Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 1st August 2010

အမေရိကန် စစ်တပ်တွင် အီရန်ကို တိုက်ခိုက်မည့် အစီအစဉ် တစ်ရပ် ရှိသည်ဟု ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပြီး ၎င်းအနေဖြင့်မူ စစ်ရေးအရ တိုက်ခိုက်မှုကို အကြံဥာဏ်ကောင်း တစ်ခု မဟုတ်ဟု ယူဆသည်ဟု ဆိုသည်။

တနင်္ဂနွေ စကားဝိုင်းတွင် ဗိုလ်ချုပ်ကြီး  အဒမ် မိုက်မူလန်က ယင်းသို့ ပြောကြားပြီး မရှေးမနှောင်းမှာပင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ဒုတိယ အကြီးအကဲက ၎င်းတို့ နိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ အရေးယူခဲ့ပါက အီရန် လူမျိုးတို့၏ ပြင်းထန်သော တုန့်ပြန်မှုနှင့် တွေ့ကြုံရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

အီရန်ကို တိုက်ခိုက်ခြင်းသည် အရှေ့ အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပြင်းထန်၍ မမှန်းဆနိုင်သော ဂယက် ရိုက်ခတ်မှုများ သက်ရောက်စေလိမ့်မည်ဟု အမေရိကန် စစ်ဖက် အမြင့်ဆုံး အရာရှိ မိုက်မူလန်က မကြာခဏ သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် မူလန်က အီရန်နိုင်ငံ၏ နျူကလီယာ လက်နက် အစီအစဉ်၏ အန္တရာယ်ကိုလည်း လက်ခံနိုင်ဖွယ် မရှိဟု ပြောကြားခဲ့သော်လည်း အရေးယူမှု ဂယက်နှင့် နျူကလီယာ အန္တရာယ်တွင် မည်သည်က ပိုဆိုးသည် ဆိုသည်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပါ။

ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ အဒမ် မိုက်မူလန်က တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ အမေရိကန် စစ်ဖက်က အီရန် အပေါ် တိုက်ခိုက်မည့် အစီအစဉ်မှာ လိုရမယ်ရ စီစဉ်ထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

"စစ်ရေးအရ အရေးယူ ဖြေရှင်းမယ့် နည်းလမ်းက ယခုအချိန်ထိ စားပွဲပေါ်မှာ ခေါက်ထားတုန်းပါ" ဟု မူလန်က NBC နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ "ဒီကိစ္စဟာ သမ္မတကြီး လက်ထဲက ရွေးချယ်စရာ နည်းလမ်းတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။ ဒီလမ်းကို မရွေးဖို့ မျှော်လင့်ထားတာကို ထပ်ပြောပါရစေ။ ဒါပေမယ့် ဒီအစီအစဉ်ဟာ အရေးကြီးတဲ့ နည်းလမ်း တစ်ခု ဖြစ်ပြီးတော့ ကောင်းကောင်း နားလည် သဘောပေါက်ပြီးသား လုပ်ငန်း တစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အီရန် နိုင်ငံ သတင်းဌာန RNA က ထုတ်လွင့်သွားသည့် အစီအစဉ်တွင် အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့ ဒုတိယ အကြီးအကဲ ယာနိုလာ ဂျာဗာနီက တနင်္ဂနွေနေ့တွင် "တကယ်လို့ အမေရိကန်တွေသာ အမှား အနည်းငယ် ကျူးလွန်ခဲ့ရင် ပါရှန် ပင်လယ်ကွေ့ လုံခြုံမှု အပေါ် အန္တရာယ် ကျရောက် လာပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

"ပါရှန် ပင်လယ်ကွေ့ဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဒေသပါ။ တကယ်လို့သာ ဒီဒေသရဲ့ လုံခြုံမှု အပေါ် အန္တရာယ် ရှိလာပြီဆိုရင် သူတို့လည်း ဆုံးရှုံးမှုတွေ ခံစားရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုကတော့ ခိုင်မာလာပါလိမ့်မယ်" ဟု ဂျာဗာနီက ဆိုသည်။

အမေရိကန် ပြည်ထောင်စု သို့မဟုတ် အစ္စရေးက အီရန် အပေါ် စစ်ရေးအရ တိုက်ခိုက်ပါက အစ္စရေး၏ ဒုတိယ အကြီးဆုံး မြို့တော် တဲလ်အဗစ် မြို့လယ်ကို ပစ်မှတ်ထားမည်ဟု အီရန်က ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

အမေရိကန် ပြည်ထောင်စုနှင့် အီရန်နိုင်ငံသည် အီရန် နျူကလီယာ အစီအစဉ်၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ သဘော ကွဲလွဲနေကြခြင်း ဖြစ်သည်။ အီရန်က နျူကလီယာ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်သည်ဟု အခိုင်အမာ ခုခံ ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုကလည်း အီရန်သည် နျူကလီယာ လက်နက် ဖန်တီးနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု အခိုင်အမာ ကန့်ကွက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Agence France - Presse, 2nd August 2010

 တောင်ကိုရီးယားသို့ အမေရိကန် အထူး ကိုယ်စားလှယ် မလာမီ တနင်္ဂနွေနေ့က မြောက်ကိုရီးယားသည် စစ်ရေးဖြင့် လက်တုန့်ပြန်မည် ဖြစ်ကြောင်း တဖန် ခြိမ်းခြောက်ခဲ့ပြန်သည်။ ဆိုးလ်နှင့် အမေရိကန်တို့ကလည်း ပြုံးယမ်း အပေါ် အရေးယူမှု အသစ်များ ချမှတ်ရန် ရှေးရှုလျက် ရှိသည်။

တောင်ကိုရီးယားတို့သည် အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုခဲ့ခြင်းကြောင့် မြောက်ကိုရီးယား အနေဖြင့် ပြင်းပြင်းထန်ထန် မညှာမတာ ပြစ်ဒဏ် ခတ်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား ပါတီ သတင်းစာ Rodong Sinmun တွင် ရေးသားထားသည်။

ယခင်က ပြောခဲ့ဖူး သလိုပင် မိမိတို့သည် နျူကလီယာကို အခြေခံသော လက်တုန့်ပြန် စစ်ပွဲ တစ်ခု ဆင်နွှဲရလိမ့်မည် ဖြစ်ကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန လက်နက် မပြန့်ပွားရေးနှင့် ထိန်းချုပ်ရေး အတွက် အထူး အကြံပေး အရာရှိ Robert Einhorn သည် တနင်္ဂနွေနေ့ ညပိုင်းတွင် ဆိုးလ်သို့ ရောက်ရှိပြီး၊ မြောက်ကိုရီးယား အပေါ် အရေးယူမှုများ မည်သို့ အရှိန်မြှင့်နိုင်မည်ကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဌာန တာဝန်ရှိသူများက ပြောသည်။

Einhorn သည် တနင်္လာနေ့တွင် တောင်ကိုရီးယား တာဝန်ရှိသူများနှင့် ဆက်တိုက် တွေ့ဆုံရန် ရှိသည်။

စစ်တပ်မှ တနင်္ဂနွေနေ့က ပြောကြားရာတွင် မြေမြှုပ်မိုင်းများကြောင့် တစ်ဦး သေ၍ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

တောင်ကိုရီးယား ကမ်းခြေ တလျှောက်တွင် ပြီးခဲ့သည့် အပတ်အတွင်း မြေမြှုပ်မိုင်း ဒါဇင်ပေါင်း များစွာ ရေနှင့် မျောပါလာကြောင်း၊ မိုးကြီးသောကြောင့် မြောက်ကိုရီးယားမှ မျောပါလာဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

လူနှစ်ဦးသည် စနေနေ့က မြောက်ကိုရီးယား နယ်စပ် အနီးတွင် ငါးဖမ်းနေစဉ် သစ်သား သေတ္တာတွင် ထည့်ထားသော မိုင်းနှစ်လုံး ရေထဲတွင် မျောလာသည်ကို တွေ့ရှိရသည်ဟု စစ်တပ်မှ အရာရှိ တစ်ဦး၏ အဆိုအရ သိရှိရသည်။

တစ်လုံးမှာ ၎င်းတို့ သယ်ယူလာစဉ် ပေါက်ကွဲပြီး၊ တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း၊ အမည် မဖော်လိုသူ အရာရှိ တစ်ဦးက ဆိုသည်။ အခြား တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိ၍ အနီးရှိ ဆေးရုံသို့ သယ်ဆောင်သွားသည်။

တနင်္ဂနွေနေ့က တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားသို့ မြေမြှုပ်မိုင်းများ တောင်ဖက်သို့ စီးဝင်မလာရန် သင့်တော်သော ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် သတင်း ပေးပို့ခဲ့သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လူများသည် ၎င်းတို့ သယ်ယူလာသော ပစ္စည်းများသည် မိုင်းများ ဖြစ်သည်ကို သိမသိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

စနေနေ့ကတည်းက ထိုသို့သော မိုင်း ၃၅ လုံး မျောပါလာရာ၊ မြောက်ကိုရီးယားတွင် မိုးကြီးသောကြောင့် ဖြစ်ဟန် တူသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု တောင်ကိုရီးယားနှင့် အမေရိကန်တို့က မေလ နှောင်းပိုင်းတွင် စွပ်စွဲ ပြောကြားခဲ့ အပြီးတွင် နှစ်နိုင်ငံ နယ်စပ် တင်းမာမှုများ သိသိသာသာ ဖြစ်လာခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်များသည် ပြီးခဲ့သည့် အပတ်က လေးရက်ကြာ ရေတပ်နှင့် လေတပ် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့က မြောက်ကိုရီးယားတို့ နောက်ထပ် တိုက်ခိုက် မလာရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ၂၀၀၅ ခုနှစ်က မကာအို အခြေစိုက်ဘဏ် တစ်ခုအား မြောက်ကိုရီးယား ငွေစာရင်းတွင် ဒေါ်လာ ၂၅ သန်းကျော် လက်ခံထားပြီး၊ ပြုံးယမ်းအား ငွေမည်း ခဝါချပေးမှု အတွက် စွပ်စွဲကာ အမည်မည်း စာရင်း သွင်းခဲ့သည်။

ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားကို နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ဆက်သွယ်ခြင်းကို ထိရောက်စွာ ဖြတ်တောက် နိုင်ခဲ့သည်။

ကုလ သမဂ္ဂကလည်း ပြီးခဲ့သည့်နှစ် ဇွန်လက မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုများနှင့် နျူကလီယာ စမ်းသပ်မှုများကြောင့် အရေးယူမှုများကို ပိုမို တင်းကြပ်ခဲ့သည်။

ပြီးခဲ့သည့် လက ဝါရှင်တန်သည် ထပ်မံ အရေးယူမှုများကို ကြေညာခဲ့ရာ မြောက်ကိုရီးယား၏ နျူကလီယာ လက်နက်များ ရောင်းဝယ်မှု၊ ငွေမည်း ခဝါချမှုနှင့် တရားမဝင် လုပ်ရပ်များ ရပ်တန့်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 1st August 2010

မဲဆောက် မြဝတီ နယ်စပ် ပိတ်ထားခြင်းကြောင့် အခွန်ငွေ ဘတ် ၂၀ ဘီလျံကျော် ဆုံးရှုံး စေခဲ့သည်ဟု မဲဆောက် အကောက်ခွန်ရုံး အကြီးအကဲ ပင်ကန်ချာနာ လော့ဆရီ ပိုင်ဘွန်းက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

"နယ်စပ် ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ ဆိုတော့ ပင်လယ်စာ Seafood လိုမျိုး ကုန်ပစ္စည်း တော်တော်များများရဲ့ ဈေးနှုန်းတွေက တရှိန်ထိုး တက်သွားခဲ့ပါတယ်" ဟု သူမက ဆိုသည်။

"နယ်စပ် ပိတ်ပြီးနောက်ပိုင်း မြန်မာဖက်က လူတွေ ထိုင်းနိုင်ငံဖက်ကို ကူးမလာကြတော့ တက္ကစီကား၊ တက္ကစီ ဆိုင်ကယ်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပါတယ်" ဟု သူမက ဆက်လက် ပြောသည်။

"အခု အနေအထားကို အရေးပေါ် ပြန်လည် ထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းဖို့ လိုအပ်ပါတယ်" ဟု အကောက်ခွန် အရာရှိက သုံးသပ်သည်။

မြန်မာနိုင်ငံ ဘက်မှ ပြည်သူအချို့သည် မဲဆောက်မြို့တွင် ကလေးများ ဆေးခန်းပြရန်၊ ထိုင်း ကုန်ပစ္စည်းများ ဝယ်ယူရန် အတွက် ထိုင်းနိုင်ငံ နယ်စပ်ကို တရားမဝင် ဖြတ်သန်း ဝင်ထွက် သွားလာနေကြသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.