ဟု ကရင် နယ်စပ် သတင်း ရပ်ကွက် နောက်ဆုံးရ သတင်းများက ဆိုသည်။

ဒုက္ခသည်များအား အိမ်ပြန် မပို့ခဲ့ပါဟု ထိုင်းအာဏာပိုင်များက ပြောကြားသော်လည်း အမှန်တကယ် တိုက်ပွဲ မဖြစ်ပွားပါက လာ၍ မရနိုင်ဟု အသိပေးခဲ့သည်ဟု ဆိုသည်။

ထိုင်းစစ်တပ်ကလည်း ထိုင်းမြန်မာ နယ်စပ်တလျှောက် အင်အား ဖြည့်တင်းနေသည်ဟု သိရှိရသည်။

အကယ်၍ နယ်ခြားစောင့် တပ်ဖွဲ့ အစီအစဉ်ကို လက်မခံပါက မြန်မာ စစ်တပ်က DKBA ကို တိုက်ခိုက် ချေမှုန်းမည်ဟု မြန်မာ့ တပ်မတော် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှ ဗိုလ်မှူးချုပ် သန်းစိုးက ဗိုလ်မှူးကြီး လာဖွယ်ကို ယခုလ အစောပိုင်းတွင် သတိပေးခဲ့သည်ဟု သိရှိရသည်။

အစိုးရ ကမ်းလှမ်းသည့် အငြင်းပွားဖွယ် အစီအစဉ်နှင့် ပတ်သက်၍ DKBA အဖွဲ့အတွင်း သဘော ကွဲလွဲမှုများ ရှိသည်ဟု ကြားသိရသည်။ DKBA တပ်ရင်း ၉၉၉ မှ DKBA ၏ အင်အား အကြီးဆုံး တပ်မှူး ဗိုလ်မှူးကြီး ချစ်သုက နယ်ခြားစောင့်တပ်သို့ ပူးပေါင်းရန် လက်ခံလိုပြီး တပ်ရင်း ၉၀၇ တပ်မှူး ဗိုလ်မှူးကြီး လာဖွယ်က ပူးပေါင်းရန် ကန့်ကွက်သည်ဟု ဆိုသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆန့်ကျင်သူ နောက်တစ်ဦးမှာ DKBA ဘာသာရေး ခေါင်းဆောင် မြိုင်ကြီးငူ ကျောင်းထိုင် ဆရာတော် ဦးသုဇန ဖြစ်သည်။ ဘုန်းတော်ကြီးက နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆန့်ကျင်ရန် အတွက် ၎င်းနှင့် ပူးပေါင်းကြရန် အခြားသူများကို စည်းရုံးလျက် ရှိသည်။

လက်နက်ကိုင် အင်အား ၆၀၀၀ ရှိသည်ဟု ကြေညာထားသော DKBA သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့သည် မြန်မာ အစိုးရနှင့် ၁၉၉၅ တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 28th July 2010

မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ပါတီသည် ၎င်းတို့အား ထောက်ခံသူ အင်အား တိုးပွားလာစေရန် အတွက် မြန်မာနိုင်ငံ၏ မဲပေးခွင့်ရှိသူ ထက်ဝက်ခန့်ကို ၎င်းတို့၏ ပါတီဝင် အဖြစ် သိမ်းသွင်း စုဆောင်းရန် ကြိုးစားနေသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ညွှန်ကြားချက်များအရ လာမည့် သြဂုတ် လကုန် နောက်ဆုံးထား၍ လူဦးရေး ၁၅ သန်းခန့်ကို ပါတီဝင် အဖြစ် သိမ်းသွင်း စုဆောင်းမည်ဟု ပါတီနှင့် နီးစပ်သော သတင်း ရပ်ကွက်က DVB သို့ ပြောကြားသည်။ မြန်မာနိုင်ငံတွင် မဲပေးခွင့် ရှိသူ သန်း ၃၀ ခန့် ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသည်။

"ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တွေက တကယ်လို့ မြို့နယ် တစ်ခုမှာ မဲဆန္ဒရှင် ၂၀၀၀၀ ရှိခဲ့မယ်ဆိုရင် ၁၀၀၀၀ ဟာ ကြံ့ခိုင်ရေး ပါတီဝင်တွေ ဖြစ်ရမယ်လို့ အမိန့်ပေးထားတယ်။ အဓိကကတော့ ပါတီဝင် အင်အားကို တိုးချဲ့တာပါပဲ။ မဲဆန္ဒရှင်တွေရဲက ၅၀ % ရှိရမယ့် ပါတီဝင် စာရင်းကို သြဂုတ် လကုန် နောက်ဆုံးထားပြီး တင်ပြရမယ်လို့ ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ညွှန်ကြားထားပါတယ်" ဟု အဆိုပါ သတင်း ရပ်ကွက်က ဆိုသည်။

၎င်းပါတီသည် ဝင်ကြေး ၁၀၀၀ ကျပ် (၁ ဒေါ်လာ) ပေးရန် လိုအပ်သော ပါတီဝင်များအား မက်လုံး ပေးကာ ကမ်းလှမ်းလျက် ရှိသည်ဟု စွပ်စွဲခြင်း ခံနေရသည်။ အကယ်၍ ပါတီဝင် အင်အား ၁၅ သန်း ပြည့်သွားမည် ဆိုပါက ကြံ့ခိုင်ရေး ပါတီ အနေဖြင့် မဲဆွယ် စရိတ် ဒေါ်လာ ၁၅ သန်း ရရှိမည် ဖြစ်သည်။ ထို့အပြင် ပါတီဝင်သစ်များအား ဆွဲဆောင် မက်လုံးပေးနေသော အတိုးနည်း ချေးငွေ အစီအစဉ်မှ ရရှိမည့် ငွေစာရင်းသို့ အထက်ပါ ပါတီဝင်ကြေး ကောက်ခံငွေများ စာရင်းဝင် မဟုတ်ဟုလည်း သိရှိရသည်။

ပြည်သူ အများစုမှာ ၎င်းပါတီ၏ မူဝါဒများကို နားလည် သိရှိခြင်း မရှိဟု ဝန်ခံ အသိအမှတ် ပြုကြသော်လည်း မက်လုံးပေး၍ ဆွဲဆောင်မှုများကြောင့် ပါတီသို့ ဝင်ရန် တွန်းအား တစ်ရပ် ဖြစ်နေသည်။ ခန့်မှန်းချေ ပျမ်းမျှ နှစ်စဉ် တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ၂၀၀ (ကျပ် ၂ သောင်း) မျှသာ ရှိသော အခြေအနေနှင့်အတူ စစ်အုပ်ချုပ်ရေးက သယ်ဆောင် ပေးခဲ့သည့် စီးပွားရေး ဆင်းရဲ ဒုက္ခများ အပေါ်တွင် ဝန်ကြီးချုပ် ဦးသိန်းစိန်က အမြတ်ထုတ်မည့် လက္ခဏာ ရှိနေသည်။

ပြိုင်ဖက် ပါတီများထံမှ ကန့်ကွက်မှုများထဲတွင် ထိပ်ဆုံးက ပါဝင်နေသော အချက် တစ်ခုမှာ လက်ရှိ အစိုးရ ဝန်ကြီးများစွာ ပါဝင်နေသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို ရွေးကောက်ပွဲ ကော်မရှင်က အထူး အခွင့်အရေးပေး ဆက်ဆံနေသည့် ကိစ္စပင် ဖြစ်သည်။

သို့သော်လည်း အချို့ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူးများက ပါတီဝင်သစ် စုဆောင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ၎င်းတို့၏ ခေါင်းဆောင်များထံ တင်ပြခဲ့သည်ဟု ကြားသိရပြီး ဒေသခံ အစိုးရ အာဏာပိုင်များထံမှ အကူအညီ ရရန် ကြိုးစားနေကြသည်ဟု သိရှိရသည်။ မြန်မာ ပြည်သူ လူထုအတွင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီအပေါ် မကျေနပ်မှုများ ပျံ့နှံ့နေသည်ဟု အဆိုပါ သတင်း ရပ်ကွက်က ပြောကြားခဲ့သော်လည်း ပါတီဝင် အတင်းအကြပ် စုဆောင်းမှုကို ဒေသ အာဏာပိုင်များ၏ အကူအညီဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု စောင်းပါး ရိပ်ခြည် ထုတ်ဖော်သည်။

သို့ရာတွင် ယခုကိစ္စကို နယ်မြေခံ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများက သတိမထားမိအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် ပါတီဝင်များအား မှာကြားထားမှုကြောင့် လာမည့် ရွေးကောက်ပွဲ "နိုင်မြင်း" အဖြစ် တစ်ပေးခံနေရသည့် ပါတီနှင့် အစိုးရ အကြား ဆက်ဆံရေးမှာ သိသာ ထင်ရှားခြင်း မရှိပါ။

ထို့အပြင် ပါတီ မူဝါဒနှင့် ဖွဲ့စည်းပုံကို အသေးစိတ် ဖော်ပြထားသည့် စာမျက်နှာ ကြေညာစာတမ်းကို ပါတီဝင်သစ် စုဆောင်းရာတွင် အသုံးပြုနိုင်ရန် အတွက် မြို့နယ် အဆင့် ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်များအား ဖြန့်ဝေပေးထားသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Rediff.com, 28th July 2010

မြန်မာ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် Foreign Policy ဂျာနယ်၏ ဆောင်းပါးတွင် ကမ္ဘာ့ အဆိုးဆုံး အာဏာရှင် တစ်ဦး အဖြစ် မကြာမီက သတ်မှတ်ခြင်း ခံခဲ့ရသည်။

အဆိုပါ မြန်မာအစိုးရ ခေါင်းဆောင်သည် လတ်တလောတွင် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် အဖြစ် အလည်အပတ် ရောက်ရှိနေသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ သယံဇာတများကို မျက်စောင်းထိုးနေသော နယူးဒေလီက အဆိုပါ အကြင်နာ ကင်းမဲ့သော ခေါင်းဆောင် အတွက် ကော်ဇာနီ ဖြန့်ခင်း ကြိုဆိုခဲ့သည်။

ကမ္ဘာကြီးကို လူသားတို့ နေထိုင်ရန် အလွန့်အလွန် အန္တရာယ် များသော နေရာဖြစ်အောင် ပြုလုပ်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တကွ အခြား နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင် ခေါင်းဆောင် အချို့ကို Rediff.com က အောက်ပါအတိုင်း သုံးသပ် လေ့လာခဲ့သည်။

အထက်ပါ စာပို့လုလင် တဖြစ်လဲ၊ စစ်သား တဖြစ်လဲ၊ ဗိုလ်ချုပ်မှူးကြီးသည် မည်သည့် အဆိုးဆုံး အာဏာရှင် စာရင်းတွေ မဆို ပုံမှန် ပါဝင်နိုင်သည့် သွင်ပြင် လက္ခဏာများ ရှိသူ ဖြစ်သည်။ ရက်စက် ကြမ်းကြုတ်၍ ပုန်းရှောင်လေ့ ရှိသူ အာဏာရှင်သည် ကမ္ဘာပေါ်တွင် အဆိုးဆုံး စစ်အစိုးရများထဲမှ တစ်ခုတွင် ခေါင်းဆောင် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိပြီ ဖြစ်သည်။

၎င်းသည် အတိုက်အခံ  နိုင်ငံရေး အုပ်စုများ၏ ဒီမိုကရေစီ ကြိုးပမ်းမှု မှန်သမျှကို နင်းချေပစ်ခဲ့ပြီး ပြည်သူ ချစ်သော လူထုခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် အနှစ် ၂၀ လုံးလုံး ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ အသက် ၆၀ ပြည့်ချိန်တွင် အနားယူရမည့် အစား ၎င်းသည် အာဏာကို ဆက်လက် ဖက်တွယ် နေခဲ့ပြီး ၎င်း၏ မိန်းမနှင့် မိသားစုဝင်များက မြောက်မြားစွာသော ဥစ္စာဓနများကို စုဆောင်းခဲ့ကြသည်။

၎င်း၏ သမီး မင်္ဂလာဆောင် အခမ်းအနား ဗီဒီယို မှတ်တမ်းတွင် စိန်၊ ရွှေ၊ ရှန်ပိန်များ ပြည့်လျှံနေမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် ပြည်သူများကြားတွင် ဒေါသ မီးပွား ထွက်စေခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုက်ကလုန်း ဖျက်ဆီးမှု အပြီးတွင် တိုင်းပြည်အား အကူအညီ ပေးမည့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများကို ဝင်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မေတ္တာ ရပ်ခံခြင်းကိုလည်း ရိုင်းပျစွာ ပယ်ချခဲ့သည်။

အာဏာ တစ်ခုတည်းကိုသာ အရူးအမူး စွဲလမ်း ဖက်တွယ်နေသည့်၊ အသည်းနှလုံး မရှိသော၊ အဆံချောင် အခွံမာ ဗိုလ်အုန်းသီးဟု ၎င်းအား မဂ္ဂဇင်းတွင် ခေါ်ဝေါ် သတ်မှတ်လိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radioaustralia.net, 28th July 2010

မြန်မာစစ်တပ် ခေါင်းဆောင်များအား နိုင်ငံတော် ခရီးစဉ် အဖြစ် ကြိုဆို ဂုဏ်ပြုခဲ့သည့် အတွက် အိန္ဒိယနိုင်ငံအား နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကြောင့် နိုင်ငံတကာတွင် ပြစ်တင် ရှုတ်ချခြင်း ခံနေရသည့် မြန်မာစစ်ဖက် အစိုးရအား တရားဝင်အောင် ကူညီနေသည်ဟု လည်း ၎င်းတို့က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်၏ နောက်ဆုံး ခရီးတစ်ထောက် အဖြစ် ဟိုက်ဒရာဘတ်သို့ ရောက်ရှိနေသည်။

ဒေသခံ မြန်မာ အသိုင်းအဝိုင်း အပါအဝင် ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများ အုပ်စုကြီးသည် စစ်ဖက် အစိုးရနှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မှုများကို ပြသရန် ဆုံးဖြတ်ခဲ့ကြပြီး မြန်မာအစိုးရ ခေါင်းဆောင်၏ ခရီးစဉ် ကာလအတွင်း နယူးဒေလီတွင် ဆန္ဒပြခဲ့ကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် Human Rights Watch မှ အထက်တန်း သုတေသန အရာရှိ Dave Mathiesonu က "မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ပြန်လည် ထွန်းကားအောင် ပိုမို လုပ်ဆောင်ရေး အတွက် မြန်မာအစိုးရအား စည်းရုံး ဆွဲဆောင်ရန် အိန္ဒိယတွင် တာဝန်ရှိသည်'' ဟု ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံတွင် စစ်မှန်သော ရွေးကောက်ပွဲများ၊ စစ်မှန်သော လူ့အခွင့်အရေး လေးစားမှုများ ဖြစ်ပေါ်စေရန် အတွက် အိန္ဒိယသည် ပြောရေးဆိုခွင့် ထိုက်တန်သော နိုင်ငံ ဖြစ်သော်လည်း ထိုအချက် အပေါ် မျှော်လင့်ထားမှုများ ပျက်ပြားခဲ့ရသည်။ မြန်မာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ကြီးမားသော ချို့ယွင်းချက်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စအပေါ်တွင် အိန္ဒိယနိုင်ငံသည် အလွန့်အလွန် နှုတ်ဆိတ်နေခဲ့သည်'' ဟု ၎င်းက မှတ်ချက်ပေးလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Hindu, By Siddharth Varadarajan, 26th July 2010

အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အတွက် ရုန်းကန်မှုများကို မြတ်နိုးလိမ့်မည် ဖြစ်သော်လည်း ၎င်း၏ ခေါင်းဆောင်သည် မြန်မာ စစ်တပ်နှင့် ဆက်ဆံရန် အခြား နည်းလမ်း မရှိဟု သိရှိ နားလည်ထားသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် အခြား အလယ်အလတ် လမ်းစဉ် ရှိနိုင်သလော။

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ ပြင်ပသို့ မကြာခဏ ခရီး ထွက်လေ့ ရှိသောသူ တစ်ဦး မဟုတ်ပေ။ ထို့ကြောင့် ယခု ၎င်း၏ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်ကို ကမ္ဘာတစ်ဝှမ်းက တအံ့တသြ စောင့်ကြည့်နေကြသည်။

နိုင်ငံတကာ ဝေဖန်သူ အများစု အနေဖြင့် သမိုင်းကြောင်းအရ ဒီမိုကရေစီ အတွက် ဂုဏ်ယူသော နိုင်ငံက အာဏာရှင် တစ်ဦးကို လက်သင့်ခံခြင်း အတွက် ဝိရောဓိကို ပြောစရာ ဖြစ်ခဲ့ရသည်။ အိန္ဒိယ၏ မြန်မာနိုင်ငံ အပေါ် အထူး ဆက်ဆံရေးကို အနောက်နိုင်ငံ ဝေဖန်သူများက အမှန်တရားနှင့် စည်းကမ်း လိုက်နာမှုများနှင့် စာလျှင် လက်တွေ့ နိုင်ငံရေးကို အခြေခံသော နိုင်ငံခြားရေး မူဝါဒ ချမှတ်နိုင်ခြင်း အတွက် ဥပမာကောင်း တစ်ခုဟု ဆိုကြသည်။ ၂၀၀၆ ခုနှစ်က အမေရိကန် သမ္မတ George W.Bush က အိန္ဒိယအား အမေရိကန် ပြည်ထောင်စုနှင့်အတူ မြန်မာ စစ်အစိုးရအား အထီးကျန် ပြုလုပ်ရေးတွင် အတူ ပါဝင်ရန် ဆွဲဆောင်ခဲ့သေးသည်။ "လွတ်လပ်ခြင်းကို ဆာလောင် မွတ်သိပ်နေတဲ့ ကမ္ဘာကြီးမှာ အိန္ဒိယရဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်" ဟု ဒေလီရှိ Purana Qila တွင် Bush က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် နိုင်ငံ အချို့၏ အမည်ကို အမည်တပ်၍ ထုတ်ဖော် ပြောကြားပြီး၊ ၎င်းက အိန္ဒိယနှင့် အမေရိကန်တို့သည် အဆိုပါ နိုင်ငံများတွင် ပြည်သူများသည် ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ် ပိုင်ခွင့်နှင့် မိမိ ခေါင်းဆောင်များကို ရွေးချယ်ခွင့် ရစေမည့် နေ့သို့ အမြန် ရောက်ရှိရေး အတွက် ပြုပြင်ရေးသမားများ၊ အစိုးရ ဆန့်ကျင်သူများ၊ လူထု အဖွဲ့အစည်းများနှင့် အတူတကွ ရပ်တည်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါ မိန့်ခွန်းတွင် စကားလုံးများက အလွန် လှပသည်။ သို့သော် အမှန်တရားမှာ ထို့ထက် အနည်းငယ် ပိုမို ရှုပ်ထွေးနေသည်။ အိန္ဒိယ နိုင်ငံသည် တစ်ချိန်က မြန်မာနိုင်ငံမှ လူကောင်းများ ဖက်မှ ရပ်တည်ပေးခဲ့ဖူးသည်။ ၁၉၉၀ အစောပိုင်း ကာလများက အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရ အတိုက်အခံ ပြုမှုများကို ကျောထောက် နောက်ခံပြု ရပ်တည်ပေးခဲ့သည်။ သို့သော် နှစ်နိုင်ငံ ဆက်ဆံရေးက အေးတိအေးစက် ဖြစ်လာသောအခါ၊ နယူးဒေလီ အနေဖြင့် တရုတ်က မိမိတို့ ထက်စာလျှင် ဆက်ဆံရေးကောင်း ရရှိသည်ဟု မြင်လာသည်။ မြန်မာ ဗိုလ်ချုပ်များသည် ယခင်က Beijing ၏ မြန်မာ ကွန်မြူနစ်ပါတီနှင့် အခြား သူပုန်များအား ထောက်ပံ့ပေးခဲ့မှုအား ခွင့်လွှတ်၍ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံရေးအရ ထောက်ခံမှုကို လက်သင့်ခံ ခဲ့သည်။ အိန္ဒိယ မူဝါဒ ချမှတ်သူများသည် ၎င်းတို့ အရှေ့မြောက်ရှိ သူပုန်များသည် မြန်မာနိုင်ငံကို ၎င်းတို့၏ လုံခြုံရာ နိဗ္ဗာန်ဘုံ အဖြစ် အသုံးပြုလာခြင်းကိုလည်း စိုးရိမ်လာသည်။ အိန္ဒိယသည် ၁၉၉၀ အလယ်ပိုင်း နှစ်များတွင် ၎င်း၏ လမ်းကြောင်းကို ပြန်ပြင်၍ စတင် သက်ရောက်စေခဲ့သည်။ နယူးဒေလီသည် မြန်မာ စစ်အစိုးရနှင့် စတင် ဆက်ဆံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လေဖြင့် ထောက်ခံမှုများ လျှော့ချခဲ့ပြီး၊ ထိုကတည်းက စ၍ လှည့်မကြည့်တော့သည်မှာ ယခုတိုင် ဖြစ်သည်။

အိန္ဒိယ အစိုးရသည် မြန်မာ အစိုးရ အပေါ် ချဉ်းကပ်မှု အပေါ် အနောက်နိုင်ငံများက ပြန်လည် ဆန်းစစ်ရန် ဖိအားပေးမှု ကြုံလာရတိုင်း၊ တရုတ်ကို ပိုမို လက်ဦးမှု ရစေမည့် မူဝါဒကို ပြန်ပြောင်းရန် ခက်ခဲသွားပြီ ဖြစ်သည်။ သို့သော် တရုတ်က ကြီးမားသော အောင်မြင်မှု ရရှိနေပြီး၊ အိန္ဒိယက မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးသွားမည်ကို စိုးရိမ်နေတုန်းပင် ဖြစ်သည်။ ထိုသို့ ပူပန်နေမှုမှာလည်း အံ့သြစရာတော့ မကောင်းလှပေ။ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်များသည် Beijing နှင့် နယူးဒေလီ ကြားတွင် ကောင်းကောင်း ကစားတတ်ကြသည်။ မြန်မာ အစိုးရကလည်း စီးပွားရေး အကူအညီနှင့် နိုင်ငံရေးအရ တရားဝင် အသိအမှတ် ပြုမှုကို မနားတမ်း တောင်းဆိုလျက် ရှိရာ အင်အားကြီး နှစ်နိုင်ငံမှာ တစ်ဦးကို တစ်ဦး စိတ်မချ ဖြစ်လျက် ရှိသည်။

အဆိုပါ သံသရာကို ဖြတ်ပစ်နိုင်မည့် နည်းလမ်း တစ်ခုမှာ အိန္ဒိယမှာ တရုတ် နှစ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများ ပုံမှန်ဖြစ်ရန် မြန်မာ အစိုးရကလည်း သဘောတူ၊ မိမိတို့ နှစ်နိုင်ငံကလည်း အကျိုးရှိမည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးမှု ပြုရေးပင် ဖြစ်သည်။ အနောက်နိုင်ငံများ၏ အရေးယူမှုနှင့် သပိတ်မှောက်မှု ဝါဒသည် အောင်မြင်မှု မရချိန်တွင် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံ ပူးတွဲ၍ မြန်မာ အစိုးရ အပေါ် သြဇာ လွှမ်းမိုးမှု ရှိသော ဆက်ဆံရေးကို ထူထောင်၍ မြန်မာပြည်သူများ၏ အခြေအနေများ တိုးတက်လာရေး အတွက် အကူအညီ ပေးသင့်လှပေသည်။

အိန္ဒိယ-တရုတ် ပူးတွဲ လုပ်ဆောင်ရေး

ထိုသို့ ပူးတွဲ လုပ်ဆောင်ရန် အကြံပြုနေသော်လည်း နှစ်နိုင်ငံ အနေဖြင့် တူညီသော ချဉ်းကပ်မှု ရှိရဲ့လား ဟူသည့် မေးခွန်း ထွက်ပေါ်လာသည်။ ၎င်းတို့၏ စိတ်ဝင်စားမှုမှာ ပတ်သက်မှု မရှိချေ။ မဟာဗျူဟာ စကားဖြင့် ပြောရလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသည့် အကြောင်းမှာ ဘင်္ဂလား ပင်လယ်အော် စစ်တွေနှင့် ယူနန် ပြည်နယ်ကြား တောင်-မြောက် ဝင်ရိုးတန်းတွင် ကုန်ပစ္စည်းနှင့် စွမ်းအင်ဆိုင်ရာ တဆင့်ခံ လမ်းကြောင်း အဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။ အိန္ဒိယ အတွက် အရှေ့အနောက် ဝင်ရိုးတန်းရှိ တစ်ဆင့်ခံ လမ်းကြောင်းသည် အရေးပါလှသည်။ အိန္ဒိယ၏ အရှေ့မြောက် မီဇိုရမ်ကဲ့သို့ ပြည်နယ်များနှင့် အာဆီယံ ဒေသတွင်း ဆက်သွယ်ရာ လမ်းကြောင်းသည် မြန်မာနိုင်ငံတွင် ပြတ်လျက် ရှိသည်။ မြန်မာနိုင်ငံကသာ လိုလိုလားလား မရှိလျှင် အာဆီယံ တလွှား ရထားလမ်းနှင့် အဝေးပြေးလမ်း စီမံကိန်းမှာ ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။

တရုတ်သည် အိန္ဒိယအား အရှေ့အာရှနှင့် အစုအဖွဲ့ ဖြစ်သွားမည်ကို လိုလိုလားလား ထောက်ခံသည် မဟုတ်ရာ အဆိုပါ အချက်သည် အရှေ့ အနောက် ဆက်သွယ်ရေးတွင် အနှောင့်အယှက် တစ်ခုပင် ဖြစ်သည်။ သို့သော် တစ်နေ့တခြား ကွန်ရက်သဖွယ် ချိတ်ဆက်နေသော ကမ္ဘာကြီး၏ နိုင်ငံရေး ဆိုင်ရာ စီးပွားရေး အင်အားစုများကို တရုတ်က နားလည်သည် ဖြစ်ရာ၊ ထိုသို့ နယ်စပ် အခြေခံ အဆောက်အအုံများ မပြည့်စုံအောင် နှောင့်ယှက်ထားရန် အမြဲတမ်း မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကို ဝင်ရိုးစွန်းပေါင်းစုံ တစ်ဆင့်ခံ လမ်းကြောင်း အဖြစ် အသုံးပြုမှုအတွက် မြန်မာနိုင်ငံတွင် အလိုအလျောက် အကျိုးကျေးဇူး ရှိမည့်အပြင်၊ တရုတ်နိုင်ငံ အတွက်ပါ အကျိုးရှိမည် ဖြစ်သည်။

ထိုနည်းတူစွာပင် အိန္ဒိယကလည်း စစ်တွေမှ ကူမင်းသို့ ဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်ကို ကြောက်ရန် မလိုပေ။ သို့မှသာ တရုတ်ကလည်း ပင်လယ်ပြင် ဆက်သွယ်ရေးတွင် မလုံခြုံမှုကို မခံစားရတော့ဘဲ ၎င်း၏ ရေတပ် တိုးချဲ့မှုကိုပါ လျော့ချသွားမည့် အကျိုးကို ခံစားရမည် ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၏ ကမ်းလွန် သဘာဝဓာတ်ငွေ့တွင် ပြိုင်ဆိုင်လျက် ရှိသည်။ သို့သော် ပြိုင်ဆိုင်မှုတွင် ထိုင်းနိုင်ငံ ကဲ့သို့သော အခြား ဈေးကွက်ကလည်း ရှိနေပြန်ရာ စွမ်းအင် ကဏ္ဍအတွက် သုညကြွင်းကိန်း မဖြစ်နိုင်ချေ။ ၂၀၀၆ ခုနှစ်က တရုတ်၏ ပြိုင်ဆိုင်မှုကြောင့် အိန္ဒိယက အရှုံးပေးခဲ့ရသည်။ အကြောင်းမှာ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်၍ တဆင့်ခံ လမ်းကြောင်း အစီအစဉ် မပြုလုပ်နိုင်၍ ထွက်ရှိလာမည့် ဓာတ်ငွေ့ကို ချက်ချင်း အသုံးမပြုနိုင်ဟု ယူဆ၍ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ယနေ့ကာလတွင်မူ မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ရော ရေအားလျှပ်စစ်ပါ အလားအလာများ ရှိနေရာ OVL နှင့် NHPC ကဲ့သို့သော အိန္ဒိယ ကုမ္ပဏီများ အနေဖြင့် တရုတ်ကဲ့သို့ ရေရှည် ဝင်ရောက် နေရာယူနိုင်ပြီ ဖြစ်သည်။

လမ်းညွှန် ဒီမိုကရေစီ နောက်တစ်ခု

ဖြစ်လာနိုင်သည့် အပြောင်းအလဲ အတွက် နိုင်ငံတကာနှင့် ပြည်တွင်း ဖိအားပေးမှုများကို ကာကွယ်သည့် အနေဖြင့်  နေပြည်တော်ရှိ ဗိုလ်ချုပ်များသည် ထိန်းချုပ်ထားသော ဒီမိုကရေစီ (Managed Democracy) အတွက် အသွင် ကူးပြောင်းရေး ကာလကို အုတ်မြစ်ချလျက် ရှိသည်။ ဧပြီလက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယူနီဖောင်း ချွတ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ၂၀၁၀ နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်တပ်၏ နိုင်ငံရေး အဖွဲ့အဖြစ် တံဆိပ် ကပ်လိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်များကို မြေကြီး လက်ခတ်မလွဲ ကောက်ချက် ချနိုင်သော်ငြားလည်း NLD အနေဖြင့် ရွေးကောက်ပွဲ အပေါ် သပိတ်မှောက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်သင့်သည်။ NLD အနေဖြင့် ၁၉၉၀ က လုပ်ခဲ့သည့် အတိုင်း တပ်မတော်၏ ပါတီကို အံအားသင့်အောင် လုပ်ခွင့်ရတော့မည် မဟုတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူမအပေါ် တားမြစ်ထားသည့် ဥပဒေများကြောင့် ပါဝင် ဆင်နွှဲနိုင်မည် မဟုတ်ပါ။ သို့သော်လည်း NLD အနေဖြင့် လုံလောက်သော ထောက်ခံမှု ရရန် လမ်းများပေါ်တွင် စည်းရုံးနိုင်မှသာလျှင် အစိုးရက ၎င်းတို့၏ နိုင်ငံတကာ ရပ်တည်မှု အပေါ် ဆိုးကျိုး သက်ရောက်မည်ကို ကြောက်ရွံ့မှသာလျှင် သပိတ်မှောက်သည့် နည်းလမ်းက ထိရောက်မှု ရှိမည် ဖြစ်သည်။ အဆိုပါ အခြေအနေ နှစ်ခုစလုံး မဖြစ်နိုင်ပါ။ စစ်ဖက် အစိုးရက ၎င်းအပေါ် ဆိုးကျိုး သက်ရောက်မှုများကို အမြစ်မှ လှန်ပစ်ခဲ့ပြီး ဖြစ်သလို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် အုပ်ချုပ်ရေး ယန္တရား ရပ်ဆိုင်းသွားအောင် လုပ်နိုင်မည့် အတိုက်အခံတို့၏ အခွင့်အရေးမှာလည်း လွန်စွာ နည်းပါးလှသည်။ တပ်မတော်သည် အလွန် ခိုင်မာစွာ အမြစ်တွယ်နေပြီး ဖြစ်သလို လက်ရှိ အနေအထားတွင် ရှိနေသည့်ထက် အကောင်းဆုံး မျှော်လင့်နိုင်သည်မှာ လမ်းညွှန် ဒီမိုကရေစီ အစီအစဉ်သာ ဖြစ်သည်ဟု ဒေသတွင်း အာဆီယံ အဖွဲ့ကလည်း လက်ခံထားကြပြီး ဖြစ်သည်။ သို့တိုင်အောင် လမ်းညွှန် ဒီမိုကရေစီသည် လက်ရှိ ရှေ့မတိုး နောက်မဆုတ် အခြေအနေပေါ်တွင် ကြီးမားသော တိုးတက်မှု ဖြစ်ဖွယ် ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ တဖြည်းဖြည်း အသုံးပြနိုင်သည့် နိုင်ငံရေး နယ်ပယ် ဖွင့်ဟ လာဖွယ်ရာ ရှိနေသည်။

၂၀၀၀ ခုနှစ်တွင် မြန်မာ အစိုးရက ၎င်း၏ နိုင်ငံရေး ပြန်လည် ရင်ကြားစေ့မှု ပုံစံကို နောက်ဆုံး အကြိမ် စမ်းသပ်ခဲ့သော်လည်း ဘွတ်ရှ် အစိုးရနှင့် အနောက်နိုင်ငံများက "အကုန် ရရင်ရ ၊ မရရင် မယူ" သဘောထားဖြင့် လှေနံ ဓားထစ် ရပ်တည်ခဲ့ကြသည်။ ရလဒ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ပြန်ကျသွားခြင်း ဖြစ်သည်။ ပြည်တွင်းတွင် အကန့်အသတ်ဖြင့် ဖြေလျှော့ပေးခြင်းဖြင့် ပြည်ပ တံခါးများ ဖွင့်သွားလိမ့်မည်ဟု လုပ်ဖော်ကိုင်ဘက်များကို စည်းရုံးခဲ့သူ အင်အားကြီး ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး ခင်ညွန့်မှာလည်း ထုတ်ပယ် ဖမ်းဆီးခံရကာ အဆုံးသတ် သွားခဲ့သည်။ ယခု အချိန်ထိ အိန္ဒိယက ဆုပ်ကိုင်ထားသော စကားလုံးများမှာ NLD နှင့် အခြား အတိုက်အခံ ပါတီများ အားလုံး လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြရန် တိုက်တွန်းသင့်ကြောင်းပင် ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် နိုင်ငံရေးအရ ဖြေလျှော့ပေးရန် ပြင်ဆင်ထားသည် ဆိုပါက မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ပစ်ပယ်ထားမှု အဆုံးသတ်သွားရန် ကူညီရမည့် တာဝန်ကို အိန္ဒိယနိုင်ငံက လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ မြန်မာ ခေါင်းဆောင်ကို ပြောကြားသင့်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.