Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံမှ စတီး ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သော Taiyuan Iron and Steel Group (TISCO) သည် China Nonferrous Metal Mining Group(CNMC) နှင့် မြန်မာနိုင်ငံရှိ တကောင်းတောင် (Tagaung Taung) နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းတွင် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း  TISCO ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်။

CNMC Nickel သည် ယခင်က တကောင်းတောင် သတ္တုတူးဖော်ရေး စီမံကိန်းကို ဦးဆောင် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် TISCO က CNMC တွင် အစုရှယ်ယာ ရရှိရန် အရင်းအနှီး ထည့်ဝင်မည် ဖြစ်ကြောင်း သိရသည်။ တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းသည် တရုတ်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်သည့် အကြီးဆုံးသော သတ္တု တူးဖော်ရေး စီမံကိန်းကြီး ဖြစ်သည်။

လေ့လာ သုတေသန ပြုချက်အရ တကောင်းတောင် သတ္တုတွင်းတွင် အဆင့်မြင့် အရည်အသွေး ရှိသော နီကယ်သတ္တု တန်ပေါင်း သန်း ၃၀ နှင့် အခြား နီကယ်သတ္တု တန်ပေါင်း ခုနစ်သိန်းခန့် ရှိသည်။ သတ္တု တူးဖော်ရေး လုပ်ငန်းကို လာမည့် နှစ် ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း လုပ်ကိုင်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၈၀၀ ဖြစ်ကာ တစ်နှစ်လျှင် နီကယ်-သံ သတ္တုတန်ပေါင်း ၈၅၀၀၀ တန်နှင့် နီကယ် တန်ပေါင်း ၂၂၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ သတ္တု တူးဖော်ရေးတွင်း တည်ဆောက်မှု လုပ်ငန်းများမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။

နီကယ်သည် နိုင်ငံ အသီးသီးအတွက် ရှားပါးသော မဟာဗျူဟာ အရင်းအမြစ် တစ်ခု ဖြစ်သည်။ ယခု မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမည့် TISCO သည် ကမ္ဘာ့အကြီးဆုံး စတီး ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်ပြီး တစ်နှစ်လျှင် နီကယ်တန်ပေါင်း တစ်သိန်းခန့် ဝယ်ယူလျက် ရှိသည်။

"နီကယ် သတ္တုဟာ စတီး ထုတ်လုပ်ရေး လုပ်ငန်းအတွက် အင်မတန် အရေးကြီးတဲ့ ကုန်ကြမ်း ဖြစ်ပြီး နီကယ်အတွက် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း အများဆုံး ဖြစ်ပါတယ်" ဟု Mysteel.com မှ ကျွမ်းကျင်သူ ပညာရှင် Zeng Jiesheng က ပြောကြားသည်။ Mysettl.com သည် စတီးဈေးကွက် သုတေသနနှင့် ခွဲခြမ်း စိတ်ဖြာရေး အဖွဲ့တစ်ခု ဖြစ်သည်။

People's Daily Online မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inchincloser, 29th July 2010

မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကြွယ်ဝပြီး၊ တရုတ်နှင့် အိန္ဒိယကြားတွင် မဟာဗျူဟာ ကျကျ တည်ရှိနေခြင်းကြောင့် နိုင်ငံများ ကြားတွင် ပြိုင်ဆိုင်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများကို ဖြစ်စေသည်။ တရားဝင် သတင်း အချက်အလက်များ ရရှိရန် ခက်ခဲသော်လည်း၊ တရုတ်၊ တောင်ကိုးရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တိုက်ရိုက် (FDI) ပြုသောနိုင်ငံများ ဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ စီးပွားရေးကပ်နှင့် အမေရိကန်နှင့် အီးယူတို့၏ အရေးယူမှု ပိုမို တင်းကြပ်မှုကြောင့် မြန်မာနိုင်ငံတွင် FDI ၇၀ % ကျဆင်းခဲ့ရသည်။

မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဋ္ဌာန၏ ကိန်းဂဏန်းများ အရ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၀၉ တွင် အမေရိကန် ဒေါ်လာ (၉၈၅) သန်း ရှိခဲ့ရာမှ ၂၀၀၉-၂၀၁၀ တွင် ဒေါ်လာ (၃၁၅) သန်းသာ ရှိပြီး ၆၈ % ထိုးကျခဲ့သည်။ ထိုကဲ့သို့ ထိုးဆင်းသွားခြင်းမှာ ၂၀၀၈နှင့် ၂၀၀၉ တွင် တရုတ်က သတ္တု တူးဖော်ရေး ကဏ္ဍတွင် ဒေါ်လာ (၈၆၀) သန်း ရင်းနှီး မြှုပ်နှံခဲ့ပြီး၊ ယမန်နှစ်ကမူ ရင်းနှီး မြှုပ်နှံမှု မရှိ၍ ဖြစ်သည်။ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ ၈၇ % ရှိသည်။

တိုင်းပြည်တွင်း  ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာရေးနှင့် အိမ်နီးချင်းများနှင့် မဟာဗျူဟာ ကျသော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နယူးဒေလီတွင် အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံတွင် ဒေါ်လာ သန်းချီ၍ ရင်းနှီး မြှုပ်နှံမှု ပြုနေခြင်းမှာ အကြောင်းအချက် နှစ်ခု ရှိသည်။

မြန်မာနိုင်ငံတွင် ရှည်လျားသော ပင်လယ် ကမ်းရိုးတန်းကြီး ရှိသည့် အလျောက် ကမ္ဘာပေါ်တွင် မဟာဗျူဟာ အကျဆုံး ရေကြောင်းလမ်းများတွင် တစ်ခု အပါအဝင် ဖြစ်သော မလက္ကာ ရေလက်ကြား အနီးတွင် ရေတပ်များ ချထားရန် အထူး သင့်လျော်လှသည်။ မလက္ကာ ရေလက်ကြားသည် မလေးရှားနှင့် အင်ဒိုနီးရှား အကြားရှိ ကျဉ်းမြောင်းသော သင်္ဘော သွားလာနိုင်သည့် ရေလမ်းဖြစ်ပြီး ပါရှန် ပင်လယ်ကွေ့နှင့် တရုတ် အကြား အတိုဆုံး ပင်လယ် လမ်းကြောင်းဖြစ်သည်။ ၎င်းမှာ  အာရှတိုက်တွင် အဓိက စစ်ဆေးမှုဂိတ် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ၈၀% သော ရေနံ တင်သွင်းမှုများကို ရေနံတင် သင်္ဘောများဖြင့် မလက္ကာ ရေလက်ကြားကို ဖြတ်ကြရသည်။ ထို့ကြောင့် မလက္ကာ ရေလက်ကြားသည် တရုတ်နှင့် အိန္ဒိယ အတွက် အဓိက အရေးပါသော နေရာ ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံကလည်း တရုတ်၏ ပုလဲကုံး သီအိုရီ (string of pearls theory) အရ မဟာဗျူဟာ ကျသော နေရာတွင် ရှိနေသည်။ အဆိုပါ သီအိုရီတွင် မလက္ကာ ရေလက်ကြားအား အမေရိကန်က ထိန်းချုပ်ထားမှုအား တန်ပြန် ပြုလုပ်နိုင်ရေး အတွက် ရေးဆွဲထားသည်။

မြန်မာနိုင်ငံ တည်နေရာသည် တရုတ်နှင့် အိန္ဒိယအတွက် စစ်ရေး အရ အရေးကြီးသော နေရာတွင် ရှိနေသည်။ ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံသည် တရုတ်နှင့် သဘောတူညီမှု တစ်ခု ရရှိခဲ့ရာ၊ မြန်မာ့ ရေတပ်အား ခေတ်မီအောင် တပ်ဆင်ပေးပါက ဂရိတ်ကိုကိုးကျွန်းကို တရုတ်ရေတပ်အား အသုံးပြုခွင့် ပေးမည်ဟု ဖြစ်သည်။ ကိုကိုးကျွန်းကို  အိန္ဒိယ၏ အင်ဒမန်နှင့် နီကိုဘာကျွန်းများမှ ၁၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ထိုကတည်းက တရုတ် ပညာရှင်များသည် ဂရိတ် ကိုကိုးကျွန်းပေါ်တွင် အီလက်ထရွန်းနစ် ထောက်လှမ်းရေး စခန်း တစ်ခု တည်ဆောက်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မြိတ်တို့တွင် စစ်တပ်သုံး ဆိပ်ကမ်း အဆောက်အဦးများ တိုးတက် ပြုလုပ်ပေးခြင်းနှင့် ဟိုင်းကြီးကျွန်းတွင် အဓိက ရေတပ်စခန်း ဋ္ဌာနချုပ် တစ်ခု တည်ဆောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။

ထို့အပြင် တရုတ်သည် ရန်ကုန်နှင့် စစ်တွေ ဆက်သွယ်သော ကားလမ်း တည်ဆောက်မှုအတွက် ငွေထောက်ပံ့ခဲ့သည်။ တရုတ်နိုင်ငံ တောင်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်နိုင်သော အတိုဆုံးလမ်း ရရှိရေး အတွက် ထောက်ပံ့နေခြင်း ဖြစ်သည်။ တရုတ်သည် အဝေးပြေးလမ်း တည်ဆောက်ခြင်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးများ တည်ဆောက်ပေးခြင်းဖြင့် တဆင့်ခံ ကုန်သွယ်ရေးကို ပိုမို လွယ်ကူစေပြီး၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။ မြန်မာ ဆိပ်ကမ်းများနှင့် ရေတပ် တည်ဆောက်ရေးများတွင် ပါဝင်ခြင်းဖြင့် တရုတ်သည် ဘင်္ဂလား ပင်လယ်အော်တွင် မဟာဗျူဟာ ကျသော လွှမ်းမိုးမှု ရရှိနိုင်သည်။ ထိုသို့ဖြင့် ၎င်း၏ ပုလဲကုံး သီအိုရီကို ပိုမို ခိုင်မာ အားကောင်းစေမည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံကလည်း မြန်မာနိုင်ငံအား ဆွဲဆောင်ရန် ကြိုးစားလျက် ရှိသော်လည်း၊ ဤဆင်းရဲသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံလောက် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်ခဲ့ပေ။ နယူးဒေလီသည် ရန်ကုန်နှင့် ကူးသန်း ရောင်းဝယ်ရေး အဆက်အဆံ အတွက် လက်မှတ် ရေးထိုးခဲ့ရာ စစ်တွေ ဆိပ်ကမ်းမှ ကလကတ္တား အထိ ဆက်သွယ်မှု လမ်းကြောင်း အတွက် ဒေါ်လာသန်း (၁၀၀) အသုံးပြုမည် ဖြစ်သည်။ သန်းရွှေ၏ မကြာသေးမီက အိန္ဒိယ ခရီးစဉ်တွင် EXIM ဘဏ်သည် ရထားလမ်း စီမံကိန်းများအတွက် မြန်မာနိုင်ငံသို့ ဒေါ်လာသန်း (၆၀) ပေးရန် သဘောတူခဲ့သည်။ တရုတ်နှင့် ပါကစ္စတန် တို့မှ စစ်ရေးအရ ဖိအားပေးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အိန္ဒိယသည် မြန်မာ အစိုးရအား ဆွဲဆောင်သည့် အနေဖြင့် စစ်ရေး လေ့ကျင့်ပေးမှု အစီအစဉ်များ၊ လက်နက်များနှင့် စစ်ရေး     ဆိုင်ရာ အမာထည် ပစ္စည်းများ (military hardware) ရောင်းချပေးမှုများ ပံ့ပိုးခဲ့သည်။

ယခု လောလောဆယ် သဘာဝ ဓါတ်ငွေ့သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော ဝင်ငွေရလမ်း ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ FDI ၏ သုံးပုံတစ်ပုံသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍ  ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ စုစုပေါင်း FDI သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံ ရှိရာ၊ စုစုပေါင်း FDI ၏ ၃၃ % ရှိသည်။ အိန္ဒိယနှင့် တရုတ်တို့၏ မြန်မာနိုင်ငံနှင့် နီးစပ်အောင် ကြိုးစားမှုများသည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍ လုံခြုံရေး အတွက် တိုးတက်မှုများ ရှိသည်။ ၎င်းတို့အတွက် စွမ်းအင် ဖြည့်တင်းရေး အရင်းအမြစ် အသစ် ရရှိပြီး၊ ဈေးကြီးသော LNG ( Liquid natural gas) သယ်ယူ ပို့ဆောင်ရသော ဒုက္ခကို ရှောင်ရှားပြီး ဖြစ်စေသည်။

၂၀၀၄ ခုနှစ်တွင် တောင်ကိုးရီးယား အစိုးရပိုင် ဒေဝူး ၇၀ %၊ အိန္ဒိယ၏ ONGC ၂၀ %၊ GAIL ၁၀ % ပါဝင်သော အဖွဲ့မှ ရခိုင်ကမ်းရိုးတန်း အနီးတွင်ရှိ ရွှေသဘာဝဓါတ်ငွေ့ လုပ်ကွက်မှ သဘာဝ ဓါတ်ငွေ့ အမြောက်အမြား တွေ့ရှိခဲ့သည်။ အဆိုပါ သဘာဝ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်ရာ၊ အဆိုပါ ဓါတ်ငွေ့သည် အိန္ဒိယနှင့် တရုတ်ကြား ဆက်ဆံရေးတွင် အငြင်းပွားစရာ ကိစ္စ တစ်ခု ဖြစ်လာသည်။ တရုတ်-အိန္ဒိယ စွမ်းအင် ကော်ပိုရေးရှင်းများ ကြားတွင် အတားအဆီး တစ်ခု ဖြစ်လာသည်။

အဆိုပါ ဓါတ်ငွေ့အား ပထမဦးစွာ မြန်မာ အစိုးရက အိန္ဒိယသို့ ပိုက်လိုင်းဖြင့် ဝယ်ယူနိုင်ရေး အခွင့်အရေး ပေးခဲ့သော်လည်း၊ အိန္ဒိယ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး မပြေလည်သဖြင့် အဆိုပါ ကိစ္စ ပျက်ပြားသွားခဲ့ရသည်။ တရုတ်က အခြေအနေကို အခွင့်ကောင်းယူနိုင်ခဲ့သည်။ တရုတ်က မြန်မာနိုင်ငံကို ဖြတ်ပြီး ဘီလျံ ဒေါ်လာချီ၍ ရင်းနှီး မြှုပ်နှံမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရန် အဆိုပြုပြီး အိန္ဒိယ ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ မြန်မာနိုင်ငံ၏ ရေနက် ဆိပ်ကမ်း ကျောက်ဖြူမှ တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်း အထိ ကီလိုမီတာ ၂၃၀၀ ကျော် ပိုက်လိုင်း သွယ်မည်ဖြစ်ပြီး၊ ကူမင်းတွင် ရေနံချက် စက်ရုံ တည်ဆောက်ရန် တရုတ်က စီစဉ်ထားသည်။

ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင် မြန်မာတရုတ် ရေနံပိုက်လိုင်းသည် အာဖရိက ဆူဒန်နှင့် အခြား ဒေသများနှင့် အီရန်၊ ဆော်ဒီအာရေဗီးယား တို့ကဲ့သို့ အရှေ့အလယ်ပိုင်းမှ တရုတ်တို့ ဝယ်ယူထားသော ရေနံနှင့် သဘာဝဓါတ်ငွေ့များအတွက် သယ်ယူရာ လမ်းကြောင်းဖြစ်လာပြီး၊ ပြဿနာ ဖြစ်နိုင်သော မလက္ကာ ရေလက်ကြား အပေါ် မှီခိုရမှုများကို ထိန်းချုပ်လိုက်ပါက မြန်မာနိုင်ငံသည် တရုတ်ပြည်မကြီးနှင့် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများ ကြားတွင် တံတားသဖွယ် ဖြစ်လာမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 31st July 2010

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်လာရန် ဂျပန်နိုင်ငံ၏ ရှေ့သို့ ကျော်တက်ခဲ့သည်ဟု ဗဟိုဘဏ် ဝါရင့် အရာရှိ တစ်ဦးက သောကြာနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရ နိုင်ငံခြားငွေ လဲလှယ်ရေး အုပ်ချုပ်မှုဌာန (SAFE) အကြီးအကဲ ရီဇိုင်းက ကိန်းဂဏန်းများ အပေါ် မည်သို့ မည်ပုံ တွက်ချက်ခဲ့သည် ဆိုသည်ကို ရှင်းပြခြင်း မရှိဟု SAFE ဝက်ဘ်ဆိုက်တွင် တင်ထားသော မှတ်ချက်များအရ သိရှိရသည်။

"အခုဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်သွားခဲ့ပါပြီ" ဟု ရီဇိုင်းက "တရုတ် ပြုပြင် ပြောင်းလဲမှု မဂ္ဂဇင်း" နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေါ်လာ ၅၈၆ ဘီလျံ တန်ဖိုးရှိ စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်ဖြင့် ပံ့ပိုးခြင်း၊ နိုင်ငံပိုင်ဘဏ်များမှ ချေးငွေ ထုတ်ပေးခြင်းတို့ကြောင့် ကမ္ဘာ့ ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ကာ အင်အားကြီးလာခဲ့ပြီး၊ ယခုနှစ် ဒုတိယ လေးလပတ်တွင် ၁၀.၃ %၊ ပထမ နှစ်ဝက်တွင် ၁၁.၁ % စီးပွားရေး တိုးတက်ခဲ့သည်။

ယခုနှစ် ပထမ ၆ လ အတွင်း တရုတ်နိုင်ငံ၏ အသားတင် ပြည်တွင်း ထုတ်လုပ်မှု GDP သည် ယွမ်ငွေ ၁၇.၂၈၄ ထရီလီယံသို့ ရောက်ရှိခဲ့သည်ဟု အမျိုးသား စာရင်းအင်း ဗျူရိုမှ ရရှိသော ကိန်းဂဏန်းများအရ သိရှိရသည်။ ၎င်းပမာဏကို ဗဟိုဘဏ်က အသုံးပြုနေသော လစဉ် ပျမ်းမျှ ငွေလဲနှုန်းဖြင့် တွက်ချက်ပါက ဒေါ်လာ ၂.၅၃၂၄ ထီရီလီယံ ရှိသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံက ၎င်း၏ ပထမ နှစ်ဝက် ဂျီဒီပီ GDP ကိန်းဂဏန်းများကို သြဂုတ် လလယ်တွင် ထုတ်ပြန်မည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ကြောင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်ဟု စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ထားသည့်တိုင် မြောက်ကိုရီးယားက မဟုတ်မမှန်ကြောင်း ငြင်းပယ်လျက် ရှိသည်။

မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုမှ ဗိုလ်မှူးကြီးများသည် ကုလသမဂ္ဂ၏ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် ချိုနန် စစ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များ စစ်ရေး ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန် ဦးဆောင်သော ကုလ ညွှန်ကြားမှုအဖွဲ့နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိများ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံက ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်မှု ပြုလုပ်ချိန် အတွင်းမှာပင် တရုတ်နိုင်ငံကလည်း ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က လူပေါင်း ၄၆ ဦး သေဆုံးစေခဲ့သည့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင် ဒေသတွင် ရေတပ်နှင့် လေတပ် စစ်ရေး လေ့ကျင့်မှုများ လေးရက်တာမျှ ပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှု ပုံစံသည် နှစ်နိုင်ငံ စစ်ဘက် လေ့ကျင့်မှုများတွင် ပထမဆုံး ဖြစ်သည်ဟု သတ်မှတ် ဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကို ပြုံးယမ်း ကွန်မြူနစ် အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ သို့ရာတွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ဒေသ Panmunjom မြို့တွင် ကုလသမဂ္ဂက ကျင်းပ ပြုလုပ်ပေးသည့် ဆွေးနွေးပွဲကိုမူ စီစဉ် ထားသည့်အတိုင်း ဖြစ်မြောက်စေခဲ့သည်။

မြောက်ကိုရီးယားက ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ သို့သော် ကုလသမဂ္ဂ ဦးဆောင်သော တင်းမာမှု လျှော့ချရေး ဆွေးနွေးပွဲများ တက်ရောက်မည်ဟု သဘောတူညီခဲ့သည်။

အမေရိကန် ဦးဆောင်သော ကုလ ညွှန်ကြားမှု အဖွဲ့နှင့် မြောက်ကိုရီးယား ဆွေးနွေးမှုသည် အနာဂတ် ကာလတွင် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရန် အဓိက ဦးတည်ထားသည်။ ပထမဆုံးသော ဆွေးနွေးမှုကို ပြီးခဲ့သည် ဇွန်လ ၂၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံ ဆွေးနွေးမှုတွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော အခြေအနေများနှင့် သက်သေ အထောက်အထားများကို စစ်ဆေးမည့် ပူးတွဲ အဖွဲ့တစ်ခု ဖွဲ့စည်းရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ ညွှန်ကြားမှု အဖွဲ့ရုံးသည် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ် ပြီးဆုံးသည့် အချိန်မှ စ၍ တောင်ကိုရီးယား နိုင်ငံတွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည်။ ထို့အတူ တောင်ကိုရီးယား နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ခန့် ရှိသည်။ ယခု နောက်ဆုံးပြုလုပ်ခဲ့သည့် အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်နိုင်ငံကလည်း ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 30th July 2010

မြန်မာနှင့် မြောက်ကိုရီးယား အာဏာပိုင်များ အကြား ဆွေးနွေးမှုများ သောကြာနေ့တွင် နှစ်ရက်မြောက် ခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား ဖူးသစ်စ လျှို့ဝှက် ဆက်ဆံရေးမှ နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု လက္ခဏာများကို သတိထား စောင့်ကြည့်နေသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အီချွန်၏ မြန်မာနိုင်ငံ ၄ ရက် ခရီးစဉ်ကို လျှို့ဝှက်ချက် အဖြစ် ဖုံးကွယ်ထားသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၂၀၀၇ ခုနှစ်က ပြန်လည် ထူထောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ော ပတ်အီချွန်၏ ခရီးစဉ် နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် အနည်းငယ်သာ ပေါက်ကြားခဲ့ပြီး အဆိုပါ ခရီးစဉ် ရောက်ရှိနေခြင်းကို မြန်မာ အစိုးရက တရားဝင် ကြေညာခြင်း မရှိပါ။

အဆိုပါ ခရီးစဉ် အပေါ် မှတ်ချက်ပေးရန် မေးမြန်းခဲ့ရာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ PJ Crowley က "လက်နက် ရောင်းဝယ်မှု တားမြစ်ခြင်း အပါအဝင် မြောက်ကိုရီးယား အပေါ် ချမှတ်ထားသော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို လိုက်နာရန်" မြန်မာနိုင်ငံကို တိုက်တွန်းလိုက်သည်။

"မြောက်ကိုရီးယားက နျူကလီယာ ပြန့်ပွားမှုကို ဆက်တိုက် ကျူးလွန်နေတဲ့ နိုင်ငံပါ။ မြောက်ကိုရီးယားဟာ သိသာ ထင်ရှားတဲ့ တရားမဝင် ဆောင်ရွက်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာတလွှားက တခြားနိုင်ငံတွေလိုပဲ လိုက်နာရမယ့် ဝတ္တရား ရှိပါတယ်။ ဒီလိုက်နာရမယ့် တာဝန် ဝတ္တရားတွေကို မြန်မာနိုင်ငံက ကျင့်သုံး လိုက်နာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ကြာသပတေးနေ့တွင် ဝါရှင်တန်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ "သူတို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး အနေအထားက ပွင့်လင်း မြင်သာမှု မရှိတာကြောင့် မြောက်ကိုရီးယားဟာ တကယ်ပဲ မြန်မာနိုင်ငံမှာ နျူကလီယာ ပြန့်ပွားရေး အစီအစဉ်တွေ လုပ်ကိုင် ကျူးလွန်နေခြင်း ရှိမရှိကို အကဲဖြတ်ဖို့ ခက်ခဲပါတယ်" ဟု ၎င်းက ဆိုသည်။

"ပတ်အီချွန်သည် သောကြာနေ့တွင် စစ်ဖက် အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ကာ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းတို့နှင့် တွေ့ဆုံ လိမ့်မည်" ဟု စစ်အစိုးရ ရေဒါ စက်ကွင်း မလွတ်၍ အမည် မဖော်လိုသူ သံတမန်များနှင့် အရာရှိများက ပြောကြားသည်။

မြန်မာ နှင့် မြောက်ကိုရီးယားတို့သည် အာရှတိုက်၏ အဆိုးဆုံး အာဏာရှင် အစိုးရများ ဖြစ်ပြီး၊ အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများနှင့် နှစ်နိုင်ငံစလုံး ရင်ဆိုင်နေရသည်။ ၎င်းနှစ်နိုင်ငံသည် လက်ရှိနှစ်များ အတွင်း ပိုမို ရင်းနှီးစွာ ဆက်ဆံလာကြပြီး၊ အထူးသဖြင့် စစ်ဖက်ရေးရာ ကဏ္ဍများတွင် ဖြစ်သည်။ စစ်ဖက် အုပ်ချုပ်သော အရှေ့တောင် အာရှ မြန်မာနိုင်ငံကို ပြုံးယမ်းက နျူကလီယာ နည်းပညာ ထောက်ပံ့နေသည်ဟု နိုင်ငံတကာက စိုးရိမ် ပူပန်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, by AFP, 30th July 2010

မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား၏ အထီးကျန် ခေါင်းဆောင် ကင်ဂျုံအီ၏ အတ္ထုပ္ပတ္တိအား မြောက်ကိုရီးယား သံရုံးမှ တာဝန်ခံများက ၎င်းတို့၏ ခွင့်ပြုချက် မရရှိ၍ ဟုဆိုကာ စာအုပ် ရာနှင့်ချီ၍ လိုက်လံ သိမ်းဆည်းလျက် ရှိကြောင်း၊ စာအုပ် ရေးသားသူ စာရေးဆရာက သောကြာနေ့က ပြောကြားခဲ့သည်။

နာမည်ကြီး စာရေးဆရာ ဟိန်းလတ်က AFP သို့ ပြောကြားရာတွင် ယခုလ အစောပိုင်းက ရန်ကုန်ရှိ မြောက်ကိုရီးယား သံတမန်များက ကင်ဂျုံအီ အကြောင်း မြန်မာ ဘာသာစာအုပ်အား ပြန်လည် ရုတ်သိမ်းရန် ပြောခဲ့သည်ဟု ဆိုသည်။

"သူတို့က ပြောတယ်။ ဒီစာအုပ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်နိုင်တယ်လို့ ပြောတယ်။ ဒီစာအုပ်ကို ဆက်မဖြန့်ဖို့ ပြောတယ်။ ဒီစာအုပ်မှာပါတဲ့ အချက်တွေ မှားနေလို့လို့ ပြောပါတယ်" ဟု ဟိန်းလတ်က ပြောသည်။ ၎င်းသည် ၎င်းထံတွင် ရှိသော စာအုပ် ၃၁၀ ခန့်ကို အဆိုပါ မြောက်ကိုရီးယားများအား ပေးအပ်ခဲ့သည်ဟု ဆိုသည်။

စာအုပ်များ မသိမ်းမီက အုပ် ၇၀၀ ခန့် ရောင်းခဲ့ရပြီး ဖြစ်သည်။ အဆိုပါ စာအုပ်တွင် ကိုးကားထားသော အမေရိကန်တွင် ရိုက်နှိပ် ထုတ်ဝေသော စာအုပ်များကို မြောက်ကိုရီးယားတို့ ကြိုက်ဟန် မတူကြောင်း ၎င်းက ဆိုသည်။

"သူတို့က ပြောတာက သူတို့ တိုင်းပြည်မှာ တရားဝင် ထုတ်ထားတဲ့ စာအုပ်တွေကို ကိုးကားနိုင်ပါတယ်တဲ့။ သူတို့ တိုင်းပြည်မှာ ထုတ်ဝေခြင်း မရှိတဲ့ စာအုပ်တွေမှာ အမှားတွေ မတိကျတာတွေ ပါတယ်လို့ ပြောပါတယ်" ဟု ဟိန်းလတ်က ပြောသည်။

ကင်ဂျုံအီ အတ္ထုပ္ပတ္တိအား မြန်မာနိုင်ငံတွင် တာဝန်ရှိသူများထံမှ ပုံနှိပ် ထုတ်ဝေရန် ခွင့်ပြုချက် ရပြီး ဖြစ်ကြောင်း စာရေးသူက ပြောသည်။ ယခု မြောက်ကိုရီးယား သံတမန်များ၏ လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ခွင့်ပြုချက် ရမရ ဆိုသည်ကို မရှင်းကြောင်း ဟိန်းလတ်က ပြောသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 31st July 2010

မြန်မာနိုင်ငံတွင် စစ်ဖက် အစိုးရက ကျူးလွန်ဖွယ် ရှိသော ရာဇဝတ်မှုများနှင့် လူသားထု အပေါ် ကျူးကျော်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကုလသမဂ္ဂ အထူး ကော်မရှင် ဖွဲ့စည်းရေးကို အားပေး ထောက်ခံရန် အမေရိကန် အထက်လွှတ်တော် အမတ် ၃၂ ဦးက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို သောကြာနေ့တွင် တိုက်တွန်းခဲ့ကြသည်။

အမေရိကန် အစိုးရ အနေဖြင့် အရေးယူမှုနှင့် ညှိနှိုင်း ဆွေးနွေးမှုကို ပူးတွဲ၍ ဆက်လက် ကျင့်သုံးနေချိန်တွင် မြန်မာပြည်သူများ အပေါ် မိမိတို့ ကတိပြုထားသော ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဥပဒေ စည်းကမ်းများနှင့် ပတ်သက်၍ မြန်မာ အစိုးရကို လှုံ့ဆော် စည်းရုံးရာတွင် အဆိုပါ ကော်မရှင်က အကူအညီ ပေးနိုင်လိမ့်မည်ဟု မိမိတို့ ယုံကြည်သည်ဟု အမတ်များက ရေးသားထားသည်။

ဒီမိုကရက်တစ် လွှတ်တော် အမတ် Dianne Feinstein နှင့် ရီပတ်ဘလီကန် လွှတ်တော် အမတ် Judd Gregg တို့ ဦးဆောင်သော လွှတ်တော် အမတ် အုပ်စုက "ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် အနေဖြင့် မြန်မာနိုင်ငံမှ တပုံစံထဲသော လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို ပြသနေသည့် အစီရင်ခံစာ များစွာကို လေ့လာရန် လိုအပ်သည်" ဟု ပြောကြားခဲ့သည်။

ကလေး စစ်သား အသုံးပြုခြင်း၊ တိုင်းရင်းသား လူမျိုးများကို နေရာ ဖယ်ခိုင်းခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မုဒိန်းမှုကို စစ်လက်နက် တစ်ခုသဖွယ် အသုံးပြုခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ အဓမ္မ ခိုင်းစေခြင်း စသော ဖြစ်ရပ်များကို ၎င်းတို့က ရည်ညွှန်း ကိုးကားခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Quintana မြန်မာနိုင်ငံသို့ အစောပိုင်းက သွားရောက်ခဲ့ပြီးနောက် လုံခြုံရေး ကောင်စီသို့ မတ်လ အတွင်း အစီရင်ခံစာ တင်သွင်းရာတွင် အဆိုပါ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း လွှတ်တော် အမတ်များက ထည့်သွင်း ဖော်ပြသည်။

အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက အဆိုပါ နိုင်ငံကို ယခုတိုင် Burma ဟုသာ ခေါ်ဝေါ် သုံးစွဲလေ့ ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.